❝ သွေးသုံးစက် ❞
⎯⎯⎯⎯⎯⎯
မန်းခိုင်
⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺
ရှေးရှေးတုန်း က ရွာ တစ်ရွာ မှာ ဖိုးတုတ် ဆိုတဲ့ လူဆင်းရဲ တစ်ယောက် ရှိ သတဲ့ ။ ကိုဖိုးတုတ် ဟာ နေပူ မရှောင် မိုးရွာ မရှောင် နေ့နေ့ညဉ့်ညဉ့် အချိန် အကန့်အသတ် မရှိ အလုပ် လုပ် စား ရှာတယ် ။ ဒီလို လုပ်ကိုင် တာ လည်း သူ့ မှာ ဘယ်သူ နဲ့ မှ နှိုင်းယှဉ် မရလောက် အောင် ချောမွေ့ လှပ တဲ့ ဇနီး တစ်ယောက် ရှိလို့ တဲ့ ။ သူ့ ဇနီး မယ်ရူပ ဟာ အလွန် လှတယ် ။ လှ သလောက် လောဘ ရမ္မက် ကြီးလှတယ် ။ သူ ဘယ်လောက် ပဲ လုပ်လုပ် ပစ္စည်း ရှာရှာ ရသမျှ နဲ့ တင်းတိမ်တယ် လို့ မရှိဘူး ။ ဖိုးတုတ် ခမျာ မှာ လည်း ဆင်းရဲသား ဓားမခါးချ လုပ်ရတဲ့ လူ ဆိုတော့ ဘယ်မှာ ဖောဖော သီသီ ရှာဖွေလို့ ရပါ့မလဲ ။ သူ့ ဇနီး ဟာ သူ ရှာဖွေ လုပ်ကျွေး သမျှ နဲ့ မတင်းတိမ်မှန်း သိလို့ လည်း သူ ဟာ ဘယ်သူ မှ လိုက် မမီအောင် အလုပ် လုပ် ရှာတယ် ။ သူ့ ဇနီး ကို လည်း အလွန် ချစ်တော့ အားမလျှော့ ဘဲ မာန်ဝင့်ပြီး တစ်နေ့ တော့ သူ့ ဇနီးချော သဘော တွေ့ အောင် ချမ်းသာ လာ မှာ ပဲ ဆိုပြီး ကြိုးစား ရှာတယ် ။ တစ်နေ့ တော့ သူ့ ဇနီး ဟာ ဗြုန်းဆို လေဖြတ် ပြီး သေရှာပါ ရော ။ အသက် မက ချစ်လှတဲ့ သူ့ ဇနီးချော တစ်ယောက် ကောက်ခနဲ ဆုံးပါးရတော့ ဖိုးတုတ် မှာ ဘယ်လောက် ပူပင်သောက ရောက်သွားမယ် ဆိုတာ စဉ်းစား ကြည့်ပေတော့ ။
ဖိုးတုတ် က တော့ “ ဒီလို ဇနီးချော တစ်ယောက် ကို ဘယ်နည်းနှင့် မှ သေမင်းလက် ကို မအပ်နိုင်ဘူး ။ သေသူ ရှင်အောင် လုပ်တတ်သူ တွေ့အောင် ရှာမယ် ” ဆိုတဲ့ ကြုံးဝါးချက် နဲ့ ရှိသမျှ ပစ္စည်းတွေ ထုခွဲ ရောင်းချပြီး သူ့ ဇနီးအလောင်း ကို ကျောပိုး လို့ ဆရာ ရှာ ထွက် လာ ခဲ့တယ် ။ အလောင်း ကျောပိုး ပြီး တစ်တော ဝင် တစ်တောင် ထွက် ၊ တစ်ချောင်း ကျော် တစ်မြစ်ကူး နဲ့ တစ်ကမ္ဘာလုံး နှံ့တဲ့ တိုင် ဒုက္ခဘေးဆိုး အကုန် ရင်ဆိုင် ပြီး ထွက် တာပဲ ။ ဘယ်လို ဘေးအန္တရာယ် ကို တွေ့တွေ့ အားမလျော့ ဘဲ ဇွဲ နဲ့ သွား လိုက်တာ တစ်နေ့ တော့ မိုးထိ မြင့် တဲ့ တောင် တစ်တောင် ကိုရောက် လာတယ် ။ ဒီ တောင်ကြီး ဟာ ဘယ်လောက် မြင့်သလဲ ဆိုရင် တောင်ထိပ် ဟာ မိုးသား ထဲ မှာ ပျောက် နေတာပဲ ။ ဖိုးတုတ် ဟာ ဒီလောက် မြင့် တဲ့ တောင် လည်း မတွေ့ဖူးတော့ ... ဒီ ထူးခြားတဲ့ တောင်ထိပ် မှာ ထူးဆန်းတဲ့ ဆရာ တွေ ရှိမှာပဲ ဆိုပြီး တက်တာပဲ ။ တောင် တက်စ မှာ ခရီး ကြမ်း လွန်းလို့ လက် တွေ ပေါက် ၊ ဒူး တွေ ပြဲ ၊ ဖဝါး တွေ ဟာ မြေကြီး ကို မထိဝံ့ အောင် နာကျင် ကိုက်ခဲ ပြီး သွေး အလိမ်းလိမ်း ထွက် နေရှာတယ် ။ ဒါပေမယ့် ယုံကြည်ချက် က လည်း ရှိ ဇွဲ က လည်း ကောင်းကောင်း နဲ့ တက် လိုက်တာ မိုး ထဲ ဝင် တဲ့ ဆီ ရောက်သွားတာပဲ ။ အဲဒီလောက် ရောက် တော့မှ ချောမွေ့ သာယာတဲ့ လမ်းဖုံဖုံကလေး တစ်ခု ကို တွေ့ရတယ် ။ ဖိုးတုတ် ဟာ ဘယ်လောက် ဝမ်းသာသလဲ ဆိုတာ ပြောလို့ ဆုံး မှာ မဟုတ်ဘူး ။ အဲဒီ လမ်းကလေး အတိုင်း ဒယိမ်းဒယိုင် နဲ့ တက် သွား လိုက်တာ မကြာမီ ဘဲ ပိတ်ဖြူစင်ကြယ် ဝတ် ထားတဲ့ လူသူတော်ကြီး တစ်ယောက် ကို တွေ့တယ် ။ ဖိုးတုတ် ဟာ သိပ် ဝမ်းသာ သွား ရှာတယ် ။ လူသူတော်ကြီး ရှေ့မှာ အလောင်း ကို ချပြီး “ ဘိုးဘိုးရယ် ... ကယ်မပါဦး ” ဆိုပြီး ခြေသလုံး ဖက် ငို ရှာတယ် ။ လူသူတော်ကြီး က “ ငါ့ မြေး ဘာဖြစ်လာသလဲ ... ဘာဖြစ်လို့ ဒီလောက် ဒုက္ခ ခံပြီး ဒီနေရာ ကို လာခဲ့တာလဲ ” စသဖြင့် မေး ရှာတယ် ။ ဖိုးတုတ် က လည်း သူ ကြုံတွေ့သမျှ နဲ့ သူ့ ဆန္ဒ ကို အတိုချုံး ပြောပြရင်း သူ့ ဇနီး အသက် ပြန် ရှင်အောင် မ ဖို့ တောင်းပန် ရှာတယ် ။ လူသူတော်ကြီး က “ ငါ့ မြေး .. ငါ့ မြေး ရဲ့ဇနီး ကို ပြန် ရှင် လာအောင် ဘိုးဘိုး တတ်နိုင်ပါတယ် ။ ဒါပေမယ့် ငါ့ မြေး ရဲ့ဇနီး ဟာ အသက် ပြန် ရှင်လာပေ မယ့် ငါ့ မြေး နဲ့ ကြာကြာ ပေါင်း ရမှာ မဟုတ်ဘူး ။ ငါ့ မြေး ကို စွန့်ပစ် သွားမှာပဲ ။ ဒါကြောင့် ငါ့ မြေး ဒီလောက် စုံမက် နေဖို့ မလိုပါဘူးကွယ် ” လို့ တရား ချ သတဲ့ ။ ဒါပေမယ့် ဖိုးတုတ် က ဘယ်လိုပဲ ဖြစ်ဖြစ် သူ့ ဇနီး အသက် ကို ပြန် ရှင်အောင် ကယ်မပါ လို့ ပဲ တောင်းပန် ရှာတယ် ။ ဒါနဲ့ လူ သူတော်ကြီး“ ကောင်းပြီး .. ငါ့ မြေး ဒီလောက် ဆန္ဒ ပြင်းပြ နေရင် ဖြင့် ငါ့ မြေး ရဲ့လုံ့လဝိရိယ နဲ့ ဇွဲ ကို အားပေးတဲ့ အနေ နဲ့ ဘိုးဘိုး ရှင် အောင် လုပ်ပေးပါ့မယ် ။ ဒါပေမယ့် ... ဘိုးဘိုး ကို တော့ ကတိ တစ်ခု ပေးရမယ် ... ” လို့ ပြောတယ် ။ ဖိုးတုတ် က လည်း သူ့ အသက် ပင် စွန့်ရ စွန့်ရ ကတိ ပေးပါတယ်လို့ အာမခံတယ် ။ ဒီတော့ လူသူတော်ကြီး က “ ငါ့မြေး ရဲ့ လက်ညှိုး က သွေး သုံးစက် ဖောက်ပြီး တိုက်ရင် ငါ့ မြေး ဇနီး အသက် ပြန် ရှင် လာလိမ့်မယ် ။ ကတိ က တော့ အကယ်၍ မယ်ရူပ က ငါ့ မြေးတို့ စွန့်သွား ရင် တော့ အဲဒီ သွေး သုံးစက် ကို ပြန် တောင်းပါ့မယ် ဆိုတဲ့ ကတိ ပဲ လို့ ပြော တယ် ။ ဖိုးတုတ် က ဒါဟာ တာဝန် မကြီးတဲ့ အလုပ် ပါ ။ ဒီ ကတိ ကို ပေးပါတယ် လို့ အာမခံတယ် ။ ဒါကြောင့် လူသူတော်ကြီး ဟာ ဖိုးတုတ် ရဲ့ အလို ပြည့်စုံပါစေ လို့ ဆုတောင်း ရင်း ကွယ်ပျောက် သွားတယ် ။ ဖိုးတုတ် ဟာ ဝမ်းသာလို့ မဆုံးဘူး ချက်ချင်းပဲ လက်ညှိုး က သွေး သုံးစက် ကို ဖောက် ယူပြီး သူ့ ဇနီး ကို တိုက် လိုက်တယ် ။ မယ်ရူပ ဟာ သွေး သုံးစက် သောက် ပြီးတာ နဲ့ တစ်ပြိုင်တည်း အသက် ပြန် ရှင် လာတယ် ။ မောင် ရယ် ကျွန်မ တို့ ဘယ်လိုကြောင့် ဒီလောက် မြင့်တဲ့ တောင် ပေါ် ရောက် နေရတာလဲ လို့ မေးတယ် ။ ဖိုးတုတ် ဟာ အကျိုးအကြောင်း ပြောပြတော့ မှ သူ့ ဇနီး ဟာ ဖိုးတုတ် ကို ဖက် ပြီး မောင့် ကျေးဇူး ကြီးလှပါတယ် လို့ ပြော ရှာတယ် ။ မကြာမီ မှာ ပဲ ဇနီးမောင်နှံ နှစ်ယောက် ဟာ တောင်ကြီး ပေါ် က ဆင်း လာကြပြီး ခရီး ဆက်ကြရင်း နဲ့ ရွာ တစ်ရွာ ကို ဆိုက်ရောက် လာကြတယ် ။ ရွာပြင် က ဇရပ်ကြီး မှာ ခေတ္တ တည်းခို ဖို့ စီစဉ် ပြီး ဖိုးတုတ် က သူ့ ဇနီး အတွက် စားစရာ သောက်စရာ ရွာ ထဲ မှာ သွား ရှာ ဦးမယ် ။ ဒီ ဇရပ် မှာ ပဲ ကောင်းကောင်း မွန်မွန် နေခဲ့လို့ မှာကြား ပြီး ရွာ ထဲ ကို ထွက် သွားတယ် ။ အဲဒီ အချိန် မှာ ပဲ ခရီးသွား ကုန်သည်ကြီး တစ်ယောက် ဟာ နောက်လိုက် အခြွေအရံ အစုံအလင် နဲ့ ဒီ ဇရပ်ကြီး ကို ရောက် လာတယ် ။ မယ်ရူပ ကို တွေ့တယ် ဆိုရင်ပဲ ကုန်သည်ကြီး ဟာ မဟားတယား နဲ့ အတင်း မိတ်ဖွဲ့ စားစရာ သောက်စရာ တွေ ပေး ၊ အဝတ်အထည် တွေ ပေး နဲ့ လောကွတ်ချော် နေတာပေါ့ ။ မယ်ရူပ က လည်း ဒီလို ဥစ္စာပေါ ယောက်ျားမျိုး နဲ့ သာ ပေါင်းသင်း ရ ရင် ဘယ်လောက်များ ပျော်မလဲ လို့ တွေးပြီး ပီတိ ဖြစ်နေတယ် ။ နောက်ဆုံး တော့ ကုန်သည်ကြီး က သူ နဲ့ လိုက်ဖို့ နှူး ပါရော ။ မဆွတ်ခင် က ညွတ်ချင် နေတဲ့ မယ်ရူပ ဟာ သိပ် မူ မနေတော့ ဘဲ ကုန်သည်ကြီး ရဲ့ အလို ကို လိုက်ပြီး ချက်ချင်းပဲ ခရီး ဆက် ထွက် သွားတယ် ။ ဖိုးတုတ် ခမျာ မှာ တော့ ရွာ ထဲ က တောင်းရမ်း ရ သမျှ စားစရာ သောက်စရာလေး တွေ ကို သူ ကိုယ်တိုင် တောင် မစား ဘဲ ဇရပ်ကြီး ကို ဒုန်းစိုင်း လို့ ပြန်လာတာပဲ ။ ဒါပေမယ့် ဇရပ် ရောက် တော့ ဖိုးတုတ် ဟာ မေ့မတတ် ဖြစ်သွားရှာတယ် ။ သူ့ ဇနီး ကို နေရာ မှာ ရှာ မတွေ့ တော့ တကျော်ကျော် နဲ့ အော်ပြီး လိုက်ရှာတယ် ။ အချိန် သာ ကုန် ရော သူ့ ဇနီး ကို လည်း မတွေ့ဘူး ။ ဖိုးတုတ် ဟာ ဇွဲသတ္တိ ရှိသူ ပီပီ မယ်ရူပ ကို တွေ့အောင် ရှာမယ် ဆိုပြီး တစ်ရွာ ဝင် တစ်ရွာ ထွက် လိုက် ရှာ ပြန်တယ် ။ လပေါင်း အတော် ကြာ တော့ မြို့ တစ်မြို့ က ပန်းခြံ ထဲ မှာ တစ်ယောက် တည်း လမ်းလျှောက် နေတဲ့ မယ်ရူပ ကို တွေ့တာပဲ ။ ဖိုးတုတ် အဖို့ တော့ ဒုတိယမ္ပိ ဝမ်း အသာကြီး သာ ပြန် တာပေါ့ ။ ဖိုးတုတ် က ဝမ်းသာအားရ နှုတ်ဆက် ပေမယ့် မယ်ရူပ က တော့ သူ့ ကို ဘယ်တုန်း ကမှ မသိ သလို ခပ်ကြောင်ကြောင် လုပ်ပြီး သူ မသိရကြောင်း ငြင်းတော့တာပဲ ။ ဖိုးတုတ် က သူ့ အသက် နဲ့ လဲ ချစ်ရကြောင်း တွေ ၊ သေမင်း လက် က လုခဲ့ရတာ တွေ ကို ဘယ်လောက် ပြောပြ ပေမယ့် မယ်ရူပ က ဇွတ် ငြင်းပြီး ဖိုးတုတ် ကို ပဲ နှင်ထုတ် နေတာပဲ ။ နောက်ဆုံး ဘယ်လိုမှ ပြန် ခေါ် လို့ မရမှန်း သိတော့ ဖိုးတုတ် က မယ်ရူပ အသက်ရှင် အောင် သူ ပေး လိုက်ရတဲ့ သွေးသုံးစက် ကို ပြန် ပေးဖို့ တောင်းရှာတယ် ။ မယ်ရူပ က တော့ ဖိုးတုတ် မြန်မြန် ပြန် မှ အေးမှာပဲ ဆိုပြီး “ ရှင် ချက်ချင်း ပြန် ရင် ရှင့် သွေးသုံးစက် ကို ပြန် ပေးပါ့မယ် ” လို့ ပြောတယ် ။ ဖိုးတုတ် က လည်း သွေး သုံးစက် သာ ရရင် သူ ချက်ချင်း ပြန်ပါ့မယ် လို့ ကတိ ပေးတော့ မယ်ရူပ ဟာ လက်ညှိုး ကို ဖောက် ပြီး သွေး သုံးစက် ကို ပေး လိုက်တယ် ။ သွေး သုံးစက် ပေးပြီးတာ နဲ့ တစ်ပြိုင်နက် မယ်ရူပ ဟာ တဖြည်းဖြည်း သေး သွား လိုက်တာ နောက်ဆုံး ခြင်ကလေး ဖြစ်သွားရော တဲ့ ။အဲဒီ နေ့ က စပြီး မယ်ရူပ ဟာ သူ ပေးမိတဲ့ သွေး သုံးစက် ကို ပြန် ရအောင် ဆိုပြီး လူ တွေ့ တိုင်း သွေး လိုက် စုတ် နေ လိုက်တာ ယနေ့ တိုင် ပါပဲကွယ် ။
◾မန်းခိုင်
📖 ရှုမဝ မဂ္ဂဇင်း
၁၉၅၉ ၊ မေ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment