❝ အစ်ကိုကြီး ❞
ဘိုးနှစ် သည် မူးယစ်လျက် အစ်ကို ဖြစ်သူ ရာဇဝတ်အုပ် မောင်ဘိုးသစ် ၏ အိမ် သို့ ရောက်၍လာလေ၏ ။
ရာဇဝတ်အုပ်က
“ ဟေ့ ဘိုးနှစ် မင်း မူးလာတယ် မဟုတ်လား ၊ ငါ့ အိမ် ကို မူးရူးပြီး မလာနဲ့ ၊ ငါ့ နာမည် ကို မင်း ဖျက်မဲ့ အကောင် ၊ ငါ လူဆိုးလူမိုက်တွေ ကို မွေးတယ် ၊ လူမိုက် တွေ နဲ့ ပေါင်းတယ်လို့ သတင်း ဖြစ်နေပြီ မင်း သိလား ၊ ငါ မင်း အတွက် ဘယ်လောက် နာမည် ပျက်နေတယ် ဆိုတာ မင်း ဘာမှ မသိဘူး ” ဟု ဆီး ၍ ပြော လိုက်လေ၏ ။
“ ကျွန်တော် အစ်ကို နာမည် ပျက်အောင် ဘာများ လုပ်လို့လဲ ၊ ကျွန်တော် ဘာမှ မလုပ်ဘူး ”
“ မင်း အရပ် ထဲမှာ သောက်စားယစ်မူး ၊ ကြက်တိုက် ၊ ဟော့ရမ်း နေတယ် ဆို တာ လူတိုင်း သိတယ် ၊ ငါ့ ကြောင့် မင်း ဒီလို နေနိုင်တာ ၊ ငါ မရှိရင် မင်း ဒီလို တစ်နာရီ နေနိုင်မှာ မဟုတ်ဘူး ၊ ငါ့ အိမ်မှာ လူကြီးလူကောင်း တွေ ရှိတယ် ၊ ဒီ နေ့ ည မြို့အုပ်မင်း ဒီမှာ တည်းလိမ့်မယ် ၊ မတော်တဆ ဒီ အမူးသမား ဘယ်က လူလဲလို့ မေးရင် ငါ ဘယ့်နှယ် ပြောမလဲ ”
“ ကျွန်တော် ဘိုးနှစ် ပဲ ၊ ဘိုးနှစ် လို့ ပြောလိုက်ပေါ့ ။ အစ်ကို ရာဇဝတ်အုပ် မို့ ရာဇဂုဏ် မောက်ရင် ကျွန်တော် အစ်ကို့ ညီ ဖြစ်ကြောင်း မပြောဘဲ နေနိုင်ပါတယ် ”
“ ငါ မပြောပေမယ့် တစ်ယောက် ယောက် ပြောမှာပဲ ၊ မင်း ကနေ့ ည ငါ့ ဆီ ကို မလာနဲ့ ၊ မင်း အတွက် ငါ ကျက်သရေ ယုတ်မှာ ”
“ အောင်မယ် အစ်ကိုရယ် ၊ မလာစေချင်ရင် အခု သွားပါ့မယ် ၊ ညီအစ်ကို နှစ်ယောက်တည်း ရှိလို့ ကိုယ့် အစ်ကိုရယ် လို့ လာတာပါဗျာ ၊ ညီ လို့ လည်း မပြော ပါနဲ့ ၊ ကျွန်တော် လည်း အစ်ကို ရယ် လို့ မပြောပါဘူး ၊ အခု သွားမယ် ၊ ကျွန်တော့် မျက်နှာကို ဒီ တစ်ခါ ကြည့်လိုက် ၊ နောက် အစ်ကို့ အိမ်ရိပ် ကို တောင် မ နင်းတော့ပါဘူး ”
“ မင်း စကားချည့်ပဲနော် ၊ ငါ က မင်း ကို မပြောရသေးဘူး ၊ ငါ အစ်ကို ကွဲ့ ဒီ လောက် ပြောတာလေး ကို တောင် မခံချင်ရင် မင်း သဘော ၊ မင်း ဘယ်ကိုပဲ သွားသွား ငါ့ ကို ဒုက္ခ မပေးရင်တော်ပြီ ၊ မောင်မင်းကြီးသား ကြွတော်မူပါ ခင်ဗျာ ၊ မင်း ကို အစ်ကို မပြောဝံ့ပါဘူး ညီရယ် ၊ ကြွတော်မူပါ ” ဟု ပြော လိုက် လေ၏ ။
ဘိုးနှစ် လည်း အိမ်ပေါ် မှ ဖိနပ်ကို ဆောင့်၍ နင်းပြီး ဆင်း၍ သွားလေ၏ ။ ထိုအခါ ညဉ့် ကိုးနာရီ အချိန်ခန့် ရှိလေ၏ ။
အစ်ကို ဘိုးသစ် ကား စိတ်မချမ်းသာ သော်လည်း ပြန်၍ မခေါ်ဘဲ ကြည့် ၍သာ နေရလေ၏ ။ တိုး၍ ကဲမှာ စိုးသောကြောင့် သာ မခေါ်ဘဲ နေ လိုက်ရ ခြင်းဖြစ်လေ၏ ။ မိဘ လည်း မရှိ ၊ ညီအစ်ကို မောင်နှမ ဟူ၍ လည်း အခြား မရှိ ၊ ညီအစ်ကို နှစ်ယောက်တည်း ရှိရာ ဘိုးနှစ် မှာ မိုက်မိုက်တူးတူး ညီ ဖြစ် သဖြင့် ချစ်လ ည်း ချစ် ၊ သနား လည်း သနား လျက် ညီဖြ စ်သော်လည်း သား ကဲ့သို့ ဂရုစိုက်သော အစ်ကို ဖြစ်လျက် ဘိုးသစ် မှာ မပြောရက် မဆို ရက် အခက် ကြုံ၍ နေလေ၏ ။
အစ်ကို မှာ အသက် သုံးဆယ်ကျော်ကျော် ရှိလေရာ ညီ မှာ အသက် ၂၀ မျှ လောက်သာ ရှိလေ၏ ။ ၎င်းတို့ စပ်ကြားမှ အစ်မ တစ်ယောက် ဆုံး၍ သွား လေ၏ ။ ဘိုးသစ် သည် ညီဖြစ်သူ အတွက် အမျိုးမျိုး အနွံအတာ ခံလျက် ခုနစ် တန်း အောင်သည့် တိုင်အောင် ညီဖြစ်သူ အား ပညာ ကို သင်၍ ပေးလေ၏ ။
ဘိုးနှစ် သည် ကား ငါ့ အစ်ကို ငါ့ ကို ဂရုစိုက်သည် ၊ ဘယ်တော့မှ ငါ့ ကို ပစ်၍ထားမည်မဟုတ် ဟု ယုံကြည်ကာ အလိုလိုက် အမိုက်စော်ကား ဆို သော စကား ကဲ့သို့ ဖြစ်၍နေလေ၏ ။
ဘိုးသစ် သည် ဘိုးနှစ် အား ဤကဲ့သို့ ဖြစ်၍ သွားပြီးနောက် သုံးရက် မကြာ မီ ပြန်၍ ရှာဖွေခေါ်ငင် ချော့မော့ ဖျောင်းဖျလေ့ ရှိ၏ ။ ဤတစ်ကြိမ်၌ ကား နောင် ကြဉ်အောင် ထားမည် ဟု စိတ် ကို တင်း လိုက်လေ၏ ။ ဘိုးနှစ် က လည်း အခါတိုင်း မှာ အစ်ကိုစိတ်ဆိုး၍ ပြီးသည်နောက် နောက်တစ်နေ့ မှာ အနီးအပါး ၌ ရစ်ဝဲရစ်ဝဲ နေလေ့ရှိ၏ ။ ယခု ကား ထိုကဲ့သို့ မနေ ၊ မဟုတ် တကယ် ပြတ်ပြတ်စဲစဲ ကဲ့သို့ နေလေ၏ ။
ဘိုးသစ် ၏ စိတ်၌ တစ်နေ့ သော်လည်း ပေါ်လာနိုးနိုး နောက် တစ်နေ့ မြင် ရနိုးနိုး မျှော်ကိုး၍ နေခဲ့လေရာ ဘိုးနှစ် သည်ကား မိမိ ၏ အစွမ်း ကို ပိုမို၍ ပြ ရန် ကြံစည်လျက် အရိပ်အရောင် ကို မျှ မပြဘဲ လွတ်ကင်းရာ သို့ သွား၍နေ လေ၏ ။
သို့နေရာ တွင် ဘိုးနှစ် မှာ သုံးရေး အတွက် အကယ်ပင် ကျပ်တည်း ၍ သွား လေ၏ ။ သို့ဖြစ်လေရာ အစ်ကို ဆူပူခြင်း ထက် ဝမ်းဗိုက် ၏ ဆူပူခြင်းက ပိုမို ကြီးလေ၍ နေလေ၏ ။ သို့ဖြစ်ရကား အဘယ်မှာ စားလမ်း ချော်မည် ကို များစွာ ဂရုစိုက်ရ၏ ။
ဘိုးနှစ် ထက် အသက်မွေးကျပ်သူတွေ လည်း အများအပြား ရှိလေရာ ဘိုးနှစ် မှာ နောက်လိုက် နောက်ပါ အသက်မွေး ကျပ်သူတွေ အသိုက် အဝန်း ကြီး ၍ လာလေ၏ ။ တစ်နေ့၌ ကြက်ဝိုင်း အသိမ်း မှာ ကြက်သမား လေးငါး ယောက် တိုင်ပင်ကြ လေ၏ ။ တိုင်ပင်သော အကြောင်းမှာ အလုပ်အကိုင် ရှားပါး ၍ ငွေတွင်း နက်သည့် အကြောင်း ဖြစ်လေရာသို့ တိုင်ပင်၍ နေခိုက် တွင် ယောက်ျားကြီး တစ်ယောက် ကြိုးအိတ်ကြီး ဖြင့် ငွေဒင်္ဂါးတွေ ထမ်း လျက် မီးရထားရုံ မှ အိမ်သို့ ပြန်၍ လာသည်ကို မြင်ကြရလေသည် ။
ထို လူကြီး ကား စပါးကုန်သည်ကြီး ဦးဘိုးမြှင့် ဖြစ်လေရာ ကြိုး ဖြင့် ရက် သော အိတ်ကြီး ထဲ၌ ငွေများ ထည့်၍ ထမ်းလာသည် မှာ မရှိရှားပါး သော သူတို့ ၏ လောဘ ကို အမျိုးမျိုး ဆွ သကဲ့သို့ ဖြစ်လေ၏ ။
“ ဟေ့ ... ဘိုးနှစ် ၊ ဒီ လူကြီး ငွေတွေ ကို လိုက်ပြီး လုရင် ကောင်းမှာပဲ ဧကန် ကြောက်ကြောက် နဲ့ ပေးခဲ့မှာပဲ ” ဟု ဘိုးထီး ဆိုသူ က ပြောလေ၏ ။
အခြား တစ်ယောက် က “ ဒီလူ ကြီး ရတဲ့ ငွေဟာ စပါး အလုပ်ကို ရိုးရိုး လုပ် လို့ ဒီလောက် ရတာမဟုတ်ပါဘူး ၊ ငွေတိုးချလို့ ရတာ ၊ ဘယ်နေ့ ဘယ်ရက် မှာ ဆပ်မယ် ဆိုရင် တစ်ရက် အကြူး မခံဘူး ၊ ပေါင်နှံထားတဲ့ ရွှေ တို့ ၊ အိမ် တို့ ၊ ကျွဲ တို့ နွား တို့ လယ်မြေ တို့ ကို တစ်ခါတည်း သိမ်းတာပဲ ၊ ရှိခိုး တောင်းပန်လို့ မရဘူး ၊ အင်မတန်ရက်စက်တဲ့ လူကြီးဗျာ ၊ ကျုပ် သူ့ ကို ဓားပြ တိုက်မယ် လို့ တောင် ကြံမိတယ် ၊ အဖော် မရှိလို့ ၊ ဒီလို အကောင်ကြီးမျိုး ငွေ ကို တိုက်ယူလို့ ငရဲကြီး မှာ လည်း မဟုတ်ပါဘူး ၊ မတရားရတဲ့ ပစ္စည်းတွေ ၊ ဒီလို လူတွေ ကို
တိုက်ခိုက် ယူရင် တိုင်းပြည် ကို ကူညီရာ ရောက်မှာပဲ ၊ ဝန်ထောက် ဦးဘိုးခကြီး တို့ လို လူတွေ ကို လုရင် အဘယ်နည်းနဲ့ မှ အပြစ် ရှိမှာမဟုတ်ဘူး ၊ ဆင်းရဲသားတွေ ထံ က မတရား ယူပြီး တောကိုများ သွားတဲ့ အခါ ရွှေဒင်္ဂါး တွေ ကို သားရေအိတ် ထဲ ထည့်ပြီး သွားတာပဲ ၊ တောသူမကလေး တွေ ကို ရွှေဒင်္ဂါး ပြပြီး အရမ်း ဖျက်ဆီးတာပဲ ”
“ ခုတင်က ငွေတွေ ထမ်းသွားတဲ့ ငရဲကြီး လည်း ဒါမျိုးပဲ ၊ ဘုရားတကာ လို့ အခေါ်ခံပြီး မယား တွေ ချည်း ယူ တာပဲ ၊ မယားတကာကြီး လား အခုအနေ လိုက်ပြီး လုရင် ရမှာပဲ ” ဟု ဘိုးထီး က ပြောလေ၏ ။
ဘိုးနှစ် က ဘိုးထီး အား မျက်စ ပစ်၍ ပြလေ၏ ။ ဘိုးထီး က လည်း ပြန်၍ မျက်စပစ်လေ၏ ။
မကြာမီ နှစ်ယောက်သား ထ၍ သွားပြီး လယ်ပြင် ထဲ မှာ လမ်းလျှောက် လျက် တိုင်ပင်ကြလေ၏ ။
“ မင်း နာမည်ပျက် ရှိဖူးသလား ”
“ မရှိဖူးပါဘူး ”
“ မရှိရင် တော်တာပေါ့ ကွဲ့ ၊ ငါ လည်း မရှိဘူး ၊ ငါ့ အစ်ကို လည်း ရာဇဝတ်အုပ် ”
“ ဒီလိုဖြင့် နေရာကျပြီ ၊ လူ များလို့လည်း မကောင်းဘူး ၊ ယုံရသူ သုံးလေးယောက် ရရင် နေရာကျမှာပဲ ” ဟု ဘိုးထီး က ပြောလေ၏ ။
“ သုံးလေးယောက် တော့ မင်း ရှာရင် ရမှာပေါ့ ၊ ယုံရမှ ကောင်းတာကွဲ့ ”
“ ရပါတယ် ကိုဘိုးနှစ် ရဲ့ ၊ အခု ရှိတဲ့ လူ ထဲ မှာပဲ ရှိပါတယ် ။ ဒီ လူတွေ ဟာ သူ လို ငါလို ငွေ လိုနေတဲ့ လူတွေ ပဲ ”
“ ပုလိပ် နဲ့ တွေ့တော့ အစိုးရသက်သေ လုပ်မယ့် အကောင်တွေ ဖြစ်ရင် လည်း မကိုက်ဘူးကွဲ့ ” ဘိုးနှစ် က ပြောလေ၏ ။
“ ဒီလို ကောင်တွေ တော့ ဒီ အထဲမှာ မရှိဘူး ၊ ကျုပ် အကောင်တွေ ဆိုရင် စိတ်ချရတဲ့ အကောင် ချည့်ပဲ ။ ကျုပ်တို့ ဒါမျိုး မလုပ်ဖူးဘူး ထင်သလား ။ ကျုပ်တို့ မှာ စိတ်ချရတဲ့ တကယ့် လူယုံ တစ်စု ရှိပါတယ် ။ သာဝေ ၊ စံကူး ၊ ဘိုးထိုက် ဒီအကောင် သုံးယောက် တော့ ဘယ်လို ပုလိပ်ကြမ်း မှ မရဘူးလို့ ယုံကြည်လိုက်ပါ ၊ ဟိုဘက် က ဖိုခနောက်ဆိုင် သုံးယောက် ဟာ သူတို့ ပဲ ခေါ် လိုက်မယ်နော် ”
“ ခေါ်လေ အခြား အကောင်တွေ ရိပ်မိမှာ စိုးရတယ် ”
“ ဒီ အကောင်တွေလည်း ဒါမျိုးပဲ ၊ သူတို့နဲ့ တော့ တစ်ခါမှ အလုပ် မလုပ်ခဲ့ဖူး သေးဘူး ၊ ဒီ သုံးယောက် တော့ စိတ်ချရတဲ့ အကောင်တွေ ပဲ ၊ ဟေ့ ... သာဝေ ၊ စံကူး ” ဟုခေါ်လိုက်ရာ ဘိုးထိုက် ပါ သာဝေ စံကူး တို့ နှင့် အတူ ထ၍ လာလေ၏ ။
ဘိုးနှစ် က သာဝေ အား အသံကျယ်ကျယ် နှင့်
“ ဟေ့ ... သာဝေ မင်း ကြက်ဖကြီး ခွပ်လက် ပေးရအောင် ” ဟု ပြောလေ၏ ။
သာဝေ က “ တဲ ကို သွားလေ ” ဟု ပြောပြီး ငါးယောက် သား ဟန်ဆောင် ကြ
လေ၏ ။
ဘိုးထီး က “ တခြား မဟုတ်ဘူးကွဲ့ ၊ ဟိုအကောင်တွေ ကို စိတ်မချလို့ မင်း ကို ခေါ်တာ ၊ ငါတို့ ဒီ ကနေ့ ည အလုပ်ကလေး တစ်ခု လုပ်ချင်လို့ မင်းတို့ သုံးယောက် ကို အလုပ် လုပ်မလားလို့ တိုင်ပင်တာပဲ ၊ ဘယ့်နှယ် သဘောရသ လဲ ” ဟု မေးလေ၏ ။
“ အလုပ် ဆိုတာ ဝိုင်းကောင်း ရင် လုပ်တာပေါ့ကွဲ့ ”
“ ဝိုင်း တော့ မင်းတို့ပဲ ရှိတာပဲ ၊ မင်းတို့ ကောင်းရင် ကောင်းမှာပဲ ”
“ ရွှေ့ ၊ စိန်လိုက် ဘယ်မှာ အုံရှိသလဲ ”
“ ခုတင်က ဦးဘိုးမြှင့်ကြီး ကို မြင်တယ်မဟုတ်လား ၊ ဒါထက် ကောင်းတဲ့ အုံ ဘယ်မှာ ရှိမှာလဲကွဲ့ ၊ သူ့ မှာ သမီးနှစ်ယောက် နဲ့ အမယ်အိုကြီး လည်း ရှိ တယ် ”
ထိုနောက် လက်ဟန်ခြေဟန် နှင့် တစ်မျိုး ၊ လူ နားမလည်သော စကားဖြင့် တစ်မျိုး ပြောဆို တိုင်ပင်ကြ လေ၏ ။ တဲနား ကြက်ခွပ်လက် ပေးခြင်း အလုပ် သည် ထိုအလုပ်ပင် ဖြစ်လေ၏ ။ တိုင်ပင်ခြင်း အလုပ်မှာ တစ်နေ့ခင်းလုံး ကြာလေ၏ ။
ထို ညအခါ ဆယ်နာရီ အချိန်လောက် တွင် သာဝေ ၏ တဲ ၌ ငါးယောက်သား တိုင်ပင်၍ ပြီးလေ၏ ။ တိုင်ပင် စီမံ၍ ပြီးသောအခါ ဦးဘိုးမြှင့် ၏ အိမ်သို့ သွား ကြလေ၏ ။ ၎င်းတို့ မှာ ဓားသေနတ်များ နှင့် အခြား လက်နက် များ ပါရှိကြ လေ၏ ။
ငှက်ကြီးတောင်ဓား တစ်လက် လည်း ပါလေ၏ ။ ၎င်း ဓားသည် ကား သာဝေ ၏ အိမ် ၌ အမြဲ ဆောင်သောဓား ဖြစ်လေ၏ ။
ဦးဘိုးမြှင့် ၏ အိမ် မှာ လသာမီးအိမ် ထိန်ထိန်လင်းလျက် ရှိနေလေ၏ ။ အိမ် ရှေ့ ၌ မိန်းမလေး ငါးယောက် ဦးဘိုးမြင့် တို့ နှင့် ထိုင်ကာ စကား ပြော၍ နေ ကြလေ၏ ။
စံကူး နှင့် ဘိုးထိုက် သည် အိမ်ရှေ့လမ်း မှောင်ရိပ် တစ်ခုမှာ နေရစ် ကြ လေ၏ ။ ဘိုးထီး ၊ သာဝေ ၊ ဘိုးနှစ် တို့သည် အိမ် ကို ဝင်ကြ၏ ။ ဘိုးနှစ် ခြောက်လုံးပြူး ကို ကိုင်ကာ ဝင် သွားပြီး
“ ငြိမ်ငြိမ်နေကြပါ ခင်ဗျားတို့ ကို ဘာမှ မလုပ်ပါဘူး ” ဟု ပြောလေ၏ ။
မိန်းမ ယောက်ျား များ သည် ဘိုးနှစ် ကို ကြည့်ကာ ကြက်သေသေလျက် နေ ကြလေ၏ ။
“ မထကြနဲ့နော် ၊ ထ ရင် ဘေး ပေါက်လိမ့်မယ် ” ဟု ပြောပြီး “ ဦးဘိုးမြှင့် မရှိ ဘူးလား ” ဟု မေး လိုက်လေ၏ ။
“ ရှိပါတယ်မောင် ” ဟု ဦးဘိုးမြှင့် ကိုယ်တိုင် ပြန်၍ ပြောလေ၏ ။
ဘိုးထီး သည် ဦးဘိုးမြှင့် အား လက်ပြန်ကြိုး တည်း လေ၏ ။ အမယ်ကြီး နှင့် မသိန်းကို လည်း ထို့အတူ နှောင်ကြိုးတည်း ကြလေ၏ ။ ထိုအတွင်း သာဝေ သည် ငှက်ကြီးတောင်ဓား ကို ထုတ်ကာ ဝင့်ပြီး ဓားနှင့် မိုး၍ ထားလေ၏ ။
ထိုနောက် “ ဘုရားအစ်မကြီး သော့ကလေး တစ်ဆိတ် သနားပါ ခင်ဗျာ ” ဟု ဘိုးထီး က ပြောလေ၏ ။
ထိုအတွင်း စံကူး နှင့် ဘိုးထိုက် ဝင်၍ လာကြပြီး သော့များ ကို ယူ၍ အိမ် ပေါ် ၌ တောင်မြောက်လေးပါး ကြည့် လေရာ မီးအာမခံသေတ္တာကြီး ကို တွေ့ သဖြင့် ဖွင့်ကြလေ၏ ။ သေတ္တာ ထဲ မှ ယူစရာ ရှိသမျှ ယူပြီး မသိန်း ကို ဘိုးနှစ် က “ ဘာမှ မကြောက်နဲ့ လိုက်ခဲ့ ” ဟု ပြော၍ ခေါ်လေ၏ ။
ရွာအပြင် သို့ ရောက်ကြသော အခါ ရွာသားများ သည် စုရုံး၍ လိုက်လာကြ လေ၏ ။ ဘိုးနှစ် တို့ သည် ကား လိုက်လာသူ အတော်များသည်ကို အရေးမစိုက်ဘဲ သွားကြလေ၏ ။
ထို ရွာသားများ အထဲ၌ ပုလိပ်များ ပါလာကြလေ၏ ။ သို့သော်လည်း ပုလိပ် များ သည် တစ်စုံတစ်ရာ မလုပ် ။ ပစ်ခတ်ခြင်း ကို လည်း မပြုနိုင်ကြပေ ။ ဘိုးနှစ် သည် အံ့အားသင့်လျက် စဉ်းစား၍ သွားလေ၏ ။ ညအချိန် မှောင်လျက် နေလေရာ မည်သူမည်ဝါ ဟူ၍ ပစ်ရန် ခက်ခဲသဖြင့် မပစ်ဘဲ လိုက်ကြဟန် တူ လေ၏ ။ သို့တည်းမဟုတ် ဓားပြလူဆိုးများ ကို အရှင် ဖမ်းဖို့ ကြံကြသည် ဟူ၍လည်း တွေးဖွယ်ရာ ရှိလေသည် ။
ဘိုးနှစ် သည် မသိန်း ကို မိမိ အလိုသို့ လိုက်ရန် နူးလေ၏ ။ သို့သော်လည်း မသိန်း က မိမိ မှာ ရည်းစား ရှိကြောင်း ပြော၍ ပြလေ၏ ။
ရည်းစား ဘယ်သူလဲ ဟု ဘိုးနှစ် က မေးရာ မသိန်း က ရာဇဝတ်အုပ် ကိုဘိုးသစ် ဖြစ်ကြောင်း ပြော၍ ပြလေ၏ ။ ထိုအခါ ဘိုးနှစ် သည် ဆက်လက်၍ တိုက်တွန်းသွေးဆောင်ခြင်း မပြုတော့ပေ ။ သာဝေ နှင့် ဘိုးထီး အား မသိန်း ကို ကြည့်ရှုစောင့်ရှောက်ရန် မှာပြီး ရှေ့ဆောင် ၍ ထွက်သွားလေ၏ ။
ရွာသားများ ကား လူဆိုးများ ၏ နေရာ ကို သိရန် အစုအဝေး နှင့် လိုက်လျက် ပင် ။ ရွာသားများ နှင့် ဘိုးနှစ် တို့ လူစု မှာ တစ်ခေါ် ခန့် ကွာကြလေ၏ ။ တစ်ည လုံး မရပ်မနား သွားကြလေ၏ ။ လူအား နှင့် ဖိ၍ လိုက်ကြသော် လည်း မိမိ တို့ မှာ သေနတ် မပါမရှိ ၊ လူဆိုးများ မှာ သေနတ် ခြောက်လုံးပြူး များ ပါရှိ ကြောင်း ကို သိသဖြင့် လွန်စွာ အတင့်မရဲဝံ့ကြပေ ။ ရွာသားများ အထဲ တွင် ပုလိပ် အနည်းငယ် ပါ သော်လည်း ပတ်တရောင် ပုလိပ်များ ဖြစ်ရာ နံပါတ်တုတ်များ သာ ပါရှိကြလေ၏ ။
ထိုအတွင်း မြင်း နှင့် ပုလိပ် ခြောက်ယောက် သေနတ်များ နှင့် လာကြ လေ၏ ။
ဘိုးနှစ် သည် မိမိ ၏ အဖော်များနှင့် အတူ တောင်ခြေသို့ ကပ်လေရာ ပုလိပ် ဘက် က သေနတ် နှင့် စ၍ ပစ်လေ၏ ။ လူဆိုးများ သည် ပြေးလွှား ရှောင်တိမ်း နေရာ ဘိုးထီးနှင့် မသိန်း အဘယ်ကို သွားသည် အဘယ်မှာ ပုန်းလျှိုး ခိုအောင်းနေသည် ကို ကြည့်ကြလေ၏ ။
အဘယ်မျှလောက် ဆိုးသွမ်းသော အလုပ်ကို လုပ်လျက် ရှိစေကာမူ မိန်းမ ယောက်ျား တို့၌ ရှိသော ဓမ္မတာစိတ်ရင်း သည် ရေစက် ဆုံသည့် အခါ ပေါ်ပေါက်ရမြဲ ဖြစ်သည့်အတိုင်း ထို ဓမ္မတာ စိတ်ရင်းသည် ဘိုးနှစ် မှာ ပေါ် ၍ နေ၏ ။ ဘိုးနှစ် မှာ မသိန်း ကို တစ်မျိုး တစ်မည် အကြံ နှင့် ခေါ်ဆောင်ခဲ့ သော်လည်း မြင်လျှင် မြင်ချင်း တစ်စတစ်စ တိုးခဲ့သော အချစ် သည် ထို အကြံ ကို ပိတ်ပင်တားဆီးရုံမျှ မက မသိန်း အတွက် ကြောင့်ကြပူပန်ခြင်း ၊ စိုးရိမ် ခြင်း ပင် ဖြစ်စပြုလေ၏ ။
ဘိုးထီး အား ယုံကြည်အပ်နှင်းခြင်း ပြုသည် မှာ ဘိုးထီး ၏ စိတ် ကို သိခြင်း ကြောင့် ဖြစ်လေ၏ ။ ဘိုးထီး သစ္စာ ရှိကြောင်း ကို အထက်ထက် က ကြား ဖူး၏ ။ ယခု တွေ့ရာ၌ လည်း အပြောအဆို အမူအရာ ကို မြင်သဖြင့် စိတ်ချ ယုံကြည်လေ၏ ။
ဘိုးထီး သည် ကျောက်ဆောင်ကြီး တစ်ခု ၏ အကွယ်၌ မသိန်း အား လုံခြုံ စွာ ထားပြီး ဘိုးနှစ် ထံ ပြေးလေရာ ဘိုးနှစ် က “ မသိန်း ဘယ်မှာလဲ ” ဟု မေး လေ၏ ။
ဘိုးထီး က မသိန်း ၏ နေရာကို ပြော၍ ပြလေ၏ ။
ထိုအတွင်း ပုလိပ်များ က သေနတ်ဖောက် ပြန်လေ၏ ။
ဘိုးနှစ် က လည်း ပြန်၍ ပစ်လေ၏ ။ ပုလိပ် ကား ရာဇဝတ်အုပ်ဘိုးသစ် ဖြစ် လေ၏ ။ သို့ဖြစ်လေရာ မှန်အောင် မပစ်ပေ ။ ဘိုးနှစ် က လည်း ဘိုးသစ် ဖြစ်ကြောင်း သိသဖြင့် လွဲချော်၍ ပစ်လေ၏ ။ ဘိုးသစ် က လည်း ထို့အတူ ပင် ပစ် လေ၏ ။ နောက် ဘိုးနှစ် ၏ နောက်နားမှ အခြား တစ်ယောက် ပစ်လိုက် သော ကျည်ဆန်မှာ ဘိုးသစ် ၏ ပေါင် ကို ထိမှန်လေ၏ ။ ထိုအခါ ဘိုးသစ် ၏ စိတ် ၌ ဒီအကောင် ငါ့ ကို တောင်ပစ်သည်ဟု အောက်မေ့ကာ ဘိုးနှစ် ကို ပစ်လိုက်ရာ ဝမ်းဗိုက် ကို ထိမှန်၍ ဘိုးနှစ် လဲကျသွားလေ၏ ။ ထိုအခါမှ ဘိုးသစ် မှာ အဟုတ်တကယ် ညီ ဘိုးနှစ် ကို သနား၍ သွားလေ၏ ။
ဘိုးနှစ် သည် မိမိ ၏ လူများ အား မပစ်မခတ် ရအောင် တား၍ ထားလေ၏ ။ ဘိုးထီး သည် ဘိုးနှစ် ကို ပွေ့၍ ထားလေ၏ ။
ဘိုးသစ် လည်း ညီ ဖြစ်သူထံ ပြေး၍ သွားပြီး ပွေ့လေ၏ ။ ဘိုးထီး သည် လည်း ကူ၍ ပွေ့ယူပြီး မသိန်း ကို မိမိ ထားခဲ့သော နေရာသို့ တွဲ၍ သွားလေ၏ ။ ဘိုးသစ် သည် ထိုနေရာ သို့ ဘိုးနှစ် နှင့် အတူ ရောက်၍ သွားလေရာ မသိန်း နှင့် တွေ့ရလေ၏ ။ ဘိုးသစ် သည် မသိန်း နှင့် ဘိုးနှစ် တို့ ၏ မျက်နှာ ကို ကြည့် လေ၏ ။ ဘိုးနှစ် ၏ မျက်နှာ သည် မသိန်း အား စိမ်းစိမ်းလဲ့လဲ့ ကြည့်သည် ကို ဘိုးသစ် မြင်ရသောအခါ
“ ခွေးမသား ၊ နင် ငါ့ စကားကို နားမထောင် လို့ ဒီလို ဖြစ်ရတာ ၊ ငါ့ ကို တမင် ဒုက္ခပေးတဲ့ ကောင် ၊ ငါ မှန်းကို အခု ထက်ထိ မသိဘူးလား ၊ နင် ဘာလို့ မသေ သေးသလဲ ၊ သေပါတော့လား ” စသည်ဖြင့် ဆဲဆိုကြိမ်းမောင်း ပြီး ဘိုးနှစ် ၏ မျက်နှာ ကို လက်သီး နှင့် တအား ထိုးလေ၏ ။
“ အစ်ကို ကျွန်တော့် ကို ဘယ်တုန်းကမှ ဒီလို မလုပ်ဘူး ၊ အစ်ကို သ,တ်ရင် လည်း ကျွန်တော် သေဝံ့ပါတယ် အစ်ကို ရယ် ၊ အစ်ကို ဘာကြောင့် ဒီလို လုပ် တယ် ဆိုတာ ကျွန်တော် သိပါတယ် ” ဟု မျက်ရည်တွေ လျှံလျက် ပြောလေ၏ ။
“ နင် မဟုတ်ဘူးလား ၊ နင်တို့ နှစ်ယောက်စလုံး ငါ သ,တ်မယ် ” ဟု ပြောပြီး ဒေါသ နှင့် ဘိုးနှစ် မျက်နှာ ကို ထိုးကြိတ် ပြန်လေ၏ ။
ဘိုးထီး သည် ဘိုးနှစ် ကို မကျအောင် ပွေ့၍ ထားပြီး ဘိုးနှစ် ၏ မျက်နှာ ကို မိမိ ကိုယ်နှင့် ကွယ်ကာလျက်
“ သတိထားပါ ဆရာ ရယ် ၊ ဆရာ အထင် မှားနေတာပဲ ၊ ကျွန်တော် တစ်ယောက်လုံး ရှိပါသေးတယ် ။ ကျွန်တော် အစ က အဆုံးတိုင် သိပါတယ် ၊ ဆရာ အထင် လွဲတာပဲ ” ဟု ပြောခိုက် တွင် ဘိုးနှစ် ၏ ဦးခေါင်း သည် ငိုက် ဆိုက် ကျလျက် သတိလစ် ၍ သွားလေ၏ ။
ဘိုးထီး နှင့် သာဝေ က
“ ကိုဘိုးနှစ် ... ကိုဘိုးနှစ် ... သတိထား ၊ သတိထား ” ဟု ပြောကာ ဖေးမကြ လေ၏ ။ သို့သော်လည်း ဝမ်းဗိုက် မှ ဒဏ်ရာ ကြောင့် မချိမဆံ့ နာကျင် ၍ နေရာတွင် မျက်နှာ ကို ပြင်းထန်စွာ အထိုး အကြိတ် ခံရလေရာ ပြန်၍ သတိမရဘဲ အတန်ကြာစွာ နေလေတော့၏ ။ နောက် သတိရ၍ လာသော အခါ
“ အစ်ကို .... အစ်ကို ” ဟု ခေါ်၍ “ ကျွန်တော် အစ်ကို လုပ်တာ အတွက် မနာပါ ဘူး အစ်ကိုရ ယ် ၊ ကျွန်တော် အထင်လွဲ ခံရတာအတွက် ဝမ်းနည်းတာပါပဲ ၊ သို့သော်လည်း ကျွန်တော့် ကံပါ အစ်ကို ၊ ကျွန်တော် သွားတော့မယ် ၊ အစ်ကို သာ ပျော်ပျော်နေပါတော့ ၊ ကျွန်တော် လည်း မနှောင့်ယှက်တော့ပါ ဘူး ” ဟု ပြောကာ နောက်ဆုံး အသက် ကို ရှူပြီး ဘိုးထီး ၏ ပခုံး ပေါ် တွင် မျက်နှာ ကို ချ ကာ ငြိမ်သက် ၍ သွားလေတော့ သတည်း ။
ထိုအခါတွင် လည်း ဘိုးသစ် သည်
“ အမယ်လေး ... ညီလေး ရဲ့ အစ်ကို မှားမိတာပါပဲ ၊ အစ်ကို မှားရက်လေခြင်း ” ဟု ပြောကာ ညီ ကို ဖက်၍ ငိုရှာလေ သတည်း ။
⎕ ပီမိုးနင်း
📖 မြန်မာ့အလင်း ၁/၉
၁၉၃၉ ခုနှစ် ၊ ဇွန်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment