Saturday, July 6, 2024

ရွှံ့ပေသွားတဲ့ သီချင်း


 

❝ရွှံ့ပေသွားတဲ့ သီချင်း ❞

( ၁ )

“ ကန္တာရ ခရီးကြမ်း ... ကြမ်းတမ်းပါစေ မောင် ရေ မောင် ရေ ”

အသံ အတော် ကောင်း တဲ့ လုံမ ။ မြည် လည်း မြည် ၊ ကြည် လည်း ကြည် သနဲ့ ။ သူ့ အမေ မိစော ကို မီတယ် ။ ကြည့်စမ်း .. အားလုံးက နား ကို စွင့်လို့ ။ သူ့ နံဘေး က ကောင်မ ဆို လက် ထဲ က ကောက် ကို တောင် မစိုက်အား သေးဘူး ။

“ မောင့် အချစ်မြားစူး .. မောင့် အချစ်မြားစူး ... ရူးရပြီကော လေ ... ”

သီချင်း ပြီးဆုံး သွားပြီ ။ ခုမှ ပဲ ခါး ဆန့် သူ ဆန့် ၊ စကား စ သူ စ နဲ့ ။ ကွင်းသံ ဝေ လာပြီ ။

“ ဟဲ့ ... မိညိုမ ရေ ၊ မောင့် အချစ်မြား စူး တာ ဘယ် နေရာလဲ ဟ ”

ဝါးခနဲ ရယ် လိုက်ကြတယ် ။ မေး သူ က လည်း ကြံကြံဖန်ဖန် ၊ ပေါက်ပေါက်ရှာရှာ ။ ဖြေ တဲ့ သူ က လည်း ကြည့်ပါဦး ။

“ ငါ မစူးဘူး ကောင်မ ရဲ့ ။ နင် သာ ပေါက် ထွက် အောင် စူးမှာ ”

နောက် တစ်ကြိမ် ဝါးခနဲ ညံ သွား ပြန်တယ် ။ ဒီလို အချိန် ဒီလို နေရာမျိုး မှာ တော့ ကွမ်းတောင်ကိုင် ၊ ပန်း တောင်ကိုင် တို့ ရေခပ်လမ်း အလှ တို့ ဆိုတာ တွေ ဘေး ဖယ် ထားပြီး အားလုံး တစ်ဆင် တည်း ၊ တစ်သွင် တည်း ပဲ ။ ဗိုင်းကောင်း ကျောက်ဖိ ဆိုရင် တောင် ဖိ ထား တဲ့ ကျောက် ကို တော့ ခဏ ခွာမိကြတာပါပဲလေ ။ ဒါ ... ဟိုတုန်း ကတည်း က ပျော်ကြတာ ကိုး ။ ယောက်ျား ဆို တဲ့ ဆန့်ကျင်ဘက် က လည်း ကင်းချိန် ၊ နေ့စဉ် ရက်ဆက် ဆို သလို ကောက်ငန်း မှာ လည်း နစ် နေချိန် မဟုတ်လား ။ မော သမျှ ကို တေး နဲ့ ဖြေ ၊ ပန်းသမျှ ကို အခုလို အပြောင်အပြက် နဲ့ ဖျောက် ကြရတာပ ။ ဟိုတုန်း က ဆို ဒါထက် သာသေး ။ ကန်သင်း ပေါ် က ကာလသား တစ်ယောက် တလေများ ဖြတ် သွားပြီ ဆို တစ်ယောက် တစ်မျိုး လှောင်ကြ ၊ စကြ ။ လင်ပြော သားပြော ပြောကြ ။ စောင်းချိတ်ပြီး လက်တန်း တေး ဖွဲ့ဆိုကြ နဲ့ ။ မိဆယ်တင် ဆိုတာ မှတ်မိသေး ရဲ့ ။

လူပျိုကြီး တစ်ကောင် နှစ်ကောင် ၊ ခြင်းကျားကြီး နဲ့ လှောင် ၊ လူပျိုသိုးရယ် ခြင်းပေါက် က တိုး ၊ အလို ... မင်း ဘာပြု တိုး ... ။

( ဝေ ... ဟေ ) သီချင်း ဆုံးတာ နဲ့ အဲဒီလို ကျန် ကောက်စိုက်သမ တွေ က ‘ ဟေ ’ လိုက် ပေး ကြရတယ် ။ သီချင်း သာ ဟုတ်တိပတ်တိ မဆိုတတ် ပေမယ့် အဲလို ‘ ဟေ ’ လိုက်ရ တာ ကိုတော့ သံကုန် ဆွဲပြီး လိုက်မိတတ်မြဲလေ ။ ဝါးခနဲ ရယ် လိုက်သံကြောင့် ဆန့် နေတဲ့ အတွေး တန့် သွားရတယ် ။ ဘေးဘီ ကို ကြည့် လိုက်တော့ ..

