Tuesday, July 9, 2024

ကြွေးဟောင်း


 

❝ ကြွေးဟောင်း ❞

ဆောင်း ဝင်စ ပြုတော့မည် ။ နံနက် စောစော တွင် အနည်းငယ် အုံ့အုံ့ဆိုင်းဆိုင်း ဖြစ် နေ တတ်ပြီ ။ နှင်းငွေ့ လိုလို မြူ လိုလိုဖြင့် အရပ်လေးမျက်နှာ တွင် မှိုင်းညို့ညို့ ။ အအေးဓာတ် က မသိမသာ တော့ ချင်းနင်း ဝင်ရောက်စ ပြု နေချေပြီ ။ သည်လို ရာသီဥတုမျိုး ကို စိတ် ထဲ ၌ သိပ် မကြိုက်ချင် ။ စိတ်တွေ က မလန်းဆန်း ဘဲ တစ်စုံတစ်ခု ကို သတိရ နေ သလိုလို ။ သို့သော် အပူဒဏ် မှ ယာယီ သက်သာရာ ရ တော့မည့် အခြေအနေ ကို ကြိုဆို မိပါသည် ။ ဪ ... မန္တလေး ၌ ပူနေရသည့် အချိန် က များ နေသည် မဟုတ်ပါလော ။

ထုံးစံ အတိုင်း သည် နေ့ မနက် လည်း စောစော နိုးနေသည် ။ ဘုရား ကန်တော့ ဝတ်ပြု အပြီး တံမြက်စည်း တစ်ချောင်း နှင့် အိမ်ရှေ့ ထွက် လာခဲ့၏ ။ အိမ် အပြင် အရောက် လေနုအေးအေး က မျက်နှာ ကို ညင်သာစွာ ပွတ်တိုက် ဖြတ်သန်း ပြီး ကြိုဆို လိုက် ပါသည် ။ နံနက်စောစော ခြောက်နာရီ ဝန်းကျင်ခန့် မို့ လမ်း ပေါ် ၌ လူသွားလူလာ ရှင်း နေသေး၏ ။ ဆွမ်းခံ ကြွ လာသော ကိုရင်လေး တစ်သိုက် သာ ဖြတ် ကြွ သွားကြသည် ။ အိမ်ရှေ့ ထနောင်းပင်ကြီး အောက် နား မှ စပြီး တံမြက်စည်း လှည်း နေ လိုက်၏ ။ အနောက်ဘက် ကပ်လျက် အိမ် မှ တိုက်အသစ် ဆောက် နေသည့် လုပ်ငန်းခွင် ကြောင့် အမှိုက်သရိုက်များ က တော့ အနည်းငယ် ရှုပ်ပွ နေသည် ။ နံနက်တိုင်း မလှည်းကျင်း ဖြစ်လျှင် ဆိုးရွားစွာ ရှုပ်ထွေး နေပေလိမ့်မည် ။ ခေတ္တ နား နေရင်း ကျွန်တော် တို့ လမ်းလေး ကို ငေး နေမိ၏ ။ အတွေးနယ်လည်း ချဲ့ နေမိပါသည် ။

ကျွန်တော်တို့ လမ်းလေး ထဲ တွင် အိမ် စုတ်စုတ် ဆို ကျွန်တော့် တစ်အိမ် ကို သာ လက်ညှိုး ထိုး ပြရတော့ မလိုလို ဖြစ်နေသည် ။ တိုက်တာအဆောက်အဦ အသစ်များ နှင့် လူ အသစ်များ ကြောင့် လမ်းလေး မှာ လည်း စည်ကား နေပါ၏ ။ ဆောက်လက်စ တိုက် များ က လည်း အပြိုင်အဆိုင် ဆောက် နေကြသလား ထင်ရသည် ။ ဖွံ့ဖြိုးတိုးတက် လာသည် ကို ကြည့် ပြီး ပျော်ပဲ ပျော်ရ မလို ၊ ငိုပဲ ငိုရတော့ မလိုလို ။ သေချာသည် က တော့ လူမျိုးခြား မျက်နှာစိမ်း များ တဖြည်းဖြည်း တိုး လာ သည် က တော့ မလွဲ ။ တစ်ပြိုင်နက် တည်း ငယ်ပေါင်း ကြီးဖော် မိတ်ဆွေရင်း များ လည်း ရှား ရှား လာပါတော့၏ ။ ကျွန်တော် ပင် လျှင် ဘိုးဘွား ၊ မိဘ ခေါင်းချ ခဲ့သည့် နေရာလေး ကို တစိုက်မတ်မတ် တောင့် ခံ နိုင်လွန်းသဖြင့် သာ ကျန်နေ ခဲ့ ခြင်း ဖြစ်ပေလိမ့်မည် ။ အတွေး နယ် တစ်ဆုံး လိုက်ပါ မျောနေ ရင်း သိမှတ်မဲ့ တံမြက်စည်း ဆက် လှည်း နေဖြစ်၏ ။ ထိုစဉ် အသံ တစ်ခုကြောင့် ပတ်ဝန်းကျင် ကို သတိ ပြုမူလိုက်မိ၏ ။

“ ဟော ... ဒီမှာ အသီး အရွက် စုံတယ်နော် ... ဘူးသီး ၊ ရုံးပတီသီး ၊ ခရမ်းသီး ၊ ချဉ် ပေါင်ရွက် ၊ ကန်စွန်းရွက် ၊ ဘူးရွက် ... အစုံ ပါတယ်နော် ... ဝယ်ကြပါဦးနော် ... ဝယ်ကြပါ ဦးနော် ”

တစ်ခါ မှ မကြားဖူး သည့် ဈေးသည် ဟစ်သံ ကြောင့် လှမ်း ကြည့်ဖြစ်သည် ။ အကြောင်း မသိဘဲ မျက်စိ လည် လာသည့် ဈေးသည် ဖြစ်ပုံ ရ၏ ။ အကြောင်းသိ
ဈေးသည်များ မှာ မူ သည် လမ်း အတွင်း လာ ရောင်းလေ့ သိပ် မရှိကြပေ ။ ဟုတ်ပေ မည် ။ သည် လမ်းလေး မှာ က ယခင် လို ဖောက်သည်များ မှ မရှိတော့သည် ကိုး ။ များသော အားဖြင့် တိုက်တံခါး ပိတ် ထား တတ်ကြပြီး အပြင် ဈေးသည် များ ထံ မှ ဝယ်လေ့ဝယ် ထ မရှိကြသူတွေ သာ အနေ များ သည်မို့ ဈေးသည်များ က လည်း သိပ် လာလေ့ မရှိကြ တော့ပါ ။ ကျွန်တော်လ ည်း ဈေးသည် အသံ ကြား ရာဆီ လှမ်းကြည့် လိုက်သည် ။ ခံတောင်း ခပ်နွမ်းနွမ်း တွင် ဟင်းသီးဟင်းရွက်များ ထိုးထိုးထောင်ထောင် ထည့် ရွက် လာ သော ဈေးသည် မိန်းမကြီး ကို တွေ့လိုက်ရသည် ။ အသက် အတော်အတန် ကြီး နေပုံ ရ၏ ။ ခန့်မှန်းခြေ ခုနစ်ဆယ် နား နီးနီး ရှိလောက်ပြီ ။ သည်လောက် မရှိ တောင် ပင်ပင်ပန်းပန်း လုပ် ရ သဖြင့် ရုပ် ရင့်နေသည် လည်း ဖြစ်နိုင်သည် ။ အညိုရောင် ထဘီ ကို ခပ်ညစ်ညစ် အင်္ကျီအဖြူ နှင့် တွဲ ဝတ် ထား၏ ။ ခြေလှမ်း များ က နှေးကွေးစွာ ဖြည်းဖြည်းချင်း လှမ်း လာနေသည် ။

နှုတ် က လည်း ကြိုးကြားကြိုးကြား ဟစ်ရင်း မော နေပုံရ ၏ ။ ကျွန်တော် လည်း တံမြက်စည်း ကို ဘေး ချ လိုက်ရင်း လှမ်း ခေါ်လိုက်သည် ။

“ အမေကြီး ...ဒီ ခဏ လာပါဦးဗျ ၊ ဘာတွေ ပါလဲ အမေကြီး ”

ကျွန်တော် ၏ ခေါ်သံ ကို ကြား ပုံ မရ ။ သူ့ အသံ နှင့် သူ ၊ သူ့ အာရုံ နှင့် သူ စိုက်စိုက် ၊ စိုက်စိုက် သွား နေသေးသည် ။ ကျွန်တော် က တစ်ခါ ထပ်ပြီး ခပ်ကျယ်ကျယ် အော် လိုက်မှ ကြား သွားဟန် နှင့် ပြန် လှည့်လာ၏ ။ အနား အရောက် ...

“ အမေကြီး က လည်း ဈေးသည် ဖြစ်ပြီး နား မပါး ဘူး ၊ နား စွင့် နေမှပေါ့ဗျ ။ ဝယ် သူ က စိတ် မရှည်ရင် ဘယ် ရောင်း ရတော့မှာတုံး ၊ ကဲ ... ဘာတွေ ပါတာတုံး ၊ ချ ပါဦးဗျ .. ”

ကျွန်တော် က လည်း စကား ပြောရင်း မိန်းမကြီး ၏ တောင်း ကို ကူ ချ ပေးလိုက် သည် ။ အနီးကပ် မြင် ရသော သူ့ ပုံသွင် ကို လည်း လေ့လာ နေ မိ၏ ။ ဈေးသည်အမေကြီး က သူ့ ခေါင်းခု အဝတ်စ ကို ဖြ န့်ပြီး နဖူးစပ် ရှိ ချွေးစများ ကို သုတ် နေသည် ။ နံနက် စောစော ၌ ပင် ချွေးစို့ နေသော သူ့ ကို ကြည့်ရင်း ရင် အတွင်း တစ်မျိုးကြီး ခံစား လိုက်ရ၏ ။

ကျွန်တော် ၏ အထင် အသက် ခုနစ်ဆယ် ဝန်းကျင် ခန့် ရှိ လောက်မည် ။ တွန့်လိမ်နေ သော ဆံပင်ဖြူဖြူများ က ဦးခေါင်း ထက် တွင် ခပ်ကျဲကျဲ ဖြင့် ဖရိုဖရဲ ။ ညာဘက် မျက် လုံး မှာ တိမ် စွဲ နေဟန် ရှိသည် ။ ခပ်ပြာပြာ မှိုင်းမှိုင်း မျက်လုံး ကို ခေါင်းခု အဝတ်စ နှင့် ဖိ သုတ် နေ၏ ။ ကျွန်တော့် ကို စကား ပြန် မပြောနိုင်သေး ။ ခေတ္တ အမော ဖြေ နေပုံ ရသည် ။ ကျွန်တော် လည်း သူ့ တောင်း ကို အောက် အသာချ ပေးပြီး စကား စ လိုက်ပြန်၏ ။

“ အမေကြီး အသီး အရွက်တွေ က စုံ လို့ပါလား ။ အရင် က မတွေ့ဖူးပါဘူး ။ ဒီ လမ်း ထဲ လာ ရောင်း ရင် အမေကြီး သိပ် ရောင်း ရ မှာ မဟုတ် ဘူး ။ နောက်ဆို တခြား သွား ရောင်းပါလားဗျ ။ အမေကြီး ပင်ပန်းမှာ စိုးလို့ပါ ”

ဈေးသည် အမေကြီး က လည်း ကျွန်တော့် ကို မော့ ကြည့်ရင်း ...

“ ဟုတ်တယ် ... အရင် က တစ်ခါ မှ တော့ မလာဖူးဘူးလေ ။ ဒီနေ့ စီး လာတဲ့ ဘတ်စ်ကား က ဒီ ထိပ်နား ဘီး ပေါက် တော့ မထူးပါဘူး ဆို ပြီး ဆင်း လာရင်း လျှောက် ရောင်း နေတာ ။ အမေကြီး က ဟိုး သံလမ်းနား က ရပ်ကွက် မှာ ပဲ ရောင်းနေကျ ပေါ့ ။ ဒီ ရပ်ကွက် အကြောင်း မသိပါ ဘူး ကွယ် ၊ ဝယ်ပါဦး လား ... ဘူးသီးကြီး တွေ ကောင်းတယ်လေ ။ ဈေး လျှော့ပေးမှာပေါ့ ”

ကျွန်တော် လည်း သူ့ ကို ကြည့်ပြီး သဘောကျ သွားပါသည် ။ မျက်စိ လည် လာတာ တောင် ဈေး ရအောင် ရောင်း နေသေး၏ ။ သူ ရောင်းနေကျ ရပ်ကွက်လေး ကို ကျွန်တော် သိသည် ။ ကျွန်တော် တို့ လမ်း နှင့် ခပ်လှမ်းလှမ်း တွင် သံလမ်း ဘေး နေကြသော ပျံကျ ရပ်ကွက် တစ်ခု ရှိသည် ။ ၄င်း ရပ်ကွက် သို့ သွား ရောင်း နေ ကျ ဖြစ်ပေလိမ့်မည် ။ သူ့ အသီးအရွက်များ မှာ တော်တန်ရုံ လူ ဝယ်မည့် ပုံ မပေါ် ။
ကျွန်တော့် အထင် ရက်လွန် အသီးအရွက်များ ဖြစ်လိမ့်မည် ထင်၏ ။ ကြည့်လေ .. ယခုလို မနက်စောစော တွင် ကို အရွက်များ က အနည်းငယ် ညှိုး ချင်ချင် ။ သူ့ ကြည့်ပြီး သက်ပြင်းမော တစ်ခု ခိုး ချမိ ပါသည် ။ ဒီ အရွက်တွေ ကို တော့ စိတ် မဝင်စားပါ ။ သို့ သော် သူ့ ကို သနား စိတ်ဖြင့် အကူအညီ က လည်း ပေးချင် နေ မိ ပြန်သည် ။ သည် အတိုင်း ပိုက်ဆံ ပေးလိုက် ရ အောင် က လည်း ဈေးရောင်း စား နေသူ ကို စော်ကား သလိုမျိုး ဖြစ်မှာ စိုးရ၏ ။ သို့နှင့် ....

“ ကဲ .. အမေကြီး ဘူးသီး ပေးဗျာ ၊ နှစ်လုံး စလုံး ယူ လိုက်မယ် ။ ဘယ်လောက်လဲ ဗျ ”

ပြောရင်း ဘူးသီး နှစ်လုံး ကို လက် နှစ်ဖက် မှ ဆွဲ ပြီး အမေကြီး အား ပိုက်ဆံ ပေးရန် အိမ် ထဲ သို့ ဝင်လာခဲ့သည် ။ ဘူးသီးကြီး နှစ်လုံး ဆွဲပြီး အိမ် ထဲ ဝင် လာသော ကျွန်တော့် ကို အိမ်သူ က နားမလည် သလို ကြည့်ရင်း အံ့သြ နေပုံ ပေါက်သည် ။ ကျွန်တော် လည်း အသာ ပြုံး ပြပြီး အိတ်ထောင် ထဲ မှ ပိုက်ဆံ ယူပြီး အပြင် ပြန် ထွက် လာခဲ့သည် ။ ဈေးသည် အမေကြီး အား ပိုက်ဆံ ပေးပြီး ဈေးတောင်း ကို ပြန် ပင့် ပေးလိုက်ပါသည် ။ ဘူးသီး နှစ်လုံး အလေးချိန် လျော့ သွား သဖြင့် သိသိသာသာကြီး ပေါ့ သွားသော ဈေးတောင်း ကို သတိပြုလိုက် မိ သဖြင့် ကျွန်တော့် မှာ ကျေနပ် ပီတိ ဖြစ် နေပါတော့၏ ။ ကျွန်တော် လည်း တံမြက်စည်း ကို ပြန် သိမ်းပြီး အလုပ်သွား ရန် ကပျာကယာ ပြင်ဆင်ရ ပါတော့သည် ။

•••••   •••••   •••••

နေ့စဉ် ဖြတ်သန်းနေကျ ပုံစံခွက် ထဲ မှ ဘဝ အတိုင်း ရိုးစင်းစွာ ရုန်းကန် နေကြရသည် ကို က ဘဝ အဓိပ္ပာယ်လား သေချာစွာ မကွဲပြားပါ ။ အချိန်ဇယား ကဲ့သို့ လည်ပတ် နေ ရသော ဘဝ ထဲ မှာ မောသည် ဟု လည်း ညည်း မနေ ချင် ။ တစ်နေ့ ပြီး တစ်နေ့ မရိုး စတမ်း ဖြတ်သန်း နေကြရဦးမည့် ဘဝ ခရီးရှည်ကြီး ပင် ။ လူမှုရေး ၊ ကျန်းမာရေး ၊ သာရေး နာရေး ၊ သားရေး သမီး ရေး ၊ စားဝတ်နေရေး ... စသည် ဖြင့် တို့ တာဝန် အရေး အပါး သုံးဆယ်ကျော် တို့ ကြောင့် ဘဝ တွေ မှာ မွန်းကျပ် နေရ၏ ။ ကိုယ့် ထက်ဆိုးမည့် ဘဝ များစွာ အတွက် လည်း စာနာ သနား ရုံ က လွဲ ဘာများ တတ်နိုင်ဦးပါတော့မည်နည်း ။ တချို့တချို့တွေ ၏ ဘဝများ က လည်း မယုံနိုင် လောက် အောင် ခက်ခဲလွန်းလှသည် ။ အသက် ရှင်သန် နိုင်အောင် အလုပ် ရှာဖွေ လုပ်ကိုင် နေကြရသည် လား ၊ အလုပ် လုပ်နိုင် အောင် အသက် ရှင်သန် နေကြ သည်လား ပင် မဝေခွဲနိုင်စရာ ။

ယနေ့ လည်း ပုံမှန် ဖြတ်သန်း နေကျ နေ့ များစွာ ကဲ့သို့ ပင် မနက်စောစော နိုး နေခဲ့ ၏ ။ တံမြက်စည်း ကို ယူ ရင်း အိမ်ရှေ့ သို့ ထွက် လာခဲ့ပြန် သည် ။ ကိုယ့် အတွေး နှင့် ကိုယ် ဘေးပတ်ဝန်းကျင် ကို သတိ မထားလိုက်မိ ။ တံမြက်စည်း သာ ငုံ့ လှည်း နေမိသည် ။

“ ဟောဒီမှာ အသီးအရွက် စုံတယ်နော် ၊ ဘူးသီး ၊ ရုံးပတီသီး ၊ ခရမ်းသီး ၊ ချဉ် ပေါင်ရွက် ၊ ကန်စွန်းရွက် ၊ ဘူး ရွက် ... အစုံပါတယ်နော် ”

ဈေးသည် အမေကြီး ၏ အသံ ကို ကြား လိုက်မှ ခေါင်း မော့ ပြီး ကြည့် လိုက်မိသည် ။ သည် တစ်ခါတော့ ကျွန်တော် ခေါ်စရာ မလိုတော့ပါ ။ အမေကြီး က ကျွန်တော့် ဆီ တန်း လာ နေ၏ ။ အနီး အရောက် ဈေးတောင်း ကို သူ့ ဘာသာ ချ လိုက် ရင်း ...

“ ကောင်ငယ်လေး ရေ .. အမေကြီး ဈေးရောင်း မကောင်းလို့ အားပေးဦး ။ ဒီ အချိန် ကောင်ငယ်လေး ရှိမယ် ထင်လို့ သေချာ ဝင် လာ ခဲ့တာ ။ ဘာ ယူဦးမလဲ .... ”

အမေကြီး ၏ စကား အဆုံး သူ့ တောင်း ကို ငုံ့ ကြည့် ပြီး လူ မှာ လည်း ပြုံးယောင် သန်း သွားမိသည် ။ ကြည့်လေ ... ကောင်ငယ်လေး ... တဲ့ ။ သူများတွေ လို ထွေလီ ကာလီ သားတို့ ၊ လူကလေး တို့ ၊ ဘာတို့ ညာတို့ နှင့် ရှုပ် မနေ ။ သူ့ ရင် ထဲ က အရှိ အရိုး ခံ အတိုင်း ခေါ်လိုက်သည် ကို က သဘော ကျစရာ ကောင်း နေသည် ။ ရိုးသားသော သူ့ မျက်နှာ ကို ကြည့်နေရင်း ကရုဏာ စိတ် တို့ က တား မနိုင် ဆီး မရ ။

“ အမေကြီး က ဘာတွေ ပါလာသေး တုံး ၊ အားပေးရမှာ ပေါ့ဗျာ ။ ဘူးသီး တော့ မပါ တော့ဘူး နဲ့ တူတယ် ။ ဒါဆို လည်း ခရမ်းသီးတွဲ တွေ ယူ လိုက်မယ်ဗျာ ။ အားလုံး လေးတွဲ ကျန်နေတာ အကုန် ယူ လိုက် တော့မယ် ။ မနက် ကျ မှ ဘုန်းကြီးတွေ ဆွမ်း ထ လောင်းတော့မယ် ၊ အမေကြီး ဘယ်လောက် လဲဗျ ”

ကျွန်တော် လည်း သူ့ တောင်း ထဲ ပါလာ သမျှ ခရမ်းသီးတွဲများ ကို ထုတ်ယူ လိုက်၏ ။ အမေကြီး က တောင်း ထဲ မှ နံနံပင် တစ်စည်း ကို ကျွန်တော့် အား လှမ်း ပေးရင်း ...

“ ရော့ ... ကောင်ငယ်လေး ရေ ၊ ဒါက အမေကြီး က ပေးတာပါ ။ ခရမ်းသီး တွေ အတွက် ငါးရာ ပဲ ပေး ၊ သာဓု သာဓု သာဓု ... ပါ ကွယ် ။ တောင်း လည်း ပေါ့ သွားတော့ ရှေ့ဆက် သွား ရောင်းလိုက်ဦး မယ် ။ အချိန် ရှိတုန်း ကောင်ငယ်လေး ရေ .. သွားမယ်နော် ။ ဒီလို ရောင်း မှ လည်း တို့ သား အမိ အဆင်ပြေ မှာပါကွယ် ”

စကား ပြော လည်း ပြော ထွက် လည်း ထွက် သွားသော သူ့ ကျောပြင် ကို ကြည့် ရင်း သက်ပြင်းမော ချ လိုက်မိ၏ ။ ဒီ အရွယ်ကြီး ထိ လုပ်စား နေရ ဆဲ ဘဝ ကို ကရုဏာသက်မိ သလို ခိုင်း ရက်သော သား ၊ သမီး တို့ ကိုလည်း အပြစ်တင် မိသည် ။ နေရင်း ထိုင်ရင်း တစ်စုံတစ်ခု ကို မကျေမနပ် ဖြစ် နေမိပြန်ပါသည် ။ လက် မှ နာရီ ကို တစ်ချက် ကြည့် ရင်း အလုပ် သွားဖို့ ပြင်ဆင်ရန် အိမ် ထဲ ဝင် လာခဲ့တော့သည် ။

•••••   •••••   •••••

နောက် ရက်များ တွင် လည်း မနက်တိုင်း အိမ်ရှေ့ ၌ တံမြက်စည်း လှည်း ဖြစ်သည် တစ်ခါတစ်ရံ ဈေးသည် အမေကြီးများ ရောက် လာဦး မလား ဟု မျှော်မိတတ် သော်လည်း တစ်ခါတစ်ရံ ၌ သတိ မရတတ် ။ သည် ရက်ပိုင်း အတွင်း တစ်ကြိမ် ၊ နှစ်ကြိမ်
ခန့် သာ တွေ့ခဲ့ရ၏ ။ သူ က လည်း အချိန် မရ ၊ ကိုယ် က လည်း အလုပ် ချိန် နီးနေ သဖြင့် စကား ပင် ကောင်းကောင်း မပြော လိုက်မိ ။ သူ့ တောင်း ထဲ မှ အလေးဆုံး ဖြစ်မည် ထင် ရသည့် အသီးအနှံ တစ်မျိုး မျိုး ကို သာ ရွေး ဝယ်လိုက် ရသည် ။ ကျွန်တော် က လည်း သူ့ ကို လမ်း ဖွင့်ပေး ထား ခဲ့ပါသည် ။ အမေကြီး လိုအပ် လျှင် လာခဲ့ပါ ဟု ပြော ထား ခဲ့ သော်လည်း သိပ် ပေါ် မလာခဲ့ပေ ။

သည် ရက်ပိုင်း သမီးငယ် ကိုယ် ပူပြီး ဖျား နေ သဖြင့် အလုပ် ရှုပ် နေခဲ့ပြန်သည် ။ ဆေးခန်း ပြေးလို က် ၊ ဆန်ပြုတ် ဝယ် လိုက် ၊ သား ကျောင်း ပို့ လိုက် ၊ အလုပ် ပြေး သွားလိုက် နှင့် လူ မှာ ပျာ နေရ၏ ။ မနက် ပိုင်း လည်း သမီး အနား ကပ် နေ ရ သဖြင့် တံမြက်စည်း ပင် ထွက် မလှည်းအား ။ တော် သေး၏ ။ သမီး အဖျား က တာရှည်မနေသဖြင့် နှစ်ရက် ခန့် နှင့် ပြန် ကောင်းသွားသည် ။ နောက် နေ့တွင် အိမ်ရှေ့ တံမြက်စည်း လှည်း နေ ရင်း ဈေးသည်အမေကြီး ကို တစ်ချက် သတိရ လိုက်မိသေး ၏ ။ အရင် ရက်တွေ က များ လာ သွား လေ မလား ၊ သူ့ ခမျာ ကျွန်တော် တစ်ယောက် တည်း သီးသန့် တွေ့ ရန် လာ ရပြီး မတွေ့လို့ များ ပြန်သွား ရ ရှာ လေ မလား ဟု စိတ်ပူ နေမိ သေးသည် ။ ထိုနေ့ က တော့ သူ ပေါ် မလာခဲ့ပါ ။ ဪ ... သံယောဇဉ် ၏ သဘော က အဆန်းပါ ကလား ။

သည်လို မေ့မေ့ပျောက်ပျောက် နှင့် ရက် ပင် အတော် ကြာ လာခဲ့သည် ။ ကျွန်တော်
တံမြက်စည်း ပုံမှန် ထွက် လှည်း ဖြစ်သော်လည်း ဈေးသည် အမေကြီး ကို မတွေ့ ဖြစ်သည် မှာ အတော် ကြာ နေပြီ ကို သတိ ထားမိသည် ။ နေထိုင် မကောင်းများ ဖြစ်နေ မလား ။ တခြား မှာ ပဲ အဆင် ပြေ နေရော့သလား ဟု တွေး နေ မိသေး၏ ။ ကြာတော့ လည်း ကိုယ့် ကိစ္စ နှင့် ကိုယ် လုံးချာ လိုက် ရင်း မေ့တေ့တေ့ ဖြစ် သွား တော့သည် ။

ခု ရက် တွင် လ ကုန်ခါနီး ရက် မို့ နေ့လယ်စာ ကို အိမ်ပြန် စား ဖြစ်သည် ။ အလုပ် ထဲ တွင် အပို ကုန်မည့် ပိုက်ဆံ ကို ချွေတာ ရင်း ပြန် စားဖြစ်၏ ။ သည်နေ့ နေ့လယ်စာ စား အပြီး အလုပ် ပြန် ရန် စက်ဘီးဆွဲ အထွက် အိမ် အပေါက် အရောက် အနောက်ဘက် ဆိုက် ထဲ မှ လက်သမားဆရာ က လှမ်း ခေါ်ပြီး လက် တား ပြ သဖြင့် ရပ် စောင့် နေလိုက်သည် ။

ထူးထူးဆန်းဆန်း ဘာများပါလိ မ့်ဟု သိချင်ဇော နှင့် လက်သမားဆရာ ကူး အလာ ကို ရပ် စောင့် နေလိုက်၏ ။ လက်သမားဆရာ က လည်း ကျွန်တော့် ဆီ လျှောက်လာ
ရင်း ...

“ ဆရာသမား ထမင်း စား ပြန် လာ တာလား ဗျ ၊ စား ပြီးပြီပေါ့ ... ”

“ ဪ .. ဟုတ်ဗျ ၊ စားပြီး ပါပြီ ။ အခု အလုပ် ပြန် တော့ မလို့လေ ။ ဘာများ ပြော စရာ ရှိလို့လဲဗျ ”

လက်သမားဆရာ က လက်ခါ ပြရင်း ကျွန်တော့် အား ဆက် ပြောသည် ။

“ ဒီလိုပါ ၊ အထွေအထူး တော့ မဟုတ်ပါဘူးဗျာ ။ ဟိုး တစ်ရက် က ကျွန်တော် ဆိုက် ထဲ ကို စော ရောက်နေတုန်း ခင်ဗျား တံမြက်စည်း ထွက် လှည်း နေတာ တွေ့တယ် ။ ပြီးတော့ ဒေါ်မြကြင် နဲ့ စကား ပြော နေတာ တွေ့လို့ ခင်ဗျား နဲ့ ဒေါ်မြကြင် သိတယ် ထင်လို့ ၊ အဲဒါ သူ့ အကြောင်း ပြောပြ မလို့ ”

“ ဟ ... နေပါဦးဗျ ၊ ဒေါ်မြကြင်ဆို တာ ဘယ်သူလဲ ... ဪ သိပြီ ။ ဟင်းသီး ဟင်းရွက် ရောင်းတဲ့ အမေကြီး ပြောတာလား ။ လက်သမားဆရာ က သိတယ်ပေါ့ ။ ကျွန်တော် က နာမည် တောင် မသိပါဘူး ဗျာ ၊ သနား လို့ အားပေး ဖြစ်နေတာပါ ။ ဒါနဲ့ ပြောပါဦး ဒေါ်မြကြင် အကြောင်း ... ”

ကျွန်တော် ၏ စကား အဆုံး လက်သမားဆရာ က သက်ပြင်း တစ်ချက် ဟင်းခနဲ
ချ လိုက်ပြီး ...

“ ဟုတ်တယ်ဗျ ၊ ဒေါ်မြ ကြင် က ကျွန်တော် တို့ ရွာ ကို ဝင် တဲ့ ထိပ် မှာ နေတာ ဆိုတော့ သိတာပေါ့ ဗျာ ။ သနားပါ တယ် ၊ ဒီနေ့ မနက် ကျွန်တော် အလုပ် လာ တော့ မနေ့ ည က သူ ဆုံးသွားလို့တဲ့ ဗျ ။ ခု မနက် ပြင်ထားတာတွေ့တယ် ။ အဲဒါ ခင်ဗျား နဲ့ စကား ပြော နေတာ တွေ့ ဖူးတော့ အသိ ဖြစ်မယ် ထင်လို့ သတင်း ပေးတာပါ ဗျာ ။ ဒီနေ့ ညနေ သင်္ဂြိုဟ်မယ် နဲ့ တူတယ်ဗျ ”

သူ့ စကား အဆုံး ကျွန်တော့် မှာ ကြောင် သွားသည် ။ ပြီးမှ သတိရ ပြီး စိတ် မကောင်း လည်း ဖြစ်သွား၏ ။ ဪ ... သူ နေမကောင်း နေ လို့ မတွေ့တာ ကြာ နေတာ ဟု လည်း တွေး နေမိပြန်သည် ။ စိတ် ထဲ မှ လည်း သနားစိတ် ဖြင့် သူ့ နာရေး ကို လိုက်ပို့ဦး မည် စိတ်ကူးပြီး ...

“ ဟာဗျာ .. သနားပါ တယ် ၊ ဒါနဲ့ နေပါဦးဗျာ ၊ ကျွန်တော့် ကို နေရာလေး လမ်းညွှန် ပေးပါဦး ။ ကျွန်တော် သွားချင်တယ် ဗျာ ။ အလုပ် က စော ပြန်ပြီး သွား ရမှာပဲ ။
သတင်း ပေးတာ ကျေးဇူးပဲဗျာ ”

ကျွန်တော် လည်း လက်သမားဆရာ ပေးသော လိပ်စာ လမ်းညွှန် ကို ယူပြီး နှုတ်ဆက် ထွက် လာခဲ့ တော့ သည် ။ လက်သမားဆရာ က သူ လည်း ခဏ နေရင် သွားတော့ မှာ ဆို သဖြင့် သူ့ ကို စောင့် နေဖို့ သေချာ မှာ ထားလိုက်၏ ။

  •••••   •••••   •••••

နာရီပြန် နှစ်ချက်ခွဲ သည် ချစ်ချစ်တောက် ပူ နေ ဆဲပင် ။ တာပေါင်လမ်း ပေါ် မှ လှမ်း မြင် နေရသော ဟိုး ခပ် ဝေးဝေး ဆီ မှ ဧရာဝတီ မြစ်ကြီး က လည်း ခြောက်သွေ့စွာ စီး
ဆင်း နေ၏ ။ တာပေါင်လမ်းမကြီး နှင့် မလှမ်းမကမ်း တွင် တဲငယ်အုပ်စု လေး , ငါးလုံး ကို မြင် နေရ၏ ။ လေကြမ်း တစ်ချက် အဝှေ့ တွင် ဖုန်မှုန့် များ က မြင်ကွင်း ကို ဝေဝေ ဝါးဝါး ဖုံးအုပ် သွားလေသည် ။ တဲအုပ်စု ထဲ မှ တဲငယ်လေး တစ်လုံး ရှေ့ ၌ လူစုစု ကို လှမ်း မြင်နေရ၏ ။ နေပူပူ အောက် တွင် ထိုး ထားသော ကနားဖျင်းလေး မှာ လေ တိုက် တိုင်း ယိမ်းထိုး နေ သလိုလို ။ ကျွန်တော်လ ည်း တာပေါင် ထိပ် မှ စက်ဘီး ကို တွန်း ဆင်း လာ ရင်း အခြေအနေ ကို အကဲ ခတ် လာခဲ့သည် ။ လူစု စု ထဲ မှ လက်သမားဆရာ ကို လှမ်း မြင် လိုက် သဖြင့် ခပ်သွက်သွက် လျှောက် သွား လိုက်ပါသည် ။

ကျွန်တော့် ကို မြင်သွား သော လက်သမားဆရာ က လူအုပ် ထဲ မှ လက် လှမ်းပြ လိုက် ပြီး ...

“ ကိုယ့် ဆရာ နောက်ကျ နေတာလား ဗျ ၊ အခု နာရေး ချ တော့မှာဆိုတော့ အတော်ပဲဗျာ ။ နောက် က တစ်ခါ တည်း သာ လိုက် ပို့တော့ ။ ကျွန်တော် လည်း လိုအပ်တာ ဝိုင်း လုပ်လိုက်ဦးမယ် ။ အပြန် မှ အေးအေးဆေးဆေး နားတော့ဗျာ ”

ကျွန်တော် လည်း သူ့ ကို လူအုပ် ကြား ထဲ မှ သာ လက် ပြ ရင်း ခေါင်းညိတ် လိုက်သည် ။ နာရေး ချချိန် ရောက် သဖြင့် ရှိ သည့် လူ အားလုံး က အလုပ် ရှုပ် နေကြသည် ။ ကျွန်တော် လည်း အမေကြီး ဒေါ်မြကြင် ကို နောက်ဆုံး နှုတ်ဆက် သည့် အနေဖြင့် တဲလေး ရှေ့ ကနားဖျင်း အတွင်း အမြန် ဝင် ကြည့် လိုက်မိပါသည် ။ တဲငယ်လေး ၏ ရှေ့ ကနားဖျင်းလေး အောက် တွင် ခုတင်ငယ်လေး နှင့် ပြင် ထားသော အမေကြီး ဒေါ်မြကြင် ၏ အလောင်း ကို တွေ့ လိုက်ရသည် ။ အပူ ရှိန် ကြောင့် သူ့ ခေါင်းရင်း တွင် ထိုး ထားသော ပန်းအိုး မှ ပန်းလေးများ က လည်း ညှိုးရော်နေသည် ။ ကြည့် ပြီး စိတ် မကောင်း ဖြစ်မိသည် ။ ထမ်းစင် ပေါ် တင် ရန် အလုပ် ရှုပ်နေ သဖြင့် အသာ နောက် လှည့် ထွက်ခဲ့၏ ။ သူတို့ တွေ က နာရေး ချဖို့ ပြင်ဆင် နေကြပြီ ။ ကျွန်တော် က လည်း အသိ တစ်ယောက် မှ မရှိ သဖြင့် အသာ ရပ် ကြည့် နေမိ၏ ။ သူတို့ အရပ် သဘာဝ အတိုင်း နာရေး ကားတွေ ဘာတွေ မလို တော့ ။ လူငယ်များ က
ထမ်းစင် ဖြင့် ဝိုင်း ထမ်းသွား ကြသည် ။ သုသာန် က လည်း သိပ် ဝေးပုံ မပေါ် ။ လိုက် ပို့သူ တွေ က လည်း ခြေလျင် လျှောက် ၍ ပို့ ကြသည် ။ တဲလေး ရှေ့ မှ ထမ်းစင် မ , ၍ အထွက် ကြေးစည်သံ တဝေဝေ က ရင် ကို ဆို့ စေသည် ။ ဗွမ်းခနဲ ရေအိုးကြီး ကို ပစ်ခွဲ လိုက်သံ က စိတ် ထိခိုက်စရာ ။

အမေကြီး ဒေါ်မြကြင် ၏ နောက်ဆုံး ခရီး က လွမ်းမောဖွယ် ကောင်း သလိုလို ခံစား ရ၏ ။ လူငယ် လေးယောက် ခန့် က ထမ်း သွား သော စင်ကလေး က မညီ မညာ လမ်းလေး ကြောင့် နိမ့်ချည်မြင့်ချည် နှင့် လှုပ် ယမ်းပြီး တရွေ့ရွေ့ သွား နေသည် ။ ရွှေရောင် ၊ ငွေရောင် စက္ကူလေးများ ကပ်ထား သည့် ထမ်းစင်ကလေး မှာ နေရောင် အောက် တွင် ပြိုးပြိုးပြောင်ပြောင် အရောင် လက် လျက် ။ လေ အသော့ တွင် အဖြူရောင် ဇာပဝါစလေး များ က တလူလူ လွင့် နေကြ ၏ ။ လူနည်းစု ပရိသတ် က လည်း ငြိမ်သက်စွာ တရွေ့ ရွေ့ ။ ကျွန်တော် လည်း နောက် ခပ်လှမ်းလှမ်း နား ဆီ မှ စက်ဘီး ကို တွန်းပြီး အတွေး များစွာ ပျံ့လွင့်လျက် လိုက် လာခဲ့သည် ။ ရှေ့သို့ မျှော် ကြည့်ရင်း တစ်ခု တွေးမိ သည် ။ မည်သည့် အသုဘ မဆို အနည်း နှင့် အများ ငိုသံ ယိုသံ က တော့ ကြားရ စမြဲ ။ အခုတော့ တိတ်ဆိတ် လွန်း လှ၏ ။ ဪ အသက်ကြီး မိခင်ကြီး မို့ အနှမြော မရှိကြ လေရော့သလား မသိ ။

တိတ်တိတ်ဆိတ်ဆိတ် တော့ သုသာန်လေး မှာ ပင် သင်္ဂြိုဟ်ခြင်း ကိစ္စ ရိုးရှင်းစွာ ပြီးခဲ့ပြီ ။ ကျွန်တော် လည်း အလုပ် အားပြီ ဖြစ်သဖြင့် အေးဆေးဆေး ရှိ နေခဲ့၏ ။

အပြန် က တော့ စက်ဘီး နှင့် မို့ အသွား လောက် မကြာတော့ ။ လက်သမားဆရာ က လည်း ကျွန်တော့် စက်ဘီး နောက် တွင် ဆေးလိပ် ဖွာ၍ ငြိမ် လိုက် လာခဲ့၏ ။ အဘွား ဒေါ်မြကြင် တို့ တဲကလေး ဆီ ပြန် ရောက် လာခဲ့သည် ။ တဲ ရှေ့ ကနားဖျင်း ကတော့ ဖျက်ပြီး သွားပြီ ။

တဲငယ်လေးအတွင်း တွင် လူရိပ် လူယောင် မမြင် မိ ။ လက်သမားဆရာ က ကျွန်တော့် ကို နံဘေး မှ အရိပ် တွင် ခင်း ထားသော ဖျာလေး ပေါ် ခေါ် သွားပြီး ထိုင် ခိုင်း ထားသည် ။ ကျွန်တော် က လည်း အသာ ဝင် ထိုင်လိုက် ပြီး တဲလေး ဘက် ကို လှမ်း ကြည့် နေမိသည် ။ လက်သမားဆရာ နှင့် လည်း စကား မစ ဖြစ်သေး ။ တဲလေး အဝင်ဝ တွင် ဈေးရောင်း ထွက်သည့် ခံတောင်းလေး မှာ ပိုင်ရှင်မဲ့ စွာ ခပ်စောင်းစောင်းလေး လဲ နေ ၏ ။ သေချာ ကြည့်တော့မှ တဲလေး အတွင်း တွင် လူ အရိပ် တစ်ခု ကို လှမ်း မြင်နေရ သည် ။ အပြင် မှ နေရောင် က စူး နေ သဖြင့် အတွင်း ကို ကောင်းကောင်း မမြင်ရဘဲ ဖြစ်နေ၏ ။ လက်သမားဆရာ က ဆေးပေါ့လိပ် လေး,ငါး လိပ် ထည့် ထားသည့် ပန်းကန် ကို ကျွန်တော့် ဆီ တွန်း ပေး လိုက်ရင်း စကား စ , သည် ။

“ သနားပါတယ် ဗျာ ၊ မနေ့ မနက် က ကို ဈေးရောင်း ထွက်သေးတယ်တဲ့ ဗျ ။ ညနေ စောင်း ရောက် မှ ခေါင်း ထဲ မူးတယ် မူးတယ် ဆိုပြီး ညဦးပိုင်း လောက် အရောက် ဆုံး သွား တာ တဲ့ ။ ရွာ ထဲ က ကျန်းမာရေးမှူး က ပြောတာ တော့ ဦးနှောက် သွေးကြော ပြတ် သွားတယ် ဆိုလားပဲ ... ”

သူ့ စကား အဆုံး ကျွန်တော် က လည်း သိချင်စိတ် ပြင်းစွာ ဖြတ် မေးလိုက်၏ ။

“ နေပါဦးဗျာ ၊ ဆေးရုံ တွေ ဘာ တွေ မပို့လိုက်ရဘူး လား ။ ပြီးတော့ ဗျာ သူ့ သား လား ၊ သမီး လား ရှိတယ် မဟုတ်လားဗျ ။ သူ တစ်ခါ ပြောဖူးတာ မှတ်မိ နေပါတယ် ၊ သူတို့ သားအမိ လို့ ပြောဖူးတယ် ။ ခုကျ ဘာလဲ ဗျ ၊ ပစ်ထားကြတာလား ။ ပြီးတော့ အမေ တစ်ယောက် လုံး ဆုံးတာ ကို တောင် ငိုဖော် မရကြဘူး ။ ဒါပဲဗျ ၊ သား သမီး အလကား ”

ကျွန်တော် လည်း စိတ် ထဲ ဘဝင် မကျ ဖြစ်နေမိသည် ကို မအောင့်နိုင့် မအည်းနိုင် ပြောမိ သွား၏ ။ ပြီးမှ သတိ ရ ပြီး ဘေးဘီ လှမ်း ကြည့်နေ ရသေး ။ လက်သမားဆရာ က ကျွန်တော့် ကြည့် ပြီး ပြုံး ရင်း ...

“ ဪ ...ကိုယ့် ဆရာ နှယ် ၊ သူ့ အမေ အမေအိုကြီး နဲ့ နှစ်ယောက် တည်း နေကြတာ လေ ဗျာ ။ သား ထောက် သမီး ခံ ရှိတယ် လည်း ပြောသံ မကြားဘူးဗျ ။ ဒေါ်မြကြင် က ၆၈ နှစ် ဆိုလားပဲ ။ သူ့ အမေကြီး ကတော့ ၈ဝ တော်တော် ကျော် ၉ဝ နား နီး နေပြီလေ ။ သူ က ပဲ လုပ်ကိုင် ကျွေးမွေး နေ တာပေါ့ ။ အမေအိုကြီး က လည်း သူငယ် ပြန်ချင် သလို လို ဖြစ် နေတော့ သူ့ တဲ ထဲ မှာ ပဲ အမြဲ နေ နေတာ ။ သူ ဈေး ရောင်း ထွက်ရင် ဘေး က တဲနီးနားချင်းတွေ ကို အပ်ထား ထားခဲ့တာပေါ့ဗျာ ။ ရွာဦးကျောင်း ဆရာတော် က လည်း စောင့်ရှောက်ပါတယ် ။ ဒေါ်မြကြင် ကို က မရတာ ဗျ ။ ဘုန်းကြီးကျောင်း လည်း မနေဘူး တဲ့ ။ လူအိုရုံ ကို ပို့မယ် ဆို လည်း မရပါဘူး ဗျာ ။ သူ့ အမေကြီး ကို မသေခင် သူ ပဲ ပြုစု သွားမယ် ဆိုတာလေ ။ ခု တော့ဗျာ သူ ပဲ အရင် ဆုံး သွား ရှာတယ် ။ သနားပါတယ်ဗျာ ”

လက်သမားဆရာ ၏ စကား အဆုံး လူ မှာ တွေ သွားပါသည် ။ ကျွန်တော့် အထင် အမေကြီး ဒေါ်မြကြင် က သူ့ သားသမီး တစ်ယောက် ယောက် နှင့် အတူ နေထိုင်ပြီး အဆင် မပြေ သဖြင့် အတူရုန်းကန် နေရသော ဘဝ ဟု သာ ထင်ထား မိ ခဲ့သည် ။ သည် အရွယ် ထိ လုပ်ကိုင် နေရသော ဘဝ အတွက် သူ့ သားသမီး များ ကို ပင် မကျေနပ် သလိုလို ဖြစ်ခဲ့ဖူး ပါ၏ ။ ယခု အမေကြီး ဒေါ်မြကြင် ၏ လက်ရှိ ဘဝ ကို သိလိုက်ရ ချိန် လူ မှာ အံ့သြလွန်း သဖြင့် ဘာ ပြောရ မှန်း ပင် မသိတော့ပါ ။ ပြီးမှ
လက်သမားဆရာ ကို မေးမိသည် ။

“ အခု အဲဒီ အမေကြီး ဒေါ်မြကြ င်ရဲ့အမေ ၊ အဘွား က ရော ဗျာ ၊ ရှိလား ။ ဒီ တဲ ထဲ မှာ ပဲ လား ”

“ ရှိပါတယ် ဗျာ ၊ သူ လည်း သူ့ သမီး ဆုံးတာ သိတော့ သိမှာပေါ့လေ ။ အင်း ...သိချင် မှ လည်း သိမှာ ပေါ့ ဗျာ .. ခေါင်းရှုပ်ပါတယ် ”

စကား အဆုံး လက်သမားဆရာ မျက်နှာ မှာ လည်း စိတ်မကောင်း ဟန် ဖြင့် အုံ့မှိုင်း သွားပါသည် ။

“ ကဲ လာဗျာ ... အထဲ က အမေကြီး ကို သွား ကြည့်ကြ ရအောင် ”

လက်သမားဆရာ ခေါ် သဖြင့် တဲလေး အတွင်း ဝင်လာ ခဲ့ မိသည် ။ ခပ်မှောင်မှောင် ခပ်အုပ်အုပ် တဲလေး ထဲ ၌ အဘွားအို တစ်ယောက် ငြိမ်သက်စွာ ထိုင် နေသည် ကို
တွေ့ရ၏ ။ ဘေး ပတ်ဝန်းကျင် ကို သတိ မပြုဘဲ ငြိမ်ငြိမ်လေး ထိုင် နေ ရှာသော အဘွားအို ကို အနှောင့်အယှက် မပေးချင် တော့ပါ ။ ကျွန်တော် လည်း အိတ်ထောင်ထဲ မှ ခေါက် ပိုက်ဆံအိတ် ကလေး ကို ထုတ် လိုက်သည် ။ အတွင်း အိတ်ထောင့် ၌ ခေါက် ထည့် ထား သော တစ်ထောင်တန် အသစ်ကလေး သုံးရွက် ကို ထုတ် ယူ လိုက်ပြီး အဘွားအို ၏ ပိန်ခြောက်ခြောက် လက်ကလေး ထဲ အသာ ဖြန့် ထည့် ပေး လိုက်ပါ၏ ။ ကျွန်တော် လည်း တဲလေး အပြင် သို့ ထွက် လာခဲ့တော့၏ ။

ဪ ... ဘာပဲပြော ပြော အပင်ပန်းဆုံး ဘဝလေး ထဲ မှ တဒင်္ဂ လွတ်မြောက် ခွင့် ရ သွားရှာသော အမေကြီး ဒေါ်မြကြင် မှာ ငြိမ်းချမ်း သွား ပါပြီ ။ စိတ် ထဲ တွင် လေးလံ စွာ ခံစား နေရင်း တစ်ခု တွေး မိ၏ ။ အမေကြီး ဒေါ်မြကြင် အတွက် မနက်ဖြန် မနက် တွင် အိမ်ရှေ့ ဆွမ်း လောင်းရင်း အမျှဝေ ပေး ရုံသာ တတ်နိုင်ပါ တော့မည် ။ အမေကြီး ဒေါ်မြကြင် သာဓု အနုမောဒနာ သာ ဝမ်းမြောက်စွာ ခေါ်ပါတော့လေ ... ။

◾ ခန့်ညီဖေ

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     ဇန်နဝါရီ ၊ ၂၀၁၇

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment