Friday, July 19, 2024

ကိုပြုံး မပြုံး သူ့အပြုံး


 

❝ ကိုပြုံး မပြုံး သူ့အပြုံး ❞
________________________
အောင်ဖြိုးကျော် ( ပခုက္ကူ )
________________________

“ ဆရာမကြီး မြို့ရုံး က ခေါ်စာ ဝင်ထားတယ် ”

ဖုထစ်ထစ် ခပ်ပြေပြေ ကုန်းမော့လေး ကို မောပန်းတကြီး တက်ပြီး ရုံးခန်း ထဲ ဆွဲခြင်း ချရုံပဲ ရှိသေးတယ် ။ ကျောင်းလုပ်သား ကောင်မလေး က ဆီး ပြောတော့ ဟို ကိစ္စလား ဆိုပြီး ထိတ်ခနဲ ကျွန်မ ဖြစ်မိတော့တာပေါ့ ။

စာအိတ် ကို ချက်ချင်း မဖောက်ရဲသေးဘူး ။ မဟုတ်ပါစေနဲ့ လို့ ရှိသမျှ မိဆိုင်ဖဆိုင်နတ်တွေ အရင် တိုင်တည်ရတယ် ။ ဘုရား ကို လည်း အပူကပ် ရတာပေါ့ ။ ဖွလွဲပါစေ ၊ ဖယ်ပါစေပေါ့ ။ အမှတ်မထင် ဖြစ်သွားတာ သတိပေးချိန် မရလိုက်ဘူး ။ ကောက်ကာငင်ကာ ဗြုန်းခနဲ ဒိုင်းခနဲ ဖြစ်သွားတာ ။

ကိုယ့် သား အရွယ်လေးမို့ ချစ်လို့ အလိုလိုက် ထားတာလည်း ပါမှာပေါ့ ။

ဒီအလုပ် ကို ဒီဘက် ခေတ်မှာ ဘယ်ယောက်ျား မှ လုပ်ကြတာ မဟုတ်ဘူး ။ ဒါတောင် ဒီဘက်ခေတ် မှ သင်း က ကိုယ့် ဆီ လာဖြစ်တာ ၊ မျိုးတုံးလု မတတ် ဖြစ်နေတဲ့ ငါးတွေ လိုပဲ ။ သင်း က ရှားပါး မျိုးစိတ် ထဲမှာ ပါတယ် ။ တယုတယ မွေးပါလျက်နဲ့ ။

သတိ တစ်ချက် အလွတ် မှာ ထစ်ခနဲ ဖြစ်တော့တာ ။

စားပွဲပေါ် က စာအိတ်ကို ကျွန်မ အကြာကြီး ‌ငေး နေ မိတယ် ။ ကြည့်ရင်း ကြည့်ရင်း ကျောရိုးထဲ စိမ့်တက် လာတယ် ။ ခြေဖျား လက်ဖျားတွေ အေးလာတယ် ။ သွေးခုန်နှုန်းတွေ နှစ်ဆ တိုး လာသလိုပဲ ။ လက် က ဆတ်ဆတ် တုန်ချင် နေပြီ ။ ကောက်ယူ မိပေမဲ့ ချက်ချင်း မဖောက်ဖြစ်ဘူး ။

အတော်ကြီး အားမွေးပြီး မှ ဖောက်လို့ ရတယ် ။ စာရွက် မဖြန့်ရဲသေးဘူး ။ ကျွန်မ မျက်လုံးတွေ သပိတ်လုံး လောက် ဖြစ်ပြီး ချာချာလည် နေမလား ၊ နားရွက်တွေ က ဆင်နားရွက် လောက် ကား နေမလား ။ ဒုက္ခ ဆိုတာ ဒါမျိုးလား ၊ အသံတိတ် ကျွန်မ အတွေးပူ တွေ အခန်း တစ်ခန်းလုံး အပ်ကျသံ ကြား မတတ် တိတ်ဆိတ် နေတယ် ။

ခု မှ ကိုယ် လည်း ကျောင်းသား ပြန်ဖြစ်ပါပကော လို့လည်း တွေးမိရဲ့ ။ ၁၀ တန်း အောင်စာရင်း ထွက်မယ့် နေ့က သွားကြည့်ရတဲ့ ခံစားချက် မျိုးလို့လည်း ငယ်ဘဝ ကို အမှတ်ရတယ် ။ မကြည့်လို့ လည်း မဖြစ် ၊ ကြည့် ရမှာ လည်း ခပ်ကြောက်ကြောက် ။ ကျွန်မ စာရွက် ကို ဖြန့်လိုက် မိတယ် ။ ပြီးမှ .…. ။

°°°°°   °°°°°   °°°°°

၂ ။

အသက် တစ်ချက် ရပ်သွားသလို ဖြစ်ပြီးမှ စိတ် ကို မနည်းကြီး ထိန်းရ ၊ မှတ်ရတယ် ။ စေးကပ် နေတဲ့ အာခေါင် ကို မနည်းကြီး ဖွင့်ပြီးမှ “ မဖြူရေ ဆရာပြုံး ကို ငါ့ဆီ ခေါ်ခဲ့ ” လို့ ခြောက်ကပ်ကပ် အသံ ထွက်လို့ ရတယ် ။ သွားပြီပေါ့ ။ ထိုင်ခုံ မှာ ခြေပစ်လက်ပစ် ထိုင်ရင်း ကိုယ့် ဘဝ ကို အစအဆုံး စိတ်ရှိလက်ရှိ တွေးမိတယ် ။ ၁ဝ တန်း အောင်စ ခင်ပြုံး ၊ ဗမာပြည် အစွန်အဖျား နယ်စပ်ရွာလေး က ဆရာမလေး ခင်ပြုံး ၊ အဲဒီက နေ ပြည်မ ပြန် ရောက်တဲ့ မခင်ပြုံး ။ တစ်ခါ ဟိုရောက် ၊ ဒီရောက် ၊ ဒီနေရာ ရောက် မှ ခြေ ငြိမ် သွားရတဲ့ ဆရာမကြီး ဒေါ်ခင်ပြုံး ။

နာမည် က သာ ခင်ပြုံး ၊ ကျွန်မ ခု မပြုံးနိုင်တော့ဘူး ။

မပြုံးနိုင်ရုံ တင် မဟုတ်ဘူး ။ လူ တစ်ကိုယ်လုံး နုံး သွားတော့တာ ။ ကြုံခဲ့ရတဲ့ ဆရာမ ဘဝ နေ့ တစ်နေ့ အစက စ ကတည်းက ယဉ် သလို ဆိုတာမျိုး ။ မျက်စိသူငယ် ၊ နားသူငယ် နဲ့ နယ်စပ်က တိုင်းရင်းသားရွာ မှာ ဗမာစကား ပြောတတ်တာ ဆိုလို့ ရွာ က သူကြီး အပါအဝင် လက်ချိုး ရေရင်တောင် နှစ်ဖက် မပြည့်ဘူး ။ အဲဒီ အနေအထားမှာ နှပ်ချေးတွဲလောင်း ၊ တို့လို့ဟောင်းလောင်းလေးတွေ ဝလုံးဝိုင်းဝိုင်းရေး ၊ ကကြီး ၊ ကခွေး သင် ပေးရတာ ။

ကျောင်း စ ဖွင့်တဲ့ နေ့ပေါ့  ။ စာ စသင်တဲ့ နေ့ ။

သိပ်မကြာသေးဘူး ။ မဖြစ်စလောက် လက်တောက်လောက်လေးထဲ က တစ်ယောက်ပေါ့  ။ လက်ညှိုးတစ်ချောင်း ထောင်လာပြောတာ ။ သူ ပြောတဲ့ တိုင်းရင်းသား စကားက နားလည်တာ မဟုတ်ဘူး ။ အီးအီး ပါ ၊ ရှူးရှူး ပေါက် ခွင့်တောင်းတယ် ထင်ပြီး ခေါင်းညိတ် လိုက် မိတယ် ။

ကျေးဇူးရှင်လေး က ကျောင်းဆင်းခေါင်းလောင်း ကြီး အားရပါးရ လှုပ်ချ လိုက်တာ ဆရာမ ဘဝမှာ ပထမဆုံး လန့်သွားတဲ့ နေ့ ၊ ကြောက်သွားရတဲ့ နေ့ ။ လားအုပ်ကြီး ပြေးဆင်း သလို တစ်ကျောင်းလုံး ဝုန်းခနဲ ပြေးဆင်း သွားကြတာ “ ဟဲ့ ... ဟဲ့ ...နေကြဦး ၊ ကျောင်း မဆင်းသေးဘူးလေ ၊ ပြန်လာခဲ့ ၊ ပြန်လာခဲ့ ” လို့ ခေါ်ပေမဲ့ .…. ။

အဲဒီ နေ့က ဘဝ တစ်ခု အစ ကျောင်းပေါ် မှာ ဟီးချပြီး အဖေရေ လို့ တ,တပြီး ငိုရတဲ့ နေ့ ။ ဪ ... လုပ်သက် နှစ်သုံးဆယ် တောင် ပြည့်ခဲ့ပြီလေ ။

“ ဆရာမကြီး ကျွန်တော် ရောက်ပြီ ”

အတွေးတွေ က ဘယ်ရှည် ထွက်နေမှန်း မသိဘူး ။ သင်း ကတော့ ဆရာပြုံး ဆိုတဲ့ အတိုင်း ခပ်ပြုံးပြုံးပဲ ။ ကိုယ့် မှာသာ ခင်ပြုံး ဆိုပြီး မပြုံးနိုင် တာ သူ့ကြောင့် ဆိုတာ သင်း က သိ မထင်ဘူး ။

“ မြို့ရုံး က ခေါ်စာတဲ့ မောင်ပြုံး ရယ် နင့် နှယ်ဟယ် ကျားမြီး ဆွဲတာကိုး ”

ကျွန်မ စကား ဆုံးတော့ မျက် မှောင်လေး တွန့်ပြီး နားမလည် တဲ့ ကလေးလေး လို ဆရာပြုံး က ကြည့်လို့ ။ တော်တော် အပြစ်ကင်းတဲ့ မျက်နှာလေး ၊ ရှိလှ သင်း အသက် ၂၀ ပေါ့ ။ အိမ် က အကြီးဆုံး သားတော်မောင် နဲ့ ကြီး တစ်နှစ် ၊ ငယ် တစ်နှစ် ပေါ့ ။

“ ဟဲ့ ပြောလေ ၊ နင် ဟိုကိစ္စ တကယ် လုပ်ခဲ့တာလား ”

ကျွန်မ အသံတွေ တုန် လာတဲ့ အထိ သူ က ပုံစံ မပြောင်းဘူး ။

“ ဆရာမကြီး ပြောတာ ကျွန်တော် နားမလည်တာပါ ။ ကျွန်တော် က ဘာကို တကယ် လုပ်ခဲ့တယ် ဆိုတာ အရင် ပြောပါလား ”

ပြောပုံက ပြောပုံက ၊ လူ က သာ ကျောင်းဆရာ ၊ ကျွန်မ ရှေ့ ရပ်နေပုံ က သူငယ်တန်းကျောင်းသား လို မျိုး ။ ဒီအခြေအနေ မှာ ဒီ ကိစ္စကြီး ဒဲ့ ( တည့် ) ပြောလို့ သင့်မသင့် ကျွန်မ အခြေအနေ သင်း သိသင့်တာပေါ့  ။

“ ဟဲ့ .. ဟို ကိစ္စ ဟဲ့ ၊ ဟိုကိစ္စ ”

ကျွန်မ မျက်လုံးပြူး အော်တော့ ခေါင်းလေး ကုတ်ပြီး ငြိမ်လို့ ၊ ကုပ်လို့ ။ အဖြူ ၊ စိမ်း ယူနီဖောင်း ချွတ် ၊ စကတ်တွေ ၊ ဂါဝန်တွေ ဝတ်ပြီး ( ရူးချင်ဟန် ဆောင်မနေနဲ့ ၊ ရူးချင်ဟန် ဆောင်မနေနဲ့  ) လို့ သီချင်းတွေ ဟစ်ပြချင်သလို သင်း ကြည့် ပြီး အူ တွေ ၊ အသည်း တွေ ယားလာတယ် ။ ပြောရတော့ မှာပေါ့  ။

“ နင် ဟိုနေ့က လမ်းလျှောက် တဲ့ ကိစ္စ ”

မနည်းကြီး ကျွန်မ အားယူ ပြောလိုက်တာတောင် စကား ဆုံးတော့ သင်း က ခပ်ပြူံ ပြုံးပဲ ။ ' ဪ ... အဲဒါလား ' တဲ့ ။ ကောင်းကြသေးရဲ့ လား အရပ်ကတို့ရယ် လို့ တောင်ထိပ် ကျောင်း အလံတိုင် နားကနေ ထွက်ကာ ဟစ် ပစ်လိုက်ချင်တော့

°°°°°   °°°°°   °°°°°

၃ ။

သင်း က မေးသမျှ ဖြေ ၊ မာန်သမျှ ၊ ဆုံးမသမျှ နာခံ ၊ ပြုံးပြုံးလေး ပြန်သွားပေမဲ့ မပြုံးနိုင်တာ က ကျွန်မ ၊ ဆရာမကြီး ဆိုတဲ့ ခင်ပြုံး ။ ငိုလို့ ဆုံးမှာ မဟုတ်တော့ဘူး ။ ရှေ့ရေး ကို မျှော်တွေးပြီး လုပ်နိုင်သမျှ လုပ်ဖို့ ဆုံးဖြတ်ရတာပေါ့  ။

" မဖြူ ဆရာမတွေ အကုန် ရုံးခန်း ထဲ ခေါ်ခဲ့ ”

စကားအဆုံး မှာ ရေတစ်ခွက် ဆတ်ခနဲ ထ,သောက် မိတယ် ။

ခြေသံ ကြားလို့ လှည့် ကြည့်တော့ လက်ထောက် ဆရာမ ဒေါ်ပ ၊ ဗိုက်ကလေး ကော့ပြီး ဝင်ချလာတာ တစ်ယောက် ပြီး တစ်ယောက် ရောက်လာပြီး တန်းစီ ရပ်နေတဲ့ ဆရာမ ရှစ်ယောက် ကို ကျွန်မ မျက်နှာ ပဲ ကြည့်ရဲတယ် ။ ဗိုက်ငုံ့ မကြည့်ရဲဘူး ။ အိမ်ထောင်သည် က ၆ ယောက် ။ အပျိုဆရာမ က ၂ ယောက် ပါတာ ၊ ကျောင်းဆရာ ရှားတဲ့ ခေတ် ။

ဆရာ ဆိုတာ ကျောင်း က ဆင်း ရင် မသကာ မူး ရုံပေါ့  ။ ဒါလည်း လူတိုင်း မသောက်ပါဘူး ။ ဆရာများများ ရှိတဲ့ ကျောင်း ဆို ကိုယ် က ခေါင်းမခဲရဘူး ။ ပညာရေးမှူး ဆိုတဲ့ မြို့ရုံး ကို ဆရာ သွားပါဦး လွှတ်လို့ ရတယ် ။ လစာ ကိစ္စ ၊ စာအုပ်ထုတ်တဲ့ ကိစ္စ ၊ ဆရာရေ မြို့တစ်ခေါက် ဆိုလည်း ဒိုးဒိုးဒေါက်ဒေါက် ပဲ ။ တစ်ယောက် တည်း လွှတ်လို့ ရတယ် ။

ဆရာမတွေ ဆိုရင်တော့ အနည်းဆုံး နှစ်ယောက် လွှတ်မှ တော်တာ ။ အဲဒီလို ကွာတော့ ဆရာ ဆိုတာ ဘက်က အားသာတာပေါ့ ။ ကျောင်းများ ဆရာ တစ်ယောက် ရောက် လာရင် ထီပေါက် သလိုပဲ ။ ရှားပါးမျိုးစိတ် ကို ။ ဒီကြားထဲ အကြောက်ဆုံး အရာက အိမ်ထောင်သည် ဆရာမတွေ ပြိုင်တူ ဗိုက်ပူ လာမှာ အကြောက်ဆုံး ။ အတန်းတင် စာမေးပွဲကြီး က နီး ၊ သင်းတို့ ဗိုက်တွေ ပြိုင်တူ မွေးခါနီး မှာ အကြောက်ဆုံး ။

မွေးဖွားခွင့် တွေ မဖြစ်မနေ အပြိုင် တင်လာရင် တစ်နှစ်စာ ကျောင်း အောင်ချက် အတွက် ၊ လစ်လပ် သွားတဲ့ အခန်းတွေ အတွက် ကျောင်းအုပ်ကြီး က တစ်ခန်း ဝင် ၊ တစ်ခန်း ထွက် ပဲ ။ ကျွန်မ သာ အသိဆုံး ။ ပညာရေးမှူး လာတုန်း က ဒီ ကစ္စ ပြောဖြစ်တော့ ဆရာကြီး ခမျာ မျက်နှာကို ရဲ လို့ ။ ပြီးမှ -

“ နို့တစ် ထုတ်ပေါ့ ဆရာမ ရယ် ၊ ကျောင်း မှ ဆရာမများ အတန်းတင် စာမေးပွဲ နီးလျှင် ကလေး မမွေးရ ၊ အိမ်ထောင် မပြုသေးသော ဆရာမများ ကျောင်းမှာ နေသမျှ လင် မယူရ ၊ အပျိုကြီး လုပ်ရမည် ။ ပုံ ခင်ပြုံး  ၊ ကျောင်းအုပ်ဆရာမကြီး လို့လေ ။ ကိုယ့် ကျောင်း မှာ ကိုယ် ဗိုလ် ပဲ ”

အဲဒီတုန်းက အကုန်လုံး မပြုံးဘဲ ဝါးလုံးကွဲ ရယ်မိ ကြတယ် ။ ပညာရေးမှူး က လူပျိုကြီး ၊ အကြောင်းသိ ။ ဓာတ်သိ ဆိုတော့ ပြန်ခါနီးမှ ကျွန်မ စ,လိုက် မိတယ် ။

“ ဆရာရော ဒီလိုပဲ နေတော့ မှာလား ” ဆို တော့ “ ကျွန်တော့် ကို ဗိုက်ပူအောင် မလုပ်ပါနဲ့ ဆရာမကြီးရယ် ”
တဲ့ ။ အဲဒါ ခင်ပြုံး တို့ ဘဝ ။ အဲဒါတွေကြောင့် ဆရာ ဆိုတာ ကို မက်ရေ စက်ရေ ရှိကြရတာ ။ သက်ပြင်း က ( ဟင်း ) ခနဲ ။

“ မောင်ပြုံး ရယ် နင့်ကို အားကိုးပါတယ် ဆိုမှ ” ဆိုတဲ့ ကျွန်မ ညည်းညူသံ က စာသင်ကျောင်းလေး ထဲ ထွက်ကျ သွားတယ် ။ ပြီးမှ အမှတ်ရပြီး

“ ဟဲ့ မဖြူ ဆရာ ပြုံး ကို ဘယ်မှာ တွေ့ခဲ့တာတုံး ”

“ ကိုအာကျယ် လက်ဖက်ရည်ဆိုင် က တွေ့ခဲ့တာ ဆရာမကြီး ”

ကျွန်မ ဟင် ခနဲ ပါပဲ ။ ဒီလောက် ဖြစ်နေတာ သင်း က အဲဒီဆိုင် ဘာသွား လုပ်တာတုံး ။ အာကျယ် က နိုင်ငံရေးသမား ယောင်ယောင် ဘာ ယောင်ယောင် ၊ အဲဒီမှာ စုကြတာတွေ က သူ့လို ဟာမျိုးတွေက ခပ်များများ ။ အတွေးတွေ ထဲမှာ ကျွန်မ ဆတ်ခနဲ လန့်သွားတယ် ။

“ ဟဲ့ မိဖြူ အဲဒီမှာ စာရေးဆရာ ဆိုတဲ့ လူရော တွေ့ခဲ့သေးလား ”

ကျွန်မ အလျင်စလို မေးသံ ကို မိဖြူ ကတော့ ခပ်အေးအေး ဖြေတယ် ။

“ တွေ့တာပေါ့ ဆရာမကြီး ရယ် ၊ အဲဒီမှာ ဆရာပြုံး နဲ့ စာရေးဆရာ စကားတွေ ပြောနေလိုက်တာ ဖောင်လို့ ”

သွားပြီ ၊ သွားပါပြီတော် ။ အဲဒီ စာရေးဆရာ ကို ကျွန်မ သိတယ် ။ စကား လည်း ပြောဖူးတယ် ။ တစ်ခါ ဆုံကြတုန်းက “ ကျွန်တော် က ဘာမှ မဟုတ်ပါဘူး ဆရာမရယ် ၊ အနုပညာရှင် အစစ် ပါ ။ ကျွန်တော်တို့ စာရေးဆရာ ဆိုတာ လူ မှန်သမျှ ဘယ်သူ့ကို မှ မုန်းကြရတာ မဟုတ်ဘူး ။ စစ်မှန်တဲ့ အနုပညာပစ္စည်း တစ်ခု ရဖို့ ကျွန်တော်တို့ မှာ အမုန်းတရား ကင်းနေရတယ် ။ နှလုံးသား နူးညံ့သိမ်မွေ့ရတယ် ။ ကျွန်တော့် အတွက်တော့ သက်ရှိသက် မဲ့ အဖြစ် အပျက် မှန်သမျှ အားလုံးဟာ အနုပညာ ပစ္စည်းတွေပဲ ။ ကျွန်တော့် ရင်ဘတ် က တစ်လောက လုံးကို စုပ်ယူနိုင်စွမ်း ရှိတယ် ” တဲ့ လေ ။

ဒီတစ်ခါ ဘုရား ... ဘုရားလို့ ကျွန်မ အကျယ်ကြီး တ,မိတယ် ။ ဟုတ်မှာပါ ။

ငပြုံး ရေ နင်တော့ လူပေါင်း မှားပြီ ။ ငါတို့ အကြောက်ရဆုံး က စာရေးဆရာ ၊ ငါတို့ အဖြစ် ၊ နင့် အဖြစ် ကို ဝတ္ထု သာ လုပ်ပစ်ရင်တော့ ... ။

အောင်မယ်လေး ငပြုံး ရယ် ... အဲ့ဟဲ့လို့သာ ငို ပစ်ချင်တော့တယ် ။ ဒါပေမဲ့ ကျွန်မ အသံ မထွက်ရဲဘူး ။ သင်းကြောင့် ...  ။

“ ငပြုံးရယ် နင့် ကို အားကိုးပါတယ် ဆိုမှဟယ် ”

°°°°°   °°°°°   °°°°°

၄ ။

ဆရာမ တွေ ပြန် ထွက်သွားတော့ ရုံးခန်း ထဲမှာ ငြိမ်ကုပ်ပြီး ကျွန်မတို့ ဘဝတွေ ဘက် အတွေးတွေ က ရှည်ထွက် နေပြန်ရော ။ ဆရာမ လုပ်သက် နှစ် ၂၀ ကျော် ဘက် မှာ လစာတွေ တိုးထွက်လာတော့ ဘဝ မှာ ပထမဆုံး ပျော်မိတယ် ။

ကိုအေး နဲ့ အိမ်ထောင် ဖက် ၊ ကလေး သုံးယောက်  ထွက် မှ ဦးဆုံး တိုးတဲ့ လခ ။ အမျိုးသား က နာမည် နဲ့ လိုက်အောင် အေး တယ် ။ လူ ကသာ အေးတာ ဘဝ က အေးလှတာ မဟုတ်ဘူး ။ အပြောကျယ်တဲ့ ပင်လယ် မှာ လှေ တစ်စီးနဲ့ ငါးဖမ်း ထွက်ရရှာတယ် ။ အိမ်ထောင့် တာဝန်ကို သူ ထမ်းလို့သာပေါ့  ။

အဲဒီ ရက် က လှေ နားတဲ့ ရက် ။ ကျောင်း ကနေ ဆွဲခြင်းလေး ကိုင် ကသုတ်ကယက် အိမ် ပေါ် တက် ၊ အားတွေမာန်တွေ တက်လို့ ။

“ ကိုအေး ကျုပ်တို့ လစာတွေ တိုးပြီတော့ ”

ရေခဲတုံး က မလှုပ်ဘူး ။ ကျွန်မ ကို အရည်ပျော် အပြုံးတွေ နဲ့ ကြည့်လို့ ။

“ အေး ... အေး ” တဲ့ ။

ဒါပဲ ။

တော် လှေ မထွက်နဲ့လို့ ပြောနိုင်လောက်အောင် ကျွန်မ တိုးတဲ့ လစာကို ရေ ထဲ က ငါးတွေ လောက် စိတ်ဝင်စားပုံ မကျဘူး ။

နောက်တော့ လည်း ကုန်ဈေးနှုန်း က ကျွန်မတို့ လစာတွေ ကို အားကျပုံ ကျတယ် ။ မိတ်ဖက် ၊ ဓာတ်ဖက် ငယ်ပေါင်း ကြီးဖော် ကိုး ။ ဒီတစ်ခေါက် လှေဝင် လာတော့ ကိုအေး ကို လစာ အကြောင်း စကား မစရဲဘူး ။ ကျွန်မ က အညာသူ ဆိုတော့ ရွာက စကားပုံ တစ်ခု ပြေး အမှတ်ရတယ် ။

“ တို့ အိမ်က လူ လေးခွ ကိုင်ပြီး တောထဲ ထွက်သွားပါတယ်တော် ၊ စားရပါရဲ့ညောင်ရွက် ” ဆိုတာမျိုး ။ ဒီ အကြောင်း ကိုအေး သိရင် ( ကျုပ် မိန်းမ ခင်ပြုံး ဆွဲခြင်း တစ်လုံးနဲ့ ကျောင်းပေါ် တက်ပါရဲ့ ၊ စားရပါရဲ့ မြေဖြူကျိုး ) လို့ ပြောမှာ စိုးရိမ်လို့ ကျွန်မ သာ ငြိမ် နေရတယ် ။ ကိုအေး က ဒါတွေ အမှတ်ရ မထင်ပါဘူး ။

စကား တစ်ခွန်းတော့ ပြောတယ် ။

“ ပင်လယ် ထဲမှာ ငါးတွေ ရှား လာပြီ ခင်ပြုံး ရေ ၊ ရေ ထဲက ငါးတွေ က အကုန်လုံး ကုန်းပေါ် ရောက်ကုန်ပြီ ” တဲ့ ။

ကျွန်မ အသက်ရှူ ရပ် သွားတယ် ။ ကိုအေး မျက်နှာ ကို ငေးနေတာ အကြာကြီး ၊ ဒီတစ်ခါ ကျွန်မ အလှည့် ဖြစ်လေမလား ။

“ တို့ အိမ်က လူ လှေ တစ်စီးနဲ့ ပင်လယ် ထဲ ထွက်သွားပါတယ်တော် ၊ စားရပါရဲ့ ပိုက်စုတ် ” ဆိုတာမျိုး ။ ဘုရား ဘုရား တ,မိတယ် ။ အဲ အချိန် မရောက်ပါစေနဲ့ လို့လည်း ဆုတောင်း မိတာပေါ့ ။

“ ဆရာမကြီး ... ဆရာမကြီး ”

ခေါ်သံက အနားကပ် ပေါ်လာမှ ရှည်ထွက် နေတဲ့ အတွေး က ရပ်တယ် ။ “ ဟင် ... အင်း ... အင်း ” လို့ ပြန်သံ ပြုဖြစ်တော့ “ ကျောင်း ဆင်းပြီလေ ဆရာမကြီး ။ ကလေးတွေ ရော ၊ ဆရာမတွေ ရော ပြန်ကုန်ပြီ ။ ကျွန်မ ဆရာမကြီး ကို စောင့်နေတာ ၊ ရုံးခန်းတံခါး တွေ ပိတ်မလို့ ”

" ဪ ... အေး ... သမီး ၊ ရပြီ ပိတ် ... ပိတ် ”

ကျွန်မ ဆတ်ခနဲ ထရင်း ကျောင်းရှေ့ ထွက် ဆရာပြုံး စာ သင်တဲ့ အခန်းလေး ကို အကြာကြီး ငေး နေမိတယ် ။ စိုးရိမ်စိတ် က ဒီရေ လို တရိပ်ရိပ် တက်လို့ ။

“ မောင်ပြုံး ရယ် ၊ နင့်ကို အားကိုးပါတယ် ဆိုမှ ဖြစ်ရလေဟယ် ”

°°°°°   °°°°°   °°°°°

၅ ။

မနက် ကတည်းက စာ ကြောင့် ဆရာပြုံး မြို့ရုံး တက်သွားတာ က နေ့ဝက် ထိ ပြန် ပေါ် မလာဘူး ။ စာသင်ခန်း မှာ ကလေးတွေ အသံ တိတ် နေတယ် ။ ဆရာတွေ လည်း လုပ်ဖော်ကိုင်ဖက် ဆရာ တစ်ယောက် အတွက် သောကတွေ ဖက်လို့ ။ တစ်ကျောင်းလုံး အပူရောင် အောက် မှာ အရည်ပျော် လေမလားဘဲ ။

ကျွန်မ က သာ သူ့ အတွက် သောက ဖက်နေရတာ ၊ ဆရာ ကတော့ သူ့ ပုံစံအတိုင်း ပြုံးပြုံးလေး ဝင် လာတယ် ။ ကိုအေး ရေ ခင်ပြုံး ရင်မအေးချက်တော့ ငါးဖမ်းပိုက် နဲ့ တစ်ချက် လောက် ဖမ်းကြည့်ဦးတော့ ဆိုပြီး အတွေး တစ်ချက်က လင်သား ဘက် လှည့်ထွက် ပြန်ရော ။

“ ဘာတဲ့တုံး ငပြုံး ရယ် ”

ခရီး ရောက် မဆိုက် ဆိုပေမဲ့ မအောင့်နိုင်ဘူး ။

“ ပါတီ ဝင်ထားသလား တဲ့ ”

“ အဲဒီတော့ ... ”

“ ကျွန်တော် မှ မဝင်တာ ၊ မဝင်ဘူးပေါ့ ဆရာမကြီး ရယ် ”

“ နောက်တော့ ရော ...”

“ လမ်းလျှောက် သလားတဲ့ ဓာတ်ပုံ နဲ့ တိုင်ထားတာ ငြင်းလို့ ရမှာ မဟုတ်ဘူး ။ ကျွန်တော် ကလည်း မငြင်းပါဘူး ။ ဟုတ်တယ်လို့ ဝန်ခံ လိုက်တယ် ”

ပြောပုံက ၊ ပြောပုံက သူ့ မှာ ဘာမှ ပူပင်ဟန် မရှိဘူး ၊ စကား ဆက်က ပြတ် နေပြန်ရော ။

“ ဟဲ့ ဆက်ဦးလေ ... ”

“ ဝန်ထမ်း ဆိုတာ ပါတီနိုင်ငံရေး မလုပ်ရဘူး တဲ့ ”

ကျွန်မ ခေါင်းကြီး သွားတယ် ။ ဟုတ်ပါပကော ။ ဒါ တရားဝင် လိုက်နာရတာ ။ ခင်ပြုံး ကတော့ အကြိုက်ပေါ့ ။ ကိုယ့် လစာ ကိုယ် ထုတ် ၊ ကိုယ့် ကျောင်း ကို ဗိုလ်လုပ် ၊ ဘယ်သူနဲ့ မှ မပတ်သက်ရလေ ကြိုက်လေပဲ ။

“ ဒါ နိုင်ငံရေး လုပ်တာ မဟုတ်ဘူး ။ ဆန္ဒ ပြတာလည်း မဟုတ်ဘူး ။ သူ့ ကို ဘယ် ပါတီ ၊ ဘယ် အဖွဲ့အစည်း မှ မပိုင်ဘူး ။ မြန်မာနိုင်ငံ က သန်း ၆၀ ကျော် လူထု ပိုင်တယ် ။ သူ က အများပိုင် ပစ္စည်း ၊ အားလုံး နဲ့ ဆိုင်တယ် ။ အားလုံး ရဲ့ဖခင် ၊ ကျွန်တော် ကိုယ့် အဖေ အတွက် ၊ သူ့ တစ်ယောက် အတွက် လျှောက်တာ လို့ ပြောခဲ့တယ် ”

ဒါလည်း ဟုတ်တယ် ။ ကျွန်မ လက်ခံတယ် ။ ခက်နေတာ က အကုန်လုံးက လက် မခံတာ ၊ အဲ မဟုတ်သေးဘူး ။ လက် မခံရဲတာ ။

“ ဘာမှတော့ ဆုံးဖြတ်ချက် မပေးသေးပါဘူး ။ ပြုတ် သွားလည်း ဘာအရေးလဲ ဆရာမကြီး ရယ် ၊ ထားဝယ်သားပဲ လှေပေါ် တက်လိုက် မှာပေါ့  ။ ခု ရတဲ့ လစာ ထက် တော့ မနည်းပါဘူး ”

သူ ကတော့ ပြုံးပြုံးနဲ့ ပြော နေတာပါပဲ ၊ မပြီးနိုင်တာ က ကျွန်မ ။ ပူဖောင်း လာမယ့် ဗိုက်တွေ ၊ တစ်လုံးပြီး တစ်လုံး ဆုံမှာ ကြောက် နေရတာ ။ ရှားပါး မျိုးစိတ် လေ ၊ မျိုးတုံး မတတ်ရယ် ၊ ဆရာပြုံး ထွက်သွားမှ ပင့်သက် ချမိတယ် ။

“ ငပြုံးရယ် နင့် ကို အားကိုးပါတယ် ဆိုမှဟယ် ”

°°°°°   °°°°°   °°°°°

၆ ။

ခါတိုင်း ကုန်းမြင့် ကို စပြီး တက်ပြီ ဆိုတာနဲ့ ကလေးတွေ စာအံသံ ကို ကြား ရတယ် ။ ခု ကျောင်းခြေ ကပ်တဲ့ အထိ အသံ က သိပ် မထွက်ချင်ဘူး ။ ကျောင်း မှာ စာအံသံ တွေ ပျော့ကျ သွားသလိုပဲ ။ ရွာ ထဲ က အမနာပ သတင်းတွေ က လူကြီးတွေ ဆီကနေ ကလေးတွေ ဆီ ပူးကပ်ပြီး ကျောင်း အထိ ပါလာတယ် ။

“ ဆရာမကြီး ဆရာပြုံး ထောင်ကျတော့မှာ ဆို ”

အိမ်နား က တာတီး က စပ်စပ်စုစု သူရဲကောင်း လုပ်ပြီး လာ မေးတော့

“ နင့် ဘယ်သူ ပြောတုံး ၊ သွား ကလေး , ကလေး လို နေ ”

ကျွန်မ အသံ က မာထွက် သွားတော့ တာတီး ကြောက်ကြောက် နဲ့ ပြေးထွက် သွားတာ ကြည့်ပြီး စားပွဲ ပေါ် မျက်နှာ အပ်မိတယ် ။ ကျွန်မ သိတာပေါ့ ။ ဒါ မာန် ရမယ့် ကိစ္စ မဟုတ်ဘူး ၊ မသိလို့ မေးတဲ့ တပည့် အပေါ် သိအောင် ရှင်းပြရမှာ ကျွန်မ တာဝန်‌လေ ။

ခုတော့ ... ။ ကျွန်မ တာဝန် မကျေဘူးလား ။ ကျွန်မ က ဆရာမ မဟုတ်ဘူးလား ။ ဒီ သင်ခန်းစာတွေ ဘာလို့ သင်ပြခွင့် မရတာလဲ ။ ကျောင်းစာ မဟုတ်လို့လား ၊ ဘာတွေ ဆက်ဖြစ်ဦးမှာလဲ ။

တစ်ကျောင်းလုံး မှာ ကြောက်စိတ် တွေ လွှမ်း နေသလိုပဲ ။

ကလေးတွေ မျက်နှာ က ဆရာပြုံး ကို မြင်တိုင်း ကြောက်လန့် တုန်လှုပ် နေသလို ပဲ ။ အို ... ကျွန်မ ကလေးတွေ ……. ။

“ ဆရာမကြီး ဖုန်း လာနေတယ် ၊ ကိုအေး ဆီက ”

ကျောင်း ဘေးအိမ် က လှမ်း အသံပြု မှာ ကျွန်မ ဆတ်ခနဲ ထ,မိတယ် ။ ရေ ထဲ က လင်သား အားပေး စကား ကြားချင်သလိုပဲ ။ ဘဝ ခရီးဖော်ကိုး ။

" ဟဲလို ... ကိုအေး လား ၊ ကျွန်မ ခင်ပြုံး ၊ ပြော ပြော ကြားတယ် ”

“ ကလေးတွေ နေကောင်းရဲ့လား ”

စ,လာပြီ ၊ ကျွန်မများ တစ်ခါမှ အရင် မမေးဘူး ။ သူ့ သားသမီးတွေ အရင် မေးတယ် ။

" အင်း ... ကောင်းတယ် "

“ အေး ... ငါတို့ လှေ ပြန် ဝင်တော့မယ် ၊ ဒါပေမဲ့ ... ”

တီတီ တီတီ လေးချက် မြည်ပြီး ဖုန်းက ပြုတ်ကျ သွားတယ် ။ ဒီတစ်ခါတော့ M.P.T ကို ကျေးဇူးတင်ပါ ။ ဒါပေမဲ့ နဲ့ တီတီတီ နောက်ကွယ် က စကားလုံးတွေကို ကျွန်မ သိတယ် ။ ပြောရတော့မယ် ထင်ပါ့ ။

“ အိမ်က လူ လှေတစ်စီး နဲ့ ပင်လယ် ထွက်ပါတယ် ။ စားရပါရဲ့ ပိုက်စုတ် ” ဆိုတာမျိုး ။ ဘာမှန်း မသိတဲ့ ကြောက်စိတ် တွေ ကျွန်မ တစ်ကိုယ်လုံး ဖုံးသွားတယ် ။ ဒီ တစ်ခါ ညည်းသံ ပြောင်း ပြီပေါ့ ။

“ ကိုအေး ရယ် တော့်ကို အားကိုးပါတယ် ဆိုမှ တော် ”

°°°°°   °°°°°   °°°°°

၇ ။

ဒီ တစ်ခါ လှေ ရေဆိပ် အဝင် မှာ ကိုအေး ကို ကျွန်မ ဆင်း မကြိုဖြစ်ဘူး ။ ကလေးတွေ ပဲ သူတို့ အဖေ ကို ကြိုကြတယ် ။ ညဦးပိုင်း လည်း စကား မပြောဖြစ်ဘူး ။

သူ့ မှာ လည်း အလုပ်သမား လစာ ၊ ရေခဲဖိုး ၊ ဒီဇယ်ဖိုးတွေ က တစ်ဖက် ၊ ရတဲ့ ငါးပိဿာချိန် က တစ်ဖက် ၊ ချိန်ခွင် ဘောက်ချာစာရွက် ပေါ်တင်ပြီး စက်နေရတာ အကြာကြီး ည ၁ နာရီ ထိုးခါနီးမှ ပြီးတယ် ။

" ပေါင်ပိတ် ခင်ပြုံး ရေ ” တဲ့ ။

ကို အေးဆီက အသံ တစ်ချ က် ထွ က် တယ် ။ ချိန်ခွင်လျှာ ပေါင်ပိတ် ဆိုတာ ဟိုဘက် မပါ ၊ ဒီဘက် မသာ ။ အလယ် မှာ ရပ်နေတာ ။ ဒါဆို အမြတ် လည်း မရှိ ၊ အရှုံး လည်း မရှိတော့ဘူးပေါ့  ။

ပြီးမှ ကိုယ့် ကိစ္စ ပြောရတယ် ။ ဆရာမကြီး ခင်ပြုံး အကြောင်း ။ ဆရာ ပြုံး ရဲ့ အဖြစ် ။ အတွေးတွေ စစ်သွားတော့မှ ကိုအေး က စကား တစ်ခွန်း ပြောပြီး လှဲ အိပ်တယ် ။

" မိုးကြိုးတွေ ပစ် ကုန်တော့မှာပဲ ” တဲ့ ။

“ ပစ်လိုက်စမ်းပါ တော် ၊ မကောင်းသူ ထိပ် ” လို့ ပြောပြီး ဘေးဘီ အလန့်တကြား ကြည့် မိတယ် ။ တော်ပါသေးရဲ့ ၊ ဘေးအိမ် တွေ လည်း အိပ် ကုန်ပြီ ၊ ဘယ်သူမှ မကြားလို့ ။

အပူတွေ များလာတော့ လူ့ သဘာဝ ဘုရား ကို သတိရတယ် ။ လူ ဆိုတာ တစ်စုတည်း တစ်စည်းတည်း အရောင်အသွေး မကွဲဘဲ နေရပါလို၏ ဘုရား လို့ ဆုတောင်း ရင်း ဦးချပြီး ခေါင်း ပြန် အမော့မှာ ...

ဘုရားစင် အောက်က ဓာတ်ပုံ ဆီ ဖျတ်ခနဲ အကြည့် ရောက် မိရဲ့ ။ ကျွန်မ အသက်ရှူ ရပ် သွားတယ် ။ ပြီးတော့ ကြက်သီး တွေ ဖြန်းဖြန်း ထလို့ ။ အို ... ပြုံး လို့ပါလား ၊ သူ့ အပြုံး ။

မြင်း ပေါ် က လူကြီး လေ ။ ကျွန်မ ကို ပြုံးပြုံးကြီး ကြည့် နေတယ် ။ သူ့ ဆီက အားပေးသံ တစ်ချက် ကရုဏာသက်သံ နဲ့ ထွက်လာ သလိုပဲ ။ သဲ့သဲ့လေး ။ ဟို အဝေးကြီး က လာတဲ့ အသံမျိုး ။

" သိပ် ကြောက် နေလား သမီး ၊ အဖေ က သမီးတို့ အတွက် ကြောက်စရာကြီး ဖြစ်နေပြီလား ။ မကြောက်ပါ နဲ့ သမီး ရယ် ” တဲ့ ။ ကျွန်မ အင့်ခနဲ ငိုလိုက် မိတယ် ။

°°°°°   °°°°°   °°°°°

၈ ။

ည တုန်းက အိပ်မက် ထဲ မှာ ကျောင်းအုပ်ဆရာမကြီး ခင်ပြုံး က ဆရာပြုံး ကို နောက် လုပ်ဦးမလား ဆိုပြီး ကြိမ် တစ်ချောင်း နဲ့ ရိုက် နေတာ အကြာကြီး ။ ရိုက် တဲ့ လူ က ငို လို့ ၊ အရိုက် ခံရတဲ့ လူ က ပြုံးလို့ ။

အဖြစ်က ပြောင်းပြန်ကြီး ။

မိုး လင်းတော့ ကိုအေး က ပြောတယ် ။ ည က ကျွန်မ ခင်ပြုံး လေ ၊ သူ့ ကို ကြောက်တယ်လို့ ယောင်ယောင် အော် နေတယ်တဲ့ ။ ပြော သေးတယ် ( မိုးကြိုးတွေ တော့ ပစ်ကုန်တော့မှာပဲ ဟာ ) တဲ့ ။

ကိုအေး ရယ် တော့် ကို အားကိုးပါတယ် ဆိုမှ တော် ...

နောက်နေ့ မှာ ကလေးတွေ ကို ပုံပြင် ပြောဖို့ ဆုံးဖြတ် တယ် ။ ဘုရားရှင် လက်ထက် က အဖေ ကို သ,တ်မိတဲ့ အဇာတသတ် အကြောင်း ၊ ဒီလောက်တော့ ကျွန်မ သတ္တိ ရှိရမှာပေါ့ ။

◾အောင်ဖြိုးကျော်  ၊ ပခုက္ကူ  ၊

📖 ရွှေအမြုတေ မဂ္ဂဇင်း
      စက်တင်ဘာလ  ၊ ၂၀၁၆

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment