Wednesday, July 17, 2024

ယောင်ယောင်ပေါင်ပေါင် နှမ်းမောင်မောင်


 

❝ ယောင်ယောင်ပေါင်ပေါင် နှမ်းမောင်မောင် ❞

သူ့ နာမည်ရင်း က တော့ မောင်နှမ်း ဖြစ်ပါသည် ။

သို့သော် ဒိသာပါမောက္ခ ဆရာကြီး ၏ တပည့် အချင်းချင်း ဖြစ်ကြသူ ၊ သူငယ်ချင်းများ က သူ့ ကို “ ယောင်ယောင်ပေါင်ပေါင် နှမ်းမောင်မောင် ” ဟု ခေါ်ကြသည် ။ ခေါ် လည်း ခေါ်စရာ ပင် ၊ ဆရာကြီး ၏ တပည့်အပေါင်း တို့ အနက် သူ သည် ဉာဏ် အထိုင်းဆုံး ဖြစ်၏ ။ ဆင်ခြင် ဉာဏ် အလွန် နည်းပါး၏ ။ ပညာ ကို မည်သို့ သင်၍ မှ မတတ် နိုင် သဖြင့် ဒိသာပါမောက္ခ ဆရာကြီး ကိုယ်တိုင် က လက်လျှော့ ထားရသော တပည့် ဖြစ်လေသည် ။

နှမ်းမောင်မောင် သည် ရူးချာချာ နိုင် သော်လည်း ကောင်းသော အရည်အချင်း တစ်ရပ် တော့ ရှိ၏ ။ အဘယ်နည်း ဆိုသော် သူ သည် သဘော ကောင်း၏ ။ စိတ်ရင်း ဖြူစင်သည် ။ သည်းညည်းခံ တတ်၏ ။ ချီးကျူးစရာ အကောင်းဆုံး ကား ဆရာ ၏ စကား ကို မြေဝယ် မကျ နားထောင် တတ် ပြီး လျှင် ဆရာ့ ကို ပြုစုရမည့် ဝတ္တရား အားလုံး ကို မငြိုမငြင် ကျေပွန်စွာ ရွက်ဆောင်တတ်သူ ဖြစ်၏ ။ ထို့ ကြောင့်ပင် ဆရာကြီး သည် နှမ်းမောင်မောင် ကို လွန်စွာ မှ ချစ်သနား လေသည် ။

တစ်ချိန် တွင် တပည့်တို့ သည် ပညာများ စုံ၍ မိမိ တို့ ရပ်ဌာနေ သို့ အသီးသီး ပြန်ကြရန် အချိန် သို့ ရောက် လာ လေ၏ ။ ဆရာကြီး ကို နှုတ်ဆက် ၍ ကန်တော့ ကြသော အခါ ဆရာကြီး သည် ဆုများ ၊ ဆုံးမသြဝါဒ ပေးခြင်းများ ပြုလုပ် ပြီး တစ်ယောက် ပြီး တစ်ယောက် ပြန် လွှတ် လိုက်သည် ။

နှမ်းမောင်မောင် ၏ အလှည့် သို့ ရောက်သော အခါ တွင် ကား ၊ ဆရာကြီး သည် ကရုဏာ သက်စွာ ကြည့် ပြီး လျှင် အောက်ပါ အတိုင်း ပြောကြား၏ ။

“ ငါ့ တပည့် မင်း က တော့ ဉာဏ် အလွန် ထိုင်းသူ တစ်ယောက် ဖြစ်ပေတယ် ။ ဒါပေမဲ့ မင်း ဟာ ဆရာ့ စကား ကို နားထောင်တယ် ၊ ဆရာ့ အပေါ် ပြုစုရမယ့် ဝတ်များ ကျေပေတယ် ။ ဒါကြောင့် ဆရာ ရဲ့ မေတ္တာဓာတ် ဟာ မင်း အပေါ် မှာ ကျရောက် လို့ မင်း ဟာ ကျန်းမာစွာ နဲ့ အသက် ရှည်ပါလိမ့်မယ် ၊ ဒါပေမဲ့ မင်း မှာ ပညာ မရှိလေ တော့ စဉ်းစားကြည့် ရင် ရင်လေးစရာ ပဲ ဖြစ်တယ် ။ တစ်ခု တော့ ရှိလေရဲ့ ၊ လောက မှာ လူတိုင်း အတွက် ကြီးပွားရာ နေရာ တစ်ခု ခု ဟာ တစ်နေရာ ရာ မှာ တော့ ရှိစမြဲ ဖြစ်တယ် ။ သာမန် လူ တို့ အဖို့ တော့ နေရာ တော်တော်များများ ဟာ သင့်လျော်တတ်တာ မို့ အထူး ရွေးစရာ မလိုဘူး ။ မင်း အတွက် က တော့ ဉာဏ် ထိုင်းသူ ဖြစ်လေတော့ မင်း နဲ့ သင့်တော်တဲ့ အရပ်ဒေသ ကို ရွေးတတ် မှ မင်း ဟာ ကြီးပွား နိုင် လိမ့်မယ် ၊ ငါ့ တပည့် ပျော်ရာ မှာမနေနဲ့ တော်ရာ မှာ နေရမယ် ၊ မင်း နဲ့ သင့်တော်တဲ့ အရပ်ဒေသ နေရာ မှာ မင်း နေ မှ မင်း ကြီးပွားလိမ့်မယ် ၊ ဆရာ့ စကား ကို မြဲမြဲ မှတ်ပြီး သွား လေတော့ တပည့် ရေ ”

ဆရာကြီး သည် သူ ချစ်လှသော တပည့် ကို ဆုံးမ သြဝါဒ အရှည်ကြီး ပေး၏ ။ ဆရာ ကို ခွဲခွာရတော့မည် ဖြစ် ၍ မျက်ရည်ကလေး စမ်းစမ်း ဖြစ်နေ ရှာ သော မောင်မောင်နှမ်း သည် မော့ ကြည့်ပြီး သော် -

“ ဆရာကြီး ခင်ဗျာ ... ကျွန်တော် နဲ့ သင့်တော်တဲ့ နေရာဒေသမျိုး ဟာ ဘယ် နေရာမျိုး ဖြစ်ပါ့မလဲ ဆရာ ” ဟု ထပ်၍ မေးလိုက်သည် ။

“ ငါ့ တပည့် အသိဉာဏ် အလွန် နည်းပြီး သူ တစ်ပါး ပြောတာ ကို လွယ်လွယ်ကူကူ ယုံကြည်တတ်တဲ့ သူတွေ ချည်း နေထိုင်တဲ့ ဒေသမျိုး ကို ရှာဖွေပြီး နေလေတော့ ငါ့ တပည့် .. ”

နှမ်းမောင်မောင် သည် ဆရာကြီး ပြောဆို မိန့်ကြား သမျှ ကို သေသေချာချာ နားထောင်မှတ်သား ပြီး သော် ဆရာကြီး အား ဦးချ ကန်တော့၍ ခရီး ထွက်ခဲ့ လေတော့သည် ။

နှမ်းမောင်မောင် ရောက် သမျှ ဒေသ တို့ မှာ သာမန် လူများ နေထိုင်ကြသော အရပ်ဒေသများ ချည်း ဖြစ် သဖြင့် ၊ နှမ်းမောင်မောင် ထက် အသိဉာဏ် ပညာရှိသူ ပေါများနေ သောကြောင့် နှမ်းမောင်မောင် ခမျာ ကြာရှည် နေ၍ မရ ချေ ။ ဤနေရာ ဤဒေသ မျိုး တွင် သူ သည် မကြီးပွား နိုင်ခဲ့ ၊ ဤသို့ဖြင့် တစ်နေရာ ပြီး တစ်နေရာ ခရီး ဆက်၍ ထွက်ခဲ့ရလေသည် ။

တစ်ခုသော ဝေလီဝေလင်း နံနက်ခင်း တွင် နှမ်းမောင်မောင် သည် တိုင်းပြည် တစ်ပြည် သို့ ရောက်ခဲ့လေတော့ ၏ ။

မြို့ ထဲ သို့ ဝင်လိုက်သည် နှင့် တစ်ပြိုင် နက် လူ တစ်စု သည် သစ်ပင်များ ပေါ် သို့ တက်၍ မီးတုတ် ကိုယ်စီ နှင့် သစ်ကိုင်းများ ပေါ် တွင် ဟိုဟိုသည်သည် ရှာဖွေ နေကြ သည် ကို တွေ့ ရသည် ။ ထို့ကြောင့် နှမ်းမောင်မောင် က မြေကြီး ပေါ် တွင် ရ ပ်၍ သစ်ပင် ထက် က လူများ ဆီ သို့ မျှော်ကြည့် နေသော လူများ ထဲ မှ တစ်ယောက် ကို အကျိုးအကြောင်း မေး ကြည့်လိုက်၏ ။

“ အော် ဗျာ ... ညဦးပိုင်း က ကျုပ်တို့ သူဌေးကြီး ဦးမောဟ ရဲ့ သားကလေး ပေါ့ ၊ သူ့ အမေ ရဲ့ လက်ကောက် တစ်ဖက် ကို ထွေခင်း ကစား တာ လက်ကောက် ပျောက် သွားလို့ ရှာနေကြတာ လေ ၊ တစ်ညလုံး ရှာ နေတာ အခု မိုးစင်စင် လင်းပြီ ၊ မတွေ့သေးလို့ ဗျ ”

ထိုအခါ တွင် နှမ်းမောင်မောင် သည် ဝမ်းသာ သွား ၏ ။ ဤနေရာ ၊ ဤဒေသ မျိုး သည် သူ့ အတွက် ကြီးပွား ရာ နေရာဒေသမျိုး ဖြစ်သည် ဟု တွေးမိသောကြောင့် ဖြစ် ၏ ။ ထို့ကြောင့် သူ က ဝင့်ကြွားစွာ ပြော လိုက်သည် ။ သူ့ တွင် ရှိသော ပညာ ကို ပြရတော့မည် မဟုတ်ပါလား ။

“ ဗျို့ လူတို့ ... နေထွက် လာတဲ့ တိုင်အောင် ခဏကလေး စောင့်ကြပါ ၊ ဒီ လက်ကောက် တစ်ဖက် ကို ပြန် တွေ့ဖို့ ကျွန်တော် တာဝန် ယူပါတယ် ”

သူ့ စကား ကို ကြားရသော အခါ လူတို့ သည် မယုံ တစ်ဝက် ယုံ တစ်ဝက် နှင့် စောင့်ဆိုင်း နေ လိုက်ကြ၏ ။ မကြာမီ နေမင်းကြီး သည် ထွက်ပေါ် လာလေ တော့သည် ။

“ ကဲ .. နေထွက် လာပြီ သစ်ပင် ပေါ် က လူတွေ က ပတ်ပတ်လည် မြေကြီး ပေါ် ကို လှမ်း ကြည့်ကြ စမ်းပါ ၊ ဝါတာတာ နဲ့ ပြောင်ပြောင်လက်လက် တွေ့ ရင် တွေ့ တဲ့ နေရာ ကို ညွှန်ပြ ပြောဆို လိုက် ၊ မြေကြီး ပေါ် က လူတွေ က သွား ကောက်ကြပေါ့ ” 

နှမ်းမောင်မောင် က ဤ အတိုင်း ပြော လိုက်ရာ သစ်ပင် ပေါ် က လူများ သည် ဟိုဟိုသည်သည် မြေကြီး ပေါ် သို့ လှမ်းမျှော် ကြည့် ကြ၏ ။ မကြာမီ တစ်ယောက် က “ ဟော ဟိုက လမ်းစောင်း မြက်ဖုတ်ကလေး ဘေး မှာ ပြောင်ပြောင်လက်လက်ဝါဝါကလေး ဗျို့ ” ဟု အော် ပြောရင်း လက်ညှိုး ညွှန်ပြ၏ ။ မြေကြီး ပေါ် က လူများ က ထို နေရာသို့ ပြေးသွားပြီး ကြည့် ကြရာ ပျောက် နေသော လက်ကောက် တစ်ဖက် ကို ပြန် တွေ့ ကြလေသည် ။

“ ဟာ ... တော်လှချည်လား ၊ ဒီ လူ ဟာ တကယ့် ပညာရှိ ပဲ ကျွန်တော်တို့ ဆီ မှာ နေလှည့်ပါ ၊ သိပ် အဖိုးတန် တဲ့ ပညာတွေ ကို ကျွန်တော် တို့ ကို ဖြန့်ဖြူးပါ ”

စသည်ဖြင့် တစ်ယောက် တစ်ပေါက် ချီးကျူး ကြ သည် ။ သူ့ ပညာ ကို အံ့သြ ကြသည် ။ သူ့ ကို ဘယ်မှ မသွားဘဲ ဤဒေသ တွင် နေထိုင်ပါရန် တောင်းပန် ကြသည် ။

နှမ်းမောင်မောင် သည် လည်း ဆရာကြီး ဆုံးမသည့် အတိုင်း လောက တွင် လူ တစ်ယောက် အတွက် သင့်တော် ရာ နေရာ ရှိစမြဲ ဖြစ်သည် ကို စွဲမှတ် ထားသည့် အလျောက် ထို တိုင်းပြည် တွင် နေထိုင်ရန် ဆုံးဖြတ် လိုက်လေ၏ ။

သူဌေးကြီးဦးမောဟ သည် သူ့ ကို အိမ် တစ်ဆောင် ဆောက်လုပ် ပေးပြီး လျှင် သေချာကျနစွာ ကိုးကွယ် ထား သည် ။ ထို မြို့ရှိ လူများ သည် လည်း မိမိတို့ ဘာသာ မဖြေ ရှင်းနိုင်သော ပြဿနာရပ်များ ကို မေးမြန်း ကြသည် ။ နှမ်းမောင်မောင် ဖြေရှင်း ပေးသမျှ ကို ကျေနပ်စွာ လက်ခံ ကြသည်ချည်း ဖြစ်၏ ။

ဥပမာ အားဖြင့် အောက်ပါ ပြဿနာပုစ္ဆာများ ကို ကြည့် လျှင် နှမ်းမောင်မောင် ၏ ပညာစွမ်း ကို တွေ့ ရပေ မည် ။

“ ပညာရှိကြီး ခင်ဗျား ၊ ကျွန်တော်တို့ အလှူ လုပ်ရာ တွင် ပရိသတ် ဘယ်နှယောက် လာသည် ကို ရေတွက် ရာ ၌ အခက်အခဲ တွေ့ရပါတယ် ။ ဘယ်လို ရေတွက် ရင် အမှန် ဆုံး ဖြစ်မယ် ဆိုတာကို ဂဏန်းသင်္ချာ နဲ့ တွက်ပြ ပေးပါ ” 

“ ခင်ဗျားတို့ ပရိသတ်တွေ ကို အရင် စုံစမ်းပါ ၊ ခြေ တစ်ဖက် ကျိုးသူ ၊ ခြေထောက် မစုံသူတွေ ပါ သလား စုံစမ်း ပါ ”

“ ဟုတ်ကဲ့ စုံစမ်း ပြီးပါပြီ ၊ ခြေလက် အင်္ဂါစုံသူတွေ ချည်း ဖြစ်ပါတယ် ”

“ ခြေ သုံးချောင်း ၊ လေးချောင်း ဖြစ်နေတဲ့ လူထူးလူဆန်းတွေ ကော ပါ သလား"

“ မပါ ပါ ”

“ ဒါဖြင့်ရင် လွယ်ပါတယ် ... ခြေထောက်တွေ ကို ရေတွက် ပြီး နှစ် နဲ့ စား လိုက်ရင် လူ ဘယ်နှယောက် လာ သလဲ ဆိုတာ သိရပါတယ် ”

လူတို့ သည် နှမ်းမောင်မော င်၏ ပညာ ကို လက်ခံရုံ မက ချီးကျူးအံ့အားသင့်ခြင်း လည်းဖြစ်ကြ၏ ။ အထက် က ပြောခဲ့သည့် လူ ပရိသတ် တွက်ချက်နည်း ကို ကြားရ သောအခါ တစ်ယောက် က ထပ် ၍ မေး၏ ။

“ လူတွေ အတွက်တော့ ဟုတ်ပါပြီ ။ ခြံ ထဲ က နွားတွေ အတွက် ဆိုရင်ကော ခင်ဗျာ ”

“ အင်္ဂါ လည်း စုံရမယ် ၊ နွားထူးနွားဆန်း လည်း မပါရဘူးပေါ့ ”

“ မပါပါဘူး ခင်ဗျာ ... ”

“ ဒါဆိုရင် ခြေထောက်တွေ ရပြီး လေး နဲ့ စားရတယ် ၊ နွား က လူ မဟုတ်တော့ တစ်မျိုးတွက် ရတာပေါ့ ” 

“ ဟာ ပညာတွေ ပညာတွေ အံ့သြဖို့ ကောင်းလိုက်တာနော် ”

ပညာရှိကြီး နှမ်းမောင်မောင် ၏ သတင်း ကား လွန်စွာ မှ မွှေး သွားတော့သည် ။ လူ အချို့မှာ ဆရာကြီး နှမ်းမောင်မောင် ၏ ပညာများ ကို လိုချင်လွန်း သဖြင့် အနား တွင် ဝတ်ကြီးဝတ်ငယ် ပြုစုကာ နှမ်းမောင်မောင် နှင့် အစဉ် ပူးတွဲ လိုက်ပါလျက် ပင် ရှိလေသည် ။

တစ်နေ့သော အခါ တွင် နှမ်းမောင်မောင် နှင့် တပည့် များ လမ်းလျှောက် ထွက်လာကြ လေ၏ ။ တစ်နေရာ သို့ ရောက်သော အခါ မြေကြီး မှ လေးပေ အမြင့်ခန့် ဆောက် လုပ် ထားသော အိမ် တစ်ဆောင် ပေါ် တွင် လူ တချို့ သည် ကြမ်းပြင်များ ကို ခွာ နေကြသည် ကို တွေ့ ရသည် ။ နှမ်းမောင်မောင် လည်း ရပ်တန့် ၍ အကျိုးအကြောင်း ကို မေးလိုက်၏ ။

“ ဘာဖြစ်ကြတာလဲ ကွဲ့ ”

“ အော် .. ဒီလိုပါ ဆရာကြီး ခင်ဗျာ ၊ ကျွန်တော်ရဲ့ တစ်ပဲ သော အသပြာ မှာ ကြမ်းကြားထဲ မှ ကျ သွားလို့ ပြန်လည် ကောက်ယူရန် ကြမ်းပျဉ်များ ကို ခွာ နေကြခြင်းဖြစ် ပါတယ် ”

“ အော် ... ကျွတ် ... ကျွတ် ကျွတ် မိုက်လိုက်ပါဘိ တော့ ငါ့ လူ များ ၊ လွယ်လွယ် နဲ့ ပြီးရမှာ ကို ပင်ပန်းခဲယဉ်း စွာ လုပ်ကြတာ ကိုး ၊ ရေနံဆီ လောင်းပြီး အိမ် ကို မီး နဲ့ ရှို့ လိုက်ပါလား ၊ မြန်မြန် နဲ့ သက်သက်သာသာ ရတာပေါ့ ကွဲ့ ”

လူတို့ သည် သူ့ စကား အတိုင်း လုပ်ကြ၏ ။ အိမ် ပြာ ကျ သွားသော အခါ ငွေ တစ်ပဲ ကို ပြာပုံ ကြား ၌ လွယ်ကူစွာ ရှာတွေ့ ကြ လေတော့သည် ။ ထို့ပြင် ဘေးနား က အိမ် သုံး လေးဆောင် ပင် မီး ကူးပြီး ပြာကျ သွားသောကြောင့် ထို အိမ်များ ၏ ပြာပုံ ထဲ မှ ပင် ရွှေတို ငွေစများ ၊ သတ္တု ဇွန်းများ ၊ ကြေးလက်ကောက်များ စသည် တို့ ကို ပင် ပြန် လည် တွေ့ ရှိ ကောက်ယူ နိုင်ကြလေသည် ။

ပညာရှိကြီး နှမ်းမောင်မောင် ၏ ဂုဏ်သတင်း မှာ ရှေး က ထက် ကျော်စော လေတော့၏ ။

“ လောက မှာ လူတိုင်း အတွက် ကြီးပွားရာ နေရာ တစ်ခု ခု ဟာ တစ်နေရာ ရာ မှာ တော့ ရှိစမြဲ ဖြစ်တယ် ”

◾ကြပ်ကလေး

📖 ပျော်ရွှင်ဖွယ် ဟာသပုံပြင်များ ပေါင်းချုပ် ( ပထမ တွဲ )

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment