Saturday, July 13, 2024

ကျွန်းသေတ္တာ နဲ့ ကြွပ်ကြွပ်အိပ်


 

❝ ကျွန်းသေတ္တာ နဲ့ ကြွပ်ကြွပ်အိပ် ❞

အဘွား လှရင် ( ခ ) အဘွား ဒေါ်တင်အေး ။ ကျွန်တော် ၏ မွေးစား အဘွား ။ မျက်စိလည် သွားပြီ ထင်ပါသည် ။ အဘွား က ကျွန်တော့် အမေ ကို မွေးစား ထားသောကြောင့် ကျွန်တော် ပါ ရောယောင်၍ မွေးစားမြေး ဖြစ်သွားရခြင်း ဖြစ်သည် ။

အဘွား က စိတ်ကြီးသည် ။ ဒေါသကြီးသည် ။မာနကြီးသည် ။ သို့သော် ဘဝ ကို ဒေါင်ကျကျ ပြားကျကျ ရုန်းကန်ရဲသည် ။

တစ်ချိန်က အဘွားတို့ ခေတ်ကောင်းချိန် က သနပ်ခါး တောင် ကိုယ်တိုင် သွေး မလိမ်းခဲ့ရ ။ ရေချိုးမယ် ဟု ဆိုလိုက်လျှင် အိမ်ဖော်တွေ က အဆင်သင့် သွေးထား ပေးရ၏ ။ သူကိုယ်တိုင် မသွေးတတ်၍ မဟုတ် ။ သနပ်ခါး အပျစ်အကျဲကို ကြည့်ရုံ နှင့် သွေးထားသည့် လူ က စေတနာ ပါသည် ။ မပါသည် ။ စိတ် ပါသည် ၊ မပါသည် ကို သိသည် ။ စိတ် မထင်လျှင် မထင်သလို နားရင်း ကလည်း အအုပ် ခံရသေးသည် ။

အဘွား ၏ ဇာတိက လှည်းကူးမြို့နယ်အပိုင် ဓားပိန်ရဲစခန်း လက်အောက်ခံ တဿီမအူ ကျေးရွာလေးက ဖြစ်၏ ။

ရှေးလူကြီးတွေ၏ တစ်ဆင့်စကား ကတော့ တဿိ ( တပ်သီ ) ဟု သုံးနှုန်းရခြင်း ဖြစ်သည်ဟု ဆိုသည် ။

မအူရွာ နား ရောက်လျှင်  စစ်တပ်ပင် မဖြတ်ဘဲ သီသီသွားရသည် ဟု ပြောကြသည် ။

ကျွန်တော်တို့ ရွာ ကို သူပုန်ရွာ ၊ ဓားပြရွာ ဟု ကင်ပွန်းတပ်ထားကြ၏ ။ တစ်ချိန်တစ်ခါက အကြီးအကျယ် သူပုန်ထ ခဲ့သော ရွာဖြစ်သည် ။ ကျွန်တော်တို့ လူ မဖြစ်ခင် အချိန်က ဓားပိန် ရဲစခန်းလား ၊ တရားရုံးလား ( မမှတ်မိ ) အဲဒီ ရုံးတစ်ခုခု ၌ ဖြစ်သည် ။ အဘွား က သူ ၏ မောင် လူသ,တ်မှုကို ရှေ့ဖတ်စာရေး ကောင်းကောင်း မထွက်ဆိုပေး၍ ရုံးပေါ်၌ပင် ဓား နှင့် လိုက်ထိုးခဲ့ဖူးသည်တဲ့ ။

အဘွား ၌ မွေးစားသမီး နှစ်ယောက် ရှိ၏ ။ အကြီးမ တစ်ယောက်က မမြသန်း ၊ နောက်တစ်ယောက် က ကျွန်တော့် အမေ ။ ဒေါ်မြသန်း က မောင် မှ မွေးသော သမီးနှင့် ကျွန်တော့် အမေ က အဘွားညီမ အငယ်ဆုံးမှ မွေးသော သမီး ဖြစ်သည် ။ အဘွားအရင်း က ကျွန်တော့် အမေ ကို မွေးမည့် အချိန်တွင် သူ့အစ်မ ဖြစ်သူ အဘွား ဒေါ်လှရင် ( မွေးစားအဘွား ) ကို ရန်ကုန် သို့ လှမ်းအကြောင်းကြား၏ ။

ထို အချိန် အဘွားက သောင်သောင်သာသာ ဖြစ်နေသောအချိန် ဖြစ်သည် ။ အဘွား ကလည်း မနေသာ ။ ရွာ သို့ ပြေးရပြန်၏ ။ အမေ့ ကို မွေးမည့် အဘွား က ယောက်ျား လည်း မရှိ ၊ အားကိုးစရာ အကြီးတွေ ကလည်း လူမမည် တွေပဲ ရှိသေးသည် ။ ဒီကလေး ကိုတော့ အစ်မ ပဲ မွေးစားပါတော့ဟု ပြောပြီး တစ်ခါတည်း မွေးချ လိုက်လေတော့သတည်း ။

°°°°°   °°°°°   °°°°°

ထိုအခါ၌ အကြီးမ ဖြစ်သူ ဒေါ်မြသန်း လည်း အဖော်ရသွားလေ၏ ။

အဘွား ၌ ကျွန်းသေတ္တာတစ်လုံး ရှိသည် ။ တော်တော်ကောင်း၏ ။ ထို ကျွန်းသေတ္တာတွင် ထည့်ထားသောပစ္စည်း ကို ခိုးယူရန် မလွယ်ကူ ။ သေတ္တာ ၏ သော့ က ဖွင့် လျှင်လည်း ကလင်ကလောင် ဟု အသံ ထွက်၏ ။ ပိတ် လျှင်လည်း ထိုအသံ ထွက်၏ ။ သို့သော် အဘွားက နားမကြားသူ ဖြစ်သည် ။ အဘွား ၏ ယောက်ျား အဘိုးက နား ကြား၍ တော်တော့သည် ။ မွေးစားထားသော သမီး နှစ်ယောက် ကလည်း လက်ဆော့ ခြေဆော့ ရှိသူများ မဟုတ်ကြ ။ အဘွားက ကျွန်းသား ကို တော်တော် တန်ဖိုး ထားပုံရသည် ။ သူ ပိုင် ပစ္စည်းများ ကို ကြည့်လျှင် အားလုံး ကျွန်းတွေချည်း ဖြစ်သည် ။ သမီး နှစ်ယောက် စာကြည့်စားပွဲ ၊ ကုလားထိုင် ၊ ဆက်တီခုံ ၊ မှန်တင်ခုံ ၊ ဗီရို ၊ သေတ္တာ အားလုံး ကျွန်းတွေချည်း ဖြစ်၏ ။ ကျွန်တော် ပင်လျှင် ကျွန်းဗီရို တစ်လုံး အမွေ ရထားသေး၏ ။

ထန်းခေါက်ဖာတွေ လည်း ရှိပါ၏ ။ ထန်းခေါက်ဖာတို့ ကား အဝတ်အစား အဟောင်းထည့် ၊ လက်နှီးစုတ်များ လျှော်ဖွပ် ပြီးလျှင် ထည့်သည့် အဆင့် လောက်ပင် ။ သို့သော် ရွာ သို့မဟုတ် တစ်နေရာ ရာ သို့ သွားလျှင်တော့ ထန်းခေါက်ဖာလေး ကို အသုံးပြု၏ ။

အဘိုး ဆုံးပြီးတော့ အဘွား စီးပွား ကျသည် ။ သို့သော် အဘွား ဇွဲမလျှော့ ။ သူဌေး လို နေခဲ့သော ရပ်ကွက်ထဲ ၌ပင် ဈေး လှည့်ရောင်းသည် ။ သူဌေး ဆိုပြီး သူ့ကို ဝိုင်းပြီး ပေါင်းခဲ့ကြသူများ ထံတွင်လည်း လုံးဝ လက် မဖြန့်ခဲ့ ။

ဒီလိုနှင့် ညီအစ်မ နှစ်ယောက်ကလည်း အပျိုပေါက်တွေ ဖြစ်လာကြသည် ။ အပျိုတွေ ဖြစ်လာသော ညီအစ်မ နှစ်ယောက် ကို အဘွား က “ ငါ က သင့်တော်လို့ စီမံတဲ့ သူ ဒါမှမဟုတ် ညည်းတို့ နှစ်နှစ်ကာကာ ကြိုက်လို့ လာ တောင်းတဲ့သူ ၊ သင့်တော်တဲ့ သူမျိုးကို ပဲ ယူရမယ် ။ အဲဒါဆိုရင်တော့ ကျွန်းသေတ္တာ ပဲ ။ ဒါမှမဟုတ် ညည်းတို့ သဘောနဲ့ ညည်းတို့ တွေ့ကရာ ပေါက်ပန်းဈေး ယူလာလို့ကတော့ ဟိုထောင့်မှာ ချထားတဲ့ ဖာစုတ် တစ်လုံး နဲ့ အဝတ်အစား အစုတ်ပဲ ရမယ် မှတ် ” ဟု ဆုံးမ လေ့ရှိသည် တဲ့ ။ ညီ အစ်မ နှစ်ယောက် ကလည်း တုတ်တုတ်တောင် မလှုပ်ရဲကြ ။ ထိုအချိန်၌ အမေ က တာ အ.ထ.က ၃ တက္ကလပ်ကျောင်း ၌ ၇ တန်းကျောင်းသူ ဖြစ်နေပြီ ။ အသံကောင်း အဆိုကောင်းသူ ဖြစ်သဖြင့် သင်္ကြန် တွေ ၊ ရပ်ကွက်ပွဲ တွေ မှာ သီချင်းလိုက် ဆိုရသည် ။ ဆုငွေတွေ ရသည် ။ အဘွား ကို အကုန်အပ်ရသည် ။ ကျေးဇူးဆပ်သည် ။

မြန်မာ့အသံ ၌ ဓာတ်ပြား ၂ ချပ်လား ၊ ၃ ချပ်လား ရဖူးသည် ။ အဘ စိန်ဝေလျှံ ဝိုင်း နဲ့ ဆိုခဲ့တာ ဟု ပြောသည် ။

ထို နောက် အကြီးမ ဒေါ်မြသန်း အိမ်ထောင် ကျသည် ။ ကျွန်းသေတ္တာ တစ်လုံး ရသွားသည် ။ သံရုံး တစ်ခု ၌ အလုပ် လုပ်သူဖြစ်၏ ။ ဘာအလုပ် ဟု မသိပါ ။ အဘွား သဘောကျသည် ။လူကြီးလူကောင်း ဆန်စွာ လာရောက် တောင်းရမ်းကြသောကြောင့် အဘွား ပို၍ ပီတိဖြစ်ရ၏ ။ ထို့နောက် ထို ယောက်ျား မှာ အလုပ်ကိစ္စဖြင့် ဘိလပ် သို့ ပြောင်းသွားရသည် ။ ဒေါ်မြသန်း လည်း လိုက်သွားရသည် ။ အဘွားကတော့ သဘာဝတရား ကို သိနေသူမို့ ပြဿနာ မရှိ ။ အမေ ကတော့ အစ်မ ဖြစ်သူ ကို မခွဲစဖူး အဝေးကြီး ခွဲနေရမှာမို့ ဝမ်းနည်းရသည် တဲ့ ... ။ မမ မြန်မြန် ပြန်လာရအောင် လုပ်နော် ၊ မြန်မြန် ပြန်လာနော်ဟု တဖွဖွ မှာခဲ့သည်တဲ့ ။

ဖြစ်နိုင်တာပေါ့  ။ သူ့ ဘဝ၌ ဒီအမေ နှင့် ဒီ အစ်မသာ အတူနေ ဒိုးတူပေါင်ဖက် ရှာဖွေနေခဲ့ကြရသည် မဟုတ်လား ။

အဘွား က တစ်ဦးတည်းသော ကျန်ရစ်ခဲ့သည့် သမီးကို “ ကဲ ညည်း လည်း ကျွန်းသေတ္တာ နဲ့ ဖာစုတ် တစ်လုံးပဲနော် ကြိုက်ရာရွေး ” ဟု ဟန့်ထားသည် ။

ဒီနောက်တွင် တော့ အမေ ရုပ်ရှင်မင်းသမီး ဖြစ်ရန် အကြောင်းတွေ ဖန် လာသည် ။ ဆိုပါတော့ နောက်တော့လည်း ရုပ်ရှင်မင်းသမီး ဖြစ်သွားသည် ။

သို့သော် အဘွား ၏ ကျွန်းဗီရိုတို့ ၊ ကျွန်းသေတ္တာတို့ ကိုကား ပိုင်ဆိုင်ခွင့် မရတော့ ။ အကြောင်းမူ ရုပ်ရှင် ဒါရိုက်တာကြီး ကျွန်တော့်အဖေ နှင့် ကောက်ကောက်ပါ သွား သောကြောင့် ဖြစ်လေသည် ။

အဘွား က ဤသို့ဤနှယ် ကျွန်းသေတ္တာ ကြိုက်သလား ၊ ဖာတောင်းစုတ် ကြိုက်သလားဟု မပြောရုံ တစ်မည်ပင် ရာဇသံ ပေးခဲ့ဖူးသူ ဖြစ်၏ ။ ကျွန်တော့် အမေခေတ် မှာတော့ ကျွန်တော်လည်း ယူချင်သည့် မိန်းမ ကို ယူခဲ့သည် ။ သို့သော် မိဘမျိုးရိုးဂုဏ် မထိခိုက်အောင်တော့ ထိန်းသိမ်း စောင့်ရှောက် နိုင်ခဲ့သည် ။ ဒီအတွက် ကျွန်းဗီရိုကြီးတစ်လုံး လက်ဖွဲ့ခဲ့သည့် အပြင် ကျကျနန မင်္ဂလာ ဆောင်ပေးခဲ့၏ ။

အလတ်မ တစ်ယောက် သာ အဖေ ရော အမေ ပါ သဘော မကျသူ ( ပေါက်ပန်းကလေကချေ တော့ မဟုတ် ) လူမျိုးခြား ကို ယူ သဖြင့် ထန်းခေါက်ဖာ တစ်လုံး နှင့်သာ ဆင်း သွားခဲ့ရသည် ။

အငယ်မ က လည်း သူ ဖူးစာဖက် တွေ့သည့် အချိန်က အသက် ၃၀ ဖြစ် နေပြီ ။ အမျိုးသား က ကျွန်တော် နှင့် ရွယ်တူ ။ ကျွန်တော် ကော ကျွန်တော့် မိသားစု ပါ ပြနေကျ ရပ်ကွက် ထဲ မှာ ဆေးခန်း ဖွင့်ထားသော ဆရာဝန် နှင့် အကြောင်းပါသွားသည် ။ အမေ က ပညာမတတ်သူ သူ့ သမီး ကို တစ်ချိန်ချိန်၌ ချန်ထားခဲ့ ရမှာ စိုးရိမ် နေပုံရသည် ။

သူတို့ နှစ်ယောက် ကလည်း အဖေ မဆုံးခင် က အဖေ့ ကို ဆေးလာ ထိုးပေးရင်း တစ်ယောက် နှင့် တစ်ယောက် သဘောကျ သွားကြပုံ ရသည် ။ ရုပ် က တော့ သိပ်မချောပါ ။ ကျွန်တော်တို့ ညီအစ်ကို တွေ လိုပါပဲ ပေစုတ်စုတ် နဲ့ ပါ ။ တစ်ခါတစ်ရံ ဆေးခန်း ၌ စွပ်ကျယ်ဖြင့် ဆေး ကုချင် ကုနေသည် ။ ဆရာဝန် ပုံတော့ တစ်စက် မျှ မပေါက် ။ တစ်ခါတစ်ရံများ အပေါ်ပိုင်း အင်္ကျီ ပင် မပါ ၊ စွပ်ကျယ် အင်္ကျီ ကို မဝတ်ဘဲ ပခုံး ပေါ် တင်ထားသည့် အခါလည်း ရှိသည် ။

ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော့် အမေ က တော့ ကျွန်းဗီရိုလည်း မစီစဉ်ပေး ။ ထန်းခေါက်ဖာ လည်း မပေးသေး ။

ညီမ ဖြစ်သူက အိမ် ပေါ် ကနေ ယောက်ျား နောက်ပြောင်း ၍ လိုက်သွားသော အခါ၌ သူ ပိုင် မော်တော်ကား ကို အမေ ယူလိုက်တော့ ဟူ၍ ပေးထားခဲ့ လေသည် ။ အငယ်မ လည်း ဒီတော့မှ ကျွန်းဗီရို တစ်လုံး ရရှိ လေတော့ သတည်း ။

°°°°°   °°°°°   °°°°°

ကျွန်တော်တို့ ခေတ် မှာတော့ ကျွန်းသေတ္တာ ၊ ကျွန်းဗီရို ဆိုတာ မရှိသလောက် ရှားသွားသည် ။ ဈေးကြီးလွန်း ၊ ဝန်ကြီးလွန်း ၍ ဝယ် မသုံးကြတော့တာလည်း ဖြစ်နိုင်သည် ။ ခုခေတ် က ပေါ့ ပေါ့ ပါးပါးခေတ် ၊ အလူမီနီယံဗီရို ၊ ကြိတ်သားဗီရို ၊ ဒါတွေ အသုံးများသည် ။ အပေါ့တွေ သုံးကြလွန်းလို့လား မသိ ၊ လူတွေ ကို ကြည့် လိုက်ရင်လည်း ခပ်ပေါ့ ပေါ့ သမားတွေက များလာသည် ။

သို့သော်လည်း ကျွန်တော် သိပ် သဘောကျခဲ့သော အဘွား ၏ ကျွန်းသေတ္တာ ကို စွဲလမ်းစွာ ဖြင့် ကျွန်းသေတ္တာ ဟု သာ သုံးပါရစေ ။

ကျွန်တော်တို့ ခေတ် မှာတော့ ထန်းခေါက်ဖာ မရှိသလောက် ရှား ၊ မသုံးသလောက် လည်း ဖြစ်သွားသည် ။ အထူးသဖြင့် မြို့ပြတွေ မှာ မသုံးတော့ ။ ဒီတော့ ကျွန်းသေတ္တာ နှင့် ကြွပ်ကြွပ်အိတ် ဟု သာ သုံးနှုန်းရတော့မည် ။

ကျွန်တော့် မှာ သားသမီး လေးယောက် ရှိပါသည် ။ အဘွား ၏ အကြောင်းများ ကို ပုံပြင် သဖွယ် ပြောပြရင်း “ မင်း တို့ လည်း ကျွန်းသေတ္တာ နဲ့ ကြွပ်ကြွပ်အိတ် ကြိုက်ရာ ရွေးကြ ” ဟု ရယ်သလို မောသလို နှင့် သတိပေး စကား ပြောထားဖူးသည် ။

ပြောမည့် သာ ပြောထားရသည် ။ မိဘ စကား မြေဝယ်မကျ နားထောင်သည့် သားသမီး က သည်ဘက်ခေတ် ၌ တော်တော် ရှားလာသည် ။ နောက်ဆုံးကျတော့လည်း သူတို့ ရွေးချင်တာ ကို ရွေးကြ မှာ သာ ဖြစ်သည် ။

အချစ် သည် ကျွန်းသေတ္တာ ကို မက်မောချင် မှ မက်မောမည် ။ ကြွပ်ကြွပ်အိတ် ကို စုံမ က် ချင် လည်း စုံမက် နေမည်သာ ဖြစ်သည် ။ မျိုးရိုးဂုဏ်သိက္ခာ မထိခိုက် ဖို့တော့ လိုသည် ။ အမျိုး ကို ချစ်ရမည် ။

ခက်သည် က အချစ် ၏ တန်ခိုး သည် ကျွန်းသေတ္တာ လည်း မကယ်နိုင် ။

ကြွပ်ကြွပ်အိတ် က လည်း မနှိပ်ကွပ်နိုင်ပါ ။

ကျွန်တော် က တော့ “ ကျွန်းသေတ္တာ နှင့် ကြွပ်ကြွပ်အိတ် ” ကို ကျွန်တော့် ဘာသာ ကျွန်တော် သဘောကျ နေလေသည် ။

နှစ်သက်ရာ ကို ရွေးချယ်နိုင်ကြပါစေ ……. ။

◾အာယု

📖 ရွှေအမြုတေ မဂ္ဂဇင်း
      ဩဂုတ်လ  ၊ ၂၀၁၅ ခု

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment