Sunday, July 7, 2024

ငါးတို့ ပျော်ရာ တောင်သေလာ

❝ ငါးတို့ ပျော်ရာ တောင်သေလာ ❞

( က )

သူ သည် ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက် နေရာ မှ လေသာပြတင်း ဆီ သို့ သွား ကာ လောကနန္ဒာ စေတီ သို့ အတန်ကြာ ထိ လှမ်းမျှော် ကြည့် လိုက်သည် ။ ဟို အဝေး မြစ်ပြင် သည် ကောင်းကင်အပြာ နှင့် ရော နေ၏ ။ မြူဇာလွှာ ခပ်ပါးပါး ကြား ဝယ် လောကနန္ဒာ စေတီ ၏ ကောက်ကြောင်း သည် ခပ်ရေးရေး ။

လေပြည် သည် ဝှေ့ယမ်း လာသည် ထင့် ။ စေတီ ဆီ မှ ဆည်းလည်းသံ များ လွင့်မျောလာ သည် ။ သူ ခေါင်း ကို ယမ်းသည် ။ ထို့နောက် သက်ပြင်း ချသည် ။ ညာလက်သီး ကို ဘယ်လက် ဖဝါး ဖြင့် ဆုပ်နယ်သည် ။ ထိုစဉ် သူ စေလွှတ် လိုက်သော မင်းချင်းလုလင် သည် ပြန် ရောက်လာ၏ ။ ခရီး အတော်အတန် ကို အပြေးအလွှား သွား ခဲ့၍ မောဟိုက် နေပုံ ရသည် ။ အသံများ ပင် မမှန် တော့ ။

“ မှန် ... မှန်... မှန်လှပါဘုရား ၊ အုတ်လှငယ် သည် အရှင့် ရှေ့တော်မှောက် ရောက် မှ သာ စစ်သတင်း ကို လျှောက်ထား လိုကြောင်း သံတော်ဦး တင်လိုက်ကြောင်းပါ ဘုရား ”

သူ့ မျက်နှာ ရုတ်ခြည်း ကြမ်းတမ်း သွားသည် ။ အံကို တင်းတင်း ကြိတ်၏ ။ သလွန် ပေါ် ရှိ ပတ္တမြား ကျောက်စီဓား ကို တစ်မဟုတ်ချင်း ဆွဲ ယူပြီး ...

“ သယ် ... ရာရာသသ ၊ ထူးခြားမယ့် စစ်သတင်း တစ်ခဏချင်း ငါ ကြား လို၍ လျှောက်တင် ခိုင်း ၊ သင်း က ရိုင်းရိုင်းပျပျ နဲ့ စကား ကို နှောင့်နှေးထား ၊ တောက် .. သပေါက်မသား ၊ အုတ်လှ ကို အခု ချက်ချင်း ထောင်သွင်း ၊ အကျဉ်း ချစေ အမိန့်တော် ”

သူ ၏ ဒေါသ ကား လှိုင်းတံပိုး ထ သွားသည် ။ မှူးမတ် သေနာပတိ တို့ ကား လှိုင်းတံပိုး အောက် နစ်မြုပ် သွား ။ အထိန်းအကွပ် မဲ့ ပေါက်ကွဲ ထွက် သွားသော ဒေါသ ၏ အခိုးအလျှံ ကြောင့် မြင်ကွင်းများ သည် ဝေဝါး သွားလေသည် ။ မိမိ ၏ အမိန့် အား ဦးလည်မသုန် ထမ်းရွက်ရန် အပါး မှ ထွက်ခွာ သွားသော မင်းချင်းလုလင် အား လည်းကောင်း ၊ တစ်ခဏ အတွင်း ပြန်လည် ဝင်ရောက် လာသော ထို လုလင် သည် အုတ်လှငယ် က စစ်သတင်း အား အရေးတကြီး လျှောက်ထားကြောင်း သံတော်ဦး တင်သံ ကို လည်းကောင်း သတိ မထားမိတော့ ။ မကြာမီ အာဏာသားများ ခြံရံ ၊ နှောင်ကြိုး တည်း ၍ ရှေ့မှောက် ရောက် လာသော အုတ်လှငယ် ၏ လျှောက်တင်သံ များ ကို လည်း လုံးစေ့ပတ်စေ့ မကြားမိသေး ။

တိုက်ဆင် နှစ်ရာ ၊ စစ်မြင်း နှစ်ထောင် ၊ ဗိုလ်ခြေ နှစ်သောင်း ဟူသော ကိန်းဂဏန်းများ ကို လည်း ကြားလိုက်ရ ပေမဲ့ စိတ် မဝင်စားမိ ။ သို့သော် လေးနက် ပီပြင်စွာ လျှောက်တင် လိုက်သော အုတ်လှငယ် ၏ စကားလုံးများ အနက် ...

“ .. သူတို့ ကား အရှင် နှင့် အရှင် ၏ တမ္ပဒီပ အတွက် အသက်အသွေးပေါင်း များစွာ ကို ပေးဆက် ကာ မစ္ဆဂီရိ အား ရယူနိုင်ပါသည် အရှင် ”

ဟူသော ပီပီသသ ကြား လိုက်ရသော အသံ ကြောင့် ပူလောင်ဆူပွက် နေသော သွေးများ သည် အခိုးသေ ၊ အငွေ့သေ သွားကြသည် ။ ဒေါသ သည် ပီတိ အဖြစ် အရည်ပျော် သွား၏ ။ မကြာ ခဏ အပြောင်းအလဲ မြန်ဆန်လွန်း သော ဒေါသ ၊ နောင်တ ၊ ပီတိ တို့ ၏ အကူးအပြောင်း ကား မိမိ အဖို့ ချိုမြိန်လှသော ဟင်းကောင်း တစ်ခွက် သဖွယ်တည်း ။ ပီတိ သည် တဖြည်းဖြည်း အားလျော့ စ ပြု နေသော ဒေါသ အား ဝါးမျိုး စ ပြု လေပြီ ။ ပီတိ ကြောင့် ယစ်မူး နေ မိ သော အာရုံ သည် ရာဇဝတ် သား အုတ်လှငယ် ၏ လှုပ်ရှားမှုများ ကို ရီဝေစွာ တဖျတ်ဖျတ် မြင် နေရသည် ။

နှောင်ကြိုး တည်း ထားသော လက် နှစ်ဖက် ဖြင့် ဦးရစ် ခေါင်းပေါင်း အား ဖြေ လိုက်သည် ။ နန်းရင်ပြင် တွင် အုတ်လှငယ် ၏ ဆံစ တို့ သည် သန်းတကျိကျိ ဖြင့် အထွေးထွေး ကျလာ လေသည် ။ ထိုအခါ မိမိ အသိ သည် စောစော က အုတ်လှငယ် လျှောက်တင် ခဲ့သည့် “ ဦးဆွေးဆံမြည့် ” ဟူ သော စကားလုံး ၏ အင်အား ကြီးမားမှု ကို ဂရု ပြုမိ တော့သည် ။ ဦးဆွေး ဆံမြည့် ... ဦးဆွေး ဆံမြည့် ။

ဟင်္သပဒါး အနီ နှင့် ရွှေရောင်ဝင်းပ နေသော နန်းရင်ပြင် တွင် ဆံစတို့ အလုံးအထွေး ၊ သန်း ဖြင့် ကျိကျိ တက် နေသော ဦးရစ်ခေါင်းပေါင်း ၊ နှောင်ကြိုး နှင့် အုတ်လှငယ် ။ 

အကျည်းတန် လှ သော မြင်ကွင်း ကြောင့် ယစ်မူးမိ သော ပီတိ သည် နောင်တ အဖြစ် ပြောင်းလဲ ပြန်ပြီ မဟုတ်လော ။ မဆန်းတော့ ။ ဒေါသ ၊ ပီတိ ၊ နောင်တ ( သို့မဟုတ် ) ဒေါသ ၊ နောင်တ ၊ ပီတိ အပြောင်းအလဲ ကား မိမိ အဖို့ မဆန်းတော့ ။ ယခု လည်း ဒေါသ သည် ပီတိ မှ တစ်ဆင့် နောင်တ သို့ ကူးပြောင်း ရ ပြန်ပြီ ။ အုတ်လှငယ် ကို ဘာကြောင့် အပြစ် ပေးမိပါလိမ့် ။ ဒေါသ ကြောင့် မှားယွင်းခဲ့ ချေပြီ တကား ။ သို့သော် ဤသို့ အကြိမ်ကြိမ် မှားယွင်းခဲ့ ဖူးသော အတွေ့အကြုံ ကြောင့် ထွက်ပေါက် ကို ဖြင့် ရှာဖွေ တွေ့ရှိခဲ့ဖူး လေပြီ ။ 

ခမည်းတော် ဥဇနာမင်းကြီး လွန်ပြီး နောက် မိမိ ကဲ့သို့ သာမန်ပန်းပွတ်သည် မိဖုရား သား ကို ထီးနန်း တင် ပေးခဲ့သည့် အဘ ရာဇသင်္ကြန် ကို ပင် နယ်နှင်ဒဏ် ခတ်ခဲ့ဖူး လေသည် ။ သို့သော် ဒေါသ ကြောင့် အမှား ကို ပြန်လည် ချီးမြှောက် နေရာပေးခြင်း ဖြင့် အဘ ရာဇသင်္ကြန် က ပင် ယခု မစ္ဆဂီရိ ကို ပြန်လည် ရယူ ပေးခဲ့ပြီ မဟုတ်လော ။ အဆောင်အယောင် ရာထူးတံဆိပ် က မိမိ ၏ ပွဲတွေ့ဆေး ၊ အခုရော မှားယွင်း အပြစ်ပေးခြင်း ကြောင့် ဖြစ်ပေါ် လာမည့် အုတ်လှငယ် ၏ မိမိ အပေါ် နာကြည်းမှု အား ကုသရန် ဆေး ရှိပါသည် ။ နောင်တ ဟူ၍ ဖြစ် ကတည်း က ဦးနှောက် ၏ အလေ့အကျင့် က လည်း တစ်ဆက်တည်း ပင် ဘွဲ့တံဆိပ် တို့ ကို ရွေးချယ် မိ ချေပြီ ။

ဘာတဲ့ ...

ရန္တပစ္စည်း ... ရန္တပစ္စည်း ...

ဟုတ်ပြီ ၊ အဘရာဇသင်္ကြ န်၏ သားငယ် အုတ်လှငယ် ကို ရန္တပစ္စည်း ဟု ဘွဲ့တံဆိပ် ချိတ် အရာမြှောက်မည် ၊ သားအကြီး အုတ်လှကြီး ကို မူ “ အနန္တပစ္စည်း ” ဟု ချီးမြှောက်မည် ။ ကဲ ... မိမိ ၏ မှားယွင်းမှု ကို ဘယ်သူ ခံပြင်းပါအံ့နည်း ။ အနန္တ ပစ္စည်း ၊ ရန္တ ပစ္စည်း တို့ ကား ဘွဲ့ အဆောင် အယောင် ဖြင့် ရွှေငွေ ရတနာ ၊ ပိုးဖဲကတ္တီပါ ၊ ခါသာပိတ်အုတ် ၊ အသပြာငွေထုပ် များ ဖြင့် နန်းတွင်း ထဲ က မောင်းမမိဿံများ နှင့် ပျော်ပါးကြ ပေရော့ ။

ဤသို့ဖြင့် ပန်းပွတ်သည်မ သား မိမိ အား မည်သူ က ပုန်စားဝံ့အံ့နည်း ။ 

ဤသို့ဖြင့် တမ္ပဒီပ ၏ နာကြည်းမှု တက်ခေါက်သံ များ ကား အဘယ်မှာ လျှင် လက်သီး ဆုပ်ဝံ့အံ့နည်း ။ 

ဤသို့ဖြင့် အရှေ့ သံလွင် ၊ အနောက် မစ္ဆဂီရိ ၊ မြောက် ငဆောင်ချမ်း ၊ တောင် မှာ ထား ဝယ် အထိ သူ ၏ နား ၊ သူ ၏ မျက်စိ တို့ ကို ဖြန့်ကြက် ထား နိုင်သည် မဟုတ်လော ။

စင်စစ် တမ္ပဒီပ သည် နရသီဟပတေ့ ၏ လျှို့ဝှက် သော နားမျက်စိ တို့ ဖြင့် ဖြန့်ကြက် ထားရာ ၊ လျှို့ဝှက် သော နား မျက်စိ တို့ ဖြင့် ဖြန့်ကြက် ထား ရာ ...

( ခ )

“ ဘာ သူတို့ နား တွေ ၊ သူတို့ မျက်စိ တွေ ဟာ နေရာ အနှံ့ ဖြန့်ကြက် ထားကြတယ် ဟုတ်စ ”

ကျွန်ုပ် သည် တောင် အစွန်း တွင် မေးတင် နေသော ကျောက်တုံးတစ်တုံး ပေါ် ထိုင် နေရာ မှ လျှောဆင်း လိုက်သည် ။ ငပြည့်စံ သည် လက် တွင် ကိုင် ထားသော သစ်ကိုင်းခြောက် ကို ဖြောင်း ခနဲ နှစ်ပိုင်း ချိုး လိုက် ရင်း ...

“ ဟုတ်တယ် လုံမာ ၊ တို့ ရောက် နေတဲ့ ဟောဒီ တောင် ပေါ် က နေ လှမ်း ကြည့် လိုက်စမ်း ဟိုမှာ က ရိုးမတောင်တန်း ၊ ရိုးမ ရဲ့ ဒီဘက်မှာ က ဧရာဝတီ ၊ ဒီ ဆီ မှာ တောအုပ် ၊ ရိုးပြတ်ငုတ်တို တွေ နဲ့ လယ်ကွင်း တွေ က လည်း တစ်မျှော်တစ်ခေါ် ၊ ဘယ်လောက် ကျယ်ပြော လိုက် သလဲ ၊ ဘယ် လောက် လှပလိုက် သလဲ ၊ ကိုရင့် လို စာတိုပေစလေး ရေး တတ်သူ အဖို့ ကာရန် တွေ ၊ လင်္ကာ တွေ တစိမ့်စိမ့် ယိုစီး ရော ပေါ့  ”

“ အေး ... ဒါပေမဲ့ ရိုးမ နဲ့ တောအုပ် က သစ် တစ်ပင်စီ ၊ ဧရာဝတီ ရဲ့ လှိုင်းကြက်ခွပ် တိုင်း ၊ ယုတ်စွ အဆုံးကွာ ရိုးပြတ် ငုတ်တို အပိုင်းပိုင်း အပြတ်ပြတ် ကြား မှာ သူတို့ နားတွေ သူတို့ မျက်စိ တွေ ချည်းပဲ ။ တမ္ပဒီပ က နရသီဟပတေ့ ဟာ အကွပ်အညှပ် ပြင်းလှတဲ့ သူ့ အာဏာတော် ကို ထာဝရ ခိုင်မာနိုင် ဖို့ သူ့ နား ၊ သူ့ မျက်စိ တွေ ကို ငါတို့ တစ်တွေ ဘိုးစဉ်ဘောင်ဆက် အေးအေးချမ်းချမ်း လုပ်ကိုင် စားသောက် လာတဲ့ ဟောဒီ ရိုးပြတ် လယ်ကွင်း တွေ ထဲ ထိ အောင် ကြဲဖြန့် ထား ... ”

ငပြည့်စံ သည် ပြောရင်း အသံ တိမ်ဝင် သွားသည် ။ အောက် နှုတ်ခမ်း ကို ပြင်းပြင်း ကိုက် ၏ ။ သန်မာလှသော ပါးရိုး နှစ်ဖက် က မြွေနဂါး ကဲ့သို့ ပါးပျဉ်း ထောင် လာသည် ။ ထို့နောက် တက် တစ်ချက် ကို ခပ်ပြင်းပြင်း ခေါက် လိုက် ပြီး ကျွန်ုပ် ၏ လက် ကို ဆွဲကိုင် ဖျစ်ညှစ် လိုက်သည် ။ ထိုစဉ် ခဏ သူ့ ထံ မှ နာကြည်းမှု ၊ ခံပြင်းမှု ဒေါသ သည် ကျွန်ုပ်ထံ သို့ ကူး လာပေ သလော မသိ ။ တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထ ကာ သူ့ ဘယ်ဘက် လက်မောင်း အား လှုပ်ယမ်းလိုက် မိ ကာ ..

“ ဒါ ... ဒါဖြင့် နောင်ငယ် ၊ ကျုပ် ရင် ထဲ မှာ ဟောဒီ ပတ်ဝန်းကျင် ရဲ့ ရိုက်ခတ်မှု ကြောင့် ယိုစီး လာတဲ့ လင်္ကာစကားလုံးလေး တွေ ဟာ ကြည်နူးစရာ ၊ အေးချမ်းစရာ ၊ သန္တ ရသ တွေ ဖြစ်ပါဦးမလား ၊ အကျည်းတန်မှု တွေ ၊ ရက်စက်မှု တွေ ၊ နာကြည်းမှု တွေ ကြောင့် မလှမပ မပြေမပြစ် နဲ့ ကြမ်းတမ်းခက်ထန် နေမှာပေါ့ နော် ၊ ဟုတ်တယ် မဟုတ်လား နောင်ငယ် ၊ ဟုတ်တယ် မဟုတ် လား ”

ငပြည့်စံ က သူ့ ဘယ်ဘက် လက်မောင်း အား ဆုပ်ကိုင် လှုပ်ယမ်း နေသော ကျွန်ုပ် လက် ကို အသာ ဖယ် လိုက် ပြီး မှ ...

“ ငလုံမာ ဒီအချိန် မှာ စကားလုံး တွေ ၊ ကာရန် တွေ ဟာ ကြမ်းတမ်းပါစေ ၊ ခက်ထန်ပါစေ ၊ မင့် အသွေးအသား ထဲ မှာ ခက်ထန်ကြမ်းတမ်း တဲ့ စကားလုံး တွေ ကာရန် တွေ ပွက်ပွက်ဆူ ပြီး မင့် နှလုံးသား ကို လှုပ် နှိုး လိုက် လို့ ဓား ကို လွယ် ၊ လှံ ကို ဆွဲ ပြီး ဟောဒီ ရန်ဝေးတောင် ပေါ် ရောက် လာ တာ မဟုတ်လား လင်္ကာဆရာလေး ရဲ့ ”

“ ဒါပေမဲ့ နောင်ငယ် ရယ် ဟောဟို မှာ ကြည့်စမ်းပါဦး ၊ မစ္ဆဂီရိ ဟာ မီးဟုန်းဟုန်း တောက်လောင် နေပြီ မဟုတ်လား ၊ တမ္ပဒီပ က နရသီဟပတေ့ စေလွှတ် လိုက် တဲ့ တွင်းသင်းမှူး သရေပစ္စပတေ့ နဲ့ ရာဇသင်္ကြန် ရဲ့ တိုက်ဆင် တွေ စစ်မြင်း တွေ နဲ့ စစ်သည် တွေ ဟာ ... ”

“ တော်စမ်း လုံမာ ၊ ငါ့ ဝမ်း က လွယ်မွေး တဲ့ သား မို့ စကား မဟရဲ လောက် အောင် ရှက်စရာ ကောင်းလှပေရဲ့ ၊ ဘာ တိုက်ဆင် တွေ စစ်မြင်း တွေ ဟုတ်လား ”

ကျွန်ုပ် ရုတ်တရက် အံ့အားသင့် သွားသည် ။ ဘယ် အချိန် က ကျွန်ုပ် တို့ အနား ရောက် နေမှန်း မသိသော မိခင် သည် သူမ ၏ နား နှစ်ဖက် မှ ကြီးမားလှသော နားကွင်းကြီး များ ကို ပင် လှုပ်ခါ သွား အောင် တစ်ကိုယ်လုံး တဆတ်ဆတ် တုန် နေသည် ။ ကျွန်ုပ် သတိ မထားမိခြင်း ပင် ။

မကြာသေးမီ ဟောဟို တောင်စောင်း က ကျောက်တုံး ပေါ် ကျွန်ုပ် ထိုင် နေစဉ် ကတည်း က မိခင် သည် အဖော် မိန်းမသူ များ နှင့် ကျောက်ခွက် ၊ ကျောက်ပန်းကန်လုံး ၊ ကျောက်ပန်းကန်ပြားများ ထွင်းထုသွေး လုပ် နေတာ ကျွန်ုပ် သတိ ထားမိဖို့ ကောင်းသည် ။ မိခင် သည် သဲကျောက် ဖြင့် ပြုလုပ် ထားသော ကျောက်ခွက် အား မီးခိုးမှိုင်း ဖြင့် ကျပ်တင် နေရာ မှ ကျွန်ုပ် ၏ စကား ကြောင့် တစ် ကိုယ်လုံး ဆတ်ဆတ်တုန် မျှ ဒေါသ ဖြစ် သွားပုံရသည် ။

ထို့နောက် ကျပ်တင် လက်စ ကျောက်ပန်းကန်ပြား အား ချ ကာ ကျွန်ုပ် အနီး သို့ လှမ်း လာ ပြီး ဟို အဝေး ဆီ မှ မီးခိုး တလူလူ နှင့် စစ်ဒဏ်ခ မီးသင့် နေသော မစ္ဆဂီရိ ဆီ သို့ လှမ်းမျှော် ကြည့် လိုက်သည် ။

“ တိုက်ဆင် တွေ ၊ စစ်မြင်း တွေ ဟုတ်လား ။ ဒီမှာ ငလုံမာ ရဲ့ မင်း ဖခင် ရဲ့ မင်းညီငယ် ဟာ အဲဒီ ကျူးကျော် လာ တဲ့ တိုက်ဆင် တွေ စစ်မြင်း တွေ ကို ရရာ လှံငယ် ၊ တုတ်တို ကို ကိုင်ဆွဲ ပြီး ခုခံ ခဲ့ကြရာ က အသက်ခန္ဓာ မဲ့စွာ နဲ့ ဟောဟို မစ္ဆဂီရိ မှာ နေရစ် ခဲ့ကြရလေပြီ လေ ”

“ တကယ် တော့ တို့ ဘိုးဘွား တွေ ဟာ မြောက်ဘက် ဥရုချောင်းဖျား နဲ့ ဟူးကောင်းတောင်ကြား က တစ်ဆင့် ဟောဒီ မြစ်ဝှမ်း တစ်လျှောက် ဆင်း ပြီး လုပ်ကိုင် စား လာကြတာ ပဝေသဏီ ကတည်း က ပါ ။ ရိုးမ ရဲ့ မြောက်ဘက် သက်တောင် ၊ ဖလံတောင် တစ်ဝိုက် မှာ တစ်စု ၊ ရိုးမ ရဲ့ အရှေ့ ဆင်ခြေလျှော က နေ ဟောဒီ အလယ်ပိုင်း မှာ တို့ တစ်တွေ က တစ်စု ။ ဟောဒီ မြေ နဲ့ ဒီ မြစ်ချောင်း အင်းအိုင် တွေ မှာ လယ် တည်ပြီး ငါးဖမ်း စားသောက် လာကြတာ ၊ တမ္ပဒီပ ဆိုတာ မတိုင်ခင် ကတည်း က ”

မိခင် သည် ပြောလက်စ စကား ကို ရပ်ကာ အသက် ကို ပြင်းပြင်းရှူ၏ ။ နံငယ်ပိုင်း ဖြင့် သာ ထုပ်စည်း ထားသော ရင် အစုံ သည် ဒေါသ ကြောင့် အလှုပ်အရှား မြန်လွန်း လှသည် ။ မီးခိုး ငွေ့များ တလူလူ လွင့် နေသော မစ္ဆဂီရိ ဆီ လှမ်းမျှော် ကြည့် နေသော မျက်လုံး အစုံ သည် မျက်တောင် မျှ ပင် မခတ် ။ စူးရှလွန်းဘိခြင်း ။ မကြာမီ မျက်ဝန်း ထောင့် မှ မျက်ရည် တစ်စ သည် နှာတံပြားပြား ဘေး တစ်လျှောက် ရှိ ဇရာ အရေးအကြောင်း ၊ ချောင်းငယ်မြောင်းငယ် များ အား စိုစွတ် သွား စေသည် ။ ငပြည့်စံ မှာ မူ သူ့ အကျင့် အတိုင်း လက် တစ်လှမ်း ရှိ တရုတ်စကားပင် မှ သစ်ကိုင်း ခြောက် ကို ချိုးဖဲ့ ယူပြီး တဖြောင်းဖြောင်း ချိုး နေသည် ။ ထို့နောက် ခံပြင်း ဒေါသ ဖြစ် နေသော မိခင် ၏ လက်မောင်း အား နူးညံ့ သိမ်မွေ့စွာ ဆုပ်ကိုင် ပြီး ...

“ အရီး ရယ် တမ္ပဒီပ ဆိုတာ ကလည်း ကျုပ် တို့ သွေးရင်း ၊ သားရင်း ပါ ပဲ ။ သည် ရေ ကို  သောက် ၊ သည် မြေ မှာ မွေးတာချည်းပါ ။ ဒါကြောင့် လည်း တမ္ဗဒီပ ဟာ အရင် ကတည်း က ကျုပ် တို့ အပေါ် မှာ မျှတတယ် ၊ နွေးထွေးတယ် ၊ ရည်မွန်တယ် ။ ဒါပေမဲ့ ဒီ နရသီဟပတေ့ လက်ထက် ကျ ပါ မှ သင်း ဟာ ရမ္မက်ကြီး ၊ အရည်အချင်း မဲ့ တဲ့ အပြင် ဟို မုတ္တမ က နေ ဟောဒီ မစ္ဆဂီရိ အထိ အနှိပ်အကွပ် ၊ အကျဉ်းအကျပ် နဲ့ အာဏာ က ပြင်း ၊ ကျုပ် တို့ ပစ္စည်း ၊ ကျုပ် တို့ လယ်ယာ ဘယ် မှာ အေးအေးချမ်းချမ်း လုပ်ကိုင် စားသောက်ကြရလို့လဲ ”

“ ဟော ... အခု လည်း သင်းအစီအမံ ညံ့ဖျင်း ပြီး ရမ္မက် ကြီးလွန်း လို့ တမ္ပဒီပ ရဲ့ ချွတ်ခြုံ ကျ ချည့်နဲ့မှု တွေ ဟာ နောက်ဆုံးတော့ ကျုပ် တို့ ပြည်သူ ပြည်သား တွေ အပေါ် မှာ ဖိစီး နေတာပဲ မဟုတ်လား ၊ ဟောဒီ မစ္ဆဂီရိ လို နယ်စွန်နယ်ဖျား မှာ အဆိုးဆုံးပ အရီး ရာ ”

ငပြည့်စံ ၏ စကား အဖြတ် မိခင်က သက်ပြည်းရှည် တစ်ချက် ချလိုက်သည် ။ ထို့နောက် သူမ လုပ်လက်စ ကျောက်ပန်းကန်ပြား များ ကျပ်တင် နေသော နေရာ သို့ ပြန် သွားပြီး မိန်းမသူ အဖော်များအား သိမ်းကျုံး ကြည့် လိုက်ကာ လက် နှစ်ဖက် ကို ဆန့်တန်း လိုက်သည် ။

ထို့နောက် ....

“ အခု မစ္ဆဂီရိ လည်း မရှိတော့ဘူး ။ တမ္ပဒီပ ရဲ့ တိုက်ဆင် တွေ ၊ စစ်မြင်း တွေ နဲ့ လည်း ဝေးခဲ့ပြီ ။ အခုလို အိုးခွက် တွေ အသစ် လုပ် ၊ ဝါးခုတ် ၊ သက်ငယ် ပျစ် ပြီး အိမ်ရာ တည် ၊ ရေကြည် စမ်းချောင်းလေး မှာ ငါးဖမ်း ၊ ကဲ ... ဟောဒီ ရန်ဝေးတောင်စခန်း မှာ ပဲ အခြေချ ကြရုံပေါ့ ၊ ဟား ဟားဟား ”

မိခင် ၏ အားပါးတရ ရယ်သံကြောင့် အိုးခွက်များ ထွင်းထု ၊ အချောတိုက် ၊ ကျပ်တင် နေသော မိန်းမသူများ သည်လည်းကောင်း ၊ တောင်ကြောတစ်လျှောက် သစ်ခုတ် ဝါးခုတ် တော ရှင်း နေသော မစ္ဆဂီရိသား တို့ သည် လည်းကောင်း လုပ်လက်စ အလုပ်များ ကို ရပ်ကာ အံ့အား တသင့် လှမ်း ကြည့်လိုက်ကြသည် ။

ငပြည့်စံ သည် ခွက်ထိုးခွက်လန် ရယ် နေသော မိခင် ထံ လျှောက်သွားပြီး ဆန့်တန်း ထား သော လက် နှစ်ဖက် အား ဆုပ်ကိုင် လှုပ်ယမ်း လိုက်သည် ။

မဟုတ်သေးဘူး အရီး ရဲ့ ၊ ဟောဒီ ရန်ဝေးတောင် မှာ ကျုပ်တို့ တစ်တွေ အိမ်ရာ တည်ပြီး အေးအေးချမ်းချမ်း နေလို့ မရသေးဘူးလေ ။ မစ္ဆဂီရိ ဟာ ကျုပ်တို့ ဘိုးဘွား အမွေအနှစ် ၊ ဒီ အမွေအနှစ် ကို ကျုပ် တို့ ပြန်လည် တည်ဆောက်ရ ဦးမယ် ။ 

ပြီးတော့ တမ္ပဒီပ မှာ ရှိတဲ့ ကျုပ်တို့ သွေးချင်း တွေ ဟာလည်း နရသီဟပတေ့ ရဲ့ အာဏာ

ရာ ...........

ကိုးရာ ၊ တစ်ထောင် ။

ရာဇဝင်ဝတ္ထု အရေး များသော စာရေးဆရာလေး သည် “ ရန်ဝေး ” မြို့သစ်ကလေး သို့ ရောက် ကတည်း က ဝတ္ထုတို တစ်ပုဒ်စ ကဗျာ တစ်ပိုဒ်စ ပင် မရေးဖြစ်သေး ။ စိတ်ကူး ထား သော “ သဘော ညီ ၊ ပြောမည် ၊ ရောဟဏီ ” ဆိုသည့် လုံးချင်းဝတ္ထုကြီး မှာ လည်း ဝေ လာ ဝေး ။ 

မြို့သစ်ကလေး ၏ ရာသီဥတု နှင့် သဘာဝအလှများ က ဖမ်းစားလွန်း တာ ကြောင့် တော လမ်းလေး တစ်လျှောက် လမ်း လျှောက် လို လျှောက် ၊ ကြည်လဲ့အေးစမ်းရေတိမ် မှာ ရေ စိမ် လို စိမ် ၊ တည်းခိုရာ ဘန်ဂလို အိမ်ကလေး ရောက် ပြန်တော့ စာ ဖတ်ရသည့် အရသာ လောက် ဘယ်ဟာ မှ သဘော မတွေ့တာ ကြောင့် ကလောင် ပင် မကိုင် အား ။

ခု လည်း နံနက် စောစော လမ်းလျှောက် ပြန်လာ ကတည်း က ဝရန်တာလေး မှာ နေဆာ လှုံ ရင်း ဖတ်လက်စ မှန်နန်းရာဇဝင်တော်ကြီး ၏ စာမျက်နှာများ ၌ ပင် ခေါင်းနစ်မြုပ် နေမိတော့သည် ။

“ မင်းကြီး သည် နှလုံးတော် ပြေ၍ မိဖုရားစော ကို တိုင်ပင်တော်မူ၏ ။ ငါတို့ သည် ပုဂံ နေ ပြည်တော် အရောက် ဆန် ရသော်လည်း သင့်မည် လော ၊ သည်တွင် ဗိုလ်ပါစုရုံး ၍ နေရဦးသော် လည်း သင့်မည်လော ဟု မိန့်တော်မူ၏ ။ မိဖုရားစော လည်း ဆန်တော်မူမည် မိန့်တော် စကား သည် လွယ်၏ ။ ပြည်ထဲအရေး ကို ထောက်ရှု လိုက် သော် ခက်၏ ။ အဘယ်သို့ ခက် သနည်းဟူ မူကား အ‌ခြွေအရံ ပြည်သူပြည်သား အလုံးအရင်း မရှိဘဲ နေပြည်တော် သို့ ဝင် ၍ နေချေသော် ရန်သူ လက်တွင် အခက်ပင် ဖြစ်ချေရာသည် ။ ပြည်သူပြည်သား အပေါင်းတို့ သည် လည်း အလောင်းမင်းကြီး သည် အကွပ်အညှပ် ပြင်းတော်မူလှ ၍ အာဏာတော် ကို ကြောက်သော အားဖြင့် ပြည်တော် သို့ မချဉ်း မဝင်ကြသေး ဖြစ်သည် ။ ထို့ကြောင့် အလျင် အထက် က ကျွန်တော်မ လျှောက်ပါသည် ။ ယူတော် မမူပါ ။ ပြည့်ဝမ်း ကို မဖောက်ရာ ၊ ပြည့်ဦးကင်း ကို မနှိမ်ရာ ၊ ပြည့်တံခွန် ကို လည်း မချိုးရာ ၊ ပြည့်မျက်နှာ ကို လည်း မဖျက်ရာ ၊ ပြည့်ခြည်ပြည့်လက် ကို လည်း မဖြတ်ရာ ဟု အထက် က လျှောက်ပါသည် ကို ယူတော် မမူ ၊ ယခု ပြည်ရွာ စည်ပင်မည့် အရေး သည် အလွန် ခဲလှသည် ဟု နားတော် လျှောက်ပေ၏ ”

မျက်စိ အတန်ငယ် ညောင်း လာ သဖြင့် စာအုပ် ကို ပိတ် လိုက်သည် ။ မလှမ်းမကမ်း သရက်ပင်ကြီး အောက် မှာ တော့ သစ်ကိုင်းခြောက်များ မီးရှို့ ထား၍ မီးခိုးငွေ့ က တလူလူ ၊ ဖွဲ့ဖွဲ့ ကျဆင်း ဆဲဖြစ်သော နှင်းမှုန်များ ကြား မှာ မီးခိုးငွေ့ များ လူးလွန့် နေကြသည် ။

ထိုင် လက်စ ပက်လက် ကု,လားထိုင် မှ ထပြီး ခါးဆန့် အညောင်းဖြေ ရင်း ဝရန်တာ လက်ရန်းလေး မှာ လက်ထောက် ငေးမော နေမိသည် ။ ဟိုအဝေး တောင်ထွတ်လေး ပေါ် မှ စေတီလေး တစ်ဆူ ဆီ လှမ်းမျှော်မိ ပါမှ အဓိပ္ပာယ်ဖော်လက်စ ပုဂံခေတ် ကျောက်စာလေး တစ်ချပ် ဆီ အာရုံ ရောက် သွားတော့သည် ။ အား ... စာလုံး တွေ ကို တူးဆွရ ဦးမှာပါ ကလား ။

တကယ်တော့ သည် ကျောက်စာ က လည်း ယခု လှမ်းမြင် ဖူးတွေ့ နေရသည့် စေတီလေး ပရဝဏ် အား ရှင်းလင်းကြ ရင်း မှ တွေ့ရှိခဲ့သည် ဟု ဘန်ဂလိုစောင့်ကြီး က စာရေးဆရာ အား ပြော ပြထားဖူးသည် ။ ကျောက်စာ ပါ စာလုံးတွေ မှာ စာရေးဆရာ ၏ မှန်ဘီလူး အောက် တွင် မှ သင်္ချိုင်း ကမ္ပည်းစာ မှန်း သိကြရတော့သည် ။

“ ကျူးကျော်သူ မွန်ဂိုတာတာ တို့အား ခုခံရင်း ကျဆုံး ခဲ့သည့် လင်္ကာဆရာလေး ငလုံမာ အား မြှုပ်နှံ သင်္ဂြိုဟ် ရာ ” ဟူသော ခေါင်းစီးလေး ကြောင့် စာရေးဆရာ သည် ကျောက်စာ ပဟေဠိ အား ပိုမို စိတ်ဝင်စား လာ တော့သည် ။ ဆက်လက်၍ အဓိပ္ပာယ် ဖော်ပြီး သလောက် ကမ္ပည်းစာ ပါ စာသားလေး တွေ ကို တော့ အထပ်ထပ် ဖတ်ရ လွန်း ၍ အလွတ် ရ နေပြီ ။ ဘာတဲ့ ...

.. သူ ကား တံငါသည်
သို့သော် ...
မုရင်းစပါး စိုက်ပျိုးကာ
ကျွဲနွားများ ကို ကျေးဇူးတုံ့ပြန်သူ

.. သူ ကား တံငါသည်
သို့သော် .....
ပင်လယ်လိပ် နှင့် မိကျောင်းများအား
အစာကျွေးသူ မဟုတ် ...

... သူ ကား တံငါသည်
သို့သော် ...
ရင်တွင်းခံစားရသမျှ ကို ဖွင့်အန်
တေးသီချင်း တဘောင်သံ ကို နားထောင်
တောင်တန်းများ ကို ကာကွယ်သူ

သူကား ...

( ဃ )

ထိုနေ့ ည မှာ တော့ စာရေးဆရာလေး သည် ဝတ္ထုတို တစ်ပုဒ် ကို ရေးမိလျက်သား ဖြစ်နေ မိတော့သည် ။

◾ဆူးငှက် ( ၁၉၉၃ )

📖 ၂၀ ရာစု မြန်မာဝတ္ထုတို ၁၀၀

#ကိုအောင်နိုင်ဦး

.

 

No comments:

Post a Comment