“ ဟင် ... ဟုတ်လား ဒွေးထိုက် ”

“ ဘာလဲ .. ဟဲ့ ”

“ မချော ပြောတယ် ။ ဒွေးထိုက် သိမယ်တဲ့ ။ အချစ် မြား စူးတာ ဘယ်နေရာ ဆိုတာ ”

“ တယ် …. ဒီ ကောင်မတွေ ပေါက်ပေါက်ရှာရှာ ” 

ဝိုင်း ရယ် ကြပြန်တယ် ။ အမေ အရွယ် ၊ ဒွေးတော် အရွယ် ပေမယ့် အလွတ် မပေး ။ ကိုယ့် တုန်း က လည်း ဒီလို ပါပဲလေ ။ နောက်ကြ စကြ တာပဲ ။ မမလှတင်ကြီး ဆို နောက် သမျှ အခံ ရ ဆုံးပဲ ။

“ ဟေ့ … ယောက်မ ရေ နောက် တစ်ပုဒ် ဆို ဟေ့ ” 

“ ဘာ ဆိုရမလဲ ”

“ ကိုကို ရေ ကွယ်ရ မှာ ခိုး မစားနဲ့ နော် ”

ရယ် ကြ ပြန်တယ် ။ ဟို ဟာ ဆို ၊ ဒီ ဟာ ဆို နဲ့ တစ်ယောက် တစ်မျိုး သီချင်း ရွေး ကြပြန်တယ် ။ သူတို့ ခေတ် မှာ တော့ ဆိုစရာ သီချင်း တွေ ပေါ မှ ပေါ ။ အသံချဲ့စက် ထဲ က ဟာ ဆို မလား ။ ကက်ဆက် ထဲ က ဟာ ဆို မလား ။ အို ... များ မှ များ ။ ဟိုတုန်း က တော့ ဒီလို မများ ။ မမတင် တို့ မမစော တို့ ဆိုတဲ့ ‘ ကောက်တီ နဲ့ မယ်စော ’ တို့ “ မိုးချုပ် လို့ ပြန်ချိန်တော် ”  တို့ စတာ တွေ သာ မရိုး နိုင် အောင် နားထောင် ။ တစ်ပုဒ် ဆုံး တိုင်း ‘ ဟေ ’ သံရှည် လိုက် ပေးရတာ ။ ဒါပေမဲ့ အဲဒီ သီချင်းလေး တွေ က ပို စွဲ တယ် ။ ခုလို နေညို ချိန် မှာ ဆို တဲ့ တေးလေး ဆို ဘာတဲ့ ။

စိုက်ကြပါ အေတို့ရယ် ၊
ပြန်ချင်ပေါ့လေး ။
ကျုပ်တို့ မှာ ရွာ ဝေးလို့
ရေခပ်မီ နံ့သာသွေး
မိုးချုပ်မယ်လေး …. ။

( ၂ )

ကောင်းကင် တစ်ခိုလုံး တိမ်ညိုညို တို့ ဖြင့် ပြည့် နေ တော့တယ် ။ နတ်မူးမြစ်ညာ ဆီ မှာ မိုးကြီး နေရော့ ထင့် ။ မနက်ဖြန် စိုက်မည့် လယ်ကွက် မို့ ရေ နေဖို့ စိမ့်ပေါက် များ ၊ ကြွက်တွင်း များ ကို ကန်သင်း တစ်လျှောက် လိုက် စစ် ရင်း ဝန်းကျင် ကို မျှော် မိတော့ မူးကမ်းနား ကျသည့် လယ် တချို့ က ကောက်ပင် တို့ စိမ်းမြ နေပြီ ။ ကောက်သား တက် လို့ ကောက်ကွက် လည် နေပြီ ။ ရေမြေ က လည်း အဆင်ပြေ ၊ လယ်ရှင် တွေ က လည်း စိုက်စရိတ် မျိုးစရိတ် တတ်နိုင်ကြ သူတွေ ကိုး ။ ကိုယ့် မှာ သာ .. ။

ဟိုးဘက် ထိပ် က မကြီးဆင့် တို့ လယ် တွေ ဆို ကောက်ကွက် လှန် နေပြီ ။ စိမ်းရင့်ရင့် ကောက်ပင်တွေ က အားရစရာ ။ သူများ ထက် ဦးအောင် စိုက်နိုင်ကြသူ တွေ ဆို တော့ အင်း ... ဒီလို ကောင်း တာ ခုနှစ် မှ မဟုတ်ပါဘူးလေ ။ “ သာမောင် ” ဦးစီး လုပ် တုန်း က လည်း ဒီလိုပါပဲ ။

အင်း ... သာမောင် ... သာမောင် ဆိုလို့ မြင်ယောင် မိ သေးတော့ ။ အဲဒီ တုန်း က ဘောက်သူကြီး မမစော ရဲ့ အဖွဲ့ မှာ ကောက်စိုက်သမ ပေါ့ ။ မမစော ရဲ့ ဘောက် က လူ က လည်း ညီ ၊ လက် ကျ ကလည်း ကောင်း ၊ ငန်း က လည်း တွင် ဆိုတော့ ကောက်စိုက် လှိုင် ချိန် ဆို နားရတယ် ကို မရှိဘူး ။ လက်စား လည်း လိုက် ၊ အခ နဲ့ လည်း လိုက် ဆို တော့ ရက် ကို ဆက် နေတာပဲ ။ မှတ်မိသေးတယ် ။ ညောင်ပင်လယ် စိုက် တဲ့နေ့ ကပေါ့ ။

“ ဟဲ့ ... မိထိုက် ၊ ကြိုးစားလှချေလား ”

“ ကြိုးစားမှာပေါ့ အေ ။ လယ်ရှင် က ဒါမှ ချွေးမ တော်ချင် မှာ ”

လယ်ရှင့် သား သာမောင် နဲ့ စ နေကြတာ လေ ။ မျက်နှာ က ရှက်တက်တက် ပေမင့် ရင် က ကျေနပ် နေမိ တာ တော့ အမှန် ။

“ ဒါပေါ့လေ အေ ၊ ကိုယ့် လယ် လို သဘောထား စိုက် နေရတယ် ”

အားကျမခံ ပြန် နောက်မိ ပြီးခါ မှ ကြား များ သွား လေမလား လို့ မျက်ကလဲ ဆန်ပျာ ကြည့်မိတယ် ။ သာမောင် က ဖြင့် ဟိုဘက် လယ်စပ် ဆီ မှာ ပျိုးစည်း သယ် လို့ ။ ဟင်း .. တော်ပါသေး ရဲ့ ။

ဆန့် ထား တဲ့ ခါး ကို ပြန် ကုန်းရင်း ညာ လက် နဲ့ ကိုင် ထားတဲ့ ကောက်ပင် ကို ထိုးစိုက် လိုက်တဲ့ အခါ မှာ တော့ မာကျောကျော အရာ တစ်ခု ကို ထိတွေ့ လိုက် ရတယ် ။ ထိတ်ခနဲ ဝမ်းသာ သွားတယ် ။ အဲဒီ အရာကို ကပျာကယာ ကောက် ယူလိုက်တော့ ယက်ကန်ယက်ကန် ပါ လာတဲ့ လိပ်ကလေး ။ ဝမ်းသာအားရ ... ။

“ ဟေ့ ... ယောက်မ တို့ ဒီမှာ ကြည့်စမ်း ” 

“ ဟား .. လိပ် လိပ် ရွှေလိပ် ငွေလိပ် ”

“ ဝေး ... ဟေး ... ဟေး ”

အားလုံးက ဝမ်းသာအားရ အော်လိုက် ကြတယ် ။ အတိတ် ကောင်း ၊ နိမိတ် ကောင်း မဟုတ်လား ။ သေချာပြီ ၊ ဒီ လယ် ဟာ ဒီနှစ် တော့ တစ်နှံ ကို ဆယ်ပြည်ထွက် ဖြိုးအက် လို့ သီး တော့မယ် ။ လယ်တိုင်း မှာ လိပ် မတွေ့ ပေမယ့် လိပ် တွေ့တဲ့ လယ် က စပါးထွက် ကောင်းတယ် ဆိုတာ တော့ ဟို ရှေးရှေးတုန်း ကတည်း က ဒီ ဒေသ ရဲ့ အယူတော် မင်္ဂလာ လေ ။

“ ကဲ .. လာကြဟေ့ ။ လယ် နားပြီ ။ သာမောင် တို့ အိမ် လိပ် သွားပို့ကြမယ် ”

“ အေးဟေ့ …. ဟို ကျရင် တော့် ချွေးမ လိပ် ရလာတယ် ၊ တစ်ခါတည်း သာ ခေါ် ထားလိုက်လို့ သာမောင့် အမေ ကို ပြောရမယ် ဟေ့ ”

ပြောရင်း ဆိုရင်း ကန်သင်း ပေါ် တက်ကြတယ် ။ ပြုံးပြုံးကြီး လှမ်း ကြည့် နေ တဲ့ သာမောင့် ကို အနောက် သန် တဲ့ မကြီးရှိန် က စထား ခဲ့သေးတယ် ။

“ ဟဲ့ ... သာမောင် ရေ နင်တို့ လယ် က လိပ် ရတယ် ဟေ့ ။ နင့် အမေ လို ပဲ ကိုယ့် ဘက် ကို ယက်မယ့် လိပ်လေး ဟဲ့ ”

( ၃ )

လိပ် ရသူ မို့ ကိုယ်တိုင် ပင် လိပ်လေး ကို ပွေ့ ကာ ယူခဲ့ ရတယ် ။ အားလုံး က တစ်သီတစ်တန်းကြီး ရောက်တတ် ရာရာ တေး တွေ ဟစ် လို့ပေါ့ ။

“ ပြန်မယ်တဲ့ ပြန်မယ် ” 

“ ရွှေလိပ်ဝါ စီး လို့ ပြန်မယ် ”

တစ်ယောက် က တိုင် ပေးတယ် ။ ကျန်သူ တွေ က ဝိုင်း လိုက် ဆိုကြတယ် ။ အတိုင်အဖောက် မြိုင်မြိုင် နဲ့ လာ လိုက်ကြတာ လယ်ရှင့် အိမ် တောင် ရောက်လုပြီ ။ အဲဒီ မှာ တစ်ယောက် က ထ ဖောက်တယ် ။

“ ဟဲ့ ကောင်မ တွေ ဒါနဲ့ နင် တို့ စီး လာ တဲ့ လိပ် က အထီး လား ၊ အမ လား ဟဲ့ ”

“ လိပ်ထီး ”

“ အဲဒါ ဆိုရင်တော့ နင် ပဲ စီး ဟေ့ ”

ဝါးခနဲ ရယ်ကြရ ပြန်တယ် ။ ဒါမျိုး ဆို နားခွက် က မီး တောက်ကြသူတွေ မဟုတ်လား ။ ဒီလို စကားလိမ် နဲ့ နောက် ကြတာ ရိုး နေပြီလေ ။ ဒီ အရွှတ်အနောက် အပြောင်အပြက် တွေ နဲ့ ပဲ သည် မိုး ကို မမှု ၊ ပူနေ ကို အန်တု ခဲ့ကြတာ မဟုတ်လား ။

လယ်ရှင် အိမ် ရောက်တော့ အိမ်ပေါက် က မိသားစု ဆီးကြို နေကြလေရဲ့ ။ ဒီလို ကောက်စိုက်သမ တွေ တရုန်းရုန်း နဲ့ ရောက်လာကြမယ် ဆိုတာ သတင်း ကြား ပြီးရောပေါ့ ။ သာမောင် တို့ အမေ က ပြုံးပြုံးကြီး နဲ့ ... ။

“ လာကြဟေ့ … လာကြ ။ ရွှေလိပ်ကလေး ဘယ်သူ ရ တာလဲ ”

“ မိထိုက် ရတာ ကြီးတော် ”

“ ငါ့ ချွေးမလေး ရတာကိုး ။ ဆု ပို ချရမယ် ဟေ့ ” 

လယ်ရှင် တစ်မိသားလုံး လည်း ပျော်ရွှင် နေပုံ ပေါက် တယ် ။ ဒီလို လိပ် ရတာ ကို မပျော်တဲ့လယ်ရှင် ရယ် လို့ ရှိ ရိုးလား ။ အဲဒီနေ့ က လိပ်ကလေး ကို ဆုငွေ တစ်ဆယ်ကျပ် ကြီးများ နဲ့ တောင် ရွေး ယူလိုက်တာ ။ ပြီးရင် ရွှေရည် ငွေချည် လောင်းပြီး မူးမြစ် ထဲ သွား လွှတ်ကြ မှာ ဧကန် ။

ပြန်မယ်တဲ့ ပြန်မယ်
လယ်ကြီးရှင် ဆုငွေချ မှ
ပြန်ပါ့မယ်လေး … ။

အလာ တုန်း က ဆို ခဲ့တဲ့ သီချင်း ကို ပြန် ဆက်ကြပြီး တပျော်တပါးကြီး ကောက်ငန်း ကို ပြန် ခဲ့ကြတယ် ။ နေကုန် စိုက် မှ တစ်ကျပ် လောက် ရတဲ့ ခေတ် မှာ တစ်ဆယ် ဆို နည်းတာ မဟုတ် ။ ပျော်လိုက်တာ လေ ။ ဆုငွေ ရလို့ ပျော် တာ ထက် ‘ ချွေးမ ’ လို့ ခေါ်သံ ကြောင့် ဆိုတာ တော့ ကိုယ် သာ အသိဆုံး မဟုတ်လား ။ ဒါပေမဲ့ ..

( ၄ )

ဝေလီဝေလင်း ကတည်း က လယ် ကို ထွက်ခဲ့တယ် ။ လက်ဖက်ပွဲ နဲ့ အရှင်ကြီး မြှောက်ရဦးမယ် မဟုတ်လား ။ ကောက်စိုက်သမ တွေ လည်း ရောက် နှင့် ရော ပေါ့ ။ ဘောက်သူကြီး က အလုပ် မှာ ဝီရိယ ရှိပါတယ် ။ သူ့ အမေ မကြီးစော တုန်း က လည်း ဝီရိယ ရှိပါတာပါ ပဲ လေ ။ အင်း ... ဘဝ တွေ က မအေ ကောက်စိုက်သမ ၊ သမီး ကျ လည်း ကောက်စိုက်သမ ပဲ ။ ဘာမျှ မခြား ။

ရှေး က နဲ့ မတူတာ ဆိုလို့ ကောက်စိုက်ခ တွေ ၊ ပျိုး နုတ် ခတွေ ဈေးကြီး လာတာပဲ ။ တစ်ယောက် ကို စရိတ်ငြိမ်း တစ်နေ့ တစ်ရာ တဲ့ ။ ကောက်စိုက်သမ ဘယ်လောက် ဆို .. ။ ပျိုးနုတ်ခ က တစ်ရာ့ငါးဆယ် ကျော် ၊ နှစ်ရာ ဟင်း ..

အစစ ဈေးကြီး တဲ့ ကာလကြီး ပဲ လေ ။ ပေးရမှာ ပေါ့ ။ အဲလိုမှ မပေး ရင် လည်း ဒီလို အလုပ် လှိုင်ချိန် ဘယ် ဘောက်အဖွဲ့ မှ ခေါ် ရမှာ မဟုတ်ဘူး ။ ဒါကြောင့် လည်း နည်းနည်း မှ ထေမိ ထေမိ ဆိုပြီး လူ လို တဲ့ လယ် တွေ မှာ လက်စား လိုက် စိုက် ခဲ့ရတာပေါ့ ။ ငယ်ငယ် က လို တော့ မသွက်တော့ဘူး ။

တချို့များ ဆို စိုက်စရိတ် က ကြီးတာ တစ်မျိုး ၊ စပါး ထွက် မကောင်းတာ က တစ်မျိုး နဲ့ ကြွေးတော က ကို မထွက်နိုင်ကြဘူး ။ ဒီတော့ မိဘ လက်ငုတ် လယ် ကို ပေါင်နှံ ပြီး ဆပ် ကြရတယ် ။ ကြုံရာကျပန်း လုပ်ကိုင် စား ကြ တော့လည်း ကျပ်တည်း လိုက်ကြတာ ။ ဟို ဖိုးတွတ် တို့ မိသားစုများ ဆို ...

အင်း ... ရိုးရိုးကုပ်ကုပ် လုပ်စားသူ တွေ သာ ကျပ်ကြ တာ ။ အသက်မွေးမှု လွယ်တဲ့ သူ တွေများ ကျ လွယ်ပါ့ ။ ဟို ရွာမြောက်ပိုင်း က ‘ ငမြင့် ’ တို့ များ စီးပွား တက် လိုက်တာ ။ ပျဉ်ထောင်သွပ်မိုး နဲ့ ။ အလုပ် က လည်း ဘာမှ မပန်းဘူး ။ ‘ ငါးရှဉ့် ’ တို့ ‘ လိပ် ’ တို့ ကို ကောက်ပြီး မန္တလေး က နေ ဟိုဘက် သွား ရောင်းတာ တဲ့ ။ တောင်တွေး မြောက်တွေး နဲ့ လာ လိုက်တာ ကွင်း ကို တောင် ရောက် လာပြီ ။ ပျိုး နုတ် သူ ၊ ပျိုး သယ် သူ ၊ ကောက်စိုက် သူတွေ နဲ့ ဝေစည် နေပြီ ကော ။ ကိုယ့် လယ် မှာ လည်း ထင် သည့် အတိုင်းပင် ကောက်ငန်း စ ဖို့ ပြင် နေ ကြပြီလေ ။ ယူ လာတဲ့ လက်ဖက်ပွဲ နဲ့ ကန်သင်း ထောင့် မှာ အရှင်ကြီး တင် ပြီး ...

“ မိညိုမ ရေ စိပ်စိပ်လေး နော် ”

“ စိတ်ချ … ဒွေးလေးထိုက် ရေ ၊ စိပ် တာ မှ ဘီးစိပ် က အဖေ ခေါ် ရမယ် ”

“ အောင်မယ် .. တယ် အပြော ကောင်းတဲ့ မိန်းမ  ” 

ပြော မယ့် သာ ပြော ရတာ ဒီ ကောက် အဖွဲ့ က နာမည် ရပြီး သား ။

“ ဒွေးထိုက် က လည်း မောင်နှမ နှစ်ယောက် တည်း စား မကုန်ဘဲ နဲ့ ဘာလို့ ဒါလောက် လောဘ တက် နေ ရတာလဲ ”

“ တက်ရတယ် ဟေ့ ၊ စပါး မထွက် ရင် မနှစ် က လို ဝမ်းစာ တောင် မကျန်ရင် အခက် ”

ဟုတ်တယ်လေ ။ မနှစ် က တော်သလင်းလ ထဲ ကျ မှ ရေတွေ ကြီး လိုက်တာ တစ်ကွင်းလုံး ရေ မြုပ် ၊ ကောက်ပင် တွေ ရေစိမ် နာ ပြီး စပါး အထွက် ဆုတ် သွား လိုက်တာ ။ တချို့ များ ဆို စိုက်စရိတ် တောင် မကျေဘူး ။ ဒီ အထဲ ဟူး ... ။

“ ဟဲ့ ကောင်မ တွေ ကြည့် ကြစမ်း ။ ဒွေးထိုက် ခုထိ အရွယ် တင်တုံး ”

“ အေးဟဲ့ .. ဗွီဒီယို ထဲ က မြင့်မြင့်ခင်ကြီး ကျလို့ ” 

“ ဟဲ့ ... ဟဲ့ ... အမဲခြောက်မ တွေ ငါ့ မြှောက် မနေနဲ့ ။ ဒီမယ် နင် တို့ နား ရင် စားဖို့ လက်ဖက်ခွက် ”

“ တကယ် ပြောတာ ဒွေးထိုက် ရ ။ ဒါနဲ့ ဒွေးထိုက် ဘာလို့ ယောက်ျား မယူခဲ့တာလဲ ”

မကြာချင် ယောင် ဆောင် နေလိုက်တယ် ။ ကောက်စိုက်သမ ပါးစပ် ကို သိပြီး သား ။ ကိုယ် လည်း ဒီ က ကြီး လာခဲ့တာ ။ ဒါတောင် ...

“ ရတာ မလို လိုတာ မရ လို့ နေမှာပေါ့ ဟ ”

“ မဟုတ်ဘူး ဟဲ့ ။ သူ့ ရည်းစား ဦးသာမောင် က ပစ် သွားတာတဲ့ ”

သူတို့ အချင်းချင်း ပြောတဲ့ စကား တွေ က တိုးဝင် လာ သေးတယ် ။ ဒါတွေ ကို နားကြား လွဲနိုင်ခဲ့ပေမယ့် ...

ပျို့စရန် ဦးမို့
တစ်မူးတန် မှန်ကလေးပေး ။
ဒီ မှန်လေးကြောင့်
ရွာဝေး ပျိုပါရတယ် ၊
သည်းနာလှလေး ။

ဟစ်ဆို လိုက်တဲ့ တေးသံ ကို တော့ ရှောင်လွှဲ လို့ မရ ။ ဒါ ငယ်ငယ်တုန်း က ကောက်စိုက်တေး လေး ။ ပြီးတော့ သူ နဲ့ ပတ်သက်ဖူး တဲ့ သီချင်း ။ သက်ကြီး စကား သက်ငယ် ကြား ဖြစ်မယ် ။ ကောက်စိုက်သမဟောင်းကြီးတွေ ဆီ က တစ်ဆင့် ကြား ပေါ့ ။ ငါ့ ကို စ ချင်လို့ ဒါ ကောက် ဆိုတာ ။ အရင် က ဆို အချစ်မြားစူး တို့ ဘာတို့ ။ တော်တော် ဆိုး တဲ့ ဟာမ တွေ ။

ခဏခဏ ညည်း ဖြစ်တဲ့ တေးလေးပါပဲ ။ ‘ ပျို့ စရန်ဦးမို့ ’ တဲ့ ။ ဟုတ်တာပေါ့ ။ စရန်ဦး ၊ သူ့ ရဲ့ အဦးဆုံး ချစ်လက်ဆောင်လေး ။ မျက်နှာချေ ၊ ဆံညှပ် စတဲ့ အလှ ကုန်မျိုးစုံ ကို အထမ်း နဲ့ စပါး ပေါ်ချိန် တိုင် လာ ရောင်း လေ့ ရှိတဲ့ အထမ်းသည် တွေ ဆီ က သူ ဝယ်ပေး ခဲ့တဲ့ ပန်းရောင် ပေါင်ကွပ်လေး နဲ့ မှန်ဝိုင်း လေ ။ လှ သထက် လှအောင် ပြင်နိုင်ဖို့ တဲ့ လေ ။ ဪ ... သူ .. သူ ။

ခုဆို သူ လည်း အသက် တွေ အတော် ရ လှ ရော ပေါ့ ။ ကိုယ် တောင် ငါးဆယ် ကျော် ဆိုတော့ သူ လည်း ...

အင်း ... သူ က မြို့ မှာ နေတာ ဆိုတော့ ငါ့ ထက် အရွယ် တင်မယ် ။ အို .. မြို့ နေနေ တော နေနေ အိုချိန် ကျ အို မှာပဲ ။ ရွာဦးကျောင်း ဆရာတော် ဟောဖူးသား ၊ သင်္ခါရ တဲ့ ။ အနိစ္စ တဲ့ ။ ဘယ်ဟာ မှ မမြဲဘူး တဲ့ ။

ဘာလိုလို နဲ့ မတွေ့ကြ တာ နှစ်တွေ မနည်းတော့ဘူး ။ ဘဝ ချင်းမှ မတူကြတော့ တာ လေ ။ အမယ် ... ကြည့်စမ်း ၊ ဒီနေ့ သူ့ အကြောင်း ချည်း ခဏခဏ သတိရ နေပါလား ။ ကာလဒေသ တိုက်ဆိုင်လို့ နေမှာပါလေ ။ အဟင်း ... ငယ် က ချစ် အနှစ် တစ်ရာ ဆိုလား ။

ဒါပေမဲ့ ခုန က မိညိုမ ဆိုတဲ့ တေး ထဲ က လို တော့ မဟုတ်ခဲ့ပါဘူး ။ သူတို့ မိသားစု မြို့ ကို အပြီး ပြောင်း ကြ တော့ တစ်ခါ တည်း လိုက်ခဲ့ ဖို့ ခေါ် ရှာ သား ။ လိုက် ချင် လိုက်တာ လေ ။ ရင် ထဲ မှာ ဗလောင် ဆူ လို့ ။ ကိုယ့် မှာ က အဘ တို့ အမေ တို့ ထားရစ်တာ က ဒီ မောင် ဒီ နှမ နှစ်ယောက် တည်း ။ နောက်ပြီး မောင်ကြီး က မျက်စိ တစ်ဖက် က ကောင်းကောင်း သန် ရှာတာ မဟုတ် ။ သူ့ ကို ထားရစ် ပြီး ချစ်သူ နောက် ကောက်ကောက် ပါ လိုက် ဖို့ ဆိုတာ အို … ဒီလိုနဲ့ ဝေးသွား လိုက်ကြတာ ။

ခုန က တေးလေး ကို တောင် ‘ ဒီ မှန်လေးကြောင့် ရွာဝေး ပျို မပါရတယ် ။ သည်းနာလှလေး ’ လို့ ပြင် ဆိုရ မလို ဖြစ်နေပြီ ။

“ ဟေ့ .. ဒီမှာ ဟေ့ လိပ် လိပ် ”

“ အေးဟေ့ ... မိခင်ဌေး လိပ် ရတယ် ”

“ ဝေး .. ရွှေလိပ် ဟေ့ ” 

ကောင်းငန်း ပြတ်လုလု ။ ကန်သင်းခြေ ဆီ ရောက် နေကြတဲ့ ကောက်စိုက်သမ တွေ ရဲ့ အော်သံ ကို ကြားရ မှ ပဲ သတိ ပြန် ကပ်လာတယ် ။ လှိုက်ခနဲ ရင်ခုန် သွား တယ် ။ သုတ်သုတ်လှမ်း သွားတော့ ဟုတ်တယ် ။ မိခင်ဌေး လက် ထဲ မှာ ရွှံ့ အလူးလူး နဲ့ လိပ်ကလေး တစ်ကောင် ။ စလောင်းဖုံးငယ် တစ်ချပ် အရွယ် ကြည်လိပ်ကလေး ။

“ ဒွေးထိုက် ဒီ နှစ် တော့ စပါးစည် တွေ သာ ဦးကြီးအေး ကို ပြင်ခိုင်း ထားပေတော့ ”

စောစော က ဆွေးစိတ် တို့ ၊ လွမ်းစိတ် တို့ မြူမျှ ပင် မသန်း တော့ ။ အပျော်အပြုံး တို့ သာ ရင်လုံး ပြည့် နေတော့ တယ် ။ ကြုံခဲရတဲ့ နိမိတ် ကောင်း မဟုတ်လား ။

“ ဒွေးထိုက် ရွေးရမှာ နော် ၊ နည်းလို့ က တော့ မရဘူး ” 

“ ဟဲ့ ... ရွေးမှာပေါ့ ဟဲ့ ၊ စိတ် သာချ ။ ကန်သင်း တက် ရင် အိမ် ကို လာခဲ့ကြ ”

အပြန် ခရီး မှာ ပေါ့ပါး နေတယ် ။ မောင်ကြီး ကို လည်း ပြောပြရမယ် ။ သူ လည်း ဝမ်းသာရှာ မှာ ။

( ၅ )

နေဝင် သွားပြီ ။ ကောင်မ တွေ တစ်ယောက် မျှ ရောက် မလာသေး ။ လိပ်ကလေး ကို သူတို့ ဘာသာ များ သွား လွှတ် လိုက်ကြပြီလား ။ အိုး ... ဒါတော့ မဖြစ်နိုင် ။ ရှေးထုံး ကို သူတို့ လည်း အသိသား ။

လယ် က လိပ် ရကြောင်း ကို ပြော ပြတော့ မောင်ကြီး လည်း ဝမ်းသာ ရှာတယ် ။ သူ့ ဆေးဖိုး ၊ ကွမ်းဖိုး စု ထားတဲ့  ငွေလေး တွေကို ထုတ် ပေးတယ် ။ လိပ်လေး ရွေးဖို့ ၊ ဆုငွေ ချဖို့ လေ ။

နှစ်ရာ နဲ့ ရွေးရင် သူတို့ ကျေနပ်ကောင်းပါရဲ့ ။ တွေး ရင်း တောရင်း နဲ့ အိမ်ဝင်း ပေါက် ဆီ ခဏခဏ မျှော် မိ တယ် ။ အမေ ဆင် ခဲ့တဲ့ မဝတ် ဖြစ် တာ ကြာပြီ ဖြစ် တဲ့ နားကပ်လေး ကို လည်း ရေစိမ် ထား နှင့်တယ် ။ လိပ်ကလေး ကို ရွှေရည် ငွေရည် လောင်းဖို့ ပေါ့ ။ ပြီးရင် မူး ထဲ သွား လွှတ် လိုက်မယ် ။ အင်း ... ဒီနှစ် တော့ စပါး အထွက် ကောင်း တော့မယ် ။ အဲလို အတွေး နဲ့ ပျော် ရင်း မျှော် ရ တယ် ။ မျှော် သာ မျှော် ၊ တစ်ယောက် ကယ် မှ မပေါ်လာ ။

ကောင်မ တွေ ဘာများ အဆန်း ထွင် ကြပြန်ပြီလဲ ။ သူတို့ က နောက်ရွှတ်ရွှတ် တွေ ရယ် ။

ရွာဦးကျောင်း က ဝတ်တက် ပြီး လို့ ထိုးစည် အုန်းမောင်း တွေ ပင် ထိုး နေပြီ ။ သင်းတို့ က မပေါ်လာသေး ။ ဟို အနောက်ဘက် ကောင်းကင် တံစက်မြိတ် မှာ လခြမ်းကွေးလေး ချိတ် နေပြီ ။

“ နင့် ဟာမ တွေ ဟုတ်မှ ဟုတ်ကြရဲ့လား ဟဲ့ ” လို့ မောင်ကြီး က တောင် မေးနေပြီ ။ မနေသာ တော့ ။ မိညို တို့ အိမ် ဘက် ထွက်ခဲ့တယ် ။

“ ညိုမ ရေ အေ ... ညိုမ ”

“ တော် ... ဘယ်သူတုံး ”

“ ငါ ပါ ဟဲ့ ... နင် တို့ လိပ် လာ မပို့လို့ လိုက်လာတာ ” 

“ ဪ ဒွေးထိုက် ၊ မိခင်ဌေး ရယ် လေ ပြောလို့ ကို မရ ဘူး ။ လိပ် ကို ဒွေးထိုက် တို့ အိမ် သွားပို့ပါ ဆိုတာ မပို့ဘဲ နဲ့ ရှစ်ရာ ရလို့ တဲ့ ။ ဟို ကိုငမြင့် တို့ အိမ် သွားရောင်း လိုက် သတဲ့ ” 

“ ဟယ် ”

ဘာ စကား မျှ မဆက်နိုင် ။ ရှိသမျှ အားအင် တို့ သည် ကုန်ခန်း သွားပြီ ထင့် ။  ။

◾ကံထွန်းသစ်

📖 နဝဒေး မဂ္ဂဇင်း
      ၂၀၀၀ ၊ သြဂုတ်လ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment