Friday, July 12, 2024

တစ်ကျွန်းပြန် ထွန်းအိမ်

 

❝ တစ်ကျွန်းပြန် ထွန်းအိမ် ❞


“ မင်းပြောတာ ငါ နားမလည်ဘူး သာဟန် ”


ထွန်းအိမ် ၏ အသံ မှာ တင်းမာ လှသည် ။ တရွရွ လှုပ်နေသော နှုတ်ခမ်းများ မှာ စောင်းရာမှ ရွဲ့ ၍ ရွဲ့ ရာမှ တစ်ဖန် ပြန်တည့် လာအောင် ကြိုးစား နေရသဖြင့် ထွန်းအိမ် လို အသည်းကြီး သော လူမိုက် တစ်ယောက် ၊ သည်တစ်ခါ တွင် တော်တော် စိတ် ချုပ်တည်း နေရကြောင်း ဘေးဘီ ရှိ လူ အားလုံး က ရိပ်စား မိလိုက်ကြလေသည် ။  


“ ဘာ နားမလည်ဘူးလဲ ကိုထွန်းအိမ် ၊ ခင်ဗျား... ခင်ဗျား ... ခင်ဗျား ကို ကျုပ် သတ်ရမှ ကျေနပ်မယ် ၊ ခင်ဗျား လည်ချောင်းသွေး ၊ ကျုပ် သောက်ချင်တယ်ဗျာ ၊ ခင်ဗျား နားလည်ပြီ မဟုတ်လား ”


သာဟန် သည် ပြောရင်းဆိုရင်း က ပင် မျက်နှာ တစ်ခုလုံး ဒေါသရိပ်များ ဖုံးလွှမ်း လာကာ လက်ဝါးပြင်ကြီး ကို စားပွဲခုံ ပေါ်သို့  ဝုန်းခနဲ အသံ မြည်အောင် အရှိန် နှင့် ရိုက်ချ လိုက်ရာ စားပွဲခုံ ပေါ်ရှိ လက်ဖက်ရည် ပန်းကန် နှင့် အကြမ်းသောက် ပန်းကန်များ ဖရိုဖရဲ ပြန့်ကျဲလဲစဉ်ကာ စားပွဲ တစ်ခုလုံး သွက်သွက်ခါ လှုပ်ရှား သွားလေသည် ။ 


“ သာဟန် မင်း သိပ် စိတ်ကြီးတာကို ကွာ ၊ ပြောစရာ ရှိလည်း အေးအေးဆေးဆေးပေါ့ကွာ ၊ ငါ့ ညီ အိမ် ပြန်ရင် ကောင်းမယ် ထင်တယ်ကွာ ၊ ကိုင်း ... လာ ထ ငါ လိုက်ပို့မယ် ”


သာဟန် က ဒေါသ ထွက်၍ စိတ်ကြီး နေသလောက် လူမိုက် ထွန်းအိမ် က ပျော့ညံ့ နေသည် ကို လက်ဖက်ရည်ဆိုင် အတွင်းရှိ ပရိသတ်များ က အားမလို အားမရ မချင့်မရဲ ရှိကြလေသည် ။


ထွန်းအိမ် ... ထွန်းအိမ် ။ တစ်ကျွန်းပြန် လူမိုက်ကြီး ထွန်းအိမ် ၊ အရက်ချိုး ၊ အရက်အိုး ထွန်းအိမ် ။ အရပ်တကာ နှင့် ရွာစဉ်တကာ လှည့်၍ မိုက်ကြေး နှင့် အသက်မွေး နေသော ထွန်းအိမ် ။ လူမိုက် ဆို ချို ပါသလား မေး၍ တွေ့မရှောင် ကြုံတိုင်း နွှဲခဲ့သည့် လက်ရဲဇက်ရဲ ထွန်းအိမ် ။ ဒုစရိုက် တောကြီး တောငယ် အတွင်း ၊ အန်တုယှဉ်ပြိုင် လာသော အမဲသားကောင် တို့အား တစ်ယောက် တည်း ဒိုင် ခံ၍ ရှင်းလင်းသုတ်သင် ခဲ့သော ထွန်းအိမ် ။ ဇာတ်ပွဲ တကာ အငြိမ့်ပွဲ တကာ တို့တွင် ဗိုလ် တောင်း၍ ပွဲဖျက် တတ်သော ထွန်းအိမ် ။ မသာအိမ် ဖဲဝိုင်း မှ ဓားထိုးမှု နှင့် လူသတ်မှုများ တွင် သူ မပါလျှင် မပြီးသော ထွန်းအိမ် ။ 


ယခုမူ ကား လူမိုက်ကြီး ထွန်းအိမ် သည် ပျော့ညံ့ လှချေသည် ။ ထွန်းအိမ် ဆိုလျှင် ကျော က စိမ့်၍ ဖိမ့်ဖိမ့်တုန်အောင် ကြောက် ခဲ့ရသော သာဟန် လို ငယ်ကြောက် တစ်ဦး က အော်လား ငေါက်လား သဟောက်သဟန် ပြုလုပ် နေသည်ကိုပင် တစ်ကျွန်းပြန် လူမိုက်ကြီး ထွန်းအိမ် က သိုးငယ်ကလေး တစ်ကောင်ကဲ့သို့ အလျှော့ပေး ခေါင်းငုံ့ ခံနေရသည် မှာ ရာဇဝင် ရိုင်းလှချေသည် ။ ပွဲကြည့်ပရိသတ် များ သည် တဖြည်းဖြည်း စည်ကား လာလေသည် ။ “ ထွန်းအိမ် နဲ့ ဖြစ်ပဟ ” ဆိုလျှင် ဘုန်းကြီးပျံပွဲတော်ကြီး လွတ်ချင် လွတ်ပစေ ၊ တစ်ချီတစ်မောင်း ပွဲကြီးပွဲကောင်း ကြည့်မဟဲ့ ဆိုကာ ပွဲတော်ကြီး လက်လွတ် မခံနိုင်ကြသော ရန်ပွဲလာ ပရိသတ် တို့မှာ တဖြည်းဖြည်း နှင့် စုရုံး ဝိုင်းဖွဲ့ လာကြ၏ ။ 


“ ကျုပ် အိမ် ပြန်ဖို့ လာတာ မဟုတ်ဘူးဗျ ၊ ခင်ဗျား ကို သတ်ဖို့လာတာ နားလည်ရဲ့လား ၊ ခင်ဗျား ကို သတ်ဖို့လာတာ ”


အသားများ တဆတ်ဆတ် တုန် လောက်အောင်ပင် သာဟန် တစ်ကိုယ်လုံး ယိမ်းထိုး လှုပ်ရှားနေကာ လက်သီးများ ကျစ်ကျစ် ပါအောင် ဆုပ်လာရင်း ထိန်းမနိုင် သိမ်းမရ ဒေါသစိတ် များ လွှမ်းမိုး နေသော သာဟန် အား ထွန်းအိမ် က သွေးအေးအေး ဖြင့် မျက်တောင် မခတ် ကြည့် နေ၏ ။ ဒီ အကြည့် ကိုပင် ရန်ပွဲလာ ပရိသတ် တို့က စိတ်တထင့်ထင့် နှင့် တစေ့တစောင်း ကြည့်ရင်း ရင် တဖိုဖို အသည်း တယားယား ရှိလှ၏ ။ ရန်စ ထိခိုက် လာသူ တိုင်း အား ဤ အကြည့်မျိုး ဖြင့် အေးတိအေးစက် ကြည့်ရာ က ဝုန်းခနဲ ဒိုင်းခနဲ ထ၍ ကိစ္စ တုံးပစ်တတ်သော ထွန်းအိမ် ၏ အကြောင်း ကို အစင်းသိ နေသည့် ပရိသတ် တို့မှာ “ သာဟန် တော့ ကြွတော့မပေါ့ ” ဟူသော အဓိပ္ပာယ် ဖြင့် တစ်ယောက် နှင့် တစ်ယောက် မျက်လုံးများချင်း ဝှေ့ယမ်း ၍ ထင်မြင်ချက် ပေးစ ပြုလေပြီ ။


“ ဒီမှာ ငါ့ ညီ ရာ မင်း သိပ် နုပါသေးတယ်ကွယ် ၊ တို့ ငယ်ငယ်တုန်း ကလည်း မင်း လိုပဲ သွေးပူတုန်း တော့ သ,တ်ချင်ဖြတ်ချင်စိတ် တွေ ဖြစ်တတ်တာပဲ ၊ တကယ် စဉ်းစားကြည့်ပြန်တော့ လည်း ဇော တစ်ခု ပါပဲကွာ ၊ ကိုင်း ငါ့ ညီ အိမ် ကို သာ အေးအေး ပြန်ပါကွယ် ၊ ပြောစရာ ရှိတာလည်း နှစ်ယောက်ချင်း အေးအေးဆေးဆေး ပြောကြတာပေါ့ ၊ မင်း စိတ် ပြေတဲ့ တစ်နေ့ကျတော့ ငါ ကိုယ်တိုင် - မင်း အိမ် ကို လာခဲ့ပါဦးမယ် ၊ အိမ် ပြန်ဖို့ ငါ တောင်းပန်ပါတယ်ကွာ ”


ထွန်းအိမ် က အသံ ကို နှိမ့်၍ သိမ်သိမ်မွေ့မွေ့ အေးအေးလူလူ တောင်းပန် လာသော အခါ တွင် မှ ၊ သာဟန် က ပို၍ ဒေါသ ထွက်လာ ပြန်ကာ ထွန်းအိမ် နှင့် ပိုမို ကပ်လာအောင် ကိုယ် ကို ရှေ့သို့ တိုးကပ် လာလေသည် ။ 


“ ခင်ဗျား ကျုပ် အိမ် ကို လာဖို့ မလိုပါဘူး ။ ကျုပ် အိမ် ကို ခင်ဗျား မလာစေချင် လို့ ခင်ဗျား  နောက် ကျုပ် လိုက်လာ ခဲ့တာ ၊ ကျုပ် အိမ် ရိပ် ကို ခင်ဗျား မနင်း နိုင်အောင် ကျုပ် ခင်ဗျား ကို သတ်ဖို့ လာခဲ့တာ ”


“ မင်း လွန်ပြီ ၊ သာမာန် လူ တစ်ယောက် ကို ဘယ်တော့မှ ဒီလောက် မတောင်းပန်ခဲ့ဘူး ဆိုတာ မင်း ပိုသိပါတယ်ကွာ ၊ မင်း ကို ငါ တောင်းပန်ပါတယ် ငါ့ ညီ ရာ ”


မျက်လုံးအိမ်များ ထဲမှ ကျောက်မျက်လုံးများ ကဲ့သို့ မရွေ့မရှား တည်ငြိမ် စူးရှလှသည့် ထွန်းအိမ် ၏ မျက်လုံးများ သည် သာဟန့် မျက်နှာ တစ်နေရာတည်း သို့ စိုက်စိုက်ကြီး တွေ ၍ ကြည့်

နေ၏ ။ ဒေါသသွေးကြော တို့ တဒိတ်ဒိတ် တိုးနေသော လက်များ ကို လည်း သာဟန် ဆီသို့ မရောက်

မိစေရန် ပါးမြိုင်းမွေးများ ကို ပွတ်သပ်ခြင်း ဖြင့် ချုပ်တည်း ထားရ၏ ။


“ ဘာ ပြောတယ်ဗျ ၊ ကိုထွန်းအိမ် ။ ခင်ဗျား ကျုပ် ကို တောင်းပန်တာ နဲ့ ကျပ် နှမ ကို စော်ကားတာ ကျုပ် ကျေနပ်ရမလား ။ ဟင် ခွေးမျိုးကြီး ၊ သမီးလောက် အရွယ်ကလေး ကို ခင်ဗျား မကြံမရာ ရက်ရက်စက်စက် ဖျက်လိုဖျက်ဆီး ကြံတဲ့ ခွေးမျိုးကြီး ၊ ခွေးတစ်ကောင် ဆိုရင် ကျုပ် က ခွင့်လွှတ် နိုင်လိမ့်ဦးမယ် ၊ ခုတော့ ခင်ဗျား က ခွေး မဟုတ်ဘူးဗျ ၊ လူ...လူ...လူ ”


ရာဇဝင် မကြုံဖူးအောင် ထွန်းအိမ် အညံ့ခံ အရှုံးပေး ပုံများကို မယုံကြည် နိုင်လောက် အောင် အိပ်မက် မက်နေသလို ကပြောင်းကပြန်ကြီး တွေ့ နေရသော ပရိသတ် တို့မှာ ထွန်းအိမ့် ကိုယ်စား မချင့်မရဲ ဖြစ်နေကြသလောက် ၊ ထွန်းအိမ် မူ တစ်ခွန်းတစ်ပါဒ မျှ ပြန်လည် ချေပ

ပြောဆိုခြင်း မပြုတော့ပေ ။ လည် ရိုက်ချိုး ထားသော ကြက်ကြီး ကဲ့သို့ ဦးခေါင်း ကို သာ ငုံ့၍ ငိုက်စိုက်ကြီး ချထား လေသည် ။


ပရိသတ်များ က ထွန်းအိမ့် ကိုယ်စား မခံချိမခံသာ လှုပ်ရှားစ ပြုလာ၏ ။ “ ထွန်းအိမ်ကြီး တစ်ယောက် အညံ့ခံ လှပါချေကလား ” ဟု မပြောရဲ ကြ၍သာ ငြိမ်သက် နေကြရ သော်လည်း ဒီထက် စော်ကား လာလျှင် တစ်ကျွန်းပြန် ထွန်းအိမ် ၏ ဂုဏ်ကို ဆယ်သော အနေ ဖြင့် သာဟန် တစ်ယောက် နောင်တ ကောင်းကောင်းကြီး ရအောင် ဆုံးမ လွှတ်လိမ့်မည် ဟုတော့ ဆုံးဖြတ်ချက် ကိုယ်စီ နှင့် ရှိကြလေသည် ။


“ ဒီမှာ ကိုထွန်းအိမ် ခင်ဗျား မိုက်ချင် သလောက် မိုက် ကျုပ် မမှုပါဘူး ။ တတ်နိုင်ရင် ကျုပ် ဇက် ကို ဖြတ်ဗျာ ။ ကျုပ် လည်ပင်း စင်း ပေးမယ် ၊ ခံလည်း ခံရဲတယ် ။ ခုတော့ နှင်းယုံ ဟာ ကျုပ် အချစ်ဆုံး နှမ ဗျ ။ ကျုပ် အသက် ထက် ချစ်တယ် ။ နှင်းယုံ ကို လာ ထိတော့ ကျုပ် မခံနိုင်ဘူး ။ ခင်ဗျား ခွေးဇာတ် ခင်းချင်တာ ကို ကျုပ် ကလည်း ခွေးဇာတ် သိမ်းအောင် လုပ်ရ တော့မယ် ။ ခွေး လောက်မှ စိတ်နေ မမြင့်တဲ့ လူ တစ်ယောက် ကို ကျုပ် အ‌သေ သတ်ဖို့ပဲ ရှိတယ် ”


သာဟန် က လေ ကဲ့သို့ လျင်မြန်စွာ စကားလုံးများ တစ်လုံးပြီး တစ်လုံး ဆင့်ကာ ဆင့်ကာ ပြောချ လိုက်ရသည့် အဆုံးတွင် ရှိုက်သံ ခေါင်ခေါင်ကလေးများ ပင် ရောထွေး ၍ ပါလာ၏ ။


နင့်နင့်နဲနဲ စီးစီးပိုးပိုး ပြောချလိုက်ရ သောကြောင့် လည်း သာဟန် တွင် လျှာအရသာ တွေ့သွား သကဲ့သို့ နှုတ်ခမ်းဖျား ကို လျှာ နှင့် လိမ်း၍ လိမ်း၍ တံတွေးစများ သိမ်း နေချိန်တွင် ခေါင်းငိုက်စိုက် ကျနေသော ထွန်းအိမ် မှာ တဖြည်းဖြည်း ဦးခေါင်း ပြန် မော့လာပြီး ထွန်းအိမ် ၏ မျက်လုံးကြီးများ မှာ နီရဲ၍ မျက်ကြောမျှင်ကလေး ကြွထ လာကာ သာဟန် ၏ မျက်လုံးများ ထဲသို့ စူးပေါက်ဝင်ခမန်း စိမ်းစိမ်းစိုက်စိုက် ကြီး ကြည့် နေလေသည် ။


“ ဆရာ လူပုံ အလယ် မှာ ခွေး ချင်း ထပ်အောင် စော်ကားနေတာ ဆရာ ခံ နေသလား ဆရာ ”


ထွန်းအိမ် နှင့် လက်တစ်ကမ်း သာသာတွင် ရှိသော တပည့် လူမိုက် ၏ အသံကို စူးစူးရှရှ ကြားလိုက်ရ ပြီးသော အချိန်တွင် ကား ထွန်းအိမ် သည် ဝုန်းခနဲ ခြေစုံ ရပ်မိရက်သား ဖြစ်နေ လေသည် ။


ပရိသတ် အားလုံးက ဒီ တစ်ချီတွင် တော့ ကိစ္စ ပြီးလေပြီ ဟု ရင်ထဲ တွင် ဖို သွားကြသည် ။ တစ်ချိန်လုံး သည်းခံ ခဲ့သော ထွန်းအိမ် သည် သာဟန့် ကို ဆုံးမပေတော့မည် ဟု အတပ် တွေး လိုက်ကြသည် ။ သို့သော် သူတို့ မှားလေပြီ ။ ထွန်းအိမ် သည် သူတို့ ထင်သလို မဟုတ်ပေ ။


“ ခွေးမသား ထိန်သီး ၊ နင့် ပါးစပ် ပိတ်ထားလိုက်စမ်း ၊ နင့် လျှာ ပြတ်သွား ချင်သလား ”


ထွန်းအိမ် က သာဟန် ကို လက်တုံ့ပြန်တော့မည် ဟု ထင်ကြေး ပေးနေကြသော ပရိသတ်တို့ မှာ ပါးစပ် အဟောင်းသား နှင့် ဖြစ်ကုန်ကြ လေသည် ။ ထွန်းအိမ် သည် သာဟန့် ကို လက်တုံ့ပြန်ရမည့် အစား ၊ ဆရာရင်း တပည့် ပီပီ သူ့ ဘက် မှ မခံမရပ်နိုင် လွန်း၍ ထ အော်မိသော သူ့ တပည့်ကျော် ထိန်သီး ကို ပင် ကျားဟိန်း ဟိန်း၍ ဟောက်လိုက်သော အခါတွင် ကား ရန်ပွဲကြည့် ပရိသတ် တို့၏ စိတ်အစဉ် များသည် တုံ့ရပ်ဆိတ်ဆိုင်း သွားလေသည် ။


“ အို ... ရာဇဝင် ရိုင်းတယ်ဗျာ ၊ ဆရာ အညံ့ခံတိုင်း ကျွန်တော် တို့ အညံ့မခံနိုင်ဘူး ။ လွန်လွန်း ပါတယ် ဆရာ ။ ဆရာ့ ကို ဘယ်တုန်းက မှ မျက်မွေးထော် လို့ မော် မကြည့်ရဲတဲ့ သာဟန် လို ငယ်ကြောက် တစ်ကောင် က ဆရာ့ ကို လူပုံ အလယ် မှာ စော်ကားချင် တိုင်း စော်ကား နေတာ ရှက်စရာ ကောင်းပါတယ် ဆရာ ”


“ ကဲ ... ရာဇဝင် ရိုင်းဦးကွာ ၊ ရှက်စရာ ကောင်းဦးကွာ ”


ရက်စက်မှု အလုံးစုံတွင် ဖန်တစ်ရာတေ အောင် ကျင့်သား ရ၍ ကျွမ်းကျင်ပြီး ဖြစ်သော ထွန်းအိမ် ၏ လေးလံကြီးမားသော လက်ဝါးစောင်းကြီးများ သည် တပည့်ကျော် လူမိုက် ထိန်သီး ၏ လည်ဇလုတ်ရိုး တည့်တည့်ပေါ်သို့ ကျရောက် သွားသည့် တစ်ခဏ တွင် တလိမ့်ခေါက်ကွေး လဲကျ လွင့်စဉ် သွားသော ထိန်သီး ၏ အဖြစ်သနစ် အလုံးစုံကို ရန်ပွဲကြည့် ပရိသတ်တို့ က နောက်ဆုံး မြင်ကွင်း တစ်ခု အဖြစ် ဖြင့် မြင်တွေ့ လိုက်ကြရလေသည် ။


( ၂ )


အဖြစ်အပျက် မှာ မြန်ဆန်လှ သလောက် ၊ တစ်ကျွန်းပြန် ထွန်းအိမ်ကြီး ခုတ်ရာ တခြား ရှရာ တလွဲ ဖြစ်ပုံများ ကို လက်ဖက်ရည်ဆိုင် အတွင်း မှ ပရိသတ်တို့ မှ အံ့သြ၍ အတောမသတ် နိုင်အောင် ရှိကြလေသည် ။ သာဟန် ကို ကြောက်၍ သူရဲဘော နည်းသော ထွန်းအိမ်ကြီး ဟု ပြောရမှာ လည်း ခက်ပြန် ချေသည် ။ 


“ ဒီမှာ ငါ့ညီ မင်း စိတ်ကို အေးအေး မထားနိုင် ဘူးလားကွယ် ”


စောစောက ပင် ကျား ကဲ့သို့ ဟိန်းဟောက် နေသော ထွန်းအိမ် ၏ အသံ မှာ ယခုတွင်မူ သာယာညင်းပျောင်း ရှိလာ ပြန်လေသည် ။ မျက်နှာ မှာ လည်း တင်းမာကြမ်းကြုတ် နေရာမှ တဖြည်းဖြည်း တည်ငြိမ် လာပြီး အပြောင်းအလွဲ မြန်ဆန်စွာပင် ပါးသွယ်ပါးမြှောင်းများ အကွင်းလိုက် အကွေးလိုက် အရစ်လိုက် ပေါ်လာသည် အထိ ချိုသာနိုင် သမျှ ချိုသာစွာ ပြုံးလာ၏ ။


တစ်ဖက်စီးနင်း ပြောချင် တိုင်း ပြော၍ စော်ကားချင် တိုင်း စော်ကား နေသည့် ကြားကပင် ထွန်းအိမ် တစ်ယောက် ပြုံးကျဲကျဲ ရယ်စစ ၊ ကနွဲ့ကလျ လုပ်နေသည် ကို မမြင်ရကြစဖူး မြင်တွေ့ နေကြရသော ပရိသတ်များ မှာ ယခင်တုန်း က ကဲ့သို့ ဆင်ပေါ် တွင် တံခွန်စိုက် အောင် မိုက်တွင်း

နက်ခဲ့သော ထွန်းအိမ် မှ ဟုတ်ပါလေစ ဟု သံသယ ဖြစ်စ ပြုလာကြလေသည် ။ 


ထွန်းအိမ် က မူ သာဟန် နှင့် မျက်နှာချင်းဆိုင် မတ်တတ်ရပ် ရင်း က အပြုံးမပြယ်သေး သော မျက်နှာ ဖြင့် ဘာမှ မဖြစ် သကဲ့သို့ ရပ်မိရပ် နေရာမှ ညာလက် တစ်ဖက် ကို ဘလေဇာနက် ပြာအင်္ကျီ အိတ်ထဲ သို့ ခပ်စွေစွေ ထိုးနှိုက် လိုက်သော အခါတွင် ရန်ပွဲလာတို့ ၏ မျက်လုံးများ မှာ ထွန်းအိမ် လက်တစ်ဖက် ဆီသို့သာ ဝိုင်းဝန်း စုရောက် သွားကြလေသည် ။


တကယ့်တကယ် ကျတော့ လည်း သာဟန် ကိုယ်တိုင် ပင် ရှေ့ မတိုး ရဲ နောက် မဆုတ်သာ ဖြင့် ရှိုးတိုးရှန့်တန့် ဖြစ်လာ၏ ။ သို့သော် ဘာ ကြောက်စရာ ရှိသနည်း ။ ထွန်းအိမ်  လက်တစ်ဖက် ဘလေဇာအကျီအိတ် ထဲသို့ နှိုက်လျှို ၍ သွင်းလိုက် ကတည်း ကပင် သာဟန် ကလည်း ညံ့သူ မဟုတ် ပေ ။ စားပွဲဗဟို တွင် ရှိသည့် အကြမ်း ထည့်သော ကြွေကရားအိုး ပေါ်သို့ မျက်လုံးများ ရောက်ပြီးသား ဖြစ်နေ လေသည် ။ 


သာဟန် မျက်လုံးများက ကြွေကရားအိုး ပေါ်သို့ ဝှေ့ရမ်း ၍ ကြည့်ရင်း ထွန်းအိမ် ၏ လက်အလှုပ် ကိုပါ တစ်ပါတည်း စောင့်ကြည့် သကဲ့သို့ ပရိသတ်များ ကလည်း ထွန်းအိမ် လက် ဘလေဇာ

အင်္ကျီအိတ် ထဲ မှ ပြန်၍ အနုတ် ကို စောင့်ကြည့် ကြ၏ ။ ထွန်းအိမ် ၏ လက် သည် ဒီတစ်ခါ တွင်တော့ စကား ပြောကြလိမ့်မည် ။ ရန်ပွဲ ၏ အဆုံးအဖြတ် ကို သတ်မှတ် ပေးလိမ့်မည်ဟု အားလုံးကပင် ယူဆ ထားကြလေသည် ။


“ သာဟန် မင်း အိမ်ကို ပြန်မလား မပြန်ဘူးလား ၊ တစ်ခွန်းတည်း ပြောတော့ကွာ ”


“ ကျုပ် မပြန်နိုင်ဘူး ”


သည်တစ်ခါ တွင်တော့ ပြုံးနေသော ထွန်းအိမ် နှုတ်ခမ်းများ သည် တင်းကျပ်စွာ စေ့၍ သွားကာ ၊ ဘလေဇာအကျီအိတ် ထဲမှ လက်တစ်ဖက် ကို ဇတ်ခနဲ ဆွဲနုတ်လိုက်လေသည် ။ ပရိသတ် များအားလုံး၏ ရင် ထဲ တွင် ဟာခနဲ ဖြစ်သွား၏ ။ သို့သော် သူတို့၏ ဟာပုံမှာ ရုတ်ခြည်း ရပ်တန့်သွား လေသည် ။  


“ ကိုင်း .. သာဟန် ၊ ငါ စကားများများ မပြောချင်တော့ဘူးကွာ ။ မင်း ပြောချင်ရာ ပြောနိုင်

တယ် ”


ထွန်းအိမ် သည် စကားများများ မပြောချင်တော့ဘူး ဟု ဆိုသည့် အတိုင်းပင် ဘလေဇာအင်္ကျီ အိတ် ထဲမှ နှိုက်ယူ လိုက်သော ဆေးရွက်ကြမ်းတစ်ငုံစာ ကို ပါးစောင်ရင်း သို့ ထိုးသွင်းငုံခဲ လိုက်ကာ သာဟန် နှင့် မျက်နှာလွှဲ ပစ် လိုက်လေသည် ။


“ ခင်ဗျား စကား မပြောချင်ပေမဲ့ ကျုပ် စကား ပြောရလိမ့်မယ် ကိုထွန်းအိမ် ၊ ခင်ဗျား ကို ကျုပ် ရင်ဝယ် မဆုံး ပြောစရာ စကားတွေ အများကြီး ရှိနေတယ် ”


သာဟန့်အသံများ ကမူ မာကြောတုန်းပင် ရှိသေး၏ ။ ထွန်းအိမ် က ချော့၍ ပျော့လေလေ သာဟန် က မော့လေလေ ဖြစ်ကာ ငြိမ်း မလိုလိုနှင့် ထ တောက် နေသော ရန်မီးစ မှာ မသေနိုင် မငြိမ်းနိုင် ရှိနေ လေသည် ။


“ ကဲ ... ငါ နောက်ဆုံး ပြောပါရစေ သာဟန် ရာ ၊ ငါ လွန်သမျှ အပြစ်တွေ ကို မင် ကြိုက်တဲ့ နည်း နဲ့ တောင်းပန် ပါတယ်ကွာ ၊ မင်း ကျေနပ်ပါတော့ ဟုတ်လား ငါ့ ညီ ”


ပြောပြောဆိုဆိုနှ င့် ထွန်းအိမ် ၏ လက်ကြမ်းကြမ်းကြီး နှစ်ဖက် သည် သာဟန် ၏ ပခုံးများ ပေါ် သို့ ယုယကြင်နာစွာ သဘောထား ကြီးကြောင်း ပြသည့် သဘောဖြင့် ဆုပ်ကိုင် လိုက်လေသည် ။


“ ခင်ဗျား ခွေးလက်ကြီး တွေ ကို ကျုပ် ပခုံးပေါ် က အခု ချက်ချင်း ပြန် ရုပ်လိုက်ပါ ကိုထွန်းအိမ် ”


ထွန်းအိမ် ကားဆုပ်ကိုင်မြဲ ဆုပ်ကိုင် ကာ ပြုံးမြဲ ပြုံးနေ၏ ။


“ ဟေ့လူ ခင်ဗျား လွှတ် ဆိုတာ မလွှတ်ဘူးလား ”


သာဟန် ၏ အသံမှာ တဖြည်းဖြည်း နှင့် မြင့်၍ တက်လာ၏ ။ အသံကုန် ဟစ်အော်လိုက် သည့် အချိန်တွင် ကား ငိုသံအက်အက် ပင် ပါ လာကာ မျက်လုံးအိမ်များ ထဲတွင် လည်း မျက်ရည်  များ အရွဲသား စို့ဝိုင်း နေလေသည် ။ 


ထွန်းအိမ် ကမူ ပြုံးနေသော ပါးစပ်ကြီး ကို သွားများ အဖွေးသား ပေါ်အောင် တဟဲဟဲ ရယ်မောရာက သာဟန် ၏ ပခုံးနှစ်ဖက် ကို မလွှတ်တမ်း ဆုပ်ကိုင် ထားရက်ပင် ရှိသေး လေသည် ။


“ လွှတ်နော် နွားကြီး ခင်ဗျား အခု လွှတ် ”


စက္ကန့်ပိုင်း အတွင်းတွင် သာဟန့် ပခုံးပေါ်သို့ ဆုပ်ကိုင် ထားသော ထွန်းအိမ့် လက်များကို သာဟန် က ဆောင့်ရုန်း လိုက်ကာ ထွန်းအိမ် ၏ လေးထောင့်မေးရိုးကြီးများပေါ်သို့ သာဟန် ၏ လက်ဝါးစောင်း တစ်ချက် က အားကုန် လွှဲ၍ ရိုက်ချ လိုက်ရာ ၊ တုတ်ခိုင်တောင့်တင်း လှသည့် ထွန်းအိမ် ၏ ခန္ဓာကိုယ်ကြီး တစ်ခုလုံးမှာ တောင့်ဟန် ထိန်းထားရင်း ကပင် နောက်သို့ ယိမ်းထိုး တိမ်းစောင်း သွားကာ ကု,လားထိုင် ပေါ်သို့ အွန့်ခနဲ မြည်သံကြီး နှင့် အတူ အရုပ်ကြိုးပြတ် သလို ပုံရက်သား လဲကျ သွားလေသည် ။


( ၃ )


“ မြတ်စွာဘုရား ”


လူတိုင်း ပါးစပ်ဖျား မှ တစ်ပြိုင်နက်တည်း ဟစ်အော် လိုက်မိကြကာ နားရွက်များ ပင် မလှုပ်ရဲ ကြအောင် ငြိမ်သက် နေကြလေသည် ။ မျက်စိ ဖြင့် တပ်အပ် မြင်ကြရ သော်လည်း ထွန်းအိမ် သည် အိပ်မက် ထဲ တွင်ပင် ဤမျှလောက် အရုပ်ဆိုးကြီး အညံ့ခံ လိမ့်မည်ဟု သူတို့ မယုံကြည် နိုင်ကြပေ ။


ကိုယ့် သွေး တစ်စက် ထွက် လျှင် သူများတကာ့ သွေး အစက် တစ်ရာ ထွက်အောင် ရက်စက်ခဲ့ သည့် တစ်ကျွန်းပြန် လူမိုက်ကြီး ထွန်းအိမ် ၊ ကိုယ့် အသား တစ်ဖဲ့ ဖဲ့ လျှင် သူများတကာ့ အသား အဖုံတစ်ရာ ပဲ့အောင် ကြမ်းကြုတ် ခက်ထန် ခဲ့သည့် လူသ,တ်သမားကြီး ထွန်းအိမ် ၊ ရန်သူ ကို အမြဲ တမ်း ရှာဖွေ၍ ရန်ပွဲ လုပ် တတ်သော ရန်စ ကောင်းသည့် မီးကုန်ယမ်းကုန် မိုက်တွင်း နက်ခဲ့သော လူမိုက်တကာ့ လူမိုက်ထိပ်သီး ထွန်းအိမ်ကြီး မှာ သာဟန် ကဲ့သို့သော ငယ်ကြောက် အမဲ တစ်ကောင် ဖြစ်သည့် လူကျစ်ကလေး တစ်ဦး က လူပုံ အလယ် တွင် နားရင်းပါးရင်း ရိုက်၍ ကဏ္ဍကောစ ပြုချင် သလို ပြု၍ စော်ကားချင် သလို စော်ကား နေသည် ကို အမိန့်သား အဆိမ့်သား ခံ နေရလေပြီ ။


မျက်လုံးပေါင်း မြောက်မြားစွာ တို့က ထွန်းအိမ့် ဆီသို့ ဝိုင်းစိုက် ကြည့် နေကြကာ ရှိသမျှ ခွန်အား ကို ဖျစ်ညှစ်၍ ရိုက်ချ လိုက်ရသဖြင့် ပင်ပန်းနွမ်းနယ် သွားကာ အောက်ခြေများ မခိုင်တော့ ဘဲ မနည်း ကြိုးစားအားယူ ရပ်နေရသော သာဟန် ကလည်း ထွန်းအိမ့် မျက်နှာ ဆီ သို့ တွေတွေကြီး

စောင့်ကြည့် နေလေသည် ။ 


လေးလံသော သစ်တုံးကြီး တစ်တုံး အပိ ခံရသည့် ကြားထဲမှ မချိတရိ ရုန်းကန် လူးလွန့်နေ ရသော မိကျောင်းကြီး တစ်ကောင် ကဲ့သို့ ထွန်းအိမ် ၏ လည်ပင်းကြီးများ မှာ ဇက်ပိုး ထဲ သို့ ပုဝင် နေကာ သာဟန် တအား လွှဲ၍ ရိုက်လိုက်စဉ်က ပါးစောင်ထဲ မှ အထွေးလိုက် အန်ထွက် ကျလာသော ငုံလက်စ ဆေးရွက်ကြမ်း အပိုင်းအစကလေးများ ကို သွေးအေးအေး ဖြင့် စားပွဲခုံ ပေါ်မှ လက်ညှိုး ဖြင့် တောက်၍ တောက်၍ ရှင်းလင်း ပစ် နေလေသည် ။ ပြီးမှ ချောင်း တစ်ချက် ဟန့်၍ တံတွေး တစ်ဗျစ် ထွေး လိုက်ရာ စားပွဲခုံ ပေါ်တွင် ရဲခနဲ နီ သွား လေသည် ။


သူ့ သွေး ကို သူ မြင်ရသော အခါမှ ထွန်းအိမ် ၏ မျက်တောင်ကြီး နှစ်ဖက် စလုံး သည် ဖြုံးခနဲ မြင့်တက် သွားကာ ဘယ်ဘက် ပါးစောင်ရှိ နှုတ်ခမ်းနှစ်ခွ ကို ခပ်နွဲ့နွဲ့ စုလိုက်ပြီး လည်ပင်း မှ ပိုးမာဖလာဖြူတစ်ပတ်နွမ်းကလေး ဖြင့် ဦးခေါင်း ငဲ့၍ ထိတို့ လိုက်၏ ။ ပိုးမာဖလာဖြူဖြူ ပေါ်မှ သွေးစ နီနီရဲရဲကို မျက်တောင် မခတ် စိုက် ကြည့်ရင်း ကပင် တွန်းအိမ် သည် တစ်စုံတစ်ခု သော အကြောင်းအရာ ကို သဘော အကျကြီး ကျသွားဟန် ဖြင့် ဝမ်းခေါင်း ထဲမှ ပျို့တက် လာသော လိုဏ် သံ အပြည့် ပါသည့် ရယ်မောသံကြီး ဖြင့် အူသိမ်အူများ ပြတ်ထွက်ကျ ခမန်း ဟက်ဟက်ပက် ပက်ကြီး ရယ်လိုက် ပြန်ပါလေသည် ။ 


“ ထွန်းအိမ် ... ထွန်းအိမ် ... မင်း ဘယ်လို ဖြစ်ရတာလဲ ထွန်းအိမ် ရယ် ” 


ဤ အသံမျိုးမှာ မထွက်ရဲ ကြ၍သာ မထွက်ရ သော်လည်း လူတိုင်း ပါးစပ်များ ကမူ တရွရွ လှုပ် နေကြလေပြီ ။


လူမှန်း သူမှန်း သိတတ်စ ထွန်းအိမ့် နာမည် ကြားဖူးသည့် ကလေးသူငယ် တစ်ယောက် ကို ပင် ထွန်းအိမ် သွေး မြေမှာ ကျသည် ဟု သွား ပြောလျှင် ထို သွားရောက် ပြောကြားသူ အား ကလေး များက ယုံတမ်းစကား ပြောသည် ဟု လှောင်ပြောင် သရော်၍ လွှတ်လိုက် ပေလိမ့်မည် ။ ယခုမူ ကား လှေခွက်ချည်း ကျန် အလံမလှဲ ခဲ့သည့် လူမိုက်ကြီး ထွန်းအိမ် မှာ လှေခွက် မမြုပ်ခင် အလံ လှဲ ခဲ့ရလေပြီ ။ သူ လှဲခဲ့ရသော အလံမှာ လည်း ပင်လယ်ပြင် ထဲတွင် မဟုတ်ဘဲ သူ့ ကိုယ် မှ ထွက် သော သွေးစက်များ ထဲ တွင်ပင် အလံ လှံခဲ့ရခြင်း ဖြစ် လေသည် ။


“ မင်း အနိုင် ယူတော့ သာဟန် ၊ မင်း အနိုင် ယူတော့ ။ ငါ ရှောင်ပါတယ် ကွာ ။ မင်း အိမ် မပြန် ချင်ရင် ငါ အိမ်ပြန် ပါရစေတော့ ကွာ ”


ပရိသတ်များ သည် ဒီ တစ်ချိန်တွင် တော့ တစ်ခါတုန်း က ဖိမ့်ဖိမ့်တုန် အောင် ကျော်ကြားခဲ့ သော တစ်ကျွန်းပြန် လူမိုက်ကြီး ထွန်းအိမ် အား အထင် မကြီးနိုင်ကြတော့ဘဲ သာဟန် ၏ ရဲတင်း ဖျတ်လတ်၍ မြန်ဆန် သွက်လက်ပုံများ ကိုပင် သူရဲကောင်းသစ် တစ်ယောက် ကဲ့သို့ အထင်ကြီး စ ပြုလာ လေသည် ။


သူတို့ အထင်မကြီးကြသည့် အတိုင်းပင် ထွန်းအိမ် ကလည်း ထိုင် နေရာမှ ဗြုန်းစားကြီး ထ ရပ် လိုက်ကာ ကုလားထိုင်များ ကို ခြေထောက် ဖြင့် တွန်းကန် ရွေ့ရှား၍ သာဟန် ကို နောက်ကျော ခိုင်းကာ ခြေလှမ်းလေးလေးကြီးများဖြင့် ထွက်ခွာစ ပြုလေသည် ။


( ၄ )


“ ဟေ့လူ ကိုထွန်းအိမ် ၊ ခင်ဗျား ဒီလို ရှောင်ပြေးလို့ လွတ်ရိုးလားဗျာ ၊ ခင်ဗျား အခုရပ် လိုက်ပါ ”


ခြေ ငါးလှမ်း မျှ လှမ်း မိသည့် အချိန်တွင် သာဟန် ၏ အမိန့်ပေး သံကြောင့် လှမ်းမည့် ဟန် ပြင်နေသည့် ခြေဖျား ကို မြေ တွင် ထောက်ရက်တန်းလန်း မှ ထွန်းအိမ် သည် တုံ့ခနဲ ရပ်ဆိုင်းသွား လေသည် ။


“ ကျုပ် မျက်နှာ ကို သေသေချာချာ ကြည့်စမ်း ကိုထွန်းအိမ် ”


တုံ့ရပ် နေသော ထွန်းအိမ် ၏ နောက်သို့ သာဟန် ထက်ကြပ်မကွာ အပြေး လိုက် သွားကာ ကုပ်ပိုးနှစ်ဖက်စ ကို ခပ်ဖိဖိ ကိုင်၍ ဆွဲ လှည့်လိုက်ရာ ထွန်းအိမ် ၏ ကိုယ်ခန္ဓာကြီး မှာ ဝိညာဉ်မဲ့ နေသော အသေကောင်ကြီး ကဲ့သို့ ပေါ့ပါးငြိမ်သက်စွာ ပင် ချာခနဲ လည်၍ ပါ လာလေသည် ။


ကျုပ် မျက်နှာ ကို သေသေချာချာ ကြည့်စမ်းပါ ဟူသည့် သာဟန် အမိန့်အတိုင်း ပင် သာဟန် မျက်နှာ ပေါ်သို့ ထွန်းအိမ် မျက်လုံးကြီးများ က တည့်တည့်မိမိကြီး ဆိုင်၍ ကြည့် နေသော် လည်း သူ့ မျက်လုံးများက မြင်ဟန် မတူပေ ။ ရီဝေမှိုင်းပျ၍ သာ နေလေသည် ။ 


“ နှမ ပါးနမ်း မောင် ကျောချမ်း ဆိုတဲ့ အစားထဲ က မဟုတ်ဘူး ဆိုတာ ခင်ဗျား သိပြီ မဟုတ် လား ။ လူတော ထဲမှာ ခင်ဗျား ကြောက်လို့ မရှင်းရဲရင် ရှက်လို့ မရှင်းရဲရင် နှစ်ယောက် ချင်း တွေ့ ပြီး တော့ကော ခင်ဗျား မရှင်းရဲဘူးလား ကိုထွန်းအိမ်  ဒီမှာ ကျုပ် မေးနေတယ်ဗျ ”


ထွန်းအိမ် က ကျောက်ရုပ်တုကြီး ကဲ့သို့ သာ ခြေစုံ ရပ်၍ နေလေသည် ။ စကားပြန် ကား မပေးပေ ။


“ ကောင်းပြီ ဒီနေ့ ညနေ လေးနာရီ တိတိ မှာ ရွာလယ် တံတားကြီး အောက် က ဝါးဖောင် ဆိပ် မှာ ကျုပ် ဆက်ဆက် စောင့်နေမယ် ၊ ခင်ဗျား လည်း အိမ် ပြန်ပြီး ဓားသွေးချေဦး ။ ကျုပ် လည်း လေးနာရီ ထိုးတဲ့ အထိ ကျုပ် နှမ ကို စော်ကားတဲ့ ခွေး လည်ချောင်းသွေး ဖောက် ရအောင် ဓားသွေး ရဦးမယ် ၊ ခင်ဗျား သဘောတူရဲ့လား ”


“ စိမ်လိုက်ကွာ ၊ ခွေးလည်ချောင်းသွေး ဖောက်ချင်တဲ့ မင်း ဗိုက်ထဲ က အူတွေ ကို လည်း တံတားတိုင် ငုတ်မှာ အခွေလိုက် ချိတ်ရအောင် စိမ် လိုက်ကွာ ၊ ငါ သဘော မတူစရာ မရှိပါဘူး ”


တကယ့်တကယ် ဆိုလျှင် “ စိမ်လိုက်ကွာ ” ဆိုသော စကားလုံး မှာ ထွန်းအိမ် အတွက် အင်မတန် လွယ်ကူသော အပေါများဆုံး စကားလုံး တစ်လုံး သာဖြစ်၏ ။ အလကား နေရင်း အပျင်း ဖြေသည့် သဘောဖြင့် လျှာ အယား ပြေအောင် အကြိမ်ပေါင်း များစွာပင် စိမ်လိုက်ကွာ ခဲ့ဖူးပေါင်း မှာ အသင်္ချေ နှင့် အနန္တ ဖြစ်လေသည် ။ သို့တစ်မည်လည်း ဤ အခိုက်အတန့် အတွင်းတွင် မူ စိမ်လိုက် ကွာ ဟူသော စကားလုံး နှင့် မခံမရပ်နိုင်သော နောက်ဆက်တွဲ ချေပချက်များ ကို ပါးစပ် မှ မထွက်ရဲ နိုင်ခဲ့ဘဲ သည်းခံသော နှလုံးဖြင့် သိုသိပ်အောင့်အည်း ၍ သာ ထားရလေသည် ။


လှိုင်းလုံး ဒီရေနီနီကြီးများ ပြေးဆောင့်တက် လာ သကဲ့သို့ မျက်ထောင့်နီကြီးများ ပြေလျော့ ကျ သွားစေရန် အံကို တင်းတင်း ကြိတ်ကာ မျက်စိ ကို စုံမှိတ်၍ သာ ထားရလေသည် ။


“ ဒီမှာ ကိုထွန်းအိမ် ၊ ခင်ဗျား သူရဲဘော နည်းလို့ မလာရဲပေမဲ့ ကျုပ် ကတော့ ကျုပ် ချိန်း ထားတဲ့ နေရာမှာ ခင်ဗျား မလာမချင်း စောင့် နေရမှာပဲ ။ ခင်ဗျား ကျုပ် နဲ့ နှစ်ယောက်ချင်း မဆိုင်ရဲဘူးလား ဟင် ၊ ခင်ဗျား သူရဲဘော နည်းသလား ”


ထွန်းအိမ် သည် တစ်ခွန်း တစ်ပါဒ မျှ ပြန်လည်ချေပ ပြောဆိုခြင်းမပြုတော့ဘဲ မသယ်ချင့် သယ်ချင် ခြေလှမ်းလေးလေးကြီးများဖြင့် သာဟန် နှင့်တကွဲ လူအုပ်ကြီး ထံမှ ဖယ်ကြဉ်ရှောင်တိမ်း ခဲ့လေသည် ။


မိမိ အား သူရဲဘော ကြောင်သူ အဖြစ်ဖြင့် အထင်သေးသော မျက်လုံးများ နှင့် ဝိုင်းကြည့်ရှု ကျန်ရစ်ခဲ့သော ပရိသတ်ကြီး အား နောက်ဆုံး မြင်လိုက်ရသည့် တစ်ခဏ တွင် ထွန်းအိမ် သည် သူရူးကြီး တစ်ယောက် ကဲ့သို့ ဦးနှောက် တစ်ခုလုံး ချာချာလည်ကာ လှမ်းမိလှမ်းရာ သို့ ခြေဦး လှည့် ခဲ့လေသည် ။


အမှန်စင်စစ် တွင် ကား ထွန်းအိမ် သည် ထွက်ပြေးသူ ၊ သူရဲဘောနည်းသူ ၊ အရှုံးပေး ဒူး ထောက်သူ သာ ဖြစ်ခဲ့လေပြီတကား ။


“ ခင်ဗျား သူရဲဘော နည်းသလား ၊ ခင်ဗျား သူရဲဘော နည်းသလား ၊ ခင်ဗျား သူရဲဘော နည်းသလား”


ရာထောင်ပေါင်း များစွာသော ဤအသံများ မှာ သူ့ နောက်မှ ပဲ့တင်ထပ်၍ အပြေးလိုက် လာ သဖြင့် အုတ်ခဲကျိုးလမ်းမကြီးတစ်လျှောက် ပေါ်တွင် ဒယီးဒယိုင် လှမ်း၍ သာ လျှောက်ခဲ့မိလေ သည် ။


( ၅ )


ဘယ်နည်း ဘယ်ပုံဖြင့် အိမ်သို့  ပြန်ရောက်နေမှန်း မဝေခွဲနိုင်ဖြစ်ခဲ့ရာမှ ကြွက်လျှောက် ပေါ် တွင် တင် ထားသော အရက် တစ်ပိုင်း ထည့်ထားသည့် ပုလင်း ကို ကောက် ကိုင် လိုက်မိကာ ငှဲ့ ထည့် ရန် ဖန်ခွက် ပင် မရှာနိုင်တော့ဘဲ ထူထိုင်းအေးစက် နေသော နှုတ်ခမ်း ဖြင့် ပုလင်း နှုတ်ခမ်း ကို ငုံ လိုက်ကာ တစ်ကျိုက် ပြီး တစ်ကျိုက် ရေတံခွန်တောင် ကျိုးသလို ဒလဟော မော့ချမိလေသည် ။


အခါတိုင်း၌ နေခြည် မထိုးနိုင် လောက် အောင် အရွက်များ ယှက်ဖြာ မိုးသည့် ထန်းတော ကြီး များတွင် ထန်းရည်အိုး တည်၍ နေဝင် မှန်း လထွက် မှန်း မသိ ၊ ချဉ်ချဉ်တူးတူး မူးမူးခါးခါး သောက်ခဲ့လေ့ ရှိသော ထွန်းအိမ် မှာ ယခုမူ အခြေအနေ တစ်မျိုး ပြောင်း နေလေပြီ ။


ကောက်ညှင်းရနံ့ သင်းပျံ့ပျံ့၏ အရသာ သည် ဘယ်သို့ ထွက်ပြေး ကုန်လေပြီနည်း မသိ ။ တစ်ကျိုက် ပြီး တစ်ကျိုက် မော့ချလိုက်တိုင်း မီးကျီးရဲရဲ ဖြင့် ဖုတ်ထားသော သံတွေခဲများ ကို အချောင်းလိုက် မျိုချရ သကဲ့သို့ လည်ချောင်း တစ်လျှောက်လုံး တွင် ပူလောင်စူးရှ လာလေရာ အရက် တစ်ပိုင်း မကုန်မီပင် ပုလင်း ကို လက် မှ လွှတ်ချ လိုက်မိလေသည် ။ 


ကြမ်းပြင် ပေါ်သို့ ပုလင်း ကျ၍ ကွဲရှသံ ကြားရ ပြီးသည့် အချိန်တွင် ကွဲအက်ခမန်း ပူလောင် စူးရှလှသော မိမိ လည်ချောင်း ကို မိမိ လက်နှစ်ဖက် ဖြင့် ဆုပ်ညှစ် ကိုင်ထားရင်း အိမ်ခန်း ထောင့် ရှိ ကိုယ်လုံးပေါ် မှန်ချပ်ဟောင်းကြီး တစ်ခု ရှေ့သို့ ရွေ့ရှား သွားမိ၏ ။


ကြေးမုံပြင်ကြီး မှာ ကိုယ်လုံး ပေါ် ဟုသာ ဆိုရသော်လည်း ကိုယ် တစ်ခြမ်းသာ ပေါ်လေ သည် ။ မိုးရေစက်များ စွန်းထိထား သဖြင့် ကွက်သည့် နေရာတွင် ကွက်၍ လက်သည့် နေရာ တွင် လက်ကာ ၊ ပြဒါးများ ပြယ်သည့် နေရာတွင် အရိပ်မျှ မထင်တော့ချေ ။ 


ထွန်းအိမ် သည် အရိပ် ပေါ်မည့် ကြေးမုံ နေရာကို ရှာဖွေရင်း လည်ပင်း တစ်ခုလုံး ပြတ်လု မတတ် ၊ လက် နှစ်ဖက် ဖြင့် ဆုပ်ညှ စ်ထားရင်း က ကြေးမုံ တွင်း သို့ မျက်လုံးများ ကျွတ်ထွက် မတတ် စိုက် ကြည့်ရင်း ကိုယ့် အရိပ် ကိုယ် ရှာဖွေ မိလေသည် ။


တွေ့ရပါပြီ ။ ကြေးမုံပြင် သည် ငြိမ်သက် သကဲ့သို့ ထွန်းအိမ် ၏ မျက်နှာကြီး မှာ လည်း မာကြောအေးစက် လှလေသည် ။ သူ့  နဖူးကြောကြီးများ မှာ လည်း မြေပြင်အောက် မှ ရုန်းထွက်လာသော သစ်မြစ် သစ်စိုင်ကြီးများ ကဲ့သို့ ဖုထစ်ရွံ့တွ ကာ အနီရောင် ပြေးနေ၏ ။ ထို နဖူးကြောကြီးများ ၏ ပတ်ဝန်းကျင် တွင် လည်း ချွေးသီးချွေးပေါက် များ စို့စို့ဝိုင်းကာ မှုန်မှိုင်းနက်စွေး သော မျက်တောင်ဖျား တို့တွင် ချွေးရည်ချွေးစက်များ တသွင်သွင် ယိုစိမ့် နေလေသည် ။ ချွေးသီးချွေးပေါက် များကို သုတ်ချရန် ပင် သတိ မရသော ထွန်းအိမ် သည် ကြေးမုံပြင် ထဲ မှ ထင်းထင်းကြီး ပေါ်နေသော သူ့ အရိပ်ကို သူ ကြည့်ကာ နှလုံး နာ၍ မုန်းစရာ ကောင်းလှသည့် အညံ့ခံ အရှုံးပေး ခဲ့သော  မျက်နှာကြီး ကို အလိုလို ရွံရှာလာ၏ ။


“ ခင်ဗျား သူရဲဘော နည်းသလား ကိုထွန်းအိမ် ”


လူပုံ အလယ် တွင် အညံ့ခံ ၍ အရှုံးပေး ခဲ့ရသော မျက်နှာကြီး ကို စက်ဆုပ် နေသည့် အချိန် ၌ “ သူရဲဘော နည်းသလား ” ဆိုသော အသံ ကို ထပ်ဆင့် ကြားယောင်မိလိုက်သော အခါတွင် ကား ထွန်းအိမ် ၏ ဦးနှောက်ကြော အစုအဝေး တို့သည် ပြတ်ထွက်လု ခမန်း တဖြင်းဖြင်း ပြည့်လာကာ ကိုယ့် ကိုယ် ကို မနည်းကြီး ကြိုးစား၍ မတ်တတ် ရပ်ရင်း က ပင် အညံ့ခံ မျက်နှာကြီး အရိပ်ထိုး ထင်ဟပ်လျက် ရှိသည့် ကြေးမုံပြင် ပေါ် သို့ လေနှင့် အတူ လျင်မြန်သော ညာဘက် လက်သီး တစ်လုံး ကို အားကုန်သွန်၍ ထိုးစိုက်ချ လိုက်မိလေသည် ။


ပထမ တွင် ကြေးမုံပြင်ကြီး တစ်ခုလုံး သွက်သွက်ခါ လှုပ်ရှားသွားပြီး ငြိမ်သက်စ ပြုလာသော အချိန်၌ အညံ့ခံ ခဲ့သော သူ့ မျက်နှာကြီးမှာ အကွက်လိုက် အရစ်လိုက် လှိုင်းတွန့် ထကာ သွေးစီးကြောင်းများ တစစ ယိုစီး ကျလာသည် ကိုလည်း မြင်ရလေသည် ။ ဟုတ်လှလေပြီ ။ လူဗိုလ်ပုံ အလယ် တွင် ဆွံ့အ တုံ့နှေး ကာ အရှုံးပေး ထွက်ပြေး ခဲ့သော သူရဲဘော နည်းခဲ့သည့် ဤ အညံ့ခံ မျက်နှာ ကြီး ကို ယခုတွင်မူ ကြေမုံပြင် ပေါ်၌ ဒဏ်ခတ် အပြစ် ပေး ရလေပြီ ။ ကလဲ့စား လည်း ချေရပေပြီ။


သည်မျှ ဒဏ်ခတ်၍ ကျေနပ်နိုင်ရိုးလား ၊ ထွန်းအိမ် သည် သူ့ ညာဘက် လက် ကို ရုပ်ခွာ ၍ ယူလိုက် သောအခါ မှန်စမှန်န ၌ အလိပ်လိုက် အချပ်လိုက် ဒဏ်ရာ အကြောင်းကြောင်း ကပ် ၍ ကြေးမုံပြင် တွင် ယှက်တင် ရှုပ်ထွေး သော ပင့်ကူအိမ် တစ်ခု ကို မြင်ရ၏ ။ ထို ပင့်ကူအိမ်ကြေးမုံ တွင် သူ့ မျက်နှာကြီး ကလည်း မုန်းစရာ လိလိ ရှိလှ လေသည် ။ ပင့်ကူအိမ် မှ သွေးစက်များ သည် သူ့ မျက်နှာ နှင့် ကြေးမုံပြင် တစ်ခုလုံး သို့ ကူးစက် လာကာ ရဲရဲနီစွန်းစ ပြုလာလေပြီ ။ ဤအခါတွင် မှ ထွန်းအိမ် တစ်ကိုယ်လုံး ရှိ သွေးကြောများ ဆူစ ပြုလာပြီး ဘယ်ဘက် လက်သီး တစ်လုံး သည် ပင့်ကူအိမ် ကြေးမုံ ပြင်ပေါ်သို့ အရှိန်ပြင်းပြင်း၍ ထိုးချ လိုက်မိပြန်၏ ။ ဤ အခါ၌မူ ကြေးမုံပြင် ပင့်ကူအိမ်ကြီး သည် သူ့ ရှေ့တွင် မရှိတော့ချေ ။ မှန်ပေါင်သစ်သားကြီးသာ ထီးထီးကျန်ခဲ့ပြီး ၊ မှန်ကွဲမှန်စများ သည် ကြမ်းပြင် ပေါ်သို့ အစိတ်စိတ် အမြွာမြွာ ကွဲကျ လာကာ သူ့ လက်နှစ်ဖက် တွင်သာ ဟင်္သပဒါး ရောင် ရဲရဲစွန်းထင်း ကျန်ရစ် ခဲ့လေသည် ။


“ ငါ သူရဲဘော မနည်းဘူး သာဟန် ၊ မင်း လို လူ တစ်ယောက် ကို သ,တ်ဖို့ ငါ့ မှာ ဘာမှ ဝန်မလေးဘူး ၊ မင်း ငါ့ အရှက် ကို ခွဲတယ် ၊ မင်း ကို ငါ သ,တ်မယ် ၊ မင်း ကို ငါ သ,တ်မယ် ”


လက် နှစ်ဖက် စလုံးတွင် သွေးများ ချင်းချင်း နီနေပြီ ကို ပင် ထွန်းအိမ် သိဟန် မတူတော့ ။ မြင့်မောက်သော လှိုင်းလုံးများ သည် သူ့ ရင်အုံထဲ၌ တိုးဆောင့် လာကာ နှလုံးခုန်သံများ က လည်း ပိုမို ပြင်းထန်လာပြီး ဦးနှောက် ထဲ တွင်လည်း မီးတောင်များ ပေါက်ကွဲ၍ ငလျင် လှုပ်စ ပြုလာ လေသည် ။ 


လူပေါင်းများစွာ ၏ မျက်လုံး အစုအဝေး အောက် တွင် အညံ့ ခံ၍ အရှုံးပေး သူရဲဘော နည်းခဲ့

ရသည့် ထွန်းအိမ် မှာ အလွန် ကျဉ်းမြောင်း၍ လူ တစ်ယောက် မှ မမြင်နိုင်သော လေးထောင့်စပ်စပ် အခန်းငယ်ကလေး အတွင်း၌ မူ ၊ မိုက်သွေးများ ပွက်ပွက်ဆူ၍ မိုက်စိတ်များ အူအူလဲကာ တကယ့် သူရဲကောင်းကြီး တစ်ယောက် ဖြစ်လာရ ပြန်၏ ။


ရန်ပွဲ အလယ် ၌ ဦးခေါင်း ငုံ့၍ အညံ့ခံ အရှုံးပေးကာ ထွက်ပြေးခဲ့သော သိုးသူငယ်ကလေး သည် ယခုတွင် မူ တောသေလာ တို့ ၏ ဘုရင် ကေသရာ ခြင်္သေ့မင်း တို့ ၏ အသွင် ဖြင့် ယခင် က ကဲ့သို့ မိုက်မာန်မိုက်သွေးများ ဗလောင် ဆူကြွ လာကာ ယခုမှ ပင် ထွန်းအိမ် ၏ ဝိညာဉ် စစ်စစ်တို့ သည် ထွန်းအိမ့် တစ်ကိုယ်လုံး အား လွှမ်းမိုးစပြုလာ၏ ။


ရှက်ဖွယ် ကောင်းလှချေတကား ဟူသော စိတ်အစဉ်များ ကလည်း မရပ်မနား ချောက် ချားစ ပြုလာပြီဖြစ်ရာ ထွန်းအိမ် မျက်လုံးများ သည် ပြာရာ က မည်း၍ မည်းရာ က ပြာဝေ လာကာ သူ့ မျက်လုံးများ ထဲ တွင် ဘာကိုမျှ မမြင်ရတော့ဘဲ သစ်ပင်ကြီးများ တစ်ပင် ပြီး တစ်ပင် လဲကျလောက် အောင် ပြင်းထန်စွာ တိုက်ခတ် နေသည့် မုန်တိုင်းကြီး ၏ အဆုံးတွင် အမှောင်ထုကြီးများ သိပ် သည်းစွာ ဖုံးလွှမ်း လာ သကဲ့သို့ ထွန်းအိမ် ၏ မျက်မြင်မျဉ်းတန်းများ နှင့် မြင်ကွင်းအားလုံး တို့ သည် မည်းကြုတ်မှောင်မှိုင်းသော မဟူရာ အနက်ရောင် လဟာပြင်ကြီးများ ဆီးတား ပိတ်ဆိုင်း၍ လာလေသည် ။


သည့်နောက်တွင် မူ ထွန်းအိမ် ၏ လက်များ သည် အကြောများ ပြိုင်းပြိုင်း ထ၍ တုန်ရီစ ပြုလာကာ တစ်စုံ တစ်ခုကို မပြုလုပ်ရလျှင် မရောင့်ရဲ မကျေနပ်နိုင် သကဲ့သို့ အမြီးပြတ် အိမ်မြှောင်ငယ် ပမာ လက်ဆစ်ရင်း သို့ သွေးများ တဒိတ်ဒိတ် တိုးဆောင့်လာတိုင်း မငြိမ်မသက် လှုပ်ရှားနေ၏ ။ ရေနံချေးရောင် မှိုင်းမှိုင်းသုတ် ထားကာ ကြောင်လိမ်မှန်စီကွက် ရက်ထားသည့် ထရံ ပေါ်ရှိ သမင်ချို ပေါ်တွင် ခပ်စွေစွေ ချိတ်ဆွဲ ထားသော ငှက်ကြီးတောင် ပေါ် သို့ ထွန်းအိမ် မျက်လုံးများ ကျရောက် သွားသည့် တစ်ခဏ ၌ ထွန်းအိမ့် မျက်လုံးများ သည် ရှိုင်းနက်ဝင်းပြောင်၍ ပြူးကျယ် တောက်ပြောင် လာကာ သမင်ချို ကပ်ထားသော ထရံ ဆီ သို့ လွှားခနဲ အပြေးရောက် သွားပြီး ငှက်ကြီးတောင်ဓား ကို တအား ဆွဲယူ လိုက်ရာ သမင်ချို တွင် ဓားလွတ်အိမ် သာ တလှုပ် လှုပ်ခါ ရမ်း၍ ကျန်ခဲ့လေသည် ။ 


ဓား ကိုင်နေကျ ထွန်းအိမ့် လက်သည် အကြောင်းကို သိနေ၏ ။ ဓား ကို ပိုင်ပိုင်နိုင်နိုင် ကြီး ကိုင် လိုက်ရသော အချိန်တွင် တအားလည်း တက်လာ၏ ။ အကယ်၍သာ စောစောက ဝိုင်းအုံ ကြည့်နေကြသော ရန်ပွဲလာ ပရိသတ်များ သည် ယခုအချိန်၌သာ ထွန်းအိမ် ကို တွေ့ကြရလျှင် ယခု ထွန်းအိမ် သည် ယခင် က တစ်ကျွန်းပြန် လူမိုက်ကြီး ထွန်းအိမ် နှင့် ဘာမျှ ပြောင်းလဲခြားနား သည် မဟုတ်ကြောင်း တွေ့ရှိကြရကာ ထွန်းအိမ့် မျက်နှာကို ရဲရဲပင် မော်၍ ကြည့်ဝံ့ကြမည် မဟုတ်ချေ ။


လူသား တစ်ယောက် ဖြစ်သော လူမိုက် ထွန်းအိမ် ၏ ဗီဇကလာပ်စည်း တွင် ဇာတိမာန် သည် အချုပ်အခြာ ဖြစ်ခဲ့၏ ။ ထို ဇာတိမာန် သည် အသည်းကြီး သူ တို့ အတွက် အကြီးဆုံး တန်ဖိုးထားရမည့် ဇာတိမာန် ကို အရှက်တရား တို့ က ဦးချိုး နှိမ်နင်း လိုက်သော အခါတွင်ကား ထွန်းအိမ့် ဘဝ သည် လည်း ဆုံးရှုံးရပြီးသား ဖြစ်လေသည် ။ ဤအရှုံး ကို ထွန်းအိမ် က ဆယ်ရပေမည် ။


ငှက်ကြီးတောင်ဓား ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း က အညံ့ခံ အရှုံးပေး ခဲ့ရသော ဖြစ်ရပ်များ ကို ပြန်လည် သုံးသပ်မိသည့် တစ်ခဏ တွင် အရှက်တရားတည်း ဟူသော စိတ်အစဉ် တို့ သည် ထွန်းအိမ် ၏ နှလုံးသား ထဲ သို့ တဒီးဒီး အော်မြည်၍ တက်လာသော ပင်လယ်ဒီရေ ပမာ တစ်ကိုယ်လုံး ဆတ်ဆတ် ခါ၍ မခံမရပ် နိုင်အောင် စိုးမိုး ဖိစီးလာသည့် အဆုံး၌ ထွန်းအိမ့် မျက်လုံး ထဲ တွင် အရာဝတ္ထုအားလုံး တို့သည် ချာချာလည်၍ မူးနောက်ရီဝေစ ပြုလာပြီး ငှက်ကြီးတောင်ဓား ကို တအား မြှောက်၍ ဝေ့လိုက်ကာ တွေ့ရာမြင်ရာ ပစ္စည်းတို့ ကို အပိုင်း အပိုင်း ခုတ်ချ လိုက် မိလေသည် ။


( ၆ )


လက်မောင်းကြွက်သားများ လေးလံဆိုင်းတွ၍ မလှုပ်ရှားချင် လောက်အောင် အားအင် များ ကုန်ခန်း လာသည့် အခါတွင် မှ ထွန်းအိမ့် ဓားချက်များ ရပ်တော့သည် ။


တစ်ခန်းလုံး ဓားဒဏ်ရာ ဖြင့် မွမွကျဲ နေလေသည် ။ ကြောင်လိမ်မှန်စီကွက် ထရံ တစ်ခြမ်း မှာ ဓားချက်များ ဖြင့် အပိုင်းပိုင်း ပြတ်၍ နေကာ ထရံ ပေါ် မှ သမင်ချို မှာလည်း ကြမ်းပြင် ပေါ်သို့ တစ်ခြမ်း ပဲ့ကျလျက် သမင်ချို အပိုင်းအစများ ဖရိုဖရဲ ပြန့်ပြန့်ကျဲ နေလေသည် ။


တစ်ယောက် နှင့် တစ်ရာ ယှဉ်ပြိုင် ပြီးသည့်အဆုံး ရန်သူ အားလုံး ကို ချေမှုန်းအောင်မြင် လိုက်သူ ကဲ့သို့ လက် ထဲမှ ဓားကို တဆဆ ကိုင်ရင်း ထွန်းအိမ့် မျက်လုံးများ သည် သွေးရောင်ဖုံး သော ပတ္တမြား မျက်လုံး ကဲ့သို့ ရွှန်းရွှန်းတောက် ဝင်းပြောင် နေကာ ဖရိုဖရဲ ဖြစ်နေသော အခန်း ပတ်ပတ်လည် ကို တစ်ချက် စောင်း ၍ ကြည့် လိုက်သည် ။


ထွန်းအိမ် အဘိုး နှင့် အဘွား လက်ထက် မှ ကူးပြောင်း ဆက်ခံ လာသော ရင်းတိုက်နှစ်သား ဖြင့် ပြုလုပ်ထားသည့် ကျားခေါင်းရုပ်ခံ ခုတင် ခြေထောက် တစ်ချောင်း မှာ ဓားချက်များ ဖြင့် နုတ်နုတ်စင်းကာ ပြတ်လု ဆဲဆဲပင် ကျန်တော့သည် ။ 


ဘယ် နံရော ကာလ တွင် ကမှ ဤကဲ့သို့ ဒေါသ ချုပ်တည်း ရသော အလုပ် ကို အလုပ် ပို တစ်ခု အဖြစ် ဦးခေါင်း အလေး ခံ၍ မလုပ်ခဲ့ဖူးသော ချုပ်တည်း ခဲ့ရသော ဒေါသ အစိုင်အခဲ ကို ဖြိုခွဲ လိုက်ရပြီ ဖြစ်သဖြင့် စိတ်ဇောမာန် တို့ သည် အနည် ထိုင်စ ပြုလာ၏ ။   


ဒေါသောမာန် တို့ ကို အမြဲတမ်း အလို လိုက် တတ်သော ထွန်းအိမ့် ဘဝ တွင် ယနေ့ ပြောင်း လွဲသော အပြောင်းအလွဲကြီး မှာ ဧရာမကြီး ကျယ်သော အပြောင်းအလဲကြီး တစ်ရပ် ဖြစ်ကြောင်း ထွန်းအိမ် ကိုယ်တိုင် က ပင် တအံ့တသြ ဖြစ်ခဲ့ရ၏ ။


အကြောင်းအရာ တစ်ခု ကို လွယ်လင့်တကူ ဖြင့် ဘယ်သော အခါက မှ မအံ့ဩ တတ်ခဲ့ဘဲ အများတကာ က အာမေဋိတ်သံများပြုချိန်တွင် ရေငုံနှုတ်ပိတ် နေတတ်သော ထွန်းအိမ် သည် ယခု တွင်မူ မိမိကိုယ် မိမိ အဘယ်ကဲ့သို့ အောင့်အည်းသိပ်၍ ဒေါသစိတ် တို့ကို ချုပ်တည်း နိုင်ခဲ့သနည်း ဟု အံ့ဩခြင်း ကြီးစွာဖြင့် ဇဝေဇဝါ ဖြစ်ခဲ့ရ၏ ။


ဒေါသ ဆိုသော အရာ ကို ဖြေလွှတ်ရသော အလုပ် မှာ ထွန်းအိမ့် အတွက် အလွန် တွင်ကျယ်သော အပေါ့ပါးဆုံး လုပ်ငန်း တစ်ခု ဖြစ်ခဲ့၏ ။ လွတ်လပ်ခြင်း နှင့် ဒေါသ ကို ထာဝရ ဦးစား ပေးခဲ့သော ထွန်းအိမ် ၏ အပြုအမူများ မှာ တစ်ခါတစ်ရံ ကလေး ဆန် လှ၏ ။ 


ဆပ်ပြာဖူဖောင်းကလေးများ ကို တစ်လုံး ပြီး တစ်လုံး မှုတ်လွှတ်လိုက်ကာ ပေါက်ကွဲချင်သည့် နေရာ တွင် ပေါက်ကွဲ သွားသည် ကို ကြည့်ရင်း ရယ်မော ဝမ်းသာ တတ်သော ကလေးငယ် တစ်ယောက် ကဲ့သို့ ထွန်းအိမ် ကလည်း ဒေါသ ဆိုသော အရာ ကိုတော့ အခါတိုင်းနှင့် အခါခပ် သိမ်း၌ အတားအဆီးမရှိ လွှင့်ထုတ်ခဲ့သည် ချည်း ဖြစ်ခဲ့၏ ။


သူ့ ဘဝ တစ်လျှောက်လုံး တွင် ဒေါသ တို့ သည်သာ ကြီးစိုးခဲ့ကာ ရှည်လျားရှုပ်ထွေး သော ထွန်းအိမ့် ဘဝ ထဲ တွင် ထွန်းအိမ့် ဒေါသ တို့ သည် ကြီးကျယ်ခမ်းနားသော အခန်း က ပါဝင်ခဲ့၏ ။ ဒေါသ ကို အဆီးအတား မရှိ ဖြေလွှတ် ပေးမိသောကြောင့် ပင် လူသတ်မှု တစ်ခု နှင့် ထွန်းအိမ် တစ်ကျွန်း သို့ ရောက်ခဲ့ရသည် မဟုတ်လား ။


ကာလ ပျက်ချိန်နှင့် တိုက်ဆိုင် လာသော အခွင့်ကောင်း ကို လက်လွတ် မခံတတ်သော ထွန်းအိမ် သည် အုန်းသီးတင် ကုန်သင်္ဘော တစ်စင်း ၏ ဝမ်းခေါင်း အောက်ခန်း တွင် သုံးရက် နှင့် သုံးည တိုင်တိုင် အုန်းသီးများ တစ်ကိုယ်လုံး နစ်မွန်း နေအောင် ဖုံးဖိ ပုန်းကွယ်ကာ မုတ္တမကမ်းခြေ ကျွန်းဆွယ်ကလေး တစ်ခု သို့ လွတ်မြောက် လာခဲ့ရ၏ ။ 


သူ့ ဇာတိချက်ကြွေ မွေးရပ်မြေ ဖြစ်သော ပုသိမ်မီးရထားလမ်း နံဘေး ရှိ ကျိန်ချောင်းရွာ ကလေးသို့ နံရိုး အပြိုင်းပြိုင်း နှင့် အရောက် လှမ်းလာ နိုင်ခဲ့သည့် အချိန် တွင် ကား “ ထွန်းအိမ် တစ်ကျွန်း က ပြန်လာပြီဟေ့ ” ဆိုသော ပဲ့တင်သံများ သည် ရွာစဉ် ခုနစ် ထပ် တွင် မရပ်မနား ပျံ့နှံ့ ကူးစက် သွားခဲ့၏ ။ လူတိုင်း ပါးစပ်ဖျား တွင် လည်း “ တစ်ကျွန်းပြန် ထွန်းအိမ် ” ဆိုသော ဝိသေသန တို့ သည် ရေပန်းစား လာကာ “ တစ်ကျွန်းပြန် ” ဘွဲ့ကြီး ကို ထွန်းအိမ့် ဘဝ သရဖူ အဖြစ် အပ်နှင်းလာကြ၏ ။


တစ်ကျွန်း က ပြန်လာစ တွင် သူ့ ဘဝ ကို သူ အပြောင်းအလဲကြီး ပြောင်းလဲ၍ လူမိုက် ဘ၀ ကို နောင်တ တရားဖြင့် သင်ပုန်းချေ ကာ လူကောင်း ရှင်မွန် အခေါ် ခံတော့မည် ဟူသော ထွန်းအိမ် ၏ အားတင်းချက်များ သည် ကောင်းကင် ပြိုသကဲ့သို့ ပျက်ပြယ်လွင့်ပါးကုန်ရသည် ။


ယခင် က ပြုံးခဲ ရယ်ခဲ ရှိခဲ့သော ထွန်းအိမ် သည် လမ်းဆုံ၍ ကြုံရသော သိဟောင်းကျွမ်း ဟောင်းများ ကို သွား အဖွေးသား ပေါ်အောင် စိတ်မာန် ကို လျှော့၍ ဖော်ရွေ သိမ်မွေ့စွာ ဆက်ဆံ ကြည့်ပါ သော်လည်း ကျားနံ့ ရသော သမင်ငယ်များ ကဲ့သို့ ထွန်းအိမ် နှင့် မျက်နှာချင်း မဆိုင်ရဲကြ ။ ကြောက်ရွံ့ သော ခြေလှမ်းများ ဖြင့်သာ အဝေးသို့ ရှောင်ရှားကြ၏ ။


လမ်းဟောင်း မှ လမ်းသစ် သို့ ပြောင်း သော်လည်း လမ်းသစ် သို့ မရောက် ။ လမ်းဟောင်း သို့ သာ ခြေဦး လှည့်ခဲ့ရလေသည် ။ 


( ၇ )


ယခင် က ရိုးရိုးလူမိုက် ထွန်းအိမ် ထက် ယခု တစ်ကျွန်းပြန် လူမိုက် ထွန်းအိမ် ၏ အရှိန်အဝါ များ သည် ကြီးမား သည် ထက် ကြီးမား လာ၏ ။


ထွန်းအိမ် မရှိတော့သည့် ကာလ အတွင်း ထွန်းအိမ့် နေရာ ကို မိုက်မိုက်ရဲရဲ သည်းသည်း မည်းမည်း တိုက်ခိုက်၍ နေရာ လုနေကြ သော်လည်း ယခုတိုင် ထွန်းအိမ် အရိုက်အရာ ကို မရရှိကြ သေးသော ဒုတိယ ထွန်းအိမ် ပေါက်စ လူမိုက် သတ္တဝါကလေးများ ကလည်း ထွန်းအိမ် ၏ အရှိန် အဝါ သြဇာရိပ် အောက် တွင် ခိုလှုံ လာကြကာ တပည့် ခံ လာကြ၏ ။


ထွန်းအိမ့် ပတ်ပတ်လည် တွင် တပည့် ခံ၍ ဆရာ ခေါ်ချင်ကြသူများသည် ဝင်လာမစဲ တသဲသဲ အခြေအနေ သို့ ဆိုက်ရောက် လာ၏ ။ တပည့် ဆိုသော သတ္တဝါကလေးများ သည် ဘယ်က ဘယ်က ပေါ်ပေါက်လာသည် မသိ ၊ ထွန်းအိမ့် ခြေကြိုခြေကြား သို့ တိုးဝင်လာ ကာ ထွန်းအိမ် အား ဗီဇလမ်းဟောင်းသို့ တွဲခေါ်သွားကြ၏ ။ 


စရိုက်ဟောင်း နှင့် ဓလေ့ဟောင်း တို့သည် ထွန်းအိမ် ဇာတိမာန် ကို နှိုးဆွလာသော သမယ ၌ “ တစ်ကျွန်းပြန် ထွန်းအိမ်ဟေ့ ” ဆိုလျှင် ခါး သော်လည်း ချို ရ၏ ။ မချို လျှင် မချို သူ အား ထွန်းအိမ့် ဓား က အလွှားလိုက် ခွါ တတ်၏ ။ သို့နှင့် ထွန်းအိမ့် ဘဝသည် နိမ့်လဲရာမှ တစ်စခန်း ထ ခဲ့ရပြန်၏ ။


ယခင့်ယခင် အခါများ က ဆိုလျှင် ထွန်းအိမ် သည် မိုက်ရူးရဲဖြင့် တစ်ယောက် တည်း ကြဲ ကာ တစ်ပင်တိုင် နွှဲခဲ့ရ၏ ။ ယခုမူ ကား ယခင် နှင့် မတူတော့ချေ ။ ထွန်းအိမ့် အရိပ် နောက် တွင် ခြေတစ်ရာ လက်တစ်ရာ နှင့် မျက်လုံးပေါင်း များစွာ ဝိုင်းဝန်းခြွေရံ၍ လိုက်ပါ လာတတ်၏ ။


သူကြီးတစ်ပိုင် တွင် ရွာ ဘယ်နှရွာ ရှိသနည်း ။ ထို ရွာ အားလုံးသည် ထွန်းအိမ့် အပိုင် သာ ဖြစ်ရ၏ ။


တောအရက် နှင့် မျောက်လည်ချောင်းသွေးရော၍ သောက်ချင် လျှင် တကူးတကန့် မရှာဖွေရ ၊ တစ်စုံတစ်ယောက် ကမျှ မျက်စောင်းစေ့စေ့ ထိုး၍ မကြည့်ရဲသော သူကြီး အိမ် တွင် အလှမွေး ထားသည့် မျောက် ကို ထွန်းအိမ် ကိုယ်တိုင် ထမ်းကာ မျောက် လည်ချောင်းသွေး ကို တစ်နေရာ တည်း တွင် တဝတမော နှုတ်ခမ်းနှင့် တေ့စုပ်ကာ သောက်၏ ။ မျောက် အော်သံ ငြိမ်၍ လည်ချောင်းသွေး ကုန် မှပင် ဘုံးခနဲ ပစ်ချကာ အရက် တကြော့ မော့၏ ။ ဤ အထိပင် သူကြီး ကို ထွန်းအိမ် က နိုင်၏ ။ 


“ သူကြီး ကျုပ် သန်ဘက်ခါ လာမယ် ။ နောက် တစ်ကောင် လောက် ရှာ ထားစမ်းဗျာ ၊ အဲ  မျောက် မရရင်တော့ ခင်ဗျား လည်ချောင်း ဖောက်ရလိမ့်မနော် ”


မျောက်သေ ကို နှမြောစွာဖြင့် ဝမ်းနည်း ပက်လက် ငုံ့ကြည့် နေသော သူကြီး ၏ ပခုံး ကို ခပ်ကြမ်းကြမ်း ဆွဲလှုပ်ကာ ́ရယ်ရွှန်းဖတ်ရွန်း ပြောခဲ့သော ထွန်းအိမ့် စကား မှာ အတည် ဖြစ်လာ

ရ၏ ။ နောင်သော အခါများ တွင်ကား သူကြီး သည် ထွန်းအိမ့် အတွက် တောအရက် နှင့် သောက် ရန် မျောက် ရှာပေးရသော ယုံတော် ၊ ကျွန်ယုံတော်ကြီး တစ်ယောက် ဖြစ်လာခဲ့ ရလေသည် ။


သူကြီးတစ်ပိုင် အတွင်း မှ နယ်နိမိတ်စက်ဝန်း ကျယ်ပြန့် လာသော ထွန်းအိမ် ၏ ခြေရာ တို့ သည် တဖြည်းဖြည်းဖြင့် ခြေ မချဖူးသော နေရာလပ် မရှိအောင်ပင် အနှံ့ အပြား ကျက်စား လာခဲ့၏ ။


အရက် ကို ရေ လို သောက် ၍ ငွေ ကို အိတ် ပေါက်အောင် သုံးကာ လက်ဖျောက် တစ်ချက် တီး လျှင် လူ တစ်ယောက် က စွဲပြီး နိုင်သည့် သြဇာပိုင် လူသတ်သမားကြီး လည်း ဖြစ်လာ၏ ။ ကျိန်ချောင်း ၊ တဂ ၊ ပျဉ်းမငူ ၊ ဝက်ထိုး ၊ သပြေကျွန်း ၊ ဆိတ်လဲကြီး ၊ စစ်ငူပင် အစ ရှိသော ရွာများ တွင် ထွန်းအိမ် သည် ဘုရင် တစ်ဆူ ဖြစ်လာခဲ့၏ ။ 


ပုလဲလုံးလှလှကလေးများ ကို လည်း ကောက်ခဲ့ဖူးကာ ၊ ပန်းပွင့်လှလှကလေးများ ကို လည်း ရက်ရက်စက်စက် ခြေမွခဲ့ဖူးသော ထွန်းအိမ့် ဘဝ တွင် မိန်းမ ဆိုသည် မှာ မရေရာသော ပစ္စည်း တစ်ခု သာ ဖြစ်ခဲ့၏ ။ အလေးအနက် မရှိသည့် အဓိပ္ပာယ် ကင်းမဲ့သော မှတ်ချက်များ ထဲတွင် မိန်းမ ဆိုသော ဝေါဟာရ နှင့် အချစ် ဆိုသော စကားလုံးများ သည် ထွန်းအိမ့် အတွက် မက်မော တွယ်တာ စရာ မဟုတ်ခဲ့ ။


မိန်းမ ပေါင်း မြောက်မြားစွာ ဖြင့် ညပေါင်း မြောက်မြားစွာ အိပ်စက်ခဲ့ ဖူးကာ မိန်းမ ကို ခေါင်း အုံး၍ အိပ်ခဲ့ ရသော သမယများ မှာ လည်း ကြယ်စုံပြည့်သော ကောင်းကင် မှ ကြယ်ပွင့်ကလေး များကို ရေတွက် ရင်း မမှတ်မိ နိုင် သလိုသာ ရှိခဲ့၏ ။


ရင်ပြင်းပူ၍ ဆာလောင် မွတ်သိပ် သော ကာလ၌ မြိန်ရေရှက်ရေ စားသောက် ရသော အဟာရ တစ်ခု ကဲ့သို့ပင် ဆာလျှင် စား၍ မဆာလျှင် မစားဘဲ နေတတ်ခဲ့သော ထွန်းအိမ် ၏ ဆန္ဒ ၌ မိန်းမ သည် မုန့်ပဲသရေစာ တစ်ခု သဖွယ် သာ ဖြစ်ခဲ့ရ၏ ။


သရက်သီး စားပြီးသော အခါတွင် သရက်စေ့ ကို လွှင့်ပစ်ရ၏ ။ ထိုသရက်စေ့ မှ အညှောက် အတက် ထကာ သရက်ပင်ငယ် ကလေးများ လန်းလန်း ဝေချင်ပေမည် ။ ထို သရက်စေ့ မှာ ကုန်ကော ပျက်စီး ၍ မြေဆွေးမြေစာ ဖြစ်ချင်လည်း ဖြစ်မည် ။ ယင်း အလုပ်မှာ သရက်သီး စားသော ထွန်းအိမ် နှင့် လားလားမျှ ဆိုင်သော အလုပ် မဟုတ်ချေ ။ ထွန်းအိမ့် အလုပ် မှာ သရက်သီး စား ပြီးလျှင် လွှင့် ပစ်ခဲ့သည် ချည်းသာ ဖြစ်ခဲ့၏ ။


“ ခင်ဗျား သားကလေး က ဗျာ ခင်ဗျား နဲ့ ချွတ်စွပ် တထေရာ တည်းပဲ ။ မေးရိုးကားကားကြီး နဲ့ လူစွာကလေး ဗျ ”


“ ခင်ဗျား သမီးကလေး က နောက် နှစ်နှစ် ဆိုရင် ထိုင်မသိမ်း တောင် ဝတ် တော့မယ် ။ လုံးကြီး ပေါက်လှကလေးဗျ ”


မျက်နှာလို အားရဖြင့် ဤ သတင်းစကားများ ကို ပြောလာကြသူ တို့ အား ထွန်းအိမ် က ဟိန်းဟောက် အော်ငေါက် ၍ ရိုက်မောင်း ပုတ်မောင်း နှင်ထုတ် ပစ်တတ်ကာ ၊ ခွက်ထိုးခွက်လန် ရယ်မော တတ်၏ ။ ယုံတမ်း စကားတွေ ကြားရဖန် များ၍ တစ်ခါတစ်ရံ ရယ်မောရင်း ကပင် မရယ် ချင်တော့သော ထွန်းအိမ် သည် ဤသတင်း စကားမျိုးကို ဖန်တစ်ရာ တေအောင် ကြားခဲ့ရ ဖူးသဖြင့် အမှတ် မထင်ပင် မထုံတက်တေး နေတတ် လေသည် ။ ဤမျှ မြတ်နိုးတွယ်တာခြင်း ကင်းမဲ့၍ ချစ် ခြင်းမေတ္တာ ကို မရေမရာ ပစ္စည်းvတစ်ခု ဟု သာ ထင်မှတ်ခဲ့သော ထွန်းအိမ် သည် နှင်းယုံ နှင့် တွေ့ရတော့ လည်း ကျောက်ခက် ကျောက်ခဲ လို မာကြောခဲ့သော ထွန်းအိမ့် အသည်းနှလုံး တို့သည် နှင်းယုံ မေတ္တာစမ်း ဝယ် အရေ ပျော် ခဲ့ရ၏ ။


သန္တာ ကျောက်ခက် လို မာကြောသော ထွန်းအိမ့် အသည်းနှလုံးတို့အား နှင်းယုံ ၏ မေတ္တာ စမ်းချောင်းကလေး က စီးဆင်းတိုက်စား လာသော အခါတွင် တွယ်တာခြင်း ၊ မြတ်နိုးခြင်း နှင့် ခင် မင်တပ်မက်ခြင်း အစ ရှိသော သွေးကြော သွေးမြှင့်ကလေးများ သည် လှုပ်ရှားစ ပြုလာရလေသည် ။


( ၈ )


ထွန်းအိမ် တစ်ကျွန်း သို့ မသွားမီ အချိန် က ဆိုလျှင် နှင်းယုံ ဟု ဆိုသော သူငယ်မကလေး သည် လူမမည် သာသာပင် ရှိချေဦးမည် ။


“ ကိုထွန်းအိမ်ကြီး လာပြီ ဟေ့ ပြေးကြ ပြေးကြ ” ဟု ဟစ်အော်ရင်း ညနေ ကျောင်းဆင်း ချိန် တာလမ်းမ ပေါ်၌ ထွန်းအိမ် နှင့် ရင်ဆိုင် တိုးကြရ၍ ထွန်းအိမ် ကို ကြောက်မက်ဖွယ်ရာ လူကြီး တစ်ဦး ဟု အသိအမှတ် ပြုကာ ကစဉ့်ကရဲ တကွဲတပြား စီ ပြေးလွှား ရှောင်တိမ်း ကြသော

ကျောင်းသူကျောင်းသားများအုပ် တွင် နှင်းယုံ လည်း တစ်ယောက် အပါဝင် ဖြစ်ခဲ့၏ ။ သည်တုန်း က ဆိုလျှင် နှင်းယုံ သည် ဆံရစ်ဝိုင်း ပင် မသိမ်းတတ် သေးသော အပျိုဖော် မဝင့်တဝင် ၊ ရွှေရင် မသစ်တသစ် ပျိုမျစ်နုနယ် လှသေးသည့် လုံမငယ်ကလေး တစ်ဦး သာ ဖြစ်ခဲ့၏ ။


ထွန်းအိမ် တစ်ကျွန်း မှ ပြန်လည် ရောက်ရှိချိန် တွင်ကား နှင်းယုံ သည် ယခင်တုန်း ကကဲ့ သို့ ပါးစို့ကလေး မို့မို့ ၊ ပါးအို့ကလေး ရဲရဲ ဖြင့် လူရိပ်လူကဲ မသိတတ်သော ကလေးအရွယ် မဟုတ် တော့ ၊ အပျိုကြီး ဖားဖားပင် ဖြစ်၍ နေပေပြီ ။ 


တစ်ကျွန်း မှ ပြန် အရောက် တွင် အပြောင်းအလဲ တို့ကို အံ့သြစွာ မြင်တွေ့ ရသည့် အထဲ၌ နှင်းယုံ ၏ အပြောင်းအလဲ သည် ထွန်းအိမ် ၏ အသည်းနှလုံး ကိုပါ ပြောင်းလဲ စေခဲ့ လေသည် ။


အဏ္ဏဝါ ကုန်ခြောက် ၍ ယုန်ခြေ တစ်ထောက် သာ မီချင်မီမည် ။ ထွန်းအိမ့် အသည်းနှလုံး တွင်း၌ အလှအပ ဆို၍ ဘယ်ပစ္စည်း ကိုမျှ မတပ်မက်ခဲ့ ၊ မခုံမင်ခဲ့ ၊ ချစ်ခြင်းမေတ္တာ ဆို၍ လည်း သူ့ အသည်းနှလုံး ထဲတွင် ခိုအောင်းစရာ နေရာ ကွက်လပ် မရှိခဲ့ သော်လည်း နှင်းယုံ ၏ လှပခြင်း နှင့် ချစ်ခြင်းမေတ္တာ တို့ ကမူ ထွန်းအိမ့် အသည်းနှလုံး တို့ အား ဖောက်ထွင်းစ ပြုလာ၏ ။


ကြယ်ဥက္ကာ အရောင် လို ရွှန်းရွှန်းပြောင်၍ နှိုင်းဝင်းလဲ့သော နှင်းယုံ့ မျက်လုံး ၊ ပင့်ကူ  မျှင် အလယ်မှူးကို တိတိဖြတ် ထား သကဲ့သို့ ညီညာနက်စွေး ၍ ရှည်လျား ကော့ဝန်းသော နှင်းယုံ့ မျက်တောင် ၊ စင်ရော်တောင် လို ကော့မယောင် ကွေးမယောင် ပြေပြေကလေး ညွတ်ကိုင်းကွေးကျ နေသည့် နှင်းယုံ့ မျက်ခုံး ၊ အို ... အားလုံး ... အားလုံး ... ဤ သတ္တကမ္ဘာကြီး တွင် အလှ အားလုံး တို့ သည် နှင်းယုံ က လွဲလျှင် ထွန်းအိမ် စိတ် ထဲ တွင်တော့ ကျောက်စရစ်ခဲ တွေ သာ ဖြစ်နေတော့သည် ။


ဘယ် နံရောကာလ တွင် မှ ချစ်ခြင်းမေတ္တာ ကို အလေးပေး ၍ အရေးတယူ တောင်းဆိုခြင်း ပြုလေ့ပြုထ မရှိခဲ့သော ထွန်းအိမ် သည် နှင်းယုံ ထံမှ ချစ်ခြင်းမေတ္တာ ကိုမူ မြတ်မြတ်နိုးနိုးပင် တောင်းခံ ခဲ့၏ ။


ထွန်းအိမ် ဖြစ်ချင်သော အရာတိုင်း စက္ကန့် မဆိုင်း ဖြစ်ခဲ့ရသည် ချည်းပင် ဖြစ်သော်လည်း သည် တစ်ကြိမ် တွင် မူ လူမိုက် ဆိုသော ခြွင်းချက် တံတိုင်းကြီး က နှင်းယုံ နှင့် ထွန်းအိမ် ကြား တွင် မားမားကြီး ခြား နေ လေသည် ။


အကယ်၍ သာ နှင်းယုံ သည် အခြား တစ်ပါးသော မိန်းမပျို တစ်ဦး ဖြစ်ပါက လူမိုက်ဘဝ ကို မချစ်နိုင် ဟု ဆိုလာသော ပါးစပ် ကို တစ်ခါတည်း အစတုံး ပိတ် ပစ်ရန် ထွန်းအိမ့် လက်ချောင်း များသည် နှင်းယုံ့ လည်ပင်း ကို တင်းတင်း ညှစ်၍ တစ်နေရာ တည်း တွင် အသေ သတ် မိချေမည် ။


သည်တုန်းက ဆိုလျှင် ထွန်းအိမ် သည် အရူးကြီး တစ်ယောက် လို မူးမူးဝေ သွားကာ သူ့ ဒေါမာန်တို့ကို အံတင်းတင်းကြိတ် ခြင်း ဖြင့်သာ ဖြေလျှော့ခဲ့ကာ သူ မှား၍ နှင်းယုံ မှန်သည် ဟုပင်

သွေးရူးသွေးတန်း ကယောင်ချောက်ချား ဖြင့် အညံ့စား ဆုံးဖြတ်ချက် တစ်ခု ကို ချမှတ်ခဲ့ရသည် အထိ နားဝေတိမ်တောင် အယောင်ယောင် အမှားမှား ဖြစ်ခဲ့၏ ။


ရမ္မက် နှင့် ဆန္ဒဇော တို့ကို ကြာရှည် ကြာမော သိုသိပ် အောင့်အည်းရန် စိတ်မရှည်တော့သည့် အဆုံး ၊ မေတ္တာစမ်းဖြင့် အရည်ပျော် ခဲ့သော ထွန်းအိမ် ၏ အသည်းနှလုံး တို့သည် ကျောက်ခဲ ကျောက်စိုင်များ ကဲ့သို့ တစ်ဖန် မာကြော တင်းကျပ် လာရပြန်၏ ။


သည်အခါ တွင် ထွန်းအိမ် ဘဝ က ထွန်းအိမ် အား လှုံ့ဆော် လာ၏ ။ ထို လှုံ့ဆော်ချက်များ နှင့် တစ်ပြိုင်တည်း မှာပင် လူမိုက်အဘိဓမ္မာ တို့သည် တင်းနေသော ရမ္မက်ချည်မျှင်ကြိုးစ ကလေး ကို အရှိန် တိုး၍ ထောင်းထောင်းဆတ်ကာ ပြတ်စေလေသည် ။


“ တောင်း သည် ၊ တောင်း ၍ မရလျှင် လု သည် ”


ဤ အဘိဓမ္မာ ကိုပင် ထွန်းအိမ် သည် လူမိုက် ပီပီ မရွေးချယ်ချင်ပါပဲလျက် နောက်ဆုံး တွင် ရွေးချယ် လိုက်ရသည် ။


“ အစ်ကို ထွန်းအိမ် ကျွန်မ ကို သနားပါနော် ၊ ကျွန်မ ကို သနားပါ ” ဆိုသော နှင်းယုံ ၏ အသနားငယ်ခံသံ တို့ ကို ထွန်းအိမ် ကြားသော်လည်း မကြားခဲ့ ။


အို ... အမှောင် ထဲ တွင် လုယူရသော အလုပ် သည် ထွန်းအိမ် အတွက် ရိုး နေပြီ မဟုတ်လား ။


( ၉ )


ဝေးလံသော အရပ်ဒေသ မှ ဒုန်းစိုင်းပြေး လာပြီး တုံ့ခနဲ ရပ်လိုက် သကဲ့သို့ ထွန်းအိမ့် ရင်ထဲ တွင် ဆို့ကျပ်မောနင့် သွား၏ ။


ဘဝ ဆိုသည် မှာ တွေးကြည့် တော့ လည်း ဇာတ်လမ်း က ရှည်ဝေးလှချေကလား ဟု လည်း အတွေးစ ကို ဖြတ်လိုက်ရင်း မှ ထွန်းအိမ့် မျက်လုံး ထဲ တွင် နှင်းယုံ ၏ ရုပ်ပုံလွှာ ကို မဖြေဖျောက် နိုင် ဖြစ်နေ၏ ။


“ အမိုက်မကလေး မိနှင်းယုံ ရယ် ၊ အခုတော့ ကောင်းကြသေးရဲ့လား ဟယ် ၊ အမှိုက် က စ ပြာသာဒ်မီးလောင် ကုန်ပြီ ၊ လူလယ်ကောင် မှာ နင့် မောင် အရှက်ခွဲ တာ ကို ငါ ခံခဲ့ရတယ် ၊ နင့် ကြောင့် ငါ အရှက်ကွဲ ခံခဲ့ရတယ် ” 


ထွန်းအိမ် ၏ လေးလံ အက်ကွဲ နေသော အသံနက်ကြီး မှာ လျှိုမြှောင်ကမ်းပါး နက်ကြီး ထဲ သို့ အရှိန်နှင့် ထိုးကျ လာသော ကျောက်ဂဝံတုံးကြီး တစ်တုံး ၏ အော်မြည်သံ ကဲ့သို့ ရှည်လျား သော ပဲ့တင်သံကြီး တစ်ခု အဖြစ် ဟိန်း၍ ကျန်ရစ်ခဲ့သည် ။


စကားလုံးများ ပြွတ်သိပ် ကျပ်တည်း နေသော ထွန်းအိမ့် ရင်အိုကြီးများ မှာ ယခုမှပင် ပင်လယ်လှိုင်း ပခုံးကြီးများ တဟီးဟီး ရုန်းထ နေ သကဲ့သို့ အသက် ရှူတိုင်း နိမ့်လိုက်မြင့်လိုက် လှုပ်ရှား နေကာ တွေတွေကြီး ရပ်ကြည့် နေရင်းကပင် ငှက်ကြီးတောင် ဓားဦး ကို ကြမ်းပြင် ပေါ် သို့ ထောက်ခနဲ ပစ်စိုက် လိုက်လေသည် ။


“ နင့် မောင် ကို ငါ သတ်ရလိမ့်မယ် နှင်းယုံ ၊ အရှက် နဲ့ အချစ် ဟာ တခြားစီပဲ ၊ အရှက် ကို နင့် မောင် သွေး နဲ့ ဆေး ရလိမ့်မယ် ”


ဒေါမာန် တို့ က ထွန်းအိမ့် ဘဝ ကို စိုးမိုး လာ ပြန်သော အခါတွင် ထွန်းအိမ့် လက်များသည် တဆတ်ဆတ် တုန်လှုပ် လာပြန်ရာ မှ စောစောက ကြမ်းပြင် ပေါ် သို့ ပစ်စိုက် ထားသော ငှက်ကြီး

တောင် ကို ကျစ်ကျစ် ဆုပ်၍ တအား ဆွဲနုတ်မိပြန်ကာ လေ ထဲတွင် တစ်ချက် ဆတ်၍ ခုတ် လိုက်ပြီး တစ်ကိုယ်လုံး ယိမ်းထိုး ရွေ့ရှားစ ပြုလာပြန်၏ ။


“ လူပုံ အလယ် မှာ ခွေးလည်ချောင်းသွေး ဖောက်ချင်တယ် ဆိုတဲ့ နင့် မောင် ရဲ့ စကားကို ငါ ဘယ်လို ခွင့်လွှတ်ရမလဲ နှင်းယုံ ဟင် ... ငါ ဘယ်လို ခွင့်လွှတ်ရမလဲ ”


လူလယ်ကောင် တွင် မင်းတေမိ ကဲ့သို့ နှုတ်အ လျှာလေး ကာ သာဟန် ပြောသမျှ ခေါင်း ငုံ့ခံခဲ့သော ထွန်းအိမ် သည် ယခုတော့ လည်း တစ်ယောက် ထီးတည်း မြားလွှတ်သလို စကား တတွတ် တွတ် ပြောရင်း မကျေချမ်း နိုင်သော စိတ်အစဉ်များ သည် ပြာဖုံးသော မီးလျှံခဲလို တငွေ့ငွေ့ လောင်ကျွမ်း နေလေသည် ။


“ နင့် မောင် ကို ဘယ်လို နည်း နဲ့ မှ မကျေချမ်း နိုင်တော့ဘူး နှင်းယုံ ၊ နင့် အချစ် ကို ရမယ် ဆိုတောင် မကျေချမ်းနိုင်တော့ဘူး ။ အေး တစ်ခုတော့ ရှိတယ် ၊ မျက်နှာ ကို ဓား နဲ့ လှီးပစ် ဖို့ တစ်ခုပဲ ရှိတယ်” 


သည်တစ်ခါ တွင်တော့ ထွန်းအိမ် သည် ဆက်လက် သည်းမခံနိုင်တော့သည့်အလား ဆုံးဖြတ် ချက်တစ်ခုကို မာမာကျောကျောကြီးပင် ဆုံးဖြတ် လိုက်ကာ ၊ သူ့ တစ်ကိုယ်လုံး ရှိ အကြောအစိုင် များသည် ကြွရွပေါ့ပါးလာ၏ ။ ငှက်ကြီးတောင်ဓား ကို ဆုပ်ကိုင် ရင်း သွားမည် ဆိုလျှင် သွားရ မှ ဖြစ်သော ထွန်းအိမ့် ခြေထောက်များ သည် အိမ်ရှေ့တံခါးမကြီး ဆီသို့ ရဲရဲကြီး လှမ်း၍ ရွေ့လျားစ ပြုလေသည် ။ 


သည်လို ကျပြန်တော့လည်း ထွန်းအိမ့် ခြေထောက်များ သည် ခဲဆွဲ ထား သလို တုံ့နှေးလေးလံ နေပြန်၏ ။ မျက်ရည် အဝိုင်းသားနှင့် ငိုယို နေသော နှင်းယုံ့ မျက်နှာကလေး ကို မြင်ယောင် လာပြန် ကာ သူ့ ခြေထောက်များကို နှင်းယုံ က မျက်နှာ နှင့် အပ်၍ ဖက် ကာ တရွတ်ဆွဲ ထား သကဲ့သို့ လေးကန်တုံ့ဆိုင်း နေရပြန်၏ ။


“ တော်ပြီ နှင်းယုံ တော်ပြီ ၊ ငါ လောက တစ်ခုလုံး ကို အရှုံး မပေးချင်ပေမဲ့ နင့် ကို အရှုံး ပေးတယ် ။ နင်တို့ မောင်နှမ နှစ်ယောက် ငါ့ ကို အနိုင်ယူကြပေတော့ ” 


သည် တစ်ခါတွင် မူ ထွန်းအိမ် သည် ဓားဒဏ်ရာ အမွမွ ဖြင့် ကျိုးပဲ့ပျက်စီး နေသော ခုတင် ကြီး ပေါ်သို့ ကိုယ်ပစ် လက်ပစ် ထိုင်ချ လိုက်ကာ သက်ပြင်းကြီး တစ်ချက် ကို ဝှီးခနဲ မှုတ်ထုတ် လိုက်လေသည် ။  


တစ်ညလုံး ထွန်းအိမ် အိပ်၍ မရချေ ။


ဆုံးဖြတ်ချက် နှစ်ခု မှာ သူ့ ရင်ထဲ တွင် လွန်ပွဲ ကျင်းပ နေလေသည် ။ ကြမ်းပြင် ကို ပြင်းပြင်း နင်း၍ လူးလာခေါက်တုံ့ လျှောက် ကာ တဖြည်းဖြည်း ညဉ့်နက် လာခဲ့၏ ။


နောက်ဆုံး တွင် တော့ နှင်းယုံ ကို ငဲ့၍ သာဟန် ချိန်းသော နေရာ သို့ မသွားတော့ဘဲ အညံ့ ခံ ၍ အရှုံး ပေး လိုက်တော့မည် ဟု ဆုံးဖြတ်ခဲ့ကာ ချွေးစက်များ ဖြင့် စေးထန်းအေးစက် နေသော သူ့ ကိုယ်လုံးကြီး ကို ကျိုးပဲ့ယိုင်ရွဲ့ နေသော ခုတင်ကြီး ပေါ် သို့ ပစ်လှဲချ လိုက်ရာမှ မောပန်းခြင်း ကြီးစွာဖြင့် အိပ်ပျော် သွားမှန်းပင် မသိလိုက်ချေ ။


( ၁၀ ) 


မိုးစင်စင် လင်းလေပြီ ။


နံနက်ခင်း အလင်းရောင် တို့ သည် ထွန်းအိမ့် မျက်လုံး ထဲ သို့ တိုးဝင်လာသော အခါတွင် မှ အိပ်မှုန်စုံမွှား ဖြင့် နိုး လာသော ထွန်းအိမ် သည် ရင် ထဲ တွင် ဟာလာ ဟင်းလင်းကြီး ဖြစ်နေ၏ ။


တစ်ကိုယ်လုံး ကိုက်ခဲလေးလံ နေကာ ဇဝေဇဝါ ဖြစ် နေသော စိတ်အစဉ် တို့ မှာ လည်း လဟာပြင် ဝယ် လွင့် နေသော ပိုးမျှင်စ ကဲ့သို့ မငြိမ်မသက် ရှိလှသည် ။ အရာဝတ္ထု တို့ နှင့် ကြောင်းရာ ဖြစ်ပျက်မှု အလုံးစုံ တို့ မှာလည်း ထွေပြားဝေမှိုင်း နေကာ အတွေးလှိုင်း တို့ သည် သူ့ ဝိညာဉ် နှင့် အတူ အတိုင်းအတာ မရှိ ပျံ့လွင့် နေ၏ ။


“ ငါ ည က သာဟန့် ဆီ မသွားမိပါလား ”


“ သူ ချိန်းတာ ကို ငါ မသွားလို့ ငါ သူရဲဘော နည်းတယ် လို့ လူတိုင်း က ထင် ကြတော့မယ် ” 


“ အို ... သာဟန် ကို သွား မတွေ့တာ အညံ့ခံရာ ကျတယ် ”


တစ်ညလုံး အိပ် တစ်ဝက် နိုး တစ်ဝက် ဖြင့် ဆုံးဖြတ်ချက် အမျိုးမျိုး တွင် သောင်မတင် ရေမကျ ဖြစ်ခဲ့ရသည့် ထွန်းအိမ့် ရင် ထဲ တွင် မီးတောက်မီးလျှံ တို့ သည် တဟုန်းဟုန်း တောက်လောင် လေသည် ။ 


သာဟန့် ချိန်းချက် ကို သူ ရင်ဆိုင်ခဲ့သလား ၊ သာဟန့် ကို သူ ဘယ်ကဲ့သို့ ကျေချမ်းခဲ့သနည်း ။ ထွန်းအိမ် မတွေးတတ် တော့ချေ ။ တကယ် ဆိုလျှင် သတိ ဆိုသော စိတ် အကန့်ကလေးများ သည် ထွန်းအိမ့် ဦးနှောက်ထဲ တွင် ဖရိုဖရဲ ပျက်စီး လွင့်ပါး ကုန်ချေပြီ ။ နောက်ဆုံး ငှက်ကြီးတောင်ဓား ကို ကိုင်လျက်သား အိပ်ပျော် သွားသည် ကို သာ ထွန်းအိမ် သတိ ရ လေသည် ။


သည်တိုင်း တွေဝေ နေ လျှင် သူ့ အညံ့ခံ ဘဝ သည် လူ တကာ ၏ ပါးစပ်ဖျား တွင် ကဲ့ရဲ့သံ တို့ဖြင့် နစ်မွန်းရ ပေတော့မည် ။ ကဲ့ရဲ့သံ တို့ သည် ထွန်းအိမ့် နားထဲ သို့ အစင်း တစ်ရာသော မြားချက် မြားလက် တို့ တစ်စင်း ပြီး တစ်စင်း စိုက်ဝင် လာ သကဲ့သို့ မခံရပ်နိုင်တော့သည့် အဆုံး တွင် အုတ်ခဲ ကျိုးလမ်းမကြီး တစ်လျှောက် ၌ တစ်ယောက်ထီး တည်း အပြေး နှင် ခဲ့မိလေသည် ။ 


( ၁၁ )


ထွန်းအိမ့် ခြေလှမ်း တို့သည် လေ ကဲ့သို့ ပေါ့ပါး၍ လျင်မြန် နေ လေသည် ။ အုတ်ခဲကျိုး တို့ကို ခလုတ်တိုက် မိသော်လည်း နာကျင်ရမှန်း မသိချေ ။


အလင်းရောင် လာစ ဖြစ်သဖြင့် ရွာလယ် လမ်းမကြီး မှာ လူသူ ရှင်း လှ၏ ။ ဖြူးဖြူးကြီး ရှင်း နေသော လမ်းမကြီး ဥဒဟို တွင် ထွန်းအိမ် တစ်ယောက် တည်း သာ ရှိလေသည် ။


တကယ် ဆိုလျှင် ယခုကဲ့သို့ ရွာလယ်ကောင် လမ်းမကြီး တွင် တစ်ယောက် ထီးတည်း လှမ်းလျှောက် လာရသည် ကို ပင် ရှက်စိတ် မလုံသော ထွန်းအိမ် သည် ည က သာဟန် ချိန်းဆိုချက် ကို ဖျက်၍ အညံ့ခံ ခဲ့သော အဖြစ်သနစ် တို့ကို တွေးမိတိုင်း မရွံ့မရဲ ဖြစ်လာ၏ ။


ယခင် ကာလများ က မိုက်မြစ် တူး၍ မိုက်ဖူး ကို ချွေခဲ့သော ထွန်းအိမ် ၏ ဘဝ သည် ယခု မူ မိုက်ဖူး ကြွေခဲ့သော အညံ့ခံ ဘဝ သို့ ရောက် ခဲ့ရတာ သူရဲဘော နည်းသူ တစ်ယောက် ၏ အဆုံး စွန်သော ဘဝ တွင် အနာကြည်းဆုံး ခံယူရမည့် တံတွေးစက် တံတွေးခွက် များ ကို သာ ပြေး၍ မြင် ယောင် နေ လေသည် ။


ခြေလှမ်း တို့ က လျှင်မြန် သလောက် သူ့ စိတ်အစဉ် များ ကလည်း စကြဝဠာ တံတိုင်း တွင် လွင့်ချင် တိုင်း လွင့်နေ၏ ။


တဖြည်းဖြည်း လျှောက် လာရင်း နှင့်ပင် လူအုပ်စု တို့ကို ကွက်တိကွက်ကျား တွေ့ရ၏ ။ လူရိပ် ကို မြင် ၊ သမင် လဲ ၊ ခြေ မမြဲ ဟူ သကဲ့သို့ပင် လူပုံတော် အလယ် တွင် အရှုံးကြီး ရှုံးနိမ့် ခဲ့ရသော ထွန်းအိမ် ၏ အရှက်တရား တို့ က ထွန်းအိမ် ၏ ခြေလှမ်း တို့ ကို တားဆီး နေ၏ ။ ဖြစ်နိုင် လျှင် လူစုလူအုပ် တို့ ကို ကျော်လွှား ထွက်ပြေးချင်၏ ။ သို့တစ်မည် လည်း လူအုပ်လူစု များ ကို မူကား ထွန်းအိမ် ရှောင်၍ မလွတ်ချေ ။


မနေ့ ညနေပိုင်း က သာဟန့် ကို အရှုံးပေး၍ ခြေလွတ်လက်လွတ် လူပုံ အလယ် မှ တိမ်းရှောင် အညံ့ခံခဲ့သည့် နေရာ ဖြစ်သော လက်ဖက်ရည်ဆိုင်ကလေး ကို ထွန်းအိမ် ခပ်လှမ်းလှမ်း မှ မြင် နေရ၏ ။


ဤနေရာ ကို ထွန်းအိမ် ဖြတ် လျှောက်ရန် ထွန်းအိမ် ဝန်လေးလှ၏ ။ အသူတရာ နက်ရှိုင်း သော ချောက်ကမ်းပါး ထဲ သို့ ခုန်ချခြင်း နှင့် အဘယ် ကဲ့သို့မှ ခြားနားခြင်း မရှိသော ဘဝဇာတိ မာန် ချိုးနှိမ် ခံခဲ့ရသည့် ဤနေရာ ကို ထွန်းအိမ် အဘယ်ကဲ့သို့ လာဝံ့ရဲပါအံ့နည်း ။


နံနက်လင်းစ ဖြစ် သဖြင့် လက်ဖက်ရည်ဆိုင်ကလေး တွင် လူများ ပြည့်စ ပြုလေပြီ ။ ထွန်းအိမ် သည် ခေါင်း ကို ယို့ယို့ ငုံ့ ကာ မဖြတ်ကျော် လျှင် မဖြစ်သည့် လက်ဖက်ရည်ဆိုင်ကလေးရှေ့ သို့ ဖြတ်ကျော် ခဲ့ရ၏ ။ ဖြတ်ကျော် ရင်း ကလည်း လက်ဖက်ရည်ဆိုင် အတွင်း မှ လူစု ကို စောင်းပါး ရိပ်ခြည် တစေ့တစောင်း အကဲခတ် မိ၏ ။


အခါတိုင်း ၌ ထွန်းအိမ် လာပြီ ဆိုလျှင် လမ်းရှင်း ပေး ကြရသော လူများ သည် ထွန်းအိမ် ကို မြင်ပါလျက် နှင့် မမြင် သကဲ့သို့ မထီလေးစား ပြုကြ၏ ။ မသိကျိုးကျွန် ပြုကြ၏ ။ သူရဲဘော နည်းသူ တစ်ယောက် အဖြစ် ဖြင့် မိမိ အား ဝိုင်းပယ်၍ အကြဉ် ခံရလေပြီ ဟူသော အသိ တို့ သည် ထွန်းအိမ် ၏ ဝိညာဉ် ကို နုတ်ယူ ချေမွ လိုက် သကဲ့သို့ ဆတ်ဆတ်ခါ နာကြည်း ဝမ်းနည်းလာမိ၏ ။


သူတို့ ၏ မျက်နှာများ မှာ လည်း သုန်မှုန်ထိုင်းမှိုင်း နေကာ ထွန်းအိမ့် မျက်နှာကို မကြည့် ကြဘဲ မျက်နှာ လွှဲ ထားကြ၏ ။ တစ်ရံရော အခါများ က ထွန်းအိမ် ၏ နောက်လိုက် တပည့်များ ဖြစ် ကြသော သတ္တဝါ အသေးစားကလေးများ က ပင် ထွန်းအိမ် ဖြတ်လျှောက် သွားသည် ကို မြင်ပါလျက် မကြိုဆို မဖော်ရွေကြ ။ သူတို့ သည် ခေါင်းချင်း ဆိုင် ၍ တစ်စုံတစ်ခု သော အကြောင်းအရာ ကို အလေးအနက် ဆွေးနွေး နေကြ ဟန် ရှိ၏ ။ သူတို့ ဆွေးနွေး နေကြသော အသံဗလံများ အကြား မှ တစ်ခု သော တီးတိုးသံ ကို ကြား လိုက်ရသည့် အခါတွင် ကား ကြီးစွာသော တုန်လှုပ်ချောက်ချား ခြင်း တို့သည် ထွန်းအိမ် အား လွှမ်းမိုး ဖိစီး လာ၏ ။ 


“ ည က သာဟန် အသ,တ် ခံရတယ် ၊ သာဟန် ‌သေပြီ ”


ဤ တီးတိုးသံများ သည် တောင်နံရံ မှ တန်ပြန် မြည်ဟည်း လာသော ပဲ့တင်သံ ၏ လှိုင်း | ဂယက်များ ကဲ့သို့ ထွန်းအိမ့် နား ထဲ တွင် အဆက်မပြတ် မြည်ဟည်း လာ လေသည် ။ 


သာဟန် သေပြီ ။ သာဟန် အသတ် ခံရတယ် ။ “ မြတ်စွာဘုရား ၊ ငါ လည်း မသတ်ရပါလား ၊ ငါ မသတ်ဘူး ၊ ငါ မသတ်ဘူး ၊ သာဟန့် ကို ငါ မသတ်ဘူး ။ ဘယ်သူများ သတ်ပါလိမ့်မလဲ ။ ဘယ်သူများ သတ်ပါလိမ့်မယ် ။ ထိန်သီး များ သတ်သလား ။ ခွေးမသား ထိန်သီး သတ်ပြီ ထင်တယ် ၊ ငါ မသတ်ဘူး ၊ သာဟန့် ကို ငါ ရှောင် ခဲ့ပါတယ် ။ သာဟန် သေပြီ ဆိုတာ ငါ မယုံဘူး ။ သာဟန် အသတ် ခံရတယ် ဆိုတာ မဖြစ်နိုင်ဘူး ၊ အို ... ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး


ထွန်းအိမ် သည် တုန်လှုပ်ချောက်ချားမှု နှင့် သံသယ အရှုပ်အထွေး တို့ ၏ ဒဏ် ကို တစ်စက္ကန့် မျှပင် ပို၍ ခံနိုင်စွမ်း မရှိတော့သည့် အဆုံး ၊ ရွာလယ် တံတားဦး ဝါးဖောင်ဆိပ် ဆီသို့ ခြေကုန် ရုန်းကာ အပြေး ဒုန်း သုတ်၍ နှင်ခဲ့လေသည် ။


( ၁၂ ) 


အဝေး က ပင် လှမ်း ၍ မြင်ရ လေသည် ။


ရွာလယ် တံတားဦး ဝါးဖောင်ဆိပ် တွင် လူစုလူဝေးကြီးများ ကို လှုပ်လှုပ်ရွရွ မြင် လိုက် ရ ကတည်း က ပင် တစ်ခု ခုတော့ ဧကန် ဖြစ်ပြီ ဟု လည်း ချောက်ချား တွေဝေ သွားမိသည် ။


လူတိုင်း မျက်နှာများ မှာ မသာမယာ ရှိကြသည် ။ အမင်္ဂလာ နှင့် အနိမိတ် အရိပ်အယောင် များ အထင်းသား ပေါ် နေသော လူအုပ်ကြီး ထဲ သို့ ထွန်းအိမ် သည် သူ့ ကိုယ်လုံးကြီးများ ကို ပစ်သွင်း လိုက်ကာ တဖြည်းဖြည်း တိုးဝင် သွားမိသည် ။ 


ထူးတော့ ထူးဆန်းလေသည် ။ 


ဝိုင်းအုံတိုးကြိတ် နေ ကြသော လူအုပ်ကြီး ထဲ မှ တစ်စုံတစ်ယောက် သော သူ က မျှ ပင် ထွန်းအိမ် အား အလေးအနက် ပြု၍ ဂရုတစိုက် မရှိကြ ။ ထွန်းအိမ် ကို ပခုံးချင်းများ ပင် တိုက်၍ ပွတ်ကာ သီးကာပင် တိုး သွား ကြသည် ။ ထွန်းအိမ် တစ်ယောက် ရောက် နေသည် ကို များ မသိကြရော့ သလား ။


တကယ် ဆိုလျှင် ယခု ကဲ့သို့ အမှတ်မထင် ဥပေက္ခာ အပြု ခံနေရသော အဖြစ် ကို ပင် ထွန်းအိမ့် အတွက် အကျေနပ်ကြီး ကျေနပ်စရာ ဖြစ်လေသည် ။ ယခု လည်း သာဟန် သေပြီ ဟု လူတိုင်း ၏ ပါးစပ်ဖျား မှ ပြောသံ ကြားနေရသည် ။ ရာဇဝတ်မှု အရေးအခင်း ဆိုသည် မှာ မီးခိုးကြွက်လျှောက် လိုက် တတ်သည် မဟုတ်လား ။ မနေ့က ပင် လူပုံ အလယ် ၌ သာဟန် နှင့် ရန်ပွဲကလေး ဖြစ်ခဲ့ရပြီး ယခု သာဟန် ‌ေ သပြီ ဆိုသော အခါ တွင် ထွန်းအိမ် သည် တရားခံ လုံးလုံး ဖြစ် နေရလေပြီ ။ အို ... သာဟန် သေတယ် ဆိုတာ ငါ မယုံနိုင်ဘူး ။ ငါ မယုံနိုင်သေးဘူး ။


တဖြည်းဖြည်း နှင့် တိုးရင်း ဝှေ့ရင်း က ပင် လူအုပ်ကြီး ကို ဖောက်ထွင်း၍ လူအုပ်ကြီး ၏ အရှေ့စွန်သို့ ရောက်ခဲ့ရလေသည် ။ အို ... မျက်လုံးတွေ မှာ ပြာပြာဝေ ၍ သွားလေသည် ။


ဟုတ်ပေသည် ။ သာဟန် တစ်ယောက် သေရှာ လေပြီ ။ 


ဓားဒဏ်ရာ တွေ တစ်ကိုယ်လုံး မွန်းနေသော သာဟန် ၏ ကိုယ်ခန္ဓာကြီး သည် ခဲနေပြီ ဖြစ်သော သွေးအိုင် ထဲ တွင် မှောက်ခုံကြီး လဲကျ၍ မြင်ရက်စရာပင် မရှိချေ ။ နီရဲနေသော သွေးအိုင် ထဲ တွင် သာဟန် ကိုယ် တစ်ခြမ်းလုံး နစ်မြုပ် နေကာ လည်ပင်း မှ ဓားဒဏ်ရာကြီး မှာ ဟက်ပက် မြှောင်းမြောင်းကြီး ကွဲကာ ကြည့်ရဲစရာ ပင် မကောင်းတော့ချေ ။ သွေးအိုင် ထဲ တွင် တစ်ခြမ်းစောင်း အပ်လျက် ရှိသော သာဟန့် မျက်နှာကြီး က နာကြည်းမှု အလုံးစုံ ကြောင့် ရွှံ့တွပဲ့ရွဲ့ နေကာ ပွင့်နေသော မျက်လုံး တစ်ဖက် ကလည်းထွန်းအိမ့် အား မထီမဲ့မြင် ကြည့် နေ သကဲ့သို့ ခပ်မှေးမှေး စွေစောင်း နေလေသည် ။


ထွန်းအိမ် ကား ရပ်တည်ရာ မရတော့ပေ ။ ကမ္ဘာ ပျက်ပြီး မှ သိရသူ ကဲ့သို့ ပြေးစရာ မြေ မရှိ အောင် တုန်လှုပ်ချောက်ချားခြင်းကြီးစွာဖြင့် ဇဝေဇဝါ ဖြစ်နေရ လေသည် ။  


“ ဖြစ်မှ ဖြစ်ရလေ သာဟန် ရယ် ... ” ဟူသော အသံလှိုင်းများ ကလည်း ခေါင်းလောင်းထိုး သံများ အသံလှိုင်းချင်း ဆက်သလို ထွန်းအိမ့် ရင်ထဲ တွင် သွက်သွက်ခါ ဆူညံ နေလေသည် ။


“ ဒီလို ဖြစ်လိမ့်မယ် ဆိုတာ စောစော ကတည်း က ငါ သိတယ် ”


ထွန်းအိမ် သည် လူအုပ်ကြီး ထဲ မှ အသံ လာရာ ဆီသို့ နားစွင့် လိုက်မိ၏ ။ စကားစ ကို ဖြတ်၍ မပြောဘဲ ရပ်သွား သဖြင့် စကား ပြောသူ အား ပခုံး ကို ခပ်ကြမ်းကြမ်း လှုပ်၍ ပြောခိုင်းချင် စိတ်ပင် ပေါက်လာ၏ ။


“ နေ့လယ် က ထွန်းအိမ် နဲ့ သာဟန် စကား များ ကြတုန်းက လက်ဖက်ရည်ဆိုင် ထဲ မှာ ငါ ရှိ နေတော့ ပွဲကောင်းတစ်ပွဲ တော့ တွေ့ရပြီ လို့ ငါ ထင်ခဲ့တယ် ။ ငါ ထင်တဲ့ အတိုင်း လည်း ဖြစ်တာပဲ ၊ ငါ တစ်ညလုံး အိပ် လို့ မရဘူး ။ ဒီနေ့ ည မှ ဘယ်လို ဖြစ်တယ် မသိပါဘူးကွာ ။ လှိုင်း က ကြမ်း တော့  ဝါးဖောင် တွေ က လှုပ် ၊ အိပ်လို့ က လည်း မရနဲ့ ၊ အဲ ... သန်းခေါင် ကျော်ကျော် ကျရော သာဟန် ပေါက် လာပါ လေရော ၊ ပါးစပ် က လည်း တတွတ်တွတ် နဲ့ ထွန်းအိမ် ကို ကျိန်ဆဲ နေဟန် တူပါ ရဲ့ ၊ ဓားမြှောင် တစ်ချောင်း ကို လက် ထဲ မှာ ကိုင်ပြီး ခေါက်တုံ့ ခေါက်ပြန် လျှောက် နေတယ် ”


စကားသံ က ရပ်သွား ပြန် လေသည် ။ ထွန်းအိမ် က စိတ် မရှည်နိုင်တော့သဖြင့် စကားပြော သူ ဝါးဖောင်စောင့် အဘိုးကြီး နှင့် နီးအောင် တိုးဝှေ့ ချဉ်းကပ် သွားမိလေသည် ။


“ တော်တော်လေး လည်း ကြာပါရော ကွာ ၊ လွှားခနဲ ဆို ဓားရှည်ကြီး ကိုင်ပြီး ထွန်းအိမ် ရောက် လာတာပါပဲ ၊ ငါ နောက်ကျ သလား သာဟန် ၊ မင်း ရောက် နေတာ ကြာပလား လို့ မေးရုံ ရှိ သေးတယ် ၊ သာဟန် က တရတွန်း ပြေး သွားပြီး ထွန်းအိမ့် ရင်အုံ တည့်တည့် ကို ဓားမြှောင် နဲ့ စိုက် ချလိုက်တာပဲ ၊ အငိုက် ဆိုတော့ ထွန်းအိမ် လည်း မလှုပ်သာ မလှည့်သာ နဲ့ အံ့အားကြီး သင့်ရာက သာဟန့် ဓားချက် အဦး ကို ခံ လိုက်ရတယ် ။ သာဟန် ကလည်း ဟေ့ ... မင်းတို့ မြင်ရင် ယုံမှာတောင် မဟုတ်ဘူး ။ နှမ ထိတော့ ဘယ်က သတ္တိ တွေ ဗျတ္တိ တွေ သူ့ ကိုယ် ထဲ ရောက်လာသလဲ မသိဘူး ၊ ဓားမြှောင် တစ်ချက် စိုက်ရုံနဲ့ အားမရ သေးဘဲ သုံးလေးချက် ဆက် ဆက် ထိုး တာပဲ ။ နောက်ဆုံးတော့  ထွန်းအိမ် က သာဟန့် ကို လက် နဲ့ တွန်း ခွာ လိုက်ပြီး ၊ မောင်မင်းကြီးသား ဓားချက် က လည်း ပိုင်းခနဲ ပိုင်းခနဲ နေအောင် ခုတ်တော့တာပါပဲ ၊ ဒါပေမဲ့ သာဟန် က လည်း အလျှော့ မပေးဘူး ဟေ့ ၊  ထွန်းအိမ် က ဓားရှည် တစ်ချက် နဲ့ ပိုင်းလိုက် ၊ သာဟန် က ဓားမြှောင် နဲ့ တစ်ချက် တွက်လိုက် နဲ့

သူ တစ်ချက် ကိုယ် တစ်ချက် ခုတ်ရင်း တွက်ရင်း က နှစ်ယောက် စလုံး အရုပ် ကြိုး ပြတ် သလို ထပ်ရက်သား လဲ ကျတော့တာပါပဲ ၊ ငါ့ တစ်သက် တော့ ဒီလို သွေးရဲသံရဲ အသည်းထိတ်စရာ အဖြစ်မျိုး နောက်များတော့ ကြုံနိုင်မှာ မဟုတ်ပါဘူးကွာ ”


ဝါးဖောင်စောင့် အဘိုးကြီး ၏ အသံ သည် တိမ်ဆင်း သွားကာ ရှည်လျားသော စုတ်သပ်သံ များကို ထွန်းအိမ် အတိုင်းသား ကြား လိုက်ရလေသည် ။


သည်တစ်ခါ တွင် တော့ ထွန်းအိမ့် ကမ္ဘာကြီး သည် တကယ်ပင် ပျက်လေပြီ ။ စကြဝဠာ တံတိုင်း သို့ လွင့်ချင် တိုင်း လွင့် နေသော စိတ်အစဉ်များ နှင့် ဝိညာဉ် တို့ သည် ဘယ်များ ရောက် ကုန်ကြပြီနည်း ။


ထွန်းအိမ် သည် သွေးအိုင် ထဲ တွင် မှောက်ခုံကြီး လဲကျ နေသော သာဟန့် အလောင်း ကို ကြည့်မိပြန်သည် ။


သာဟန့် အလောင်း အောက် တွင် အလောင်း တစ်လောင်း ကို ပါ ထပ်၍ တွေ့ရပြန်သည် ။ အလောင်း ပေါ် အလောင်း ဆင့်ကာ ဒုတိယ တွေ့ရှိ ရသော အလောင်း မှာ လက် ထဲမှာ ဆုပ်ကိုင် ထားသော ဓားရှည် ကို ယခု တိုင်ပင် မလွှတ်သေး ။ စေးထန်းသော သွေးစီးများ လိမ်းကျံပေရေ နေကာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင် ထားလျက် ပင် ရှိသေးလေသည် ။


ဟင် ... ငါ့ အလောင်းကြီး ပါလား ၊ မဖြစ်နိုင်ဘူး ။ မဖြစ်နိုင်ဘူး ။ ဒါ အလောင်း မဖြစ် နိုင်ဘူး ။ ငါ သာဟန် ကို မသတ်ဘူး ။ ငါ လည်း မသေသေးပါဘူး ။ ငါ အိပ်မက် မက် နေသလား ၊ အို ... အိပ်မက် က စင်းလှချေကလား ။


( ၁၃ )


လူအုပ်လူစုများ တဖြည်းဖြည်း ကျဲစ ပြုလေပြီ ။


ထွန်းအိမ် က မူ တထီးတည်း ရပ်ကာ သွေးရဲရဲ သံရဲရဲ နှင့် အလောင်း နှစ်လောင်း ကို သာ တွေတွေကြီး စိုက် ကြည့်ရင်း အိပ်ရာ မှ လန့်နိုး လာသော သမယ၌ အိပ်မက် သည် တကယ့် အဖြစ် အပျက်များပင် ဖြစ်နေပြီလား ဟု အဆုံးအဖြတ် မပေးနိုင်သော အတွေးများ ဖြင့် ဝေမှိုင်းရှုပ်ထွေး ၍ နေလေသည် ။


တစ်သုတ် ပြီး တစ်သုတ် ထွက်ခွာ သွားကြသော လူစုများ က လည်း ထွန်းအိမ့် ကို နည်းနည်း မျှ အလေးမမူ ဂရုမစိုက်ကြ ။ သူတို့ မျက်နှာများ ကို ကြည့်ရသည် မှာ လည်း ကြေကွဲမှု အရိပ်အယောင် များဖြင့် လေးလံထိုင်းမှိုင်း နေကြလေသည် ။ တဖြည်းဖြည်း နှင့် လူအုပ်ကြီး သည် ထွန်းအိမ့် အနီး မှ ထွက်ခွာစ ပြု လေသည် ။  


လူတွေ ဟာ ငါ့ ကို အသိအမှတ် မပြုကြ တော့ဘူးလား ။ ငါ့ ကို သူတို့ က ဝိုင်းပယ်ထား ကြလေပြီလား ။ ပင်လယ်ခေါင်ခေါင် တွင် မြုပ်လုနီး နေပြီ ဖြစ်သော လှေပျက် တစ်စင်း ပေါ် ၌ အိပ် ပျော်ရင်းက အိပ်မက် မက် နေသူ ကဲ့သို့ ကယောင်ချောက်ချား ရေရွတ် နေမိလေသည် ။


ဟော ... နှင်းယုံ တို့ လာ နေကြပါကလား ။


ထွန်းအိမ် က နှင်းယုံ့ မျက်နှာကလေး ကို အဝေး မှ ပင် လှမ်း၍ အဖွေးသား မြင် လိုက်ရသည် ။ နှင်းယုံ ၊ နှင်းယုံ့ အဖေ ၊ ဌာနာအုပ် ၊ ရဲသားများ နှင့် အတူ သူကြီး လည်း တစ်ပါတည်း လိုက်ပါ လာကြ သည် ။


နှင်းယုံ့ မျက်လုံးအိမ် များ ထဲ တွင် မျက်ရည်များ ဝိုင်းဝိုင်းစို့ နေလေသည် ။ မျက်တောင်ကော့ ကော့ကလေးများ တွင် ရွေးလုံးဖြူဖြူကလေးများ ဖြင့် သီထား သကဲ့သို့ မျက်ရည်များ မှိုင်းဆွတ်နေ သော နှင်းယုံ ၏ အလှ ကို မြင် လိုက်ရသော ထွန်းအိမ့် နှလုံးသားများ က တအား သစ် လာလေသည် ။


နှင်းယုံ့ ရှိုက်သံများသည် တဖြည်းဖြည်း ကျယ်လောင် လာကာ ဣန္ဒြေ မဆောင် နိုင်သော ခြေလှမ်းကလေးများ ကို မနိုင့်တနိုင် သယ်ယူ ပြေး လာရင်းက သာဟန့် အလောင်း ပေါ် သို့ လက်နှစ် ဖက် သိုင်းယှက် ၍ မှောက် ချ လိုက်လေသည် ။ အို ... နှင်းယုံ့ အင်္ကျီ လက်မောင်း တွေ သွေး စွန်း ကုန် ပါရောလား ။ နှင်းယုံ သည် သူ့ မောင် အလောင်း ကို ပွေ့ကာ ဖက်ကာ လူးလွန့် ကာဖြင့် ရှိုက်သံချင်း ဆက်အောင် ငိုလေသည် ။


“ မောင်ကြီး ရယ် ၊ နှမ အတွက် လူမိုက် လက်ချက် နဲ့ အသေဆိုး သေရပါရောလား  မောင်ကြီး ရယ် ”


နှင်းယုံ အဖေ က အံ ကို တင်းတင်း ကြိတ် ကာ သား နဲ့ သမီး အဖြစ် ကို ကြည့်ရင်း ယောက်ျားကြီး တန်မဲ့ ဖြင့် မျက်ရည်တွေ တဖြိုင်ဖြိုင် စီးကျ နေ လေသည် ။


အလောင်း နှစ်လောင်း ၏ ခေါင်းရင်း တွင် အငိုင်သားကြီး ရပ် နေသော ထွန်းအိမ် သည် မထိန်းနိုင် မရပ်နိုင်သေးသော နှင်းယုံ ၏ ရှိုက်သံများ ကို မကြားရက် နိုင်တော့ဘဲ နှင်းယုံ့ ပခုံး တစ်ဖက် ကို လက် တစ်ဖက်ဖြင့် တယုတယ ဆုပ်ကိုင် လိုက် ကာ ပူသူ ပြေစိမ့်ငှာ နှစ်သိမ့်စကား ဆို ရလေသည် ။


“ နှင်းယုံ ရယ် တိတ်စမ်းပါ ဟယ် ၊ နင့် ငိုသံ ကို ငါ မကြားပါရစေနဲ့ ၊ နင် ငါ့ ကို အထင် လွဲ နေတယ် ၊ နင့် မောင် ကို သတ်တာ ငါ မဟုတ်ဘူး ၊ နင့် မောင် ကို ငါ မသ,တ်ရပါဘူးဟယ် ၊ နင့် မောင် ကို  ငါ မသတ်ရပါဘူး ”


နှင်းယုံ က မူ ထွန်းအိမ် အား ပြန်စောင်း မျှပင် လှည့်၍ မကြည့်ချေ ။ ထွန်းအိမ့် စကား ကို လည်း ကြားဟန် မတူချေ ။ သာဟန့် အလောင်း ကို သာ လက် နှစ်ဖက် ဖြင့် တွယ်သိုင်း ထားရင်း ရှိုက်ဆဲ ငိုဆဲပင် ရှိလေသေးသည် ။


လှည်း တစ်စီး ဆိုက်ရောက် လာသော အချိန် တွင် စောစောက ကွက်တိကွက်ကျား ရှိနေ သေးသော လူအုပ်လူစုများ သည် ဝိုင်းအုံ လာကြ ပြန်သည် ။ အလောင်း နှစ်လောင်း ကို လှည်း ပေါ် တင်ပြီးသည့် အချိန် တွင် နှင်းယုံ က အရူးမကလေး တစ်ယောက် ကဲ့သို့ တွဲထူဖေးမ ထား သော ဖခင် လက် ထဲမှ အပြေးကလေး ရုန်း ထွက် သွားကာ လှည်း နောက်မြီး ကို လက်မောင်းကလေး ဖြင့် ချိတ်ခို ကာ တရွတ် ဆွဲ ၍ လိုက်ပါ သွားရင်း ရှိုက်ကာ ရှိုက်ကာ ငိုလေသည် ။ 


ထွန်းအိမ် သည် အလောင်း နှစ်လောင်း သယ်ယူ သွားသော နေရာ တွင် ပင် ရပ်မြဲ တိုင်း ရပ်ကာ နှင်းယုံ အဖြစ် ကို ကြည့်ရင်း ရင် ထဲ တွင် ဆို့ကျပ် လာသည့် အဆုံး လေးလံသော စကားလုံးများ ကို နှင်းယုံ ကြား အောင် ဟစ်အော် ပြောမိလေသည် ။


“ ငါ မသတ်ရပါဘူး နှင်းယုံ ရယ် ၊ နင့် မောင် ကို ငါ မသတ်ရပါဘူးဟယ် ၊ နင့် မောင် ကို ငါ မသတ်ရပါဘူး ”


ထွန်းအိမ့် အသံ ကို နှင်းယုံ မကြားနိုင်ပေ ။ အလောင်း နှစ်လောင်း တင်သော လှည်းကလေး က တအိအိ ရွေ့လျား နေကာ လှည်း နောက်မြီးဖျား မှ နှင်းယုံ ၏ ရှိုက်သံများ က သာ တသဲ့သဲ့ ပြန့် လွင့်ကျန်ရစ်ခဲ့လေသည် ။ 


◾ဒေါင်းနွယ်ဆွေ

     ( ၁၉၅၇ )

     

📖 ၂၀ ရာစု မြန်မာဝတ္ထုတို ၁၀၀ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment