❝ မနှင်းဆီ နှင့် မနှင်းပွင့် ❞
( စောလွင်ဦး )
တစ်ခါတုန်း က မုဆိုးမ ( လင်ယောက်ျား မရှိသည့် မိန်းမ ) တစ်ဦး သည် သမီးငယ် နှစ်ယောက် နှင့် အတူ တောအုပ် တစ်ခု ၏ အစွန်း တစ်ဖက် ၌ တဲအိမ်ကလေး တစ်အိမ် ဆောက် ၍ နေထိုင် လေ၏ ။ သူတို့ ၏ ခြံ ထဲ တွင် နှင်းဆီရုံ နှစ်ရုံ စိုက်ပျိုး ၍ ထား၏ ။ တစ်ခုသော နှင်းဆီရုံ သည် သွေး ကဲ့သို့ နီရဲသော အရောင် ရှိ၍ ကျန် တစ်ခု သည် နှင်း ကဲ့သို့ ဆွတ်ဆွတ်ဖြူ လျက် ရှိလေသည် ။
၎င်း မိန်းမကြီး ၏ သမီး နှစ်ယောက် သည် ထို နှင်းဆီရုံ နှစ်ရုံ နှင့် သဏ္ဌာန် တူ၏ ။ တစ်ယောက် သော သမီးပျို သည် ညိုမှောင်သော အသားအရည် ရှိ၍ တစ်ယောက် သော အမျိုးသမီး မှာ မူ ဖြူဝင်းသော အသားအရည် နှင့် လှပတင့်တယ် လေသည် ။ ထို့ကြောင့်ပင် သူတို့ ၏ အမေ သည် ၎င်းတို့ နှစ်ယောက် အား မနှင်းဆီ နှင့် မနှင်းပွင့် ဟူ၍ နာမည် မှည့်ခေါ် စေ၏ ။ ၎င်းတို့ နှစ်ဦး စလုံး ပင် စိတ်ထား မွန်မြတ်ကြ၏ ။ သို့ရာတွင် မနှင်းဆီ သည် လယ်ကွင်းများ ထဲ တွင် လှည့်လည် ပြေးလွှား ၍ ကစား နေရသည် ကို နှစ်သက် သော် လည်း မနှင်းပွင့် မှာ မူကား ထိုသို့ မဟုတ်ချေ ။ မိခင် နှင့် အတူ အိမ် တွင် နေ၍ အလုပ်များ ကို ကူညီ လုပ်ကိုင် ပေးရသည် ကို နှစ်သက် လေသည် ။
မနှင်းဆီ နှင့် မနှင်းပွင့် တို့ ညီအစ်မ နှစ်ယောက် သည် တစ်ဦး ကို တစ်ဦး ချစ်ခင် ကြင်နာ ကြ၏ ။ ၎င်းတို့ နှစ်ဦး စလုံး ကို ပင် လူတိုင်း ချစ်ခင် ကြင်နာ ကြလေသည် ။ ယုန်ကလေးများ က ပင် သူတို့ ၏ လက်ဝါး ပေါ် တွင် အစားအစာများ ကို တင်၍ ကျွေးမွေး လျှင် မကြောက်မရွံ့ လာရောက် ၍ အလုအယက် စားကြ၏ ။ သမင်ကလေးများ က လည်း ၎င်းတို့ နှင့် အတူ တော ထဲ တွင် လမ်းလျှောက် လေ့ ရှိ၏ ။ ဤကဲ့သို့ သော တိရစ္ဆာန်ကလေးများ က လည်း ချစ်ခင်ကြ သဖြင့် သူတို့ သည် တော ထဲ တွင် ညဉ့်နက်သန်းခေါင် တိုင် လှည့်လည် နေကြ သော်လည်း မကြောက်ရွံ့ကြတော့ပေ ။ သူတို့ ၏ စိတ် ထဲ တွင် တော ထဲ ၌ ၎င်းတို့ အား မည်သည့် ဘေးဥပဒ် အန္တရာယ် မျှ မရှိ ဟု ထင်မှတ် ထားကြဟန် တူ၏ ။
တစ်ည ၌ သူတို့ သည် တော ထဲ သို့ လှည့်လည် ကြရာ ညဉ့်နက် လေ သဖြင့် အိမ် သို့ မပြန်မူ၍ တော ထဲ မှာ ပင် မကြောက်မရွံ့ နှစ်ခြိုက်စွာ အိပ်ကြ၏ ။ နံနက် မိုးသောက် အလင်း ရောက် ၍ အိပ်ရာ မှ ထ လေသော် သူတို့ ၏ နံဘေး တွင် တစ်ကိုယ်လုံး ဝတ်ရုံဖြူ ဖြင့် လွှမ်းခြုံထား သော မိန်းမပျိုကလေး တစ်ဦး ကို တွေ့ရှိ ရ လေသည် ။ ၎င်း ဝတ်ရုံဖြူ နှင့် မိန်းမပျိုကလေး သည် သူတို့ အိပ်ရာ မှ ထကြသည် ကို ပြုံးရွှင်စွာ ကြည့် ၍ ပျောက်ကွယ် သွားလေတော့၏ ။ သူတို့ သည် အံ့အားသင့်စွာ ဖြင့် ထို ဝတ်ရုံဖြူ နှင့် မိန်းမပျိုကလေး အား ပတ်ပတ်လည် လှည့် ရှာ ကြည့်သော် လည်း အစအန မျှ ပင် မတွေ့ရ တော့ပေ ။ သို့သော်လည်း ၎င်းတို့ ည က အိပ် သော နေရာ သည် ချောက်ကြီး တစ်ခု ၏ အစွန်းနား တွင် ဖြစ်သည် ကို ထိတ်လန့်စွာ တွေ့ရှိရ လေ၏ ။ ထို ည က ၎င်းတို့ သည် ထိုနေရာ တွင် မအိပ်မူ ၍ ရှေ့သို့ အနည်းငယ် ဆက် သွားသည် ရှိသော် ချောက် ထဲ သို့ လိမ့် ကျ ၍ သေမည် မှာ ဧကန်မလွဲ ပင် ။ သူတို့ သည် အိမ် သို့ ရောက်လတ်သော် ထို ည က အဖြစ်အပျက် နှင့် နတ်သမီးလေး ဟု ထင် ရသော ဝတ်ရုံဖြူ မိန်းမပျိုလေး အကြောင်း ကို သူတို့ ၏ အမေ အား ပြောပြလေ၏ ။
ဆောင်းတွင်း သို့ ရောက်လေပြီ ။
နှင်းများ တဖွဲဖွဲ ကျလျက် နေသော တစ်ညနေ တွင် မနှင်းပွင့် နှင့် မနှင်းဆီ တို့ သည် ချမ်းအေး သဖြင့် ၎င်းတို့ ၏ အမေ နှင့် အတူ မီးဖိုဘေး တွင် စု၍ ထိုင်ကာ မီးလှုံ နေ ကြ၏ ။ သူတို့ ၏ အမေ သည် သမီးလေးများ အား ပုံ ပြော ပြလျက် နေ၏ ။ ထိုသို့ နေကြစဉ် တံခါး ခေါက်သံ ကို ကြား ကြ ရလေသည် ။ တစ်စုံတစ်ယောက် သော ခရီးသည် သည် လမ်း မှား၍ ဝင်လာခြင်း ဖြစ်တန်ရာ သည် ဟု အထင် ရှိကာ အမေ သည် မနှင်းဆီ အား တံခါး ဖွင့်ပေး စေလေ၏ ။ မနှင်းဆီ လည်း မီးဖို မှ ထ၍ လာ ကာ တံခါး ဖွင့် ပေး လိုက်လေ၏ ။ တံခါး ပွင့်သွား လျှင် ပွင့်သွားချင်း ပင် မနှင်းဆီ သည် ထိတ်လန့်စွာ နောက် သို့ ခုန်လိုက်သည် ကို အမေ နှင့် မနှင်းပွင့် တွေ့ကြ ရ၏ ။ အကြောင်း ဆိုသော် တံခါးပေါက်ဝ တွင် မဲနက်သော အမွေးအမှင်များ နှင့် ဝက်ဝံကြီး တစ်ကောင် ကို တွေ့ရသော ကြောင့် ဖြစ်၏ ။ ၎င်း ဝက်ဝံကြီး သည် သူတို့ နှင့် အတူ မီးလှုံ စိမ့်သောငှာ ခွင့်တောင်း လေ၏ ။ ၎င်းတို့ က လည်း လှုံခွင့် ပြု လိုက်၏ ။ အစ ပထမ တွင် မနှင်းဆီ နှင့် မနှင်းပွင့် တို့ သည် ဝက်ဝံကြီး အား ကြောက်ရွံ့ကြ သော်လည်း ဝက်ဝံကြီး ၏ ကြင်နာစွာ ဆက်ဆံမှုကြောင့် ကြောက်စိတ် တို့သည် ပျောက် ကုန်ကြ၏ ။
ဝက်ဝံကြီး သည် ထိုသို့ မီးလှုံ နေစဉ် ၎င်း ၏ ကုတ် အင်္ကျီ ပေါ် တွင် တင်လျက် ရှိသော နှင်းများကို သုတ်ချ ပေးရန် ပြောလေ၏ ။ ထိုအခါ မနှင်းပွင့် သည် အိမ် ထရံ တွင် ချိတ် ထားသော ကြက်မွေး တံမြက်စည်းလေး ဖြင့် သုတ်ပေး လေ၏ ။ အတန်ကြာ လတ်သော် ဝက်ဝံကြီး နှင့် သူတို့ သည် တဖြည်းဖြည်း ရင်းနှီး ၍ လာ ကာ မိတ်ဆွေ ဖြစ်သွားကြ တော့၏ ။ ဝက်ဝံကြီး သည် တစ်ည လုံး ပင် မီးဖိုဘေး တွင် အိပ် လျက် နံနက်လင်း မှ ပြန်ထွက် သွား တော့၏ ။
နောက်တစ်နေ့ ညနေ တွင် လည်း ဝက်ဝံကြီး သည် ရောက်လာ ပြန်လျက် မီး လှုံရန် ခွင့် တောင်း ၍ သူတို့ နှင့် အတူ မီးလှုံ လေ၏ ။ ဤသို့ဖြင့် ဝက်ဝံကြီး သည် ဆောင်းတွင်း ရောက်တိုင်း ရောက်တိုင်း ပင် လာရောက် ၍ သူတို့ နှင့် အတူ မီးလှုံ လေ့ ရှိ၏ ။ တစ်ခါတရံ တွင် လည်း မနှင်းဆီ ၊ မနှင်းပွင့် တို့ နှင့် အတူ မြူးတူး ပျော်ရွှင်စွာ ကစား လေ့ ရှိ၏ ။
ဆောင်း ကုန်၍ နွေဥတု သို့ ရောက်လေပြီ ။
တစ်နံနက်ခင်း တွင် ဝက်ဝံကြီး သည် မနှင်းဆီ နှင့် မနှင်းပွင့် တို့ အိမ် သို့ ရောက်ရှိ လာ လေ၏ ။ သူ ၏ မျက်နှာ မသာမယာ နှင့် ညှိုး နေသည် ကို တွေ့ရ၏ ။ အတွင်း သို့ ရောက် လျှင် ဝက်ဝံ ကြီး သည် သူတို့ အားလုံး အားခေါ်၍ သူ သည် ၎င်းတို့ နှင့် ခွဲရမည့် အကြောင်း ကို ပြောပြ လေသည် ။ ၎င်း သည် တော ထဲ တွင် ဝှက် ထားသော ၎င်း ၏ ရွှေ ၊ ငွေ ၊ ကျောက်သံပတ္တမြား များ အား ခိုးယူ လေ့ ရှိသော လူပုကလေးများ ၏ ဘေးရန် ကို ကာကွယ်ရန် အတွက် သွားရခြင်း ဖြစ်ကြောင်း ပြော၏ ။ ဆောင်းဥတု တွင် အလွန် အေး သဖြင့် အရာရာ တိုင်းသည် ခဲ နေသောကြောင့် လူပုကလေးများ လည်း မြေအောက် လိုဏ်ဂူ သို့ ဝင်ရောက်၍ နေထိုင်ကြ သဖြင့် သူတို့ ၏ ရန် မှ လွတ်မြောက်၏ ။ သို့သော် နွေဥတု တွင် လူပုကလေးများ သည် လိုဏ်ဂူ မှ ထွက် ၍ လာကြပြီ ဖြစ်၍ သူ လည်း ရတနာများ ကို စောင့်ရန် သူတို့ နှင့် ခွဲ၍ သွားရတော့မည် ဟု နှုတ်ဆက် ကာ ထွက်သွား၏ ။ ဝက်ဝံကြီး အိမ် မှ အထွက် တွင် ၎င်း ၏ ကုတ်အင်္ကျီ နှင့် တံခါးရွက် အစွန်း တို့ ငြိ သဖြင့် အင်္ကျီ အောက် မှ ရွှေရောင်များ ပြိုးပြိုးပြက်ပြက် နှင့် လက် သည် ကို မနှင်းဆီ နှင့် မနှင်းပွင့် တို့ တွေ့ရှိ ရ လေ၏ ။
နွေဥတု တွင် မနှင်းဆီ နှင့် မနှင်းပွင့် တို့ သည် သူတို့ ၏ မိတ်ဆွေကြီး ဝက်ဝံ နှင့် ကွဲကွာ နေကြလေ၏ ။ တစ်နေ့သော အခါတွင် သူတို့ နှစ်ယောက် သည် တော သို့ ဝင်၍ ချယ်ရီပန်းများ ကို ခူးလျက် ရှိစဉ် ပြိုလဲကျ နေသော သစ်ပင် တစ်ပင် ကို ၎င်းတို့ အနီး တွင် တွေ့ရလေ၏ ။ ထို လဲကျ နေ သော သစ်ပင် ၏ အကိုင်းအခက်တွေ ကြား ထဲ မှ ထူးဆန်းသော လူပုကလေး တစ်ယောက် သည် ခုန်ဆွ ခုန်ဆွ နှင့် ဖြစ်နေသည် ကို သနားစရာ တွေ့ရှိရ၏ ။ ထိုအခါ သူတို့ သည် အနား သို့ သွား၍ ကြည့် ရာ လူပုကလေး သည် သူ ၏ ရှည်လျားသော မုတ်ဆိတ်မွှေး နှင့် သစ်ကိုင်းများ ငြိတွယ် နေသော ကြောင့် ဤကဲ့သို့ ခုန်၍ ခုန်၍ ရုန်းကန် ဆွဲယူ နေခြင်း ဖြစ်၏ ။ သူတစ်ပါး အား ကြင်နာ သနားတတ်သော နှင်းဆီ နှင့် မနှင်းပွင့် တို့ နှစ်ယောက် သည် ၎င်း ၏ မုတ်ဆိတ်မွေး အား ကူညီ ၍ ဆွဲ ပေးကြ၏ ။ သို့သော်လည်း မရချေ ။ ရှုပ်ထွေး ၍ သာ ငြိတွယ် နေ လေ၏ ။ ထိုအခါ မနှင်းဆီ သည် အိမ် သို့ ပြန် ပြေး ၍ ကတ်ကြေး ကို ယူလာ ပြီးလျှင် လူပုကလေး ၏ မုတ်ဆိတ်မွေးများ ကို ဖြတ် လိုက်၏ ။ လူပုကလေး သည် သူ ၏ မုတ်ဆိတ်မွေးများ နှင့် သစ်ခက်များ ငြိတွယ်ခြင်း မှ လွတ်သွား သော်လည်း မနှင်းဆီ အား ကျေးဇူး မတင်ပေ ။ သူ ၏ မုတ်ဆိတ်မွေးများ ပြတ်ကုန် သဖြင့် မနှင်းဆီ အား အပြစ် တင်လျက်ရှိ၏ ။ ထို့နောက် လူပုကလေး သည် သစ်ကိုင်းတွေ ကြား ထဲ မှ ရွှေ အပြည့် ပါသော လွယ်အိတ် ကို ကောက်လျက် မည်သူ့အား မျှ နှုတ် မဆက်ဘဲ ထွက်သွား လေသည် ။
နောက် တစ်နေ့ တွင် မနှင်းဆီ နှင့် မနှင်းပွင့် တို့ သည် ငါး မျှားရန် အလို့ငှာ မြစ်ဘက် သို့ ထွက်လာရာ အခြား လူပုကလေး တစ်ယောက် နှင့် တွေ့ကြပြန် လေ၏ ။ သည် တစ်ခါတွင် မူ လူပုကလေး သည် ငါး မျှား ရင်း သူ ၏ မုတ်ဆိတ်မွေး နှင့် ငါးမျှားချိတ် ငြိ နေသောကြောင့် ကြောက်အားလန့်အား ဖြင့် ဆွဲ ဖြုတ် နေ၏ ။ ဤသည်ကို မနှင်းဆီ နှင့် မနှင်းပွင့် တို့ မြင်ရသော် သနားလှ သဖြင့် ဝိုင်း ကူ၍ ဖြုတ် ပေး၏ ။ သို့သော်လည်း မရပေ ။ ထိုအခါ မနှင်းပွင့် သည် အိမ် သို့ ပြေး၍ ကတ်ကြေး ကို ယူ လာ ကာ ငြိ နေသော မုတ်ဆိတ်မွေးများ ကို ဖြတ် လိုက်လေ၏ ။ ထို လူပုကလေး လည်း ပထမဆုံး တွေ့ခဲ့ရသော လူပုကလေး ကဲ့သို့ပင် သူ ၏ မုတ်ဆိတ်မွေး အား ဖြတ် ပစ်သည့် မနှင်းပွင့် ကို အပြစ် ပြော၍ ထွက်သွားလေ၏ ။ ၎င်း ၏ ကျော ၌ လွယ် ထားသော လွယ်အိတ် ထဲ တွင် ပုလဲလုံးကလေးများ ဖြင့် ပြည့်လျက် ရှိသည် ကို တွေ့ရှိရ လေသည် ။
မနှင်းဆီ နှင့် မနှင်းပွင့် တို့ လည်း အိမ် သို့ ပြန် လာကြရာ လမ်း တွင် သိမ်းငှက်ကြီး တစ်ကောင် သည် လူပုကလေး တစ်ယောက် အား သူ ၏ ခြေထောက်များ ဖြင့် ကုတ် ၍ ချီ နေ သည် ကို တွေ့ရ၏ ။ လူပုကလေး က လည်း ရှိသမျှ ခွန်အား ဖြင့် ရုန်းကန် ၍ နေ၏ ။ မနှင်းဆီ နှင့် မနှင်းပွင့် တို့ လည်း ပြေး သွားကာ သိန်းငှက်ကြီး ကို မောင်းထုတ် လိုက် သဖြင့် လူပုကလေး သည် သိန်းငှက်ကြီး ၏ လက် မှ လွတ်မြောက် သွားရ၏ ။ သို့သော် လည်း ၎င်း ၏ ကုတ်အင်္ကျီ သည် သိန်းငှက်ကြီး နောက် သို့ ပါသွား သဖြင့် မနှင်းဆီ နှင့် မနှင်းပွင့် တို့ အား စိတ်ဆိုး လေ၏ ။ ထို့နောက် လူပုကလေး သည် သူ ၏ ကျောက်သံပတ္တမြားများ ဖြင့် ပြည့်လျက် နေသော လွယ်အိတ်ကြီး ကို ယူ၍ မည်သူ့မျှ မနှုတ်ဆက် ဘဲ ထွက်သွား လေတော့၏ ။
ဤသို့ ဖြစ်ပြီး၍ အတန် ကြာသော် တစ်နေ့ ညနေ တွင် မနှင်းဆီ နှင့် မနှင်းပွင့် တို့ သည် တော ထဲ သို့ လမ်းလျှောက် ထွက်ခဲ့ကြ လေသည် ။ သည် တစ်ခါ တွင် လည်း သူတို့ သည် သစ်ပင် အောက် တွင် ထိုင်လျက် နေသော လူပုကလေး တစ်ယောက် နှင့် ဆုံကြ ပြန်၏ ။ ထို လူပုကလေး ၏ အနားတွင် မူ ရွှေငွေပုလဲများ ဖြင့် ပြည့် နေသော အိတ်ကြီး သုံးအိတ် ကို တွေ့ရှိ ရ၏ ။ ထို အချိန် တွင် ဝက်ဝံကြီး တစ်ကောင် သည် ပေါ်၍ လာ ကာ လူပုကလေး အား ဖမ်းယူ သ,တ်ပစ် လိုက်လေ၏ ။ ထို အခြင်းအရာ ကို မြင် လတ်သော် မနှင်းဆီ နှင့် မနှင်းပွင့် တို့ သည် ကြောက်ရွံ့ကြ သဖြင့် ထွက်ပြေး ကြ လေ၏ ။ ထိုအခါ ဝက်ဝံကြီး သည် နောက်မှ နေ၍ သူ သည် ၎င်းတို့ အတွက် ရန်သူ မဟုတ်ပါ ။ မိတ်ဆွေ ဖြစ်ပါသည် ။ ပြန်လှည့်ခဲ့ပါ ဟု အော်ခေါ်လေ၏ ။
မနှင်းဆီ နှင့် မနှင်းပွင့် တို့ လည်း ပြန် လှည့် လာကြ၏ ။ သို့သော် လည်း သူတို့ သည် အံ့ဩ သွားရလေသည် ။ အကြောင်းမူ ကား ဝက်ဝံ အစား မင်းသားလေး တစ်ပါး ရပ် နေသည် ကို တွေ့ရသော ကြောင့်ပင် ဖြစ်၏ ။ မင်းသားလေး ၏ ခြေရင်း တွင် မူ ဝက်ဝံသားရေကြီး သည် ပုံလျက် ကျ နေ လေ၏ ။
မနှင်းဆီ နှင့် မနှင်းပွင့် တို့ အနား ရောက်သော် မင်းသားလေး သည် သူ ၏ အဖြစ် ကို ပြန် ပြောပြ လေတော့၏ ။ သူ သည် မင်း တစ်ပါး ဖြစ်၍ သူ့ အား ယခု သေ သွားသော လူပုကလေး က ပြုစား ထား သဖြင့် ဝက်ဝံ သဏ္ဌာန် ပြောင်း သွားရခြင်း ဖြစ်သည် ဆို၏ ။ သူ ဝက်ဝံ ဖြစ်သော် ပိုင် ဆိုင်သော ရတနာများ ကို လူပုကလေးများ တို့ သည် ခိုးယူကြကုန်၏ ။ ယခုသော် သူ့ ကို ပြုစား ထားသော လူပုကလေး အား သ,တ်ပစ် လိုက် သဖြင့် ဝက်ဝံ ဘဝ မှ နေ၍ မင်းသား ပြန် ဖြစ်သည် ကို ရှင်းပြ လေတော့၏ ။
ထို့နောက် မင်းသားလေး သည် မနှင်းဆီ ၊ မနှင်းပွင့် နှင့် ၎င်းတို့ ၏ အမေ အား သူ ၏ ရဲတိုက် သို့ ခေါ်သွားလေ၏ ။ ရဲတိုက် သို့ ရောက်သော် မနှင်းပွင့် နှင့် သူ့ အား ပေးစား၍ မနှင်းဆီ အား သူ ၏ နောင်တော် နှင့် ပေးစားရန် မိခင် ဖြစ်သူ ထံ ၌ ခွင့်တောင်း လေ၏ ။ မနှင်းဆီ နှင့် မနှင်းပွင့် တို့ အမေ က လည်း ခွင့်ပြု သဖြင့် ၎င်းတို့ စုံတွဲ သည် လက်ထပ်ပွဲကြီး ဆင်ယင် ကျင်းပလေတော့၏ ။
ထို့နောက် သူတို့ ၏ ရဲတိုက် တွင် မနှင်းဆီ နှင့် မနှင်းပွင့် တို့ ၏ တဲကလေး မှ နှင်းဆီရုံ နှစ်ရုံ ကို ရွေ့လာ ကာ စိုက်ပျိုး ထားလေ၏ ။ နှစ်စဉ် နှစ်တိုင်း ပင် ထို နှင်းဆီရုံ နှစ်ရုံ ထဲ မှ တစ်ရုံ သည် သွေးကဲ့သို့ နီရဲသော အရောင် ရှိသည့် အပွင့်များ ကို ပွင့် ၍ ကျန် တစ်ရုံ သည် နှင်း ကဲ့သို့ ဆွတ်ဆွတ် ဖြူသော ပန်းပွင့်များ ကို ပွင့်ကုန်၏ ။
မနှင်းဆီ နှင့် မနှင်းပွင့် တို့ စုံတွဲ လည်း အသက်ထက်ဆုံး ပျော်ရွှင်စွာ နေထိုင်ကြလေ တော့ သတည်း ။
◾စောလွင်ဦး
📖 ရှုမဝ မဂ္ဂဇင်း
၁၉၅၈ ၊ ဒီဇင်ဘာ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment