Monday, July 8, 2024

လိုတရ မင်းသားလေး


 ❝ လိုတရ မင်းသားလေး ❞

        ( မောင်စောလွင် )

        

တစ်ရံရော အခါ တိုင်းပြည် တစ်ပြည် တွင် ဘုရင်ကြီး တစ်ပါး အုပ်ချုပ် စိုးစံ လျက် ရှိ၏ ။ ထို ဘုရင်ကြီး တွင် မိဖုရား တစ်ပါး သာ လျှင် ရှိ၏ ။ သို့သော်လည်း ၎င်းတို့ တွင် ထီးမွေ နန်းမွေ ဆက်ခံရန် သားသမီး တစ်ပါး မျှ မထွန်းကားချေ ။ ထို့ကြောင့် ဘုရင်မကြီး သည် ဥယျာဉ်တော် သို့ နေ့တိုင်း သွား၍ သားသမီး ဆု ကို တောင်း လေ့ ရှိ၏ ။


တစ်ည ၌ မိဖုရားကြီး သည် အိပ်မက် မြင်မက် လေ၏ ။ နတ်သမီး တစ်ပါး သည် ၎င်း ထံ လာလတ်၍ အလို ရှိရာတိုင်း ရနိုင် စွမ်းသော တန်ခိုးသတ္တိ နှင့် ပြည့်စုံသည့် သားတော်လေး တစ်ပါး ပေးသည် ဟု အိပ်မက် မြင်မက်၏ ။ နံနက် လင်း သော် မိဖုရားကြီး သည် လျှောက်ကြား လေ၏ ။ ဘုရင်ကြီး လည်း ဝမ်းသာ ၍ နေ၏ ။


များမကြာမီ ပင် ဘုရင်မကြီး သည် သားတော်လေး တစ်ပါး ဖွားမြင် လေ၏ ။ ထိုအခါ ဘုရင်ကြီး နှင့် မိဖုရား တို့ သည် ဝမ်းသာ ရွှင်လန်း ၍ နေကြ၏ ။ နန်းတော်သူ နန်းတော်သား များ မှာ လည်း ဝမ်းမြောက် ရွှင်လန်းကြ ကုန်၏ ။


နံနက်တိုင်း ပင် မိဖုရားကြီး သည် ဥယျာဉ် တွင်း ရှိ ရေကန် သို့ သွား ၍ မင်းသားလေး နှင့် အတူ ရေ ချိုးလေ့ ရှိ၏ ။ တစ်နေ့ သော် မိဖုရားကြီး သည် ရေ ချိုးပြီးသည် ဖြစ်၍ မင်းသားကလေး အား ရင်ခွင် ထဲ တွင် ပွေ့ချီ ၍ ထား၏ ။ ထို ခဏချင်း ပင် မိဖုရားကြီး သည် အိပ်ပျော် ၍ သွားလေ၏ ။


ထို့အခါ စားတော်ကဲ သည် မိဖုရားကြီး ၏ ရင်ခွင် ထဲ မှ ကလေး အား ခိုးယူ ၍ ဝှက် ထား၏ ။ တစ်ဖန် စားတော်ကဲ သည် ကြက် တစ်ကောင် ကို သ,တ် ပြီး ထို ကြက်သွေးများ ဖြင့် မိဖုရားကြီး ၏ အဝတ် အစားများ အား ဖျန်းဆွတ် ၍ ထား လေသည် ။ ထို့နောက် ဘုရင်ကြီး ထံ သို့ အလျင်အမြန် သွား၍ မိဖုရားကြီး ထံ မှ မင်းသားလေး အား တောရိုင်း တိရစ္ဆာန် တစ်ကောင် ကောင် သည် ကိုက်ချီ ၍ သွား လေဟန် လျောက်ကြား လေ၏ ။ ဘုရင်ကြီး လည်း မိဖုရားကြီး ၏ အဝတ်အစားများ မှ ပေကျံ ၍ နေသော သွေးများ ကို တွေ့ရှိ သဖြင့် ယုံကြည် လေ၏ ။ ထိုအခါ ဘုရင်ကြီး သည် မိဖုရားကြီး အား အလွန် စိတ်ဆိုး လေ၏ ။ ထို့ကြောင့် လည်း ဘုရင်ကြီး သည် မိဖုရားကြီး အား အလွန် မြင့်မားသော ရဲတိုက်ကြီး တစ်ခု ပေါ် တွင် အစာရေစာ မပေးမူ၍ တစ်ယောက် ထဲ ခုနစ်နှစ် တိုင် နေစေရန် အကျဉ်းချ ဒဏ်ပေး ထား လေ၏ ။ သို့သော်လည်း နတ်သမီး နှစ်ပါး သည် ချိုးငှက် အသွင် ဖန်ဆင်း လျက် မိဖုရားကြီး ထံ အစာရေစာများ ကို နေ့တိုင်း ယူ လာ ပေးလေ့ ရှိ၏ ။ ဤသို့ဖြင့် မိဖုရားကြီး မှာ အသက် ရှင် လျက် နေရ လေသည် ။


ထိုအချိန် တွင် စားတော်ကဲ သည် နန်းတော် မှ တိတ်တဆိတ် ထွက်ပြေး လေ၍ တောရွာလေး တစ်ရွာ တွင် မင်းသားလေး နှင့်အတူ နေထိုင် လေ၏ ။ ထို စားတော်ကဲ သည် မင်းသားလေး ၏ အလို ရှိရာ ရနိုင် စွမ်းသော တန်ခိုး ရှိကြောင်း ကို သိရှိ ရ၍ ယခု လို ခိုးယူလာခြင်း ပင် ဖြစ်၏ ။


တစ်နေ့သ၌ စားတော်ကဲ သည် ၎င်းတို့ နေထိုင်ရန် အတွက် လှပသော နန်းတော်ကြီး တစ်ဆောင် ကို မင်းသားလေး အား တောင့်တ စေ၏ ။ မင်းသားလေး လည်း စားတော်ကဲ စေခိုင်း သည့် အတိုင်းပင် တောင့်တ ရ၏ ။ ထိုအခါ ၎င်းတို့ ရှေ့ တွင်ပင် နန်းတော်ကြီး တစ်ဆောင် ပေါ်၍ လာ၏ ။တစ်ဖန် စားတော်ကဲ သည် မင်းသားလေး အား အဖော် ရစိမ့်သောငှာ လှပသော မင်းသမီးလေး တစ်ပါး အား တောင့်တ စေပြန်၏ ။ မင်းသားလေး လည်း ရှေးနည်း တူစွာပင် တောင့်တ သဖြင့် အလွန် လှပသော မင်းသမီးလေး တစ်ပါး ရောက်ရှိ လာ လေ၏ ။ ထို မင်းသမီးလေး နှင့် ပင် မင်းသား လေး သည် ပျော်ရွှင်စွာ ကစားလျက် နေ၏ ။ စားတော်ကဲ မှာ မူကား ဘုရင် များ ကဲ့သို့ တော ထဲ တွင် အမဲလိုက် ထွက်လေ့ ရှိ၏ ။


တစ်နေ့သော အခါ စားတော်ကဲ သည် ၎င်း ၏ နောင်ရေး အတွက် အလိမ် ပေါ် ကုန်မည် ကို စိုးရိမ်ပူပန် မိ လေသည် ။ အကြောင်း မှာ မင်းသားကလေး ကြီးပြင်း လာ၍ ၎င်း ၏ ဖခင် နှင့် မိခင် တို့ အား တွေ့မြင် လိုပါသည် ဟု စိတ် ထဲ မှ တောင့်တ မိ ပါလျှင် စားတော်ကဲ သည် ဒုက္ခ ရောက် ရမည် ဖြစ်သောကြောင့် ပင် ။ ထို့ကြောင့် မင်းသားကလေး အား ယခု ငယ်စဉ် ကတည်း က ပင် သ,တ် ပစ်ရန် ကြံစည် ရ ပြန်လေ၏ ။


နောက် တစ်နေ့ တွင် လူလိမ် စားတော်ကဲ သည် မင်းသမီးလေး အား ၎င်းနှင့် အတူ ခေါ်၍ တော ထဲ သို့ ထွက်ခဲ့ လေ၏ ။ တော ထဲသို့ ရောက်လတ်သော် မင်းသမီးလေး အား ၎င်း ၏ ကောက်ကျစ် စဉ်းလဲသော အကြံအစည်များ ကို ပြောပြ လေ၏ ။ ထို  အကြံအစည် မှာ ည အခါ မင်းသားလေး အိပ်ပျော် နေစဉ် ဓား ဖြင့် ထိုးသ,တ်၍ အသည်း အား ထုတ်ယူ ပြီး ပေးအပ်ရမည် ဖြစ်၏ ။ ဤသို့ မပြုလုပ် သော် မင်းသမီးလေး အား သ,တ်မည် ဟု ခြိမ်းခြောက် စေခိုင်းလေ၏ ။


နောက် တစ်နေ့ နံနက် တွင် လူလိမ် စားတော်ကဲ သည် အမဲ လိုက်ရန် အလို့ငှာ တော ထဲ သို့ ထွက်သွား လေ၏ ။ မင်းသမီးလေး လည်း ၎င်း ၏ ချစ်ခင်သော ကစားဖော် မင်းသားလေး အား မသတ်လို ၍ အကြောင်းစုံ ကို ပြောပြ လေ၏ ။ ထိုအခါ မင်းသားလေး နှင့် မင်းသမီး တို့ သည် ၎င်းတို့ ၏ လွတ်မြောက်ရာ လမ်း ကို ကြံစည် တွေးတော ၍ နေကြ ကုန်၏ ။ အတန် ကြာ သော် ၎င်း တို့ သည် ဒရယ် တစ်ကောင် အား ဖမ်း ၍ သ,တ် ပြီး လျှင် အသည်း ကို ထုတ်ယူ ၍ ထား၏ ။ ညနေ သို့ ရောက် သော် လူလိမ် စားတော်ကဲ သည် အမဲလိုက် ရာ မှ နန်းတော် သို့ ပြန် ရောက် လာခဲ့လေ၏ ။ ထိုအခါ မင်းသမီးလေး သည် ဒရယ်ကောင် ၏ အသည်း အား မင်းသား အသည်း အဖြစ် ပန်းကန်ပြား ထဲ တွင် ထည့် ၍ ပေး လေ၏ ။ မင်းသားကလေး ကို မူ ကုတင် ပေါ် တွင် သေ နေ သည့် ဟန် ဖြင့် စောင်များ နှင့် လွှမ်းခြုံ ၍ ပေးထား၏ ။


ထိုအချိန် တွင် မင်းသားကလေး သည် အိပ်ရာ ထက် မှ ခုန် ၍ ထ ပြီး လျှင် စားတော်ကဲ အား “ သင် သည် လူလိမ် ဖြစ်၍ ခွေးနက်ကြီး အသွင် သို့ ပြောင်းစေ ” ဟုစိတ် ထဲ မှ တောင့်တ လိုက် လေ၏ ။ ထိုသို့ တောင့်တ လျှင် တောင့်တချင်း ပင် စားတော်ကဲ သည် ခွေးနက်ကြီး အသွင် သို့ ပြောင်း သွား လေသည် ။


ထို့နောက် မင်းသားလေး သည် ၎င်း ၏ မွေးဖွားရာ တိုင်းပြည် သို့ ပြန်မည် ဖြစ်၍ မင်းသမီးလေး အား ၎င်း နှင့် အတူ လိုက်ရန် ခေါ်လေ၏ ။ မင်းသမီးလေး မှာ လည်း ဝေးလံလှသော တခြား တိုင်းပြည် သို့ လိုက်ရန် မဖြစ် ဟု ငြင်းဆို၏ ။ ထိုအခါ မင်းသားလေး သည် မင်းသမီးလေး အား နှင်းဆီပန်းပွင့်ကြီး တစ်ပွင့် ဖြစ်စေရန် တောင့်တ လိုက် လေ၏ ။ မင်းသမီးလေး လည်း နှင်းဆီ ပန်းပွင့်ကြီး တစ်ပွင့် အဖြစ် သို့ ရောက်ရှိ သွား၏ ။ မင်းသားလေး လည်း ထို နှင်းဆီပန်းပွင့်ကြီး အား ယူ၍ ၎င်း ၏ တိုင်းပြည် သို့ ခရီး ထွက် ခဲ့လေ၏ ။ ၎င်း နောက် မှ ခွေးနက်ကြီး လည်း လိုက်ပါ၍ လာခဲ့၏ ။ မွေးရပ် တိုင်းပြည် သို့ရောက် သော် မင်းသားကလေး သည် ၎င်း မိခင် အား တွေ့ ရန် တောင့်တ လိုက်၏ ။ ထို ခဏချင်း ပင် မင်းသားကလေး သည် မိဖုရားကြီး အကျဉ်း ချထား ရာ ရဲတိုက်ကြီး ထဲ သို့ ရောက် သွား၏ ။ ထို မှ မင်းသားကလေး သည် မယ်တော် မိဖုရား အား ၎င်း သည် သားတော် အစစ် ဖြစ်ကြောင်း အကြောင်းစုံ ရှင်းလင်း ပြောပြ လေ၏ ။ ထိုအခါ မိဖုရားကြီး သည် ဝမ်းမြောက်စွာ သားလေး အားဖက် ၍ ထားလေ၏ ။


တစ်ဖန် မင်းသားကလေး နှင့် မယ်တော် မိဖုရားကြီး တို့ သည် နန်းတော် သို့ သွား ၍ ဘုရင်ကြီး နှင့် တွေ့ဆုံကြ လေ၏ ။ ဘုရင်ကြီး မှာ မိဖုရားကြီး အသက် ရှင်လျက် တွေ့ရသည် ကို အံ့ဩ နေလေ၏ ။ နန်းတော်သူ နန်းတော်သား များ လည်း အလွန် အံ့ဩ နေကြကုန်၏ ။ မိဖုရားကြီး နှင့် မင်းသားကလေး တို့ လည်း ၎င်း တို့ အသီးသီး ၏ အဖြစ်အပျက် အလုံးစုံ ကို ဘုရင်ကြီး အား လျှောက်တင်ကြ လေ၏ ။ မိဖုရားကြီး နှင့် သားတော် တို့ ၏ လျှောက်တင်ချက် ကို ကြား ရသော် ဘုရင်ကြီး သည် စားတော်ကဲ အား အလွန် ဒေါသ အမျက် ထွက်ပြီး လျှင် ဖမ်း ၍ သ,တ်စေရန် အမိန့် ပေးလေ၏ ။ ထိုအခါ မင်းသားလေး သည် ခွေးနက်ကြီး အား အနား သို့ ခေါ်ယူ၍ ၎င်း သည် စားတော်ကဲ ဖြစ်ကြောင်း အလုံးစုံ ရှင်းပြ၏ ။ ထို ခွေးနက် အသွင် စားတော်ကဲ အား မသတ်မူ ၍ ရဲတိုက်ကြီး ထဲ တွင် အကျဉ်းချ ထားရန် မင်းသားကလေး သည် ဘုရင်ကြီး အား လျှောက်တင် လေ၏ ။


ဤသိုဖြင့် ဘုရင်ကြီး ၊ မိဖုရားကြီး နှင့် သားတော် မင်းသားလေး တို့ အဖြစ်အပျက် အလုံးစုံ ရှင်းလင်း ကုန်ပြီ ဖြစ်၍ ဝမ်းမြောက်ရွှင်လန်း ၍ နေကြ ကုန်၏ ။ သို့သော် လည်း မင်းသားလေး သည် ဖခမည်းတော် နှင့်မယ်တော် တို့ အား ၎င်း တွင် မင်းသမီးလေး တစ်ပါး ပါ လာကြောင်း လျှောက် လေ၏ ။ ဘုရင်ကြီး နှင့် မိဖုရားကြီး တို့ လည်း ဧည့်သည် မင်းသမီးလေး အား ခေါ်ခဲ့ရန် ပြန် ပြော၏ ။ ထိုအခါ မင်းသားကလေး သည် ပါ လာသော နှင်းဆီပွင့်ကြီး တစ်ပွင့် အား မိဖုရားကြီး လက် ထဲ သို့ပေး ၍ နှင်းဆီပွင့် မှ တစ်ဖန် မင်းသမီးလေး အဖြစ် သို့ ပြန် ဖြစ်ရန် တောင့်တ လိုက် လေ၏ ။ ထို ခဏချင်း ပင် မိဖုရားကြီး လက် ထဲ မှ နှင်းဆီပွင့်ကြီး သည် အလွန် လှပသော မင်းသမီးလေး တစ်ပါး အဖြစ် သို့ အသွင် ပြောင်း လာလေ၏ ။ ထို အဖြစ် ကို မြင်ကြရ သော် ဘုရင်ကြီး ၊ မိဖုရားကြီး နှင့် နန်းတော်သူ နန်းတော်သား အားလုံး တို့ သည် အလွန် အံ့ဩ ဝမ်းမြောက် ကုန် ကြ၏ ။


နောက်များ မကြာမီ ဖခမည်းတော် နှင့် မယ်တော် တို့ လည်း မင်းသားလေး အား ထို နှင်းဆီမယ် မင်းသမီးလေး နှင့် ပင် ကြီးကျယ် ခမ်းနားစွာ လက်ထပ်ပွဲကြီး ကို ဆင်ယင် ကျင်းပ ပေးလေတော့ သတည်း ။


◾မောင်စောလွင် 


📖 ရှုမဝ မဂ္ဂဇင်း

       ၁၉၅၈ ၊ ဩဂုတ်


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment