❝ ပါပဂြိုဟ် ❞
ကွပ်ပျစ် ပေါ် သို့ ဝုန်းခနဲ ပစ်ချလိုက် သော အိပ်ရာလိပ် ပွရောင်းရောင်း ကြီး၏ အသံကို မလန့် ။ သူ့ ဘေး တွင် တင်ပါးလွှဲ ဝင် ထိုင်ရင်း နှင့် အရင်း မရှိ ၊ အဖျား မရှိ ပြော လိုက်သော ဘကြီး စိန် ၏ စကား ကို တော့ ထိတ်လန့် တုန်လှုပ် သွားမိတာ အမှန်ပင် ။
“ ဟေ့ကောင် ငထွန်း ၊ အိမ်ထောင်မှု ဘုရားတည် ၊ ဆေးမင်ရည် စုတ်ထိုး ၊ ဤသုံးခု ချက်မပိုင်လျှင် ၊ နောင်ပြင်နိုင် ခက်သည့် အမျိုး ဆိုတဲ့ စကား ကို တော့ မင်း ကြားဖူးမှာ ပါ့ နော် ”
“ မြတ်စွာဘုရား ”
နှုတ် မှ ထွက် မလာပါ ။ သို့သော် စိတ် ထဲ တွင် တော့ ဘုရား ကို ကျိတ် ၍ တ မိ၏ ။
ဘကြီးစိန် သည် ခင်လေး ကို သူ လက်ထပ်ခဲ့ခြင်း နှင့် ပတ်သက်၍ လုံးဝ ကျေနပ်ခဲ့ သူ မဟုတ် ။ အသက် ၃၅ နှစ် လောက် အထိ အနေကြီး နေ လာပြီး ခါ မှ အိမ်ထောင် ပြုရန်ကောလား ဟု လည်း အကြောင်း အခွင့် တိုက်ဆိုင် တိုင်း မြည်တွန် တောက်တီးလေ့ ရှိသူ ဖြစ်၏ ။ “ မိုက်လွန်းလို့ ... နှမြောလှသ ကွာ ” ဟု လည်း ညည်းတွားသံ အပြည့် နှင့် မျက်နှာ ရှုံ့မဲ့သွားတတ်သူ လည်း ဖြစ် ပေသည် ။
ခင်လေး က လည်း ခင်လေးပါပဲလေ ။
သူ့ ထက် ၅ နှစ် သာ ငယ်သည် ။ အသက် သုံးဆယ်စွန်း စ ဖြစ် သော်လည်း အသက်ကြီး ပေ မဲ့ အသိဉာဏ် မကြွယ် ။
ပွဲလမ်းသဘင် ရုပ်ရှင် အပျော်အပါး ဆိုလျှင် လည်း အဖော် ကောင်း လျှင် ငရဲပြည် တစ်ခေါက် ဆိုသည့် မိန်းမစားမျိုး ၊ လခ ထုတ် ရက် များ ၌ ဆိုလျှင် တရုတ်တန်းဈေး ( သို့မဟုတ် ) ဈေးချိုတော် အထည်ဆိုင်များ ရှေ့ သို့ တစ်ခေါက်တလေ လောက် သဝေမထိုး လိုက် ရလျှင် ၊ တီရှပ်ကလေး လောက် ၊ စီဝိုင်စီအစကလေး လောက် မှ မဝယ်လိုက်ရ လျှင် ခေါင်း ကိုက်တာ လိုလို ၊ ဖင် နာတာ လိုလိုနှင့် အိပ်ရာ ထဲ မှာ တခွေခွေ ။
အိမ်ထောင်မှု ကျ တော့ လည်း ဘာမျှ မထိန်းသိမ်း တတ် ။ မီးဖိုချောင် မှာ မီးခိုး အူခြင်း ထက် သူ သာ ထမင်းဆိုင်သို့ ဆင့်ချိုင့်ကလေး ဆွဲ ကာ ပြေးရသည့် ရက် က ပို များ သည် ။
အိမ်ဝိုင်း ထဲ က ကြိုးတန်းတွေ မှာ လျှော်ပြီး ဖွပ်ပြီး သား ရေစို အဝတ်တွေ ကို မြင်ရမည် ထက် ဒိုဘီကု,လား အဝင်အထွက်များ တာ ကို သာ အတွေ့ရ ပို တတ် သည် ။
သည်တော့ ဘကြီးစိန် မကြိုက်တာ ဘာ ဆန်းသလဲ ။
ဪ တကယ်တော့ အကြီးစိန် သာ မကပါဘူးလေ ။ အဖေ တို့ ၊ အမေ တို့ ၊ ကြီးဒေါ် တို့ ၊ အစ်မ တို့ က လည်း ဘယ် နှစ်မြို့ကြမှာ လဲ ။ မပြောချင်ကြ လို့ နဲ့ ၊ မပြောကောင်းကြလို့ ရှိမှာ ပေါ့ ။
ခုလည်း ဘကြီးစိန် က အားမနာ တတ်သူ ပီပီ အပြစ် တင်ဦးမည် ထင်သည် ။ ဒုက္ခပါ ပဲ ။
စင်စစ် ဘကြီးစိန် အိမ် မှ ထွက်ခွာသွားတာ ဆယ်ရက် ကျော် ခဲ့ပြီ ။ မီးသွေးဖုတ်သမားတွေ နှင့် တော ထဲ သို့ လိုက် သွားတာ ကြာ ခဲ့ပြီ ။ ခုမှ ပြန် ရောက် လာခြင်း ဖြစ်၏ ။
ဘကြီးစိန် ခရီး တစ်ခေါက် ထွက် လျှင် အနည်းဆုံး ရက်သတ္တပတ် တစ်ပတ် ။ တစ်ခါတစ်ရံ ဆို တစ်လ ကိုးသီတင်း ။
မီးသွေးသမား တွေ နောက် လိုက် တာ ဟု သာ အကြမ်းဖျင်း သိရသည် ။ ဘယ် တော ဘယ် တောင် ဘယ်မြိုင်ချောင် သို့ သွားတာ ဆိုတာ ကို တော့ တပ်အပ် မပြောနိုင် ။ ဘကြီးစိန် က မြောက် ဆိုပြီး တောင် ရောက်ချင် ရောက် သွား တတ်သည် ။ အရှေ့တော ဆိုပြီး အနောက် တော သို့ ရောက်ချင် ရောက်သွား တတ်သည် ။ အနှီ ဘိုးတော် ၏ မီးသွေး ကုန်သည် ဘဝ ဆိုတာကြီး က လည်း လွယ်တော့ မလွယ် ။
ခုလည်း ဘယ်လောက် ပင်ပန်း နွမ်းနယ် လာခဲ့လေသည် မသိ ။ ပေါင်း ထား သော အဆင်အသွေး မပီ တဘက် ညစ်ထပ်ထပ် နှင့် မျက်နှာပြင် တစ်ခုလုံး ရှိ ချွေးတွေ ကို သုတ် နေ၏ ။ ပြီးလျှင် သူ့ ကို လည်း ဘာတွေ စကားနာ ထိုးလေဦး မည် မသိ ။ ခင်လေး နှင့် ပတ်သက်၍ ရင်တွေ တလှပ်လှပ် ခုန် လာတာ က တော့ သေချာ နေပြီ ။
“ ငါ ရောက်ခဲ့တဲ့ မနောမယ ဆိုတဲ့ ရွာ မှာ တော့ အထူးအဆန်း တွေ့ခဲ့ရတာ တော့ အမှန်ပဲ ငထွန်း ”
ဘကြီးစိန် ကား လှတောသား သာ မဟုတ်သည် ။ ဥပမာ ဥပမေယျတွေ နှင့် စကား ပြော အလွန် ကောင်းသူ ဖြစ်၏ ။ ခုလည်း မနောမယ ဆိုသည့် ရွာ မှာ တွေ့ခဲ့ရတဲ့ အဖြစ်အပျက် တစ်ခု ခုကို သာဓက ဆောင် ကာ သူ့ အိမ်ထောင်ရေး ကို ဝေဖန်လေ ဦးမည်လား ။
ရင်တုန်မှုသည် စံချိန် လျော့ကျ ၍ မသွား ။ သူ တော့ ပိဿာလေး နှင့် နံဘေး အထု ခံရဦးတော့မည် မှာ သေချာနေ လောက် ပေပြီ ။
“ ရွာကလေး က ငယ် သာ ငယ်တယ် ။ အတော် ဘာသာရေး ကိုင်းရှိုင်း တဲ့ ရွာ ကွ ။ ချောင်နီး မြောင်နီး မို့ သီးထပ် သီးညှပ် စိုက်ပျိုးလို့ ရတဲ့ အတွက် လည်း စီးပွားရေး ဆူဖြိုး ကြတယ် ”
ခုထက်ထိ တော့ သူ့ ဘက် ကို အဆိပ် လူး သည့် မြားဦး လှည့် မလာသေး ။ သို့သော် အသက်ရှူ မှားဆဲ နှင့် ပင် ဘကြီးစိန် ၏ စကားသံ ကို ဆက်လက် နားစွင့် နေ မိ၏ ။
“ ရွာဦး မှာ ဉာဏ်တော် ၄၅ တောင် အမြင့် ရှိ တဲ့ စေတီ တစ်ဆူ တည် သတဲ့ ကွာ ”
“ တစ်ဦးတည်း ဒကာ လား ဘကြီး ”
“ မဟုတ်ဘူး အများ ကုသိုလ် ”
ဘကြီးစိန် က လက်ဖျံရင်း မှ စီးကျ လာသော ချွေးတွေ ကို သုတ် နေ ပြန်၏ ။ နေရိပ် ထဲ မှာ အချိန် များစွာ ထိုင် ကာ စည်းစိမ် ရှိရှိ စာ ဖတ် နေခဲ့သော သူ ပင် လျှင်ချွေးတွေ ပြန်ချင်စိတ် ပေါက်လာ၏ ။ ဘကြီးစိန် လို ခရီးပန်း ခဲ့ လို့ တော့ မဟုတ် ။ မလုံသော လိပ်ပြာ က အရှိန်ပြင်းစွာ တောင်ပံ ရိုက်ခတ် နေ လို့ ပဲ ဖြစ်သည် ။
“ ရွာသားတွေ က ငွေကုသိုလ် တင် မက ဘူး ။ လုပ်အား ကုသိုလ် လည်း ပါ အောင် ဆိုပြီး အုတ် ၊ ထုံး ၊ သဲ သယ်တာ ၊ အင်္ဂတေ ဖျော်တာ ၊ အုတ် စီတာ က အစ ဝိုင်း လုပ်ကြမယ်ပေါ့ ကွာ ။ ဒါပေမဲ့ ပန်းရန်ပညာလေး မတောက်တခေါက် တတ် တဲ့ ရွာသား တစ်ယောက် က ခင်ဗျားတို့ အလုပ်အကိုင် ပျက်ကြပါလိမ့်မယ်ဗျာ ။ ကျုပ် နဲ့ ကျုပ် လက်သား တွေ ပဲ အပြီးအစီး တာဝန် ယူပါ့မယ် ။ ကိုယ့် လုပ်ငန်း ကိုယ် အေးအေးဆေးဆေး ပဲ လုပ်နေကြပါ ဆိုပြီး ဇွတ်အတင်း ဝင် တာဝန် ယူ ပစ် လိုက် သတဲ့ ”
“ သာဓု ဗျာ ... သာဓု ... သာဓု ”
“ မင့်အမေကလွှား သာဓုပါ့ လား ။ စကားဖြင့် ဆုံးအောင် နားမထောင် သေးဘူး ”
ဘကြီးစိန် က ခူကောင် လို ထူထဲ သော မျက်ခုံးမွေးကြီးတွေ ကို ပင့် ကြည့် ရင်း ငေါက်၏ ။ သို့သော် မကြောက်မိပါ ။ ခုချိန်အထိ သူ စိုးရိမ်ထားသည့် အကြောင်းအရာ မှာ အစအနလောက် မျှ ပါ မလာ သဖြင့် အသက်ရှူ မှန်စ ပင် ပြုလာပါပြီ ။ ရင်ခုန်နှုန်း လည်း ကျဆင်းစ ပြုနေပါပြီ ။
“ ရွာသားတွေ က လည်း ကောင်း ရင် ပြီးတာပါပဲ ဆိုပြီး လိုက်လျောလိုက်ကြ သတဲ့ ။ မြို့တက် ပြီး အုတ် ဝယ် လည်း သူ ၊ ထုံး ဝယ် လည်း သူ ၊ သဲ ဝယ် လည်း သူ ၊ ကား ငှား လည်း သူ ။ သူ ပြ တဲ့ စာရင်း အတိုင်း လည်း ခေါင်းညိတ်ကြ သတဲ့ ”
မတောက်တခေါက် ဆိုသော ပန်းရန်ဆရာ ၏ သဘောမနော ကို တော့ မဝေဖန် တတ် ။ ပြသမျှ စာရင်း ကို အစစ်အဆေး မရှိ လက်ခံ တတ် ကြသော ရွာသူ ရွာသား တို့ ၏ ဖြူစင် ရိုးသားမှု ကို တော့ သူ တကယ်ပဲ လေးစားမိသည် ။
“ စေတီ ဉာဏ်တော် မမြင့်ခင် ရက် တွေ မှာ တော့ အုတ်ခုံ ပေါ် ကို သူ တက် ကြည့်ကြ ၊ ကိုယ် တက်ကြည့်ကြ ပေါ့ ကွာ ။ ဉာဏ်တော် လည်း မြင့်လို့ အဖျား လည်း သွယ် လာရော ၊ ငြမ်းစင် ပေါ် ဘယ်သူ့ ကို မှ တက် ကြည့်ခွင့် မပေး တော့ဘူး ။ ဒီလိုနဲ့ ထီးတိုင် စိုက် ရမယ့် နေရာ ကို ရောက် က ရော ဆိုပါတော့ ”
ထိုနေရာ သို့ ရောက်သည် အထိ ရက် ပေါင်း မည်မျှ ကြာသလဲ ဟု မစပ်စု မိ တော့ပါ ။ အနည်းဆုံး လ နှင့် ချီပေလိမ့်မည် ဟု သာ သူ ခန့်မှန်းလိုက် မိ၏ ။
“ ထီးတိုင် စိုက် ဖို့ က သံပိုက်လုံး ခပ်ကောင်းကောင်း ခံရတာ ဆိုပဲကွ ။ ပြီးမှ မမြင် ရ အောင် အဲဒီ သံပိုက်လုံး ကို အင်္ဂတေ နဲ့ မံရတာ တဲ့ ၊ အဲ ကိုရွှေပန်းရန်ဆရာ က ဘာ လုပ်တယ် ထင်သလဲ ။ သံပိုက်လုံးဖိုး ကို ဘုံး ပစ် လိုက်ပြီး ဝါးပိုး နဲ့ အင်္ဂတေ ခံ လိုက်သတဲ့ ၊ အဲဒါ ကို လည်း ဘယ်သူမှ မရိပ်မိ လိုက်ကြဘူး ။ ကောင်း ရင် ပြီးတာပဲ ဆိုတဲ့ ရွာသားတွေ ကိုး ကွ ”
ထို သူ ၏ ရုပ်လုံး ယုတ်ညံ့စွာ ဖောင်းကြွ လာပုံ ကို ယခု မှ ပဲ သဘော ပေါက် ရတော့သည် ။ ကိုယ် ခေါ် မိသော သာဓု ကို ကိုယ် ပြန် ၍ နှမြော တွန့်တို သွား မိသည် ။
“ ထီးတင်ပွဲ ဆို တာ လည်း ခြိမ့်ခြိမ့်သဲ ဆို ပဲ ကွာ ။ မြို့ က အငြိမ့်တွေ ၊ ဆိုင်းတွေ တောင် ငှား ပြီး အကြီးအကျယ် လုပ် ပစ်လိုက်ကြသေး သတဲ့ ”
ဘကြီးစိန် သည် အရိုးခံ မနောမယ ရွာသား တို့ ကို သဘောအ ကျကြီး ကျ လျက် တဟဲဟဲ ရယ်ရင်း ထ သွား၏ ။ ရေအိုးစင် မှာ ရေ ခပ်ပြီး သောက်သည် မှ သုံးခွက်ဆင့် အပြည့်အလျှံ ။
ပြီးတော့မှ ခပ်သွက်သွက် ပြန် လျှောက် လာသည် ။ ခုမှ သူ့ အိမ်ထောင်ရေး ဘက် သို့ ဦးလှည့်တော့မည် ထင်၏ ။
“ မင်း .. အိမ်ထောင်ရေး က ဝါးပိုး နဲ့ စိုက် ထားတဲ့ ဟာ မျိုးကြီး ” လို့ များ ပြော ချလိုက်တော့ မှာ လား ။
သူ ပင် ဘကြီးစိန် ကဲ့ သို့ ရေတွေ ကို ခွက်ဆင့် သောက်ချင် မိ တော့၏ ။ ရင် ထဲ မှာ ပွက်ပွက် ဆူအောင် ပူ လာသည် ။ နင့် ကြောင့် ဒုက္ခပါလား ခင်လေး ရယ် ။
“ စေတီ ပြီးတာ က ဆောင်းတွင်း ပြာသိုလ ဆိုတော့ ဘာ ပြဿနာ ပေါ် မှာ တုန်း ။ အဲ မိုးဦး လေဦး တန်ခူး လည်း ရောက် ကရော လေပြင်း တစ်ချက် ဝှေ့ လိုက်တာ နဲ့ တစ်ပြိုင်နက် ထီးတိုင် က ယိုင်ပြီး ဝါးပိုး အစွပ် ကို ကန့်လန့် ခွဲ ချ လိုက် တာ ထီးတော် လည်း မြေ ခ ၊ အင်္ဂတေတွေ လည်း အကုန် ပဲ့ ၊ စေတီတော် လည်း တကယ့် ရုပ်ပျက်ဆင်းပျက် ဖြစ် သွားရော ”
အာမေဍိတ်သံ တစ်စုံတစ်ခု မျှ ထွက် မလာ သော် လည်း သူ့ မျက်လုံးများ ပြူးကျယ် သွားတာ က တော့ သေချာ၏ ။
“ ရွာသားတွေ က အဲဒီ လူ ကို ဒေါသ မဖြစ်ကြဘူးလား ”
“ ကြာကြာ ဒေါသ မဖြစ်လိုက်ရပါဘူး တဲ့ ကွာ ။ ပြီးခဲ့တဲ့ လ ထဲ က ပဲ မြို့ ဆေးရုံ မှာ လည်ပင်းကင်ဆာ နဲ့ လည်ချောင်း အဖောက် ခံ ရပြီး သေသွား သတဲ့ ”
သူ့ တစ်ကိုယ်လုံး ၌ ကြက်သီးမွေးညင်းများ တဖြန်းဖြန်း ထ သွား၏ ။ခေါင်းနားပန်း လည်း ကြီး သွား၏ ။
“ ကောင်းရင် ပြီးတာပဲ ”
“ စေတီတော် လည်း တကယ့် ရုပ်ပျက် ဆင်းပျက် ”
“ လည်ချောင်း အဖောက် ခံရပြီး သေသွားသတဲ့ ” ဆိုသည့် စကားလုံး တွေ က နားစည်မြေး နှစ်လွှာ ကွဲထွက် သွား လောက်အောင် အထပ်ထပ် ရိုက်ခတ် လျက် ရှိ၏ ။
အိပ်ရာလိပ် ကို ထမ်း ကာ ဘကြီးစိန် အပေါ်ထပ် သို့ တက် သွားသည် ။ သူ အထီးတည်း ကျန်ရစ်ခဲ့၏ ။အတွေးတွေ ကို အဖော် အဖြစ် ထားရစ်ခဲ့၏ ။
သူ့ အိမ်ထောင်ရေး အကြောင်း တစ်စွန်းတစ်စ မျှ မပါသော ကြောင့် ဝမ်းသာ လို့ ပေ ပဲလား ။
ဘာပဲဖြစ်ဖြစ် ကျေနပ် အားရစွာ ပြုံး နေမိသည် က တော့ အတန် ကြာ အောင် ပင် ။
◾ဝင်းစည်သူ
📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
အမှတ် ၃၄
သြဂုတ်လ ၊ ၁၉၉၂ ခုနှစ်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment