Sunday, July 14, 2024

ဘိန်းပရိယာယ်


 

❝ ဘိန်းပရိယာယ် ❞

ယနေ့ သည် ထောင် တွင် ဧည့်သည် များစွာ လက်ခံ မည့် နေ့ ဖြစ်ကြောင်း တပည့်ကျော် ဘဦး က ထောင်တာဝန်ခံ အရာရှိ ဦးရွှေမောင် အား သတင်း ပေး ထားလေသည် ။ အကြောင်း မှာ ရဲဘော်အမှုထမ်း က သူ သည် ရုံး ၌ တရားခံများ စွာ တွေ့ခဲ့သည် ဟု ဆိုလေသည် ။

များသောအားဖြင့် ထောင် ဟူ သည် ထွက်ပေါက် ဝင်ပေါက် ဟူ၍ တံခါးကြီး တစ်ပေါက် သာ ရှိကြသည် ။ ဗဟို ထောင်ကြီးများ သာ ကုန်ပစ္စည်း သွင်းရန် ၊ နောက်ဖေးပေါက် တစ်ပေါက်တလေ ရှိကြ၏ ။

ထို တံခါးပေါက်ကြီး သည် ထောင် ၏ ခံတွင်းဝ နှင့် တူ လေသည် ။ အကျဉ်းသား အမျိုးမျိုး တို့ သည် ဤ တံခါးကြီး မှ ၀င် လာကြပြီး ထွက် တော့ လည်း ဤ တံခါးဝကြီး မှ ပင် ထွက် ကြရသည်  ။ အထွက် အဝင် မည်မျှ များသည် ဟူမူ တံခါးတွင် တာဝန်ကျသည့် ထောင် အမှုထမ်း သည် ရက်ကန်းစင် မှ လွန်း ကဲ့သို့ ဟို တံခါး နှင့် သည် တံခါး ကို မနား မနေ သွားပြီး ဖွင့်လိုက် ၊ ပိတ်လိုက် လုပ်ရ၏ ။ လက် နှင့် အမြဲ တွေ့ နေရသည့် သော့ခလောက် နှင့် သော့များ ပင် နဂိုရည် ချွတ်ယွင်းပြီး ငွေရောင် ကဲ့သို့ ဖြူဖွေး နေတော့သည် ။

ထောင် တွင်းရှိ အချုပ် တရားခံ တို့မှာ ထောင် ၏ ဧည့်သည်များ ဖြစ်၍ ထောင်ကျ အကျဉ်းသားများ တို့ မှာ အိမ်သားများ လို အိုးမကွာ ၊ အိမ်မကွာ နေကြရသည် ။ ထောင် ကျ အကျဉ်းသားများ တို့ အား အိုးမကွာ ၊ အိမ်မကွာ ဟု ပုံနှိုင်းရသည် ထက် ပေါက်တူး မကွာ ၊ ထောင် မကွာ နေကြသည် ဆိုက သင့်မည် ထင်လေသည် ။

အချုပ်သား တို့ သည် မိမိ ရုံးချိန်းရက် ရှိတိုင်း ထွက်လိုက် ဝင်လိုက် နှင့် နေကြရသည် ။ အမှု ပြီးစီး သွားမှ ထောင်ဒဏ် အပြစ် ရရင် လည်း ရ ၊ မရ လည်း ကွင်းလုံးကျွတ် လွတ် မှ အထွက် အဝင် ဒုက္ခ ၊ ခဏခဏ လက်ထိပ် ခတ်ခံရသည့် ဒုက္ခ မှ အေး ကြတော့သည် ။ အချုပ်သားများ ဘဝ သည် လက်ထိပ် စော် နံသော ဘဝ ဖြစ်၍ ထောင်ကျ အကျဉ်းသား မူ ခြေကျင်း စော် နံ သော ဘဝ ဖြစ်သည် ။ 

ယခု တိုးတက်လာသည့် ခေတ် တွင် ထောင်တွင်း ၌ ခြေကျင်း ကို ဖောဖောသီသီ မသုံးကြတော့ ။ သို့ရာတွင် လို အပ်လျှင် ခြေကျင်း နှင့် လွတ်ကင်းမည်တော့ မထင်ပါနဲ့ ။ ခေတ်ကြီး က ဒါတွေ ၊ ဒါတွေ မလိုတော့ပါဘူး ဟု တောင်း ဆို နေပေသိ  ။ ခေတ်နောက် သို့ မလိုက်နိုင်သော သူများ အတွက် ခြွင်းချက် ထား မှ အရေးတော်ပုံ လှပေ လိမ့်မည် ။

“ တစ်ယောက် ”

“ နှစ်ယောက် ”

“ သုံးယောက် ”

တံခါးစောင့် ထောင်ကြပ် နှင့် တရားခံ ကို လက်ခံသည့် ထောင်မှူး တို့ ၏ တရားခံ အဝင် ကို ရေတွက်သည့် အသံ မှာ ဦးရွှေမောင် ၏ နား တွင် အတိုင်းသား ကြား နေရသည် ။

“ အောင်မယ် ... ဒီနေ့ လူသစ် နှစ်ဆယ် တောင် တိုး တယ်ဟေ့ ”

ထောင်မှူး က တံခါးထောင်ကြပ် အား လှမ်း ပြောသံ ကြားရသည်  ။ ထောင် တံခါးကြီး အတွင်း ၌ လက်ထိပ်သံ ၊ ကြိုးသံ မှာ ဆူညံ နေ၏ ။ ထောင် တံခါးဝ ရှိ ရုံးခန်း တွင် တုတ် တစ်ချောင်း ၊ ခုံ တစ်လုံး နှင့် ထိုင်နေတော်မူသည့် ဦးရွှေမောင် သည် တရားခံများ ဆီ သို့ ထိုင်ရာ မထ အာရုံ စိုက် နေ လေသည် ။ ထောင်ပိုင်ကြီးများ ၏ အာရုံယူမှု မှာ ဘုရား ၊ တရား ၊ သံဃာ ကို အာရုံ ပြုမှု ထက် အကျဉ်းသား အမျိုးမျိုးတို့ အပေါ် အာရုံ ပြုမှု က ထက်သန် လှပေ၏ ။ လုံခြုံရေးအရာရှိ တွေ ပေကိုး ။

ဦးရွှေမောင် သည် အာရုံပြုမှု တွင် ကျက်စား အား ထုတ် ပြန်သည် ။ 

“ မင်းနာမည် ” - ထောင်မှူး အသံ

“ ပေသီး ” - တရားခံ အသံ

“ အဖေနာမည်  ” - ထောင်မှူး အသံ

“ ကိုတာတေ ” - တရားခံ အသံ

“ ဘာအမှုလဲ ” - ထောင်မှူး အသံ

“ ( ၅ ) ( ၁ ) ဗျ ” - တရားခံ အသံ

“ ဘာ ( ၅ ) ( ၁ ) လဲ ကွ ၊ အမှု ကို ပြော ” - ထောင်မှူး ဟောက်သံ ။

“ အဲ ... အဲ ... ဟို ... ဟို ... ” - တရားခံ အသံ ။

“ အောင်မာ ... မင်း ကို မင်း နိုင်ငံရေးပုဒ်မ ၅ များ ထင် နေသလား ၊ ဖာခေါင်းလုပ်မှု ကွ ” - ထောင်မှူး အော်သံ ။

“ ဟုတ် - ဟုတ် .. ပြည့်တန်ဆာ - ပြည့်တန်ဆာ ”

“ အစက ပြော ပြီးရောပေါ့ ၊ ဟန်ကြီးပန်ကြီး ပုဒ်မပုဒ် ထီးတွေ ပြောလို့ ” ထောင်မှူးကြီး သွားဖြဲသံ ။

“ ဟေ့ ... နောက် တစ်ယောက် ” ထောင်မှူး စစ်ဆေး ပြန်သည် ။ 

“ ကျွန်တော့် နာမည် ဒေါင်းရီ ” နောက် တစ်ယောက် အဖြေ ။

“ မင်း ကော ... ဘာမှုလဲ ” ထောင်မှူး ။

“ အဲ ... ဟို ... အမှုပဲ ” တရားခံ အသံ ။

“ သယ် ... နားရင်း ကို တီး လိုက်ရ ၊ ဖာခေါင်း က ခုမှ ရှက် နေရသေးတယ် ၊ ဘာ အမှုလဲ ပြော ” ထောင်မှူး အော်သံ ။

“ ဟုတ် ...ဟုတ် ... ပြည့်တန်ဆာပုဒ်မ ပါ ဆရာ ”

ထောင်မှူး သည် ရဲအုပ် ထံ မှ ရရှိသည့် တရားသူကြီး ရီမန်အမိန့် ကို ဖတ်လိုက် ၊ အချုပ်သားများ ကို စစ်ဆေး လိုက် လုပ်ပြီး အချုပ်သား နှစ်ဆယ် ကို လက်ခံ လိုက်လေသည် ။ ထိုစဉ် ထောင်အလုပ် တွင် ခေါင်းမွေး ဖြူ နေပြီ ဖြစ်သော ထောင်ပိုင်ကြီး ဦးရွှေမောင် သည် စိတ်ကူး တစ်ခု ရ၍ တရားခံ
ကို လက်ခံနေသည့် ထောင်မှူး အား ခေါ် လိုက် လေသည် ။

“ ဦးစိုးညွန့် ခဏ လာပါဦး ”

ထောင်ပိုင်ကြီး ခေါ်သံ ကြား၍ ထောင်မှူး သည် ရီမန် အမိန့်စာများ ကို လက်တွင် ဆုပ်ကိုင်ရင်း ထောင်ပိုင် ရှေ့ သို့ ရောက် လာ၏ ။

“ ပြည့်တန်ဆာပုဒ်မ နဲ့ လူ ဘယ်နှစ်ယောက် ပါသလဲ ”

ထောင်ပိုင်ကြီး က ထောင်မှူး အား မေး လေသည်  ။

“ အားလုံး ရှစ်ယောက် ပါ ၊ ဒီပြင် လူတွေ ကတော့ ရိုးရိုး အမှုတွေပါ ” 

“ ကောင်းပြီ အဲဒီ ရှစ်ယောက် ထဲ မယ် ဘိန်းစား အမှန် ပါ ရမယ် ၊ ဒီ အလုပ်မျိုး လုပ်တဲ့ လူတွေ ဘိန်း သော် လည်းကောင်း ၊ အရက် သော် လည်းကောင်း မကင်းကြဘူး ၊ ဒီ တော့ ထောင် တွင်း ဘိန်း မဝင်အောင် သေသေချာချာ ကြည့် ကြားလား ”

“ ကောင်းပါပြီ ”

အကျဉ်းထောင် အလုပ် တွင် တရားခံများ အား ရှာဖွေ ခြင်းသည် အထူး အရေးကြီးသော အလုပ် ဖြစ်လေသည် ။ ရှာ ဖွေခြင်း ပေါ့လျော့ က လုံခြုံရေး တွင် များစွာ ထိခိုက်တတ်သည် ။ အကျဉ်းသားများ သည် လူသားများ ဖြစ်ကြ၍ အတ္တဟိတ မိမိအကျိုး အတွက် ဘိန်း ၊ အရက် ၊ ဆေးခြောက် ၊ ပိုက်ဆံများ ကို ဆောင်ထား လိုကြသည် ။ လောဘ ၊ ဒေါသ ၊ မောဟ ရှိသော လူသားများ ဖြစ်၍ တစ်ပါးသူ အား ရန်ပြု ရန် လက်နက် တစ်ခု ခု ကို ဆောင်ထား လိုကြသည် ။ ရာဇဝတ်ဘေး မှ ပြေးကြရန် ကြိုး ၊ လွှ ၊ လက်နက်များ ကို အလို ရှိကြသည် ။ ယင်းသို့ သဘော ရှိကြသော လူသား အကျဉ်းသားများ ကို လူသား ဖြစ်သည့် ထောင် အမှုထမ်း အရာထမ်းများ က ထိန်းသိမ်း ကြရသည်  ။ အုပ်ချုပ်သူ လူ သား ဉာဏ် မမီ က အကျဉ်းခံ နေ ရသူ လူသား က အကြံ အောင် တတ်သည် ။

ယင်း သဘော ကို ထောက် ၍ ကြီးကြီးမာစတာ ထောင် အတွေ့အကြုံ များသူ ဦးရွှေမောင် က တပည့်ကြီး ဩရသ ထောင်မှူး ဦးစိုးညွန့် အား မမေ့မလျော့စေရန် ဘိန်းစား တွေ ပါသလား ဟု တစ် ပေး လိုက်ခြင်း ဖြစ် လေသည် ။

ထောင်တွင်း အုပ်ချုပ် ရသော အလုပ် တွင် ထောင်မှူး ၊ ထောင်ပိုင်များ သည် လူပေါင်း တစ်ရာ ကို သ,တ် လာသည့် တရားခံ ကို အုပ်ချုပ်ရာ ၌ အခက်အခဲ မရှိ ။ နိုင်ငံရေးသမား ကို ထိန်းသိမ်းရာ ၌ လည်း အထူးတလည် သတိထားရန် မလို ။ စစ်သားလူထွက် လူကြမ်းကြီးများ ကို စောင့်ကြပ်ရာ ၌ပင် ဘာ ဒုက္ခ မျှ မရှိကြ ။ အဲ - ခက်သည် မှာ ဘိန်းစား အကျဉ်းသား ... ။

ဘိန်းစား အကျဉ်းသား သည် ဘိန်း ကို ရ သလို ရှာကြံ တတ်သည်  ၊ ရှာကြံ၍ မရလျှင် တစ်ပါးသူ ၏ ပစ္စည်း ကို ခိုး လေသည် ။ အစိုးရ က ပေးထားသည့် အဝတ် ကို ရောင်းစား ပစ်လိုက်သည် ။ မတတ်သာ၍ ထုထောင်း လုပ်သောအခါ ကျွန်တော်  ဘိန်းဖြတ်ပါပြီ ဟု ပြော တတ်သည် ။ ထိုသို့ ပြော ပြီး ပိုက်ဆံ ရပေါက် မြင်သည့် အလုပ် ဟူသမျှ ကို မရှက် မကြောက် လုပ် လေတော့သည် ။ သူ လုပ်တိုင်း ထောင်တွင်း ၌ ရိုက်မှု ဖြစ်မလား ၊ လူသ,တ်မှု ဖြစ်မလား ၊ ဘယ်သူ ထွက် ပြေးမလဲ စသည်ဖြင့် ကွင်းဆက် ကိစ္စ ကို တွေးတော ၍ ပူ ရလေသည် ။

အပြင်လောက ၌ ဘိန်းစားများ သည် မိဘ ကို ဒုက္ခ ပေးသည် ။ သားမယားများ ကို ထမင်းငတ် စေသည် ။ ပတ် ဝန်းကျင်လူထု ပစ္စည်း အခိုး ခံရသဖြင့် စိတ်ဆိုး ကြရသည် ။ နောက်ဆုံး တိုင်းပြည်ကြီး မှာ သူ့ အကူအညီ ကို မရဘဲ အနှောင့်အယှက် သာ ဖြစ်ရလေသည် ။

ထို့အတူ ထောင်တွင်း ဘိန်းစား တစ်ဦး ၏ အနှောင့် အယှက်ပေးမှု ကို ထောင် က ခံရပြန်သည် ။ ထိုအခါ စိတ် မရှည်တော့ သော ထောင်ပိုင်ကြီး က တိုက် ထဲ တွင် ပိတ် ထား ရန် အမိန့် ချမှတ် လိုက်ရတော့သည် ။ အေးပြီ ထင်ပါ သလား  ။

ဘိန်းစား ကို တိုက် ပိတ် ထားလျှင် ဘိန်း ရရန် လမ်းမရှိ တော့၍ လူ ရိုက်သလို ဘိန်းစား သည် တအော် တည်း အော် တော့သည် ။ “ အရိုး ကွဲပါပြီ ၊ သေပါပြီ အမေ ” ဟု သနားရ မလိုလို ၊ မုန်းရ မလိုလို အသံနက်ကြီး ကို ကြားရသည် ။ နောက်တော့ ဝမ်း က ဒလဟော ပါ တော့သည် ။ အဲ - ထောင် ပိုင်ကြီး က ဆရာဝန် ကို ခေါ်ဦး ၊ ပစ်ထား ပြန်ရင် ‌ေ သ သွားဦး မယ် ၊ ‌ေ သ လည်း ‌ေ သ ခဲ့ကြပြီ ။ အဓိပတိ ဘိန်းစားကြီး ဆို လျှင် တကယ် ဘိန်းမရ က တကယ် ‌ေ သ တတ်သည် ။ ဘိန်း သက် နု လျှင်တော့ ကြပ်မတ် ပြုလုပ်က ဘိန်း ဖြတ်နိုင်၏ ။ ဘိန်းစားများ ထောင် ကျလျှင် ဘိန်းစားများ အခံ ရ ဆိုး သလို  အုပ်ချုပ်ရသူ က လည်း မသက်သာ ။ သို့ နှင့် ဘိန်းစား ကို တိုင်းပြည် က သာ အလို မရှိ မဟုတ် ။ ဓားမ - နောက်ပိတ်ခွေး ၊ ထောင် က ပင် အလို မရှိ ။ ဘိန်းစားများ ပြဿနာ သည် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် တွင် မြန်မာပြည် ကို တရုတ်ဖြူ ကျူးကျော် သလို ဖြစ်၍ ရှိရာ တစ်ပြည်လုံး လုပ်သားပြည်သူ တို့ က တတ်နိုင်သည့် နည်းနှင့် ဖြိုခွင်းကြတန်လော ။ 

ထောင်ပိုင်ကြီး ထံ မှ အရိပ်အမြွက် ပညာ ရရှိသွား သော ထောင်မှူး ဦးစိုးညွန့် သည် ဘိန်းစားများ ကို စစ်ဆေး သံ ကြားရပြန်သည် ။

“ ဟေ့ ဒီ အထဲ ဘိန်းစား ဘယ်နှစ်ယောက် ပါသလဲ ။ ထ စမ်း ၊ ဘိန်း ပါရင် ၊ ပိုက်ဆံ ပါရင် ကောင်းကောင်းမွန်မွန် အပ် ၊ ရှာ ပြီးမှ တွေ့ နေရင် အပြစ် ဖြစ် နေမယ် ”

ထောင်မှူး သည် မည်သူကမျှ ဘိန်းစား ပါ ဟု ပြော သံ ကို မကြားရ ။

ဘိန်းစား မပါဘူး ၊ အားလုံး ဘုရားဒကာ တွေ ဆို ကောင်းတာပေါ့ ။ ထောင်မှူး က ချီးကျူးစကား ပြောပြီး တစ်ဦးချင်း ရှာဖွေကာ ထောင်တွင်း သို့ တရားခံများ အား သွင်း လိုက်လေသည် ။

•••   •••   •••   ••• 

“ လူသစ် တွေ လူသစ် တွေ မြန်မြန် တန်းစီပြီး ထိုင် ကြစမ်း ၊ ထောင်ပိုင်ကြီး လာတော့မယ် ” 

မိန်း ဂျေး ခေါ်  ထောင် အလယ် တစ်နေရာ တွင် အကျဉ်း သား လူသစ်များ ကို ထိန်းသိမ်းရသည့် အကျဉ်းသား လူကြီး ဘုတ်ကိုင် သည် အာပုပ်နံ့ တထောင်းထောင်း ထွက်အောင် ကုန်းအော် တော့သည် ။

အကျဉ်းသား မောင်မယ်သစ်လွင်များ ကို လက်ခံရရှိ လျှင် ရရှိချင်း သက်ဆိုင်ရာ ထောင်မှူး သည် သူ ၏ ခွေးရေ ပုရပိုက်စာအုပ်ကြီး တွင် အကျဉ်းသားများ ၏ အကြောင်းအရာ စုံလင်စွာ ကို ချက်ချင်း မှတ်ပုံ တင် ရလေသည် ။ အဖေ ၊ အမေ နာမည် မှ အစ ရုံးအမှုတွဲ အမှတ် ပုဒ်မ ၊ ထောင်ဒဏ် ဘယ်မျှ ၊ ကိုယ်ခန္ဓာ ဘယ်နေရာ တွင် အမာရွတ် ဘယ်နှစ်ခု ၊ ကိုယ် အလေးချိန် ၊ အရပ်အမောင်း ၊ မွေးဇာတိ အစ ရှိသဖြင့် ရေပက်မဝင် စေ့စေ့စုံစုံ ရေးမှတ်လေသည် ။ 

ယင်း ကိစ္စ ပြီးလျှင် အဝတ် ထုတ် ပေးသည့် ထောင်မှူး ထံ အကျဉ်းသား မောင်မယ်သစ်လွင်များ ကို တသီတတန်း ကြီး စည်းကမ်းကလနား ပြည့်စုံစွာဖြင့် မောင်း ချ သွားပြန် ၏ ။ အဝတ် ကို ကိုင်သည့် ထောင်မှူး က နဂို ပါရင်း အဝတ် ကို ချွတ်ပြီး ဝတ်ဖြူစင်ကြယ် နှင့် ဖိုးသူတော် တို့ ၏ ဆင်ယင် ထုံးဖွဲ့မှုဖြင့် ထောင်သား ဂိုက် ဖမ်း ပေးလိုက်လေသည် ။  နောက်ပြီး ကိုယ်တော်မြတ် ထောင်မှူး က အော် လိုက်သေး ၏ ။

“ မင်းတို့ ကိုယ်ပိုင် အဝတ်တွေ ကို လျှော်ဖွပ်ပြီး ဒီနေ့ ညနေ ငါ့ ဆီ လာအပ် ၊ ငါ ထုတ် ပေးလိုက်တဲ့ အဝတ် ပျောက် ရင် မောင်ရင် တို့ ‌ေ သ ပြီသာ မှတ် ”

ဤကဲ့သို့ အဖိုးတန်လှသည့် ဆုံးမသြဝါဒ ကို အ ကျဉ်းထောင် ၏ တက်လူ မောင်သစ်လွင်များ ခံယူပြီး ထောင် ဆရာဝန်ထံ သြဝါဒ ခံယူရန် နှင့် ကိုယ်တွင်း ကိုယ်ပ ၉၆ ပါး သော ရောဂါ ကို တင်ပြရန် ချဉ်းကပ်ရ ပြန်သည် ။ 

ဆရာဝန် သည် ခပ်တည်တည် စစ်ဆေးပြီး “ အဲ မင်း တို့ အကုန် နေကောင်းလို့သာ ကိုယ့် ခြေထောက် နဲ့ ကိုယ် လာ နိုင်ကြတာပေါ့ ၊ နေ မကောင်း ရင် မင်းတို့ ဟာ မင်းတို့ အသိ ဆုံး ၊ ထောင် ထဲမယ် ပေါက်တူး ကောင်းကောင်း ပေါက် ရင် ဘာ ဆေးမှ စား စရာ မလိုဘူး ကြား သလား ၊ သွားကြပေ တော့ ”

ဤကဲ့သို့ ထောင်ဆရာဝန် က အလုပ်ကြမ်း လုပ်ရန် အထူး သင့်လျော်ကြောင်း ၊ ဂုဏ်ထူးဖြင့် ဆေး အောင်ကြောင်း လက်မှတ် ထိုး ပေးပြီးတဲ့ နောက် ပင် လူသစ်တို့ ၏ မဟာ ဒုက္ခ မှာ နိဋ္ဌိ - မတံသေး ။ ထောင်ပိုင် ကိုယ်တော်မြတ် ကြီး စစ်ဆေးရန် စောင့်ကြပေဦး ။

ထောင်ပိုင် မင်းတြားကြီး သည် လူသစ် ဝင် တိုင်း စစ် ဆေး၏  ။ လူဟောင်း တွေ လွတ် တိုင်း စစ်ဆေး၏ ။ ထောင် အလုပ်သည် အလွန် သေချာရသည် ။ ဤမျှ သေချာ အထူး သေချာသည့် ကြားကပင် ကာလနာ ထောင်မှူး မကောင်း လျှင် လူ မှား ပြီး လွှတ် မိ၍ ထောင်အပြင် တစ်ခါလောက် ရောက်ပြီး မှ အတင်း လိုက် ဖမ်းရသည့် ကိစ္စပင် ရှိလိုက်သေး ၏ ။ ( မြင်းကောင်းခွာလိပ် ကိုး ဗျ ဟဲ ဟဲ ) 

“ ဟေ့ ထောင်ပိုင်ကြီး လာ နေပြီ ၊ နားရွက် မခတ်ကြနဲ့ တော့ ၊ နံတို ကို ထောင်း ထည့်လိုက်မယ် ”

ဘုတ်ကိုင်ကြီး သည် ထောင်ပိုင်ဦးရွှေမောင် ထောင် တွင်းသို့ နောက်တော်ပါ တပည့်တပန်း စုံလင်စွာဖြင့် ရွှေစကြာ ဖြန့်ချိတော် မူလာသည် ကို မြင်ရ၍ လူသစ်များ အား သတိ ပေး လိုက်လေသည် ။

သက်ဆိုင်ရာ ထောင်မှူး သည် စာရွက်စာတမ်း စာအုပ်များ ကို ထောင်ပိုင်ကြီး အား တင်ပြပြီး သူ ၏ ခွေးရေ ပုရပိုက်စာအုပ်ကြီး ကို ထိုး ပေး လိုက်၏ ။

ထောင်ပိုင်ကြီးသည် အသစ်စက်စက် ကျက်ထား သည့် ပတ်မကြီး မျက်နှာ ကဲ့သို့ သူ ၏ ပြောင်တင်း နေသည့် မျက်နှာပေး နှင့် တစ်ဦး ပြီး တစ်ဦး စစ်ဆေး သွားလေသည် ။ ဤကဲ့သို့ စစ်ဆေးခြင်း ၏ အကျိုးမှာ အကျဉ်းသား တို့ သည် ထောင်တွင်း မှ အယူခံ လိုက ထောင်ပိုင်ကြီး ထံ လျှောက် ထားခွင့် ရရှိခြင်းပင် ဖြစ်လေသည် ။

ကိစ္စဝိစ္စ ပြီးသောအခါ လူ အပေါ် လူ လုပ်နေသော ထောင်ပိုင်ကြီးဦးရွှေမောင် သည် တက္ကသိုလ် အဓိပတိကြီး ၏ ဟန်အမူအရာ ကို တစ်သဝေမတိမ်း ယူ လိုက်ပြီး အကျဉ်းထောင် ရိပ်သာ တွင် ပညာရင်နို့ သောက်စို့ကြမည့် အကျဉ်း သား မောင်သစ်လွင် တို့ အား သြဝါဒပေးသည့် လေ သည် သူ ၏ ပါးစပ် မှ တောက်လျှောက်ကြီး ကန့်ကွက်လေသည် ။

အကျဉ်းသား မောင်သစ်လွင် နှင့် တက္ကသိုလ်သစ်လွင် တို့ လုံးဝ မတူသော အချက်ကြီး တစ်ချက် မှာ အသက်အ ရွယ်ပေတည်း ။ အကျဉ်းသား မောင်သစ်လွင်တို့ မှာ ၁၈ နှစ် မှ အသက် ၇၀ ကျော် အထိ ပင် ပါကြလေ၍ ဩဝါဒ ပေးရ မည့် ထောင်ပိုင် ငနဲသား ၏ ထောင်ပညာ မှာ သေးသေးနုတ် နုတ် ဟု မထင်သင့် ၊ မထင်အပ် ။

ကဲ - ထောင်ပိုင်မင်းတြား ၏ ဩဝါဒသံ ကို ကြားဖူး နားဝ ရှိအောင် နားထောင် လိုက်ကြဦးစို့ ရဲ့ ။

“ အဲ - အားလုံး နားထောင်ကြစမ်း ၊ မင်းတို့ ကို တို့ ထောင်ပိုင်ထောင်မှူးများ က ထောင် သို့ လာပြီးတော့ စား လှည့်ပါ ၊ သောက်လှည့်ပါ ဆိုတဲ့ ဖိတ်စာ ကို ရလို့ တစု တဝေးတည်း လာကြသလား ၊ ကဲ - ဒီလို မဖိတ်မကြားပါဘဲ နဲ့ စာချုပ် ချုပ် ထားကြ သလို ဒီနေ့ ဒီရက် ဒီ ထောင်ကြီးမယ် ကျောချင်း ကပ် ၊ ရင်ချင်း အပ် ပြီး ကိုယ့်အိမ် ကိုယ့်ရာ လို နေဖို့ ထိုင်ဖို့ ဖြစ်လာတယ် ဆိုတာ အနမတဂ္ဂ သံသရာ က ဘုရား သွား ဘက် ၊ ကျောင်း သွား ဘက် ဆွေမျိုး တော် ခဲ့ကြ လို့သာ ဖြစ်ရမယ် ၊ အဲဒီ အချက် ကို နာနာကျေအောင်ညက် အောင် စဉ်းစားကြ ”

ထောင်ပိုင်ဝန်မင်းဘုရား သည် ညောင်း နေသည့် ခါး ကို တစ်ချက် ဆန့်ပြီး ဆက်၍ သြဝါဒ ပူပူလောင်လောင် ကို အကျဉ်းသားများ နားတွင်း သို့ သွန်းလောင်း ပြန်လေသည် ။

“ ခင်ဗျားတို့ တစ်တွေ ဟာ အပြင် မှာ ဘာ ဖြစ်လာကြ
သလဲ ဆိုတာ ကျုပ်တို့ နဲ့ မဆိုင် ၊ အပြင် မှာ ငါ ဘာကောင် ၊ သူ ဘာကောင် ဆိုတာ ထည့် မတွက်နဲ့ ၊ ဝိပဿနာ ပွား သလို ယခု - ယခု တွေ့ထိ နေတဲ့ ထောင်လောက ကို စဉ်းစား ၊ ပထမ ဆုံး ထောင်ဘာဝနာ ပွားဖို့ လိုတာကတော့ ဒီနေရာ ကို ဘာ ပြုလို့ အကျဉ်းထောင် ခေါ်သလဲ ၊ ဒါကို သိဖို့ အရေးကြီး တယ် ၊ တိုတို နဲ့ ဗိုက် ထဲ ရော ၊ ခေါင်း ထဲ ရော ၊ ခြေထောက် ကော ၊ လက်ကော ၊ မျက်စိကော မှတ်ထားဖို့ လိုတာက အကျဉ်း ဆိုတာ မကျယ် လို့ မှတ် ၊ ထောင် ဆို တာက ထောင်ချောက် မိတယ် ဆိုတဲ့ စကား နဲ့ ဆက်စပ်ပြီး တွေး ၊ ကဲ အတွေး လုံပလား ၊ တွေးပြီးရင် တို့တစ်တွေ ဘယ် ကို ရောက်နေကြသလဲ ဆိုတာ သိကြရောပေါ့ ၊ ကဲ ... ဘယ့်နှယ် လဲ ဒီဘက် က ပုလိပ်ကြီး ... ”

ဦးရွှေမောင် သည် သူ ၏ တရား ကို များစွာစိတ်ဝင် စားနေသည် ဟု ထင်ရသော သေနတ် ရောင်းစား၍ ထောင် ဒဏ် အပြစ် ရရှိသည့် ဘိုးဘိုးပုလိပ်ကြီး အား မေးခွန်းထုတ် တော် မူလိုက်သည် ။

“ ဟုတ် ... ဟုတ်ပ ”

ဘဝင် ကျ သလိုလို ဟန် အမူအရာ ပြနေသည့် ကိုလူလည် ပုလိပ်ကြီး က အာမဘန္တေ လုပ်လိုက် လေသည် ။ ဟုတ်ပါ့ အပြီးတွင် ပုလိပ်ကြီး သည် အရက်ခိုး မပျောက်သေးသော သူ ၏ မျက်လုံးဝါကြီး ကို မျက်တောင် တဖျတ်ဖျတ် ခတ် ပစ်လိုက် ပြန်သည် ။ ဦးရွှေမောင် က ဆက်လက်၍ ထောင်ဒေသနာ ကို မှုတ်ထုတ် ပြန်၏ ။

“ အဲ ... ဒီတော့ ထောင် ဆိုတာ ကျဉ်းတော့ မလွတ် လပ်ဘူး ၊ လွတ်လွတ်ကျယ်ကျယ် ကိုယ့် အိမ် မှာ လို နေချင် သပ ဆိုရင်တော့ အုတ်ရိုး ကို ကျော် တက်ကြပေါ့ ၊ ဒါပဲပြော တတ်တယ် ”

အကျဉ်းသားများ ဟာခနဲ ဖြစ် သွားကြသည် ။ ဦးရွှေမောင် က ဆက် ပြန်၏ ။

“ အုတ်ရိုး ကျော်တက်ပြီး မယ်မြ ရေ ... ငါ ပြန်လာပြီ ကွ ၊ မောင်ဖြူ ရေ .. မောလိုက်တာ ငါ့ ကို ရေတစ်ခွက် ပေးစမ်း ဆိုပြီး ဇိမ် နဲ့ ရေသောက်ပြီး နေနိုင်ရင် ကျုပ် ကလည်း လက် ပိုက် ကြည့်နေပါ့မယ် ”

အကျဉ်းသား ရယ်သံများ ။

“ ကဲ - တိုတိုပဲ ပြောကြစို့  ၊ မထူးပါဘူး ၊ ဒီ ထောင် ကို ကိုယ့် အိမ် ပဲ မှတ်ပါ  ၊ ကိုယ့် ယာ ပဲ မှတ်ပါ ၊ ဝိုင်းလုပ်ဝိုင်းစား ပေါ့ ၊ တစ်ခု တော့ ရှိတယ် ခင်ဗျားတို့ မှတ်ထားဖို့ က ဒီ ထောင် ကို ကျုပ် က ပိုင်တယ် ၊ ဒါနဲ့ ထောင်ပိုင် ခေါ်တာ ၊ ခင်ဗျားတို့ က ကျုပ် အိမ် မယ် ကိုယ့် အိမ် ကိုယ့် ရာ လို သဘော ထားပြီး နေကြ ဆိုပေမဲ့ ကျုပ် အိမ် မှာ ပရမ်းပတာတော့ မနေရဘူး ၊ စည်းကမ်းကလနား အနည်းအကျဉ်း ရှိတယ် ၊ ဥပမာ ကျုပ် အိမ် ခေါင်းရင်းခန်း ကို တက်ရင် ဖိနပ်ချွတ် မှ ကျုပ် ကြိုက်မယ် ၊ အပြင်မယ် ခင်ဗျားတို့ ကိုယ်ပိုင် အိမ် လည်း ဒီလိုပဲ နေမှာပေါ့  ၊ မထူးပါဘူး ၊ ဒီတော့ လုပ်စရာ ရှိ လုပ်ကြ စားစရာ ရှိ စားကြ ၊ နေမကောင်း ရင်လည်း ပြော ၊ ကျုပ် က မွေးစားမအေ ဖြစ်သွားပြီ ၊ မကောင်းတဲ့ ကလေး ကို တင်ပါး ရိုက်ပြီး ဖအေ ၊ မအေ က မဆုံးမ ဘူးလား ၊ ကဲ ... ကျုပ် က လည်း များများ လိမ်မာအောင် ဘာနဲ့ ရိုက်ရမလဲ မသိဘူး ၊ ပေါက်တူးရိုး ပဲ ကောင်းသလား ၊ နှစ် ပတ်လည်ပဲ ကောင်းမလား ၊ ကြိုက်ရာ ပြောထားကြ ”

အကျဉ်းသားများ ရယ်သံ ( မရယ်ချင် ရယ်ချင် အသံများ ) ။

ထောင်ပိုင်ကြီး ဦးရွှေမောင် သည် ထောင်ဝင် ဒေသနာ အသစ်ကျပ်ချွတ် ကို ပညာရှိ ပီပီ နှင့် လိုရင်းချုပ် ကို ဟောပြောပြီး ရပ် ပစ် လိုက်၏ ။ ထို့နောက် သူ သည် မောင်သစ် လွင်အကျဉ်းသား တို့ အား မျက်မှန်တွေ ဘာတွေ ကောက် တပ်ပြီး စိမ်းစိမ်းကြီး ကြည့် နေလေ၏ ။

“ ဟေ့ - ဒီ လူတွေ အထဲမယ် နောက်ဆုံး က လူသုံး ယောက် ထ စမ်း ”

ဦးရွှေမောင် က ဘာကိစ္စ ရှိမှန်း မသိ ကြောက်စရာကြီး အမိန့် ပေး လိုက်ရာ နောက်ဆုံး လူ သုံးဦး တို့၏ မျက်နှာ မှာ ဆီးရွက် ခန့် ဖြစ် သွား လေသည် ။ 

“ အဲ - ကျုပ် ကတော့ မောင်ရင်တို့ သုံးယောက် ဟာ ဘူရှိန်းတယ် ထင်တာပဲ ၊ ဘူရှိန်း ရင် လည်း ရှိန်း တယ်ပေါ့ ၊ မှန်မှန် ပြော ”

ဦးရွှေမောင် က အားမနာ ပဲ မေးခွန်း ထုတ် နေတော့ သည် ။ 

“ ကျွန် ... ကျွန်တော် တစ်ခါတလေ တော့ ဆေး ကစား ပါတယ် ” 

“ ဘာ ... ဘာ ... ဘာ ”

“ တစ်ခါတလေ ဆေးကစားပါတယ် ”

“ အံမယ်လေး ဟဲ့ ၊ ဆေး ကစားသတဲ့ ”

ဘိန်း နှင့် ပတ်သက်၍ ကြား ရသည့် ပရိယာယ် စကား တစ်ခု ၊ ယဉ်လိုက်ပါဘ ိတောင်း ၊ ဦးရွှေမောင် “  ပြင်ညာဂျော် ” ပင် ဤ ပရိယာယ် စကား ကို ယခင် က မကြားဖူး ။ ဘိန်းစား များ ပရိယာယ်များ ပုံ ကို သာ ထောင်တွင်း အတွေ့အကြုံ ရှိခဲ့ ၏ ။ ဘိန်း ရှူ သည် ကို ဘိန်း ရှူ သည် ဟု ပရိယာယ်စကား ဟောင်း တစ်လုံး သာ တတ် ထားသည့် ထောင်ပိုင်ကြီး အား သူ့ တပည့် ပညာရှင် အမျိုးမျိုး က စကားဆန်း တစ်လုံး သင် ပေးလိုက်ပေပြီ ။

“ ဟဲဟဲ မောင်ရင် က ဘယ် အရပ်သားတုန်း ”

“ ကျွန်တော် မိုးမိတ် ဘက် ကပါ ”

“ ဪ .. ဟုတ်ပြီ ၊ ဘာ လုပ်စားသလဲ ”

“ ဆင်ဦးစီး လုပ်ပါတယ် ”

“ ဟာ - ဟုတ်ပြီ ဆင် ကို ကျွေး တဲ့ ဘိန်း ကို နင် ချည်း စား ပစ်တယ် မဟုတ်လား ”

အကျဉ်းသားများ တဝါးဝါး ရယ်ကြ၏ ။

“ အဲ - မောင်ရင် ကျုပ် ဆီမယ် ဆင်ဦးစီး လုပ်စရာ ဆင် လည်း မရှိ ၊ ဘိန်း လည်း မရှိ ၊ အဲဒီ ပြဿနာ ကို ဘယ်လို လုပ် ကြမှာတုန်း ”

အကျဉ်းသားများ ရယ်ကြပြန်သည် ။

“ ကျွန်တော် မစားဘဲ နေနိုင်ပါတယ် ”

“ သာဓုပါဗျာ ၊ သာဓု ၊ နောက် သာ တစ်ခွန်း ကတော့ ဘိန်းဝမ်း သွားတော့ မှ ခေါ်ပါရစေ ဟုတ်လား ”

အကျဉ်းသားများ တခိခိ ဖြစ်နေကြ၏ ။ သူတို့ သည် နောက် နှစ်ဦးအား ထောင်ပိုင်ကြီး မေးသံ ကို နားထောင် နေ ကြပြန်သည် ။

“ မောင်ရင်ကြီး တို့ က ကော ဆင်ဦးစီးတွေ ချည်းပဲလား ”

မောင်ရင်ကြီး အခေါ် ခံရသူတို့ မှာ အသက် ငါးဆယ် ကျော် အရွယ်များ ဖြစ် ကြလေသည် ။ ထောင်တွင်း ၌ အကျဉ်းသား အဘိုးကြီးများ ကို ထောင်ပိုင်ကြီး က ဦးကြီး ရယ် ၊ ဘကြီး ရယ် ၊ အစ်ကိုကြီး ရယ် ဟု ခေါ်ပြီး ဒါ လုပ်စမ်း ၊ ဟိုဟာ မလုပ်နဲ့ ပြတ်ပြတ် ပြောရမည်မှာ ကာရန်ဝက်ကျ မကောင်း ၊ မိဘ ပေးစား ၍သာ ယူ ထားရသော လင်မယား အသစ်ကျပ်ချွတ် ကို ဒီမယ် - ဒီမယ်ဗျ ၊ ဟိုလူ - ဟိုလူရှင့် ခေါ်ရင်း ဆက်ဆံကြ သလို အာဏာ ပါ မှ ပြီးစီးနိုင်သော အုပ်ချုပ်ရေး တွင်
ထောင်ပိုင်ကြီး ခမျာ အခက် ကြုံ နေရရှာ၏ ။ လူရိုင်းကြီး ဖြစ် နေရရှာ၏ ။ ဝိုင်းပြီး သနားလိုက်စရာ ကောင်းပါဘိ ။

“ ကျွန်တော်တို့ ဘိန်းတော့ စားပါတယ် ၊ ဒါပေမဲ့ အခု ပြတ် နေပါပြီ ”

ဘိန်းဆရာ နှစ်ဦး က ဆိုကြလေသည် ။

“ အောင်မယ်လေး ဟဲ့ ဒီစကား ကို ကြားချင်လိုက်တာ ယုံရပါ့ မလား အစ်ကို ၊ ကျွန်မ နဲ့ နီးတဲ့ ရွှေကျီးညို ”

ထောင်ပိုင်ကြီး ၏ အားရဝမ်းသာ စကား ကို အကျဉ်းသားများ တဟားဟား ရယ်ကြ လေသည် ။

“ ကဲ ..... ကောင်းပြီ ၊ ဘာပဲဖြစ်ဖြစ် ထောင်ထဲ မယ် ဆေး လည်း မကစားကြပါနဲ့ ၊ ဆင်ဦးစီး အလုပ် လည်း မရှိတော့ ဘူး ၊ နေဦး မင်းတို့ ပုဒ်မ က ပြည့်တန်ဆာပုဒ်မ ဆိုတော့ ဆင်ထိန်း လုပ်တာ ထက် မိန်းမထိန်း လုပ်တာ က စားသာတယ် ထင်တယ် ”

အကျဉ်းသားများ တဝါးဝါး ရှိ ကြ၏ ။ ဘိန်းမောင် သုံးဦး တို့ က မျက်လုံးလေး မှေးတေး နှင့် ဘိန်းပြုံးကလေး ပြုံး လို့ ။ ထောင်ပိုင်ကြီး က ဆက် ပြောပြန်သည် ။

“ မင်းတို့ ဘိန်းစားတွေ ထောင်ထဲ ရောက်တာ ဘိန်း ဖြတ် ဖို့ အချိန်ကောင်းပဲ ၊ ဒီ ဘိန်း နှိပ်စက် လို့ မင်းတို့ လူ့ ဘဝ တုံး နေကြတာ ၊ ဒီတော့ ဘိန်း မရှိတဲ့ အရပ် မှာ ဖြတ်လို့ အ ကောင်းဆုံး ၊ မသေစေရပါဘူး ၊ ကျုပ် တာဝန်ယူတယ် ”

“ ကျွန်တော်တို့ လုံးဝ ဖြတ်ထားကြပါပြီ ”

“ ကောင်းပါပြီဗျာ ၊ ဒါပေမဲ့ မင်းတို့ မှာ နောက်မှု ရှိသေး တယ် ၊ ရုံးထွက် ရင် ခိုးပြီး ဘိန်း သွင်း မလာကြနဲ့ ၊ ဒါပဲ သတိ ပေးပါရစေ ”

ထောင်ပိုင်ဝန်မင်းဘုရား သည် ဒေသနာတရားတော် ကို တပင်တပန်း ဟောပြီး ထ သွားလေသည် ။ သူ ၏ စိတ် တွင် ဘိန်းစား က ဘိန်းပြတ် ပါပြီ ဆိုသည်ကို လောလောဆယ် မယုံသေး ၊ အကဲခတ်ဦးမည် ဟု စိတ်ကူးရင်း ... ဒီ လူ တွေ ဝင် လာတုန်းက တံခါးထောင်ကြပ်တွေ သေသေချာ ချာ မှ ရှာ ကြလေရဲ့လား ၊ ဘိန်း ဖြတ် ထားသည့် လူသိုက် တို့ မျက်နှာ မှာ နှင်းဆွတ်ပန်း ကဲ့သို့ လန်း လို့ပါတကား ဟု အတွေးနယ် ချဲ့ နေတော့သည် ။

ထောင်ပိုင်ကြီး ဦးရွှေမောင် သည် ထောင်တွင်း ထောင်ပြင် လုံခြုံရေးကို ည - မနက် နေ့စဉ် စစ်ဆေး လေသည် ။ တစ်နေ့သော နံနက်ခင်း ၊ ထောင်တွင်း လှည့်လည် စစ်ဆေးစဉ် အကျဉ်းသား တစ်ဦး သုတ်သီးသုတ်ပျာ နှင့် ထောင်တွင်း  သီတင်းသုံး နေတော်မူသည့် ဆင်းတုတော် ဆီသို့ ရှေးရှု သွား နေသည် ကို မြင်ရလေသည် ။ 

ထောင်ပိုင်ကြီး ဦးရွှေမောင် ၏ နောက်တော်ပါး က ခစား လိုက်နေကြသည့် ထောင်မှူး နှစ်ဦး က “ အောင်မယ် သိပ် မဆိုးဘူး ” ဟု ပြိုင်တူ ပြောသံ ကြား ရသဖြင့် ထောင်ပိုင်ကြီး က လှည့် မေးလိုက်၏ ။

“ ဘာလဲ ... သိပ်မဆိုးဘူး ”

“ ဟဲ .. ဟဲ ဘိန်းချီး က ဘုရားရှေ့ ပုတီးတွေ ဘာတွေ စိပ်လို့ ၊ ဘိန်း တကယ် ပြတ်တာနဲ့ တူတယ် ဆရာ ”

ထောင်မှူးဦးညွန့် က ထင်မြင်ချက် ပေးလေသည် ။

“ ဟ ... ထောင်တွင်း ဘုရားဒကာ ဆိုတာ ဘိန်း ရောင်းတယ် ၊ ဆင်းတုတော် တွေ လည်း သူတို့ အကိုးကွယ် ခံ ရတာ သက်သာတာ မဟုတ်ဘူး ၊ ဘိန်း ကို ဖွက် ပေးနေရ တယ် ၊ ဒါ .. ထောင် ထုံးစံပဲ ၊ ကဲ ... မယုံရင် အကြောင်း သိရ အောင် ပုတီး စိပ်နေတဲ့ ဘုရားဒကာ နောက် ကို လူယုံ တစ်ယောက် မျက်ခြည်မပြတ် ကြည့်ဖို့ လွှတ်ထားပေတော့ ၊ ဘိန်း ပရိယာယ် ဟာ သိပ် သိမ်မွေ့တယ် ၊ ကျုပ် တော့ ဒီ အကောင်တွေ ဆီ ဘိန်း ရှိတယ် ထင်တယ် ၊ လူတွေ ဟန် မပျက်ကြဘူး ”

နှစ်ရက် သာ ကြာ ပါလေသည် ။ ဘုရားဒကာ ဘိန်းချီး ကို ထောင်မှူး က သူလျှို ထားပြီး ညှပ်ပူးညှပ်ပိတ် ဘိန်း တစ် မူးသားခန့် နှင့် ဖမ်းဆီးပြီး ထောင်ပိုင်ကြီး ထံ ရုံး တင်လေ တော့သည် ။

“ ကဲ ... ဘုရားဒကာကြီး အမိန့် ရှိပါဦး ၊ ဘိန်း ကို မသုံး ဆောင်တော့ပါဘူးဆို ၊ ဒီ ဘိန်း ဘယ်က ရသလဲ ”

ထောင်ပိုင်ကြီး က အမှုဖွင့် စစ်ဆေး လေသည် ။

“ ဟုတ် ... ဟုတ်ကဲ့ ကျွန်တော် လမ်း သွားရင်း ကောက် ရတာပါ ၊ ကျွန်တော် မစားတာ အမှန်ပါ ”

“ ဟုတ်မယ် .. ဟုတ်မယ် .. ကျုပ် ထောင် ထဲ မယ် ဘိန်း ကောက်ရလွန်းလို့ ရောင်း စားနေရတာ လခတင် မကဘူး သိပ်စီ တာပဲ ၊ နောက် တစ်ခါ ကောက်ရရင် ကျုပ် နဲ့ စပ်တူ ရောင်း ရအောင် ”

သိန်းမောင် သည် မျက်လုံး ကို လိပ် တစ်ကောင် ကဲ့သို့ စုံ ခတ်နေ၏ ။

“ မသာကြီး ... မှန်မှန် မပြောဘူး ၊ သေချင်ပြီ ထင်တယ် ”

ထောင်မှူး က ဘေး တီး လိုက်သည် ။

သိန်းမောင် သည် တစ်ပတ် လှိမ့် ကြည့်ပြန်၏ ။

“ ကျွန်တော် မှန်ရာ ကို အစစ် ခံပါမယ် ဆရာကြီး ၊ ကောက် ရတာ မဟုတ်ပါဘူး ၊ ကျွန်တော် ဆရာကြီး ကို ကြောက်လွန်း လို့ ပြောမိ ပြောရာ ပြော တာပါ ၊ အမှန်က လွတ် သွားတဲ့ ငနဲ က ကျွန်တော့် ကို ခင်လို့ ပေး ပစ်ခဲ့တာပါ ”

“ ဟေ့လူ - ခင်ဗျား ထက် ကျုပ် က အရင် ထောင်ကျ နေတာ နှစ်ဆယ် နဲ့ ငါးနှစ် ရှိနေပြီ ၊ ဒီ ပရိယာယ် က ထောင် မယ် ခေတ် မမီတော့ပါဘူး ၊ ကဲ - ဘိန်း စားတယ် ၊ မစား တယ် သိရအောင် မင်း တိုက် ထဲ ငါးရက် သွားနေစမ်း ၊ ဘိန်း ဘယ် က ရသလဲ ဆိုတာ မပြောရင် တိုက်ထဲ က မထွက်ရဘူး ”

သိန်းမောင် သည် ရှုံ့တွသည့် မျက်နှာ ဖြင့် ထောင်မှူး ခေါ်ဆောင်ရာ သို့ ပါ သွားလေသည် ။ ထောင်မှူး သည် သိန်းမောင် ၏ တစ်ကိုယ်လုံး ကို ရှာဖွေ ၍ တိုက်ပိတ် ထားခဲ့ပြီး ထောင်ပိုင်ကြီး ထံ အစီရင် ခံပြန်သည် ။

“ ခက်တာပဲ ဆရာ ၊ ဒီဟာကြီး နက်ဖြန် ရုံးထွက် ရက် ရှိနေတယ် ၊ သူတို့ တစ်တွဲလုံး အားလုံး ထွက်ရမယ် ၊ ရုံး အချုပ် မှာ ထောင်ဝင်စာ က ရှိ နေတော့ ဆေးလိပ် ထဲ ဘိန်း ပါမလား ၊ ကွမ်းယာ ထဲ ပဲ သွင်း ပေးမလား မသိဘူး ”

“ ဒါတော့ ရဲ ရဲ့ တာဝန် ပဲ ၊ ပြန်လာတော့ သေသေချာ ချာ ရှာသွင်းပေါ့ ၊ အဲ - ရဲ ကို လည်း အကျိုးအကြောင်း သတိ ပေးလိုက်ဦး ၊ ဘိန်းစားတွေ ဟာ သိပ် ပရိယာယ် များ တယ် ၊ ဘိန်း ကို အခဲလိုက် စအို မှာ တောင် သွင်းတတ်တယ် ၊ နောက်ပြီး အရည်ဖျော်ပြီး လုံချည် ကို နှစ် လာတတ်တယ် ၊ တို့ အမှုထမ်းတွေ နဲ့ ကော အဆက်အသွယ် ရှိကြသလား ၊ ဒါ ကိုလည်း ဂရုစိုက်ဦး ”

“ ကောင်းပါပြီ ”

ထောင်မှူး သည် ရုံး အလုပ် များရသည့် အထဲ ထောင် တွင်း စုံထောက်မှု က ပေါ် လာပြန်၍ ခေါင်း ကို ကုတ်ပြီး ထွက် သွား လေသည် ။

တို့မြန်မာပြည် တွင် နယ်ချဲ့များ ပေးခဲ့သည့် အမွေအနှစ်ဆိုးများ အနက် ဘိန်း နှင့် ပြည့်တန်ဆာ လုပ်ငန်း မှာ တိုင်းပြည် နှင့် လူမျိုး အတွက် အနစ်နာဆုံး ဖြစ်ရပ် အဖြစ် ယခု တိုင် အမြစ်မပြတ် ကျန် နေသေး၏ ။ ဤ ပြဿနာများ လုံးဝ မပျောက်မသွားသည် နှင့် အမိ တိုင်းပြည် နှင့် လူမျိုး မှာ နစ်နာလျက် ရှိလေသည် ။

ယခုလို ဆိုရှယ်လစ်လောက သို့ ချီတက် နေချိန် တွင် တစ်တိုင်းပြည်လုံး ၏ ကာယ အား ၊ ဉာဏ အား များစွာ လိုနေ ၏ ။ ဘိန်း သည် ပြည်သူလူထု တို့ ၏ ကာယဉာဏ ကို ဖျက်ဆီး နေသလို ပြည့်တန်ဆာ လုပ်ငန်း မှာ လည်း လူမျိုး ကို အညွန့်တုံးအောင် လုပ် နေသော အဖျက်လုပ်ငန်းကြီး ဖြစ်ပေ သည် ။ သို့နှင့် ဤ လုပ်ငန်း ကို ဆောင်ရွက်သူများ အား ပညာ ပေး၍ လည်းကောင်း ၊ မှတ်လောက်သားလောက် ရာဇဝတ်မှုကြီး ကဲ့ သို့ အပြစ် ပေး၍ နှိမ်နင်း၍ လည်းကောင်း ပြုလုပ်ကြရာ၏ ။

•••   •••   •••   •••

နံနက်တွင် ထောင် မှ တရားခံများ ကို ရုံးသို့ တင်ပို့ ပေး ရသော ရဲအရာထမ်း အမှုထမ်းများ သည် ညနေတွင် တရားခံများ ကို ထောင် သို့ ပြန် ပို့ရလေသည် ။ ဤကား ရဲ နှင့် ထောင် တို့ ၏ နိစ္စဓူဝ လုပ်ငန်း ပေတည်း ။

“ ဆရာ - ပေသီး ဆိုတဲ့ ပြည့်တန်ဆာပုဒ်မ နဲ့ လူ ရယ် ကျွန်တော်တို့ ရုံးချုပ်မယ် ဘိန်း မိ လို့ အဲဒါ ကျွန်တော် တို့ စစ် တော့ ထောင် က ပါလာတဲ့ ဘိန်း လို့ ပြောတယ် ”

ရဲကြီး က ထောင် ဝင် လျှင် ဝင်ချင်း တိုင်တောခြင်း ပြု လေသည် ။

အင်း ... ခက်ပေ၏ ။ ပြောရင်း နှင့် ဘုရားဒကာ ပေသီး လုပ်ပြန်ပြီ ။ အပြင်ရုံး ထွက် လျှင် သူ့ ဆွေမျိုး က ရုံးချုပ် တွင် ထောင်ဝင်စာ တွေ့ပြီး ပေးမည် ဟု သတိ ပေးပါလျက် ထောင် က ယူ လာသည့် ဘိန်း ပါ ဟု ပေသီး ဆို ပြန်ပြီ ။ မည်သည့် ဌာန မဆို လူ မဟူ အပြစ် တစ်ခု ကို မိမိ တို့ကြောင့် ဖြစ်ပါသည်  ဟု ဝန်ခံရိုး မရှိ ။ သူများ ကြောင့် ဖြစ်သည် ဟု လွယ်လွယ် နှင့် လွဲချ စမြဲတည်း ။

ဘုရားဒကာ ပေသီး အား ရုံး မထွက်မီ တစ်ရက် က ကြို၍ ထောင်တွင်း ၌ ဘိန်း မိ သဖြင့် တစ်ကိုယ်လုံး ရှာဖွေပြီး တိုက်သွင်း အကျဉ်း ချ ထားခဲ့သည် ။ ရုံးထွက်ရက် တွင် ပေသီး အပါအဝင် အားလုံးသော တရားခံများ ကို ကိုယ်တွင်း ကိုယ်ပ တံခါးကြီး မှ ရှာဖွေပြီး ရဲ လက် သို့ အပ် လိုက်သည် ။

ပေသီး ထောင်တွင်း မှ ဘိန်း ယူလာသည် ဆိုခြင်း မှာ မည်သို့မျှ မဖြစ်နိုင် ။ တိုက်ပိတ် မခံရသူ တရားခံ ဆို လျှင် ဘိန်း ရှိကောင်း ရှိပေမည် ။ ရှိသည် တိုင်အောင် ဘိန်းသမား များသည် ဘိန်း ကို ကိုယ်တွင် ဆောင်ထားကြသည် မဟုတ် ။ မြေကြီး တွင် သာ ဝှက်ပြီး စားကြ၏ ။ ထောင်တွင်း အကျဉ်းသား ဟူသမျှ တစ်နေ့ ကို နှစ်ကြိမ် အမြဲတမ်း ရှာဖွေခြင်း ခံနေ ရရာ အပြင် သို့ ရုံး ထွက်ရမည့် သူသည် ထောင်တွင်း သို့ ခဲယဉ်းစွာ သွင်း ထားသည့် ဘိန်း ကို ဘာကြောင့် ထွက် တိုင်း ၊ ဝင်တိုင်း အိတ် ထဲ ထည့်ထားပါမည်နည်း ။ 

ဦးရွှေမောင် သည် ရဲအရာရှိ နှင့် အငြင်း မပွားလို ။ ရဲ အရာရှိ က တရားခံ အား စစ်ဆေး၍ ရချက် အတိုင်းအား ပြောခြင်းသာ ဖြစ်ရာ ဦးရွှေမောင် ကွယ်ရာ ရဲအချုပ် ၌ ထွက် ဆိုထားသည့် ထောင် မှ ပါလာသည့် ဘိန်းကိစ္စ ကို ရဲအရာရှိ ရှေ့တွင် ချက်ချင်း ရှင်းလင်း မှ တော်မည် မဟုတ်ပါလား ။

ဦးရွှေမောင် သည် ပေသီး ဘိန်းပရိယာယ်ရှင် ဆေး ကစားသူ ပြင်ညာရှိ အား သူ ၏ ရှေ့တော်မှောက် သို့ ရောက် စေလေသည် ။

“ ဘယ့်နှယ် ဦးပေသီးကြီး ၊ အချုပ်ရုံးခန်း မယ် ဖမ်းမိ တဲ့ ဘိန်း ကို ထောင် က ယူ လာတာပါလို့ ပြော တယ်ဆို ”

“ မ .. မ ... မဟုတ်ပါဘူး ဆရာကြီး ၊ ကျွန်တော် လုံးဝ မပြောရပါဘူး ၊ သူတို့ ဟာ သူတို့ လုပ်ကြံ ပြောတာပါ ”

ပေသီး သည် ရဲပြင်ညာရှိ အား ကြက်ဥ တစ်လုံးကွာ လှည့် ပစ် လိုက်လေသည် ။

“ သယ် ... ကြည့်စမ်း မင်း ဒီ စကား ကို ငါ့ ကို အချုပ်ခန်း မှာ ဘာလုပ် မပြောသလဲကွ ၊ ထောင် က ပါလာတယ် ဆို လို့ ငါ ထောင်ပိုင်ကြီး ကို ဝင် တိုင်တာ ၊ ငါ့ အချုပ်ခန်းမယ် သွင်းတယ် ဆို မင်း ဘယ် စားသာမလဲကွ ”

ပြည်သူ့ရဲကြီး မျက်လုံး နီ သွားပေပြီ ။

“ ကဲ ... ဒီလို ဆိုရင် မင်း ဒီ ဘိန်း ကို ရုံးအချုပ်ခန်း မယ် ဘယ်လို ရသလဲ ပြောစမ်း ၊ ငါ မခံနိုင်ဘူးကွ ၊ ငါ့ တာဝန် ဖြစ်နေ ပြီ ”

ရဲကြီး ဒေါဖောင်းစွာ မေးနေ၏ ။ 

ဦးပေသီး ဘိန်းပရိယာယ် နှင့် နူးညံ့သိမ်မွေ့စွာ ကစားပြ နေရာ ရဲ နှင့် တောင် သ,တ်ပေါက် တိုးမယောင် ဖြစ်ကြ ချေပြီ ။

ရဲ ကလည်း ငါ သည် ပြည်သူ့ ရဲ ၊ ယခင် ရဲ မဟုတ် တော့ ။ ထောင် က လည်း ပြည်သူ့ထောင် သစ္စာရှိရှိ ၊ တာဝန် သိသိ ...

ယင်းကိစ္စ ကို ပြင်ညာရှိ ဦးပေသီး က တာဝန်ယူ ရှင်း ပေးပါမှ ရဲ နှင့် ထောင် ချစ်ကြည်ရေး ဖြစ်ကြရ ပေမည် ။

“ ကဲ ... ဦးပေသီး ခင်ဗျား မှန်ရာ ကို ပြောစမ်းပါ ၊ ဝေ့ လည်ကြောင်ပတ် လုပ်မနေပါနဲ့ ”

ရဲကြီး က စွေ့စွေ့ခုန်၍ မေး နေ၍ ဦးရွှေမောင် က ဘိန်း ပရိယာယ် ကို ခပ်ပြုံးပြုံး နားထောင် နေလေသည် ။ ဦးပေသီး အဖြေ ပေး ပေပြီ ။ 

“ ကျုပ် ရုံးအချုပ်ခန်း မှာ ရတာ အမှန်ပဲ ”

ဦးပေသီး ပြော အပြီး ရဲကြီး က အံကြိတ် လိုက်လေ သည် ။ 

“ ကဲ ... ဒါဖြင့် ဘယ်သူ လာ သွင်းသလဲ ၊ ဘယ်လို သွင်းသလဲ ပြော ၊ ဆေးလိပ် ထဲ မှာလား ၊ ကွမ်းယာ မှာ လား ”

“  ဒါတော့ ဘယ် သိမလဲဗျ ၊ ဖောက် ဆို ကျုပ် ကိုယ်ပေါ် ကို အချုပ်မျဉ်းတန်းကြား က ကျ လာတာပဲ ၊ ဘယ်သူ ပစ် သွင်းမှန်းတော့ မသိဘူး ”

ဦးပေသီး ယင်းကဲ့သို့ ပြော အပြီး ရဲကြီး သည် စိတ် ဆိုးစွာ ဖြင့် -

“ ကဲ ... တော်ပြီ တော်ပြီ ဆရာ ကျွန်တော့် ကို ခွင့်ပြု ပါဦး ”

ဆိုကာ ထောင်ပိုင်ကြီး အား အလေးပြု ၍ ထွက်သွား ရှာလေသည် ။

ရဲကြီး ထွက်သွားပြီးမှ ဦးရွှေမောင် က ပေသီး အား တစ်လုံးချင်း ပြောနေ၏ ။

“ အင်း .. အချုပ်ခန်း ထဲ ဘိန်း ဘယ်လို ရောက်လာ သလဲ လို့ ကျုပ် တွေး တာ တစ်ခု ပဲ ရတယ် ၊ ပေသီး ရဲ့ ဆွေမျိုး တော့ မဟုတ်နိုင်ဘူး ၊ သိကြားမင်း က ဗန္ဓုကမ္ဗလာ မြ ကျောက်ဖျာ တင်း လို့ လူ့ပြည် ကို ကြည့်တာ ဦးပေသီး အချုပ် ထဲ မှာ ဘိန်း ငတ် နေတာ တွေ့လို့ မိုးပေါ် က ပစ် ချတာ ဖြစ်လိမ့်မယ် ထင်တယ် ၊ ထောင်တွင်းတိုက် ထဲ ကို များ သိကြားမင်း လိုက် လာမလား မသိဘူး ၊ ကဲ ... တိုက်ထဲ သွား ပြီး သိကြားမင်း အလာ ကို စောင့် ပေဦးတော့ ”

သိန်းမောင် သည် ပြုံးပြုံးကလေး ထွက် သွားလေ သည် ။ 

“ ဘိန်းပရိယာယ် ... ရဲသူငယ် ... နားဝယ် မလည်ရှာ ”

◾မြောင်းမြမောင်ကို

📖 သွေးသောက် မဂ္ဂဇင်း
      ၁၉၆၅ ၊ မေ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment