Monday, July 8, 2024

ကြောင်စာ


 

❝ ကြောင်စာ ❞

ပြောရရင် သူ့ အနေ နဲ့ နှစ်ရက် ခြား တစ်ခါ လောက် ဈေး သွားဖြစ် နေတာ တစ်နှစ်ခွဲ သာသာ ရှိနေပြီ ။ ဟိုစဉ် က တော့ ကြောင်စာ အတွက် နဲ့ ဈေး သွား ရတာ ကိန်းကြီး ခန်းကြီး နိုင်သလို ဖြစ်နေမှာလား ဆိုတဲ့ ထင်မြင် စိတ် ကြောင့် ခြေဦးသင့် တဲ့ လမ်းဘေး ထမင်းကြော်ဆိုင် တွေ က ပဲ ငါးကြော် ဝယ် ပြီး ကျွေး ခဲ့တာ ။ ခပ်လတ်လတ် အရွယ် တစ်ကောင် ဆိုရင် တစ်ရာ့ငါးဆယ် ။ နည်းနည်း မဆိုစလောက် ကြီးတဲ့ အကောင် က နှစ်ရာ ။ ဒီတော့ တစ်နေ့ ကို ကြောင်စာဖိုး က ချည်း ခုနစ်ရာ ရှစ်ရာ ကုန်ကျ နေပြီ ။

တစ်နေကုန် စာ အတွက် ပေါင်း လိုက် ရင် လေးနပ် ။ မနက် စောစော အိပ်ရာ က သူ မနိုးခင် အချိန် မှာ ငါးကြော် အရွယ်တော် တစ်ကောင် ကို သူ့ တူလေး  က ငရုတ်ဆုံ ထဲ မှုန့်ညက် အောင် ထောင်းပြီး ထမင်းဖြူ နဲ့ ရောနယ်ကျွေး ထားတာ ။ ပြီးတော့ နေ့လယ် နဲ့ ညနေဘက် မှောင်ရီသမ်း ချိန် မှာ တစ်ခါစီ ။ ဒါတွင်မက နောက်ဆုံးပိတ် အိပ်ရာ ဝင်ချိန် မှာ ဆို တစ်ခါ ထပ် ကျွေးသေးတာ ဆို တော့ လေးကြိမ် လေးခါ ခွဲ ကျွေးတာ အကျင့် ဖြစ်နေပြီ ။ ဒီတော့ ထုံးစံ အတိုင်း ဆာဆာ ၊ မဆာဆာ ၊ အချိန် ကျရင် ကြောင် တွေ က တောင်းတော့တာပဲ ။ အဲလို သူတို့ ကိုကျွေး နေရတဲ့ အတွက် အိမ် ဘတ်ဂျက် အသုံးစရိတ် ထဲ က ပွန်းတာ ရှတာ လောက် ကို ရေးကြီးခွင်ကျယ် လုပ်ပြီး ပြောနေစရာ မလိုပေမဲ့ လမ်းနံဘေး မှာ နေ့တိုင်း ဆိုင်ကယ် ရပ်ပြီး ငါးကြော် ဝယ်ရ တဲ့ ဒုက္ခ တစ်မျိုးရယ် ။ တစ်ခါတလေ မှာ ဝယ် မိတဲ့ ငါးကြော် က ရောင်းတမ်း မို့ အသား မပါဘဲ ပိန်ကပ် နေ ပြီး ရက်ကျန် ဖြစ်လို့ ဆီချေးစော် နံတာမျိုး နဲ့ များ တိုက်ဆိုင် နေရင် ကြောင်ညတွေ က နမ်းရုံ သာ နမ်း ကြည့် ပြီး အစာခွက် နား က နေ လှည့်ထွက် သွားကြ တော့တယ် ။ အဲဒီ နေ့ အတွက် ဘယ်လိုပဲ ထမင်း ထဲ မှာ ငါးကြော် များများ ထည့် ပြီး နယ်ဖတ် ကျွေးကျွေး မစား တော့ဘူး ။ အစာခွက် ထဲ ထည့်ထား သမျှတွေ ကို အိမ်ဝိုင်း ထဲ မှာ လူ လစ် ချိန် ချောင်း နေတတ် တဲ့ ခွေး တွေ က ဝင် ကြိတ် သွား ရော ။

အဲလိုမျိုး သူတို့ စိတ် နဲ့ မတွေ့ လို့ လူ ကျွေး တဲ့ အစာ မစားချင် တဲ့ရက် ဆိုရင် လည်း ကြောင် ပီပီ ကြွက် လို သတ္တဝါမျိုး တွေ ကို ခုတ်ပြီး စားပါတော့လား ။ အိမ် မှာ တကျွီကျွီ လုပ် နေတဲ့ ကြွက်တွေ က သူတို့ အစာခွက် နား ကို တောင် ရံဖန်ရံခါ လာပြီး ရစ်သီရစ်သီ လုပ် နေတတ် သေးတာလေ ။ ဒါကို သူတို့ က မသိကျိုးကျွန် ပြုပြီး ငုတ်တုတ်ငိုက်မျဉ်း နေကျ ။ အဲ ... မမီတဲ့ ပန်း ကို တော့ တုံး ခု လို့ လှမ်း ဖို့ ဟန်ပြင် တတ်ပါတယ် ။ အိမ်ဝိုင်း ထဲ က မန်ကျည်းပင် တွေ ရဲ့ အကိုင်းအခက် တွေ ပေါ် မှာ ပြေးလွှား ဆော့ ကစား နေတဲ့ ရှဉ့်ကလေး တွေ ကို တော့ မော့ ကြည့်ပြီး ခုတ်မယ့် ဟန် တပြင်ပြင် နဲ့ လက်သည်း ထုတ် လို့ အဖြစ်သည်း ပြနေတာ ။ အိမ် အပေါ် ထပ် က ဘုရားခန်း ထဲ ဝင် လာ တတ် တဲ့ ခို တွေ ကို လည်း ဒီအတိုင်း ပုံစံ မပြောင်း ဘဲ ပါးစပ် တပြင်ပြင် လုပ်ပြီး ငုတ်တုတ် ထိုင် ကြည့်နေ တတ်တာ ။ ကြောင် က ကြောင်ဗီဇ မရှိတော့ဘူး ။ သူတို့ နဲ့ သက်ဆိုင် တဲ့ ဝမ်းရေး ဖြေရှင်းမှု သင်ခန်းစာတွေ က ကျောင်းပြန် ရောက် သလို ဖြစ်သွားပြီ ။ အမြဲတမ်း လူ က ထမင်းပွဲ ရှေ့ရောက် ကျွေး နေတော့ မခုတ်တတ် တဲ့ ကြောင် ဖြစ် သွားတာပေါ့ ။

ဒါပေမဲ့ အိမ် က ကြောင် တွေ က အကင်း တော့ အပါးသား လို့ ပြောရလိမ့်မယ် ။ ဈေး သွားရမယ့် ရက် ဆို ရင် မနက် ရှစ်နာရီ အချိန် မှာ သူ အိပ်ရာ က နိုး ပေမဲ့ တော်တော် နဲ့ မထ ဖြစ် သေးဘဲ ခုတင် ပေါ် တွင် အိလေးကြီး ဆွဲပြီး နှပ်နေ မိပြန်ရော ။ ဒီလိုဆိုရင် နောက်ပေါက် ကြောင် တွေ ထဲ က ချိုဝမ် ဒါမှမဟုတ် ပြည့်ပြည့် ။ တစ်ခါတလေ လည်း နှစ်ကောင် စလုံး က အိမ် ပေါ် အထိ တက် လာပြီး သူ့ အခန်း ထဲ ဝင် လို့ တညောင်ညောင် လုပ် နေ တတ်တာ ။ ဈေး သွားဖို့ နှိုး တာပေါ့ ။ ဒီလိုဆိုရင် မဖြစ်မနေ သူ ထ ရပြီ လေ ။ မျက်နှာသစ် ၊ သွားတိုက် ၊ အပေါ့အပါး ကိစ္စ ကို ပါ ခပ်မြန်မြန် ပြီးစေရတယ် ။ အိမ် က အရန်သင့် စီစဉ်ထား တဲ့ မနက်ခင်းစာ ကို တောင် ပြန် လာ မှ စားဖို့ တေးထား လိုက်ပြီး ဆိုင်ကယ်ပေါ်  ကသောကမျော တက် ထိုင်ကာ အိမ် က ထွက် ခဲ့ရတယ် ။ ပြန် လာရင် တော့ လမ်းထိပ် မှာ သူ့ ကို အခန့်စား ထိုင်ပြီး စောင့်ကြို နေတဲ့ ကြောင် လေးငါးခြောက်ကောင် က ဗုံ စီ သလို ညီညာ လို့ ။ ဈေး က နေ တစ်ခါတည်း အကြေးထိုး ချေးဖောက် လာ တဲ့ ငါးတွေ ကို ရေစင်စင် ဆေးနေတုန်း နံဘေး က ဝိုင်း တဲ့ သူတို့လေး တွေ ကို ငါးသည်မ အပို ထည့် ပေးလိုက်တဲ့ ပါးဟက် တွေ ပစ်ပစ် ကျွေးလိုက် ရတယ် ။ ဒါတောင် “ ဧည့်သစ် ” ဆိုတဲ့ ကြောင်မ က သားစိမ်းငါးစိမ်း စားကျင့် မရှိတော့ သူ့ ကို လည်း ဘေး ကနေ ငေး မနေရ အောင် ည ကတည်း က ချန် ထားတဲ့ ငါးကြော် တစ်ဖဲ့ တစ်ဖွဲ့ ကို ကျွေး ရသေးတယ် ။

ကြောင် တွေ က လည်း လူ လိုပဲ ။ လူ တော်တော်များများ က ထမင်းဝိုင်း မှာ အသားဟင်း ငါးဟင်း တွေ အလျှံ ပယ် ချထားပေး ရင် အကောင်းဆုံး အကြိုက်ဆုံး ကို ရွေး ပြီး စား ပစ်တတ်ကြသလိုပဲ ။ ငါးကြော် ကို ညက်အောင် မထောင်းဘဲ ကျွေးရင် ငါးကြော်ဖတ်တွေ ကို ချည်းပဲ ရွေးချယ် စား သွားကြတာ ။ ပြီးစီး လို့ ဗိုက် မဝ ရင် တညောင် ညောင် အော်ပြန်ရော ။ သူတို့ အစာခွက် ထဲ မှာ တော့ ထမင်းဖြူ ချည်း ကျန် နေရစ်တာ ။ တစ်ခါတလေ မှာ ကိုယ့် ကြောင်လေး တွေ စိုစိုဖတ်ဖတ် စား ပါစေတော့ ဆိုပြီး ထမင်း နဲ့ ဟင်း ရောနယ် ကျွေးကြည့် ။ ပန်းကန် ကို နမ်း ရုံ သာ နမ်း ကြည့်ပြီး မစားတော့ ဘဲ နေရာ က နေ လှည့် ထွက် သွားတော့တယ် ။ ပြုတ်ထား တဲ့ ငါး ဆိုရင်လည်း ပြုတ်ရည် တွေ ကို ခွေး ကျွေး ဖို့ ချန်ထား ပြီး နူး နေတဲ့ အဖတ် တွေချည်း ပဲ ထမင်း နဲ့ နယ် ကျွေးရတာ ။ အဲ တစ်ခါက တော့ အသင့်စား လို့ ရတဲ့ ကြောင်စာ တွေ ကို တူမလေး က ကျူရှင် အပြန် မှာ ဝယ်ခဲ့ပြီး ချ ကျွေး ကြည့် တော့ မစားဘူး ။ အကျင့်ပဲ လေ ။ စောစောက ပြောခဲ့သလို “ ဧည့်သစ် ” ဆိုတဲ့ ကြောင်မ က သားစိမ်း ငါးစိမ်း မစားရုံ သာ မက ငါးပြုတ် နဲ့ နယ် ကျွေး တာကိုတောင် တော်တော် ကလေး ဆာ မှ စား တာ ။ သူ့ ဆိုရင် ငါးကြော် နဲ့ မှ ။ ဝက်သား ကြိုက်တာချင်းကျ တော့ အိမ် က ကြောင်တွေအားလုံး ရဲ့ တူညီချက်ာပဲ လို့ ပြောရမယ် ထင်တယ် ။ ထမင်းစားချိန် ဆိုရင် စားပွဲဝိုင်း နဲ့ မလှမ်းမကမ်း နေရာမှာ ဝပ် နေကြတဲ့ ကောင် တွေ ကို ဝက်သားတုံး တစ်ဖဲ့တစ်ဖွဲ့ သာ ပစ် ကျွေး လိုက် ။ အဆီအခေါက် ရွေး မနေဘူး ။ အငမ်းမရ လုပြီး စား ကြပါလိမ့်မယ် ။ ဒါပေမဲ့ ကြောင် ကို ဝက်သား မကျွေး ရဘူး ။ သန်ထိုး နိုင်တယ် ။ သန်ချဆေး ကျွေးပြန် တော့ လည်း ရာသီဥတု ပူပြင်းတဲ့ အချိန် ဆိုရင် အမွေးတွေ ကျွတ် ပြန်ရော ။

ဒီတော့ သူတို့ာအတွက် ငါး ဝယ်ဖို့ ဈေး ကို ထွက်ခဲ့ရပြန်တာပေါ့ ။ ဈေး မှာ က အစ ကနဦး ဝယ်ကျင့် မရှိသေး တော့ ဘယ်လိုလုပ်ပြီး အလေးမှန် ဈေးမှန် ရနိုင်ပါ့မလဲ ။ ကိုယ် ဝယ်တာ က အရိုးရှင်း တဲ့ ဂျပန်ငါး ။ စ ဝယ်တုန်း က အစိတ်သား ကို သုံးရာ့ငါးဆယ် က နေ ဒီနှစ် ထဲ ဆိုရင် ခြောက်ရာဈေး အထိ ရှိလာတယ် ။ အဲဒီ ဈေး ထဲ မှာ တစ်သည် မကောင်း ၊ နောက်ထပ် တစ်သည်ပြောင်း ဆိုတဲ့ ကျင့်ထုံး အတိုင်း လ ချီ အောင် ဝယ်ခဲ့ ပြီး မှ အခုလောလောဆယ် ဝယ် နေတဲ့ ငါးသည်မလေး နဲ့ ဖောက်သည် ဖြစ် သွားတာ ။ ကောင်မလေး ဆီ မှာ အဝယ် ကြာ လာတော့ ဘယ်သူ့ ကို မဆို အလေးမှန်မှန် နဲ့ ပိုပိုသာသာ အဆစ် ထည့် ပေးာလိုက်တဲ့ ငါး က အိမ် ရောက် ရေ ဆေးကြည့် လိုက် ရင် ပါးဟက်တွေ က မည်းသည်း ပြီး အသားတွေ နူးချင် ပွချင် နေပြီ ။ သိပ် မလတ်ဆတ်တော့ဘူး ပေါ့ ။ တခြား ဈေးဝယ် တွေ ရှေ့ မှာ ချိန်ခွင် တင်ပြီး မှ ဖျိုးဖျိုးဖျတ်ဖျတ် နဲ့ နှစ်ကောင်သုံးကောင် အဆစ် သဘော ပစ်ထည့် ပေးတာ ဆိုတော့ သူ့ အနေ နဲ့ ငါး ကို ဘယ်မှာ ပါးဟက် ဖြဲ ပြီး ပြူးပြဲ ကြည့် နေနိုင်ပါ့မလဲ ။ ဒါက မျက်မှန်းတန်း မိ နေတဲ့ ဖောက်သည်ကောင်မလေး ရဲ့ ဈေး ရောင်းနည်း ဗျူဟာ ကို လက်တွေ့ မြင်ခဲ့ရတာ ။

ဒီ ရက်ပိုင်း မှာ ဘူတာဈေးလေး ရဲ့ အသားသည် ငါးသည် တွေ ကို အရင် လို ကားလမ်း နံဘေး ဝဲယာမှာ မထွက် စေတော့ ဘဲ ဈေးတောင်ဘက် နား က ခပ်လှမ်းလှမ်း နေရာ မှာ တဲတန်းကြီးတွေ ထိုးပြီး နေရာ ချ ပေးလိုက်တယ် ။ ဒီတော့ လမ်းဘေးဈေးသည် တွေ လည်း ဆိုင် နဲ့ကနား နဲ့ ဖြစ် ကုန်တာပေါ့ ။ ဈေး ရဲ့ တောင်ဘက်ထိပ် က ဝင်ရင် ပထမဆုံး တွေ့ရ မှာ က ဆိတ်သားတန်း နဲ့ အမဲသားတန်း ။ အလယ် နေရာ မှာ ဝက်သား နဲ့ကြက်သားဆိုင် တွေ ။ မြောက်ဖျားဆုံး နေရာ က ငါးစိမ်းတန်း ။ အားလုံးက ဆိုင်ခန်း သဘော လုပ် ထားတဲ့ ဈေးခုံ တွေ ပေါ် မှာ ပဲ ရောင်းကြရတာ ဆိုတော့ အသားငါး ကိုင် တဲ့ စဉ်းတီတုံး နဲ့ ဓားသံ တွေ က တဒုန်းဒုန်း တဒိုင်းဒိုင်း ညံပွက်လို့ ။ အလေး မပြည့်လို့ ပြန်လာ ပေးသူတွေ ။ ငါး ကို အကြေးထိုး ချေးဖောက် အလုပ်တွေ ပြီးစီး လို့ တုံးတစ် ပြီး မှ တခြား ဈေးသည် ရဲ့ချိန်ခွင်ဘမှာ သွား ချိန် ကြည့်တဲ့အခါ အလေး မပြည့် တာ ကြောင့် ပြန် လာသူတွေ နဲ့ ငါးတန်း မှာ တော့ တရုန်းရုန်း တအုန်းအုန်း ဆူညံပွက် နေတယ် ။

“ ယောက်မ တစ်ခါ တည်း အပြီး လုပ်လိုက်နော် ” 

အဲလိုမျိုး ဈေးဝယ် ပါးစပ် က လေသံချိုချို ထွက် လာပြီ ဆိုရင် ငါးသည် က လည်း ဒက်ခနဲ သဘော ပေါက် လိုက်ပါတယ် ။ အလေးချိန်ခွင် ကို အတိအကျ ဖြစ်အောင် မှန်မှန်ကန်ကန် ချိန်ပေးတယ် ။ ပြီးမှ မလတ် တော့ တဲ့ ငါး တစ်ကောင် နှစ်ကောင် ကို ချိန်ပြီး သားငါး တွေ ထဲ ထပ် ဆောင်း ပစ်ထည့် ပေးလိုက်တယ် ။ ဒါဆိုရင် ဈေးဝယ် က လည်း ငါး ကိုင် ပေးတာ ခဏ စောင့်ပြီးတာ နဲ့ ဆိုင် ရှေ့ က နေ သိုးသိုးသွက်သွက် ပြန် ထွက် သွားရော ။

သူ အမြဲတမ်း ဝယ်နေကျ ဖောက်သည် ကောင်မလေး က တော့ ဘယ် ဈေးဝယ် ကို မဆို အလေး ချိန်ခွင် ပေါ်  မစား တာ သူ သိပြီးသားလေ ။ တချို့ ရက်တွေ မှာ အိမ် က အထွက်နောက်ကျ လို့ ဝယ်တဲ့ နေရာ မှာ လိုသလောက် အလေးချိန်ဘမပြည့် ရင် တောင် ကောင်မလေးအနေ နဲ့ “ နောက်နေ့ မှ ဖောဖောသီသီ ယူ နော် ဦးလေး ” ဆိုပြီး ဝယ် နေကျ ခုနစ်ဆယ့်ငါးကျပ်သား လျော့လျော့လကို မြင်သာ အောင် ချိန်ပြ လိုက်တာပါပဲ ။ ဒါမျိုး ဆိုရင် သူ က လည်း အလေး မပြည့်ရကောင်းလား ပြော မနေတော့ဘဲ ကျသင့် ငွေ ကို ခုနစ်ဆယ့်ငါးကျပ်သားအတွက် တစ်တောင့်ငါးရာ ပြည့်အောင် ပေးလိုက်တာပါပဲ ။ ငါးသည် ကောင်မလေး က လည်း နောက် ရက်တွေ လာ ဝယ်ရင် ပစ်ထည့် ပေး တတ်တယ် ။ အဲဒီ အဆစ် ပေးတဲ့ ငါးတွေ က မလတ်ဆတ်ဘူး ဆိုတာ သူ ရိပ်မိတယ် ။ အဆစ် ပေးဖို့ ဆိုရင် ငါးပုံ ထဲ က ငါးကို အလွယ်တကူ ကောက်ယူ ပေးတယ်ညဆို ဦးတော့ ငါးသည် တွေ ရဲ့ မျက်လုံး နဲ့ ကျွမ်းကျင်မှု လက်ဆ က မလတ်ဆတ်ဆုံး ငါးတွေ ဆီ ရောက် သွားတာ လည်း သူ သိနေပါတယ် ။

ဒီနေ့ တော့ ဆိုင်ရှေ့ ရပ်လိုက်တာနဲ့ ဂျပန်ငါး အပုံ နှစ်ပုံ က သူ့ ကို ကြိုဆို နေတာရယ် ၊ ငါးကောင်ရေ များ တဲ့ အပုံဆီ မျက်စိ ဖြန့် ကြည့် လိုက်တော့ သူ့ စိတ်ကြိုက် လက်တစ်ဝါးစာ အရွယ် ငါးတွေ ။ အဲဒီ ရဲ့ဘေးနား က အပုံ မှာ တော့ နည်းနည်း အရွယ် ကြီးတဲ့ ဂျပန်ငါး ခုနစ်ကောင် ရှစ်ကောင် ။ ပြီးတော့ တခြား ရေထွက်ပစ္စည်း တွေ ဖြစ်တဲ့ ပုစွန်ဆိတ် အပြည့် နဲ့ လင်ပန်းတို့ ။ ငါးဥ တွေ ထည့် ထားတဲ့ ဆန်ခါ တစ်လုံး နဲ့ ငှက်ပျောရွက် ပေါ် မှာ ပြန့်ကျဲ နေတဲ့ ငါးကြင်းပေါက်ကလေး ဆယ်ကောင်လောက် ။ တစ်ပေ အရွယ်သာသာ ငါးသလောက် က သုံးကောင် ။ ယင်ကောင် တွေ က တော့ အညှီနံ့ ရှိတဲ့ အပေါ် မှာ အတောမသတ် အောင် ဝဲပျံလို့ ။ ကောင်မလေး က လက် ထဲ ကိုင် ထား တဲ့ ငှက်ပျောရွက် နဲ့ ယင်ကောင် တွေ ကို တစ်ချက် နှစ်ချက် ယမ်းခါ ရင်း ဆိုင်ရှေ့ လာ ရပ်တဲ့ သူ ကို အပြုံး နဲ့ ကြိုဆိုတယ် ။

“ လာ .. ဦးလေး ။ ဒီဘက်က ငါးရာ ဦးလေး လိုချင် ရင် လေးရာ နဲ့ ပေးမယ် ။ ဒီ အကြီးတွေ က တော့ ခြောက်ရာ ရောင်းဈေး ။ ဦးလေး ဆိုရင် တော့ ငါးရာ ပေါ့ ”

သူက အရင်ဆုံး သူ့ စိတ်ကြိုက် နှစ်ပိုင်း ထစ်ပြီး ကြော် လို့ ရမယ့် အလောတော် အရွယ် ငါးပုံ ကို ကြည့် လိုက်တော့ တချို့ အကောင် တွေ က အပေါ်ယံအကြေးခွံ တွေ မည်းရောင် သမ်းပြီး သိပ် မလတ်တော့ မှန်း သိလိုက် တယ် ။ ဟိုဘက် အပုံ ထဲ က နည်းနည်း အရွယ် ကြီးတဲ့
အကောင်တွေ က တော့ အကြေးခွံ တွေ ဝင်း ဝါလို့ ။ တော်တော်ကလေး လတ်ဆတ် တဲ့ သဘော မှာ ပြနေတယ် ။ ငါးရောင်း တဲ့ကောင်မလေး က တော့ ကြောင်စာ အတွက် ဝယ်တယ် ဆိုတာ ဘယ် သိမှာလဲ ။ တစ်လျှောက်လုံး သူ ဝယ်ခဲ့သမျှ ငါးတွေ အားလုံး ကို လူ စားမယ်ချည်း ထင် နေတာ ။ ကြောင်စာ က ခုတ်ထစ်ပြီး ငါး ကိုင်ပြီး မှ ထွက် လာတဲ့ ဦးခေါင်းပိုင်း က ပါးဟက် တွေ ပဲ လို့ ကောင်မလေး နားလည် ထားတာပါ ။ သူ က လည်း ငါး ဝယ်ရင် ဘယ်တုန်း က မှ ကြောင်စာအတွက် လို့ ပြောလေ့ မရှိတော့ “ ဦးလေးတို့ က အကောင်းကြိုက်ဆိုတော့ ဒီ ထဲ က သာ ယူလိုက် ” ဆိုပြီး လတ်လတ်ဆတ်ဆတ် အပုံ ထဲ က ငါး တစ်ကောင် ကို ကောင်မလေး လက် နဲ့ ဖမ်းကိုင် လိုက်တာ မြင်ရတယ် ။ ပုံမှန် ဆိုရင် အဲဒီ ငါး က ချိန်ခွင်ခွက် ထဲ ကို အလွယ်အကူ ရောက် သွားရမှာ ။ အခုတော့ ဇီဝိန် မချုပ်သေးတာ ကြောင့် ငါး က ရှိသမျှအင်အား ကုန် သုံး ပြီး ကောင်မလေး လက် ထဲ က နေ ဖျတ်ခနဲ ခုန်ထွက် သွား တယ် ။ ကောင်မလေး က သူ့ ကို “ တွေ့ပြီလား ” ဆိုတဲ့ သဘောမျိုး မဆိုစလောက်ကလေး ပြုံး ပြပြီး လွတ် သွား တဲ့ ငါး အရှင် ကို အမိအရ ကောက်ကိုင် လိုက် ချိန်မှာ သူ ပျာပျာသလဲ တား လိုက်မိတယ် ။

“ အဲ … အဲဒီ အကောင် ဆိုရင် မထည့်နဲ့ တော့ ။ ဟို .. လေးရာတန် ထဲ က ပဲ ပေးတော့ ”

ဒီတော့ ကောင်မလေး က ချိန်ခွင်တင် တော့မယ့် ဟန် ပြင်နေဆဲ ငါးအရှင် ကို အပုံ ထဲ ပြန် ပစ်ထည့် ရင်း တခြား လေးရာ ဆိုတဲ့ အပုံ ထဲ က ငါးတွေ ဆီ လက် လှမ်း တယ် ။

“ ဪ …. ဦးလေး က ငရဲကြီး မှာ ကြောက် နေတာ ကိုး ။ မကြောက်ပါနဲ့ ဦးလေး ရယ် ၊ ဦးလေး လက်ဖျား နဲ့ မထိခင် ကျွန်မ က တစ်လက်စ တည်း အပြီးအစီး လုပ်ပေး လိုက်မှာပါ ”

သူ့ ကို လှမ်း ပြောရင်း ချိန်ခွင်ခွက် ထဲ ရောက်အောင် ငါးတွေ ကျင်လည်စွာ ပစ်ထည့် နေတဲ့ ကောင်မလေး ကို မချိ ပြုံး ၊ ပြုံး ပြီးကြည့် နေမိပေမဲ့ သူ့ ရင် ထဲ က စကား တစ်ခွန်း ကို တော့ ငါးသည်မလေး ကြား သွားမှာ စိုးရိမ် နေ ပါသေးတယ် ။

“ တစ်ခဏ ကြာရင် သူ့ သဘော သူ ဆောင် ပြီး သေတော့မယ့် ငါးကလေး အပေါ် မှာ တောင် ကိုယ့် ကြောင့် ဆိုတဲ့ ပယောဂ မပါစေချင်ဘူး ကောင်မလေး ရယ် ”

⎕ စိုးအောင် ( မန္တလေး )

📖 ပိတောက်ပွင့်သစ်
      ၂၀၁၁ ၊ ဇွန်လ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment