Friday, July 19, 2024

ဓမ္မနာဒ တိပိဋက ဆရာတော်


 

❝ ဓမ္မနာဒ တိပိဋက ဆရာတော် ❞

မျက်စိ က မှုန်မှုန် ၊ ပါဝါ ၈ဝဝ ကျော် ၉ဝဝ မျက်မှန် နဲ့ ည အချိန်မှာ စာ မကြည့်နိုင်ဘူး ။ စာ ကြည့် တဲ့ အခါ ကြာ လာရင် မျက်ရိုး တွေ ကိုက် ၊ မျက်ရည်ပူ တွေ ကျ တယ် ၊ နေ့ခင်း မှာ အဓိက ကျတဲ့ အချက် တွေ ကို ကြည့် ပြီး ည မှာ စာ ကို ပြန် စဉ်းစား တဲ့ နည်း နဲ့ ပိဋကတ် သုံးပုံ ကို အာဂုံ ပြန် နိုင်ဖို့ ဆရာတော် ဘဒ္ဒန္တ ဂန္ဓမာလာ လင်္ကာရ ကြိုးစား ခဲ့ရတယ် ။

၁၉၉၇ ခုနှစ် မှာ ပိဋကတ်တော် နှစ်ပုံခွဲ အောင်မြင်ပြီ ။ နှုတ်တက် အာဂုံ ပြန်ဆို နိုင်ရုံ မ က ရေးဖြေ လည်း ဖြေဆို အောင်မြင် ပြီးပြီ ။

ဆရာတော် က ဘဝ မှာ ကြုံတွေ့ ခဲ့ရတာ တွေ ကို ယခု လို ဆက်လက် မိန့်ကြား ပါတယ် ။

••••• ••••• •••••

ဦးပဉ္ဇင်း က အမြဲမပြတ် စာ ကျက် နေတာ မဟုတ်ဘူး ။ နား တဲ့ အချိန် မှာ ဦးနှောက် ကို လွတ်လွတ်လပ်လပ် အနား ပေး ထားပြီး လုပ်ပြီ ဆိုရင် လည်း သူ့ စံချိန် အတိုင်းအတာ လျာထားတဲ့ အတိုင်း ပြည့်မီ အောင် လုပ်တယ် ။

ပိဋကတ်သုံးပုံ က စာအုပ်ရေ ၂၀ ၊ စာ ၈၀၂၆ မျက်နှာ ရှိတယ် ။ စာကို တစ်ခေါက် ပေါက်အောင် ရက် ဘယ်လောက် ၊ တစ်ရက် ကို ငါးရွက်နှုန်း ဆို သည် စာအုပ် ရက် ဘယ်လောက် ကြည့်ရ မှာ လည်း တွက်တယ် ။ စာအုပ် တစ်အုပ် ကို တစ်လ ကြည့် လို့ တစ်ခေါက် ပေါက် ရင် နောက် တစ်ခေါက် ထပ် ကြည့်တော့ ရက် ၂ဝ နဲ့ ပေါက်တယ် ။ နောက် တစ်ခေါက် ကျ တော့ ၁၀ ရက် နဲ့ ပေါက်တယ် ။

စာမေးပွဲ တစ်ခု ဖြေ တော့မယ် ဆိုရင် ကျမ်း ဘယ်နှကျမ်း ၊ ပြင်ဆင်ဖို့ ဘယ်နှရက် ရှိလဲ တွက်တယ် ။ အာဂုံ ဖြေ ရမှာ ဆိုရင် အကြမ်း နှစ်ခေါက် ကျက် ၊ အချော သုံးခေါက် ပြန် လိုက် ရင်ရတယ် ။ အာဂုံ ပြန်တဲ့ အခါ မိနစ် အစိတ် အတွင်း မှာ စာအုပ်ကြီး က စာမျက်နှာ ခြောက်မျက်နှာ ပြီး ရတာ ။ ခြောက်ရွက် ပြီးဖို့ စံချိန် ဆိုတာ ဦးပဉ္စင်း တို့ ဒေါင်းဒေါင်းဒေါင်းဒေါင်း နဲ့ ရွတ်ဆို သွားနိုင် မှ ပြီးတာ ။

နှစ်ပုံခွဲ ပြီးသွား တာ တိပိဋက ဖြစ်ဖို့ တစ်ထစ် ပဲ ကျန် တော့တယ် ။ ကျန်တဲ့ တစ်ထစ် က ယမိုက် ၊ ပဋ္ဌာန်း အခက်ဆုံး ပဲ ။

ထိုင်း မှာ ရောက် နေတဲ့ ဦးပဉ္စင်း တို့ သူငယ်ချင်း ဦးတိလောက က ထိုင်း မှာ နေခွင့် ဗီဇာ သက်တမ်း ကုန်ခါ နီး နေပြီ ။ မကုန်ခင် ဦးပဉ္ဇင်း တို့ ကို ထိုင်း လာ လည်ဖို့ ခေါ်တယ် ။ စိတ် အနား ပေးတဲ့ အနေနဲ့ တစ်လ သွား လည်မယ် လို့ ထွက် သွား လိုက်တယ် ။ ချင်းမိုင်မြို့ နား လန်ပန်းမြို့ မှာ သီတင်းသုံး ကြတယ် ။

လန်ပန်းမြို့ က ဝပ်ထာမအို ကျောင်းဆရာတော် ဦးဓမ္မနန္ဒ ကို ထိုင်း မျက်စိအထူးကု ဆရာဝန်မကြီး မော်ဝပ်ထနီ က ကြည်ညို ကိုးကွယ် လို့ ရောက်လာတယ် ။ ရောက် လာရင်း ဦးပဉ္ဇင်းရဲ့ မျက်စိ ကို စမ်းသပ် ကြည့်တယ် ။ မျက်စိ က တိမ် လည်း မဟုတ်ဘူး ။ ရောဂါ ရှိတာ လည်း မဟုတ်ဘူး ။ လေဆာ နဲ့ ကုရင် ရတယ် တဲ့ ။ ထိုင်းနိုင်ငံ မှာ အဲသည်လို ကုတဲ့ ခေတ်မီ နည်းပညာ တွေ ပေါ် နေပြီ လို့ ဆရာဝန်မကြီး က လျှောက်တယ် ။ ကုန်ကျစရိတ် တွေ အားလုံး လည်း လှူမယ် လို့ တာဝန် ယူတယ် ။ ဝပ်ထာမအို ကျောင်း ဆရာတော်ကြီး က လည်း ဆရာဝန်မကြီး မျက်စိ ကု ပေးတာ လက်ခံဖို့ ပြောတယ် ။ ထိုင်းစကား နားလည် တဲ့ ဦးစိန္တိတ ကို အဖော် ထည့် ပေးမယ်တဲ့ ။

လာ တုန်းက အလည်အပတ် ခရီးအဖြစ် လာ ခဲ့တာ ။ မျက်စိ ခွဲ ပြီးရင် လည် ဖြစ်မှာ မဟုတ်တော့ဘူး ။ ဆရာဝန်မကြီး က လည်း နိုင်ငံခြား ခရီး တွေ သွားဖို့ ရှိသေးလို့ အချိန် တစ်လ ရသေးတယ် ။ ဦးပဉ္စင်း တို့ လည်း ထိုင်းနိုင်ငံ အနှံ့ လျှောက်လည် ကြတယ် ။ ပြီးတော့ စင်ကာပူ မှာ လည် ကြတာပေါ့ ။ စင်ကာပူ တိုပါရိုး မှာ မြန်မာ ဘုန်းတော်ကြီးကျောင်း မှာ သီတင်းသုံး ကြတယ် ။ ဆရာတော် ဦးတိလောကသီရိ က ဦးပဉ္စင်း တို့ ကို အင်မတန် ဂရုစိုက်ပါတယ် ။

အလည်အပတ် ခရီး ပြီး ချိန်မှာ မျက်စိ ကုရမယ့် ရက် ကို ရောက်လာတယ် ။ ဆရာဝန်မကြီး မော်ဝပ်ထနီ က ဘန်ကောက်မြို့တော် သံဃာ့ဆေးရုံ မှာ ကုသိုလ် ဖြစ် ကုသ ပေးနေတာပါ ။ သူ က ထိုင်းနိုင်ငံ မျက်စိကု ဆရာဝန်များ အသင်း မှာ လည်း ဆရာမကြီး လို့ ဆိုတယ် ။ ဆေးရုံ မှာ မျက်စိ ကို သေသေချာချာ စမ်းသပ်တယ် ။ စမ်းသပ် ပြီးတော့ ကုရင် ရနိုင်တယ် ဆိုတဲ့ အဖြေ ထွက်တယ် ။ ဦးပဉ္ဇင်း နဲ့ အတူ ဦးစိန္တိတ နဲ့ ဦးတိလောက တို့ က အဖော် လိုက် ပေးတယ် ။

ဦးပဉ္စင်း က မြန်မာ ဘုန်းတော်ကြီး ဖြစ် နေတယ် ။ ထိုင်း သံဃာကတ် လည်း မရှိတော့ ထိုင်းသံဃာဆေးရုံ မှာ ကုသ ပေးဖို့ အခက်အခဲ ဖြစ် နေတယ် ။ အဲသည့် အချိန် ၁၉၉၈ ခုနှစ် တုန်း က ထိုင်းနိုင်ငံ မှာ အဆင့်မြင့် လေဆာစက် က နှစ်လုံး ပဲ ရှိ သေးတာ ။ တစ်လုံး က ရာမာဓိပတိ ဆေးရုံ မှာ ။ ဆရာဝန်မကြီး က ရာမာဓိပတိ ဆေးရုံ မှာ ရှိတဲ့ သူ့ တပည့် ဆရာဝန်ကြီး နဲ့ ဆက်သွယ် လိုက်တော့ ကုပေးပါမယ်တဲ့ ။

ပုံမှန်အတိုင်း တန်းစီ စောင့်ရင် ဆယ်လ လောက် စောင့် ရမှာ ။ တစ်နေ့ မှ ဆယ်ယောက် ပဲ ကုပေးတာ ။ တန်းစီစောင့် နေတဲ့ သူ တွေ က အများကြီး ။ ဦးပဉ္ဇင်း က လည်း အဲသည် လောက် အချိန် မပေးနိုင်ဘူး ။ ဆရာဝန်မကြီး က လည်း မြန်မြန် ကု ပေး ချင်တယ် ။ မြန်မြန် ကု မြန်မြန် ကောင်း ပြီး တိပိဋကစာမေးပွဲ ဝင်စေ ချင်တယ် ။

ရာမာဓိပတိ ဆေးရုံ က မျက်စိဆရာဝန်ကြီး က သူ့ တပည့် လည်း ဖြစ်တာမို့ ဆယ်ယောက်မြောက် ကု ပြီးတဲ့ အချိန် မှာ ဦးပဉ္ဇင်း ကို သီးခြား လုပ် ပေးတယ် ။ ဆရာမကြီး လည်း ခွဲစိတ်ခန်း ထဲ ဝင်တယ် ။ ဦးစိန္တိတ လည်း စကားပြန် လုပ်ပေးဖို့ ခွဲစိတ်ခန်း ထဲ လိုက် ရတယ် ။

ဘယ်ဘက် မျက်စိ က စ လုပ်တယ် ။ မျက်စိ ကို စိုက် ကြည့်ထား လို့ ဆရာဝန် က ထိုင်းဘာသာ နဲ့ ပြောတယ် ။ ဦးစိန္တိတ က မြန်မာ လို ဘာသာပြန် ပြီး မျက်စိ ကို စိုက် ကြည့်ထားဖို့ ပြောတယ် ။ မျက်ကြည်လွှာ ကို ခွာ လိုက်တယ် ။ ခွာလိုက်ချိန် က စပြီး ဘာမျှ မမြင်ရတော့ဘူး ။ ဆရာဝန် က မျက်စိ ကို မလှုပ်နဲ့ လို့ ပြောတယ် ။ ဦးစိန္တိတ က ဘာသာပြန် ပေးတယ် ။ မလှုပ်နဲ့ ၊ မလှုပ်နဲ့ ၊ မလှုပ်နဲ့ အဲသည် စကား ကို ဆရာဝန် က ထိုင်းဘာသာစကားနဲ့ မကြာခဏ ပြောတယ် ။ ထပ်ကာ ထပ်ကာ ပြော နေတာ မို့ ဦးပဉ္ဇင်း လည်း နားလည် မှာ ပဲ ထင်လို့ ဦးစိန္တိတ က အကြိမ်ကြိမ် ဘာသာပြန် ပေး မနေတော့ဘူး ။ ဒါလောက် အရေးကြီးတယ် လို့ လည်း မထင်ဘူး ။ ဦးပဉ္စင်း တို့ က လည်း အတွေ့ အကြုံ မရှိဘူး ။ မျက်ကြည်လွှာ ခွာ လိုက်တဲ့ အချိန် မှာ ဦးပဉ္ဇင်း ရဲ့မျက်စိ က လှုပ် သွားတယ် လို့ ပြောတယ် ။ လှုပ်သွား တော့ လေဆာ ထိုး ဖို့ မဖြစ်နိုင် တော့ဘူး ။ ချော် သွား နိုင်တယ် ။ ဒါနဲ့ မော်ဝပ်ထနီ ဆရာမကြီး က မျက်စိ လှုပ် သွားလို့ လေဆာ ထိုးဖို့ အဆင် မပြေတော့ဘူး ။ နောက် သုံးလ ကြာ မှ အနာ ကျက် မှပဲ ကုလို့ ရတော့မှာ တဲ့ ။ ညာဘက် တစ်ဖက် လုပ်နှင့် သွားချင် ရင် ရတယ် ပြော ပေမယ့် ဆရာမကြီး က နှစ်ဖက် တစ်ပြိုင်တည်း လုပ်မှ သာ balance ညီ သွား မှာ ၊ စောင့်ရမယ့် အတူတူ နောက်သုံးလ ကြာ မှ တစ်ပြိုင်တည်း လုပ်မယ် လို့ ဆုံးဖြတ် ပြီး မျက်ကြည်လွှာ ပြန် ကပ်တယ် ။ ဆေးထည့် ပေးပြီး ပြန် လွှတ် လိုက်တယ် ။

သုံးလ ကျော် မှ မျက်စိ ကို ပြန် ကုရတော့မှာ ။ မြန်မာပြည် ပြန်မလား ဦးပဉ္ဇင်း စဉ်းစားတယ် ။ ဆရာတော်ကြီး က လန်ပန်း လာ နေဖို့ ခေါ်တယ် ။ နောက် သုံးလ မှာ မျက်စိကု ပြီးလို့ ပြန် သွားရင် တိပိဋက စာမေးပွဲ ဖြေဖို့ မီနိုင်သေး သလား တွက်ကြည့် တော့ မီနိုင် သေးတယ် ။ ယမိုက် ၊ ပဋ္ဌာန်း အာဂုံ ပြန်ရမှာ ။ ယမိုက် က သုံးအုပ် ရှိတယ် ။ ပဋ္ဌာန်း က ငါးအုပ် ရှိတယ် ။ စာတွေ က သိပ် များတယ် ။ ဖြည်းဖြည်းချင်း တော့ ကျက်လိုက်ဦး မှ ဆိုပြီး စာ စ ကျက်တယ် ။

ဦးတိလောက က သူ လည်း ကုသိုလ် ဖြစ်အောင် စာ ကြည့် ပေးမယ် ဆိုပြီး ကြည့် ပေးတာ ။ နေ့ မှာ စာ ကြည့် ည မှာ စာ ပြန်တယ် ။ လန်ပန်းမြို့ ဝပ်ပါဖန် ကျောင်း မှာ သီတင်းသုံး နေတာ ။ သီတင်းသုံးဖော် တွေ ဖြစ်ကြတဲ့ ဦးဇဝန ၊ ဦးသီရိန္ဒ ၊ ဦးတိလောက ၊ ဦးကောဝိဒ တို့ လေးပါး က ကျောင်း ဝေယျာဝစ္စ တွေ ကို သူတို့ ပဲ လုပ်ပြီး ဦးပဉ္ဇင်း ကို စာ ပဲ ကျက်စေခဲ့တယ် ။ မျက်စိခွဲ ဖို့ စောင့် နေရတဲ့ သုံးလ မှာ ယမိုက် သုံးအုပ် ပြီး သွားတယ် ။

နောက် သုံးလ နေတော့ ဘန်ကောက် ပြန် သွားပြီး မျက်စိ ကု တယ် ။ သည် တစ်ခါ တော့ မျက်စိ နှစ်ဖက်လုံး အောင်မြင် သွားတယ် ။ ရာမာဓိပတိ ဆေးရုံ မှာ မျက်စိ ခွဲတာ တစ်ဖက် ကို ၁၅ မိနစ် လောက် ပဲ ကြာတယ် ။ အားလုံး နာရီဝက် ပေါ့ ။

ခွဲ ပြီးတော့ ဆေးရုံ မတက်ရဘူး ။ ကိုယ် နေတဲ့ နေရာ ပြန် နေရတယ် ။ သူတို့ က နှစ်ခု ပဲ မှာတယ် ။ မျက်စိ ကို မပွတ်နဲ့ ၊ ရေ မဝင်စေနဲ့ ။ ဒါပဲ ။ ကျန်တာ သွားသွား လာလာ အကုန် လုပ် လို့ ရတယ် ။ နောက်ရက် တစ်ခါ သွား ပြ ရတယ် ။ တစ်ပတ် နေတော့ တစ်ခါသွား ပြ ရတယ် ။ တစ်ပတ် ပြည့်လို့ ပြတော့ ရေ ဝင်လို့ ရပြီ ၊ ပွတ် တော့ မပွတ်နဲ့ တဲ့ ။ ဦးပဉ္ဇင်းတို့ က မျက်စိ ကုပြီ ဆိုရင် စောင်းအိပ်လို့ မရဘူး ။ အစာ မာမာ တွေ စား လို့ မရဘူး ။ ယူဆတယ် ။ ထိုင်း က မျက်စိ ခွဲ ကုပေး လိုက်တဲ့ ဆရာဝန်တွေ က တော့ ဒါကို မကန့်သတ်ဘူး ။ ဒါပေမဲ့ ဦးပဉ္စင်း သူငယ်ချင်း တွေ က စိုးရိမ် တော့ မကျွေးဘူး ။ ဖြစ်သွား ရင် ဘယ်နှယ့် လုပ်မလဲ မစားရဘူး ဆိုပြီး တစ်ပတ် လုံးလုံး ဆန်ပြုတ် ပဲ သောက် နေရတယ် ။ ခေါင်း ကို လည်း မစောင်းရဘူး ။ သူတို့ နှစ်ပါး က အထူး ဂရုပြု စောင့်ရှောက် ကြပါတယ် ။

မျက်စိ ကုတာ အောင်မြင် သွားပြီး မြန်မာပြည် ကို ပြန်ခဲ့တယ် ။ ဝါဆို လည်း နီးပြီ စာ ကျက်လို့ကောင်း အောင် ပြင်ဦးလွင် အနီးစခန်း မှာ ရှိတဲ့ တိပိဋက နိကာယ ကျောင်းတိုက်ခွဲ မှာ သီတင်းသုံးပြီး တစ်ဝါတွင်း လုံး စာ ကျက်တယ် ။ ဒီဇင်ဘာလ စာမေးပွဲ နီး မှ ဦးပဉ္ဇင်း ရန်ကုန် ကို ဆင်းခဲ့တယ် ။

တိပိဋက စာမေးပွဲ ၁၉၉၉ ခု ၊ ဒီဇင်ဘာလ နောက်ဆုံး အပတ် မှာ စပြီး ၂၀၀၀ ပြည့်နှစ် ဇန်နဝါရီလ မှာ ပြီးတယ် ။ အဲသည် အချိန် က ကမ္ဘာ တစ်ဝန်းလုံး မှာ Y2K ပြဿနာ ပေါ်နေတယ် ။ ကွန်ပျူတာ တွေ သက္ကရာဇ် အပြောင်းအလဲ မှာ ဖောက်လွဲ ဖောက်ပြန် ဖြစ်မှာလား သောက ပွား နေကြတယ် ။ ဦးပဉ္ဇင်း က လည်း ခက်ခဲနက်နဲ တဲ့ အဘိဓမ္မာကျမ်း ၊ ပဋ္ဌာန်း ကျမ်းကြီး တွေ ကျက် နေရ တာပေါ့ ။

မျက်စိ ကု လိုက်တော့ ည လည်း စာ ကြည့်နိုင်တယ် ။ ၂ဝဝဝ ပြည့်နှစ် မှာပဲ ပိဋကတ် သုံးပုံ အာဂုံ ဆောင်နိုင်တဲ့ တိပိဋက ဆရာတော် ဖြစ်သွား တယ် ။ သူငယ်ချင်း တွေ က ဝိုင်တူးကေ တိပိဋက ဆရာတော် လို့ ကင်ပွန်းတပ် ကြတယ် ။ နောက်နှစ် မှာ ရေးဖြေ ဖြေ တော့လည်း ခက်ခဲတာ ကို တန်း အောင် သွားတယ် ။ ဦးပဉ္စင်း တိပိဋက ဖြစ်ရတဲ့ အထဲ မှာ အထောက်အကူ က ဝပ်ထာမအို ဆရာတော်ကြီး ဦးဓမ္မနန္ဒ ၊ မျက်စိ ခွဲပေးတဲ့ ဆရာဝန်မကြီး မော်ဝပ်ထနီ ၊ ဦးပဉ္စင်း ကို စောင့်ရှောက် လိုက်တဲ့ ဦးစိန္တိတ တို့ ၊ ဦးတိလောက တို့ ကျေးဇူးတွေ လည်း ပါဝင် ပါတယ် ။

ဦးပဉ္စင်း တိပိဋက ဖြစ် လာတော့ မင်းကွန်း ဆရာတော်ကြီး သီတင်းသုံး ခဲ့တဲ့ ဓမ္မနာဒကျောင်းတိုက် ကို ဆက်ခံဖို့ တာဝန် ပေးကြတယ် ။ သီတင်းသုံး ဖို့ ကျောင်းဆောင် တစ်ဆောင် ကို ရွှေစင်အကယ်ဒမီ ရွှေသန့် ဒကာကြီး ဦးသူတော် မိသားစု က ဆောက်လှူတယ် ။ ကျောင်း အမည် ကို ရွှေစင်တိပိဋက ကျောင်း လို့ အမည် ပေးတယ် ။ ဦးပဉ္ဇင်း ကို လည်း ရွှေစင်တိပိဋက ဆရာတော် လို့ ခေါ်ကြတယ် ။

မင်းကွန်း ဆရာတော်ကြီး ဆောက်လုပ်ခဲ့တဲ့ စာသင်ကျောင်း တွေ ၊ ဆေးရုံ တွေ အများကြီး ပဲ ။ ဒါတွေ ကို ဆက်လက် ထိန်းသိမ်း ပေး နေတယ် ။ မင်းကွန်း တောင်ရိုး တစ်ခုလုံး ရေ လုံလောက် အောင် ဓမ္မနာဒ ရေအလှူတော် ဆောင်ရွက် နေတယ် ။ စစ်ကိုင်း - မင်းကွန်း ကားလမ်း ကို ကတ္တရာလမ်း ဖြစ်အောင် တိပိဋက ညီနောင် လေးပါး လက်တွဲ ဖောက်လုပ် ခဲ့ကြတယ် ။ တိပိဋက နိကာယ ကျောင်း တိုက်ခွဲ တွေ ပညာရေး ၊ စားဝတ်နေရေး ၊ ထိန်းသိမ်းစောင့်ရှောက်ရေး ၊ အုပ်ချုပ် ရေး တွေ ကို နောင်တော်ကြီး တွေ နဲ့ အတူ လက်တွဲ လုပ်ကိုင် နေတယ် ။

ကိုယ် နေထိုင်တဲ့ ရပ်ရွာ ကိုယ့် နိုင်ငံ ဖွံ့ဖြိုးတိုးတက် ဖို့ တစ်ပိုင်း က ဦးပဉ္ဇင်း ဆောင်ရွက် နေပါတယ် ။ သည်လို ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုတာ အဓိက အားဖြင့် ပညာရေး ၊ ကျန်းမာရေး ၊ သွားရေး ၊ လာရေး ၊ ဆက်သွယ်ရေး တွေ အဆင်ပြေ ဖို့ လိုတယ် ။

ဦးပဉ္စင်း တိပိဋက ဖြစ်ပြီး နောက်နှစ် ၂၀၀၂ ခုနှစ် မှာ ထိုင်း က သူငယ်ချင်း ဦးသီရိန္ဒ ဂျပန် ကို ကြွတယ် ။ ဦးပဉ္ဇင်း ကို ဂျပန် မှာ တစ်ဝါ လာ ဆို ဖို့ လှမ်း ပင့်တယ် ။ ဂျပန် မှာ တစ်ဝါ သွားဆိုတယ် ။ နာဂိုယာမြို့ မှာ ရှိတဲ့ ဗြဟ္မဝိဟာရကျောင်း မှာ ဩဝါဒါစရိယ ဆရာတော် အဖြစ် တာဝန် ယူပေး ရတယ် ။

၂၀၀၂ ဒီဇင်ဘာလ ထဲ မှာ အမေရိကန်ပြည်ထောင်စု က ပင့် လို့ ကြွရ ပြန်တယ် ။ အော်ရီဂွန်ပြည်နယ် ပို့တလန်မြို့ က မြန်မာ ဒကာ ဒကာမ တွေ က ဘုန်းတော်ကြီးကျောင်း လုပ်ချင်တယ် ဆိုတာ အားပေးတယ် ။ ၂ဝဝ၃ ခု မှာ သီရိ မင်္ဂလာကျောင်း တည်ထောင် ပြီး ဦးပဉ္စင်း က ဩဝါဒါစရိယ တာဝန် ယူ ရတယ် ။

တောင်ကိုရီးယား မှာ မြန်မာ တွေ အများကြီး ရှိတယ် ။ သူတို့ ကလည်း ဘုန်းကြီးကျောင်း ဖြစ်မြောက်အောင် ကြိုးစားပြီး ဖြစ်မြောက် လာ တော့ ပင့်ကြတယ် ။ အင်ချွန်းမြို့ မှာ မဟာစည် ဗုဒ္ဓသာသနာ့ရိပ်သာ အကျိုးတော်ဆောင် ဆရာတော် အဖြစ် ဆောင်ရွက် ပေးဖို့ လျှောက်ကြတယ် ။

မြန်မာပြည် မှာ တရား လာ အားထုတ်ဖူး တဲ့ ကိုရီးယားဘုန်းကြီး က ဆိုးလ် မြို့ မှာ ဗောဓိရိပ်သာ ဖွင့်တယ် ။ တရားဟော ဖို့ ပင့်တာ ကျင့်သုံး လိုက်နာဖွယ်ရာ သုတ္တန်တရား ဟောတယ် ။ ကိုရီးယား ကို တစ်နှစ် တစ်လ လောက် ကြွပြီး တရား ဟော ပေးပါတဲ့ ။ ဟောပေးပါမယ် လို့ အာမဘန္တေ ခံ ခဲ့တယ် ။ တရား နာသူ တွေ က ကိုရီးယားလူမျိုး တွေ ၊ ရွှေတောင်ကုန်းသာသနာ့ရိပ်သာ မှာ ပညာ လာ သင် သွားတဲ့ ကိုရီးယားသီလရှင် မမဏာမိ က စကားပြန် လုပ် ပေးတယ် ။

ဟောတဲ့ တရား တွေ ကို သူတို့ က ကိုရီးယား တစ်နိုင်ငံလုံး ကို ပျံ့နှံ့စေချင် တော့ သူတို့ က အင်တာနက် တင်တယ် ။ တစ်နိုင်ငံလုံး နယ် အနှံ့ က တရားနာ လာ ကြတယ် ။ ကိုရီးယား တီဗီလိုင်း နှစ်ခု က လည်း တီဗီ ရိုက်ပြီး လွှင့်ပေးတယ် ။ ရေဒီယို အသံလွှင့်ဌာန တစ်ခု က လည်း အင်တာဗျူး လာ လုပ်ပြီး လွှင့်တယ် ။ ဗောဓိရိပ်သာ မှာ လည်း ဩဝါဒါစရိယ နာယက ဆရာတော် အဖြစ် တာဝန် ယူရ တယ် ။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ပြည်နယ် ဆီရယ်တယ်မြို့ က မြန်မာ တွေ က ဆီရယ်တယ် မြန်မာ ဗုဒ္ဓဘာသာအသင်း ကို ဖွဲ့စည်းကြတယ် ။ ကျောင်း တစ်ဆောင် ဆောက်ပြီး တိပိဋက ဘုန်းတော်ကြီးကျောင်း လို့ အမည် ပေးတယ် ။ အဲသည် ကျောင်း မှာ လည်း ဩဝါဒါစရိယ တာဝန် ထမ်းရွက်ပါတယ် ။

ကမ္ဘာ မှာ ဝိပဿနာရိပ်သာ တွေ ၊ တရားစခန်း တွေ အများကြီး ရှိပါတယ် ။ လူ တွေ လိုက်နာ ကျင့်သုံးဖွယ်ရာ သိသင့်သိထိုက် တာ တွေ ဦးပဉ္ဇင်း က ဖြန့်ဝေ ပေးချင်တယ် ။ ဒါတွေ က လူတွေ အတွက် လည်း လိုအပ်ပါတယ် ။

လူ အများစု ချမ်းသာသုခ ရဖို့ လက်တွေ့ ဘဝ ကျင့်သုံး နေထိုင်ပုံ ပေါင်းသင်း ဆက်ဆံပုံ တွေ ၊ လူတွေ အတွက် စီးပွား ပျက်ကြောင်း ၊ မိတ်ဆွေ ပျက်ကြောင်း တရား တွေ ၊ စိတ်နေစိတ်ထား ထားရှိသင့်ပုံ တွေ ကို ပိဋကတ်သုံးပုံ ထဲ က ထုတ်နုတ် ဖြန့်ဝေ ဟောပြော ပေးဖို့ ဦးပဉ္စင်း ဆန္ဒ ရှိပါတယ် ။

ဦးပဉ္ဇင်း က ပညာ ဝါသနာ ပါပါတယ် ။ ယခု အင်္ဂလိပ်စာ သင်ဖို့ စီစဉ် နေ တယ် ။ နိုင်ငံခြားသား တွေ သိချင်လို့ လေ့လာမယ် ဆိုရင် ထဲထဲဝင်ဝင် ရှင်းပြ ချင် လို့ ခံယူချက် နဲ့ အင်္ဂလိပ်စာ သင်ဖို့ ဦးပဉ္ဇင်း ဆုံးဖြတ် လိုက်တာပါ ။

⎕ ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ အဖုံဖုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment