Saturday, July 20, 2024

တသသ ဘဝ


 

❝ တသသ ဘဝ ❞

( ၁ )

“ သမီး လူ ရယ် လို့ ဖြစ် ကတည်း က သမီး မျက်ရည် တွေ ကို ဘယ်သူ့ မှ မပြဘူး ။ ဘာကြောင့်လဲ ဆိုတော့ သမီး ကို အနိုင် ယူ မှာ စိုးလို့ ” ဆိုပြီး ပြောတဲ့ မခိုင် ။

ယခု တော့ ကျွန်တော့် ရှေ့မှာ ရှိုက်ကြီးတငင် ငို နေပါတယ် ။ မခိုင် က “ တသသ ” ဆိုတဲ့ အမည် နဲ့ သီချင်း ဆိုတယ် ။ အယ်လ်လွန်းဝါ နဲ့ လည်း စုံတွဲ ဆိုထားတဲ့ “ ကောင်းကင် ထက် က လမင်း ” သီချင်းစီဒီ ဖြန့်ချိတဲ့ အထိမ်းအမှတ် အဖြစ် နဲ့ မန္တလေး ၊ မနော်ရမ္မံဥယျာဉ် မှာ ထောင် နဲ့ ချီ တဲ့ ပရိသတ် ကို သူ သီချင်း ဆိုပြီး ဖြေဖျော် ခဲ့တယ် ။ အဲဒီ နောက် တစ်နေ့ မန္တလေးမြို့ က အိမ် တစ်အိမ် မှာ ကျွန်တော် တို့ စကား ပြော နေခဲ့ကြတာ ။

တသသ ရဲ့ ဘဝ က အင်မတန် ကြမ်းခဲ့တာ ။

“ လူတွေ က သမီး ကို ပိုင်းလုံးမ ၊ လင်ခိုးမ လို့ ပြောကြတယ် ၊ လူတွေ ပြော တာ ကြားရတဲ့ အခါ သမီး နား ကို အချွန်ကြီး နဲ့ ထိုးပစ် ချင်တယ် ။ မကြားချင်ဘူး ” လို့ သူ က ပြောတယ် ။

ယခု မှ သူ့ အသက် က ၂၉ နှစ် ပဲ ရှိသေးတယ် ။ ၁၃ နှစ် သမီး ကတည်း က ဘိန်းမှောင်ခိုသမား တစ်ယောက် ရဲ့ အငယ်အနှောင်း ဖြစ်ခဲ့ပြီ ။ ရောင်းစားတာ ခံခဲ့ရဖူးပြီ ။ ကံဆိုးမိုးမှောင် ကျခဲ့ သလို ရွှေကြောကြီး တွေ့ လို့ ယနေ့ အချိန် မှာ ငွေကျပ် သိန်း ထောင်ချီ ချမ်းသာတဲ့ မိန်းကလေး ဖြစ်နေပြီ ။

ဘယ်သူ့ ကို မှ မပြောခဲ့ဖူး သေးဘူး ဆိုတဲ့ သူ့ ဘဝ ကို အိတ်သွန် ဖာမှောက် ကျွန်တော့် ကို ပြောပြတယ် ။ သူ့ ဘဝ အမှန် ကို ကျွန်တော် ရေး ရင် ဂယက်တွေ ရိုက်ခတ် ခံရမယ့် အကြောင်း ကျွန်တော် က သတိ ပေးတယ် ။ မခိုင် က သူ နဲ့ ဘဝတူ မိန်းကလေး တွေ ကို အားပေးဖို့ ၊ ကာကွယ်ဖို့ မကွယ်မဝှက် ရေးပါ လို့ ပြောတယ် ။

“ သမီး ဘဝ က ငယ်ငယ် ကတည်း က ကပြောင်းကပြန် တွေ ဖြစ် ခဲ့ရတာ ။ သမီး ကို မွေး တာ က ရွှေဘိုမြို့နယ် ၊ တစ်ကန်သာရွာ ၊ အမေ က ဈေးတောင်း ခေါင်း ပေါ်  ရွက်ပြီး ကျွေးခဲ့တာ ”

“ ရွှေတော ကို ဘယ်လို ရောက် လာတာလဲ ”

“ အစ်ကို တွေ က ရွှေတော သွား အလုပ် လုပ်ကြတာ ။ ရွှေတော တွေ က စုံနေ တာပဲ ။ ကျောက်မြောင်း နား က ပြန့်ကြီး ၊ ကဗွက်သရက်ကုန်း ၊ နွယ်ရုံ ၊ ကျည်တောက်ပေါက် ၊ ကန်ထောင် ၊ ဝက်သေဖက်ရှည် ။ အစ်ကို တွေ ရှိရာ မိသားစု တစ်စုလုံး လိုက် သွားကြတာ ။ အဲဒီတုန်း က သမီး က ကလေး ရှိသေးတာ ”

ကျွန်တော် က သူ့ စကား ကို နားထောင်ရုံ တိတ်ဆိတ်စွာ နားထောင် နေတယ် ။ သူ က စီကာစဉ်ကာ ဆက် ပြော သွားတယ် ။

“ ရွှေတော မှာ သမီး အစ်ကို တွေ  ဖျားတယ် ။ ငှက်ဖျား ။ ဘာမီတွန်ဆေး သောက် ရမယ်တဲ့ ။ မှတ်မိသေးတယ် ။ ဘာမီတွန် ငါးကျပ်ဖိုး ဝယ် တိုက်ချင် လို့ အဖေ က ဘက်ထရီအိုးကြီး သွား ပေါင်တယ် ”

မခိုင် က ပြောရင်း ရယ်တယ် ။

“ ပေါင် လို့ မရဘူး ၊ သမီး ငယ်ငယ် က ထွားတယ် ။ ဆံပင် တွေ က လည်း အရှည် ကြီး ။ အသက် က ၁၃ နှစ် ပဲ ရှိသေးတယ် ။ မှောင်ခိုသမား ၊ ဘိန်းမှောင်ခိုသမား တစ်ယောက် က လာ တောင်းတယ် ။ အစ်ကို တွေ ကို ဆေး ဝယ် တိုက်ချင် လို့ အဲဒီ အရွယ်လေး နဲ့ အိမ်ထောင် ပြု လိုက်တယ် ။ အဲဒီ အချိန် က သမီး အစ်ကို တွေ အသက် ရှင်ဖို့ လူ တစ်ယောက် ကို ဘဝ ပေး ခဲ့ရတယ် ။ အဲဒီ အရွယ်လေး မှာ သမီး က ချစ်တာ လည်း မသိဘူး ။ အိမ်ထောင်ရေး ကိစ္စ လည်း မသိဘူး ”

မခိုင် က အံကြိတ်ပြီး မျက်နှာ ကို မော့ လိုက်တယ် ။ သူ့ မျက်ဝန်း မှာ မျက်ရည်စ တွေ နဲ့ ။

“ သူ က သမီး ကို သိပ် နှိပ်စက်တယ် ။ သမီး ဆံပင် အရှည်ကြီး ကို သူ မီး နဲ့ ရှို့ တယ် ။ နှစ်လ ပဲ ပေါင်းပြီး သမီး ကြောက်လို့ ထွက်ပြေး ခဲ့ရတယ် ။ ဟို့ တောကြီး ထဲ မှာ အရမ်း ကြမ်းတမ်းတဲ့ ဘဝ ။ သမီး က သစ်ပင်ခြောက်ကလေး ပေါ် တက် ပုန်း နေတုန်း ဝါး ခုတ်တဲ့ လူတွေ က တွေ့ လို့ ကယ်တာ နဲ့ ရွာ ပြန် ရောက် လာတာ ။ မိသားစု နဲ့ ပြန် တွေ့ တော့ ဝမ်းသာအယ်လဲ ကြိုကြမယ် ထင်သလား ။ ဒီလို ထွက်ပြေး လာလို့ တဲ့ စိတ်ဆိုး ကြတယ် ။ သမီး က တော့ အရွယ် မရောက်ဘဲ လင်ကွဲ မိန်းမ ဖြစ်ခဲ့ရတယ် ။ သမီး ကြမ်းကြမ်းတမ်းတမ်း အလုပ် တွေ လုပ်ရတယ် ။ မြတ်ရိတ် ခိုင်းတယ် ”

သူ က ပြောတာ ရပ်ပြီး ခပ်တွေတွေ ငေးတယ် ။

“ သမီး အစ်မ ကင်ဆာ ဖြစ်လို့ မန္တလေး လာ ဆေး ကုတယ် ။ သမီး တို့ က အရမ်း ဆင်းရဲတယ် ။ အဲဒီတုန်း က သမီး အသက် ၁၅ နှစ် ။ ဆရာဝန်မကြီး က ပြောတယ် ။ သားအိမ်ကင်ဆာ ကို ထုတ်ပစ် နိုင်ရင် အနည်းဆုံး ငါးနှစ် ဒါမှမဟုတ် ဒီထက် ပိုပြီး အသက် ရှင်နိုင်တယ် ။ မကုနိုင် ရင်တော့ ခြောက်လ ။ ဆေး ကုသစရိတ် ဆယ်သိန်း လောက် ကုန်မယ် တဲ့ ။ သမီး စိတ် ထဲ မှာ ဖြစ်မိတာ က ဆရာမကြီး က အလကား ကု ပေးရင် ကောင်းမှာပဲ ဆိုတဲ့ စိတ်ပေါ့ ”

မခိုင် က ပြောရင်း ဟက်ခနဲ ရယ်တယ် ။ သူ ရယ်ပုံ က လောက ကို လှောင်ပြောင် ရယ်မောတဲ့ ပုံ ပေါက် နေတယ် ။

“ အဲဒီတုန်း က သမီး က ငယ်သေးတော့ ငွေ မရှာတတ်သေးဘူးလေ ။ မွဲ လိုက်တဲ့ ဘဝ ၊ အဲဒီ ဘဝ ကို ဘယ်တော့မှ မမေ့ဘူး ။ ရွာ ပြန်ပြီး ငွေ ရှာမယ် ဆိုတဲ့ အတွေး နဲ့ အမေ နဲ့ မမ ကို ၁၆ လမ်း က ဆရာကြီး ဦးမောင်မောင် တို့ အိမ် မှာ ခဏ ထားပြီး ရွာ ပြန် ခဲ့တယ် ။ ငွေ ရ ရင် ဆေးရုံ ပြန် တင်မယ် ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ပေါ့ ”

သူ ဆက် မပြောနိုင်ဘဲ ရပ်သွားတယ် ။ ပြီးတော့ ရှိုက်ကြီးတငင် စ ငိုတယ် ။ ခဏတာ ငို ပြီးမှ သူ့ ကိုယ် သူ ပြန် ထိန်းတယ် ။

“ ဆရာ့ ကို ပထမဆုံး ပြောတာ ”

သူ ဆက် မပြောနိုင်ဘဲ ငိုပြန်တယ် ။

“ မမ မဝင်းမြ အငယ်ဆုံးလေး မွေး ပြီး တော့ ယောက်ျား ဆုံး သွားတယ် ။ အဲဒီ နေ့ က စပြီး ကံဆိုးမ သွား ရာ မိုး လိုက်လို့ ရွာတာပဲ ။ မမ မှာ ကလေး သုံးယောက် ရှိတယ် ။ အငယ်ဆုံးလေး ရှစ်လ မှာ ကင်ဆာ ဖြစ်တာ ။ သမီး ရွာ ပြန်ပြီး အမျိုးတွေ ဆီ ပိုက်ဆံ လိုက် ချေးတယ် ။ ဘယ်သူ မှ မပေးဘူး ။ မန္တလေး ပြန်ခဲ့တော့ လက် ထဲ မှာ ပိုက်ဆံ တစ်ပြား မှ ပါ မလာဘူး ။ လူတွေ ကို အားကိုး စိတ် က နေ နာကြည်းစိတ် တွေ ဖြစ်လာ တယ် ”

မခိုင် က ဆက် မပြောဘဲ အသံ တိတ် နေတယ် ။ ကျွန်တော် က လည်း ဘာ စကား မှ မထောက်ဘဲ သူ ခံစားရ သလို ပြောပါစေလို့ လွှတ် ထား လိုက်တယ် ။

“ အစ်မ က သူ သေရတော့ မှာ ကို သိတယ် ။ ဒါပေမဲ့ မသေချင်ဘူးပေါ့ ။ သူ က သမီး ရဲ့ လက် ကို ကိုင်ပြီး သူ မသေချင်သေးဘူး ။ သူ့ ကို ကယ်ပါ ၊ သူ့ သမီးလေး နဲ့
သားလေး နှစ်ယောက် က သိပ် ငယ်သေးတယ် တဲ့ ၊ သမီး က လည်း အစ်မ မသေစေရဘူး ။ ဘာလုပ် ပေးရ ပေးရ ၊ သမီး အသက် ကို ပဲ ပေးရ ပေးရ ၊ ဘဝကြီး နဲ့ လဲ ပေးရ ပေးရ အစ်မ အသက် ရှင်အောင် ကုပါ့မယ်ပေါ့ ။ ဒါပေမဲ့ ပိုက်ဆံ မရှိလို့ မန္တလေး က နေ ရွာ ကို ပြန် ခေါ် လာရတယ် ”

သူ ပြောရင်း ငိုသံ ပါ လာတယ် ။

“ မမ က ဝက်အသည်းကြော်လေး စားချင်လိုက်တာ တဲ့ ။ မမ ကို ဆေး ကုပေး မယ် လို့ ကတိ ပေးခဲ့တဲ့ ညီမ တစ်ယောက် က သူ စားချင် တဲ့ ဟင်းလေး တစ်ခွက် တောင် မကျွေးနိုင်ဘူး ။ ခုတော့ သမီး နတ်သုဒ္ဓါ လည်း ဝယ်ကျွေး နိုင်ပြီ ။ ငွေ ဆယ်သိန်း မရှိ လို့ မမ ကို ဆေးကု မပေးနိုင်ခဲ့တဲ့ သမီး က မမ အသက် ပြန် ရှင်မယ် ဆိုရင် သိန်း ၁ဝဝဝ လည်း အကုန် ခံ နိုင်ပြီ ၊ ဒါပေမဲ့ မမ က … ”

မခိုင် ပြောရင်း ငိုတယ် ။

“ ဒီလိုနဲ့ မမ က အိမ် ပြတင်းပေါက်လေး မှာ ထိုင်ထိုင် ငေး နေတာ ။ နောက်ပိုင်း ကျ သူ က အပစ်ပယ်ခံ လို ဖြစ် လာတယ် ၊ သူ့ နား ကပ်တာ ဆိုလို့ သမီး တစ်ယောက် ပဲ ။ သူ့ မျက်လုံး ထဲ မှာ တစ်နေ့ ဘယ်သူ ပေါ်လာနိုးနိုးပေါ့ ၊ သူ သေရမယ့် ရက် ရောက် လာတယ် ။ အစ်မ က ဘယ်လောက် မသေချင် သလဲ ဆိုရင် သမီး မေ့ မရတဲ့ မြင်ကွင်း က သူ့ မျက်လုံး ကို ဘယ်တော့မှ မမှိတ်ဘူး ။ အသက် ကို လုံးဝ မထွက်ချင်ဘူး ။ အဲဒီ မျက်လုံး ကို မမေ့ဘူး ”

သူ ငိုချ လိုက်တယ် ။

“ အစ်မ ဆုံး တော့ ရွာ က ဖျာ နဲ့ လိပ်ပြီး အတင်း ဆွဲ ချတာ ။ ခဏလေး စောင့်ကြပါ ။ ခေါင်း ရိုက်ပါရစေ ဆိုတာ ဆွဲချတာ ။ အစ်မမြေပုံ က မြေကြီး ကို ဆုပ်ပြီး သမီး သစ္စာ ဆိုတယ် ။ တစ်နေ့  နင့် လို ဝေဒနာရှင် တွေ ကို တွေ့ ရင် ကုပေးနိုင်တဲ့ လူ ဖြစ်ရပါလို၏ ။ နင် စားချင်တဲ့ အစားအစာ ကို ဆင်းရဲတဲ့ လူ တွေ့ ရင် ကျွေးနိုင်တဲ့ လူ ဖြစ်ရပါလို၏ ။ အဲဒီ စိတ် အဲဒီ ရည်ရွယ်ချက် နဲ့ သမီး ကြိုးစားခဲ့တာ ”

“ ကလေး သုံးယောက် က ကော ”

“ ကလေးတွေ ကို မိဘမဲ့ ကျောင်း ပို့မယ် တဲ့ ။ သမီး အပို့ မခံပါဘူး ။ သမီး သူတို့ ကို ကျောင်း ထားတယ် ၊ ကလေး တွေ က စာ တော် ကြပါတယ် ။ သမီး ရွာ ကို စိတ် နာပြီး ထွက် လာခဲ့တယ် ။ တစ်နေ့ နေ့ ဒီ ရွာ ကို ပြန်ပြီး လက်စား ချေ ဖြစ်အောင် ချေမယ်ပေါ့ ”

မခိုင် ရဲ့ ပုံစံ ကို ကြည့်ရတာ နာကြည်းမှု ဆူးတွေ နဲ့ ချွန်မြ နေသလိုပါပဲ ။

“ ဘဝ က တော့ စုံ နေတာပဲ ။ နာကြည်းစရာတွေ လည်း အများကြီးပဲ ။ ဈေးတောင်း ခေါင်း ရွက်ပြီး အရပ်တကာ လှည့်ပြီး ဈေးရောင်း ကျွေးခဲ့တဲ့ အမေ က မိန်းမ ရောဂါ ၊ အူ ကျတယ် ။ အမေ က ဆေး ကုချင်တယ် တဲ့ ။ အမေ အိပ်ရာ ထဲ လဲပြီ ။ မန္တလေး သွား ဆေး ကုရမယ် ၊ ဆေး ကုဖို့ ငွေ ခုနစ်သိန်း လိုမယ် တဲ့ ၊ သမီး သွား ချေးတယ် ၊ မင်း အမေ အသက် ကြီးပြီ တဲ့ ၊ ပျဉ်တွေ အိမ် ရှေ့ လာပြီး ဗုန်းခနဲ ပုံ ချတယ် ။ အမေ သေရင် ခေါင်း ရိုက်ဖို့တဲ့ ”

သူ ပြောရင်း ငိုသံ ပါ လာတယ် ။

“ အဲဒီ နာကြည်းမှု က သိပ် နာတယ် ။ အမေ က သမီး ကို ကြည့် နေတယ် ။ အမေ့ ကို ဆေးရုံ တင်ပေးပါတဲ့ ။ ပိုက်ဆံ ခုနစ်သိန်း မရှိလို့ အမေ့ ကို ဆေးရုံ မတင်နိုင်ဘူး ”

မခိုင် သက်ပြင်း ချတယ် ။

“ သမီး ဖန်ခွက် တစ်ခွက် ပေါက်ခွဲ လိုက် ရင် နောက် နေ့ ဒါထက် သာတဲ့ ဖန်ခွက် ထပ် ဝယ်နိုင်တယ် ။ သမီး မှာ ပိုက်ဆံတွေ အများကြီး ရှိတယ် ။ အမေ့ ကို ပြန် ခေါ်ချင်တယ် ။ ခေါ်လို့ မရဘူး ၊ တစ်နေ့ တော့ လက်စား ချေမယ်ပေါ့ ”

သူ့ အသံ က မာထန် လာတယ် ။

“ တစ်နေ့ ရွာ ပြန်မယ် ။ မကျေနပ်တာ တွေ ၊ ပြောချင်တာ တွေ တိပ်ခွေ ထဲ ပြော ထည့်တယ် ။ အစ်မ ကို ဖျာလိပ် နဲ့ ဆွဲချတဲ့ လူတွေ အတွက် တစ်ခွေ ၊ ကလေးတွေ မိဘမဲ့ကျောင်း ပို့မယ် ဆိုတဲ့သူတွေ အတွက် တစ်ခွေ ၊ အမေသေရင် ခေါင်းစပ်ဖို့ ပျဉ် လာချပေးတဲ့ လူ အတွက် တစ်ခွေ ၊ တိပ်ခွေ တွေ ကိုင်ပြီး သွားမယ် ။ ဖွင့်ပြမယ် ။ ဟို ရောက် မှ ပါးစပ် က ပြော ရရင် မပြည့်စုံ မှာ စိုးလို့ စိတ် ရှိတိုင်း တိပ်ခွေတွေ သွင်းထား တယ် ။ တစ်နေ့ လက်စား ချေမယ် ”

( ၂ )

အဆိုတော် တသသ ကို ကျွန်တော် စိတ်ဝင်စား သွားရတာ က အိတ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ် စွဲကပ် ခံရသူ လူ တစ်ရာလောက် ကို ကျွေးမွေးပြုစု စောင့်ရှောက် ထားတယ် ဆိုလို့ပါ ။

တသသ ရဲ့ “ ကောင်းကင် ထက် က လမင်း ” တေးစီးရီး မိတ်ဆက်ပွဲ မှာ သူ နဲ့ ပထမဆုံး ဆုံတွေ့တယ် ။ သူ့ ကို စိတ်ဝင်စားလို့ အေးအေးဆေးဆေး စကားစမြည် ပြောဖို့ မန္တလေးမြို့သစ် က အိမ် တစ်အိမ် ကို ကျွန်တော် သွားတယ် ။

အိတ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ် ဝေဒနာရှင် ၉၇ ယောက် ကို စဉ့်ကူးမြို့ နယ် မှာ သူ အကူအညီ ပေး နေတဲ့ အကြောင်း ကို ပြန် ပြောပြတယ် ။ ဘာကြောင့် ယခု လို ကူညီ ပေး နေတာလဲ လို့ ကျွန်တော် မေးတော့ ဆေး မကုနိုင်လို့ ကင်ဆာရောဂါ နဲ့ အသက် ဆုံးရှုံး သွားရရှာတဲ့ သူ့ အစ်မ မဝင်းမြ အကြောင်း ပြန် ပြောပြတယ် ။

တသသ ရဲ့ နာမည်ရင်း က မခိုင် ပါ ။ သူ့ ဘဝ က ကြမ်းတမ်းတယ် ။ ဒဏ်ရာ ဒဏ်ချက် တွေ လည်း များတယ် ။ ခံဘက် က ချည်း နေရဖန် များတော့ ဆတ်ဆတ်ထိ မခံ ၊ ထစ်ခနဲ ရှိ ရုတ်ခြည်း ပြန်ပေါက်မယ့် မြွေပွေး နဲ့ တူ နေတယ် ။ သူ့ ကို စော်ကား ခဲ့တာတွေ အံကြိတ် ခံပြီး တစ်နေ့ မှာ လက်စား ချေမယ်လို့ အမြဲ ကြုံးဝါး နေတာ မို့ သူ့ ပုံ က နုနယ်တဲ့ မိန်းကလေး နဲ့ မတူတော့ဘူး ။

ဒါပေမဲ့ ကျွန်တော် နဲ့ တွေ့ဆုံ စကား ပြောချိန် မှာ တော့ မခိုင် က ပီပီပြင်ပြင် မိန်းမသား ဖြစ်သွားတယ် ။ နှစ်ပေါင်း များစွာ ချုပ်တည်း ထားတဲ့ မျက်ရည်တွေ ကို သွန်ချပြီး ရင်နာစရာ သူ့ ဘဝ ကို ပြန် ပြောပြတယ် ။

“ သမီး ဘဝတွေ အမျိုးမျိုး ကြုံတွေ့ခဲ့တယ် ။ ပူလောင်လွန်း လို့ မန္တလေး ရောက် တော့ ဘုရားကြီး သွားပြီး ဆု တောင်းတာ ။ ဘုရားရှင် က တပည့်တော် ကို ဘာကြောင့် ပစ်ထား ရတာလဲ ။ ဒါလောက် ဆုတွေ လာ လာ တောင်းနေတာ ဖြည့် ပေးပါလား ပေါ့ ။ ဝဋ်ကြွေး ရှိတာ ဆိုရင် လည်း ဘာလို့ လူ အဖြစ် ဆက် ထား နေသေးတာလဲ ။ ဒါလောက် ကြမ်းတမ်းတဲ့ ဘဝ ကို ရောက်ရတာ တပည့်တော် က ပဲ ခံနိုင်မလား စောင့်ကြည့်ပါ ပေါ့ ”

မခိုင် က မျက်ရည်တွေ နဲ့ ရယ်တယ် ။

“ ကိုယ့် မှာ ခြေထောက် ရှိတယ် ။ ပိုက်ဆံ ရှိတဲ့ တစ်နေ့ ဖိနပ် ဝယ် စီး နိုင်တယ် ။ ခြေပြတ် နေတဲ့ လူတွေ နဲ့ ယှဉ်ရင် ကိုယ် က အများကြီး ကံကောင်းတယ် ။ ကိုယ့် မှာ  လက် ရှိတယ် ။ ပိုက်ဆံ ရှိတဲ့ နေ့ လက်စွပ် ဝယ် ဝတ်မယ်ပေါ့ ။ အဲဒီ စိတ် နဲ့ အားတင်းပြီး ကြိုးစားတယ် ”

သူ က သူ့ လက်ချောင်းလေး တွေကို ကွေးချည် ဆန့်ချည် လုပ်တယ် ။ ခုတော့ သူ ကြွယ်ဝ ချမ်းသာပြီ ။ စိန်လက်စွပ် တွေ ဝတ်ချင် သလောက် သူ ဝတ် နိုင်ပြီ ။

“ သမီး ဘဝ က ကောင်းတာ တစ်ခု မှ မရှိခဲ့ဘူး ။ လင်ခိုးမ ၊ ပိုင်းလုံးမ ၊ လင်များ တဲ့ ကောင်မ လို့ သူများ အပြော ခံခဲ့ရတာ ။ အမှန်အတိုင်း ပြောရရင် သမီး က ရောင်းအစား ခံခဲ့ရသေးတာ ”

မခိုင် က သူများတွေ ကို ပြော မပြဖူး သေးတဲ့ လျှို့ဝှက်ချက် တစ်ခု ကို ပြောပြ သလို ပြောတယ် ။ ရွှေတော ကို ရောက်လာတဲ့ ဘယ်လ်ဂျီယံနိုင်ငံသား တစ်ယောက် က မခိုင် ကို ချစ်လှချေ ရဲ့ ကြိုက်လှချေ ရဲ့ ဖြစ်တယ် ။ သားမှတ်မှတ် မယားမှတ်မှတ် ပေါင်း ပါ့မယ် ။ ဘယ်လ်ဂျီယံ ကို ခေါ်သွားမယ်လို့ မခိုင် ရဲ့ ဖခင် ကို ချဉ်းကပ်ပြီး ပြောတယ် ။ မခိုင် က မကြိုက်ဘူး ။

“ သူ က သမီး ကို နိုင်ငံခြား ခေါ်သွားမှာ ။ သမီး က မြန်မာနိုင်ငံ ကို မစွန့်နိုင်ဘူး ။ သူ နဲ့ လိုက်သွားရင် သမီး ချမ်းချမ်းသာသာ နေချင် နေရမယ် ။ ဒါပေမဲ့ သမီး မလိုက်ချင်ဘူး ။ မြန်မာပြည် ကို ချစ်တာလား မေး ရင် တော့ ဖြေရခက်တယ် ။ တခြား နိုင်ငံ နဲ့ မြန်မာ နဲ့ ဘောလုံး ကန်ကြရင်တော့ သမီး က မြန်မာ ဘက် နည်းနည်း ယိမ်း မှာပေါ့ ။ နိုင်ငံခြားသား တစ်ယောက် ကို ခွေး ကိုက် ရင်တော့ ခွေး ကို တုတ် နဲ့ ရိုက်မှာပဲ ။ အဲဒီ အခါမှာတော့ သမီး က လူ ဘက် က ဖြစ်သွားပြီ ”

မခိုင် က သူ့ လက်ကောက်ဝတ် က ဒဏ်ရာ တစ်ခု ကို ပြတယ် ။

“ ဒါ အဖေ က ရိုက် လို့ ရတဲ့ ဒဏ်ရာ ။ နိုင်ငံခြားသား ကို မယူချင်ဘူး ဆို လို့ အဖေ က တုတ် နဲ့ ရိုက်တာ လက် နဲ့ ကာ လိုက်တာ ။ နိုင်ငံခြားသား နဲ့ မယူချင် တော့ ထွက်ပြေး ခဲ့တယ် ။ ရည်ရွယ်တာ က တော့ မန္တလေး က တစ်ဆင့် အရင် က အမေ နဲ့ ရောက်ဖူးတဲ့ ကသာ က အမျိုး ဆီ သွားမယ်ပေါ့ ။ သမီး မှာ ပိုက်ဆံ နဲ့ ရွှေငါးမူးသား ပါတယ် ”

မခိုင် က ပြောလက်စ စကား ကို ခဏ နားတယ် ။ ဆက် ပြောဖို့ အားယူ နေပုံ ရတယ် ။

“ မန္တလေး ကားကြီးကွင်း ရောက်တယ် ။ ကားလက်မှတ် ဝယ် ပြီးတော့ ဂိတ်မှူး ဆိုတဲ့ လူ က ကားအုံနာ အိမ် မှာ ထားပေးမယ် ။ မနက်ကျ ဝင် ခေါ်မယ်တဲ့ ။ သူတို့ က ခွင် ဆင်ထားတာ ။ ပို့ လိုက်တဲ့ အိမ် မှာ ကောင်မလေး သုံးယောက် ရှိတယ် ။ အဲဒါ ကားအုံနာ သမီး တွေ တဲ့ ။ အမှန်က တော့ သမီး ကို ရောင်းစား လိုက်တာ ”

သူ ပြောရင်း ငိုတယ် ။

“ သမီး တို့ မိန်းကလေး တွေ ကိုယ်စား ပြောချင်တာ ။ သမီး တို့ မိန်းကလေး တွေ ဘယ်လောက် ပေးဆပ် နေရသလဲ ။ ပေးဆပ် နေရတဲ့ မိန်းကလေး တွေ ၊ ဘဝ တွေ ဘယ်လောက် နာကျင် နေရသလဲ ။ မိဘ တွေ ၊ မောင် တွေ ၊ ဆွေမျိုး တွေ သူတို့ တော်ဖို့ ၊ အဆင်ပြေဖို့ ၊ အချီးမွမ်း ခံရဖို့ အဖြည့်ခံ သမီး တို့ ဘယ်လောက် နစ်မွန်း ရသလဲ ။ ဘယ်လောက် ခံစား နေကြရသလဲ ဆိုတာ သိကြစေချင်တယ် ”

မျက်ရည်လည်ရွှဲ နဲ့ သူ ပြောတာ ကို နားထောင် ရင်း ကျွန်တော် ခဏ စောင့်နေ တယ် ။ ပြီးတော့မှ စကားလမ်းကြောင်း ကို ပြန် တည့် ဖို့ ကြိုးစားတယ် ။

“ ဟို အိမ် ရောက်တော့ ”

“ သမီး ကို သူတို့ က အခန်းကြီး တစ်ခု ထဲ ပိတ် ထည့်ထားတယ် ။ အမျိုးသမီး တစ်ယောက် က နင် အလုပ် လုပ်မှာလား ဆိုပြီး ပါး ရိုက်တယ် ။ သမီး က လည်း ပြန်ရိုက် တယ် ။ ဘဝ မှာ လှ တာလည်း မကောင်းဘူး ။ မလှ တာလည်း မကောင်းဘူး ”

“ လှ တဲ့ မိန်းမ တစ်ယောက် ၊ လှလို့ ဆိုပြီး အန္တရာယ် ဖြစ်ရတယ် ။ သူတို့ က သမီး ကို သီးသန့်ခန်း ထဲ ထားတယ် ”

ကျွန်တော့် အတွက် တော့ မကြားဖူးသေးတာ တွေ ၊ ရင်မောစရာ တွေ ။

“ နိုင်ငံခြားသား တစ်ယောက် လာတယ် ။ လောရင့် တဲ့ ။ သူ က သမီး ကို မြင်တော့ ဗြူတီးဖူး တဲ့ ။ တကယ်တော့ သူ က သူတော်ကောင်း ပဲ ။ ကျွန်မ ကို ကယ်ပါ ။ ရောင်းစား ခံထားရပါတယ် လို့ သူ့ ကို ပြောတယ် ။ သူ က လက်ဖျား နဲ့ တောင် မထိဘဲ ပြန် သွားတယ် ”

နားထောင် နေ သူ ကျွန်တော် က သက်ပြင်း ချ မိတယ် ။

“ နောက် နေ့ မြန်မာ တစ်ယောက် ရောက် လာတယ် ။ သူ က လည်း ဒေါ်လာ ပေး ပြီး ဝင်လာတာ ။ သမီး က အသား အထိ မခံဘူး ။ ကျွန်မ မိကောင်းဖခင် သားသမီးပါ ပြောတော့ သူ က ရယ်တယ် ။ တကယ်တော့ လောရင့် က လွှတ် လိုက်တာ ။ သမီး က အင်္ဂလိပ်စကား မတတ် တော့ သူ နဲ့ မှ ရေရေလည်လည် ပြောဖို့ တဲ့ ၊ သမီး က ဖြစ်ကြောင်း ကုန်စင် ပြောပြတယ် ။ ရွှေဘိုမြို့နယ် ကြိုးကြာ တစ်ကန်သာရွာ က ဦးကျော်မောင် သမီး ပါ ။ ကျွန်မ ကိုကယ်ပါ ပြော လိုက်တယ် ။ ရွာ အထိ သွားပြီး စုံစမ်းတယ် ။ ဥက္ကဋ္ဌ ကို ပါ ခေါ်ချ လာတယ် ၊ အဲဒီ အချိန် မှာ သူတို့ က သမီး ကို ရွှေ့ပစ် လိုက်ကြတယ် ”

မခိုင် ရဲ့ ဘဝဇာတ်ကြောင်း က လည်း ရင်မောစရာ ကောင်း လိုက်တာ ။

“ လောရင့် တို့ ကလည်း ရုပ်ရှင် ထဲ က လို ပဲ ရဲ တွေ ပါ ခေါ်လာတာ ။ သမီး ကို ထုတ် ပေးပေါ့ ။ သူတို့ က မရှိဘူး ပြောတယ် ။ တစ်တိုက်လုံး အနှံ့ ရှာတာ ။ အဲဒီ အချိန် မှာ သူတို့ က သမီး ကို တောင်မြို့ ( အမရပူရ ) ပို့ ထားလိုက်ပြီ ”

“ ဘယ်လို လွတ်လာတာလဲ ”

“ ရဲတွေ လည်း ပါလာတော့ သူတို့ လည်း ပြဿနာ တက် မှာ ကြောက် ပြီး သမီး ကို ပြန် လွှတ် လိုက်တယ် ”

“ အဲဒီတော့ ”

“ သမီး ရွှေတော ပြန်တယ် ။ ကျည်တောက်ပေါက် မှာ ကွမ်းယာ ရောင်းတယ် ။ ဆိုင်ခန်းလေး တစ်ခန်း တစ်လ ငါးထောင် ( ကျပ် ၅၀၀၀ ) နဲ့ ငှား ၊ ကွမ်းယာခုံလေး လည်း ငှား ရောင်းတာ ။ ပြီးတော့ ကက် ရောင်းတယ် ။ ကက် ဆိုတာ သိလား ”

ကျွန်တော် က မသိဘူး ဆိုတော့ ကျောက်ဆောင် တွေ ဖြိုခွဲပြီး ရွှေကြော ရှာဖို့ ယမ်းတောင့် တွေ သုံးရတာတဲ့ ။

“ ပိုက်ဆံ စုပြီး အင်း ဖောက်တာ ၊ ရွှေ တူးတာပေါ့ ။ တစ်ခါတလေ ထမင်း စား ဖို့ ပိုက်ဆံ မရှိဘူး ။ သူများ အကြွေး ပေး ဖို့ ပိုက်ဆံ မရှိလို့ ရွှေတွင်း ထဲ မှာ နှစ်ရက် သုံးရက် ပုန်း အိပ်ရတယ် ”

သူ ရင်ဆိုင် ရတဲ့ ဒုက္ခတွေ က ကြီးမားလွန်း လို့ ဒီ မိန်းကလေး ရူးသွပ် သွားလောက်တယ် လို့ သူ့ ကို ကြည့်ရင်း ကျွန်တော် တွေးမိတယ် ။

“ ၂ဝဝ၅ ခုနှစ် မှာ သမီး ရွှေအင်း အောင်တယ် ။ နေ့ချင်းညချင်း သိန်း ထောင် ချီ ချမ်းသာတဲ့ မိန်းကလေး တစ်ယောက် ဖြစ်သွားတယ် ။ သမီး က ရွာ ထဲ က ဆင်းရဲတဲ့ လူတွေ လာကြလို့ ခေါ်တယ် ။ ဗြုန်း ( ရွှေ ပါတဲ့ မြေသား ) တွေ ဝေ ပေးတယ် ။ တစ်ယောက် တစ်တောင်း ယူကြ ။ တစ်တောင်း ကို ခုနစ်သောင်း ( ကျပ် ၇၀၀၀၀ ) ဖိုး လောက်ပါတယ် ၊ ဗြုန်းကြောကြီး က လည်း လက်ညှိုး ထိုး မလွဲ ”

ဒီ မိန်းကလေး ရူးသွားပြီလား လို့ တွေး လိုက်တယ် ။

“ ဆေး မကုနိုင်တဲ့ လူ ရှိရင် သမီး ကို ဆက်သွယ်ကြ ။ ဆေး ကု ပေးတယ် ။ စဉ့်ကူးဆေးရုံ ကို သွားပြီး ဆင်းရဲသား တွေ ရဲ့ စရိတ်စက တာဝန်ယူတယ် ”

“ အိတ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်တွေ အတွက် တာဝန် ယူ တာ က ”

သူ က ပြုံး လိုက်တယ် ။

“ သမီး သူဌေး ဖြစ်သွားပြီ ။ အန်တီခိုင် ဖြစ်သွားပြီ ။ အခေါ် တွေ ပြောင်း သွားပြီ ။ အစည်းအဝေးတွေ ဘာတွေ ဖိတ်ခံရပြီ ။ အိတ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်နေ့ တဲ့ ။ ရှေ့ဆုံး တန်း က ဆရာကြီး တွေ ၊ ဆရာမကြီး တွေ ထထ ပြော လိုက်ကြတာ ။ အဲဒီ ပွဲ မှာ လူနာ တွေ လည်း ဖိတ် ထားတယ် ။ လူသားချင်း စာနာပါ ။ မြန်မာလူမျိုး တွေ ဟာ သနားညှာတာ ကရုဏာစိတ် ရှိတာ လူတိုင်း သိတယ် ။ ခွဲခြားဆက်ဆံမှု ၊ ပစ်ပယ်မှု မပြုဖို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ် ပြောပြီး ကျွေးတာ တွေ စား ပြန် သွားကြတယ် ”

မခိုင် ပြောရင်း ပြုံးတယ် ။ ကျွန်တော် လည်း ပြုံးတယ် ။

“ ခဏ နေတော့ သနားတယ် ဆိုတဲ့ လူတွေ ၊ ကားကြီးတွေ ၊ ဟဲဗီးကြီးတွေ နဲ့ ပြန် သွားရော ။ သမီး ပဲ ကျန်ခဲ့တယ် ။ လူနာ ဘယ်နှယောက် ရှိသလဲ ။ ၉၇ ယောက် ၊ ထမင်း ကျွေးမယ် ။ စဉ့်ကူး က အကောင်းဆုံး ဆိုင်မှာ ကျွေးတယ် ။ အစ်မ တို့ ၊ အမေ တို့ မစားနိုင်ခဲ့တဲ့ အသား တွေ ၊ ကြက်သား တွေ ကို ကျွေးတယ် ။ သူတို့ ကို မပူနဲ့ ။ အစစ အရာရာ တာဝန် ယူမယ် လို့ ပြောလိုက်တယ် ”

ကျွန်တော် က စိတ် ထဲ မှာ သာဓု ခေါ်မိတယ် ။

“ သူတို့ အတွက် ကိုယ်တိုင် လည်း ငွေ လှူတယ် ။ အလှူခံ ပေး လိုက်တာ သိန်း ၇၀ လောက် ရတယ် ။ ခေတ် က လည်း စုတ်စုတ်ပဲ့ နဲ့ ခွက်ထိုး ခံရင် မထည့်ချင် ဘူး ။ မိတ်ကပ် လိမ်းပြီး ကပြ တော့ ပေးချင်ကြ ပြန်ရော ။ သမီး အသံ ကောင်းတယ် ။ အဲဒီ ၉၇ ယောက် အတွက် သီချင်း ဆိုတယ် ။ ကောင်းကင် ထက် က လမင်း စီဒီခွေ လက်မှတ်ထိုးပွဲ မှာ ပရိသတ်တွေ အရမ်း များတယ် ။ တသသ ရဲ့ ဝေဒနာရှင် တွေ လည်း လာပြီး အားပေးတယ် ”

အဆိုတော် တသသ ( ခေါ် ) မခိုင် နဲ့ ကျွန်တော် စကား ထိုင် ပြောတဲ့ အိမ် ထဲ မှာ ဧရာမ ဆောင်းဘောက်ကြီး တွေ စီထပ် ထားတယ် ။

တစ်ချိန် က သူ့ အစ်မ ဆေး ကုဖို့ ငွေ ၁၀ သိန်း လို လို့ ရွာ ပြန်ပြီး ငွေ ရှာတာ ဘယ်သူ က မှ ငွေ မပေး ။

သူ့ အမေ မကျန်းမာ လို့ ဆေးရုံတင် ချင်တယ် ပြောတော့ အသက် ကြီးပါပြီ ကု မနေပါနဲ့တော့ ပြောပြီး သေရင် ထည့်ဖို့ ခေါင်းပျဉ်တွေ လာ ချတဲ့ သူ ။

ပိုက်ဆံ အတွက် မခိုင် ကို ကလေးသာသာ အရွယ် မှာ လင်ပေးစား လိုက်တဲ့ သူ တွေ ။

သူတို့ ကို လက်စား ချေမယ် လို့ သူ ပြောခဲ့တာ ကို ကျွန်တော် က မေးတယ် ။

“ ဟောဒီ နေရာမှာ ကိုယ် လက်စား ချေမယ့် သူတွေ ကို ပြောမယ့် စကား တွေ ကက်ဆက် နဲ့ သွင်းတယ် ။ ဟို ကျမှ ပါးစပ် က ပြောရင် မပြည့်စုံမှာ စိုးလို့ အစ်မ အတွက် တစ်ခွေ ၊ အမေ့ အတွက် တစ်ခွေ ၊ သမီးတူလေးတွေ ကို မိဘမဲ့ကျောင်း ပို့ပစ်မယ် ဆိုတဲ့ လူတွေ အတွက် တစ်ခွေ ”

“ လက်စား ချေပြီးပြီလား ”

သူ ပြုံးတယ် ။

“ တိပ်ခွေ တွေ သွင်း ၊ မောင်းတင်ပြီး ရွာ ကို သွားတာပေါ့ ။ ဟိုရောက် တော့ သမီး လက်စားချေ ရမယ့် လူ က ဆင်းရဲ လို့ ၊ အဖေ က အိမ် ခေါ် ကျွေး ထားရတာ သွား တွေ့တယ် ။ ကိုယ် အနိုင် ကျင့် ချင်ရင် ကြိုက်သလို ကျင့်လို့ ရတဲ့ အနေအထား ။ သမီး ရွာ ကို မုန်းတာ ဘယ်လောက် ကြာပြီလဲ တဲ့ ။ ၁၄ နှစ် ရှိပြီ ဆိုတော့ သမီး ၁၄ နှစ် လုံးလုံး ရှုံးခဲ့တာပဲ တဲ့ ။ အဲဒီ ၁၄ နှစ် ပျော်သလား တဲ့ ။ ဘယ် ပျော်မှာလဲ ။ မုန်းပါ တယ် ဆိုမှ ။ ငါတို့ က မေ့ ကုန်ပြီ ။ သမီး က ဘာဖြစ်လို့ မမေ့တာလဲ ။ ပူလောင်လိုက် တာ တဲ့ ။ လက်စား ချေဖို့ သွားတာ ကန်တော့ ပြီး ပြန်ခဲ့တယ် ”

“ ခုကော ရင် ထဲ မှာ အမုန်း တွေ ရှိသေးသလား ”

“ အေးချမ်း သွားပါပြီ ”

သူ က ပြောရင်း ပြုံးပါတယ် ။

⎕ ကျော်ရင်မြင့်

📖 ဘဝကြေးမုံ အဖြစ်စုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment