Tuesday, July 2, 2024

သူတို့ မသာ


 

❝ သူတို့ မသာ ❞

လူချမ်းသာ တို့ ၏ မသာ သည် စည်ကားမြဲတည်း ။ ပစ္စည်းဂုဏ် လည်း ရှိမည် ၊ အကမ်းအလှမ်း လည်း ပါဦးမည် ဆိုလျှင် ထို မသာ သည် ရှုချင်ပွဲ တမျှ ပရိသတ် အင်အား တောင့်တင်း တတ်သည် ။

ထို ဂုဏ် နှစ်ဝ နှင့် ပြည့်စုံသော မသာ တစ်လောင်း သည် အသင့်အတင့် ကြီးသော မြို့ တစ်ခု ၏ တပ်ဗိုလ်ပါ နှင့် ချီတက် သွားလေ၏ ။

လူသွား လူလာ ခေါင်းပါး သော သင်္ချိုင်းလမ်း ပေါ် ၌ ထုထည် ကြီးမားလှသော မသာပို့ ပရိသတ် အား မော်တော်ယာဉ် ၊ လှည်း ၊ ရထား မထိမခိုက် မိ စိမ့်သောငှာ မိမိ ဘာသာ မိမိ တာဝန်ချ ထားသော လမ်းပြ နှစ်ဦး သည် စက္ကူစိမ်း ရွှေ ပြားတု ၊ ငွေပြားတု ၊ ပန်းစက္ကူ ကြိုးလိမ် တို့ဖြင့် အဆန်းတကြယ် ခြယ်လှယ် ထား အပ်သော မော်တော်ကား ရှေ့ဝယ် ခရီးထောက် လျက်ရှိ၏ ။

မသာ ၏ နောက်ဝယ် အသက် ၁၇ နှစ် သာသာ မိန်းကလေး တစ်ယောက် သည် ရှိုက်ကြီး တငင် ငိုယို လိုက်ပါ လာ၏ ။ ဖွဲ့နွဲ့ ငိုကြွေး မှ သာ မသာပို့ ပရိသတ် ၏ ကရုဏာ ကို တဖွဖွ ထိုးဆွ ပေးပေမည် ။ သို့မှသာ မသာ ပီသမည် ဟူသော ဗမာ့ ထုံးတမ်း အစဉ်အလာ အတိုင်း ဇာတ်ငို ငိုကာ လိုက်ပါ လာဟန် တူသည် ။

မိန်းမကြီးကြီး တစ်ယောက် က နံဘေး မှ “ မောမယ် ၊ မောမယ် သတိထားလေ ” ဟု ပြောတိုင်း ထို မိန်းကလေး သည် ရှိုက်ကာ ရှိုက်ကာ တဟီးဟီး ဝမ်းနည်းပန်းကြီး ငို၏ ။ “ သတိထားမှပေါ့ သူဌေးကတော် ” ဟု ဆိုလိုက် တိုင်း ထို မိန်းကလေး သည် ကျွန်းသေတ္တာခေါင်း ထဲ တွင် အစန့် သား ပါသွားသော အသက် ၆ဝ တွင် ၈ နှစ် မျှ သာ စွန်းရှာ သေးသည့် သူဌေး ဆိုသူ ကို အောက်မေ့ ပြီးရင်း အောက်မေ့ ကာ ဆူညံစွာ ငို ပြန်၏ ။

သုသာန် ရောက်ခါနီး မှိန်း တစ်ပစ် အကွာ ခန့် ရောက် မှ တစ်လမ်းလုံး သွတ်ကယ်သွတ်ကယ် သူဌေးကတော် ငိုသည် ကို အများဗိုလ်ပါ ကောင်းစွာ ကြားစေဖို့ အလိုက်သိ စွာ ရပ်ဆိုင်း ထားရဟန် တူသော ဆိုင်းဆရာ တို့ သည် အတိုး ဖြင့် တီးမှုတ်ကြ လေ၏ ။

ဆိုင်း တီး လေလေ ၁၇ နှစ် အရွယ် သူဌေးကတော် ၏ အသည်းကလီစာ ကြား မှ ငိုကြောကြီး ကို ထိလေလေ ဖြစ်ပြီး ဟစ်ကာအော်ကာ ငို လေလေ ဖြစ်၏ ။ နွားနဖားကြိုး သဏ္ဌာန် စီတန်း လျက် မသာရှင် က ပေးသော ဆိုက်ကား တပ် နှင့် လိုက်ပါသူ တို့ မှာ လည်း စကားပြော မပျက် လိုက် ပါလျက် ရှိကြ၏ ။

အသံစာစာ နှင့် နှုတ်ခမ်းပါး ၊ လျှာပါး အဒေါ်ကြီး မှာ ဆိုက်ကား နောက် ရှိ သူ့ အဖော် ကို ကျောချင်းကပ် ကာ စကား ပြောရသည် ကို အား မရလှသဖြင့် ကိုယ် ကို လိမ် ကာ ပြော ရှာ၏ ။

“ ခမျာ ငယ်ငယ်ရွယ်ရွယ် မုဆိုးမ ဖြစ်ရှာပြီနော် ”

“ အို - ဒါမှ နောက်ထပ် ယောက်ျား ယူ ကောင်းတာ ပေါ့ အေ ”

“ အဲဒီလို ဆိုရင် သူ့ ယောက်ျား အဘိုးကြီး ဘယ်လောက် သချိုင်း ထဲ က ထ လာချင်မလဲ ”

“ အို သေပျော်ပါပြီ ၊ ဒီလောက် နုနုထွတ်ထွတ်ကလေး နဲ့ ခံစားစံစား သွားရမင့် ဟာ ။ နွား တွေ ၊ ဝက် တွေ သတ်ဖို့ လိုင်စင် ဆွဲပြီး ချမ်းသာတဲ့ ပစ္စည်းတွေ ကို ကောင်မကလေး ထိုင် ဖြုန်းပေါ့ ”

“ အခု ရန်ကုန် မှာ ဆံပင်ကောက်တာ ခေတ်စား နေ သတဲ့ ။ တစ်ခါ ကောက်ရင် နှစ်ကျပ် ပေးရ ဆိုပဲ ”

ဤသည် ကား မသာ ပရိသတ် ၏ အသုဘရှု စကား များတည်း ။

ဇရပ် သို့ ရောက်လေပြီ ။ ထုံးစံအတိုင်း ခေါင်း ကို ဇရပ် ပေါ် သို့ တင် ကြ၏ ။

မသာပို့ လက်ဆောင်အိတ်များ ရကြ ပြီး နောက် လူသံခြေသံ ၊ စကားသံ အကြား မှ စက္ကူသံများ ချွတ်ချွတ် ချက်ချက် ကြားရလေ၏ ။ အချို့က ဒန်ရေခွက် နှင့် ဆန်းလိုက်ဆပ်ပြာ တစ်ခဲ ကို နှာခေါင်းရှုံ့ ၍ ကြည့် ကြ၏ ။ စိတ် ထဲ တွင် လိုက် ပို့ရသည့် ကရိကထ နှင့် ရသော လက်ဆောင် မှာ အမြတ် ထွက် မထွက် တွက် နေကြဟန် တူ၏ ။ 

“ အမလေး ကိုကိုသော် ရဲ့ ၊ နွဲ့ကို ချစ်တယ် ဆိုပြီး နွဲ့ ကို ဒီလိုပဲ ထားပစ်ခဲ့တော့မလား ကိုကိုသော် ရဲ့ ။ ကိုကို - ကိုကိုသော် ၊ အမိုက်မ မိနွဲ့ ကို ဘယ်လို စိတ်ချပြီး ထားခဲ့ရ တာလဲ ကိုကို ရဲ့ ”

ကိုကို ခေါ်သံ ကြားတိုင်း မသာ ပို့ လူငယ်တွေ က ပြုံး ကြ၏ ။ သို့သော် လက် ထဲ က ဒန်ခွက် နှင့် ဆပ်ပြာခဲ မျက်နှာ ကြောင့် ကြာရှည် မပြုံးကြချေ ။

“ အစတုန်း က တော့ နွဲ့ ကို ဘယ်တော့မှ မခွဲဘူး ဆို ၊ ခုတော့ စိမ်းကားလို့ ပစ်သွားပြီလား ကိုကိုသော် ရဲ့ ၊ နွဲ့ မေးတာ ထ ပြီး ဖြေပါဦး ”

ငိုသံ ၊ တရားဟောသံ ပြွမ်းကာ တရားဟော ပြီး သွား ၏ ။ နွဲ့ ဆိုသော သူဌေးကတော် သည် ထ ၍ မသာခေါင်း ကို ပွေ့ မည် ပြုသဖြင့် မိန်းမကြီး က နံဘေး မှ ပွေ့ကာ တား ထား ရ၏ ။

“ မယူရဘူး ၊ ဟင်း ... ဟီး ဟီး ဖယ် ၊ မယူရဘူး ၊ ကိုကို နဲ့ ဖက် သေမယ် ၊ အမလေး ကိုကိုသော် ရဲ့ နွဲ့ ကို မခွဲ ဘူးဆို ”

တစ်ချက်မျှ အသက်ပြင်းပြင်း ဆတ် ခနဲ ရှူကာ ပက် လက်လှန် ချ လိုက်၏ ။ မေ့ သွားလေရော့ သလား မသိ ။ မိန်းမကြီး က ပြေး ၍ ပွေ့ထား၏ ။ “ ကွမ်းရွက် ပေးပါ ၊ နှာ ပေးပါ ၊ အော်ဒီကလုံး ပေးပါ ” နှင့် ဗျာ များ နေ၏ ။ ကွမ်းရွက် ကို ချေ ပွတ်ကာ ရှူ စေ၏ ။ သတိ မရသေး ၊ နှာ ရှာ ကြ၏ ။ မတွေ့ ၊ နောက်မှ နံဘေး ၌ ဝိုင်းအုံ နေသော လူစု ထဲ မှ ပျာပျာသလဲ ဖြစ် နေသည့် မျက်နှာ ပေါင်ဒါ ဖွေး နေသော ယောက်ျားပျို တစ်ယောက် က လက်ကိုင်ပဝါ ထုတ် ပေး၏ ။ နှာခေါင်း နှင့် ကပ် လိုက်သည် နှင့် တစ်ပြိုင်နက် မျက်စိ ပေကလပ် ပေကလပ် ဖွင့်ပြီး ယောက်ျားပျို ၏ မျက်နှာ ကို ဖျတ်ခနဲ ကြည့်ပြီး ပြန် ပိတ် သွား၏ ။ သူဌေးကတော် လည်း သိသည် ၊ ယောက်ျားပျို လည်း သိသည် ။

တွင်း ထဲ သို့ ခေါင်း ချမည် ပြုသောအခါ သူဌေး ကတော် လည်း သည်းထန်စွာ ငိုကြွေးပြန်၏ ။ တွင်း ထဲ သို့ ကျ သောအခါ တွင်း ထဲ သို့ ဆင်းမည် ပြု၏ ။ အတင်း ဆွဲ ထားကြရလေ၏ ။

“ မဆွဲကြပါနဲ့ ၊ ဟီး ဟီး ၊ အမယ်လေး ကိုကိုသော် ရဲ့ ၊ လူစိမ်းကားကြီး ရဲ့ ။ ငှက် ဖြစ် တောင် တစ်ကိုင်း တည်း နားမယ် ဆိုတဲ့ လူကြီး ရဲ့ ”

ထိုအခိုက် တွင် ဆိုင်းသံများ ကြား ရလေ၏ ။ ငွေ ကြေးရတတ်သူ ၊ မျက်နှာ ရှိသူ ၏ မယား ဖြစ် သောကြောင့် မိတ်ဆွေများ က ဆိုင်း နှစ်ဆိုင်း ကူကြ၏ ။ တစ်ဆိုင်း က မျောက်မင်းအူသံ တီး ၏ ။ ကြားရသူ ပရိသတ် ၏ ရင်ဘတ် ကို ဖနောင့် ဖြင့် ဆောင့် လိုက် သကဲ့သို့ နင့်ခနဲ အင့်ခနဲ ဖြစ် ကာ မျက်စိ တွေ ပူစပ်စပ် ဖြစ်လာ၏ ။ ထိုအခါ အခြား တစ်ဆိုင်း က အားကျမခံ တီး ပြန်၏ ။ “ ယောက်ျားလေး မြင်ရင် ” ဆိုသော တီးလုံး ဖြစ်၏ ။ အညံ့မခံ တစ်ဖက် မှ “ တူနှစ်ကိုယ် ” ကို တီး လေ၏ ။ ထို့နောက် ရွှေပြောင်ပြောင် တီးလုံး ကို သုသာန် သို့ ကြွရောက် ချီးမြှင့်ကြသော ပရိသတ် တို့ နားသောတ ပန်ဆင်ကြရ၏ ။ အရှုံး မပေး လို သော ပြိုင်ဘက် တီးဝိုင်း က အပိတ် သဘော ဖြင့် “ ဘုရားဂုဏ်တော်ဖွင့် ” တီး လေ၏ ။ ထိုအခါ “ ရည်းစားဓားပြ ” ကို တစ်ဖက် မှ ဖျက်တီး တီး လေရာ သုသာန်တစပြင် သည် တစ်မုဟုတ်ချင်း ရန်ကုန် တရုတ်ကုန်စုံဆိုင် အပိုင်း ကဲ့သို့ ဖြစ်သွား၏ ။

ရုတ်ခြည်း တစ်ဖက် မှ အသံ ရပ်သွား ကာ နှဲများ ၊ ဆိုင်းများ ကို ချပြီး နောင်ဂျိန် ကြ လေ၏ ။

“ ဟဲ့ ဟဲ့ လုပ်ကြပါဦး ဟ ၊ ဆွဲကြပါ ။ လွန်မယ် လွန် မယ် ” ဆိုသော အော်သံများ နှင့် မရှေးမနှောင်းပင် ရိုက်ကြ နှက်ကြ ၊ ထိုးကြ လေ၏ ။

သူဌေးကတော် လည်း တွင်း အနီး မှ လျင်မြန်စွာ ခွာ ၍ လက်ကိုင်ပဝါရှင် ယောက်ျားပျို ဆီ သို့ သွားမည် ပြုပြီး မှ ရပ်တန့် နေ၏ ။

အများ က ဝိုင်း၍ ဖြန်ဖြေသောကြောင့် “ ဟေ့ သိမယ် ကွ ၊ အနောက်ပိုင်းသား တဲ့ ၊ အကြောင်းပြမယ် မှတ်ထား ” ဆိုသံများ ၊ “ အံမာ ကြောက်တယ် ထင်လို့လား ၊ ထွက်ခဲ့ ရဲရင် ” ဟု ပြန် အော်သံများ ဖြင့် ဆိုင်းသမား ရန်ပွဲ ရပ်စဲ သွား လေ၏ ။

      •••   •••   •••   •••

မြန်မာ သည် စိတ်ထက်သော လူမျိုး ဖြစ်သည် ။ စိတ် ထက်သည့် နည်းတူ ဓား လည်း ထက်သည် ။ ရန်ပွဲ မည်ကာမတ္တ ကို လက်သီး ဖြင့် မဆုံးဖြတ် ၊ ဓား ဖြင့် ဆုံးဖြတ် တတ်သည် ။

ဟုတ်မှန်လှ၏ ။ ယခု ထို သချိုင်း သို့ ပင် အလောင်း တစ်လောင်း စက်ဘီး နှစ်စီး စီး ၍ လာနေပြီ မဟုတ်ပါလား ။ ထို မသာ သည် ကြီးမားလှစွာသော သတ္တိ ဧရာမ နှင့် မှောင်ရိပ် မှ ချောင်း ကာ ဓားမြှောင် ဖြင့် ထိုး လိုက်ရာ လူ မှား ၍ အထိုး ခံရ သဖြင့် သေရ ရှာသော မသာ ဖြစ်သည် ။

ထို မသာ သည် လိုက်ပို့ သူ လူ တစ်ကျိပ် ခန့် ရှိ၏ ။ ဆိုင်း မပါ ၊ ဗုံ မပါ ၊ ဆိုက်ကား မပါ ၊ ရှေ့ဆောင် ခရီး ထောက် မရှိ ၊ အကမ်းအလှမ်း တောင်းကြီး လည်း မပါ ။ နေပူ ကျဲကျဲ တွင် ဖြည်းညှင်း ငြိမ်သက်စွာ ကုန်းကြောင်း ချီ လာကြ၏ ။ တိတ်လည်း တိတ်ဆိတ်၏ ။ သူတို့ မျက်နှာ သည် တင်းမာ လှ၏ ။ သို့သော် ထို တင်းမာသော မျက်နှာထား အောက် တွင် အဘယ်မျှ အပူမီး တောက်လောင် လျက် နေ သနည်း ။

စက်ဘီး ၂ စီး နောက် မှ လိုက်လာသော အမေအို သည် ဟစ် ၍ မငို ၊ အော် ၍ မရှိုက် ကျလာသော မျက်ရည်စ ကို သာ တဘက်စွန်း ဖြင့် သုတ်ကာ သုတ်ကာ သိမ်း ရှာ သည် ။

သင်္ချိုင်းကုန်း ဆီ သို့ နီးကပ် လာလေပြီ ။

လမ်းမ တွင် မြက်စား နေသော ဆိတ် တို့ သည် စား နေ ရာမှ ခေါင်း ထောင်၍ ကြည့် ကြ၏ ။ ငြိမ်သက်လှ၏ ။ မသာ နှင့် တကွ လိုက်ပါသူ ပရိသတ် တို့ သည် လည်း သင်္ချိုင်းဇရပ် သို့ ဖြည်းညှင်းစွာ ရှေးရှု သွားကြလေသတည်း ။

◾ထင်ကြီး

📖 မြန်မာဝတ္ထုတို ( ၁၉၁၂ - ၁၉၆၄ )

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment