Sunday, July 28, 2024

ဆိတ်ကွယ်ရာ


 

❝ ဆိတ်ကွယ်ရာ ❞
_________________
     ကြည်အေး
_________________

( ၁ )

ကိုလှဝင်း သည် အခုတလော ရေချိုး လျှင် တော်တော် ကြာအောင် ချိုးနေမိသည် ။ သို့သော် ဘယ်လောက် ကြာအောင် ချိုးချိုး သူကလေး ပေါ်မလာချေ ၊ ထို ချုံကွယ်က မျက်နှာကလေးများ ဝင်းခနဲ ပေါ်မလားရယ် လို့ မသိမသာ မျှော်ပြန်လည်း ပန်းပွင့်ဖြူဖြူ တောင် မတွေ့ရ ။ သည်ထက် ပို၍ ကြာရှည် ရေချိုး လည်း မတော်တော့ သဖြင့် ရေတွင်း မှ ထွက်လာ ခဲ့ပြီး အိမ် ပေါ် တက်မိ၍ နောက်ပြန် လှည့် ကြည့် လျှင်တော့ သူ ကလေး သည် မျက်နှာသုတ်ပဝါ ကို မလုံ့တလုံ ခြုံ၍ ရေပုံး ကို တစ်ဖက်က ဆွဲကာ ခေါင်းငုံ့ ၍ ဖြည်းလေးစွာ လာနေသည် ကို မြင် စမြဲပင် ။

သူ့ မှာ ရေတွင်း သို့ ရမယ်ရှာ၍ သော် လည်းကောင်း ၊ မျက်နှာပြောင် တိုက်၍ သော် လည်းကောင်း သွားလိုစိတ် တော့ မရှိ ။

သူကလေး မျက်နှာမှာ လှပတယ်ရယ် လို့တော့ မပြောနိုင် ။ အသားကလေး ကတော့ ဝင်းအိသည် ။ မျက်နှာမှာ ဝိုင်းဝိုင်းဖောင်းဖောင်း နှင့် နေပူ ထဲ ရောက်လျှင် ပါးအို့ကလေးများ တောင် နီချင်သည် ။ နှုတ်ခမ်းစုစု ၊ မျက် လုံးညိုညို ကိုယ်လုံးဖွဲ့ဖွဲ့ ရှိကာ ချစ်စရာကလေး လို့ အလွယ်တကူ ပြောရ မလား ၊ ခက်သည် ။ တစ်ခုမှာ သူ့ ကို အဝတ်အစား အပြည့်အစုံ ဝတ်လျက် မတွေ့ဖူးသေး ရကား အကဲခတ် ရ ခက်လှလေ၏ ။

ဟော ... ဟိုက ရေနံသုတ်အိမ်ကြီး မှာ သူ နေတယ် ထင်သည် ။ ပူလွန်းလှသည့် ရာသီ မို့ ရေတွင်း ကို ရေလာ ချိုးထင်ပါရဲ့ ။ အေးလေ ... ကိုယ့် လို ရှိတော့မပေါ့ ။ သို့သော် ကိုယ် က အချိန်မှန် ချိုးတာ နဲ့ သူ က လည်း အချိန် မှန် ချိုးတာချင်း ကိုက်ပြီး ကို ချိုးပြီး ချိန် သူ ရောက်ရောက်လာတယ် ထင့် ... ။

ရေတွင်း ကို အဖော်အလှော် မပါဘဲ သူလာသည် ။ ကိုလှဝင်း သည် အတွေးလက်စ ကို ဖြတ်ချင်သည် နှင့် ခေါင်း တစ်ချက် ခါကာ ရေတွင်း သို့ လာခဲ့လေသည် ။

ရေချိုးရသည် မှာ ယခင်လို မလွတ်လပ် ။ မိမိ ကတော့ အိမ် ပေါ်မှာ ရေရှားသည် က တစ်ကြောင်း အညောင်းအညာ ပြေ ချင်သည် က တစ်ကြောင်းကြောင့် ရေတွင်း မှာ ရေဆင်း ချိုးရ သော်လည်း မိမိ ရေချိုး ပြီးလျှင် ပြီးချင်း ရေလာ ၍ ချိုးတတ်သည့်မိန်းကလေးများ အနီး အပါး ကွယ်ရာမှာ စောင့်နေလေမလား ရယ်လို့ ဆပ်ပြာ ပင် စင်စင် မတိုက်ဝံ့ချေ ။ သို့သော် သူ သည် ရေ တစ်ပုံး ပြီး တစ်ပုံး အလဟဿ လောင်းလျက် ရှိလေသည် ။ ဘေးပတ်လည် ကို ငေးမောကာ နေချင် နေလိုက်ပြန်သည် ။ ဘေးပတ်လည် မှ သစ်ပင်ကြီးများ ညို့ဆိုင်းလျက် နေသည် ။ ခြံဝင်းကြီးများ နောက်ဖေးချင်း ဆုံရာ မြေကွက်လပ် မို့ မရှင်းလင်းသော ချုံနွယ် ပိတ်ပေါင်း လည်း ရှိသည် ။ ဟိုတစ်ဘက် ဆီမှာတော့ အစေခံတန်းလျား တစ်ခု မှ အိမ်သာ ရှိ လေသည် ။ ညဆိုလျှင် သည်နေရာ မှာ သမီးရည်းစားများ ချိန်းတွေ့ လို့ ကောင်းမည့် နေရာပဲ ။ မှောင် လည်း မှောင်သည် ။ လုံ လည်း လုံခြုံသည် ။

သည်လို တွေးမိပြန်တော့ အတွေးလက်စ ကို ဖြတ်ဖို့ ကြိုးစားရ ပြန်သည် ။ ကိုလှဝင်း သည် တောမြို့ကလေး မှာ ကျန်ခဲ့သည့် မိန်းမ နှင့် ကလေး နှစ်ယောက် ကို သတိရအောင် လုပ်သည် ။ ကလေး တို့ ၏ ပြုံးရွှင်ကာ မချစ် ချစ်အောင် မြှူတတ်သော အမူအရာကလေးများ ကို လွမ်းသည် ။ ဖေဖေ ရေ လာပါတော့ တူးတူး တမော့မော့လို့တောင် ဆိုနေပြီလား မသိ ။ ပြီးတော့ ခင့် ဆီ ကို လည်း စာ ရေးရဦးမည် ။ သည်အိမ် က မကောင်းလှပေမဲ့ ခေါ်ထားမှ ပဲ ထင်ရဲ့ ။ အဲသည်လို ဆိုလျှင် ရေတွင်း မှာ လွတ်လွတ်လပ်လပ် ရေချိုးရတော့မည် ထင်သည် ။ မိမိ မှာ လည်း စိတ် တစ်မျိုး ခိုးလိုးခုလု ဖြစ်စရာကလေး ပျောက်ပျက်မည် ထင်သည် ။

ကိုလှဝင်း သည် ရေချိုး ရပ်ကာ ရေလဲလုံချည် ကို ဆွဲ၍ လဲ၏ ။ ရုံး သွားရဦးမည် တကား ၊ အင်း ... အိမ်နောက်ဖေး ကတက် ပေါ် တက်မိရင် တော့ လှည့် ကြည့်လိုက်ဦးမလေ ။

လှည့် ကြည့်လိုက်တော့ ခါတိုင်းလို ပင် ရေနံသုတ်အိမ်ကြီး ထဲမှ ချုံနွယ်ပိတ်ပေါင်း များ ကြား မှ တစ်ယောက် တည်း သွားကာ တောလမ်းကလေး မှ နှမ ဝင်းဝင်းပပ လျှောက်လာ ဟန် ကို မြင်လေ၏ ။

အင့်ဟင် ... သူ့မှာ မျက်နှာသုတ်ပဝါ တောင် မခြုံပါတကား ။ ထဘီ က ပြောင် မဟုတ်လို့ တော်သေးရဲ့ ၊ ပြောင် မဟုတ်ဆို လုံချည် တစ်ထည်လုံး မှ နှစ်ပွင့်သာ ဆုံကာ ဧရာ အပွင့်ဝါကြီး နှစ်ပွင့်နှင့် အခက်အရွယ် ဝေဆာသော အဆင်းပင် ။ သည်တော့ ရေစို လည်း သိပ်တော့ ထူးခြားမယ် မဟုတ် ။

သည်တစ်ချက် အတွက် တော့ သူကလေး ကို ကျေးဇူးတင်ရသည် ။ သူကလေး သည် ရေ ကို မှန်မှန် လာ ချိုးလည်း တစ်နေ့ ထက် တစ်နေ့ တော့ သူ့ လိုပင် ရေချိုး ကြာလာ လည်း လုံချည်ပါးပါး ကို သော် လည်းကောင်း ၊ ပြောင် ကို သော် လည်းကောင်း ဝတ်၍ ချိုး သည်ကို တစ်ခါမှ မတွေ့ရ ။

သည်တော့ သူကလေး ဆံပင်ထုံးဟန် ၊ ရေအချိုး လာရာမှာ တောင် နှုတ်ခမ်းဆိုး ဆေး မပြယ်သေးဟန် ၊ မျက်နှာထားဟန် ၊ သွားလာဟန် မှာ သာ မက မိကောင်းဖခင် သားသမီး နှင့် တူတာ ထို အကျင့်ကလေး လည်း ရှိသည်ရယ် လို့ အထင် ကြီးရမည် ထင်သည် ။

ကိုလှဝင်း သည် မရည်ရွယ်ဘဲ နှင့် ခပ်ကြာကြာ ကြည့် နေမိသည် ။ အနိမ့်တွင်း မှာ ရှိသော မိန်းကလေး တစ်ယောက် ရေချိုး နေသည် ကို ယခုလို အိမ်ကပြင် ပေါ် က လှမ်းကြည့်ရ သည်မှာ မကောင်းဘူး လို့ ဆိုလျှင် တိုက်ရိုက်ဆန့်ကျင် ပြောသည်လိုများ သူတကာ က ဆိုလေမလား ။

သူကလေး က ခပ်အေးအေးပင် ။ သူ့ ဝင်းပသော မျက်လုံးကြီးများ ကို လှန်လို့ပင် မကြည့် ။ ရေပုံးကို  တောသူကလေးများ လိုပင် ကျင်လည်စွာ နှစ်ခပ်၍ ဆွဲတင်ကာ လောင်း ချိုးသည် ။ သည်လို ဆိုတော့ သည် ရေနံသုတ်အိမ်ကြီး မှာ မွေးဖွားကြီးပြင်းပြီး သည် ရေတွင်း မှာ ချိုးနေကြပေလား လို့ တွေးမှား စရာတည်း ။ သို့သော် သူ ရောက်စက မမြင်ရဘဲ ယခုမှ ဘာကြောင့် ချိုးသလဲ မသိ ။

အေးလေ ခုမှ မနေသာ မထိုင်သာအောင် ရာသီ က ပူလာလို့ပဲဖြစ်ရမှာပေါ့ ။

သည့်ထက် ကြာကြာ ကြည့်နေလို့ မဖြစ်တော့ဘူး ဟု သတိရ၏ ။ ကိုလှဝင်း သည် အိမ်တွင်း သို့ ဝင်ခဲ့ပြီး အဝတ်အစား လဲကာ ရုံး သွားဖို့ ပြင်သည် ။ မိန်းမ ပါ မလာသေးတော့ ရုံး က ဆိုင် မှာပဲ ထမင်း စားရသည် ။ ညနေစာ ကျပြန်တော့ ဟို မိတ်ဆွေ ၊ သည် သူငယ်ချင်း တွေ နှင့် လိုက်ကာ တစ်ခါတစ်ရံ အဖော် မရှိလျှင် စိတ်လိုလက်ရ ကိုယ့် ဘာသာ ချက်ပြုတ် စားသည့် အခါလည်း စားလိုက်သည် ။ ပျင်းတာ နှင့် ဘာမှ မလုပ်လဲ ဗိုက်မှောက် ကာ အိပ်ပြီး တစ်ရေးနိုး မှာ လေတဝူးဝူး ထ လျှင်လည်း ထ နေတတ်သည် ။

ရုံး သွားခါနီး အိမ်နောက်ဖေး တံခါး ကို ပိတ်သော် သူကလေး မရှိပြီ ။ နောက်ပိုင်း ကလေး ပင် မမြင်လိုက်ရ ။ ကိုလှဝင်း သည် စိတ်သက်သာ သွားသလား ၊ စိတ်မောသွား သလား ကိုယ့် ဘာသာ မပြောနိုင်ဘဲ သက်ပြင်း တစ်ချက် ချမိပြီး ရုံးသို့လာခဲ့လေ၏ ။

ရုံး မှာ နေလည်း သူ့ စိတ်ပဲ ၊ စားသောက် နေလည်း သူ့စိတ်ပဲ ။ အိမ်ပြန် ရောက်လည်း သူ့ စိတ်ပဲ ရယ် လို့ သီချင်းလုပ် ဆိုရမည် ဆိုလျှင် မုသာဝါဒ ဖြစ်ပေလိမ့်မည် ။ အကြောင်းကား တစ်ခါမှ တစ်နေ့လုံး သူကလေး ကို သတိ မရတော့ သောကြောင့်တည်း ။ ကိုလှဝင်း သည် မိန်းမ ဝါသနာ ပါသည် လည်း မဟုတ် ။ လူပျိုလူရွယ်ကလေး လည်းမဟုတ် ။ စိတ်ကူး လည်း မယဉ်တတ် ။ ပြီးတော့ သူ့ မိန်းမ နှင့် ကလေးတွေ ကို ချစ် တတ်သော ၊ မိန်းမ ရှိလျှင် အိမ်မြဲသော အိမ်ထောင်သည် ယောက်ျား ဖြစ်သည် ။ တစ်နေ့ တွင် မိန်းမ နှင့် ကလေးတွေ ကျကျနန နေဖို့ အိမ် ဆောက်ရန် ရည်သန်ကာ အိမ်ပုံစံ တစ်ခု ပြီး တစ်ခု ဆွဲနေသော ဝါသနာ လည်း ရှိသည် ။

ညနေစောင်း သော် မိန်းမ ကို ပို သတိရသည် ။ အကြောင်းမူကား အိမ် က ဆီးကြို နေနိုင်မည် မဟုတ်သော ကြောင့်တည်း ။ တော မှာ တုန်းကလို ပြန်လာ လျှင် သနပ်ခါး ပါးကွက် နှင့် ကလေး နှစ်ယောက် ကို တစ်ဖက်စီ မနိုင်မနင်း ချီကာ ဆီးကြိုသော မယား နှင့် တစာစာ ဆီးပြောသော စကား ကို မကြုံရပြီ ။ ပြီးတော့ ထမင်းပွဲ အသင့်ပြင်သည် ကို လည်း မစားရပြီ ။ အင်း ... ယောက်ျား တစ်ယောက် မှာ မယား ၊ သား စကား တို့ မပြည့်စုံ လျှင် လူ့ပြည် ၌ နေချင်စဖွယ် မကျန် ။ သည်တော့ အိမ်ပြန် ရောက်ရောက်ချင်း စာ ရေးဦးမှပဲ ။

သူ့ မိန်းမ ထံ ရေးသော စာမှာ အရေးကြီးသော အချက် နှစ်ချက် သုံးချက်လောက် ပါသည် ။

“ ခင် နဲ့ ကလေးတွေ မရှိတာ ယောင်ခြောက်ခြောက်ကြီးပဲ ၊ ဘဝသစ် ကူးလာသလား အောက်မေ့ရတယ် ၊ တစ်ယောက် တည်း ပေါ့တော့ကြီး ... စားရသောက်ရ တာ လည်း တယ်ဆင်းရဲတာပဲ ကွာ ၊ အဝတ်အစား က ဒိုဘီ ပေးလို့ ရသေးတယ် ၊ ထမင်းဆိုင် မှာ စားတာ များတော့ ခင် ဖျော်တဲ့ ငရုတ်သီးစိမ်းတောင့် ရယ် ၊ ကြက်သွန်ဖြူ ရယ် ၊ ငါးကြင်းကင် ရယ် ပါတဲ့ ငါးပိရေဖျော်ကလေး ပဲ ဥသျှစ်ရွက် နဲ့ တို့စားရပါ တော့ လို့ အောက်မေ့တယ် ။

( တကယ်တော့ သည်နှစ်ခု မှာ သူ အကြိုက်ဆုံး ဖြစ်ကာ နည်းနည်းမှ ခြိုးခြံစာ မဟုတ်ချေ )

တစ်ယောက် တည်း အိမ် မှာ နေပြီး အပေါင်းအဖော်တွေ လည်း မလာတဲ့ အခါ စကား ပြောစရာ လူ မရှိလို့ ကြာရင် မေ့ကုန်မှာ စိုးလို့ ကျင့်ပြီး ပြောရမလား တောင် စိတ်ကူးတယ် ၊ ခုတော့ ... လေ စပြီး ချွန်နေပါပြီ ။

ကိုလှဝင်း သည် သူ့စာ ကို သူ ဖတ်၍ ရယ်မောပြီး ပြောင်ပြက်သော လေ နှင့် လိုက် လျောအောင် လိုလို ရေးလိုက်သေးသည် မှာ ...

ခင် လိုက်လာရင် လိုက်ခဲ့နော် မလိုက်ခဲ့ရင်တော့ သည်အိ မ်က တယ်မကောင်း ပေမဲ့ နေချင်တဲ့သူ ပေါ်ရင် ပေါ်မှာ ဆရာ ရေ ခု ပြင်ထားတယ် ၊ အသားကလေး က ဝင်းဝင်း ၊ အဲဒါပဲ မြင်ဖူးသေးတယ် ၊ ဥစ္စာစောင့်မကလေးလား မသိဘူး ”

ထို ညနေ အိုက် သော်လည်း ရေဆင်း မချိုးမိ ။ အိပ်ရာ ထဲ လှဲကာ အိမ်သားတွေ ဆီ စာ ရေးပြီး သတိ ပို ရကာ မိုးချုပ် ထိ ခွေပြီး နေလေသည် ။ တော်တော် မှောင်မှ မြို့ဘက် တစ်ခါ ထွက်ပြီး ဒံပေါက် ဝယ် စားသည် ။ ပြီးတော့ ... ခင် လာရင်တော့ အသွားအလာ လွယ်ကူအောင် ကား ဝယ်မှပဲ ။ အမွေ ရတဲ့ ပိုက်ဆံကလေး ဘဏ် က ထုတ်မှပဲ ။ နှမြော နေလို့ မဖြစ် ဟု တွေးသည် ။

•••••   •••••   •••••

နောက် တစ်နေ့ မိုးလင်းသော် ရေ ချိုးဖို့လုပ်သည် ။ သူကလေး လာလိမ့်ဦးမည် ။ ကိုယ် က သူစိမ်း မိန်းကလေး နှင့် နှုတ်သွက် တတ် ရင် ကောင်းသား ၊ စကားစမြည် ပြောရ ကောင်းသား ။ ကိုယ့် မိန်းမ အကြောင်း ၊ သမီးကလေး နှစ်ယောက် အကြောင်း ပြောပြ ရရင် ကောင်းမှာပဲ ။ သူ့ မျက်နှာကလေး ဘယ်လို နေမယ်ဆိုတာ သိချင် သလိုလို လည်း ရှိလေ သည် ။ ကိုယ့် ကိုယ် ကိုယ် လည်း အထင်ကြီးချင်တင်တင် ၊ ကျေနပ်တတ်တတ် ကိုလှဝင်း သည် ရေတွင်း သို့ လာရင်း လေချွန် မိသည် ။

အိမ်နောက်ဖေး ဘက်မှာ ခါတိုင်း လိုပင် တိတ်ဆိတ်သည် ။ လူသူလေးပါး ရှင်းလင်းသည် ။ ဆက်ရက် နှင့် ကျီး များ အော်မြည်သည် ။ အရိပ်ညို့များ ကြားမှ နေခြည်သည် ဟိုတစ်ကွက် သည်တစ်ကွက် ဝါထိန် နေလေ၏ ။ ဖြုန်းခနဲ မဆီမဆိုင်ဘဲ သတိရ မိသည်မှာ သည်နေရာ ကို ရေချိုးရုံ က လွဲ၍ တစ်ခါမှ မလာခဲ့စဖူး  ၊ တစ်နည်း ပြင် ဆိုရလျှင် သည်နေရာ ကို အဝတ်အစား အပြည့်အစုံ ဝတ်၍ မလာစဖူး ၊ အပေါ်ကိုယ်လုံးတီး ၊ အောက်ပိုင်း မှာ ချည်လုံချည်နွမ်း သော် လည်းကောင်း ၊ ဘောင်းဘီဖြူတို ကို သော်လည်းကောင်း ဝတ်၍ လာမြဲပင် ။ သူ သည် ရေတွင်းသို့ မျက်နှာသုတ်ပဝါ ယူလာလေ့ မရှိ ။ တစ်ခါတစ်ရံ ရေလဲခြောက် တောင် ယူ မလာမိ ။ ယခုတလော သူ သည် စိတ်မလုံသည် နှင့် ဘောင်းဘီတို ဖြင့် ရေမချိုးတော့ချေ ။

ရေကို တစ်ပုံး ပြီး တစ်ပုံး လောင်းဆဲ ... ခေါင်း ကို တစ်ခါ မော့ လိုက်သည်တွင် ရေတွင်းဟိုဘက်ထောင့် မှာ ဘယ်အချိန် က ရောက်မှန်း မသိသော နှမကလျာ ဝင်းပဘာ ကို တွေ့ လေ၏ ။ ရုတ်ခနဲ အံ့အားသင့် သွားပြီး ဣနြေဆည် နေလိုက်၏ ။ ခါတိုင်း ပေ ၅ဝ လောက် အကွာ မှာ သာ တွေ့ဖူး သဖြင့် ယခု သိပ်ပြီး နီးကပ် နေသလို နေမထိ ထိုင်မသာ ဖြစ်သည် ။ မျက်လုံး ကို လည်း ရေတွင်း ၊ ရေပုံး နှင့် ကိုယ့် ကိုယ် ကိုယ် မှာ သာ အားစိုက် ထား သဖြင့် ညောင်းတောင် နေလေ၏ ။ ဆပ်ပြာ တိုက်သည့် အခါမှာ တော့ ဆပ်ပြာတုံး နှင့် ဆပ်ပြာ ခွက် ကို ကြည့်ခွင့်ရ လို့ နည်းနည်း တော်သည် ဆိုရဦးမည် ။

ကိုလှဝင်း သည် ရေ ကို ကမန်းကတန်း ချိုးပြီး အိမ်ပေါ် ပြန် တက်လာကာ နောက် ပြန် ကြည့်လျှင်တော့ ... သူကလေး သည် အေးဆေးစွာ ရေပုံး ကို ရေတွင်း သို့ နှစ်စပြု သည်ကို တွေ့ လေ၏ ။

သည်လိုပင် နှစ်ရက်ခြား တစ်ခါ ၊ သုံးရက်ခြား တစ်ခါ နီးနီးကပ်ကပ် ကြုံကြိုက်ရ လေသည် ။ သူတို့ သည် စကားလည်း မစ မိ ။ မျက်လုံးချင်း လည်း မဆုံ မိ ။ ရေတော့ ပြိုင်တူ ချိုးခြင်း မရှိ ၊ ကိုလှဝင်း ပြီးမှ သူကလေး ရေချိုး တတ်သည် ။ မစောင့်နိုင်လို့ များ တစ်နည်း အားဖြင့် သူ့ ကို နှင်သလား မသိ ။

သို့သော် အိမ်နောက်ဖေး တို့ ဆုံရာသည် ငြိမ်သက်၍ အရိပ်ကောင်း လှရကား ကိုလှဝင်း သည် ရင်တွင်း ၌ မရှင်းတာတွေ ပိုလေ၏ ။ ပြီးတော့ ... သည်နေရာ ကို လာရ သည်မှာ တစ်ယောက် မှ လည်း အင်္ကျီ ဝတ်လာစရာ အကြောင်းမရှိ ။ သူကလေး က အဝတ်အစား ဝတ် လာပြီး ရေတွင်း ကျမှ လဲမည် ဆိုလျှင် မကောင်းလား ။ အဲသည်တော့မှ အဝတ် အစား ချွတ်ခွာသည် ကို မြင်ရပေဦးမည် ။ ဒုက္ခပါပဲ ။ အိမ်ပေါ် မှာ ရေစည် ဝယ်ပြီး ညည ရေခံ ထား ရင်တော့ ချိုးလောက်အောင် ရကောင်းပါရဲ့ ... ။

နှစ်ပတ်မျှ ကြာလျှင်တော့ ကိုလှဝင်း သည် ရေ ချိုးရင်း က သူကလေး မျက်နှာကို စေ့စေ့ ကြည့်မိသည် ။ သူကလေး က မျက်လုံးများ လှန်လာရာ ညို့မှောင်၍ စကား ဆိုချင်ဟန် ရှိသော မျက်လုံးကြီးများ ကို သတိထား ရလေ၏ ။ အသား သာ မက မျက်လုံး ပါ ဝင်းသူကလေးပင် ။ သို့သော် နှာခေါင်း မပေါ်ချေ ။ အဖျား မှာ အနည်းငယ် ပွသည် ။ သူကလေး ၏ စိမ်းလန်းသော နားထင်စများ ၊ ပြောင်လက်သော ပခုံးနှစ်ဖက် နှင့် အထက်ဆင်အနက် နှင့် ဆန့်ကျင်သော အသားကြွကြွရွရွ ကို သိမ်းကျုံး ကြည့်မိလေသည် ။ မိန်းကလေး က ပကတိ အေးဆေးသော မျက်နှာပေး နှင့် ခပ်ကြာကြာပင် ပြန်လည်ကြည့် သေး၏ ။ ပြီးတော့ မျက်လွှာ များ ကျကာ မျက်တောင်ရှည်များ မည်းမှောင်ရိပ်၌ သူ့ အကြည့်ကလေး ပုန်းကွယ် နေပြီး ပြန် မလာတော့ချေ ။

တစ်နေ့သော နံနက်ခင်း မှာတော့ ကိုလှဝင်း သည် ရင်တဒိတ်ဒိတ် ခုန်ရလေ၏ ။ အကြောင်းကား မိန်းကလေး သည် လုံချည်ပြောင် ကို ဝတ်ရုံမက သူ နှင့် ပြိုင်တူ ရေချိုးသည် ။ သူကလေး လုံချည်ပြောင် မှာ နက်ပြာရောင် တော့ နက်ပြာရောင်ပါပဲ ။ သို့သော် နေခြည် က ဇာတ်ခုံ ပေါ်က မီးစက်ကွင်း လို လင်းခနဲ သွန်းဖျန်း ကျလာရာ အသားရောင် သာမက ထဘီဖုံး သောအ သားအရေများ လည်း ရေပြန်သည် မို့ တဝင်းဝင်း တလက်လက် ရှိလေသည် ။

•••••   •••••   •••••

မိုး တစ်ဖြောက် နှစ်ဖြောက် ရွာစ ပြုသော ၊ ပူလိုက်တာ .. ပူလိုက်တာနှင့် မညည်းရ သော တစ်နေ့တွင် ကိုလှဝင်း သည် ဖိတ်စာ တစ်စောင် ရသည် ။ ဘုရားကိုးဆူ ဖိတ်စာတည်း ။ သူ့ အိမ် နှင့် မလှမ်းမကမ်း မှ တိုက်ခံအိမ်ကလေး မှ ဖိတ်ကြားသည် ။ သူနှင့် နဂိုက သိသည် မဟုတ် ။ သူ သည် လမ်းထဲ မှာ လူသစ် ဖြစ်ရုံမက ရုံးဘက် ထွက်သော ဘက်စ်ကားဆိပ် ရှိရာ ဘက်က လွဲ၍ ကျန်သော အိမ် တစ်အိမ်ဖက် လမ်းကွေ့ သို့ တစ်ခါမှ မလျှောက်မိချေ ။ နဂိုက လည်း မြို့ထဲ မှာ သာ နေဖူးရကား လမ်း လည်း ကောင်းကောင်း သိသည် လို့ မဆိုနိုင် ။ အိမ် ညာဘက် က ထွက် သွားလျှင် ဦးဝိစာရ ဘက် ရောက်ကောင်း ရောက်လိမ့်မည် လို့ မှန်းမိဖူးသည် ။

ဖိတ်စာ ကို ရစ က သွားမည် စိတ်မကူး ၊ ညနေစောင်း ၍ မျှော်ကြည့်သော် ထင်း ရှူးပင်ကလေး နှစ်ပင်မှာ မီးနီ ၊ မီးပြာ ၊ မီးဝါ ၊ မီးစိမ်း ညှိထွန်းတာ မြင်ရတော့ စိတ်ကြည် နူးသည် ။ ထို့နောက် တီးသံ ၊ မှုတ်သံ ကြားသည် ။ တိတ်ဆိတ်သော ရပ်ကွက်မို့ သီချင်း ဆိုသူ့ အသံ ကို ပီသစွာ ကြားလျက် “ တစ်ပွင့် ပန်ပါရစေကွယ် ၊ တစ်ပွင့်တည်း ပန်ပါရစေ ကွယ် ” စသဖြင့် တစ်ဖန်တလဲလဲ တောင်းပန်သော သီချင်း ကို ဆိုသံ ကြားလျှင် သွားချင် စိတ် ပေါ်လာသည် ။ သည် သီချင်း ကို ကြိုက်သည် လို့ မဆိုနိုင်လည်း ဘာကြောင့်လဲ မသိ ၊ စွဲလမ်း၏ ။ သူငယ်ချင်း တင်မောင်အေး မင်္ဂလာဆောင် မှာ ဆိုတုန်း က မှ ကျကျနန ကြားဖူးပြီး တစ်ခါတည်း ပါးစပ်ထဲ ရောက်လာကာ တော်တော် နှင့် ပြန် မထွက်ချေ ။ သမီးလေး တူးတူး က ပင် “ တဘင့်ပန်ဘဂျေကယ်” စသည်ဖြင့် မပြီးနိုင်အောင် ဆို လွန်း၍ မယားသည် က သားအဖ နှစ်ယောက်ကို တုတ် နှင့် မောင်းမဲ၍ တိတ်စေခဲ့ရ ဖူးလေ၏ ။

အေးလေ ... မိတ်ဖြစ် ဆွေဖြစ် ပေါ့ ။ မုန့်ဟင်းခါး လည်း စားရတာ ကြာပြီ ။ အနည်းဆုံး မိတ်ဆွေ တစ်ယောက်လောက် တော့ တွေ့မှာပဲ ။ မတွေ့ လည်း တီးဝိုင်း နား သွား နေလိုက်တာပေါ့ ဟုတွေးကာ အဝတ်အစား ကမန်းကတန်း လဲပြီး ထ သွားရောက်
ခဲ့သည် ။

မိတ်ဆွေ တစ်ယောက် မက တွေ့ သည် ။ အိမ်ရှင် ကိုယ်၌ က ပုဂံဟော မှာ အခန်း ချင်း ကပ် နေခဲ့ဖူးသော အသိ ၏ ဖခင် ဖြစ်သည်ကို တွေ့ရ၏ ။ ကိုလှဝင်း သည် မုန့်ဟင်းခါး နှစ်ပန်းကန် တောင် စား လေသည် ။ တီးဝိုင်း က လည်း သူ စွဲလမ်းသော သီချင်း ကိုပဲ နှစ်ခါ ၊ သုံးခါ ထပ် တီးပြန်သည် ။ ယောက်ျား တစ်လှည့် ၊ မိန်းမ တစ်လှည့် ဆိုသည် ။

ပြန်တော့မည် ကြံဆဲ ရုံးနား က ရုံးအုပ်ကလေး ရောက်လာ ပြန်သည်နှင့် စကား မျှင် မပြတ်ဘဲ ကြာနေဆဲ မြင်ဖူး သလိုလို ရှိသော မိန်းကလေး တစ်ယောက် ဝင်လာသည် ။ သူ့ အမေ နှင့် လာသည် ။ သူတို့ ကြည့်ရသည်မှာ သူများ ကားကြုံနှင့် လာတာနှင့် တူသည် ။ ကားပိုင်ရှင် နှင့် တူသော သူငယ် က အနောက်က ခပ်သုတ်သုတ် လိုက်လာပြီး ပိုင်စိုးပိုင်နင်း မိန်းကလေး ဘေး သွား၍ ယှဉ်တွဲ နေလိုက်သည် ။ သားအမိ နှစ်ယောက် မှာ ပြုံးရွှင်ခြင်း အနည်းငယ် လျော့သွားဆဲ ၊ ကိုလှဝင်း သည် မြင်ဖူးပါတယ် ဟု တတွေး တည်း တွေးနေလေ၏ ။

ပရိသတ် ကျပ်နေပြီ ဖြစ်၍ ကိုလှဝင်း တို့ ယောက်ျား တစ်သိုက် ဆီကို လာ ထိုင်ကြ ၏ ။ သည်နေရာ ပဲ နည်းနည်း ချောင်သည် ။ မိန်းကလေး မှာ ဆံပင် ကို ဖဲကြိုးနီမျှင်ကလေး ဖြင့် စည်းကာ ဆံပင်ကလေးများ နောက်ပေါ် မှာ ကြဲချ ထားသည် ။ သည် ဆံပင် အရောင် ကို လည်း မြင်ဖူးသည် ။ နားထင်စိမ်းလန်း ဟန် လည်း မြင်ဖူးသည် ။ သည် ပါးကလေး နီချင်တာ လည်း မြင်ဖူးသည် ။ သူ ဝတ်စားထား ဟန် ကိုတော့ မမြင်ဖူးချေ ။ နိုင်လွန်အင်္ကျီ ရွှေချည်ထိုး လက်စက ကိုဝတ်သည် ။ ဘော်လီ မှာ ဇာ မပါ သော်လည်း ပုံကျ၏ ။ ထဘီ က ခိုပြာရောင် ဆာရီလုံချည်ပင် ။ သူ့ ဖိနပ်ကလေးမှာ မိန်းကလေးများ ဝတ်သလို ပျစ်ထူအန်းတ ရှိလှသော ခုံမြင့်မျိုး မဟုတ်ဘဲ ပါးလွှာကြော့ရှင်းသော ခုံမြင့် ဖိနပ်ပြာကလေးတည်း ။ ရွှေလက်ပွေ့အိတ် ကလေး ကိုင်သော်လည်း လက်ဝတ်လက်စား မပါချေ ၊ အများသော မိန်းကလေး ဧည့်သည် များနှင့် စာလျှင် သူ က နွမ်းတာပေါ်သည် ။

သူကလေး က အမှတ်မထင် မျက်လွှာ ကို လှန် ကြည့်သော် ညိုမှောင်၍ စကား ဆိုချင်ဟန် ရှိသော မျက်လုံးများ ကို တွေ့ သည် ။ အေးဆေးစွာ ကြည့် နေသေးပြီး နှစ်ယောက်သား ဖျက်ခနဲ မှတ်မိ လိုက်ကြသည် ။ ပြီးတော့ နောက် တစ်ခေါက် မျက်လုံးချင်း အစုံ မှာ နှစ်ယောက် စလုံး ပင် ပြိုင်တူ ပြုံး နိုင်လိုက်သည် ။ ဘေးမှာ မီးရောင် လင်းထိန်သည် ။ ဧည့်ခံပွဲ မှာ ဖြစ်သည် ။ သူတို့ မှာ ဝတ်ကောင်းစားလှများ သပ်သပ်ရပ်ရပ် ဝတ်စားလျက် ရှိသည် ။ ဧည့်သည်တိုင်း သည် ဂုဏ်သရေရှိ လူများ ဖြစ်ကြသည် လို့ လည်း ယုံကြည်နိုင်သည် ။

ဧည့်ခံပွဲ မပြီးခင်မှာ မိုးရိပ်များ ဆင်လာသေး သဖြင့် ထိတ်လန့် ကြရသေး၏ ။ သို့သော် သေခြင်းပြင်းတိုက် သဖြင့် လွင့်သွားသည် ။ သို့သော် နောက် သုံးလေးရက် အလွန်ဆုံး သာနေမည် ။ မိုးသားများ မည်းမှောင် လာဦးမှာ သေချာသည် ။ မိုးပြင်းပြင်း ရွာကာ မိုးရာသီ စ ပေတော့မည်  ။

ကိုလှဝင်း သည် သူ့ အိမ် ပြန်ရောက်ပြီး နောက် တစ်နေ့ တနင်္ဂနွေနေ့ ၌ ရေမချိုးမိ ချေ ။ အကြောင်းမူကား မိုးလင်း ကတည်းက သူငယ်ချင်းများ လာ ဆွဲ ခေါ်သဖြင့် ပဲခူး သို့
တစ်နေကုန် ပါသွားသောကြောင့် တည်း ။

နောက်နေ့များ ၌ကား မိန်းကလေး ပေါ်မလာချေ ။ ရုံး တက် မီရန် ကသုတ်ကရက် ချိုး ရတာ နှင့် မဆုံသလား မပြောနိုင် ။ သုံးလေးရက် မတွေ့မှ သတိရ မိသည် ။ သို့သော် တော က လိုက်လာသည့် မိန်းမ နှင့် ကလေးများကို သွား ကြုံရပြန်သည် ။ နေရာထိုင်ခင်း ပြင်ဆင်ရ ပြန်သည် ။ ပြီးတော့ မိုး ရွာလာသည် ။ မိုးရေ ကို မိန်းမ က ရေတံလျှောက် နှင့် ခံသည် ။ တစ်ခါတစ်ရံ နှစ်ည သုံးညသိပ်ရေ ၊ အေးလွန်း လို့ မချိုးနိုင် ၊ ရေတွင်း ဆီ ယောင်လို့ မသွားမိ ။

နေ ပွင့်သော ညနေခင်းများ မှာ မူ မိန်းမ က ရေတွင်းနား က အရိပ် အောက်မှာ ပက် လက်ကုလားထိုင်များ ချကာ လက်ဖက်ရည်ကြမ်း ၊ ငါးပုပ်ခြောက်ဆီဆမ်းများ တည် ခင်း၍ သမီး တူးတူး က မအေ စီးပေးသော ဖိနပ်ကို ချွတ် ကာ ရေစိစပ် ထဲ ခြေအိတ် နှင့် တစွပ်စွပ် နင်း ကာ သဘောကျ ဆဲ ။ ချစ်ချစ် က မအေ့ လက် ပေါ် က အောက်ဆင်း ချင်ကာ တဝါးဝါး စကား များသည် ။

“ ခင် ရေ ... ဒီ ရေတွင်း ကို ကိုယ့် ဥစ္စာစောင့်မကလေး များ ရေ လာ မချိုးဘူးလား ” ဟု မေးလျှင် အဖက် လုပ်ပြီး ပြန် ဖြေဖော်တောင် မရ ။

“ ဟုတ်တယ် မိုး ရွာလို့ အေးသွားမှ ပဲ ဟာ ၊ ပြီးတော့ မိန်းမ က လည်း လိုက်လာ တာ ကိုးကွ ၊ ဒါပေမဲ့ ဒါကြောင့် မဟုတ်ဘူး ထင်ပါရဲ့ ”

“ ဒါဖြင့် ဘာကြောင့်လဲ”

မိန်းမ က ချက်ချင်း သိချင် လာ လျှင် ကိုလှဝင်း သည် ဘာမဆိုင် ညာမဆိုင် နှင့် ဘုရားကိုးဆူ ကပ်လှူပွဲ အကြောင်း ကို ပြောပြလေသည် ။

⎕ ‌ကြည်အေး

📖ပေဖူးလွှာ မဂ္ဂဇင်း
     အတွဲ ၁ ၊ အမှတ် ၂
     အောက်တိုဘာ ၊ ၁၉၅၇

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment