❝ သေချာ စုံစမ်းပြီးမှ ယုံပါ ❞
“ ဟေ့ကောင် နေရင်း ထိုင်ရင်း အခြောက်တိုက် နားရင်း အအုပ် ခံနေရဦးမယ် ”
“ သေချာပါတယ် ဆရာကြီး ရယ် ”
“ မင်း ကို ဘယ်သူ က ချောက်တွန်း လိုက်သလဲ မှ မသိတာ ”
“ အပိုင် ကို ပြောတာပါ ဆရာ ”
“ စဉ်းစဉ်းစားစား လုပ်နော် တလွဲတချော် ဖြစ်သွားရင် သိန်း ရာ နဲ့ ချီ လျော် နေရဦးမယ် ”
“ တကယ်ကို ပြောနေတာပါ ဆရာ ”
“ သွားမလုပ်ပါနဲ့ ကိုယ့်လူ ”
စကားဝိုင်းများ ၌ အဓိပ္ပါယ် အမျိုးမျိုး ထွက်သော ဘာသာ ပြန်ချင် သလို ပြန်လို့ ရသော စကားများ ကို ကျွန်တော် မောင်ချမ်းသာ ကြားရဖူးပေါင်း များလှပါပြီ ။
ဘယ့်နှယ်ဗျာ အသက် ခြောက်ဆယ် ကျော် တာ အလကား ကျော် လာတာ မှ မဟုတ်တာ ။ အပူ အစပ် အခါး ၊ အတွန်းအတိုက် ၊ အကျပ်အတည်း ၊ အမှန်အကန် ၊ အကြံအဖန် ဇာတ်လမ်း မျိုးစုံ ကို ဖြတ်သန်းပြီး မှ ခြောက်ဆယ် ကျော် လာရတာဗျာ ။
ဒါနဲ့ တစ်နေ့ တော့ ကိုယ့် ကိုယ် ကို ဟုတ်လှပြီ ထင် နေတဲ့ မောင်ချမ်းသာ လောက တစ်ခု ၌ အလွန် နှံ့စပ် ကျွမ်းကျင်သော တကယ် ထိတွေ့ နေရသော အခြေကြီး အနေကြီး လူ တစ်ယောက် ထံ မှာ ... ။
“ သုံးခွဲ ကျော်သွားပြီ ဆရာချမ်း ”
“ ဟုတ်ရဲ့လားဗျာ ”
“ ဟုတ်ပါသော်ကော မနေ့က တောင် ဆိုင် ကို ရောက်ခဲ့သေးတာ ”
ထိုအခါ ချစ်ဇနီး ဒေါ်ခင်မိငယ်ကြီး က
“ ဟုတ်လို့ ပြောနေတာနဲ့ တူပါတယ် မောင် ရယ် ”
“ အေးလေ ဟုတ်ချင်လဲ ဟုတ်မှာပေါ့ကွာ ”
ကျွန်တော် မယုံနိုင်သေး ၊ သို့နှင့် နောက်နေ့ နံနက် ထို ဆိုင် သို့ ရောက်သောအခါ
“ သုံးခွဲ မဟုတ်ဘူး ဆရာကြီး သုံးနှစ်ခွဲ ပါ ၊ ကြည့် ဒီမှာ ဒီနေ့ ရောင်း တဲ့ ဘောက်ချာ ”
ဆိုင်ရှင် က ထိုနေ့ က ရောင်းသော ဘောက်ချာ ကိုထုတ်ပြ ။
“ အေးပါဟယ် ငါ လဲ တစ်ရက် နှစ်ရက် အတွင်း ဒီလောက်ကြီး ခုန် မတက်လောက်ဘူး လို့ မှန်းထားတာပါ ”
အိမ် ပြန်ရောက်သော်
“ မိငယ် ရေ သုံးခွဲ မဟုတ်ဘူးကွ သုံးနှစ်ခွဲ ”
“ အင်း အင်း ဟိုလူ သုံးခွဲ နဲ့ သုံးနှစ်ခွဲ မှားလာတာနဲ့ တူပါတယ် မောင် ရယ် ”
“ မိငယ် ရေ ရမ်း မယုံနဲ့ ဟ ”
“ အင်းပါ အင်းပါ ”
“ ရမ်း မယုံလိုက်နဲ့ဦးဟေ့ သေချာ စုံစမ်းဦး ”
“ စုံစမ်းနေတဲ့ ကြားထဲ က တောင် တစ်ခါတလေ အဖျား ရှူးချင် ရှူးသွားတာဗျာ့ ”
“ ဟာ လုပ်စမ်း ”
မိတ်ဆွေ တစ်ယောက် နှင့် ကျွန်တော် ။
“ ဖြစ်ပုံက ဒီလိုဗျာ ”
“ အင်း ပြော ပြော ”
“ ကျွန်တော် က စာစောင် တစ်ခု မှာ သတင်း တစ်ပုဒ် ဖတ်လိုက်ရတယ် ၊ ဘယ်ကို သွားမယ် ဘယ်လို သွားမယ် ဘယ်လောက် ကြာမယ် ဘယ်တွေ ကို ရောက်မယ် ဘယ်လောက် ကုန်ကျမယ် ပေါ့ဗျာ ”
“ အင်း ”
“ အဲဒီ အစီအစဉ် ကို ကျွန်တော် က အရမ်း စိတ်ဝင်စား နေတော့ အဲဒီကို လှမ်း ဆက်သွယ် ကားလက်မှတ် ဝယ် ၊ တည်းခိုခန်း မှာ ဘွတ်ကင် ချိတ် ၊ ဘောင်းဘီ တွေ ဖိနပ် တွေ ဝယ်ပေါ့ ဗျာ ၊ ကိုယ့် ဘက် ကတော့ အသေအချာ ”
ဒါနဲ့ နောက်တစ်ကြိမ် စိတ် မချတာ နဲ့ လှမ်း ချိတ် ကြည့်တော့
“ ဟာ ဆင်း မလာနဲ့ဦး စောင့်ပါဦး ဖြစ်ကရောဗျာ ”
“ အင်း အဲဒါနဲ့ ”
“ ဟာဗျာ ကျွန်တော် ကားလက်မှတ် ပြန် ရောင်း ၊ ဘွတ်ကင် တွေ ပြန် ဖျက် ”
“ အင်း ဖြစ်တတ်ပါတယ် လေ ”
“ အဲဒါ ဘာဟုတ်သေလဲဗျ ”
နောက် တစ်ယောက် က တစ်မျိုး ခင်ဗျာ့ ။
သူ့ တူကလေး တစ်ယောက် နိုင်ငံခြား ထွက် အလုပ် လုပ်မယ် ဆိုပြီး နိုင်ငံခြား ပို့ပေးတဲ့ အဖွဲ့ တစ်ခု နဲ့ ဆက်သွယ် ၊ ငွေတွေ သွင်း ထွက်သွား ။
“ ဟိုမှာ အလုပ် ဖြစ်သွားပြီ ဆိုပါတော့ ”
“ မဖြစ်ဘူး ဆရာရေ ”
“ ဟို ရောက် တော့ ဘယ်သူ က မှ လဲ လာ မကြို ”
“ တော်ပြီ ကိုယ့် လူ ဆက် မပြောနဲ့တော့ ”
ထိုသို့လျှင် မယုံနိုင်စရာများ သည် တစ်ခု မဟုတ် တစ်ခု ၊ တစ်မျိုး မဟုတ် တစ်မျိုး ထပ်တလဲလဲ ဖြစ်နေလေရကား ။
စဉ်းစား ကြည့်ကြဗျာ ။
ကားငှား စီးလာတဲ့ လူ က လည်း ကိုယ်ပိုင်ကား လိုလို ဘာ လိုလိုဗျာ ။
ရတနာ တွေ ညွှတ် အောင် ဝတ်စားလာ သူ က လည်း အစစ် တွေ လိုလို ဘာ လိုလို ဗျာ ။
တစ်ဆယ် တန် တည်းခိုခန်း တည်း လာတဲ့ သူ က လည်း တစ်ထောင် တန် မဟာ အဆင့်မြင့် ဟိုတယ်ကြီး မှာ ပဲ တည်း လာ ခဲ့ သလိုလို ဘာ လိုလိုဗျာ ။
လက်ချင်း တွဲ လာတာ ကိုလည်း သူပိုင် လိုလို ဘာလိုလိုဗျာ ။
အဲသည်တော့ ။
ကျွန်တော် မောင်ချမ်းသာ လန့်လန့် လာတယ်ဗျာ ။ ကျော ထဲ စိမ့်စိမ့် လာတယ် ။ ဘယ်နေ့ လူလိမ် ခံရမလဲ ။ ဘယ်လို ပတ်တီး ချ ခံရမလဲ ။ ဘယ်ပုံး လှိမ့်ကြလေမလဲ ။
မျက်စိ ကို အကျယ်ကြီး ဖွင့်။
နား ကို အကျယ်ကြီး ကားပြီး ။
ဦးခေါင်း ကို အမြင့်ကြီး မြှင့်ထားရတယ်ဗျာ ။
သည် ကြားထဲ က မောင်ချမ်းသာ နာမည် နဲ့ လုပ်စား နေကြမှာလား ။ မောင်ချမ်းသာ အတု တွေ က မောင်ချမ်းသာ ပါ ဆိုပြီး ဆော်ကြမှာလား ။ မောင်ချမ်းသာ လက်မှတ် အတု ထိုးပြီး စာမူခ တွေ ထုတ်ယူ သွားကြမှာလား ။
သေချာ စုံစမ်း ကြည့်ကြပါဦးဗျာ ။
မောင်ချမ်းသာ အတု နဲ့ တွေ့သွား မှာ စိုးလို့ ။
( ဟဲ ဟဲ မောင်ချမ်းသာ ကလဲ နာမည်ကြီး ဆိုတော့ .... )
⎕ မောင်ချမ်းသာ
📖 ကုမုဒြာ ဂျာနယ်
၃၁ မတ်လ ၂၀၀၆
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment