❝ ချိုသော သကြားနှင့် ခါးသော C12H22O11 ❞
တုတ်ကောက် ကို အားပြုလျက် ဆိုင်တွင်း မှ တရွေ့ရွေ့ ထွက်ခွာ သွားသော ဆရာအို ကို ကြည့်ရင်း ကျွန်တော် သက်ပြင်းချမိသည် ။
မိတ်ဆွေ ဆိုင်ရှင် ရော ကျွန်တော် ပါ အခိုက်အတန် အားဖြင့် ငြိမ်ဆိတ် နေမိကြသည် ။
“ ဒီလိုဗျ ”
ဆိုင်ရှင် က စကား ကို ပြန် စသည် ။
“ ဆရာကြီး ပင်စင် ယူတော့ ကျောင်း ထဲ က အိမ်ကြီး ကို ပြန် အပ်ပြီး စံရိပ်ငြိမ် ထဲ မှာ အိမ်လေး တစ်လုံး ငှား နေသေးတယ်ဗျ ။ တက္ကသိုလ် နား မှာ ပဲ နေချင်မှာ ၊ အဲ .. နေတတ်မှာ ပေါ့ဗျာ ၊ အဲဒီ အိမ် ကို လည်း ကျွန်တော် ရှာပေးခဲ့တာပါဗျာ ”
“အခု ရော စံရိမ်ငြိမ် မှာ တဲ့ပဲလား ”
“ မဟုတ်တော့ဘူးဗျ ၊ ဝဂ္ဂီ ထဲ ပြောင်းသွား ရပြီ ၊ အင်း .. ဆရာကြီး တော့ ဒုက္ခပါပဲဗျာ ၊ ဟိုတုန်း က ကျောင်း ထဲ က အိမ်ကြီး တွေ မှာ နေလာခဲ့ရသူ က အခုလို အိမ်ခန်းကျဉ်းကျဉ်းလေး တွေ မှာ နေ ရတော့ စိတ် ဆင်းရဲ ရှာ မှာ ပေါ့ဗျာ ၊ အခု ဝဂ္ဂီ ထဲ က အိမ်ခန်းလေး ဆို ပို ဆိုးမှာ ပေါ့ ”
“ဆရာကြီး မှာ စုပြီး ဆောင်းပြီး မရှိဘူးလား ဗျာ ”
“ အင်း ၊ အနည်းကျည်းတော့ ရှိခဲ့တာပေါ့ဗျာ ။ ဒါပေမယ့် နိုင်ငံခြားပြန်တွေ မို့လားဗျ ၊ အနေအစား ကို ရုတ်တရက် ဘယ် ပြင် နိုင်ပါ့မလဲဗျာ ။ ပြီးတော့ ပင်စင် ယူပြီး ဒီ အတိုင်း ထိုင်စား နေတာ ကို က အကြာကြီး ဗျ ၊ အဲ ... သုံးနှစ် လောက် လည်း ရှိရော အခုလို
ဖြစ်သွားတာပါပဲ ”
“ ဒါနဲ့ .... ဟိုတုန်းက ဆရာကြီး စီးနေကျ ကားလေး ရော ”
“ ဃကြီး နံပါတ်ကြီး လေ ဗျာ ။ ခင်ဗျား က လည်း ”
“ ဪ ”
ဪ ၊ ဟိုတုန်း ကတော့ မနက်ခင်း အင်းလျားလမ်း မှာ ရုပ်စကင် ရှပ်လက်ရှည် ၊ သိုးမွေး ဆွယ်တာ လက်ပြတ် ၊ ဆပ်ခ်ျဘောင်းဘီရှည် နှင့် ဂေါ့ဒ်ဦးထုပ် ကို ဆောင်းပြီး ချယ်ရီသား လက်ကိုင်တုတ် ကို ဝှေ့ယမ်းရင်း ရွှင်လန်း တက်ကြွစွာ လမ်းလျှောက် နေသော ဆရာကြီး ကို ကျွန်တော် တို့ တစ်ကျောင်းလုံး ကြည်ညို အားကျစွာ မြင်ခဲ့ကြဖူးသည် ။
ညနေဘက် များ တွင် လည်း စပို့ရှပ်အဖြူ ၊ ဘောင်းဘီတိုအဖြူ ၊ ဒန့်လောပ် ဖိနပ်အဖြူ နှင့် မက်စဝဲလ် ရက်ကက် ကို ပခုံးထက် တွင် တင် ရင်း လုပ်ဖော်ကိုင်ဖက် ပါမောက္ခများ ၊ ကထိကများ နှင့် အတူ တင်းနစ်ကွင်း မှ ပြန်လာတတ်သော ဆရာ ကို သထုံလမ်းထိပ် တွင် ကျန်းမာလန်းဆန်းစွာ မကြာခဏ တွေ့ ခဲ့ရဖူးသည် ။
တစ်ခါတစ်ရံ မှာ တော့ အော်စတင်ကင်းဘရစ်ချ်ကားလေး ဖြင့် ဇနီး သားသမီးများ စုံလင်စွာ အလည်အပတ် ထွက်လာ တတ်သော ဆရာတို့ မိသားစု ကို အဓိပတိလမ်း မှာ ပီတိ ဖြစ်စွာ ၊ အားကျစွာ ကျွန်တော် တို့ တွေ့ ဖူးသည် ။
တစ်ခုသော တက္ကသိုလ် ညနေခင်း တွင် သုတ်ဖြူး လာသော ကံ့ကော်ရနံ့ ၊ ပြောင်လတ်နေသော အော်စတင်ကင်းဘရစ်ချ် ၊ ပြီးတော့ ကလေးငယ် တို့ ၏ ခိုးခစ်စီညံသော ရယ်သံလေးများ .... ။
ဪ ... ။
••••• ••••• •••••
“ဒါနဲ့ ... ဆရာ့ သားတွေ သမီးတွေ ရောဗျ ”
“ အင်း .. သား တစ်ယောက် က နယ် မှာ ဗျ ၊ နောက် သား တစ်ယောက် နဲ့ သမီး တစ်ယောက် က နိုင်ငံခြား မှာ ဗျ ”
“ သူတို့ က ရော မစောင့်ရှောက်ကြဘူးလား ဗျာ ”
“ အင်း ၊ လောလောဆယ် ဒီမှာ ရှိနေတာ က အငယ်ဆုံး သားလေး လေ ၊ ဒီ ကောင်လေး က တော့ ဖအေ့ ခြေရာ နင်းဖို့ နောက်ထား ။ ဆယ်တန်း မှာ တင် တဖုန်းဖုန်း ကျနေတာ ကို က အကြာကြီး ၊ အောင်ပြန် တော့ လည်း အမှတ် မကောင်း တော့ ဘာ မေဂျာ နဲ့ လည်း မသိပါဘူးဗျာ ။ ဘွဲ့ ရိုးရိုး တစ်ခု တော့ ရသွားပါ ရဲ့ ”
“ သူ က အခု ဘာလုပ်နေလဲ ၊ အဆင် မပြေဘူးလား ”
“ ဟား ... ဟား ၊ အဆင်ပြေသလား တော့ မမေးနဲ့ ၊ ရန်ကုန် မှာ အလုပ် ရှာ မရတာ နဲ့ စစ်ကိုင်းဘက် က ဆရာကြီး ရဲ့ မိဘဘိုးဘွား တွေ လက်ထက် က ကျန်ခဲ့တဲ့ ခြံစိုက် စားနေ သတဲ့ ”
“ အင်း .. ဆရာကြီးတို့ ကို အနည်းအကျဉ်း တော့ ထောက်ပံ့ နိုင်မှာပေါ့ နော် ”
“ ဝေးသေးဗျာ ၊ အဖေ လို ပညာ သာ မချွန်တာ ၊ ဘွဲ့ မရခင် ကတည်း က မိန်းမ ရလို့ ကလေး သုံးယောက် နဲ့ သူ့ ဟာ သူ ကို ချာချာလည် လို့ ”
“ အကြီးနှစ်ယောက် စလုံး ဆရာဝန်တွေ လေ ”
“ သူတို့ က ရော ”
“ ဟို ကို အပြီး ထွက်သွားတာတဲ့ဗျ ”
“ အို ... ဒါဆို အိုကြီးအိုမ လင်မယား နှစ်ယောက် တည်း ပေါ့ ”
“ ဒါပေါ့ဗျာ ၊ စိတ်ဆင်းရဲပါတယ် ”
“ ဟင်း .. စုပြီးဆောင်းပြီးသားလေး တွေ အနည်းအပါး ကျန်သေးရင်တော့ တော် သေးတာပေါ့ဗျာ ”
“ မကျန်တော့ဘူး ဗျ ၊ ကျွန်တော် စောစောက ပြောသားပဲ ။ အရင် ပုံစံအတိုင်း ထိုင် စားရင်း တတိတိ နှင့် ကုန်သွားပဲလေ ”
“ ပင်စင် ယူပြီးတော့ ရော တခြား စီးပွားရေးလေး ဘာလေး မလုပ်ဘူးလားဗျာ ”
“ လုပ်ပါဗျာ ၊ အဲဒါ အလုပ် ကောင်း လို့ အခုလို အခြေအနေ ပို ဆိုး သွားတာပေါ့ ”
“ ဘာ လုပ်လို့လဲဗျ ”
“ သူ မကျွမ်းတာ သွားလုပ်တာဗျ ၊ သကြား ချက်တာလေ ”
“ ဟင် ”
••••• ••••• •••••
ဘယ် မကျွမ်းဘဲ နေပါ့မလဲ ။
မှတ်မှတ်ရရ အဲသည့် နေ့ က တက္ကသိုလ် မှာ ဥသြတွန်သံ စ ကြားရတဲ့ နွေဦး တစ်နေ့ ။
စားမေးပွဲကြီး နီးလာပြီး မို့ ကျွန်တော် တို့ အားလုံး ကျောင်းတက် မှန် နေကြသည် ။
အဲသည် နေ့ က ဆရာ့ ကလပ်စ် ။
ဆရာ့ မျက်လုံး သည် တောက်ပလျက် ။ ဆရာ့ အသံ သည် စူးရှလျက် ။ ဆရာ့ ဟန်ပန် ည် တက်ကြွလျက် ။ ဆရာ့ ဝိညာဉ် တွင် ပညာဈာန် ပူးကပ် နေသည့် အချိန် ။
“ မိုနိုဆက္ခရိုက် ( momosaccharides ) တို့ ၊ ဒိုင်ဆက္ခရိုက်ဒ် ( digaccharides ) တို့ ၊ ပေါ်လီဆက္ခရိုက်ဒ် ( polysaccharides ) တို့ ဟာ ကာဗိုဟိုက်ဒရိတ် ( carbohydrates ) အုပ်စုဝင်တွေ မို့ အများ စု ဟာ လူ ရဲ့ အစားအစာတွေ ဖြစ် နေလေ့ ရှိတယ် ။ ဥပမာ - မိုနိုဆက္ခရိုက်ဒ် ၂ခု ပေါင်းရင် ဒိုင်ဆက္ခရိုဒ် တစ်ခု ဖြစ်လာတယ် ။ ဒီမှာ ကြည့် ”
ပြောပြောဆိုဆို သင်ပုန်း ထက် တွင် ဆရာ ရေး ချ လိုက်သည် ။
2C6H12O6 C12H22O11 + H20
“ ဒီ မှာ တွေ့ လား ၊ မိုနိုဆက္ခရိုက်ဒ် ၂ ခု ဖြစ်တဲ့ ဂလူးကို့စ် ( glucose ) ယူနစ် တစ်ခု နဲ့ ဖရပ်တို့စ် ( fructose ) ယူနစ် တစ်ခု တို့ ပေါင်းတဲ့ အခါမှာ C12H22O11 ဆိုတဲ့
ဆူးခရို့စ် ( surcrose ) ဆိုတဲ့ ဒိုင်ဆက္ခရိုက်ဒ် တစ်ခု ဖြစ်လာတယ် ”
ခေတ္တ မျှ နား လျက် တစ်ခန်းလုံး ကို ဆရာ စူးစိုက် ကြည့်နေသည် ။ ပြီးမှ အေး အေးစွာ ဖြင့် ဖြေရှင်း ချက် တစ်ခု ပေး၏ ။
“ အေး အဲဒီ C12H22O11 ဆိုတဲ့ ဆူးခရို့စ် ဟာ မင်းတို့ နေ့တိုင်း သုံး နေတဲ့ သကြား ပဲ ”
တစ်တန်းလုံး ရှင်းလင်းပေါ့ပါး သွားခြင်းကို ပျော်ရွှင်စွာ ခံစားလိုက် ကြရသည် ။ ဆရာ က တော့ ဈာန်ဝင်စွာ ဖြင့် ရှေ့သို့ ဆက်ဆဲ .. ။
“ ဒါကြောင့် သကြား ကို ဓာတ်ခွဲခန်း ထဲ မှာ ဖန်တီး ယူမယ် ဆိုရင် ကာဘွန် ( carbon ) အက်တမ် ၁၂ လုံး ၊ ဟိုက်ဒရိုဂျင် ( hgdrogen ) အက်တမ် ၂၂ လုံး နဲ့ အောက်စီဂျင် ( oxggen ) အက်တမ် ၁၁ လုံး ကို ပေါင်း ပေးရလိမ့်မယ် ”
ကျွန်တော် တို့ ဆရာ က အဲသည်လို ဆရာမျိုး ။ သကြား တစ်ပွင့် မဟုတ် ။ မျက်စိဖြ င့် မမြင်ရသော သကြား မော်လီကျူးလ် ( molecule ) တစ်ခု တွင် ပါဝင်သော အက်တမ် ( atom ) အရေအတွက် တို့ကို တစ်ခုချင်း ရေတွက် ပြနိုင်သော ဆရာ ။ ဒီမှာ ... ။
ကျွန်တော် တို့ ဆရာ က သကြား ကို အက်တမ် ဘယ် နှစ်လုံး ပါတယ် ဆိုတာ အထိ အသေးစိတ် တွက်တတ်တဲ့ သူ ။
••••• ••••• •••••
“ ဘာဗျ ၊ ဆရာကြီး က သိပ္ပံသမား ဗျ ၊ သကြား ချက်တတ်တာပေါ့ ဗျ ”
“ ဪ ... ကျွန်တော် ကလည်း ခင်ဗျား ဆရာကြီး ကို သကြား မချက်တတ်ဘူးလို့ မပြောပါဘူးဗျာ ၊ ခင်ဗျား ဆရာကြီး က သကြား မှ မျိုးစုံအောင် ကို ချက်တတ်ပါတယ်ဗျာ ၊ ဒါပေမယ့် သူ က သကြား ပဲ ချက်တတ်တာ ၊ သကြား မှ မရောင်းတတ်ဘဲ ”
“ ဘယ်လို ... ”
“ ကျွန်တော် အတန်တန် တားပါတယ်ဗျာ ။ မကျွမ်းကျင်တာ လုပ်ရင် ဒုက္ခ ရောက်ကုန်မှာ စိုးလို့ပါ ။ မရဘူးဗျ ၊ ခက်တာ က သူ့ ပညာ နဲ့ သူ ဈာန်ဝင် နေတာပဲ ။ ထန်းလျက် က နေ သကြား ချက်တယ်ဗျာ ၊ ဖြစ်ပါ့ဗျာ ၊ အရောင် လည်း ချွတ်ထားလိုက်တာ သကြား ကို ဖွေး လို့ ၊ အဲ ... ကြံသကာ ကနေ ချက်တယ်ဗျာ ၊ ဖြစ်တာပါပဲ ”
“ ဒါဖြင့် ဘာ ဖြစ်လို့ ... ”
“ဘာ ဖြစ်ရမလဲ ၊ မရောင်းတတ် မဝယ်တတ် တာပေါ့ဗျာ ။ ထန်းလျက် ဈေး ၊ ကြံသကာ ဈေး တက် ပြီ ဆို .. သူ က ဝယ်ပြီး ချက်ပြီ ။ အဲ သကြားဈေး ကျပြီ ဆို ... သူ က ထုတ် ရောင်းပြီ ၊ မရောင်းသေး ဘဲ လှောင်ထားဖို့ ၊ ဈေးကစား ဖို့ ပြော လည်း လူတွေ သနားပါတယ် နဲ့ .. ၊ အင်း အဲ နဲ့ ။ နောက်ပြီး သူ့ သကြား က ကောင်းလွန်းနေတယ်ဗျ ၊
တွက်ခြေ မကိုက်ဘူး ၊ အဲဒီလိုနဲ့ပဲ ရှိစုမဲ့စုလေး တွေ ကုန်တာပါပဲ ဗျာ ”
“ အင်း .. စိတ်မကောင်းပါဘူးဗျာ ၊ ဆရာ့ ကို ဒီလို ပြန် မြင်ရတာ ကျွန်တော် ရင်နာတယ် ။ သူ့ အစား ရင် လည်း မောတယ် ။ ဆရာ့ ဘဝ က ခါးသီးလိုက်တာ နော် ”
မိတ်ဆွေ ဆိုင်ရှင် က ခေါင်း ကို ခါယမ်းရင်း ညည်းပြောကလေး ပြန် ပြောသည် ။
“ အင်း ... ကျွန်တော် တို့ ကတော့ ဝတ္တရား မပျက်ပါဘူးဗျာ .. မနက်တိုင်း လက်ဖက်ရည် နဲ့ မုန့် တော့ အမြဲ ကျွေးပါတယ် ၊ သနားလွန်းလို့ပါ ဗျာ ”
“ ဘာဗျ ”
လက်ဖက်ရည် အချို့ ဖိတ်စင် သွားသည် ။
••••• ••••• •••••
ဟာ ဟ ၊ ရယ်ချင်လိုက်တာ ။ မှတ်မိသေးတာပေါ့ ။
တက္ကသိုလ်ဓမ္မာရုံ ရှေ့ ၊ အဝိုင်းလေး နား က လမ်းဘေး ဈေး ဆိုင် တွေ ဖျက်တော့ ... ၊ ဒီ လက်ဖက်ရည် ပိုင်ရှင်ပေါ့ဗျ ... အဲဒီတုန်း က လက်ဖက်ရည်ဆိုင် တောင် မဟုတ်သေးဘူး ၊
အကြော် ရောင်း နေတာ .. ။
သူ့ တစ်ဖက်ရပ် အကြော်တဲလေး အဖျက် ခံ ရတော့ မျက်နှာ ကို ဆီးရွက် လောက် ရှိတော့တာ ။ အဲဒီ ဆိုင် ကို တက္ကသိုလ်ပရဝုဏ် ထဲ မှာ နေရာ ချ ပေးတော့ ဆရာကြီး ကျေးဇူး ကြောင့် အကောင်းဆုံး ဆိုင်ခန်း နေရာ ကို ရခဲ့တဲ့သူ ။ တက္ကသိုလ် ထဲ မှာ နေရာ ကောင်းကောင်း နဲ့ ပြိုင်ဘက် မရှိ ၊ လက်ဖက်ရည်ရောင်း ၊ မုန့်ရောင်း ၊ ပြီးတော့ ထမင်း ပါ ရောင်း နဲ့ တဖြည်းဖြည်း စီးပွားရေး နယ်ချဲ့ လာတဲ့ သူ ။
နောက်တော့ လက်ဖက်ရည်ဆိုင် ရောင်း ရင်း နဲ့ သကြားဈေး ပါ ကစား တတ် လာရင်း က ကြီးပွား လာတဲ့ သူ ။ သူ လို လူမျိုး က တော့ ဟိုင်းလပ်စ် တစ်စင်း က နေ နှစ်စင်း ဖြစ် ။ တိုက် တစ်လုံး က နေ နှစ်လုံး ဖြစ် ဆိုတော့ သူ ပင်စင် ယူ ... အဲ အနားယူ ရင်လည်း မပူရတော့ဘူးပေါ့ ။
အဲဒီ တော့ သူလို လူမျိုး က ကျွန်တော် တို့ ဆရာကြီး ကို သနား မှာ ပေါ့လေ ။ ဟာ ဟ ။ ရယ်ချင်လိုက်တာ ။
“ တောက် ”
••••• ••••• •••••
“ ကဲ ၊ ပြန်ဦးမယ် ဗျာ ၊ ဘယ်လောက် ကျလဲ ”
“ ဟာ ၊ မလုပ်ပါနဲ့ ဆရာရဲ့ ၊ ဆရာ့ ကျေးဇူးတွေ အများ ကြီးပါ ဆရာ ။ သမီးကြီး ဆို ဆရာ့ ဘာသာ မှာ သိပ်ညံ့တာ ၊ ဆရာ ကြောင့် မနှစ် က အောင်တာပါ ဆရာ ရဲ့ ။ ဟင်း .. ဟင်း ”
“ဒါတွေ အရေး မကြီးပါဘူး ဗျာ ၊ ဘယ်လောက်ကျလဲ ၊ ယူစမ်းပါ ”
“ ဒီ တစ်ခါတော့ မယူရပါစေနဲ့ ဆရာ ၊ နောက်မှပဲ ...”
“နောက်လည်း ရောက် ဖြစ်မှာ မဟုတ်တော့ပါဘူး ဗျာ ၊ ကျုပ် လည်း ပင်စင် ယူတော့မှာ ပါ ... ”
◾မင်းသစ်
📖 အိပ်မက်ဖူး မဂ္ဂဇင်း
၁၉၈၉ ၊ အောက်တိုဘာ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment