Thursday, July 25, 2024

ဂြိုဟ်သား


 

❝ ဂြိုဟ်သား ❞

ပိုက်ပြင်သမား ၏ ကောင်းမှုကြောင့် ဆရာ ကိုရင်မောင် ကျောင်း မသွားနိုင်သေးဘဲ စောင့်နေရပါသည် ။

••••• ••••• •••••

ကိုရင်မောင် နေထိုင်လျက် ရှိသော ရပ်ကွက် တိုက်ခန်း ကို အိုးအိမ်ဦးစီးဌာန မှ ပိုင်ဆိုင်သည် ။ ထို တိုက်ခန်း အားလုံး ၏ ပြုပြင်ထိန်းသိမ်းမှု ကို အိုးအိမ်ဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူးရုံး က တာဝန်ယူသည် ။

ကိုရင်မောင် တို့ က ပြတင်းမှန် ကွဲသည် ဖြစ်စေ ၊ ရေပိုက် ပျက်သည် ဖြစ်စေ ၊ အင်္ဂတေ ကွာသည် က အစ မြို့နယ်မှူးရုံး သို့ အကြောင်းကြား လိုက်ပါက သက်ဆိုင် ရာ ဝန်ထမ်းများ ကို လွှတ်၍ ပြုပြင်ပေး လေသည် ။

ဤသို့ လာရောက် ပြုပြင်သော အလုပ်သမား ဝန်ထမ်းများ မှာ ပင်ပန်း ရှာကြပါသည် ။ တိုက်ခန်းပေါင်း မြောက်မြားစွာ ကို နေ့စဉ် လိုက်လံ ပြုပြင်သော အမှု ကို ပြုရပေရာ တစ်ခါတစ်ရံ ရက်တော့ စောင့်ရသည် ။

ကလေးသူငယ်များ လေးခွ သရမ်း သဖြင့် ပြတင်းမှန်များ ကွဲအက်သည် လည်း ရှိ၏ ။ ထိုသို့သော အခါများ တွင် မြို့နယ်ဌာန မှ ရုတ်တရက် ရှောင်တခင် မှန် အစားထိုးစရာ မရှိသည့် အခါ စောင့်ရသည် ။ ရသည့် အခါ လာ တပ် ပေးသည် ။

လျှပ်စစ်မီး ပျက် လျှင်လည်း မြိုနယ်လျှပ်စစ်ဌာန သို့ အကြောင်းကြား လိုက်သည့် အခါ တာဝန်ကျ မီးပြင်သမားများ လာရောက် ပြုပြင် ပေးကြ၏ ။

ဤသို့သော အခါမျိုး များတွင် ကိုရင်မောင် တို့ ကလည်း တာဝန်ကျေ ကြပါသည် ။ ဝတ္တရား အရ လာရောက် ဆောင်ရွက် ကြသည် ဆိုပေမယ့် ဆေးလိပ် နှင့် စားစရာ တို့ဖြင့် တည်ခင်း ဧည့်ခံရသည် ။ မြန်မာတို့၏ ဓလေ့အတိုင်း ပြုစုကြ သည် ။ အပြန် တွင် နည်းသည် များသည် မဟူ လက်ဖက်ရည်ဖိုးလေး တော့ ပေး လိုက်ကြ စမြဲပင် ။

  ••••• ••••• •••••

ရေပိုက် ပျက်သည် မှာ အခါခါ ဖြစ်သည် ။ ရေပိုက်ခေါင်း က ချောင် နေသဖြင့် ရေ လာသည့်အခါ ပိတ် မရဘဲ အမြဲ ကျဆင်း နေတတ်ပြီး တစ်ခါတစ်ရံ တွင် ရေပိုက်လိုင်း က ချေးဆို့ တတ်ပြန်သည် ။

လာ ပြင်သည် ရေပိုက်ဆရာများ က ရေပိုက်ခေါင်း ကို မော်တော်ကား ဘီးကျွတ် ကို ဝါရှာ ညှပ် ၍ ပိုက်ခေါင်း ကို ကျပ်ပေး သွားတတ်သည် ။ အခိုက်အတန့် တော့ ရေပိုက်ခေါင်း ပိတ်၍ ရသွား၏ ။

ပိုက်လိုင်းချေး ဆို့ သည့် အခါ များတွင် ရေကျ မှန်စေရန် ပိုက်လမ်း တစ်လျှောက် တဒေါင်ဒေါင် ခေါက် ပေး သွားတတ်ကြ၏ ။ ရေကျ ကောင်း လာပြန်သည် ။ နောက် နှစ်ပတ် လောက် ကြာတော့ ပျက်မြဲ ပျက်ပြန်သည် ။ မြို့နယ်ရုံး သို့ ကိုရင်မောင် သွားရပြန်၏ ။

“ ပျက်ပြန်ပြီလား ဆရာ ”

မြို့နယ်လက်ထောက်အင်ဂျင်နီယာ ဦးသိန်းဝင်း က ပြုံးပြုံးကလေး နှင့် လှမ်း မေးလိုက်သည်

“ အေးဗျာ ၊ ခင်ဗျားတို့ ဆီက ဆရာ တွေ လာပြီး ပြင် လိုက်တုန်း ခဏတော့ မန်းလိုက် မှုတ်လိုက် သလိုပဲ ကောင်းသွား ပြန်ရော ၊ နောက် တစ်ပတ် လောက် ကြာ တော့ ပျက်ပြန်ရော ”

“ အင်း … ဒီတစ်ခါတော့ သေသေချာချာ စစ်ဆေးပြီး ပြင်မှရမယ် ၊ မောင်တင်ထွန်း လွှတ်ရမှာပဲ ၊ သူ ကတော့ စိတ်ချရပါတယ် ”

  ••••• ••••• •••••

ကိုရင်မောင် မိမိ တိုက်ခန်း သို့ ပြန်ရောက်ပြီး နာရီဝက်ခန့် အကြာတွင် ပိုက်ပြင်ရန် မြို့နယ်ဦးစီးမှူးရုံး မှ လူငယ် တစ်ယောက် ကိရိယာ တန်ဆာပလာတွေ နှင့် ရောက် လာသည် ။ အသက် ၂၅ - နှစ်ထက် ကျော်ပုံ မရပေ ။ ရောက်သည် ဆိုလျှင်ပဲ စကား တစ်ခွန်း မှ မပြောဘဲ ရေပိုက်လိုင်း တစ်လျှောက်လုံး လျှောက် ဖြုတ်တော့သည် ။

“ ဆရာလေး ရယ် ၊ ပိုက်တွေ အားလုံး ဖြုတ်ဖို့ လိုသလား ဟင် ၊ အရင် ဆရာ တွေ ကတော့ ဟိုခေါက် ဒီခေါက် နဲ့ ကောင်းသွားတာပဲ ။ ဘယ်လောက် ကြာမလဲ ဟင် ”

ကိုရင်မောင် က ကျောင်း သွားရမည့် အချိန် နှင့် တွက်ဆရန် မေးလိုက် ခြင်း ဖြစ်၏ ။ အရေးထဲ မမယ်မ က ဤနေ့ မှ မြို့ထဲ ဈေးဝယ် ထွက် သွားသည် ။ အကြီးသုံးယောက် က စာမေးပွဲ ဖြေသွားကြ၏ ။ အိမ် တွင် သား အငယ်ဆုံး မောင်ညီထွေး သာ စာမေးပွဲ ပြီးသဖြင့် အိမ်မှာ ကျန်ရစ်သည် ။ ကိုရင်မောင် ကလည်း ဥပဒေပိုင်း စာမေးပွဲ စောင့်ရန် တာဝန် ရှိနေသည် ။

“ ကြာတော့ ကြာမယ် ခင်ဗျ ၊ ပိုက်တွေ အကုန် ဖြုတ်ပြီး ဆေး ပစ် မှ ကောင်းမယ် ၊ ဟိုခေါက် ဒီခေါက် လုပ်တာက သံချေးတွေ ကို ခေါက်ထုတ်တာ ၊ ဆေးမြီးတိုပဲ ၊ ရေရှည် မကောင်းဘူး ”

လူငယ်လေး သည် ပြောပြောဆိုဆို သူ့ အလုပ် ကို ဆက်၍ လုပ် နေသည် ။ ထုံးစံအတိုင်း ကိုရင်မောင် က ကော်ဖီ ၊ ရေနွေးကြမ်း ဆေးလိပ် တို့ ကို ပိုက်ပြင် ဆရာလေး ဘေးတွင် ဗန်း နှင့် ချ၍ တည်ခင်း ပေးလိုက်သည် ။ သို့သော် ထို လူငယ် ကလေး မှာ လှည့်၍ ပင် မကြည်ပေ ။ သူ့ အလုပ် ကို သာ မဲပြီး လုပ်နေသည် ။

ကိုရင်မောင် သည် မဂ္ဂဇင်းစာအုပ် ကုန် သလောက် ရှိသွားသော အချိန်ထိ ပိုက်ပြင်ဆရာလေး သည် တကုပ်ကုပ် နှင့် လုပ်တုန်း ရှိသေးသည် ။

“ ဆရာလေး ၊ နားနားနေနေ ပေါ့ ၊ ကော်ဖီလေး သောက် လိုက်ပါဦး ”

ကိုရင်မောင် က လောကွတ် ပြုလိုက်၏ ။

“ နေပါစေခင်ဗျ ၊ ကျွန်တော် ထမင်းဘူးပါတယ် ”

တအောင့်လောက် ကြာ၍ ကိုရင်မောင် လှမ်း ကြည့် လိုက်သောအခါ ကိုယ်တော်ချော မှာ မီးဖိုခန်း သမံတလင်း ပေါ် တွင် အကျအန ထိုင်ကာ သူ့ မှာ ပါလာ သော ထမင်းဘူး ကို ဖွင့်၍ စား နေတော့၏ ။ ထို့နောက် ရေနွေးကြမ်းကလေး တစ်ခွက် ငှဲ့ သောက် ပြီးလျှင် သူ့ လုပ်ငန်းကို သူ ဆက် လုပ် နေပေတော့သည် ။

“ ဆရာလေး နာမည် ဘယ်လို ခေါ်သလဲ ”

ကိုရင်မောင် စကား မရှိ စကားရှာ လိုက်သည် ။

“ မောင်တင်ထွန်း ပါ ခင်ဗျ ”

“ နည်းနည်း နားပါဦးလား ၊ အခုဆိုရင် မောင်တင်ထွန်း လုပ်တာ နှစ်နာရီ တောင် ရှိသွားပြီ ”

“ နားလို့ မဖြစ်ဘူးခင်ဗျ ၊ ဟိုဘက်တိုက် ကို ဒီက နေ ပြီးရင် ကူး ရဦးမယ် ”

မောင်တင်ထွန်း သည် ဤမျှသာ ပြောပြီး ဆေးကြောပြီး ပိုက်များကို သူ့ နေရာနှင့် သူ ပြန်ပြီး တပ်ဆင်နေသည် ။

ကိုရင်မောင် အဖို့မှာ မူ ရေချိုးခန်း တစ်ဝိုက် ပြန့်ကျဲ နေသော သံချေးများ ကို ဘယ်လို ရှင်းလင်းရပါမည် နည်း ဟု စိတ်ဆင်းရဲ နေပါတော့၏ ။

ကိုရင်မောင် စိတ်ပူစရာ မလိုပါ ။ မောင်တင်ထွန်း က ပိုက်များ ကို တပ် ပြီး ဌာန မှ ထုတ်ပေးလိုက်သော ဘုံဘိုင်ခေါင်း အသစ် ကို လဲလှယ် တပ်ဆင်လိုက် သည် ။ ဘုံဘိုင်ခေါင်း အပျက် ကို သူ့ လွယ်အိတ် ထဲ ထည့်သည် ။ ကိရိယာ တန်ဆာပလာများ ကို သိမ်းဆည်းထုတ်ပိုးသည် ။ ထိုနောက် ကိုရင်မောင် အား ဘုံဘိုင် ဖွင့် ပြ၏ ။ ရေ မှာ အလုံးအရင်း နှင့် ကျလာ ကြသည် ။

ဤမျှနှင့် မောင်တင်ထွန်း ၏ အလုပ် မှာ မရပ်နားသေးပါ ။ သမံတလင်း အပေါ် ၌ ပြန့်ကျဲ နေသော သံချေးများ ကို အုန်းတံမြက်စည်း ဖြင့် အသေအချာ လှည်းချွတ်၍ ရေကျပေါက် ထဲ ရေဖြင့် လောင်းပြီး သန့်စင် လိုက်လေသည် ။

ကိုရင်မောင် ကတော့ အတော်ပင် ကျေနပ်သွား၏ ။ ဤကဲ့သို့သော အလုပ်သမား ကို ဘောက်ဆူး ကောင်းကောင်း ပေးသင့်သည် ဟု ထင်မြင် လာမိသည် ။ ခါတိုင်း ဆိုလျှင် လက်ဖက်ရည်ဖိုး ငါးကျပ် ခန့်သာ ပေးလေ့ ရှိသော်လည်း ဤအခါ တော့ ငွေတစ်ဆယ် ကို စွန့်စွန့်စားစား စေတနာ ဗရပွ ဖြင့် ပေးလိုက်ရန် ဆုံးဖြတ် လိုက်တော့၏ ။

မောင်တင်ထွန်း က အားလုံး ကိစ္စဝိစ္စများ ပြီးစီး သွားသောအခါ လွယ်အိတ် ကို တစ်ထမ်းတစ်ပိုး လွယ်လျက် အိတ် ထဲ မှ ပုံစံစာရွက် ကို ကိုရင်မောင် အား လက်မှတ် ထိုးပေးရန် ထုတ်ပေး လိုက်သည် ။ ဤအခန်း ၌ ပြင်ဆင်မှု ပြီးစီးကြောင်း ဝန်ခံ ထောက်ခံချက် ပုံစံဖြစ်၏ ။

ကိုရင်မောင် က လက်မှတ် ထိုး ပြီးနောက် မောင်တင်ထွန်း အား ငွေ တစ်ဆယ် လှမ်း ပေးလိုက်၏ ။

မောင်တင်ထွန်း သည် ငွေတစ်ဆယ် ကို လှမ်း မယူဘဲ ငေးကြောင်ကြောင် ဖြင့် ကိုရင်မောင် ကို မော့ ကြည့် နေသည် ။

“ ဦး က စေတနာ နဲ့ ပေးတာပါကွာ ၊ မောင်တင်ထွန်း လည်း တော်တော် ပင်ပန်း သွားတယ် မဟုတ်လား ၊ မုန့်ဖိုး အဖြစ် နဲ့ ယူပါကွာ ”

ကိုရင်မောင် က လက် ကမ်း၍ ပေး လိုက်သည် ။ မောင်တင်ထွန်း က မူ လှမ်း မယူပေ ။

“ ကျွန်တော် မပင်ပန်းပါဘူး ဦးလေး ၊ ဒါက လုပ်လေ့လုပ်နေကျ အလုပ်ပဲ ၊ ဦးလေး က လက်ဖက်ရည်ဖိုး ပေးစရာ မလိုပါဘူး ။ ကျွန်တော့် ကို သွားခွင့်ပြုပါ ။ နောက်လည်း ပြင်စရာ ရှိရင် ရုံး ကို သာ အကြောင်းကြား ”

မောင်တင်ထွန်း သည် ပြောပြောဆိုဆို ဖြင့် အခန်းပြင် သို့ လှမ်း ထွက် လိုက် ပြီး လှေကား မှ တောက်လျှောက် ဆင်း သွားတော့သည် ။

“ ဒီ အစ်ကို က လူယောင် ဆောင် ထားတဲ့ ဂြိုဟ်သား ထင်တယ် ဖေဖေ ”

ကာတွန်းစာအုပ် တစ်အုပ် ဖြင့် ငြိမ့် နေသော မောင်ညီထွေး က လှမ်း ပြော လိုက်ရာ ကိုရင်မောင် သည် သားတော်မောင် ဘက် သို့ လှမ်း ကြည့် လိုက်မိ၏ ။

“ ငါ့သား… မင်း ဘာ ပြောတယ် ၊ ဘယ်သူ ... ။ ဂြိုဟ်သား ဟုတ်လား ၊ ဘာဖြစ်လို့လဲ ”

မောင်ညီထွေး သည် ကာတွန်းစာအုပ် ကို ဘေးသို ချလိုက်ရင်း ပြောင်ချော်ချော် မျက်နှာ ဖြင့် ပြန် ဖြေလိုက်သည် ။

“ လက်ဖက်ရည်ဖိုး ပေးတာ မယူဘူး မဟုတ်လား ၊ ဒါဆိုရင် လူ တော့ မဟုတ်နိုင်ဘူး ၊ သားတို့ ကာတွန်းစာအုပ် ထဲမှာ ပါတဲ့ အင်္ဂါဂြိုဟ် က ကျန်ရစ်ခဲ့တဲ့ ဂြိုဟ်သား ပဲ ဖြစ်ရမယ် ၊ လူယောင် ဆောင်ထားတဲ့ ဂြိုဟ်သားပေါ့ ၊ ဟဲ ... ဟဲ ”

ကိုရင်မောင် သည် ပါးစပ် ဟ၍ သာ နေလိုက်ရပါ၏ ။ လှေကား မှ ဆင်း သွားသော မောင်တင်ထွန်း ကို အံ့သြ ရမည်လား ၊ ကာတွန်းစာအုပ်များ ဖြင့် ဗဟု သုတ စုံလင် နေပြီ ဖြစ်သော ပဉ္စမတန်း ကျောင်းသားကလေးမောင်ညီထွေး ကို အံ့ဩ ရမည်လား မပြောနိုင်တော့ပါချေ ။

⎕ မောင်ကိုယု

📖 ချယ်ရီ မဂ္ဂဇင်း
      အမှတ် ( ၁ဝ )
      ၁၉၈၅ ခု ၊  မေလ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment