Wednesday, July 17, 2024

နဂ္ဂတစ်နံပါတ် အီး


 

❝ နဂ္ဂတစ်နံပါတ် အီး ❞

ညာဘက်ဒူး က ညာဘက်လက်ကိုင်နား ရောက်လာပြီး နင်းချလိုက်တိုင်း ‘ ကျွီ ’ ခနဲ မြည်နေတာ တော်တော်ကြာပြီ ။ ဓာတ်ပုံဆရာ ကျောက်သပိတ် အိမ်ကနေ ထွက်လာ ခါစက ဒီလို မမြည်သေးဘူး ။ ယိုးဒယားဈေး ရဲဌာန နားက သူ့ဆရာ လှဂုဏ်ရည် ကိုကျော်ဝင်း တို့ အနားရောက်တော့ တချက်ချက်ပဲ မြည်သေးတယ် ။ အဲဒီတုန်းက ဓာတ်ပုံဆရာ က သူ့ဇောနဲ့ သူမို့ သတိ မထားမိဘူး ။

သူ့ ဆရာဆီက ကာလာဖလင်နှစ်လိပ် ဝင်ချေးတယ် ။ အခုလို မနက်စောစော ဆိုင်တံ ခါးခေါက်ပြီး ဖလင်လိပ် ချေးတာမျိုး မလုပ်ကောင်းဘူးလို့ အယူသီးကြတဲ့ လူတွေ ရှိကြ လိမ့်မယ် ။ ဒါပေမယ့် သူနဲ့ သူ့ဆရာ ဆက်ဆံရေး မှာတော့ ဒီလို အယူသီးမှုမျိုး မရှိကြဘူး ။

နေပူကြီးထဲမှာ တောင်လေ က တွန်းပို့ နေသလိုဖြစ်လို့သာပေါ့ ။ နို့မို့ရင် နင်းရတာ ဘယ်သက်သာလိမ့်မလဲ ။ အခုဆိုရင် စက်ဘီး က နင်းတဲ့ အချက်တိုင်း မြည်နေတာ ကြာလှပြီ ။ အစကတော့ စည်းချက်လိုက် နေသလိုလိုနဲ့ ။ အခုတော့ ဒီ “ ကျွီ .. ကျွီ ... ကျွီ ” ဆိုတဲ့ အသံက နားကြားပြင်းကတ်စရာကောင်းလှတယ် ။ ဒါသာယာသံမှ မဟုတ်ဘဲ ။ ကြာလာရင် စက်ဘီး ပိုပျက်မယ့်နိမိတ် ။ ဆီထည့်တန်ထည့် ပြင်တန်ပြင်ရမယ် ။ ဒါပေမယ့် လောလောဆယ်တော့ ဓာတ်ပုံဆရာ ဘာမှ မတတ်နိုင်ဘူး ။ ဒီအတိုင်းပဲ “ ရုံးပင် ” ရွာအထိ ရောက်အောင် နင်းရပေဦးတော့မယ် ။

စက်ဘီးကို ရပ်ပြီး ညာပခုံးက လွယ်အိတ် ကို ဘယ်ပခုံးပြောင်းချိတ်တော့ ရွှေကျင် ဂိတ် ကို ကျော်ခဲ့ပြီ ။ မန္တလေးတောင်တော်က သူ့ နောက်ကျောမှာ ကျန်ခဲ့ပြီပေါ့ ။ မတ္တရာ ၊ စဉ့်ကူး ၊ သပိတ်ကျဉ်း ၊ ကျပ်ပြင် ၊ မိုးကုတ် တို့ကို သွားကြတဲ့ ကားတွေ တဝေါဝေါနဲ့ အရှိန် ပြင်းပြင်း သူ့ နံဘေးက ဖြတ်ကျော်သွားကြတယ် ။

မော်တော်ကားသံ ကြားတိုင်း ဓာတ်ပုံဆရာက စက်ဘီးကို အရှိန်လျှော့ပြီး ညာ ဘက်ကို အတတ်နိုင်ဆုံး လှိမ့်တယ် ဆိုရုံလေး လှိမ့်လာတယ် ။ ကားတစ်စီး ဖြတ်သွားတိုင်း ပွတ်ဝှေ့ သွားတဲ့ ကားနောက်မြီး က လေက ဆွဲခါသွားတာမို့ မနည်း ထိန်း စီးနေရတယ်လေ ။ အသက် ဉာဏ်စောင့် သတဲ့ ။ သူ့မှာ အမေအိုကြီးရယ် ဇနီးသည်ရယ် သားသမီး ကိုးယောက် ရယ် ရှိသေးတယ် မဟုတ်လား ။

ဒီ မိသားစုကြီး အတွက် သူ့လွယ်အိတ်နီနီလေးထဲမှာ “ ရာရှီကာ ” တစ်ပတ်ရစ် ကင်မရာ တစ်လုံး နဲ့ ဓာတ်ခဲအကြီး ခြောက်လုံးတောင် ထည့်ရတဲ့ နှစ်ချို့ နေတဲ့ ဖလက်ဂန်းတစ် လက်ပါလာတယ် ။ လောလောဆယ် အရေးကြီးတာက “ ရုံးပင် ” ကို ချောချောမောမော ရောက်ဖို့ပဲ ။ ရွာရောက်ရင် သူ့အတွက် ဘာမှ ပူစရာ မလိုတော့ဘူး ။ ဒီရွာမှာ သူ ရှစ်နှစ် ကျော်ကျော် ကျောင်းဆရာ လုပ်ခဲ့ဖူးတယ်လေ ။ ရုံးပင် က သူ့ ရွာလို ဖြစ်ခဲ့ဖူးတယ် ။

ဟိုက်စကူးဖိုင်နယ် အောင် ပြီးတော့ သူ ကျောင်းဆရာ ဝင်လုပ်ရတယ် ။ နှမလေးတွေ ညီလေးတွေကို ငဲ့ပြီး သူ ကျောင်းထွက် လိုက်တယ် ။ သူတို့ မောင်နှမတစ်တွေ ကို ကျောင်းစရိတ် ထောက်ခဲ့တဲ့ ဘဘုန်းကြီး ရဲ့ရုံးပင်ရွာမှာ ကပ္ပိယလုပ်ရင်း ကလေးတွေ ကို ကျောင်းမတက် ခင်နဲ့ ညနေကျောင်းဆင်းချိန်မှာ စာပြရင်း ၊ ‘ ကန်ပြင် ’ မှာ ကျောင်းဆရာ အလုပ်ရတယ် ။ ရုံးပင် နဲ့ ကန်ပြင် က ဘာဝေးတာ လိုက်လို့ ။ မြို့သား လမ်းလျှောက် နာရီဝက်ပေါ့ ။ ဒါကြောင့် ကန်ပြင် မှာလည်း သူ့မိတ်ဆွေ သူငယ်ချင်းတွေ အများကြီး ။

ကျောင်းဆရာ ဆိုပေမယ့် ရွာကလူငယ်တွေနဲ့ ဘောအတူကစား ၊ ဦးထွန်းမြတို့ လေးရဲ လွင်တို့နဲ့ မီးသွေးဖုတ် ၊ ကိုကျောက်တို့ မောင်ဆည်တို့ နဲ့ အမဲပစ် ငှက်ပစ်လိုက်နဲ့  ။ မသိတဲ့ လူတွေနဲ့ ကျောင်းဆရာလေး ကို ရုံးပင်သား လို့ တောင်ထင်ကြတာ ။ သူကလည်း ရုံးပင် သား ကန်ပြင်သားတွေနဲ့ တစ်သွေးတည်း တစ်သားတည်းနေခဲ့တာလေ ။ ရွာကူးတံတား ပျဉ်ထိုးတော့ သူတို့ပဲ အရှေ့တောက သစ်တွေ ကျွဲနဲ့ ဆွဲချခဲ့တာ ။ ကျောင်းဆရာငုတ်တောင် စူးသေးတယ် ။ သာရေးနာရေးမှာ ကျောင်းဆရာ ဦးဆောင်ဦးရွက် လုပ်ခဲ့တာချည်း ။ ရပ် ရေးရွာရေး အတွက် လျှောက်လွှာကိစ္စ ၊ ကလောင်ရေးရာ ဆိုရင် ကျောင်းဆရာ လက်နဲ့ရေးမှ ရွာက ကျေနပ်အားရတာ မဟုတ်လား ။

ပုသိမ်လေး ၊  ကပိုင် ကျော်ခဲ့ပြီ ။ စက်ဘီးကို ကတ္တရာလမ်း ကနေဖဲ့ပြီး မြေလမ်းလေးဆီ ဦးတည်လိုက်တယ် ။ ဖုန်လမ်း ဆိုတော့ သူပိုပြီး ဝါယမစိုက်ရတော့တာပေါ့ ။ လမ်းကမညီ ၊  ခပ်ကြမ်းကြမ်း ဆိုတော့ ကျွီကျွီသံကလည်း စည်းချက် မမှန်တော့ဘူး ။ ကားလမ်းပေါ်တုန်း က ရုံးပင် နဲ့ ကန်ပြင် က မိတ်ဆွေတွေများ တွေ့ မလားလို့ ကျော်သွားတဲ့ ကားနောက်မြီး တွေ သူကြည့်မိသေးတယ် ။ မျက်နှာချင်းဆိုင် မောင်းလာတဲ့ လှည်းတွေ ရောပေါ့ ။ တစ် ယောက်မှ မတွေ့ပါဘူး ။

တော်တော်ကြာတော့ လှည်းတစ်စီး နဲ့တွေ့ပြီး လှည်းပေါ်ကလူက ဆရာလေး ရုံးပင် သွားမလို့လားလို့ လှမ်းနှုတ်ဆက်တယ် ။ သူ က ဟုတ်တယ် ။ ရုံးပင် အလှူ သွားမလို့လို့ ပြန် အော်ပြောလိုက်တယ် ။ ပြန်သာ နှုတ်ဆက်ရတာ သူ့ကို မေးတဲ့လူက ဘယ်ရွာကလူ မှန်း သူ မမှတ်မိဘူး ။ ရုံးပင် နဲ့ ကန်ပြင် က မဟုတ်တာတော့ သေချာတယ် ။ အင်ကျယ် က လား ။ မင်းဂံ ကလား သူ သိပ်မသေချာဘူး ။ ဇဝေဇဝါ ဖြစ်နေတယ် ။ နှစ်တွေကလည်း အတော် ကြာခဲ့ပြီမဟုတ်လား ။

ဖုန်တောထဲမှာ လှည်းဘီးရာ ၊  ထွေလာဘီးရာတွေကို မြင်ရတယ် ။ နွေဦးမို့ တချို့ အပင်တွေက အရွက်ဟောင်းတွေ လွှင့်ပစ်ထားကြပြီး ရိုးတံတွေ ကျိုးတိုးကျဲတဲနဲ့ ။ အရွက် ကြွေစောတဲ့ အပင်တွေကတော့ရွက်သစ်လေးတွေ ဝေစပြုနေပြီ ။ ရှင်နေမင်းကို မမှုတဲ့ ဒီဇိုင်းနဲ့ ။

ဓာတ်ပုံဆရာ က ကွေ့ကွေ့ ကောက်ကောက်လမ်းလေးအတိုင်း အရှေ့မြောက်ဘက် ဆီ ဦးတည်ပြီး နင်း လာနေတယ် ။ အိမ်ရှေ့မင်း ထန်းတောကို သူ လှမ်းမြင်နေရပြီ ။ အဲဒီ ထန်းတော ကို ကျော်ပြီးမှ သူ့ နားရွက်ရာတွေ နှံ့ နေတဲ့အရပ်ဆီကို ရောက်မယ်လေ ။

ရုံးပင်ရွာနား ရောက်တော့ မန်ကျည်းရိပ် ကောင်းကောင်း တစ်ခုမှာ အရိပ်ခိုရင်း ရွာ လေးကို လှမ်းမျှော်ကြည့်မိတယ် ။

ရွာလေးက သူ ကျောင်းဆရာ လုပ်တုန်းက အတိုင်းပဲ ။ ဟိုတုန်းကတည်းက ဖုန်ရောင် သုတ်ထားသလို ဖြစ်နေတဲ့ရွာကလေး ။ ဘာမှ မပြောင်းလဲဘူး ။ ပြောင်းလဲတာ ဆိုလို့ ရွာဆူးတပ်တွေက ပေါက်ပြဲပြီး ဖြစ်ကတတ်ဆန်း ဖြစ်နေတာနဲ့ သူတို့ ထူထားတဲ့ ဘောဂိုး တိုင်တွေက အပေါ်ဘားတန်းတွေ မရှိတော့တာပဲထူးတယ် ။

ဓာတ်ပုံဆရာက ချစ်ကြည်ရေးလို့ အဓိပ္ပာယ်ရတဲ့ တရုတ်အမွေးပွလက်ကိုင်ပဝါလေး နဲ့ မျက်နှာတွေ ရော လည်ပင်းတွေရော ကုပ်တွေရော သုတ် လိုက်တယ် ။ ချွေးတွေက အနှံ့ မဟုတ်လား ။ ကုပ်ကို နာနာဖိသုတ်ရတယ် ။ ကော်လာလေးက ညစ်နေလို့ မဖြစ်ဘူး ။ အလှူမှာ ဓာတ်ပုံရိုက်ရင် ဒီအင်္ကျီနဲ့ပဲ ရိုက်ရမှာ ။

အမောဖြေရင်း ချွေးသုတ်ရင်းနဲ့ ဓာတ်ပုံဆရာ ငေးမိငေးရာလျှောက်ငေးနေတယ် ။ ငေးမိငေးရာ ငေးတော့ စိတ်ကလည်း တွေးမိတွေးရာ တွေးတော့တာပေါ့ ။

ရုံးပင်မှာ ကျောင်းဆရာ လုပ်ရင်း ဘောသင်းထောင်ပြီး ပတ်ဝန်းကျင်က ရွာတွေနဲ့ အပျော်ချိန်းကစားကြတာလည်းပါတယ် ။ ကလေးတွေကို လောင်းကစားဘက် စိတ်မပါ အောင် အပျော်မကြူး အောင် စာဖတ်သင်း ထောင်ပေးခဲ့တာလည်းပါတယ် ။ သူကိုယ်တိုင် ကလည်း အသောက်အစားအပျော်အပါး ကင်းတော့ ကလေးလူကြီး ချစ်ခင်လေးစားကြ တာပေါ့ ။ သူက အနေအထိုင် ကောင်းတော့ လူကြီးမိဘတွေ ကလည်း ဆရာ့ ကိုစိတ်ချ ယုံကြည်အားကိုးကြတယ် ။ ကျေးဇူးတင်ကြတယ် ။

ဒီအခြေအနေ ကို မနာလို မရှုဆိမ့်ကြတဲ့ လူတချို့ ရှိတယ် ။ ကျောင်းဆောင်သစ် ဆောက်ဖို့ အလှူခံ ထားတဲ့ငွေတွေ အလုံအလောက် ရနေတာ ကြာလှပြီ ။ ဘာတစ်ခုမှ အကောင်အထည် မပေါ်လို့ ဆရာ က လူကြီးစုံရာမှာ အရိပ်အမြွက်ပြောမိလို့ ကျောင်း ဆရာ ကို သူတို့က ပိုပြီးငြိုငြင် မုန်းတီး လာကြတယ် ။ သူတို့ အတွက် ကျောင်းဆရာ ဟာ ဆူးငြောင့်ခလုတ် ဖြစ်နေတယ်လေ ။

တစ်ရွာလုံးနီးပါး ၊ တစ်နယ်လုံးနီးပါး အရှေ့တောတက်ပြီး မီးသွေးဖုတ်နေကြပေ မယ့် ကျောင်းဆရာ လုပ်အားရော အစုပါပါတဲ့ဖိုကိုမှ ရွေးဖမ်းပါရောလား ။ သူများတကာ နှစ်လုံးပြူးတွေ ရိုင်ဖယ်တွေ နဲ့ အမဲပစ်နေကြချိန်မှာ ချိုးကလေး ငှက်ကလေး ပစ်ကြတဲ့ သူများလေသေနတ်ငှားကိုင်တဲ့ ကျောင်းဆရာတို့ အဖွဲ့ကျမှ လက်နက်မှု ဖြစ်ရတယ် ။

တကယ်တော့ ဆူးငြောင့်ခလုတ် ကို ပညာရှိနည်းနဲ့ နွင်ပစ် နေကြတာ ။ ဘောလုံး စကားနဲ့ ပြောရင် ဆိုင်ရာနဲ့ ရွာလူကြီး နဲ့ ဝမ်းတူးဖောက် လာကြတာ ။

ကျောင်းဆရာ အလုပ်က ပြုတ် ။ ရွာနဲ့ဝေး ၊ မိသားစုနဲ့ခွာ ၊ ဒုက္ခတွေ ကြုံသွားရပေမယ့် သူတို့ မေတ္တာရှိတဲ့ ဆရာအပေါ်မှာ ရွာကအချစ်မလျော့ကြပါဘူး ။ လေးစားမြဲ ချစ်ခင်မြဲ ပါပဲ ။ သနားကရုဏာ သက်ကြတာတောင် ပိုလာသေးတယ် ။

••••• ••••• •••••

ကျောင်းဆရာဟောင်းတို့ လင်မယား စက်ချုပ်ကြပြန်ရော ။ ဇနီးသည် က တစ်ဝက် ငွေချေပြန်ကာ အကြေပေးစနစ်နဲ့ ဈေးက ပိတ်စတွေ ယူလာပြီး အိမ်မှာ မိသားစု ဝိုင်းညှပ် ကြ ။ ကျောင်းဆရာဟောင်း က စက်ကိုနောက်ကျောတွေ တက်တဲ့အထိ တဂျုံးဂျုံး နဲ့ ချုပ် ။ အဖေညောင်းတော့ အမေချုပ် ။ အမေ ညောင်းတော့ သမီးကြီးကချုပ်နဲ့ ။ အောင်တံခွန် ဆိုတဲ့ စက်ချုပ်ဆိုင်ကလေး ‘ ကျောက်သပိတ် ’ မှာ ရှိနေတယ် ။

အရပ်ထဲက စကားတတ် တဲ့ အပျိုကြီး မမစန်း ကတော့ ဖြစ်လေရာ ဘဝတိုင်း နင်တို့ အိမ်က အပ်ချုပ်စက် မဖြစ်ရပါစေနဲ့လို့ ဘုရားမှာ ညတိုင်း ဆုတောင်းသတဲ့ ။ စက်ကလေး သန္ဓေကောင်း ၊  အမျိုးကောင်းလို့သာပေါ့ ။

ကျောင်းဆရာ လည်း စက်ဆရာ ဖြစ်သွားပြီ ။ ချုပ်ပြီးသား အထည်တွေ ကို ရွာတွေကို ကျောင်းဆရာ တစ်ဖြစ်လဲ စက်ဆရာ လင်မယား အနှံ့ လိုက်ရောင်းပြန်တော့လည်း သူတို့ ကလေးတွေ တစ်ပြုံကြီးနဲ့ ထမင်းနပ်မှန် ခဲ့တာပါပဲ ။ ကျောင်းဆရာဟောင်းမို့ အားပေး ကြတာလည်း ပါတာပေါ့ ။ ဆရာတို့က ယုံရတဲ့လူကို အကြွေးပေးသင့်ရင်ပေးနိုင်လာ တယ် ။ ပဲ ၊  နှမ်း ၊  စပါးနဲ့ အလဲအထပ် လုပ်တန်ရင်လုပ်ပေါ့ ။ အမှတ်သုံးသမီး စက်ချုပ်နိုင် တော့ စက်ဆရာ ဓာတ်ပုံပညာ သင်ပြန်တယ် ။

မိဘ ၊ ဆရာသမား ၊ မိတ်ဆွေတွေ ဝိုင်းကြဝန်းကြ ကူညီကြတဲ့ ကျေးဇူး ၊ မိန်းမ ကလည်း စီးတဲ့ရေ ၊ ဆည်တဲ့ကန်သင်းမို့ အခုဆိုရင် သူ့ လွယ်အိတ်နီနီလေးထဲမှာ “ ရာရှီကာ ”  အပွန်းအနွမ်းလေး ပါလာခဲ့ပြီ ။

••••• ••••• •••••

အလှူအိမ် က ဖွင့်နေတဲ့ မွေးဌာနီ အညာရပ်ဆီသို့ သီချင်းကို သူ့စက်ဘီးက တကျွီ ကျီနဲ့ စည်းချက် လိုက်ရင်း ရွာဦးကိုဝင်ခဲ့ပြီ ။ ဆရာ ဘယ်သွားမလို့တုံး ။ ဆရာအလှူလာ တာလား ။ ရေနွေးသောက်လှည့်ပါဦး ။ ဆရာ အလှူမှာ ဓာတ်ပုံ ရိုက်မှာဆို ။ ဆရာလာ လည်ဦးနော်တွေကို စက်ဘီးနင်းရင်း ဒိုင်ခံဖြေရင်းနဲ့ အလှူဒါယကာ ၊ ဒါယိကာမတို့ ရဲ့ အိမ် ကို ရောက်လာခဲ့တယ် ။

အလှူရှင် က သူ့ကို ဓာတ်စက်ပေါ်ကာစ ခေတ်က ဓာတ်စက်ဆရာကို က ဧည့်ခံ ပြုစုတာထက် မနိမ့်တဲ့ ခရီးဦးကြို ပြု ၊  နေရာချထားတယ် ။ မောင်ရင်လောင်း ၊ နားဖောက် သည်တွေရဲ့ ဦးလေးတွေ ၊  အဒေါ်တွေ လည်း သူတို့ ဆရာ ရောက်လာတယ်ကြားတော့ ချက်ချင်း ရောက်လာကြတယ် ။ တချို့လည်း ကလေးကို ခါးထစ်ခွလျက် တိုက်လျက် ။

ရေနွေးကြမ်းနဲ့ လက်ဖက်ရည်မြည်းစရာတွေက စားပွဲပြည့်လုနီးပါး လက်သုတ် ချစရာနေရာ မရှိဘူး ။ တစ်လမ်းလုံး မောခဲ့သမျှ “ ရုံးပင် ” လည်း ရောက်ရော သူအာ သွားရော ။

ဓာတ်ပုံဆရာ က လွယ်အိတ်ကို တိုင်မှာ အရင်ချိတ်တယ် ။ ပြီးမှ အင်္ကျီကိုချွတ်ပြီး ချိတ်လိုက်တယ် ။ သူ့မိတ်ဆွေတွေ မှာ ပြောစရာ တစ်ပုံတစ်ခေါင်းကြီး ရှိသလို ဓာတ်ပုံ ဆရာမှာလည်း ပြောစရာတွေအများကြီး ။ မိတ်ဆွေတွေ ၊ အသိတွေလာနှုတ်ဆက်လိုက် ကြတာ တစ်ချိန်က ကျောင်းဆရာအပေါ်မနာလိုကြတဲ့လူတွေ ဝန်တိုခဲ့ကြတဲ့လူတွေ တွေ့ရင် ထပ်ပြီး မနာလိုဝန်တိုကြလိမ့်မယ် ။ ညစာစားတော့လည်း အလှူရှင်ကျွေးတာ ထက် မိတ်ဆွေတွေရဲ့ဟင်းခွက်က ပိုတယ် ။ ဟိုလူတွေ သိရင် ဘယ်လိုနေမယ်မသိဘူး ။

ညအိပ်ရာဝင်ကြတော့ အတော် မိုးချုပ်နေပြီ ။ ဧည့်ကို မနည်းနှင်ယူရတယ်လေ ။

••••• ••••• •••••

ညက မိုးချုပ်မှ အိပ်ရာဝင်တာချင်းအတူတူ အသံချဲ့စက် ဆရာ ထက်စောနိုးတာ ဓာတ်ပုံဆရာပဲ ။ သူ ဓာတ်ပုံရိုက်ဖို့ စိတ်စောနေတယ် ။

အလှူမှာ သူ့ရာရှီကာနဲ့ ဖလက်ဂန်းက အလှူဝင်တဲ့ပရိသတ်စိတ်ဝင်စားစရာပေါ့ ။ မောင်ရှင်လောင်းတွေ နားဖောက်သည်တွေကို စုပြီးရိုက်တဲ့ပုံ ၊ ဘိုးကြီးဘွားကြီးတွေနဲ့ ကလေးတွေနဲ့တွဲလျက်ပုံ ၊ အလှူရှင် အလှူအစ်မနဲ့ မောင်ရှင်လောင်းတွေနားဖောက် သည်တွေနဲ့ပုံတွေ ၊  တရားနာနေကြပုံ ၊  ဘိသိက်သွန်းပုံ ၊ ရေစက်ချပုံ ၊ ဆံချနေပုံ ၊ ကာယကံရှင် အရိုက်ခိုင်းတဲ့ဓာတ်ပုံတွေရော ၊  ဓာတ်ပုံဆရာ စိတ်ကူးတည့်တဲ့ ပုံတွေပါ ရိုက်ဖြစ်တယ် ။

ဓာတ်ပုံထ ရိုက်လိုက်ရ ၊  မိတ်ဆွေတွေ ဧည့်ခံစကားပြောရ ၊ နှုတ်ဆက်ရနဲ့ သူ့ခမျာ အလှူထမင်းတောင် ဖြောင့်အောင်မစားရရှာပါဘူး ။

အလှူပွဲကြီး ကဖြင့် အောင်အောင်မြင်မြင်နဲ့ ပြီးစီးသွားပါပြီ ။ ဓာတ်ပုံဆရာ ကို အလှူ ဒါယကာတို့က အစ မိတ်ဆွေတော်တော်များများက ချက်ချင်းမပြန်ပါနဲ့ဦး ၊ တစ်ည လောက်တော့ အိပ်သွားပါဦးဆရာရယ် ကျွန်တော့်အိမ်မှာ အိပ်နော် ဆရာ ။ ကျုပ်တို့အိမ် မှာ အိပ်နော်ဆရာ ။ ကျုပ်တို့ အိမ်အကျယ်ကြီး ဆရာ အသိရဲ့ သားနဲ့ ။ ကျွန်မတို့အိမ်မှာ ညစာ စားရမယ်လို့ ဖိတ်တဲ့လူကဖိတ်နဲ့ ။ အများရဲ့ စေတနာမေတ္တာကို လေးစားပြီး ဓာတ် ပုံဆရာ အိမ်ပြန်မယ့်သူ့အစီအစဉ် ဖျက်လိုက်ရတယ် ။

ဒါ့ကြောင့် ဓာတ်ပုံဆရာ လည်း ရွာထဲကို လျှောက်လည်ဖြစ်သွားတယ် ။ အချိန်ရခိုက် မီးသွေးဖုတ်ဖက်တွေ ၊ ဘောကစားဖက်တွေ စာဖတ်သင်းဝင်တွေအိမ် လျှောက်လည် ၊  အမဲပစ်ဖော်တွေဆီတော့ အရင်ဆုံး ရောက်အောင်သွားတာပေါ့ ။

ဆရာနဲ့ကြုံကြိုက်တုန်း ဓာတ်ပုံရိုက်ချင်လှပါတယ်ဆိုတဲ့ အပျိုကြီး မကေသီ ကိုလည်း ဓာတ်ပုံတစ်ကွက် ရိုက်ပေးရသေးတယ် ။ အပျိုကြီး မကေသီ ရဲ့မောင် က ပန်းကမ္ဘာစက် ဘီးအသစ်တစ်စီး ဝယ်ထားတယ်လေ ။ မကေသီက စက်ဘီးလည်းမစီးတတ်ဘဲနဲ့ အဲဒီ စက်ဘီးအသစ်နဲ့ ယှဉ်ပြီးရိုက်ပေးရမယ်တဲ့ ။ အပျိုကြီးက ရှက်လို့တဲ့ စက်ဘီးကို အိမ် အပေါ်ထပ်တင်ပြီး စက်ဘီးကို စီးတော့မယ့်ဟန်နဲ့ လက်ကိုင်ကို ဟန်ပါပါ ကိုင်ထားတဲ့ ပုံ ။ နံဘေးက မှန်ဗီရိုထဲက ကက်ဆက်ပါ ပေါ်ရမယ် ။ မှန်ဗီရိုအပေါ်က လေးဆူဓာတ်ပုံ ရွှေတိဂုံပုံတော်ပိုစတာလည်း ပါချင်သတဲ့ ။ သရီးအင်ဝမ်း ဓာတ်ပုံပေါ့ ။

နွားကျောင်းပြန်ချိန် မဟုတ်ဘဲ နွားအုပ်တစ်အုပ် ရွာထဲမောင်းသွင်းလာတယ် ။ ရွာထဲ လျှောက်နှုတ်ဆက် နေတဲ့ ဓာတ်ပုံဆရာက လမ်းနံဘေးအသာကပ်ပြီး နွားအုပ်ကိုရှောင် တော့ နွားကျောင်းလာတဲ့ သူက ဟာ ဆရာအလှူလာတာ မဟုတ်လား ။ အတော်ပဲဆရာ ညနေ ကျရင် ဦးလေးသန်းမြင့် တို့ အိမ်ကို ကြွပါဆရာ ။ မင်္ဂလာဆောင် ရှိတယ်ဆရာ တဲ့ ။

ဓာတ်ပုံဆရာ က နွားကျောင်းသား ကို သေသေချာချာ ကြည့်တော့ သူ့ တပည့်ဖိုးအေး ပဲ ။ သူချက်ချင်းမှတ်မိတယ် ။

“ ဘယ်သူ့ မင်္ဂလာဆောင်လဲ ဖိုးအေးရ ” ဆိုတော့ “ ကျွန်တော့် မင်္ဂလာဆောင် ဆရာ ” တဲ့ ။ ဓာတ်ပုံဆရာ ရဲ့ ရင်ထဲ ကျဉ်ခနဲ ဖြစ်သွားတယ် ။

ဖိုးအေးတို့ အောင်ခိုင်တို့ လှမြင့်တို့ ချက်ဖောင်းတို့ကို သူကန်ပြင်ကျောင်းသွား တိုင်းခေါ်သွားနေကျ ။ ကလေးတွေက ငယ်သေးတော့ မိဘတွေ က ဆရာ နဲ့ မှစိတ်ချတယ် ။ ရွှေတင်တို့ ပိုက်မိတို့ သိန်းကြည်မ တို့လည်း ပါတာပေါ့ ။ သူလာတာမြင်ရင် အော်ငိုရင်ငို ၊ မငိုရင် ပုန်းနေတတ်တဲ့ မယ်ထွား ကို ဖျတ်ခနဲသတိရလိုက်တယ် ။

ဒီ ကလေးတွေ က သူ နဲ့ကျောင်းအတူတက် ၊ အတူဆင်း ရတာ ။ မိုးတွင်း တောင်ကျရေ တွေ စီးနေရင် ကလေးတွေ ဘယ်တစ်ယောက် ၊ ညာတစ်ယောက်ချီ ၊  ကျောကုန်းမှာ တစ်ယောက် ပိုးပြီး ရေထဲ ဖြတ်ကူးခဲ့ရတာ ။ ကလေးများရင် လေးငါးခေါက်လောက် ဆရာ ခေါက်တုံ့ခေါက်ပြန် သယ်ခဲ့ရတာ ။ သိန်းကြည်မ ဆိုရင် ရေအလွန်ကြောက်ပေါ့ ။ ဆရာ့ လည်ပင်း ကို လျှာထွက်လုမတတ် ဇွတ်ဖက်ထားတတ်တာ ။ ချောင်းကလေး က ဝါးနှစ်ပြန် ခွဲလောက်ပဲ ကျယ်လို့သာပေါ့ ။

ဓာတ်ပုံဆရာ က နွားအုပ်မောင်းသွားတဲ့ ဖိုးအေး ကို လာခဲ့မယ်လို့ ပြောလိုက်မိသလား တောင် မမှတ်မိဘူး ။ နောက်ကနေ လှမ်းမျှော်ကြည့်ရင် နွားအုပ်ကို သူ့ တပည့်ရဲ့အိမ်ဘက် ချိုးကွေ့ စေချင်တဲ့ မျက်လုံးနဲ့ မျှော်ကြည့်နေမိတယ် ။

သူ့ ဆန္ဒ မပြည့်ဘူး ။ ဖိုးအေးက သူ့အိမ်ဘက် မကွေ့ဘဲ လူချမ်းသာစာရင်း ဝင်တဲ့ ဓာတ်ပုံဆရာ သွား မလည်တဲ့ အိမ်ကြီးဘက် ကို ကွေ့သွားလို့ပါးစပ်က တောက်တစ်ချက် ခေါက်မိသွားတယ် ။

သူ တောက်ခေါက်လို့မှ မဆုံးသေးဘူး ။ နောက်ထပ် တောက်ခေါက်သံတွေကြားလို့ ကြည့် ပြန်တော့ ဆိတ်အုပ်တစ်အုပ်က တပဲပဲသံပေးရင်း ခပ်သုတ်သုတ်မောင်းလာတယ် ။

တဘက် တစ်ထည်ကို ခေါင်းပေါင်းလာတဲ့ ဆိတ်ကျောင်းသူမလေး က ဖွေးနေတဲ့ သွားလေးတွေ ပေါ်အောင် ပြုံးပြနေတာကို သူက မမှတ်မိဘူး ။ ဘဲကြားရိုက်ထားတဲ့ သနပ် ခါးထူထူကြီးပေါ်မှာ ချွေးစီးကြောင်းတွေ ကန့်လန့်စီးလို့ ။ ဆရာ က သူ့ကိုမမှတ်မိဘူး ဆိုတာ အကဲခတ်မိလို့ ။

“ ဆရာ ကျွန်မ မယ်ထွားလေ ” လို့ ပြောတော့မှ ငယ်ရုပ်ကလေးချက်ချင်း ပြန်ပေါ်လာ တယ် ။ ဆရာကတော့ သူတပည့်ကြည့်ပြီး ကြက်သေသေနေတယ် ။ “ ဆရာ ညနေ ကျတော့ ဘသန်းမြင့်တို့ အိမ်ကိုကြွပါဦး ” လို့ ခေါင်းပေါင်းတဘက် ကိုဖြေ ချွေးသုတ်ရင်း ဖိတ်နေ ရှာတယ် ။ ဓာတ်ပုံဆရာက “ မယ်ထွား နင့်အစ်မ ဆောင်မှာလား ” လို့ မေးတော့ ကောင်မလေး က ရှက်သွားပြီး “ မဟုတ်ဘူး ဆရာ ကျွန်မ ဆောင် မှာ ” တဲ့ ။ ခေါင်းတွေ ချာရပတ်လည် သွားတဲ့ ဆရာ ခမျာ မနည်းထိန်းလိုက်ရတယ် ။

“ အေး ဆရာ လာခဲ့မယ် ၊  ဘာ ကျွေးမှာတုံး နင့် မင်္ဂလာဆောင် က ” ဆိုတော့ သတို့သမီးလောင်းက ရယ်ကျဲကျဲနဲ့ ပခုံးလေးတွန့်ပြီး “ မသိဘူး ဆရာ ” တဲ့လေ ။

အခုအချိန်ထိ ဆိတ်ကျောင်းနေတဲ့ သတို့သမီး ကိုယ့်မင်္ဂလာဆောင် ဘာနဲ့ ဧည့်ခံမှာ မှန်းမသိတဲ့ သတို့သမီး ဟာ သူ့ တပည့်မ မယ်ထွား ဖြစ်နေရှာတယ် ။ မယ်ထွား ရဲ့ ဆိတ်အုပ် ကို မယ်ထွားတို့ အိမ်ဘက် ကွေ့ စေချင်လိုက်တာ ။ ဆရာ့လည်ပင်း ကို စောင်းလို့ ။ နောက် တော့လည်း လည်ပင်း စောင်းပြီး ကြည့်မိတာပဲ အဖတ်တင်တာပါပဲ ။

••••• ••••• •••••

တင်းကျပ်လေးလံနေတဲ့ စိတ်နဲ့ တပည့်ဟောင်း မောင်နှံ ရဲ့ မင်္ဂလာဆောင် ကို သူ ဘာ နဲ့လက်ဖွဲ့ ရရင် ကောင်းမလဲ စဉ်းစားမိတယ် ။ စဉ်းစားလို့တွေးလို့ ပေါ်လာတာတွေ တစ်ခု မှမကြိုက်ပြန်ဘူး ။ တော်တော်ကြာကြာစဉ်းစားတော့မှ အဖြေရတော့တယ် ၊  ဟုတ်ပြီ ။

••••• ••••• •••••

မင်္ဂလာဆောင်မှာ အလှူတုန်း ကလိုပါပဲ ။ ရွာနီးချင်းတွေ ပါ လာကြတယ် ။ တချို့ဆို ရင် မနက်ကတည်းကနေလိုက်တာ ညနေမင်္ဂလာဆောင် အထိပဲ ။ အသံချဲ့စက် ဟွန်းနှစ်လုံးဆင်ထားတယ် ။ “ မင်္ဂလာ ဆောင်ရင် တစ်ရွာလုံး ဖိတ်ကျွေးမယ် ” တဲ့ ။

သတို့သား က တိုက်ပုံအင်္ကျီအဖြူလေးဝတ်ပြီး ရခိုင်လုံချည်ခပ်ဝါဝါလေးနဲ့ ။ မြင်းကြယ် ရာဘာဖိနပ်အပြာရောင် အသစ်လေးစီးထားတယ် ။ သတို့သမီး က နှင်းဆီပန်း တွေ ဝေနေအောင် ပန်ထားပြီး ပန်းနုရောင်ပဝါလေးခြုံလို့ ။ လက်ဖက်ရည်နဲ့ ကြက်တူရွေး နှုတ်သီးနဲ့ ဧည့်ခံတယ် ။ ကြက်တူရွေးနှုတ်သီးဆိုတာ ဂျလေဖီ လို မုန့်အချိုတစ်မျိုးပါ ။ ကု,လားပဲကို လုပ်ထားတဲ့ စာကလေးချေး ဆိုတာလည်း ပါသေးတယ် ။

ဓာတ်ပုံဆရာ ကတော့ သူ့တပည့်နဲ့ တပည့်မတို့ သိပ်မနွမ်းနယ်ခင်မှာ အမှတ်တရ စုံတွဲဓာတ်ပုံလေး တစ်ပုံလောက် ရိုက်ပြီး လက်ဖွဲ့မယ်လို့ ။

သတို့သမီးနဲ့ သတို့သားကို အလင်းရောင်ကောင်းသေးတဲ့နေရာ ရွေးပြီး နှစ်ယောက် ယှဉ်ရပ်စေတယ် ။ ဧည့်ပရိသတ် က ဝိုင်းကြည့်နေကြတာမို့ ကလေးတွေက မျက်နှာမထား တတ်ရှာဘူး ။

ကင်မရာကို မောင်းတင်လိုက်တော့ မောင်းက သိပ်မသွက်ဘူး ။ ခပ်လေးလေးပဲ ။ ဆရာ သိလိုက်ပြီ ။ ဖလင်နောက်ဆုံးအကွက် ကို ရောက်သွားပြီ ။ ဖလက်ကိုလည်း စောစော ကတည်း က ကြိုဖွင့်ထားလို့ ‘ စီ ’ ဆိုတဲ့ အသံလေးက တိုးရာ ကနေ တဖြည်းဖြည်းကျယ်လာ တယ် ။

ချောင်းကြည့်ပေါက်ထဲမှာ သူတို့နှစ်ယောက် ကို ပြတ်သားအောင် သေသေချာချာ ဂရုတစိုက်လှည့်ပြီး ချိန်လိုက်တယ် ။ ပြတ်ပြတ်သားသား စိတ်တိုင်းကျတော့မှ သတို့သား နဲ့ သတို့သမီးတို့ ကို တောင့်တောင့်မတ်မတ်ကြီး ဖြစ်မနေဖို့ လှမ်းပြောလိုက်တယ် ။

သူတို့ခမျာ အတွေ့အကြုံ မရှိကြလို့ ဘယ်လို ပြောလို့မှ မရဘူး ။ တောင့်တောင့်ကြီးတွေ ပဲ ရပ်နေကြတယ် ။

ဖလက်မီးအား ပြည့်အောင် စောင့်ရင်းချောင်းကြည့်ပေါက်က စိတ်တိုင်းကျကြည့်ရင်း “ မင်းတို့မျက်လုံးလေးတွေ လန့်ပြီး မမှိတ်လိုက်ကြနဲ့နော် ၊ ဆရာ့ မှာ ဖလင် က ဒီတစ်ကွက် နောက်ဆုံးကွ ” လို့ စိတ်ထဲကနေ လှမ်းပြောနေမိတယ် ။ “ တကယ်တော့ ဆရာ လည်း ဒိထက်မကတဲ့ ဓာတ်ပုံတွေ မင်းတို့ကို လက်ဖွဲ့ချင်ပါတယ်ကွာ ” ။ ကြည့်ရင်း ကြည့်ရင်း နဲ့ သူတို့လေးတွေရဲ့ ပုံရိပ်က တဖြည်းဖြည်း ဝေဝါးလာတယ် ။

ဆရာ့ မျက်လုံးအိမ်မှာ မျက်ရည်တွေနဲ့ ။ ဆရာ့လက်ညှိုးလေး က ခလုတ် ကို အသာလေး နှိပ်ချလိုက်တယ် ။

⎕ ညီပုလေး

📖 မဟေသီ မဂ္ဂဇင်း
      ၁၉၉၉ ၊  သြဂုတ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment