Wednesday, July 10, 2024

အိပ်မက်များ ၏ အစ


 

❝ အိပ်မက်များ ၏ အစ ❞

မိမိ တို့ ငယ်စဉ် က ပညာရည်နို့ သောက်စို့ခဲ့ရာ ဓနုဖြူ အခြေခံ ပညာအထက်တန်းကျောင်း ကား နှစ်ငါးဆယ် ရွှေရတု သို့ တိုင်ခဲ့ပြီ ဖြစ် သည် ။

ရွှေရတုမဂ္ဂဇင်း အယ်ဒီတာ အဖွဲ့ သည် ရန်ကုန်မြို့ ရှိ မိမိတို့ ထံ ဆက်သွယ်သည် ။ ဆရာအီကြာကွေး နှင့် မိမိ ကို အဓိက ထား ဆက်သွယ် ပြီး ရန်ကုန်မြို့ပြ မှ စာပေအနုပညာနယ် တွင် ကျင်လည် နေကြသော ဓနုဖြူ အနွယ်များ ကို စေ့ငု ရွေးချယ် ကြည့်သည် ။ 

စာရေးဆရာ အယ်ဒီတာ နန္ဒာမိုးကြယ် ၊ နိုင်ငံတကာရေးရာ ဂျာနယ် မှ ဦးဘသန်းတင်၊ မောင်မြေသွေး ( မြန်မာစာ ) ၊ ပန်းချီ မင်းဝေအောင် ၊ ပန်းချီ ဇော်ဇော်အောင် တို့ စာရင်း ထွက် လာ၏ ။ တတ်နိုင်သမျှ ဆက်သွယ်ရာ ပေါင်းစည်း မိကြ၏ ။ ပန်းချီ ဘီညိမ်း ကား အဆက်အသွယ် မရ ။

ဓနုဖြူမြို့ မှ အ-ထ-က ရွှေရတုမဂ္ဂဇင်း အယ်ဒီတာ အဖွဲ့ နှင့် မိမိတို့ ရန်ကုန် မှ စာပေ၊ ပန်းချီ ၊ ကာတွန်း ၊ အနုပညာရှင်များ အစည်း အဝေး အဆင်သင့် သလို ထိုင်ကြကာ တိုင်ပင်ညှိနှိုင်း ဆွေးနွေးဖြစ်ကြသည် ။

မဂ္ဂဇင်း အပြင်အဆင် အနေ နှင့် ရွှေရတုမဂ္ဂဇင်း ( ရန်ကုန်အယ်ဒီတာ အဖွဲ့ ) တွင် လည်း မပါဝင် ၊ ဓနုဖြူသား လည်း မဟုတ်သော သောကြာ မဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ ဆရာဝေသာ က စေတနာ့ ဝန်ထမ်း စာဖောင်ကိုင်၊ ဒမ်မီချ စသဖြင့် အများဆုံး အင်တိုက်အားတိုက် မေတ္တာ ဖြင့် လုပ်ဆောင် ပေးခဲ့ခြင်း ဖြစ်သည် ။

ရန်ကုန် မှ အနုပညာရှင်များ ကလည်း ဓနုဖြူမြို့သို့ တစ်ခေါက် တစ်ကျင်း လိုက်ပါခဲ့ကြကာ ဓနုဖြူ အ ထ က ကျောင်းကြီး တွင် ရွှေရတု မဂ္ဂဇင်း ကိစ္စ အတွက် တိုင်ပင် ဆွေးနွေးခဲ့ကြ၏ ။

မွေးရပ်မြေ သို့ ပြန် ရောက်ခဲ့ကြခြင်းပင် ။

( ၂ )

မိမိ ကား ဓနုဖြူမြို့သား စစ်စစ် ဖြစ်၏ ။ ဓနုဖြူ တွင် ကျောင်း သုံး လေးကျောင်း ပြောင်း တက်ခဲ့ဖူးသည် ။ မူလတန်းပညာ ကို ရွှေကူ အ.မ.က တွင် သင်ယူခဲ့ရ၏ ။ မိမိတို့ ငယ်စဉ် က ရွှေကူ အ.မ.က က ဘိုးမင်းခေါင်ကျောင်း အနား မှာ ။ ထို့နောက် မိမိ ရေတွင်းကုန်း အ မ က တွင် ကျောင်းပြောင်း တက် ခဲ့ရသည် ။ ပြီးတော့ ရွှေကူ အလယ်တန်းကျောင်း မှာ ထိုအချိန် ကျတော့ ရွှေကူ အလယ်တန်းကျောင်း က ရေကာတာ အနီး တာကြီးကုန်း နား ရောက် ချေပြီ ။

ရွှေကူ အလယ်တန်းကျောင်းကြီး မှ ဓနုဖြူမြို့ အ-ထ-က သို့ မိမိ ရောက်ခဲ့ရခြင်းပင် ။

ဓနုဖြူ အ ထ က တွင် မိမိ နဝမတန်း စတင် တက်တော့ ( ၁၉၇၅ ) ခုနှစ် ။

မိမိ ကား ငယ်စဉ်ကပင် စာရေးစာဖတ် ဝါသနာ ကြီးခဲ့၏ ။ ကာတွန်း ရုပ်များ ရေးခြစ်ခြင်း ကိုလည်း စာပေ နှင့် မရိုးရင်းစွဲ ဝါသနာ ထုံခဲ့၏ ။

မိမိတို့ ငယ်စဉ် က အပတ်စဉ် ကာတွန်းစာအုပ်များ၊ ပလူပျံ အောင် ထွက်ခဲ့ဖူး၏ ။ ရွှေသွေး ၊ ရွှေစွန်ညို ။ ရွှေဝါဖူး ၊ နီလာ ၊ မင်းသား ၊ လင်းယုန်နက် ၊ စန္ဒာသိင်္ဂီ ၊ လူရည်မွန် ၊ စန္ဒာမြိုင် ၊ ရွှေကြာ ၊ ပုံပမာ စသည် အပတ်စဉ် ကာတွန်းများ အားလုံးလိုလို ဓနုဖြူမြို့သို့ ရောက်ကြ၏ ။

ထိုစဉ်က ၁၉၇၀ ခုနှစ် ဝန်းကျင်၊ မိမိ အသက် ၁၃ - ၄ နှစ်ခန့် ။ မိမိ ၏ အဖေ က ဓနုဖြူ ဈေး ထဲ တွင် နေ့စဉ် ဆိုင် ထွက်ရသည် ။ မိမိ နှင့် ညီ ဖြစ်သူ က မနက် မလင်းခင် ကတည်း က ဈေး သို့ လိုက်လာကြသည် ။ လင်းရောင် ပျိုးသည်နှင့် မိမိ တို့ ညီအစ်ကို ပြေး သည် က ဓနုဖြူ တရုတ် တန်းဈေး ထဲ ရှိ ကြေးမုံ ကိုတင်မင်း စာအုပ်ဆိုင်ကလေး ဆီ ။

ထို စာအုပ်ဆိုင်ကလေး မှာ အပတ်စဉ် ဂျာနယ်မျိုးစုံ ရှိသည် ။ ထိုစဉ်က အိုးဝေ၊ ရှုထောင့်၊ ရွှေတူ၊ ပြည်သူ့ကြယ်ဂျာနယ် တို့ လည်း ထွက်၏ ။ သို့သော် စာဂျာနယ်များ ထက် အပတ်စဉ် ကာတွန်းဂျာနယ် များက အမျိုးအမယ် ပို များပြားသည် ။

ကိုတင်မင်း က အပတ်စဉ် ကာတွန်းဂျာနယ်များ အားလုံး ကို မိမိတို့ ညီအစ်ကို လက်ထဲ သို့ ထည့်၏ ။ မိမိတို့ က အရောင်အသွေး စုံလင် နေသော အပတ်စဉ် ကာတွန်း ဂျာနယ်များ ကို တစ်ပွေ့တစ်ပိုက်ကြီး ယူယူ လာ ကာ ဖခင် ဖြစ်သူ ၏ ဆိုင် တွင် ထိုင် ဖတ်ကြ၏ ။

ထို အပတ်စဉ် ယူ လာသော ကာတွန်းဂျာနယ်များ ကို ဖခင် ဖြစ်သူ က လပေး နှင့် ရှင်းပေး၏ ။ စာစောင် တစ်စောင် မှ ပြားနှစ်ဆယ်၊ တစ်မတ် သာ ကျသည် ။ သို့သော် တစ်ခါတလေ စု လိုက် လျှင် တော့ မသက် သာချေ ။ ကျပ် နှစ်ဆယ် ဝန်းကျင် ခန့် လစဉ် ရှင်း ပေးရ၏ ။

ဖခင် ဖြစ်သူ သည် မိမိတို့ ဖတ်ဖို့ ဆိုပြီး သီးသန့် ဝယ်ပေးခြင်း ဟုတ်ဟန် မတူ ။ သူ ကိုယ်တိုင် ကို က ကာတွန်း ဖတ် ဝါသနာ ကြီးသည် ။ ယခုအချိန် ထိ လည်း ကာတွန်းစာအုပ် ဆို မက်မက်မောမော ဖတ်နေ တုန်း ။

မိမိ ကို စာပေအနုပညာ မျိုးစေ့ ချပေးခဲ့သူ မှာ မိမိ ၏ ဖခင် သာ ။ ဖခင် ဖြစ်သူ က မိမိတို့ ငယ်စဉ် က ကာတွန်းစာအုပ်များ ကို အများအပြား ဝယ်ယူ ပေးခဲ့၏ ။ စံရွှေမြင့် ၊ မောင်မောင်ဆွေ ၊ ကြုံဗဟုံး ၊ တစ်ကျပ်တန် ကာတွန်းများ ၊ ထိုကာတွန်း များ ကို ဖတ်ပြီး မိမိ ကာတွန်း ဝါသနာ ပါခဲ့သည် ။ စာဂျာနယ်များ ကို ဖတ်ပြီး စာပေမျိုးစေ့ ပေါက်ခဲ့သည် ။ ဓနုဖြူ ဈေးထဲရှိ ဦးကြီးမောင် ၏ စာအုပ်ဆိုင် တွင် လည်း နံနက် မိုးလင်း ဆိုင်ဖွင့် စ တွင်ပင် ဆိုင်ရှင် နှင့် အတူ မိမိပါ ဝင်ရောက် ကာ ကာတွန်း ငှားဖတ်ခဲ့ဖူး သည် ။ တစ်ခါဖတ် ( ၅ ) ပြား ခေတ် ။ ဆိုင်ရှင် ဦးကြီးမောင် က “ မိဘတွေ
ကတော့ မသိဘူး၊ မင်း က ဒီမှာ ကာတွန်း လာ ဖတ်နေ ” ဟု ဆူခြင်း ကို ယခု ထက်တိုင် မှတ်မိနေ၏ ။  ။

မိမိ ကျောင်းသင်ခန်းစာ စာအုပ်များ ထဲ ၌ စာ နှင့် ကာတွန်းရုပ် များ ထွေးရော ယှက်တင် ဖြစ်ခဲ့ကြ၏ ။

ဗလာစာအုပ် မာဂျင်လိုင်းများ အတွင်း တွင် ကာတွန်းရုပ်များ ရေးဆွဲ၏ ။ ဗလာစာအုပ် နောက်ဘက် စာမျက်နှာများ တွင် ကာတွန်းရုပ် များ ရေးဆွဲ၏ ။

မိမိ နဝမတန်း တွင် တက် နေစဉ်က အဖြစ်ကလေး တစ်ခု ကို သွား အမှတ်ရသည် ။

ရူပဗေဒ ဆရာမ က စာသင် နေရင်း မိမိ ရှိရာ ခုံတန်းလျား ဘက် လျှောက် လာသည် ။ မိမိ လည်း ထိတ်ထိတ်ပျာပျာ ဖြစ် သွား၏ ။ အဘယ်ကြောင့် ဟူမူ မိမိ ဖွင့်ထားရာ ရူပဗေဒ လေ့ကျင့်ခန်း ဗလာစာအုပ် စာမျက်နှာတွင် ကာတွန်းရုပ်များ ရေးဆွဲ ထားမိခြင်းကြောင့်ပင် ။

ဆရာမ မိမိ နား မရောက်ခင် မိမိ က ဗလာစာအုပ် ကို နောက် တစ်ရွက် လှန် လိုက်၏ ။ ထို စာမျက်နှာ တွင် လည်း ကာတွန်းရုပ်လေး က ရှိ နေသည် ။

ဆရာမ က ရောက်လု နီးပြီ ။ ထပ် လှန်၏ ။ ကာတွန်းရုပ် ထပ် တွေ့ပြန်၏ ။ ဆရာမ က အနား သို့ နီးလာပြီ ။ ထပ် လှန်၏ ။ ကမန်းကတန်း တွေ့ ပြန်ပြီ ကာတွန်းရုပ်ကလေး ။ ထပ်လှန် ထပ်တွေ့ ၊ တစ်ယောက် တည်း ပျာယာခတ် နေ၍ ဆရာမ က မိမိ ဘေး ရပ်ကာ မိမိ ၏ ပျာယာခတ်မှု ကို ရပ်စောင့် ကြည့်နေ၏ ။

မတတ်နိုင်တော့ပေ ။ ရူပဗေဒသင်ခန်းစာ စာအုပ် တွင် ရူပဗေဒ နှင့် တွဲရက်က ကာတွန်းရုပ်ကလေး ။ မြိုင်ရာဇာတွတ်ပီ တော့ မဟုတ်သေး ။ မြိုင်ရာဇာတွတ်ပီ ဖြစ်ပေါ်လာ ဖို့ အထပ်ထပ် အဖန်ဖန် လေ့ကျင့် ရေးဆွဲ ဖြစ်ခဲ့သော ကာတွန်း မည်ကာမတ္တ ကောက်ကြောင်းများ ။

ဆရာမ က ဆူ၏ ။

မိမိ ကား ထို အရွယ်ကပင် ကာတွန်း နှင့် စာပေ ကို နှစ်သက် စွဲလမ်းခဲ့ရသည် ။

မိမိ ဓနုဖြူ အထက ကျောင်း မှာ နေစဉ် ကတည်း က ရန်ကုန် မြို့ပြ ရှိ မဂ္ဂဇင်း အချို့၌ မိမိ ၏ ကဗျာတိုလေးများ၊ ဝတ္ထုတိုလေးများ ပါနေ ချေပြီ ။ ထိုစဉ်က ကိုးတန်း ကျောင်းသား ။

သောကြာစာစောင် တွင် စာမူ အချို့ ပါနေ၏ ။ ထိုစဉ်က ကလောင် အမည် က မောင်မောင်ဆွေမင်း ( ဓနုဖြူ ) ။

မိမိ ကား ကျောင်းစာ ထက် စာ၊ ကဗျာ ဘက် အားသန် နေပြီ ။

ကျောင်းနံရံကပ် စာစောင်များ တွင် မိမိ ဝင်ရောက် လက်စွမ်း ပြ၏ ။ ကဗျာရေး ၏ စာရေး၏ ။

၁၉၇၇ ခုနှစ်ကျ တော့ မိမိ ဓနုဖြူ မြေ ကို ခွာခဲ့သည် ။ ထိုစဉ်က မိမိ အသက် သည်လည်း ( ၂၀ ) ဝန်းကျင် ရှိခဲ့ပြီ ။ ရန်ကုန် ပန်းချီပန်းပုကျောင်း တွင် တက်ရောက်၍ ပန်းချီပညာ သင်ယူခဲ့၏ ။ ၁၉၈၀  ခုနှစ် က သင်တန်းဆင်းသည် ။

၁၉၈၀ ခုနှစ် မှ စ၍ စာပေလောက သို့ မိမိ ခြေစုံပစ် ဝင်ရောက် ခဲ့သည် ။

အနုပညာခရီး ကား နာမည် နု ပေမယ့် လျှောက်ရသည့် လမ်း က ခယောင်းလမ်း ပမာ ကြမ်းတမ်းသည် ။

ငတ်ပြတ်ခဲ့ ဖူးသည် ။ အထင်သေး အမြင်သေး ခံခဲ့ရ ဖူးသည် ။ လွယ်အိတ်တစ်လုံး နှင့် မဂ္ဂဇင်းတိုက် တကာ ဝင်ထွက် ရင်း ဖြင့် ဝမ်း မဝ တစ်ဝ ဖြင့် အသက် ဆက် ကာ အနုပညာ ကို ဖက်တွယ် ရေးဆွဲရုန်းကန် ခဲ့ရဖူးသည် ။

ယုံကြည်ရာ ဘဝများ ဝယ် မောပန်းနွမ်းနယ်မှု လည်း မသိ ။ ဇွဲနဘဲ နှင့် ဇော ကို အရင်းတည် ကာ လူးလူးလဲလဲ ရုန်းကန်ခဲ့ရ၏ ။

ထိုစဉ်က တစ်ခါတစ်ရံ ဓနုဖြူ သို့ ပြန်ရောက်ခဲ့ လျှင်လည်း မိမိ ၏ အမည် ကို ထင်ထင်ရှားရှား သိသူ သိပ် မရှိလှ ။

သို့ဖြင့် ၁၉၈၆ ခုနှစ် ကျ မြိုင်ရာဇာတွတ်ပီ ဇာတ်ကောင်ကလေး ကို မိမိ ရေးဆွဲ ရှာဖွေရင်း တွေ့ခဲ့ရသည် ။

မြိုင်ရာဇာတွတ်ပီ သည် “ ရွှေသွေးဂျာနယ် ” မှ စတင် ခဲ့၏ ။ မြိုင်ရာဇာတွတ်ပီ ဖြင့် မိမိ ဘဝ ကို တည်ဆောက် ခဲ့ရသည် ။ မြိုင်ရာဇာတွတ်ပီ သည် မိမိ ဘဝ ကို အနိမ့် မှ အမြင့် ထိ ဆွဲ တင်ခဲ့သည် ။ မြိုင်ရာဇာတွတ်ပီ သည် မိမိ ကို အောက်ခြေ ရောက်လုလု လူနေမှု ဘဝ မှ ဝတိံဖျား သို့ ဆွဲတင် ပေးခဲ့သော ဇာတ်ကောင်ကလေး ပင် ။

ယခုတော့ “ မြန်မာနိုင်ငံ တစ်လွှား ဖိမ့်ဖိမ့်တုန်အောင် ကျော် ကြားသော ကျွန်ုပ် မြိုင်ရာဇာတွတ်ပီ သည် ...” ဟူသော မိမိ ရေးနေကျ စကားပြေ အတိုင်းပင် မြိုင်ရာဇာတွတ်ပီ ကို နိုင်ငံ တစ်ဝှမ်း မသိသူ မရှိ သလောက် အောင်မြင် ပေါက်ရောက်ခဲ့ပြီ ဖြစ်ပါ၏ ။

( ၃ )

ဓနုဖြူ အ-ထ-က ရွှေရတုမဂ္ဂဇင်း ကို မိမိတို့ စီစဉ်ပေးတော့ ဓနုဖြူ ကျောင်းထွက် လူရည်ချွန်များ စာရင်း ကို တွေ့ရသည် ။

နိုင်ငံတော် အကြီးအကဲ လည်း ပါ၏ ။ စစ်ဗိုလ်ကြီးများ လည်း ပါ၏ ။ ဆရာဝန်ကြီးများ လည်း ပါ၏ ။ အင်ဂျင်နီယာကြီး များလည်း ပါ၏ ။

မိမိ ကား တစ်ဘာသာ ။

အနုပညာ ကို ဖက်တွယ်ပြီး မဆုတ်မနစ်သော ဇွဲလုံ့လ ကြိုးစားမှုတို့ဖြင့် ယခုအခါ ဓနုဖြူ အ-ထ-က ကျောင်းထွက် ဓနုဖြူသား မိမိ သည် လည်း အနုပညာ နယ်ပယ် တွင် တစ်ထောင့်တစ်နေရာ မှ လူသား ရပ်ရွာ အကျိုး သယ်ပိုး နေနိုင်ပြီ ဖြစ်ပါချိမ့် ။

⎕ ဆွေမင်း ( ဓနုဖြူ )

📖  ဓနုဖြူ အ-ထ-က ရွှေရတုမဂ္ဂဇင်း
    (၂ဝဝဝ)ပြည့်နှစ်

#ကိုအောင်နိုင်ဦး
.

No comments:

Post a Comment