❝ အမြည်းခံ တိမ်တိုက် ❞
တဆတ်ဆတ် တုန်နေတဲ့ လက်က သတင်းစာ ထဲ မှာ ပါတဲ့ ကြော်ငြာ ကြောင့် မဟုတ်ဘဲ လွတ်ကျသွားတဲ့ ဆုံးရှုံးမှု ကို လှမ်း ဖမ်းချိန် မရလိုက်တဲ့ တုန်ရီမောဟိုက် မှုမျိုး ။
မေ သတင်းစာကြော်ငြာ ကို ကြည့်ပြီး တစ်ကိုယ် လုံး အရည်ပျော်ဆင်းသွားသည်ဟု ထင်မိသည် ။ ဘာတဲ့ ... ။ အသိအမှတ် မပြုပါကြောင်း ၊ ဟုတ်ရဲ့လား ။ ဒီလိုမျိုး တစ်လောကလုံး သိအောင် ကြော်ငြာလိုက်ရုံ နဲ့ ညှို့ရှင်းမေ နဲ့ ထူးမြတ်နောင် တို့ရဲ့ လက်ထပ်မင်္ဂလာ က ပျက်ပြယ် သွားသတဲ့လား ။ ယောက်ျားလေးရှင်ဘက် က ဒီလိုမျိုး ကြော်ငြာ သလို မိန်းကလေး ဘက် ကရော ဒီလိုမျိုး ကြော်ငြာမှုကို အသိအမှတ် မပြုပါကြောင်း ပြန် မကြေညာ သင့်ဘူးလား ။ အထူးသဖြင့် မေတို့ ကို အသိအမှတ် မပြု သလို မေတို့ ကလည်း ကြော်ငြာ ၊ သူတို့ကို လုံးဝ လုံးဝ စိတ်မဝင်စားဘဲ အသိအမှတ် မပြုပါကြောင်း ၊ အဲဒီလိုတွေ ပြန် ကြော်ငြာ လို့ မရဘူးလား ။ အဲဒီလို လုပ်လို့ရမယ့် လောက နိယာမ ကရော ဘာကြောင့် မပြဋ္ဌာန်းထားတာလဲ ။
တကယ်တမ်း ပြောရရင် နောင့် ကို မေ မြူဆွယ် ခဲ့လို့လား ၊ ဖြားယောင်းခဲ့ဖူးသလား ။ နောင့် ဘာသာ နောင် မေ့ ဘဝထဲ အတင်း ဇွတ်တိုး ဝင်လာတာ လက်ခံတဲ့ သူ က မှားသလား ။ အဲဒီလို ဇွတ် ဝင်လာရင် တောင် မေ တို့ က တားပေးရမတဲ့လား ။ လောကကြီး တရားပါ့ မလား ။ လူ တစ်ယောက် မွေးဖွားလာတယ် ဆိုတာ တခြား လူ တစ်ယောက် အတွက် အဖြည့်ခံ သက်သက် ဖြစ်တည် လာတာ တရား သတဲ့လား ။
“ ကိုယ် မင်းကို ပိုင်ဆိုင်ချင်လိုက်တာ ”
နောင် နဲ့ ပထမဆုံးအကြိမ် စတွေ့တဲ့ အချိန်မှာ အဲဒီ စကား ကို မေ စကြားခဲ့တာ ။ ဒီ စကားဟာ ခံ့ညား ထည်ဝါတဲ့ လူကုံထံ အသိုင်းအဝိုင်း တွေသာ မျက်နှာ ချင်းဆိုင် ထိုင် နေနိုင်တဲ့ ခန်းမ တစ်ခုခု ထဲမှာ သာဆိုရင် အပြော ခံရတဲ့ မေ ၊ အားပါးတရ ပါးဆွဲရိုက်ဖို့ကောင်းတဲ့ စကား တစ်ခွန်းပေါ့ ။ ခု မေ့ မှာ ပါးရိုက်ချင်တာတောင် ကာလံဒေသံကြောင့် ခေါင်းငုံ့ ထားရုံ က လွဲပြီး ...
ဟုတ်တယ်လေ ၊ ဆိုင် က ကောင်မလေးတွေ ပြော သလို မေ က နာမည်ကြီး စားသောက်ဆိုင် တစ်ခုရဲ့ လူကုံထံတွေ ရဲ့ အမြည်းခံ ဘဝ ။ နောင် က ဒီလို စား သောက်ဆိုင်ကြီးတွေ မှာ လာရောက် အနားယူ တတ်တဲ့ ဇိမ်ခံ သူဌေးသား ဆိုတော့ မေ့ ရဲ့ အသံ ကို အဖျော် ယမကာတွေ ထဲ ထည့်ပြီး သောက်သုံးတာနဲ့ မတင်းတိမ် နိုင်လို့ မေ့ ခန္ဓာကိုယ် ကို တို့ထိ ဆော့ကစားချင် လာတဲ့ ပုဂ္ဂိုလ်တွေ ကြားမှာ နောင် က ထူးခြားစွာ ငယ်ရွယ်ပြီး ချောမော နေခဲ့တာ ။ ဒါဟာ မေ့ ကို နောင် ကိုယ်တိုင်က စတင် ဖြားယောင်းခဲ့တဲ့ သက်သေ တစ်ခု မဟုတ်ဘူး လား ။ နောက် သက်သေ တစ်ခုက နောင် ကြောင့် မေ က ဘဝတူမလေးတွေ ရဲ့ မျက်စောင်းတွေ ကို ရောင်စုံပန်းကုံးတွေ လို တစ်ပွေ့တစ်ပိုက် ရထားတယ် မဟုတ်လား ။ အမြည်းခံ ကြတာချင်း အတူတူ ဆိုပေမယ့် အမြည်း ခံခဲ့ကြရတဲ့ အခြေအနေချင်း ဘယ် တူပါ့မလဲ ။ ရုပ်ရှင် တွေ ထဲ က လိုပဲ တချို့ အမြည်းခံမလေးတွေ ရဲ့ မိဘ တွေက ရောဂါမျိုးစုံ ကို အားမနာစတမ်း ယူထားကြလို့ ။ တချို့ အမြည်းခံမလေးတွေ ကျပြန်တော့လည်း မောင် နှမတွေ ရဲ့ လှေကား အဖြစ် ကိုယ့် ဘဝ ကိုယ် အနင်းခံ ထားကြလို့ ။ အဲဒီလို “ လို့ ” ပေါင်းများစွာ ထဲက မေ့ မှာ သူတို့လေးတွေ နဲ့ တူညီတဲ့ “ လို့ ” တစ်ချက်မှတောင် မရှိ ပါဘဲ ဘာကြောင့် ဒီ လောက ထဲ ဝင်ခဲ့ရသလဲ ။
ဟုတ်ပ ။ မေ့ မှာ သူတို့လေးတွေ လို မိဘကို ထောက်ပံ့ဖို့ ၊ မောင်နှမတွေ ကို စောင့်ရှောက်ဖို့ အဲဒီလို လုပ်ချင်တာ တောင် လုပ်ပိုင်ခွင့် မရှိတဲ့ ဘဝမျိုး ။ အဲဒီလို မိဘမဲ့ တစ်ယောက် က ဘာ အပူအပင်မှ မရှိဘဲ ဘဝကို ရိုးရိုးလေး ဖြတ်သန်း နေသင့်ရဲ့ သားနဲ့ ဘာကြောင့် အမြည်းခံ ဘဝထဲ ရောက်နေရသလဲ မေးရင် ဘယ်သူ တစ်ယောက်ကများ ဒီလို ဘဝမျိုးကို လိုလိုချင်ချင် ပျော်မွေ့ နေချင့်ပါ့မလဲ ။ ဘယ်လို မိန်းကလေးမျိုး မှ ဒီ အမြည်းခံ ဘဝမှာ အေးချမ်းပျော်ရွှင်နိုင်လိမ့်မလဲ ။ ဘယ် သူမှလည်း လိုချင်ကြမှာ မဟုတ်တဲ့ဘဝ ။
လူ ဆိုတာ ကိုယ် ရှင်သန်ရမယ့် ဘဝကို ရွေးချယ် လို့ ရမှာတဲ့လား ။ မေ မမြင်လိုက်တဲ့ မိဘတွေ က ဘယ်သူ့ ကို စိတ်ချလို့များ မေ နဲ့ လောကကြီးကို ကျောခိုင်း ထွက်သွားကြသလဲ ။ ဆွေမျိုးအသိုင်း အဝိုင်း တစ်ယောက်မှ မရှိတဲ့ နယ်မြို့လေး မှာ လသား အရွယ် မေ့ ကို အိမ်နီးချင်း အဒေါ်ကြီး တစ်ယောက် က မွေးထားတာ ၊ သားသမီး များလှတဲ့ အဲဒီ အဒေါ် ကပဲ မေ့ ကို အသက် ၈ နှစ် အထိ ကျွေးမွေးခဲ့ ပြီးမှ ရန်ကုန် က ရောက်လာတဲ့ အမျိုးသမီး တစ်ယောက်ဆီ မွေးစားဖို့ ထပ်ပေးခဲ့ပြန်တာ ။ ဒီလိုနဲ့ ဘဝ က နေရာသစ် ၊ လူသစ် တွေ ကြားမှာ မသိနားမလည်မှု တွေနဲ့ ကြီးပြင်းခဲ့တာ ။ နောက်ဆုံး အဲဒီ မွေးစားမိဘတွေ ကပဲ ထပ် ဆုံးပါးသွား ကြတော့ သူတို့ရဲ့ သားသမီး အရင်းတွေ ရှိတဲ့ အိမ် မှာ မနေချင်တော့တဲ့ ၁၆ နှစ် အရွယ် မိန်းကလေး တစ်ယောက် က ထမင်းဆိုင် တစ်ဆိုင်မှာ ဆိုင်အကူ ဝင်လုပ် ရင်း အဆောင် မှာ ကြီးပြင်းလာခဲ့တာ ။
ထမင်းဆိုင်လေး မှာ အလုပ် လုပ်ခဲ့စဉ် အတွင်း ဆင်းရဲချမ်းသာ လူတန်းစားတွေ ရဲ့ စိတ်ဓာတ်လေးတွေ ကို သိခဲ့ရတော့ လူ ဆိုတာ စိတ်ဓာတ်ရောင်စုံတွေ နဲ့ ပါလားလို့ စတင် သိခဲ့ရတယ် ။ မေ လေ အဲဒီ ဆိုင် မှာ အလုပ် လုပ်ရင်း ထမင်းစား နေတုန်း လာ တောင်းရမ်း နေကြတဲ့ ကလေးတွေ ကို ကြည့်ပြီး စိတ်မကောင်းလိုက် တာ ။ သူတို့လေးတွေ က ဘဝ က မေ့ ထက်တောင် နိမ့်ကျ နေပါလား ဆိုပြီး တွေးရင်း ရင်နာ မိတယ် ။ တစ်ခါတလေ မေ လခ ထုတ်တဲ့ နေ့ တွေ ဆို အဲဒီ ကလေးတွေ ကို မုန့်ဖိုး တွေ ပေးပြီး ထမင်းလည်း ဝယ်ကျွေးမိတယ် ။ မေ့ ဆီ မှာ ပိုက်ဆံတွေ အများကြီး ရှိလာရင် သူတို့လေးတွေ ကို ဒီထက် ပိုပေးချင်ပါရဲ့ ။ လူတွေ ကတော့ ပြောတယ် ။ ဒီလို ကလေးတွေကို ပေးကမ်းရင် တောင်းတဲ့ အကျင့် က ပျောက်မှာ မဟုတ်ဘူးတဲ့ ။ ဒါပေမဲ့လည်း သူတို့လေးတွေ ပြည့်စုံ သွားအောင် မပေးနိုင်သေးတာ ထက် စာရင် ကိုယ့် မှာ ရှိတဲ့ စေတနာလေးနဲ့ တတ်အားသရွေ့ စောင့်ရှောက်တာမျိုးလောက်ပါပဲ ။
မေ့ မှာ လူ ဖြစ်လာ ကတည်း က အိပ်မက် တစ်ခုပဲ ရှိလိမ့်မယ် ထင်တယ် ။ ဒါ ဘာလဲဆိုတော့ မေ လေ အေးအတူ ပူအမျှ ဝေမျှခံစားပေးနိုင်မယ့် ပျော်ရွှင်စရာ ကောင်းတဲ့ မိသားစုလေး တစ်ခု ကို ပိုင်ဆိုင်ချင်ရုံလေး ပါပဲ ။
ဘဝလမ်း ဆိုတာ ကလည်း အဆန်းသား ။ ကိုယ် ဖြစ် ချင်သလို ဖြစ်ခွင့်မရတဲ့ ကံကြမ္မာ ထဲမှာ မေ ဒေါင်ပဲကျကျ ပြားပဲကျကျ နေလာခဲ့တယ် ။ လခ နဲ့ မမျှဘဲ လုပ်ရတဲ့ ပင်ပန်းမှု ၊ လောကဓံရဲ့ ကြမ်းတမ်းမှုတွေ ကို ညနေ အလုပ် ဆင်းချိန်မှာ ဘယ်သူ ကို ရင်ထုပြီး ပြောပြရပါ့ ။ ရေ တစ်ခွက် ဆီးကြို တိုက်မယ့် သူ မရှိတဲ့ သုံးယောက် လောက်သာ ဆံ့တဲ့ ငါးယောက် နေရတဲ့ အခန်းမှာ မေ့ အတွက် တစ်နေရာစာ နေခွင့် ပေးထားတဲ့ လောကကြီး ကိုပဲ ကျေးဇူး ပြန် တင်နေရသေးတယ်လေ ။
နောက် အဆောင် ကို မမဆူး ဆိုတဲ့ ခပ်လှလှ မိန်းမ တစ်ယောက် ရောက်လာချိန် ကစပြီး မေ့ ဘဝ ပြောင်းလဲ သွားတယ် ထင်ပါရဲ့ ။ “ ညီမ က ချောသားပဲ ” ဆိုတဲ့ မမဆူး ရဲ့ စကားက မေ့ ကို အမော ပြေစေပြီး မမဆူး ကို ပိုပြီး ခင်တွယ်စေတယ် ထင်တယ် ။ မမဆူး က စားသောက်ဆိုင် တစ်ဆိုင် ရဲ့ အဆိုရှင် ဆိုတော့ ညဘက် သူ အလုပ်ဆင်းချိန်ဆို မေက သူ့ ရဲ့ ဖုန်းလေး ထဲက သီချင်းတွေ ကို နားထောင်ပြီး အိပ်ပျော် သွားမြဲ ။
မမဆူး နဲ့ ရင်းနှီးလာတော့ သူ က မေ့ မျက်နှာ လေးကို သေသေချာချာ ကြည့်ပြီး “ မေ့ မျက်နှာလေး က ချောတယ် ၊ ဒီ မျက်နှာလေး အလကား ဖြစ်သွားမှာ နှမြော စရာ ” တဲ့ ။ အဲဒီ စကားကြောင့် မေ့ မိဘတွေ က မေ့ ကို အမွေ အဖြစ် ချန်ထားခဲ့တဲ့ ချောမောတဲ့ အဲဒီ မျက်နှာ လေးကို မှန် ထဲမှာ ကြည့်နေမိတယ် ။
“ ဒီမှာ မေ နင် သိလား ၊ လူ ဒါမှမဟုတ် အသက် ရှိနေတဲ့ အရာ တစ်ခုခု ဟာ သူ့ သမိုင်းကောင်းဖို့အတွက် ဆိုရင် သူ ဘယ်က လာသလဲ ဆိုတာ ထက် သူ ဘယ်ကို သွားမလဲ ဆိုတာ ပို အရေးကြီးတယ်လို့ မမ ခံယူထား တယ် ။ နင် ဖြစ်ချင်တဲ့ ဘဝ က ဘာလဲ ။ ဘာပဲဖြစ်ဖြစ် ငွေ ကပဲ နင် သွားချင်တဲ့ ဘဝ အတွက် အထောက်အကူ ဖြစ်လိမ့်မယ် ။ အဲဒီလို ပြောလို့ ငွေ ကို ကိုးကွယ်ရမယ်လို့ ပြောတာ မဟုတ်ဘူးနော် ။ ငါ့ ကို လည်း အဲလို မထင် လိုက်နဲ့ ။ ငါ က ငွေ ကို မကိုးကွယ်ဘူး ။ ငါ က နင့် လိုပဲ ဘဝ က ဘယ်က လာတာလဲ ဆိုတာကို မသိတော့ ဘယ် ကို သွားမလဲ ဆိုတာကိုပဲ ကိုယ့် ဘာသာ ကိုယ် ရှာဖွေ နေ ရတယ် ။ အဲဒီ အတွက် ငွေ လိုတယ် ။ အဲဒါကြောင့် လည်း ငွေ ရှာတယ် ။ ရိုးရိုးလေးပါပဲ ”
ရှည်ရှည်ဝေးဝေး ပြောတဲ့ မမဆူး စကားတွေ ကို မေ စဉ်းစားရင်း ..
“ ဒါပေမဲ့ မမ ။ မမ သွားတဲ့ လမ်းက အနံ့တွေ ထွက် နေတယ်လေ ”
“ မေ ငါတို့ က မိုးပေါ် က ကျလာတဲ့ နတ်သမီးလေး တွေ မဟုတ်ဘူးလေ ။ တောင့်တလိုက်ရုံ ၊ မန်းမှုတ် လိုက်ရုံနဲ့ ကျော်သွား လို့ ရမယ့် အရာမျိုး မဟုတ်ဘူး ။ ဒီအတိုင်း အဆင်ပြေပြေ ရောက်လာမယ့် ပန်းဥယျာဉ် ဆိုတာမျိုးတွေ မရှိဘူး ။ ငါတို့ လုပ်နိုင်တဲ့ အစွမ်းအစ လေးနဲ့ ဆိုးဝါးတဲ့ အနံ့ ထဲ ကို တိုးဝင် ၊ နှာခေါင်းကိုပိတ် ၊ ပြီးရင် ရလာတဲ့ အခကြေးငွေ တွေ နဲ့ ကိုယ့်လမ်းကို ရှာပေါ့ကွယ် ။ အဲ ... နှာခေါင်း မပိတ်တတ်ရင်တော့ အဲဒီ အနံ့ဆိုးတွေ ထဲမှာ မျောပါ သွားလိမ့်မယ် မမ ”
မမဆူး ပြောတာကို မေ အလေးအနက် နားထောင်မိတယ် ။ အနံ့ဆိုး ထဲ ကို ဝင် နှာခေါင်း ကို ပိတ်တဲ့ ။ ဟုတ်ပ ။ မေ့ ဘဝကို အပြောင်းအလဲလေး လုပ်ကြည့် မိတယ် ဆိုရင်ပဲ မေ့ ရဲ့ မေနှင်း ဆိုတဲ့ အေးချမ်းတဲ့ အမည် နာမ ကို မေ့ပစ်လိုက်ပြီး ညှို့ရှင်းမေ လို့ ကိုယ့် ဘာသာ ကိုယ် ကင်ပွန်းတပ်လိုက်ရင်း နှာခေါင်း ကို ပိတ်ပြီး အဲဒီ အနံ့ဆိုး ထဲကို တိုးဝင် မိလျက်သား ။ ဆိုးဝါးလှတဲ့ အနံ့ ပေါင်းစုံကြားမှာ တချို့ အမြည်းခံလေးတွေ စိတ်လိုလက်ရ မျောပါ နေလိုက်ကြတာ ။ မေ့ မှာတော့ နှာခေါင်း ကိုသာ တွင်တွင် ပိတ်ထားရတယ် ။ အမြည်းခံ ဘဝ နဲ့ ရတဲ့ ငွေ ကြေးတွေ ကို ရလာတော့ မေ တဒင်္ဂ တွေဝေမိတယ် ။ ဘာ လုပ်ရမလဲ ၊ ဒီငွေကြေးတွေ နဲ့ ဝယ်လို့ မရတဲ့ အေးချမ်းမှု ၊ ဝယ်လို့ မရတဲ့ ပျော်ရွှင်မှု ၊ ဝယ်လို့ မရတဲ့ ငြိမ်းချမ်းမှု ။
နေ့ဘက် အားနေတဲ့ အချိန်တွေ မှာ မေ မိဘမဲ့ကျောင်းတွေ ကို ရောက်တယ် ။ နောက် မျက်မမြင် ကျောင်းတွေ ကုသိုလ်ဖြစ် ဆေးပေးခန်းတွေ နောက်ဆုံး ထမင်းဆိုင်လေး နား က ကလေးတွေ ဆီ ။ အဲဒီလို မဖြစ် စလောက်လေးတွေ လှူနေ ပေးနေ ရတဲ့ ပီတိကလေး တွေ က အမြည်းခံ ဘဝ က ရလာတဲ့ ငြိမ်းအေးမှုလေး တစ်ခုပါပဲ ။
မေ ဒီ ဘဝလေး ထဲ တဖြည်းဖြည်း တိုးဝင်မှန်း မသိ တိုးဝင်လာခဲ့မိပြီ ။ သိပ်မကြာတဲ့ အချိန် အတွင်းမှာ မေ့ ရဲ့ အမြည်းခံဘဝလေး က ပို ထင်ပေါ်လာတယ် ။ မိတ်ဆက် ချင်လို့ပါ ဆိုတဲ့ စကား က စလိုက်ပြီဆိုရင် နောက်ဆုံး ဘယ်လောက် ပေးရမလဲ ဆိုတဲ့ စကားမှာ အဆုံးသတ်တဲ့ အမြည်းကောင်တွေ ရဲ့ အနံ့ဆိုးတွေ ကြား မှာ မေ မျောပါ မသွားအောင် ကြိုးစားခဲ့တယ် ။
ခု နောင် က သာမန် အမြည်းကောင် လို မဟုတ်ဘဲ ပိတ် ထားတဲ့ မေ့ နှာခေါင်း ပေါ် က လက် ကို လာ ဆွဲဖြုတ် နေသလို ။
“ ကိုယ် မင်းကို ပိုင်ဆိုင်ချင်တယ် ။ ဒီထက် ရှင်းရှင်း ပြောရရင် မေ့ တစ်ဘဝလုံး ကို ကိုယ် တစ်ယောက်တည်း ပိုင်ဆိုင်ချင်တယ် ”
သည်းခံလိုက်စမ်းပါ မေ ။ နင် က သာမန် အမြည်းခံမလေး တစ်ယောက် မဟုတ်ဘူး ။ ဒီလောက် နဲ့လည်း ကိုယ့် ဘဝ ကိုယ် ကျားစာ မကျွေးဘူး ။ မေ က သီချင်း ဆိုရုံက လွဲရင် ကိုယ့် တက်လမ်း ကိုယ် မမြင်တဲ့ ခပ်တုံးတုံးမလေး လို့ ဆိုင်ရှင် က အမြဲဆူတယ် ။ ဟုတ် တယ် ။ မေ ခပ်တုံးတုံး ပဲ ဖြစ်ချင်ပါတယ် ။
မေ သူ့ ကို စေ့စေ့ ကြည့် ပစ်လိုက်ပြီး ..
“ ရှင် ဒီည အတွက် အရမ်း ချင်ခြင်းတက် နေတယ် ဆိုရင် နောက်မှာ ရှိတဲ့ တစ်ယောက်ယောက် ကို ပြော ပေးမယ်လေ ”
ဒီစကား ကြားတော့ နောင် က မေ့ ကို စူးစူးစိုက်စိုက် ပြန်ကြည့်တယ် ။ ပြီးတော့ အဓိပ္ပာယ် ပါတဲ့ မျက်ဝန်း တွေနဲ့ ပြုံးပြီး လက်ညိုးလေး နဲ့ မေ့ နဖူး ကို ပုတ်သွား တယ် ။ မေ့ အတွက် တော့ မေ့ ဆီ ရောက်လာတဲ့ အူကြောင် ကြောင် အမြည်းကောင် တစ်ကောင် အဖြစ် က လွဲရင် ဘာမှ မထူးခြားပါဘူး ။
နောက်နေ့ ... နောက်နေ့တွေ ရဲ့ ညတွေတိုင်း မှာ မေ့ ဆီ ကို ရောက်ရောက်လာခဲ့တာ မေ့ ရဲ့ ပယောဂ မပါဘူး ဆိုတာ မေ ကျိန်တွယ် ပြောပါရဲ့ ။ မနက်ပိုင်းတွေ မှာတောင် မေ့ ရဲ့ အဆောင် ကို ရောက်လာခဲ့တယ် ။ မမဆူး က လက်ခံစကား ပြောပြီး မေ နဲ့ နောင့် ကို ရင်းနှီး စေခဲ့တာ ။
“ ထူးမြတ်နောင် က လူကောင်း တစ်ယောက် မေ ၊ နင် အလုပ် လုပ်နေတဲ့ ဆိုင်က ရှယ်ယာရှင် တစ်ယောက် ပေါ့ ။ နင့် ကို မြင်မြင်ချင်း စိတ်ဝင်စားတဲ့ အချစ်နွံ နစ်နေ သူလေးပေါ့ ။ နင့် ရဲ့ အထိ မခံတဲ့ မာန ကို ချစ်လွန်းလို့တဲ့ ။ နင် စဉ်းစားသင့်တယ် မေ ”
မေ သက်ပြင်းချမိတယ် ။ ဒီလို ဝန်းကျင်မှာ အလုပ် လုပ်နေတဲ့ မိန်းကလေး တစ်ယောက် အတွက် ဒီလို ကိစ္စမျိုးတွေ က မဆန်းဘူး မဟုတ်လား ။ ဒီလိုလူမျိုး တွေရဲ့ တိတ်တိတ်ပုန်း အမြည်းခံ ဘဝ က လွဲရင် ဘာများ များများစားစား ရနိုင်မှာမို့လို့လဲ ။
“ မေ့ ကို တရားဝင် လက်ထပ်နိုင်လို့လား နောင် ”
မေတို့ ချစ်သူ အဖြစ် တွဲလိုက်ကြပြီး သိပ် မကြာခင် မေ မေးလိုက်တာပါ ။ မေ မေးလိုက်တဲ့ အမေးကြောင့် စိတ်ဆိုးစွာ လှည့်ကြည့် လိုက်တာကို သိလိုက်တယ် ။ ဘာလဲ ၊ မေ မေးတာ မှားသတဲ့လား ။
“ ဘယ်လို ပြောလိုက်တာလဲ မေ ။ ကိုယ့် ကိုယ် ကိုယ် ဒီလောက်ပဲ နှိမ့်ချ ထားရသလား ။ ကိုယ် ကရော အဲလို လူ့စည်းကမ်း ပျက်တဲ့ လူ တစ်ယောက် လို့ မေ စွပ်စွဲလိုက်တာလား ”
အော်ကြီးဟစ်ကျယ် ပြောလိုက်တဲ့ နောင့် စကား သံတွေ က မေ့ နှလုံးသား ရဲ့ အနက်ရှိုင်းဆုံး နေရာ ကို စီးဆင်းပျော်ဝင်သွားတယ် ။ မေလေ နောင့် ကို ချစ်လိုက် တာများ ။
“ မေတို့ က အမြည်းခံတွေ ပေါ့ နောင် ”
“ အမြည်းခံတွေ တဲ့လား မေ ၊ ဒါ မေတို့ ဘာသာ မေတို့ ခံယူ ထားကြတာလေ မေ သိရဲ့လား ။ ခံယူချက် ဆိုတာ ခံယူတတ်တဲ့ စိတ် အပေါ်မှာပဲ မူတည်တယ် ။ ဥပမာ .. လူတစ်ယောက် က လူ တစ်ယောက် ကို ဆရာ လို့ ခေါ်လိုက်တာနဲ့ အဲဒီ အခေါ် ခံရတဲ့သူက သူ့ ကိုယ် သူ ဆိုက်ကားဆရာ လို့လည်း ခံယူ နိုင်သလို ကျောင်းဆရာ လို့လည်း ခံယူနိုင်တယ် ။ ဒါ သူ့ စိတ် ပေါ်မှာပဲ ခံယူချက် က ပြောင်းလဲ နေတာပါ ။ မေ အဲလို အခေါ်ခံနေ ရတာကို မကြိုက်ဘဲနဲ့ ဘာလို့ ခဏခဏ သုံးနေရ တာလဲ ။ နောက်ဆို ကိုယ့် ရှေ့မှာ အဲလို မသုံးနဲ့ ။ ကိုယ် မကြိုက်ဘူး သိလား ”
မေ ခေါင်းညိတ်မိတော့ မျက်ရည်တွေ စီးကျ သွားတယ် ။ မေ့ ကို တင်းကျပ်စွာပွေ့ပြီး တိုးတိုးလေး ပြောလိုက်တဲ့ စကား တစ်ခွန်း က ကိုယ့် ကို လက်ထပ် ခွင့်ပေးပါတဲ့ ။ ကျွန်မ လိုချင်တပ်မက်တဲ့ မိသားစုလေး တစ်ခု ရတော့မယ် ဆိုတော့ နောင့် လက်ကို အားကိုး တကြီး နမ်းရှုပ်မိသေးတယ် ။
ဘဝ မှာ ပထမဆုံးအကြိမ် နဲ့ နောက်ဆုံးအကြိမ် သူစိမ်းယောက်ျား တစ်ယောက် ကို အားကိုးတကြီး ယုံကြည်မိခြင်း ဖြစ်မှာပါ ။
မုန်တိုင်း မလာခင် လေပြည်လေးတွေ နော့ နေတဲ့ မေတို့ ချစ်သူဘဝလေး ကို မေ ဘယ်လို နည်းနဲ့ မှ အဆုံးရှုံး မခံချင်ပါဘူး ။
“ သူ ကောင် မှာသာ ဘာမှ မရှိရင် အဲဒီ ညှို့ရှင်းမေ လား အကပ်ခံမှာ ၊ သူ ငြင်းခဲ့တာတွေ က အဲလို ကောင် ကို ဖမ်းဖို့ စောင့်နေတာ မဟုတ်လား ”
ဆိုတဲ့ အမြည်းခံမလေး တွေရဲ့ တွတ်ထိုးသဝန်တိုမှု တွေ ကို မေ ကိုယ်ချင်းစာပါရဲ့ သူတို့လေးတွေ လည်း မိန်းမ တစ်ယောက် ကို တန်ဖိုးထား တတ်တဲ့ သူဌေးသား တစ်ယောက် ကို ပိုင်ဆိုင်ချင်ကြမှာပါ ။
ဒါပေမဲ့ မေ ပိုင်ဆိုင်ချင်တာ က မိန်းမ တစ်ယောက် ကို တန်ဖိုးထားတဲ့ ချစ်သူ တစ်ယောက် လိုပါပဲ ။ ချမ်းသာ တဲ့ သူဌေးသား မဟုတ်လည်း ရပါတယ် ။
နောင် က လည်း မေ့ ကို မီးရောင် အောက် က ဘဝ ထက် ထမင်းဆိုင် အကူကလေး ကို ဆို ပို ချစ်မိမယ် ဆိုပြီး ပြောတတ်သေးတယ် ။
ဒါ မေ့ ကို သွယ်ဝိုက်တဲ့ နည်းနဲ့ မီးရောင် အောက်က ထွက်စေချင်မှန်း သိပါရဲ့ ။ ကျောင်းပညာ ၁၀ တန်း အထိ သာ တတ်တဲ့ မေ့ ကို ဘယ် ကုမ္ပဏီ က အလုပ်ခန့် မလဲ ။ လစာ ကောင်းတဲ့ အလုပ် မရဘူး ဆိုရင် မေ့ ကို စောင့်မျှော် နေကြတဲ့ မျက်နှာလေးတွေ ကို မေ ဘယ်လို ကြည့်ခွင့် ရှိပါတော့မလဲ ။ ဒါပေမဲ့လည်း မေ တို့ လက်ထပ် ပြီး ရင် ဆိုပြီး တွေးရင်း အိပ်ပျော် ခဲ့တာလည်း အကြိမ်ကြိမ်ပါပဲ ။
အိမ်ရှေ့ က ခေါ်သံကြောင့် ထွက်လာတဲ့ မေ့ ကို မြင်မြင်ချင်း ပိုက်ဆံ တစ်အုပ် နဲ့ ပစ်ပေါက် လာတာ ကို ခံလိုက်ရတယ် ။
“ နင့်လို … မ ကို ဘယ်နှစ်ညစာ ပေးရင် ငါ့ သား နဲ့ အဆက်ဖြတ်မလဲ ”
မေ လေ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျသွား တယ် ။ နောင် ရဲ့ မိဘဆွေမျိုးတွေ က မေ့ကို နိုင်ထက် စီးနင်း စွပ်စွဲပြောဆို နေလိုက်ကြတာ ။ အသိဉာဏ် တွေ က မီးပျက် သွားသလို မှောင်ကျ သွားလည်း ရှင်းပြ ပြောဆို ဖြေသိမ့်ခွင့် မေ့ မှာမှ မရှိဘဲ ။
“ ငါတို့ က ဆင်းရဲချမ်းသာ ဂရုစိုက်ဘူး ။ အဓိက အကျင့်စာရိတ္တ ၊ နင်တို့ လို ဟာကို ဒါတွေ ပြောနေလည်း နားလည်မှာ မဟုတ်ဘူး ”
နားလည်မှာ မဟုတ်ရအောင် မေ့ ကို တိရစ္ဆာန်လို့ ပြောလိုက်တာများလား ။ လောကဓံ ဆိုတာ ဒါများလား ။ ရိုင်းရိုင်း ပြောရကြေးဆို စားသောက်ဆိုင်ပိုင်ရှင် တွေ က အမြည်းခံတွေ ကြောင့် ပိုခမ်းနားနေကြတာ မဟုတ်လား ။ ဒါနဲ့များ မေ တို့ က သူတို့ အတွက် တိရစ္ဆာန် လောက် တောင် အဖိုးမတန်တဲ့ အမြည်းခံတွေ တဲ့လား ။ မေတို့ လို အမြည်းခံတွေ မှာရော ဂုဏ်သိက္ခာတွေ ၊ နှလုံးသားတွေ မရှိရတော့ဘူးလား ။ အမြည်းခံ တွေ ရဲ့ဘဝ က အမြည်း လိုက်ရုံ က လွဲပြီး ဘာမှ တောင်းဆိုခွင့် မရှိရတော့ဘူးလား ။ အမြည်းခံ နေရတဲ့ ဘဝ မှာ ပဲ ကျေနပ်ပျော်ရွှင်နေရ မတဲ့လား ။
ဒီ နာကြည်းမှုတွေ က နောင့် ရင်ခွင် ထဲ ဝင်ပြီး ငိုရှိုက်ပေါက်ကွဲလိုက်ချင်ပေမယ့် ကိုယ့် ချစ်သူ ရွေးချယ် ရ ခက် နေတဲ့ လမ်းပေါ်ကို မီးလောင် ရာ လေ မပင့်ချင်ပါ ဘူး ။ ဒါပေမဲ့ နောင် က မေ့ ဒဏ်ရာတွေ ကို စာနာစွာပဲ ဆွံ့ အ နေတဲ့ မေ့ ကို လက်ထပ်တော့မယ်တဲ့ ။ မေ လေ နောင့် ကို ဘယ်လောက်အထိ ချစ်မိသွားလဲ မသိပါဘူး ။
မေ လေ ကိုယ် ချစ်တဲ့ လူ တစ်ယောက် ကို ပိုင်ဆိုင် ချင်တာကလွဲရင် ဘာမှ မတပ်မက်ခဲ့ရိုးပါ ။ ဘုရား ပဲ သိပါလိမ့်မယ် ။ မေ တို့ရဲ့ မခမ်းနား မကြီးကျယ်တဲ့ လက်မှတ်ထိုးပွဲလေး ဟာ မြို့နယ်ရုံး တစ်ရုံးမှာ တိတ်တဆိတ် ပြီးဆုံး သွားပေမယ့် နောင် က မေ့ ဘဝထဲ ခုန်ဆင်း လာခဲ့တာလောက် ခမ်းနားကြီးကျယ်တာ ဘာရှိ ဦးမလဲ ။
သတင်းစာ ကြည့်ပြီး တုန်လှုပ်ချောက်ချား နေတဲ့ နောင် က တိတ်ဆိတ်စွာ မေ့ အနား မှာ လာထိုင်တယ် ။ မင်္ဂလာလက်ထပ်ပွဲ ကို အသိအမှတ် မပြုပါကြောင်းတဲ့ ။ အဲဒီ နောက်မှာ ထူးမြတ်နောင် အမြန် ပြန်လာရန် နဲ့ ဖြားယောင်းသွေးဆောင်ထားသူများ ကို ဥပဒေအရ အရေးယူမည်တဲ့ ။
နောင် က စကား သိပ် မပြောတော့ ။ နောင် ရှက် ကြောက်ဝမ်းနည်း နေမှာပေါ့ ။ မေ့ မှာ ဆုံးရှုံးစရာ နောင် က လွဲရင် ဘာမှ မရှိတော့ပေမယ့် မေ့ မှာ ပိုင်ဆိုင်တာ မေ့ မျက်ရည်တွေ ရှိပါသေးတယ် ။ ဒီ မျက်ရည်တွေ ကို အလွယ်တကူ ခြွေချပစ်ဖို့ တစ်ခုခု တန်ရာတန်ကြေး တော့ ပြန်ရသင့်တယ် မဟုတ်လား ။
မေ တို့ ကြင်စဦးဘဝ တစ်လ ပြည့် မှာ နောင် က ယောင်လည်လည် နဲ့ ဘာနဲ့ မလုပ်တတ် ၊ မကိုင်တတ် ။ စိတ်ဓာတ် ကျနေတဲ့ ယောက်ျား တစ်ယောက် ။ မေ ချစ်တဲ့ ယောက်ျား တစ်ယောက် အတွက် မေ တစ်ခုခုကို ဆုံးဖြတ် ရတော့မယ် ထင်ပါရဲ့ ။ မေ က ငြိမ်းချမ်းပျော်ရွှင်တဲ့ မိသားစု တစ်ခုပဲ လိုချင်တာပါ ။ ခု မေ က ရှိတဲ့ ပိုက်ဆံနဲ့ ဆိုင်ကလေး တစ်ဆိုင် ဖွင့် မလို့ လုပ်နေတုန်း ။ ဒါပေမဲ့ …
“ မေ ၊ ကိုယ် အိမ် ကို ခဏ ပြန်ရမလား ”
ရုတ်တရက် ပြောလာတဲ့ စကား ကြောင့် မေ အံ့သြစွာ နောင့် ကို ကြည့်မိတယ် ။ နောက်ဆုံး တော့ လည်း နောင် ကိုယ့် အိမ်ကိုယ် ပြန်ချင်ပြီပေါ့ ။ အဖြည့်ခံ ဘဝတွေ ဟာလည်း သွေး နဲ့ ကိုယ် သား နဲ့ ကိုယ် တည် ဆောက် ထားတာပါ ။ လူ ဆိုတာ ကိုယ့် ပျော်ရွှင်မှု တစ်ခု အတွင်း သူတစ်ပါး အနာဂတ်ကို မနင်းချေစကောင်း ပါဘူး ။ ကိုယ့် အတ္တ တစ်ခုတည်း အတွက် သူတစ်ပါး အဆင်မပြေမှုကို မတောင့်တစကောင်းပါဘူး ။ မေ နောင့် ကို ခွင့်ပြုသင့်ပါတယ် ။ ပြန်လာတာ ၊ ပြန်မလာတာ က နောင် ပြောခဲ့တဲ့ လူ့စည်းကမ်း စောင့်စည်းခြင်းနဲ့ သက် ဆိုင်ပါလိမ့်မယ် ။
ဟုတ်တယ်လေ ။ မမဆူး က ပြောတယ် မဟုတ်လား ။ လူတစ်ယောက် ဘယ်က လာလဲ ဆိုတာ အရေး မကြီးဘူး ။ ဘယ် သွားမလဲ ဆိုတာပဲ အရေးကြီးတယ် ဆိုတာ ။ ခုလည်း နောင် လာခဲ့တဲ့ ဘဝလမ်း က သူ့ တစ်သက်တာလုံး ချောမွေ့ ဖြောင့်တန်းလာခဲ့ပြီးမှ မေ နဲ့ တွေ့ မှ ခက်ခဲကြမ်းတမ်း သွားရတော့မှာ မဟုတ်လား ။ နောင့်လို ဟိုး ... အမြင့် က လာခဲ့တဲ့ လူ တစ်ယောက် အတွက် အောက်ဆုံးမှာ ရှင်သန်ဖို့ အချစ် က အကောင်းဆုံး အထောက်အကူ မဟုတ်ဘူး ဆိုတာ ခု သူ ကိုယ်တိုင် သိနှင့်နေပြီလား ။
“ ကိုယ် ပြန်လာမှာပါ မေ ” တဲ့ ။ မေ့ မှာ တားပိုင်ခွင့် အပြည့်အဝ ရှိပေမယ့် ငြင်းပိုင်ခွင့်တော့ မရှိဘူး မဟုတ် လား ။ ယောက်ျားလေး တစ်ယောက် ကို ဆွဲဆောင်ထားဖို့ မိန်းမ တစ်ယောက် ဆီမှာ အချစ်မေတ္တာတရား သစ္စာတရား က လွဲရင် ဘာတွေများ ရှိဦးမလဲ ။ မေ အမှန် တကယ် လိုချင်တာက ကြောက်လန့်သိမ်ငယ် နေတဲ့ အိမ်ထောင်ရေးမျိုး မှ မဟုတ်ဘဲ ။ ပျော်ရွှင်ချမ်းမြေ့ တဲ့ အိမ် ထောင်ရေးမျိုးပါ ။
ဒီလိုနဲ့ပဲ မေ အရင် နေရာကိုပဲ ပြန် ရောက်လာခဲ့ပါ တယ် ။ လူသိရှင်ကြား ကျကွဲခဲ့တဲ့ လူ တစ်ယောက် ရဲ့ သိက္ခာတရား က လူကုံထံတွေ ရဲ့ အမြည်းဝိုင်း မှာ ပြက်လုံး တစ်ခု လို ဟာသမြောက် နေခဲ့တယ် ။ ဒီ အမြည်းခံမလေး ရဲ့ ရင်ကွဲသံ က ဘယ်လောက် ချိုမြိန်လဲဆိုတာ … လူတွေ သိအောင် မေ ရောင်စုံမီးရောင် အောက်မှာ ရပ်ပြီး သီကြွေး နေဆဲပါ ။
အမြည်းခံမလေးတွေ နဲ့ နောင့် ရဲ့အသိုင်းအဝိုင်း က မေ့ ကို ပြောကြပါတယ် ။ ဘာမှ မရှိတော့တဲ့ အခွံကို မေ က ပြန် လွှတ်လိုက်တာတဲ့ ။ ဒီလို အရှက်ကွဲမှုမျိုး ကို လူသိ ရှင်ကြား ရှင်းပြစရာမှ ဟုတ်ရဲ့လား ။
ဘယ်လောက်အထိ ဆုံးရှုံး သွားပါစေ ။ မေ့ ဆီ မှာ နောင် လက်မှတ် ထိုးထားတဲ့ လက်ထပ်စာချုပ်လေး ကို ပိုင်ဆိုင် ထားတဲ့ အချိန်မှာ မေ့ အတွက် ပြည့်စုံလွန်းတဲ့ အိပ်မက် ဖြစ်နေတုန်း ။ ဒီ စာချုပ်လေး ဟာ တစ်နေ့ မှာ လူကုံထံတွေ ထိတ်လန့် နေရလောက်တဲ့ ဝှက်ဖဲ တစ်ချပ် ဖြစ်နေမလား တောင် မသိပါဘူး ။ သေချာတာ တစ်ခုက တစ်ချိန်ချိန် နောင် လက်ထပ်မယ့် အမျိုးသမီး အတွက် ဒုတိယ နေရာ ကို ညွှန်ပြ ပေးနိုင်မယ့် ဒီဝှက်ဖဲ ကို နာကြည်း မှုတွေနဲ့ ကလဲ့စား ချေဖို့ ဆုပ်ကိုင် ထားတာမျိုး မဟုတ်ဘူး ဆိုတာပါပဲ ။
ဒီ စာချုပ် ပေါ် က လက်မှတ်လေး က ညှို့ရှင်းမေ ဆိုတဲ့ မိန်းမ တစ်ယောက် ဟာ သူ ချစ်တဲ့ ယောက်ျား တစ်ယောက် အတွက် အမြည်းခံ ဖြစ်ခဲ့ပြီး ဘယ်တော့မှ နောက်ထပ် ဘယ်သူ့ ရဲ့ အမြည်းခံ ထပ် မဖြစ်ဖို့ သတိ ပေးနေတဲ့ လက်မှတ်လေး အဖြစ် နောင့် ကို ကျေးဇူး တင်ရင်း .. ။
⎕ ပပသင်းစည်
📖 ပေဖူးလွှာ မဂ္ဂဇင်း
၂၀၁၃ ၊ ဖေဖော်ဝါရီလ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment