❝ ကြိတ်ကြိတ်တိုး စည်ကား နေတယ်လား ဝင်သာ တွယ်လိုက်ပေတော့ ❞
“ ဟေ့ ကားဆရာ ဘာဆိုင်လဲ ကွ ၊ စည်လှချည်လား ”
“ မန္တလေး က လာပြီး ဖွင့်တဲ့ လက်ဖက်ရည်ဆိုင် ပါ ဆရာ ”
“ ဒါဆို အတော်ပဲ လက်ဖက်ရည် ဝင် သောက်လိုက်ကြရအောင် ”
“ ရှေ့နားလေး မှာ ရပ်လိုက်မယ် ဆရာ ”
“ အေး ကောင်းတာပေါ့ကွာ ၊ ဝင်လို့ မှ မရတော့တာ ”
အမှန်ပဲ ခင်ဗျာ ၊ လက်ဖက်ရည်ဆိုင် ရှေ့ ဝင်း ထဲ က ကားပါကင် မှာ ကားတွေ အပြည့် ခင်ဗျာ ၊ ကျွန်တော်တို့ ကား အတွက် နေရာ က ကျပ်နေပြီ ။ နေရာ ရ ထား တောင်မှ ပြန် အထွက် ခက် နေ ဦးမလား မသိ ။
၂၀၀၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ မနက် ၉ နာရီ လောက် ခင်ဗျာ့ ။ ကျွန်တော် နဲ့ ကားဆရာ သဃန်းကျွန်း ဘက် ကနေ ရန်ကုန် မြို့လယ် ဘားလမ်း သို့ အပြန် ရန်ကုန် တိရစ္ဆာန်ဥယျာဉ် ဘေးနာလေး က လက်ဖက်ရည်ဆိုင် ။
ကား ကို လမ်းဘေး မှာ ရပ်ထားခဲ့ပြီး ဆိုင် ထဲ ဝင်လိုက်ပါချေတော့ ။
ဟောဗျာ ဝိုင်းတွေ ထဲမှာ လူတွေ အပြည့်ပဲ ဗျာ ။ ကျွန်တော် တို့ နှစ်ယောက် ခဏ ရပ်စောင့် ။ ရှေ့လူ နှစ်ယောက် ထပြန် သွားမှ နေရာကလေး ရ ။
မန္တလေး လက်ဖက်ရည်ဆိုင် တို့ ထုံးစံအတိုင်း လက်ဖက်ရည် ၊ ကော်ဖီ ၊ မုန့်ဟင်းခါး ၊ နန်းကြီး ၊ ထမင်းကြော် ၊ ထမင်းသုပ် အစုံဗျို့ ။
မုန့် ပြင်တဲ့ လူတွေ ရဲ့ လက် တွေ ဟာ စက်တပ် ထား သလား အောက်မေ့ရတယ် ။ စားပွဲထိုး တွေ က ပျားပန်းခပ် ပဲ ဗျာ့ ။
ကျွန်တော်တို့ စားပွဲ မှာ အထိုင် ၊ စားပွဲထိုးလေး ရောက် လာ ၊ လက်ဖက်ရည် မှာ ။
မကြာဘူး ခင်ဗျာ့ ၊ လက်ဖက်ရည် နှစ်ခွက် လာချ ၊ အမယ် မဆိုးဘူး ခင်ဗျာ့ ။ သောက်လို့ အကောင်းသား ။
“ ကဲ ညီ ရေ ငွေ ရှင်းမယ်ဟေ့ ”
၅၀ဝ တန် တစ်ရွက် ထုတ်ပေး ၊ နှစ်ရာတန် တစ်ရွက် ပြန်အမ်း ။
ကျွန်တော်တို့ ပြန် ထွက် ၊ ကား ပေါ် ပြန် ရောက် ။
“ တော်တော် ရောင်းရတဲ့ ဆိုင်ပဲကွ နော် ”
“ အရမ်း ရောင်းရတာ ဆရာ ၊ ဆရာ မြင်တဲ့ အတိုင်းပဲ ”
ကား ခပ်ဖြည်းဖြည်း လှိမ့် ၊ ဟိုနားလေး မှာ တစ်ဆိုင် ၊ သည်နားလေး မှာ တစ်ဆိုင် ၊ လက်ဖက်ရည်ဆိုင် တွေ သန့်သန့်ရှင်းရှင်း သားသားနားနား ပါပဲ ၊ ဒါပေမယ့် ကျွန်တော်တို့ ဝင် သောက်တဲ့ ဆိုင် လောက် တော့ လူ မစည်ဘူး ခင်ဗျာ့ ။
“ စားတဲ့ လူ ပါးစပ် နဲ့ တွေ့လို့ ၊ လူကြိုက် များလို့ အရမ်း ရောင်း ကောင်း နေတာ ဖြစ်မှာပေါ့ ၊ ကားဆရာ ရယ် ”
“ ဟုတ်တာပေါ့ ဆရာ ၊ ကား နဲ့ တောင် တကူးတက လာ စားသောက် ကြတာသာ ကြည့်ပေတော့ ”
“ ဟေး ကားဆရာ နံနက်စာ တော့ မုန့်ဟင်းခါး တစ်ပန်းကန် နဲ့ လက်ဖက်ရည် တစ်ခွက် ပြီးသွားပြီ ”
“ နေ့လည်စာ တော့ ၁၉ လမ်း က လမ်းဘေး ထမင်းဆိုင် ဝက်ထမင်းပေါင်း သွား စားမှာ ”
“ အဲ ညစာ တော့ တို့ တွေ ဟော့ပေါ့ သွားစားကြစို့လား ”
ဤသို့ဖြင့် ကျွန်တော်တို့ တည်းခိုရာ မြို့မတည်းခိုခန်း နှင့် သိပ် မဝေးသော ရွှေကောင်းဟော့ပေါ့သို့ ချီတက်ကြလေသည် ။
သည်မှာ လည်း ထုံးစံ အတိုင်းပဲ ကားပါကင် မှာ ကားတွေ အပြည့် ပဲ ၊ ဝိုင်း ထဲ မှာ လည်း လာ စားတဲ့ သူတွေ အပြည့်ပဲ ခင်ဗျာ့ ။
လေးယောက်ဝိုင်း ၊ ခြောက်ယောက်ဝိုင်း ၊ ရှစ်ယောက်ဝိုင်းတွေ ။
“ ဆရာ ရေ အလှူ ပေးနေတဲ့ အတိုင်းပဲနော် ”
“ စား ကောင်းလို့ ပါးစပ် နဲ့ တွေ့လို့ လာ စားကြတာ ဖြစ်မှာပေါ့ကွာ ”
••••• ••••• •••••
၂၀၀၅ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ ပြည် ရောက် ၊ သား ကိုရဲလေး ရဲ့ အိမ် မှာ တည်း ၊ နောက်နေ့ နံနက် ပြည် ဈေးကြီး ထဲ သွား မုန့်ဟင်းခါးစား ။
ကျွန်တော် ပြည်မြို့ မှာ ခေတ္တ နေစဉ် က စားနေကျ ဆိုင် ။
“ ဘဘ ခဏလေးနော် ”
“ ရပါတယ်ကွယ် ”
လူတွေ ကျပ် နေလို့ ခဏ ရပ်စောင့် နေရသေးတယ် ခင်ဗျာ့ ။
“ ထုံးစံ အတိုင်းပဲ သမီး ရေ ၊ ပဲကပ်ကြော် နှစ်ခု ဟင်းရည်များများ ၊ အချဉ်ညှစ် ထည့် ”
ကျွန်တော် မုန့်ဟင်းခါး စားသည် ဆိုရာ ၌ မုန့်ဖတ် ပါလေ့ မရှိပါ ။ ပဲကပ်ကြော် နှင့် ဟင်းရည် ကို သာ စားလေ့ ရှိပါ၏ ။
ထိုနေ့က စားကောင်းကောင်း နှင့် နှစ်ပန်းကန် တွယ်ထည့် လိုက်ပြီး ကော်ဖီ တစ်ခွက် နှင့် ပိတ် လိုက်လေ၏ ။
ကျွန်တော့် အတွေ့အကြုံ အရ ထမင်းဆိုင် ၊ စားသောက်ဆိုင် ၊ လက်ဖက်ရည်ဆိုင် ၊ မုန့်ဟင်းခါးဆိုင် ဘယ်ဆိုင် မဆို စားသုံးသူ အလွန် ကျဲပါးသော ဆိုင်များ တွင် မည်သည့် အခါမျှ စားလေ့ မရှိပါ ။
ကောင်း မကောင်း အရပ် ကို မေးရန် မလိုပါ ။
ဆိုင် ကို ကြည့်လိုက်ပါ ။
လူတွေ ပြုံတိုး နေပြီလား ၊ လူတွေ ကျဲကျဲပါးပါးလေးလား ။
ပြုံတိုး နေပြီ ဆိုရင် ကောင်းလို့ သာ မှတ် ၊ အများ ယုံကြည်မှု ရှိလို့သာ မှတ် ။
လူအများ ပါးစပ် တွေ့ပြီး ကြိုက်ပြီ ဆိုမှ ဖြင့် ဘာ မေး နေစရာ လိုသေးလဲ ၊ ဝင် တွယ် လိုက်ပြီပေါ့ဗျာ ဟုတ်ဘူးလား ။
ကောင်း မကောင်း ကို စားတဲ့ လူ က ဆုံးဖြတ်တာပါ ခင်ဗျာ ။
⎕ မောင်ချမ်းသာ
📖 ကုမုဒြာ ဂျာနယ်
၁ဝ ဖေဖော်ဝါရီလ ၂၀၀၆
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment