❝ ဈေးကွက် က ဘောင်ခတ် ခံရတဲ့ ပန်းပုဆရာ ❞
[ လှည်းလမ်း ဟောင်း မို့ မြေသား ကို လှည်းဘီး သံဖနောင့် စားထားတဲ့ ချိုင့်တွေ က တော်တော် နက် နေပါပြီ ။ ချိုင့်ခွက်တွေ ကို ခွပြီး သတိကြီးကြီး နဲ့ ကား က သွား ရတယ် ။
ကျွန်တော် စီး လာ တဲ့ ကား က ဘော်ဒီ မြင့်တဲ့ ပါဂျဲရိုး အမျိုး မို့ သာ မြေသား လှည်းလမ်း ဟောင်း ကို သွား နိုင်တာပါ ။ ကား ကောင်းရုံ သာ မက ကားမောင်း တဲ့ လူငယ် ကိုဇော်ထက် ရဲ့ ကျွမ်းကျင်မှု လည်း သည် ခရီး မှာ အရေးကြီးတယ် ။ ရေစကြိုသား ကိုဇော်ထက် က မြေမလှရွာ ကို သွား တဲ့ လမ်း ကို သည် ကား နဲ့ သွားနေကျ ။ မြေမလှရွာ မှာ တောင်ဦးတောင် လို့ ခေါ် တဲ့သဲကျောက်တောင် တစ်ခု ရှိပါတယ် ။ မာကျစ်တဲ့ သဲကျောက်တုံး ၊ သဲကျောက်လွှာချပ်တွေ တောင်ဦးတောင် က ထွက်တယ် ။ နီညိုရောင် ၊ အနီရောင် ၊ အဝါရောင် အရောင် လည်း စုံတယ် ။ သဲကျောက်လွှာချပ်တွေ က အရောင်သွေး စုံပြီး အရည်အသွေး ကောင်း လို့ မန္တလေးမြို့ မှာ ဆီဒိုးနား ဟိုတယ်ကြီး ဆောက် တော့ သည် က ကျောက်ချပ်တွေ ကို မှာယူပြီး သုံးခဲ့တယ် ။ ပုဂံ က ဟိုတယ် အချို့ လည်း တောင်ဦးတောင် က ကျောက်ချပ် တွေ ကို သုံးကြတယ် ။
အမျိုးအစား ကောင်း တဲ့ ကျောက်ချပ်တွေ ထွက်တဲ့ အရပ် မို့ အစဉ်အဆက် ကျောက်ဆစ်ပန်းပု ထု ခဲ့ကြသူတွေ မြေမလှရွာ မှာ ရှိခဲ့တယ် ။
တောင်ဦးတောင်ခြေ က မြေညီမြေပြန့် မှာ ကျောက်ဆစ်ပန်းပု ထု တဲ့ ထန်းလက် တဲကလေး တွေ ကို တွေ့မြင် နိုင်ပါတယ် ။ စိမ်းညို တဲ့ ထန်းတောကြီး တွေ ၊ သနပ်ခါးပင် တွေ ဝန်းရံ ထားတဲ့ ထန်းလက်တဲကလေး အောက် မှာ ထုဆစ် လက်စ ကျောက်ပန်းပုရုပ်တု တွေ ကို ဟို တစ်စ ၊ သည် တစ်စ တွေ့မြင် ရ မှာ ဖြစ်ပါတယ် ။
မြေမလှရွာ ထန်းလက်တဲကလေး အရိပ် အောက် က ထုဆစ် လိုက်တဲ့ ကျောက်ဆစ်ရုပ် တွေ ဟာ ပခုက္ကူ - တောင်ကြီး - တာချီလိတ် က တစ်ဆင့် ယိုးဒယားနိုင်ငံ ကို ရောင်းကုန် တစ်ခု အဖြစ် ရောက်သွား ပါတယ် ။ ချင်းမိုင် ၊ ဘန်ကောက် မှ သည် ကျောက်ဆစ်ရုပ် တွေ ဟာ ဘယ်ဝယ် ဘယ်ဆီ ခရီး ဆက်ကြမယ် ဆိုတာ ကို မှန်းဆ လို့ မရနိုင်ပါဘူး ။
ရေစကြိုမြို့နယ် ၊ မြေမလှရွာ အနီး တောင်ဦးတောင်ခြေ က ကျောက်ဆစ် ထု တဲ့ ထန်းလက်တဲကလေး အရိပ် မှာ ထိုင်ရင်း ကျောက်ဆစ်ဆရာ ကိုသိန်းဝင်းအောင် ၂၂ နှစ် က သူ့ လုပ်ငန်း အကြောင်း ကို ပြောပြပါတယ် ။ ]
••••• ••••• •••••
ကျောက်ဆစ် ထု တဲ့ အလုပ် ကို ကျွန်တော့် အဘိုး တို့ ၊ အဖေ တို့ လက်ထက် ကတည်း က လုပ်ခဲ့တာပေါ့ ။ အဘိုးဦးဖိုးတင် တို့ ၊ ဦးဖိုးအောင် တို့ က လည်း ရုပ်ထုဆရာ ပဲ ။ အဘိုး တို့ ခေတ် က တော့ သမင်ကလေး တွေ ၊ ခြင်္သေ့ရုပ်ကလေး တွေ တိရစ္ဆာန်ပုံ ထု ခဲ့တာပေါ့ ။ အဖိုး ဦးဖိုးအောင် က လက်ရာ တော်တော်မြောက် သတဲ့ ၊ အင်္ဂလိပ်မင်း လက်ထက် က ဆုငွေ တွေ ဘာ တွေ တောင် ရခဲ့ဖူး သတဲ့ ။
ကျွန်တော့် အဖေ ဦးချို က တော့ စေတီတွေ တည်တာ ။ သဲကျောက်တုံး တွေ ကို စေတီ ရဲ့ ဖိနပ် ၊ ပစ္စယာ ၊ ခေါင်းလောင်း ၊ ကြာမှောက် ၊ ကြာလှန် ၊ ငှက်ပျောဖူး ၊ ထီး က အစ တစ်စ စီ ၊ တစ်စ စီ ထုတယ် ၊ နံပါတ် ထိုး ပြီး ကောက် ဆင် လိုက် ရင် သဲကျောက် စေတီ တစ်ဆူ ဖြစ် သွားတယ် ။ ဉာဏ်တော် ၃၇ တောင် ( ၅၅ ပေခွဲ ) အထိ မြင့်တဲ့ စေတီ ကို အဖေ တည်ဖူးတယ် ။ ချင်းပြည်နယ် မင်းတပ်မြို့ က တောင်ပုလု တောင်တန်းသာသနာပြု ဆရာတော် ရဲ့ အစီအစဉ် နဲ့ စေတီ ၂၈ ဆူ တည် ပြီးပြီ ၊ ချင်းတောင် အနှံ စေတီတွေ တည် ဖို့ လည်း လုပ်ပေး ရတယ် ။
အဖေ က ကျောက်ဆစ် ထု တော့ ငယ်ငယ် ကတည်း က ကျွန်တော် က စိတ်ဝင်စားတယ် ။ အဖေ့ ကို ကူညီပြီး လုပ်ပေးတာပေါ့ ။ ကျောက်တွေ သာ ထွက်တာ ကျွန်တော်တို့ ရွာ မှာ ပန်းပုရုပ်လုံး ထု တာ မရှိဘူး ။ ကြိတ်ခုံ လောက် သာ လုပ် ရောင်း ကြတာ ။ များသောအားဖြင့် တော့ ကျောက်ပြားတွေ ဖော်ပြီး ရောင်းတာပါပဲ ။
၁၉၉၈ ခုနှစ် လောက် မှာ ကျောက်ဆစ်ပန်းပုပညာ ကျွန်တော် စ သင်တယ် ။ ဆရာ က အဖေ့ မိတ်ဆွေ ဦးနန်းဝေ တဲ့ ။ ရန်ကုန် တောင်ဥက္ကလာ က ။ ဆရာ က ကျွန်တော် တို့ ရွာ က ကုန်ကြမ်း ကျောက်ချပ်တွေ ဝယ် ဝယ်ပြီး ရန်ကုန် ကို တင်တာ ၊ ကျွန်တော် က ကျောက်ဆစ်ပန်းပု ကို စိတ်ဝင်စားတယ် ပြောတော့ အချော လုပ် တင် ရင် စရိတ် လည်း သက်သာတယ် ၊ တစ်နှစ် တော့ လာ သင်ပေးမယ် ဆိုပြီး ရွာ ကို ဆရာ လာ နေတာ ။
ပန်းပု ထု ရာ မှာ အခြေခံ အမျိုးအစား ထား ပုံ ကို ဆရာ က စ ပြောတယ် ။ နောက် ခဲ နဲ့ မျဉ်းဆွဲ ပေးပြီး ရိုက်ကွာ ဆိုတာ ရိုက်ရတယ် ။ ဆရာ ပုံကြမ်း လျာ ပေး တာ ကို ပုံဖော် ရတယ် ။ ဆရာ က အချောကိုင် တာပေါ့ ။ ရှစ်လလောက် ကြာ လို့ တော်တော် ကျွမ်းကျင် မှ မျက်နှာ ဖွင့် ရတယ် ။
ဆရာ က ဈေးကွက် ဝင်မယ့် ပုံတွေ ထုပုံ ထုနည်း သင်ပြတယ် ။ အများဆုံး ထု ရတာ က တော့ မြတ်စွာဘုရား ဖွားတော်မူခန်း တို့ ၊ ဘုရားဆင်းတု ပုံစံ အမျိုးမျိုး ပေါ့ ။ ဈေးကွက် ကို လိုချင်တဲ့ ပုံ ထုရတာ ။ ဖွားတော်မူခန်း ဆို ရင် နှစ်သောင်းခွဲ လောက် ရတယ် ။ ထု တာ က ဆယ်ရက် က ဆယ့်ငါးရက် လောက် ကြာတယ် ။ တစ်ရက် ဝင်ငွေ နှစ်ထောင် လောက် တော့ စီ တာပေါ့ ။ တော ဆို တာ လည်း ခြိုးခြိုးချန်ချန် နဲ့ စားလောက် ပါတယ် ။
ကျောက် က တော့ မဝယ်ရဘူး လက်ဖြစ်ပေါ့ ။ ရွာ နား မှာ ကျောက်တောင်ကြီး ရှိတယ် ။ အစဉ်အဆက် ကိုယ့် နေရာ နဲ့ ကိုယ် ဖော်ပြီး ကျောက်ထုတ် တာပေါ့ ။ နှစ်တွေ က ကြာပြီ ဆိုတော့ ဟိုး အောက် ထဲ အထိ လိုဏ် ဖောက် ပြီး ဆင်း ဖော်ရတာ ။ အတောင် ၇ဝ ၊ ပေ ၁ဝဝ ကျော် လောက် ဆင်းရတယ် ။ တွင်း ထဲ မှာ မှောင် နေတာ မို့ မီးခွက်ကြီးတွေ ထွန်း ဝင်ရတာ ။ ဘက်ထရီ မီးချောင်းတွေ သုံး လို့ မရဘူး ။ မီးခွက် ထွန်း ဝင်မှ အောက်စီဂျင် နည်း ရင် သိတာ ။
ကုန်သည်တွေ က ဓာတ်ပုံ ပေးပြီး ဘယ်လို ပုံမျိုး ထုပေးပါ လို့ မှာ တဲ့ အော်ဒါ ကို လုပ် ပေး ရတယ် ။ ကုန်သည်တွေ က ရန်ကုန် က ပါ ။ ပစ္စည်း မှာ ရင် စရံ ငွေ ကြို ပေးတယ် ။ အလုပ် က တော့ ပြတ်တယ် မရှိဘူး ။
မဂ္ဂဇင်းစာအုပ် တွေ ထဲ မှာ ပန်းပုရုပ် လက်ရာ ကောင်းတာ တွေ့ ရင် နမူနာ ယူ ဖို့ သိမ်း ထားတယ် ။ ကျွန်တော် က လက်ရာတွေ တစ်ခါ လာ ရင် ဒါပဲ ဆိုတာမျိုး မဖြစ်အောင် ဆန်းသစ် ချင်တယ် ။ ပုဂံ ကို ခဏ ခဏ သွားပြီး အာနန္ဒာ တို့ နန်းဘုရား တို့ က ရှေး လက်ရာတွေ ကို လည်း ကြည့်ပြီး အသစ် တွေ ဖန်တီး ချင်တယ် ။
ကိုယ့် ဟာ ကိုယ် စိတ်ကြိုက် ဖန်တီး ထားတာမျိုး ကို ကုန်သည် က ဈေး မပေးချင်ဘူး ။ သူ က လည်း သူ ရောင်းနေကျ ဈေးကွက် က လက်ခံနေကျ ပုံစံ ပဲ ယူ ချင်တာ ။ ကိုယ် က ကြိုးစား ပြီး ဆန်းသစ် အောင် လုပ်ထား ပေမယ့် ဈေး မရတော့ လည်း ကိုယ့် ဘက် က နာတယ် ။ ထမင်း စား ဖို့ က လည်း ရှိသေးတော့ အသစ် မဖန်တီးနိုင်ဘဲ သူ မှာ တာ ကို သာ လုပ်ပေး နေ ရတာပေါ့ ။
◾ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment