❝ ချစ်သူ မုန်းသူ မဟူရာ ❞
ပုံပြင် ဆိုလျှင် လည်း ပုံပြင်ပါ ။ ယုံချင် မှ လည်း ယုံပါ ။
••••• ••••• •••••
ညနေ က အတွေ့ ကို ညဦးပိုင်းမှာ ကြည်နူးပျော်မွေ့ နေခဲ့၍လော မသိ ။ ည က ကောင်းကောင်း အိပ်မပျော်ချေ ။ အိပ်ပျော်သော အခိုက်အတန့်ကလေး မှာလည်း အိပ်မက်ဆိုး ကို မြင်မက်ရသည် ။ သည့် အတွက် ရတက်မအေး သဖြင့် မိုးအလင်း မှာ လတ် တို့ လမ်း သို့ ပြေးထွက်၍ လာခဲ့ရသည် ။
အိမ်တံခါး မှာ ကြေးသော့ခလောက် အစွင့်သား နှင့် အပြင် မှ ခတ်ထားသည် ကို သာ တွေ့ရတော့၏ ။ လတ် တို့ ဘဇာသို့ မြန်းကြလေပြီနည်း ။ လတ် မရှိလျှင် မောင့် ဇာတ် ကို မည်သို့ စခန်းသိမ်းရချေမည်နည်း ။
သွေးတို့ သည် နှလုံးသား ၌ စုရုံး၍ စည်းဝေးတိုင်ပင် ကြသည် ။ ဤသို့ ဖြစ်တန်ရာသည် ၊ ထိုသို့ ဖြစ်တန်ရာသည် ၊ စသည် စသည် အချင်းချင်း ငြင်းခုံညံပွက်ကြသည် ။ ရေနံဖြူ မှာ မီးစက် သည့်နှယ် မောင့် ရင် အနှံ့ မှာလည်း ရုတ်ခြည်းပျံ့၍ ပူလာသည် ။
သည်တော့မှ မနေ့ညနေ က မြင်ခဲ့ရသော လတ် မျက်နှာ မှ အနက်သဘော ကို စောကြော ကြံဆ မိတော့သည် ။ မကြည်သည့် နှလုံး ၊ မပြုံးသည့် မျက်နှာ ဟူသကဲ့သို့ လတ် ၏ စိတ်မှာ လန်းမရွှင်၍ ၊ လတ် ၏ မျက်နှာမှာ နွမ်းကျင်ကျင် ရှိရချေသည် မောင် ထင်၏ ။ မောင် နှင့် ဝေးသည့် နေရာသို့ ပြေးရတော့မည်မို့ လတ် ၏ ဟန်မှာ ညှိုးရချေပြီလော မပြော တတ် ။
အခါတိုင်းမူ လတ် ၏ မျက်နှာ မှာ ရေများ ကြာ့ အသွင် ပျပျရွှင်ခဲ့သည် ။ ထိကရုန်းနှယ် အညှိုး လွယ်လိမ့်မည်ဟုပင် မောင် မထင် ။ သည့်အတွက် လတ် သည် လတ် ကွယ်ရာ မောင့် အသဲညှာ ဝန်းကျင်တွင် မညှိုးပန်းသခင် ဟု ကယုကယင် တွင်ခဲ့သည် ။ ဘယ်အခါမှာ ဖြစ် ဖြစ် ၊ စိတ်ညစ်ပြီ ဆိုမှဖြင့် လတ် ၏ မျက်နှာ ကို မောင် ပြေး၍ ကြည့်ရသည် ။ လတ် ကို မြင်လျှင် မောင် ပါ ရွှင်ရသည် ထင့်လေ ။
ယခုသော် သည်မျက်နှာ ကို မြင်ချင်လို့ လည်း မမြင်နိုင်ပါပြီ ။ ဘယ်အခါကျမှ ပြန်မှ မြင်နိုင်ရပါတော့မည်နည်း ဟုလည်း မသိပြီ ။ မောင့် ဘဝ ကို စိုးမိုးနိုင်တတ်သူ လတ် ။ ကောင်းကင်မှာ မြင်ရသည့် ငွေလစန္ဒာ သည် သည်ကနေ့ ည အတွက် ကွယ်ခဲ့သော်လည်း ၊ နောင် ဆယ့်ငါးရက် အကြာ တွင် အပြည့်မြင်ရဘို့မှာ သေချာသည် ။ စန္ဒာသည် ပင်လျှင် အစဉ် ကွယ်ရိုး ထုံးမရှိ ။ လတ် မူကား မောင့် အတွက် စန္ဒာ ထက် သာလှသူမို့ အစဉ် ကွယ်ရက် တတ်ပြီလော မဆိုနိုင် ။
စိမ်း တတ်မည် မထင်သော်လည်း စိမ်း ရာကျပြီမို့ သည်သို့ သည်နှယ်သာ တဇာတ် သိမ်းပေတော့ဟု ဆိုသယောင်ယောင် မောင် တွေးယူမိပြန်သည် ။ သည်တော့ မထိန်းနိုင် သည့် မောင့် ဇာတ် ကို မောင် ကြိုးစား၍ သိမ်းပါမည် ။ မညီသည့် ယိမ်းနှယ် မြင်ရသူ ရယ်စရာ ဖြစ်နေပြီ ဆိုတော့လည်း ပြည်ဖုံးကား ချပါတော့မည် ။
သို့သော် လတ် အား မောင် ပန်ကြားလိုသည် ။ သည်တခါမူ နောက်ဆုံး အနေနှင့် ခင်းပြခွင့်ပြုပါ ဟူ၍ ။
အစ ကတည်း က မမြင်ခဲ့ ၊ မတွေ့ခဲ့ရဘူးလျှင် သည်သို့ သည်နှယ် ရူးဖြစ်ရလိမ့် မည်ဟု မောင် မထင်ချေ ။ ဪ ... မောင့် ဘဝ မှာ စကတည်းက စက္ခုအစုံ ကွယ်ပခဲ့လျှင် မည်မျှ ကောင်းပါချိမ့်မည်နည်း ။
ယခုတော့ သည် စက္ခုအစုံ က ဒုက္ခပုံ၍ ပေးချေပြီ ။
လှတော့ လည်း သည် စက္ခုအစုံ က မြင်ခဲ့သည် ။ မြင်တော့ လည်း နှလုံးသား က စွဲလမ်းလာသည် ။ စွဲလမ်းလာတော့လည်း စိတ်ကပါ တမ်းတလာ တော့သည် ။ တမ်းတလာ တော့သည် ။ အသိက တဖန် ပူဆာလာပြန်၏ ။ မရလျှင် ဖြင့် ဘဝ နှင့် မနေချင်ဘူး ဆုံးဖြတ် သည် ။ သည်တော့လည်း လတ် ကို မောင် ချစ်မိရပြန်ချေ၏ ။
နေ့စဉ်မှတ်တမ်းမှာ ပြန်ကာ ကြည့်တော့ လတ် ကို မောင် စ၍ တွေ့ရသည်မှာ သည် နှစ် ၊ သည်လဆန်း ၁၈ ရက်နေ့ က တည်း ။ ရက်အားဖြင့် တွက်ကြည့် လျှင် နှစ်ဆယ် မပြည့် ပေမည့် ၊ တနေ့တနေ့ ကို မောင့် မှာဖြင့် အသက်တကမ္ဘာ ထင်မိ၏ ။ စ၍ တွေ့သည်မှာ မကြာ မီကမှ ဟု ဆိုနိုင်သော်လည်း စင်စစ် မောင့် စိတ်ကူးကမ္ဘာ ၌ လတ် ၏ ဝိညာဉ် မြူးမြူးရွှင်ရွှင် နေခဲ့သည်မှာ ကြာချေပြီ ။
မည်သို့ဖြစ်စေ ၊ ထို စ၍ တွေ့ရသည့် နံနက်က မောင့် ဘဝ ၏ အပျော်ရွှင်ဆုံး ပန်းတပွင့်သည် စွင့်စွင့်ဖွင့်ဖွင့် တင့်တင့်ထည်ထည် ပွင့်ခဲ့ရသည် ။
မောင့် ကိုမူ လတ် အမှတ် ထားမိမည် မဟုတ်သဖြင့် သိမည် မထင် ။ စင်စစ် မောင့် ကို အမှတ် မထားမိခြင်း ၊ မသိခြင်းသည် ပင် မောင့် အတွက် ပို၍ ကောင်းပါလိမ့်မည် ။ မောင့် ရုပ်ရည် ကို လတ် မြင်ရလျှင် လည်း မည်သည့် နည်းနှင့်မျှ ကြည်ဖြူနိုင်လိမ့်မည် မဟုတ် ။ မောင် က အရုပ်ဆိုးသည် ။ အကြည့်ကလည်း တန်သည် ။ ကိုယ်ခန္ဓာ ကလည်း ကျွဲနီးနီး ။ အစကတော့ မောင့် ဘက်သို့ မောင် ယက်၍ တွေးမိသေးသည် ။ အရုပ်ဆိုးသည့် သူများသည် လှသည့် မိန်းမ များကိုမှ ရတတ်သည်ဟု ကုသ တို့ထုံးကို နှလုံး မူမိသေးသည် ။ သို့သော် မတန်ပါချေ လတ် ။ လတ် နှင့် မောင် မှာ စပယ် နှင့် ခေါင်ရမ်း ကဲ့သို့ နုနယ်ပုံ ၊ စိုပြေပုံ ၊ ထုံသင်းပုံ ၊ စသည် စသည် တို့မှာ အတန်းချင်း ကွာလှမ်းလှပါချေသည် ။ လတ် က လူတကာ ဆင်လိုသည့်ပန်း ။ မောင် က မပန်အပ် ၊ မပန်ကောင်း သော ... ။
သည် ပန်း နှစ်ပွင့် တနေ့တော့ ဆုံမိကြသည် ။
လတ် ကိုမူ မြင်ရ ကတည်းက ရုံးအမှုထမ်းလေး တယောက် ဟုတော့ မောင် တွေး ထင်လိုက်မိသည် ။ လတ် ကို တွေ့ရသည်မှာ နံနက် ၉ နာရီခန့် မှာမို့ တကြောင်း ၊ လတ် ၏ လက်ဆွဲအိတ် ထဲမှ လက်ဖက်ရည်ဗူး နှင့် မဂ္ဂဇင်းစာအုပ် ကို မြင်မိ၍ တကြောင်း ၊ လတ် ၏ ဆင်ယင်ထုံးဖွဲ့မှု ၊ လတ် ၏ အမူအရာ ၊ လတ် ၏ အသက်အရွယ် ၊ စသည် စသည်တို့ကို ဆင်ခြင်မိ၍ တကြောင်းတည်း ။
သို့သော် မည်သည့် ရုံးမှာ ၊ မည်သည့် တာဝန်ဖြင့် အမှုထမ်း နေသည်တော့ မောင် မသိချေ ။ လတ် ၏ ခြေလျင် ကားဆိပ် သို့ နှင်ခိုက် ၊ မောင် က အစိုးရ က ပေးသည့် ကား ဖြင့် ရုံး သို့ သွားခိုက်မို့ မည်သို့မျှ မတတ်နိုင် ။ ငယ်ငယ်ရွယ်ရွယ် မဟုတ်တော့ လည်း နှုတ် က မစုံ စမ်းဝံ့ ။ သို့သော် အသိမှာတော့ သည်အခါ ၊ သည်နေရာမှာ လတ် ကို တွေ့ရတတ်သည် ဟု မှတ်သားမိခဲ့သည် ။
ထို့ကြောင့် နောက် တနေ့ တွင် ထို နေရာမှ နေ၍ လတ် ကို စောင့်ကြိုရတော့သည် ။ လတ် ထက် မိနစ် အနည်းငယ်ခန့် စော၍ ရောက်နေ သဖြင့် စောင့်ရာတွင် ကြာလှသည်ဟု ထင်မိ၏ ။ အနားက လက်ဖက်ရည်ဆိုင် မှာ ဣန္ဒြေမှ ရပါစေတော့ ဟူသော သဘောဖြင့် ဝင်ထိုင်၍ တခွက် တပန်းကန် မှာ သောက်ရပြန်သည် ။ လတ် ကို သယ်ဆောင်သွားသည့် ဘတ်စ်ကား သည် မောင့် မျက်ရိပ်အောက် မှ ကွယ်ပျောက်ပြီ ဆိုတော့ ပင့်သက်ချ၍ နေရာ မှ ထရသည် ။
သည်ဝတ္တရား သည် ဘဝပေး ဖြစ်လှာရတော့၏ ။
မြင်ရပြီ ဆိုပြန်တော့လည်း “ မြင်ရပြီ ” ဟုသာ ပင့်သက်ချ၍ မောင် ကျေနပ်သည် ။ သည့်ထက် တိုး၍လည်း မောင် မကြံတတ် ။
ဪ ... ရယ်ဘို့ပင် ကောင်းလှချေ၏ ။ ၇ ရက် မြောက်သည့်နေ့ကမူ လတ် စိတ် မှာ သိလာသည် ထင့် ။
မောင့် ကားကလေး သည်နေရာ သည်အခါမှာ သည်ပုံ ရပ်နားနေသည်ကို မသင်ကာစိတ် ဝင်သည် ထင်၏ ။ လတ် သည် မောင့်ကားကလေး ၏ သခင် ကို စုံစမ်းသော အကြည့် ဖြင့် လက်ဖက်ရည်ဆိုင် ထဲသို့ ကြည့်သည် ။ သည်တော့မှ မောင် နှင့် အကြည့်ချင်း ဆုံမိသည် ။ ထိုအခါ မောင့် မှာ မျက်နှာ ကို စာတွဲ တခု ဖြင့် အမြန် ကောက်၍ ကာရသည် ။ မောင့် မျက်နှာ ကို လတ် မမြင်ပါစေနှင့် ဟုလည်း စိတ် ထဲ က ဆုတောင်းလိုက်ရသည်မှာ အမော ။
သို့သော် ထိုနေ့ က သည်နေရာ ကို တခေါက် ပြန်၍ ရောက်ခဲ့ရပြန်သည် ။ ထိုနေ့က အစည်းအဝေး ရှိ၍ တကြောင်း ၊ မောင် တို့ ဌာန လက်အောက်ရှိ ရုံးခွဲများမှာ အမှုတွဲများ ကို ဆုံးဖြတ် လုပ်ဆောင်ပေးရန် တာဝန်ရှိ၍ တကြောင်း ၊ သည်နှစ်ကြောင်း ကြောင့် မောင် ရုံးခန်း ထဲသို့ ရောက်ရုံမျှသာ ရောက်ခဲ့သည် ။ ညနေဘက် တွင်မူ တာဝန် အေးပြီမို့ မောင် တယောက် တည်း ထွက်လာခဲ့၍ လတ် အပြန် ကို မောင် စောင့်ကြိုနေမိရတော့သည် ။
တိုတိုဆိုရသော် လတ်တို့ အိမ်သို့ နောက်ယောင်ခံ ၍ လိုက်ကြည့်မိသည် ။
သည်သို့ဖြင့်ပင် သည်နေ့ သို့ တိုင်ခဲ့၏ ။
နေ့စဉ် နံနက် တခါ ၊ ညနေ တလှည့် ၊ လတ် ကို မြင်ရဘို့အရေး မောင့်မှာ ပြေးရ လွှားရသည် ။ နေ့ည မဟူ လေးလှသည့် တာဝန်က ကလူ သဖြင့် ပင်ပန်းရသော အမောတို့က လည်း သည်အထဲမှာ တမှောင့် ။
မည်သို့ပင်ဖြစ်စေ ၊ လတ် မျက်နှာ ပျပျရွှင် ကို မြင်ရပြီ ဆိုလျှင်တော့ မောင် ပါ လန်း လန်း ရွှင်ရတတ်ပါသည် ။ ဪ ၃၂ နှစ်တာ မျှသော တယောက်တည်း ဘဝမှာ သည်တခါ ဖြင့် ပျော်ခွင့် ရပြီ ဟူ၍လည်း မောင် ထင်မိပါသည် ။
သို့သော် မနေ့ညနေ ကမူ မြေသို့ ကြွေသော ငွေလစန္ဒာနှယ် နွမ်းနယ်သော လတ် ၏ မျက်နှာ ကို မောင် မြင်ခဲ့ရသည် ။ ဘဇာကြောင့်နည်း ဟူ၍ကား မောင် မသိ ။
ည က လည်း အိပ်မက်ဆိုးများ မြင်မက် ခဲ့ရချေသည် ။ အိပ်မက် ထဲ၌ လတ် က မောင့် ကို မကြည်ဖြူနိုင်ပြီ ဟု ဆိုသဖြင့် အသင့်ဆောင် လာသော လက်နက် ဖြင့် လတ် အား သ,တ်ခဲ့ မိသည် ။
နံနက် လင်းတော့ အိပ်မက်ထဲ က မောင့် ကို မောင့် ဖာသာ မှန်း မျက်မိသည် ။ မောင့် ကိုယ် မောင် လည်း နာကျည်း မိသည် ။ နောက် ရတက်မအေး သဖြင့် လတ် တို့ နေရာ “ မဟူရာလမ်း ” ဘက် သို့ ပြေးထွက် ခဲ့မိရပြန်သည် ။
လတ် တို့ အိမ်ရှေ့သို့ ရောက်သော် အိမ်တံခါး မှာ ကြေးသော့ခလောက် အစွင့်သား နှင့် အပြင်မှ ခတ်ထားသည် ကို သာ တွေ့ရတော့၏ ။ လတ် တို့ ဘဇာသို့ မြန်းကြလေပြီနည်း ။ လတ် မရှိလျှင် မောင့် ဇာတ် ကို မည်သို့ သိမ်းရချေမည်နည်း ။
သွေးတို့ သည် နှလုံးသား၌ စုရုံး၍ စည်းဝေး တိုင်ပင်ကြသည် ။ လတ် မရှိမှ လတ် ၏ ဘက်သား မောင့်နှလုံးသား တို့သည် မောင့် အား ပုန်ကန်ခြားနား ကြတော့သည် ။
သည်တော့ နှလုံးသား ၏ ဆန္ဒ ကို မဆန့်ကျင်ရဲ၍ လတ် တို့ အကြောင်း ကို လတ် တို့ ဝန်းကျင် မှာ စုံစမ်းမေးမြန်း ရပါတော့သည် ။ သည်တော့မှ မောင့် ကိုယ် မောင် ပို၍ ပို၍သာ နာကျည်း လာမိကာ ၊ သာ၍ သာ၍ သာ ရင်နာ မိရပါတော့သည် လတ် ။
သူတို့ ပြောပြမှပင် သိရပါတော့သည် ။ လတ် က မောင်တို့ ဌာန လက်အောက် မှ ရုံးတရုံး တွင် အထက်တန်း စာရေးကလေးအဖြစ် အမှုထမ်းသည် ။ အမည် ကား ခင်ဆွေလတ် တည်း ။
မနေ့ကမူ လတ် ထံသို့ ဒုတိယအတွင်းဝန် ၏ လက်မှတ် ဖြင့် အလုပ်မှ ထုတ်ပယ်ကြောင်း အမိန့်စာ ရောက်လာသည် ။
စင်စစ်သော် လတ် ၏ အကြောင်း ကို စိုးစဉ်းမျှ မောင် မသိချေ ။ လတ် သည် လှ သည် ။ နုသည် ။ နွဲ့သည် ။ ယောက်ျားများ အား မှောက်မှား စေတတ်သော သတ္တိ ရှိသည် ။ မည်သို့ဖြစ်စေ ၊ မောင့် အနေနှင့်မူ အမှုထမ်း အကုန်အစင် ၏ ပုံပြင်အတ္ထုပ္ပတ္တိ တို့ကို မသိနိုင် ။ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ၊ လက်ထောက်အုပ်ချုပ်ရေးမှူး ၊ စသည် စသည် တို့၏ မှတ်ချက် တို့နှင့်သာ ပြီးရချေမည် ။ ထို့ကြောင့် လတ် တို့ အုပ်ချုပ်ရေးမှူး ၏ အတန်တန် သတိပေးခဲ့ပါ လျက် မပြင် ၊ အစဉ်ပင် စာရိတ္တ ပျက်ပြား နေသဖြင့် အလုပ်မှ ထုတ်ပယ် သင့်သည်ဟု ယူဆ ပါသည် ။ ချမှတ်ပါရန် ဟူသော မှတ်ချက် ကို မောင် လက်မှတ် ရေးထိုးခဲ့မိ၏ ။
မောင် ပြန်၍ မတွေးလို တော့ပါ ။ လူမတန်များ နှယ်ပင် ကံ ကိုသာ အပြစ်ချ၍ ဖြစ်သမျှ အကြောင်း အကောင်းချည်း ဟုသာ ယူဆပါတော့မည် ။ မောင့် အဆုံးအဖြတ်သည် ကတိ ကင်းသည်မို့လည်း မှားသည် ဖြစ်စေ ၊ မှန်သည် ဖြစ်စေ ၊ သည်အတိုင်းသာ ရှိပါစေတော့ ။
သည်သို့ဖြင့် မောင့် မညှိုးပန်း သခင်သည် လန်းမရွှင် ဖြေမဆည် နှင့် ၊ နေမကြည် သံသာကြောမှာ မျောပါရချေပြီတည်း ။
ယခုသော် လတ် မျက်နှာ ကို မြင်ချင်လို့လည်း မမြင်နိုင်ပါပြီ ။ ဘယ်အခါကျမှ ပြန်၍ မြင်နိုင်ရပါတော့မည်နည်း ဟုလည်း မသိပြီ ။
မောင့် ဘဝ ကို စိုးမိုးနိုင်တတ်သသူ လတ် ။ ကောင်းကင် မှာ မြင်ရသည့် ငွေလစန္ဒာ သည် သည် ကနေ့ ည အတွက် ကွယ်ခဲ့ သော်လည်း နောင် ဆယ့်ငါးရက် အကြာတွင် အပြည့် မြင်ရဘို့မှာ သေချာသည် ။ စန္ဒာ သည် ပင်လျှင် အစဉ် ကွယ်ရိုး ထုံးမရှိ ။ လတ် မူကား မောင့် အတွက် စန္ဒာ ထက် သာလှသူမို့ အစဉ် ကွယ်ရက်တတ်ပြီလော မဆိုနိုင် ။
ဪ ... အစ ကတည်း က မမြင်ခဲ့ ၊ မတွေ့ခဲ့ရဘူး လျှင် မည်မျှ ကောင်းပါချိမ့် မည်နည်း ။
••••• ••••• •••••
ပုံပြင် ဆိုလျှင် လည်း ပုံပြင်ပါ ။ ယုံချင် မှ လည်း ယုံပါ လတ် ။
⎕ မောင်သာရ
📖 ဝတ္ထုတိုပေါင်းချုပ် ( ၁ )
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment