❝ အရက် ကြိုက်သူများ ❞
“ ဆရာ ဆရာ လူနာပြချင်လို့ ”
“ ဆရာ... လူနာပြချင်လို့ပါ ။ တံခါးဖွင့်ပါဦး ”
အပြင် က နေ အကြိမ်ကြိမ် အော် ခေါ်နေတဲ့ အသံတွေ ကြောင့် အိပ်ပျော် ရာ ကနေ ကျွန်တော် လန့် နိုး လာတယ် ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျ နေရာက နိုးလာတာ မို့ ရုတ်တရက် ကျွန်တော် မျက်စိ မဖွင့်ချင်ဘူး ။ ဒါပေမဲ့ အသံတွေ က တိတ် သွားဘဲ ဆက်တိုက် အော် ခေါ် နေတာမို့ မထချင် ထချင် နဲ့ အိပ်ရာ ထဲ က ကျွန်တော် လူးလဲ ထလိုက်ရတယ် ။ အိပ်ခန်း ထဲ က မီးချောင်း ကို ဖွင့်ပြီး တိုင်ကပ်နာရီ ကို ကြည့် လိုက်တော့ ည ၁၁ နာရီခွဲ ပြီးပြီ ။
အိပ်ချင်မူးတူး နဲ့ ကျွန်တော် အောက်ထပ် ကို ဆင်းလာ ခဲ့ပြီး ဆေးခန်း ထဲ ကို ဝင်လာ ခဲ့တယ် ။ ဆေးခန်း ထဲ က မီးချောင်းတွေ ကို လိုက် ဖွင့်ပြီး ဆေးခန်း တံခါး ကို ဖွင့် ပေး လိုက်တော့ ဆေးခန်း ရှေ့ မှာ ဆိုက်ကား တစ်စီး နဲ့ ဆိုက်ကား ဆရာရယ် ၊ အမျိုးသမီး နှစ်ယောက် ရယ် ကို တွေ့ လိုက်ရတယ် ။ အမျိုးသမီး တစ်ယောက် က ဆံပင် ဖရိုဖရဲ နဲ့ ခေါင်း ကို အဝတ် တစ်ခု နဲ့ ဖိ ထားပြီး အဖော် ဖြစ်ဟန် တူတဲ့ အမျိုးသမီး က အဲဒီ အမျိုးသမီး ကို တွဲ ထားတာ ကို တွေ့ ရတယ် ။
“ ဘာဖြစ်လို့လဲ ”
အိပ်ချင် မပြေသေးတဲ့ လေသံ နဲ့ ကျွန်တော် မေးလိုက်တယ် ။
“ လင်မယားချင်း ရန်ဖြစ်တာ ခေါင်းပေါက် သွားလို့ ဆရာ ”
အဖော် အမျိုးသမီး က ဖြေလိုက်တာပါ ။ ခေါင်းပေါက် သွားတယ် ဆိုတဲ့ လူနာ အမျိုးသမီး က တော့ ဘာမှ ပြန် မဖြေဘဲ တရှုံ့ရှုံ့ နဲ့ ငို နေလေရဲ့ ။
“ ကဲ .. ကဲ အထဲဝင် ညည်းတို့ဟာ ကလည်း ဒီ အချိန်ကြီး ရန်ဖြစ်ရတယ် လို့ ”
ကျွန်တော် က သူတို့ နှစ်ယောက် ကို ဆေးခန်း ထဲ ဝင် ထိုင်ခိုင်းပြီး အပြစ်တင် တဲ့ လေသံ နဲ့ ပြောလိုက်မိ တာ မို့ အဖော်အမျိုးသမီး က ..
“ မဟုတ်ဘူး ဆရာ ။ သူ့ ယောက်ျား က အလုပ် က ပြန်လာတာ ကို က မိုး ချုပ်တယ် ။ အဲဒါ ပြန်လာ တော့ လည်း အေးအေးဆေးဆေး ပြန်လာတာ မဟုတ် ဘူး ။ အရက် က မူး လာသေးတယ် ။ မိန်းမ ကို ထမင်း ခူး ခိုင်းတာ ဟင်းမကြိုက်လို့ ဆိုပြီး ရန်ဖြစ်ကြတာပဲ ။ အဲဒါ သူ က လည်း ပြန် ပြောတော့ ဟို က ကု,လားထိုင် နဲ့ ကောက် ရိုက်လိုက်လို့ ခေါင်းပေါက် သွားတာ ။ မပြောချင်ပါဘူး ဆရာရယ် ။ ဆိုးပါတယ် ။ တစ်အိမ် လုံး လည်း ဖျက်ဆီးထားတာ ရစရာ မရှိဘူး ။ ပန်းကန် တွေ ရိုက်ခွဲ ၊ ဗီရိုတွေ ရိုက်ခွဲ ၊ တီဗီကြီး ကို လည်း သူ စကား ပြော နေတုန်း ဖွင့်ထားရပါမလား ဆိုပြီး ရိုက်ခွဲ နဲ့ ။ အကုန်လုံး ဘာမှ အကောင်းမရှိတော့ပါဘူး ”
လို့ ရှင်းပြတယ် ။
ကြားရ သမျှတော့ နား မချမ်းသာစရာတွေချည်းပါပဲ ။
ဒါနဲ့ ကျွန်တော် လည်း ဘာမှ ဆက် မပြော တော့ ဘဲ လူနာအမျိုးသမီး ကို ခုတင် ပေါ် တက်အိပ် ခိုင်း လိုက်တယ် ။ ပြီးတော့မှ သူ အဝတ် နဲ့ ဖိထားတဲ့ နေရာ က ဆံပင်တွေ ကို ဖြဲ ကြည့် လိုက်တော့ နှစ်လက်မ လောက် ရှည်တဲ့ ခေါင်း ပေါက်နေတဲ့ ဒဏ်ရာ ကို တွေ့ လိုက်ရတယ် ။ ညကြီး အချိန်မတော် အနာ ကို ချုပ်ရ ဦးမှာပဲ လို့ တွေး မိပြီး ရုတ်တရက် တော့ ကျွန်တော် စိတ်ပျက် သွားမိတာ အမှန်ပဲ ။ ဒါပေမဲ့ ဒီလို ဒဏ်ရာ မျိုး က ဖြစ်ဖြစ်ချင်း ပဲ ချုပ် ပေး မှ အနာကျက် လွယ်တာ မို့ ကျွန်တော့် ကိုယ် ကျွန်တော် မပျင်းအောင် ဖျောင်းဖျ ပြီး ချုပ် ပေးဖို့ပဲ ကျွန်တော် စိတ်ကူး လိုက်ပါတယ် ။ ဒါပေမဲ့ လူနာ ရဲ့ ဆန္ဒ ကို လည်း မေးဖို့ လိုသေးတာမို့ ကျွန်တော် မေး လိုက်တယ် ။
“ ဒဏ်ရာ က နည်းနည်း တော့ ကြီးတယ် ။ ချုပ် မလား ။ ချုပ် လိုက်ရင်တော့ ကောင်းမယ် ”
“ ဟုတ်ကဲ့ ချုပ်ပါ ဆရာ ”
ဒီ တစ်ခါ လည်း အဖော် အမျိုးသမီး က ပဲ ဖြေ လိုက်တာပဲ ။ ကာယကံရှင် ဖြစ်တဲ့ လူနာ အမျိုးသမီး က တော့ ခုချိန် ထိ ဘာ စကား တစ်ခွန်း မှ မပြောသေးဘဲ ရှိုက်ရှိုက်ပြီး တော့ပဲ ငို နေလေရဲ့ ။
ကျွန်တော် လည်း အိမ် အောက်ထပ် မှာ အိပ်တဲ့ ကျွန်တော့် တပည့်ကလေး ကို ကျွန်တော့် ကို ကူ လုပ် ပေးဖို့ နှိုး လိုက်ပြီး လူနာ အမျိုးသမီး ရဲ့ ဒဏ်ရာ တစ်ဝိုက် က ဆံပင်တွေ ကို ဂျုတ် နဲ့ ရိတ်ခိုင်း လိုက်တယ် ။ ကျွန်တော် ကိုယ်တို င်က တော့ ချုပ်မယ့် အပ် ကို အပ်ချည် တပ် လိုက်ပြီး ပိုး သေအောင် အရက်ပြန် ထဲ မှာ ခဏ စိမ် ထားရင်း လက် ကို လက်အိပ် စွပ် လိုက်တယ် ။ အဲဒီနော က်တော့ ကျွန်တော့် တပည့်လေးအ ကူအညီ နဲ့ လူနာ အမျိုးသမီး ရဲ့ ခေါင်း က ဒဏ်ရာ ကို စပြီး ချုပ် လိုက်တယ် ဆိုပါတော့ ။
လူနာ အမျိုးသမီး က ငယ်ပါသေးတယ် ။ ရှိ လှ မှ အသက် အစိတ် လောက် ပဲ ရှိဦးမယ် ။ အသား မဖြူ မညို နဲ့ ရုပ်ရည်ကလေး က သနားကမား ပါ ။ သူ့ အဖြစ် သူ ဝမ်းနည်း ပြီး ငိုနေတာ မှန်ပေမဲ့ သတ္တိ က တော့ ကောင်း တယ် ။ ကျွန်တော် ချုပ် နေတာ ကို တစ်ချက် မတွန့်ဘူး ။ သူ့ ဒဏ်ရာ က ၆ ချက် ချုပ်ရတယ် ။ လူနာ ကို ချုပ်ပြီး သွားလို့ သူတို့ ပြန် သွားတော့ နာရီ ကို ကျွန်တော် ကြည့် လိုက်တဲ့ အခါ ည ၁၂ နာရီ ကျော် နေပြီ ။ ကျွန်တော့် တပည့်ကလေး ကို ဆေးခန်း တံခါး ပိတ် ခိုင်း လိုက်ပြီး ကျွန်တော်ပြန် အိပ်ဖို့ အိမ် အပေါ်ထပ် ကို တက် လာ လိုက်တယ် ။
အိပ်ရာ ပေါ် မှာ လှဲပြီး ကျွန်တော် ပြန် အိပ်ပေမယ့် တော်တော် နဲ့ အိပ် မပျော်ဘူး ။ အဲဒီတော့ စောစော က လူနာ အကြောင်း က ခေါင်း ထဲ ကို ရောက် လာတယ် ။ သူတို့ လင်မယား ရန်ဖြစ် ကြတာ ဟာ အဓိက အကြောင်း ရင်း က တော့ သူ့ ယောက်ျား အရက် မူး လာလို့ပဲ ။ သူ့ ယောက်ျား သာ အရက်မူး မလာရင် ခုလို ရန် ဖြစ်စရာ အကြောင်း မရှိဘူး ။ အရက် ဟာ ဘယ်ဘက် မှာ မှ ကောင်းကျိုး မပေးတာ သေချာပါတယ် ။ ကျန်းမာရေး ၊ လူမှုရေး ၊ စီးပွားရေး ၊ အားလုံး ကို ထိခိုက်စေတာ အရက် ပါ ပဲ ။ ဒါနဲ့တောင် လူတွေ ဟာ အရက် ကို ဘာ ကြောင့်များ မက်မက်မောမော သောက် နေကြတာလဲ ဆိုတာ ကို ကျွန်တော် နား မလည်နိုင်ဘူး ။
ကျွန်တော် လည်း ယောက်ျား တစ်ယောက် ပါ ။ အရက် ကို သောက်ဖူး ပါတယ် ။ သောက်ဖူး တာ မှ တော အရက် တို့ ‘ ဘီအီး ’ တို့ က အစ ‘ ရမ် ’ တို့ ‘ ဘရန်ဒီ ’ တို့အလယ် ၊ ကောင်းလှတယ် ဆိုတဲ့ ‘ ဘလက်လေ ဘယ် ’ တို့ ‘ ရက်လေဘယ် ’ တို့ အဆုံး အကုန်လုံး နီးပါး သောက်ဖူး ပါတယ် ။ ဘယ် အရက် မှ ကိုယ့် ရဲ့ ကျန်းမာရေး ၊ စီးပွားရေး ၊ လူမှုရေး တွေ ကို အထိခိုက် ခံပြီး သောက်ရလောက် အောင် အထိ အရသာ မရှိပါဘူး ။ အရက် မှန် ရင် နံတာ ၊ အဝင် ဆိုးတာ က တော့ အားလုံး အတူတူ ချည်း ပါပဲ ။ တချို့ က တော့ ပြော ကြတယ် ။ “ အရက် ဆိုတာ သောက် ရ တာ အရသာ ရှိတာ မဟုတ် ဘူး ။ မူး ရ တာ အရသာ ရှိတာ ” လို့ ။ သူတို့ ပြောတာ မှန်ကောင်း မှန်နိုင်ပါတယ် ။ ဒါပေမဲ့ အဲဒီ မူး ရတဲ့ အရသာ ဟာ လည်း ဒီလောက်ကြီး မဟုတ်ပါဘူး ။ ကိုယ့် ရဲ့ ဘဝ ကို ထိခိုက် နစ်နာ လောက် အောင် အထိ တော့ ကောင်းတဲ့ အရသာ မဟုတ်တာ သေချာပါတယ် ။
အရက် ရဲ့ ဆိုးကျိုးတွေ က တော့ ပြော ရရင် ကုန်နိုင်စရာ မရှိပါဘူး ။
စောစော က အရက် မူးပြီး မိန်းမ ကို ကု,လားထိုင် နဲ့ ရိုက် လိုက်လို့ ခေါင်း ပေါက်တာ ၆ ချက် ချုပ် လိုက် ရတဲ့ လင်မယား ကို ပဲ ကြည့်လေ ။ မိန်းမ ခေါင်း ပေါက် သွားတဲ့ အတွက် ဆေး ကုရတာ ငွေ ကုန်မယ် ။ ဒီကြားထဲ မှာ မိန်း မက အလုပ် မလုပ်နိုင်သေး ရင် အိမ်မှုကိစ္စတွေ ဖြစ်တဲ့ ထမင်းဟင်း ချက်တာ တို့ ၊ အဝတ် လျှော် တာ တို့ ၊ ကလေး ထိန်းတာ တို့ ဆိုတာတွေ ကို ဘယ်သူ က လာ လုပ် ပေးမလဲ ။ အကုန်လုံး ကသီလင်တ နိုင် တော့မှာ အမှန်ပဲ ။ ဒီ အထဲ က ကိုယ့် ရဲ့ အိမ်ထောင် သက်တမ်း အတွင်း မှာ အနှစ်နှစ် အလလ က ဝယ်ယူ စုဆောင်း ခဲ့တဲ့ ပန်းကန် တွေ ၊ ဗီရို တွေ ၊ တီဗီ တွေ ကို အရက် မူးပြီး ရိုက်ခွဲ ပစ်တယ် ဆိုတော့ ဒါတွေ ကို ပြန်လည် ထူထော င်ဖို့ ဘယ်လောက် ကြာအောင် အပင်ပန်း ခံပြီး ငွေ ရှာရမလဲ ဆိုတာ စဉ်းစား ကြည့်ပေါ့ ။
ဒီ ကြား ထဲ က အရက် ကို အသက် နဲ့ လဲပြီး ကြိုက်တဲ့ လူတွေ လည်း ရှိသေးတယ် ။
ကျွန်တော့် လူနာ တွေ ထဲ မှာ အရက် ကြောင့် မသေသင့်သေး ဘဲ ငယ်ငယ်ရွယ်ရွယ် နဲ့ သေသွားရတဲ့ လူနာ တွေ မနည်းဘူး ။ တချို့ က တော့ လည်း အရက် သောက်တာ ကို ပဲ ‘ ဟီးရိုး ’ ဖြစ်တယ်လို့ ထင်တဲ့ လူငယ် တွေ လည်း ရှိလေရဲ့ ။
အောင်ပင်လယ် ဘက် မှာ မနက်ပိုင်း ဖွင့်တဲ့ ကျွန်တော့် ဆေးခန်း နဲ့ တစ်အိမ် ကျော် က ညီအစ်ကို သုံးယောက် ဆိုရင် အဲဒီလို လူငယ် တွေ ပဲ ။ သူတို့ က အရက် သောက် ရင် သူတို့ လို လူငယ်တွေ ကြား မှာ ‘ ဟီးရိုး ’ ဖြစ်တယ် ထင်ကြပုံ ရတယ် ။ သူတို့ အဖေ က အရက် ဆိုရင် အနံ့ တောင် မခံနိုင်ပေမယ့် သားတွေ က တော့ သုံးယောက် စလုံး အရက် သောက်ကြလေ ရဲ့ ။ သောက် တာ မှ မိုးလင်းက မိုးချုပ် တစ်နေကုန် သောက် တာ ။ သူတို့ ကို ကြည့် လိုက်ရင် အချိန်ပြည့် အရက် မူး နေတာချည်း ပဲ ။
သူတို့ အလုပ် က လေးဘီး မောင်းတာပါ ။ သူတို့ ကို သူတို့ အဖေ က လေးဘီး တစ်စီး ထောင်ထား ပေးတယ် ။ ညီအစ်ကို သုံးယောက် အလှည့်ကျ မောင်း ကြပေါ့ ။ ဒါပေမဲ့ သူတို့ တစ်တွေ က အမြဲတမ်း မူး နေ တာ ဆိုတော့ တော်တော်တန်တန် လူ က လည်း သူတို့ လေးဘီး ကို မစီးရဲပါဘူး ။ သူတို့ အကြောင်း ကို မသိ တဲ့ လူ က ငှား သွားရင်လည်း တက္ကစီခ ရတာ က နည်း နည်း ၊ မူးမူး နဲ့ ဟို တိုက် ခဲ့ ဒီ တိုက် ခဲ့ လို့ သူတို့ အမေ က လိုက် လျော်ရတာက များများ ဆိုတော့ မမောင်းတာ က မှ တော်သေးတယ် လို့ ဆိုရမှာပေါ့ ။
ဒီ အထဲ က သူတို့ သောက်ပုံ က ထမင်း မစား ဟင်း မစား ဘဲ တစ်နေကုန် သောက်တာ ဆိုတော့ ကျန်းမာရေး က ဘယ် မထိခိုက်ဘဲ နေတော့ မတုန်း ။ သူတို့ တစ်တွေ မထူနိုင်လောက် အောင် လဲ လို့ ကျွန်တော့် ဆေးခန်း ကို ဆေး လာ ကုရပြီ ဆိုရင် သူတို့ အမေကြီး က ကျွန်တော့် အနား ကပ်ပြီး “ ဆရာရယ် .. ၊ သူတို့ ကို အရက် သိပ် မသောက် အောင် ခြောက်ပေးပါဦး ” လို့ သူတို့ မကြား အောင် တိုးတိုးလေး လာ ပြော တတ် တယ် ။ ကျွန်တော် လည်း သူတို့ အမေ တိုက်တွန်း သလို သူတို့ ကြောက် အောင် သူတို့ အခြေအနေ ကို ပို ပြောပြီး ခြိမ်းခြောက် တာ တောင် မဟုတ်ပါဘူး ။ အမှန် အတိုင်း ပဲ ပြော လိုက်တာပါ ။ “ မင်းတို့ တွေ ဒီအတိုင်း အရက် သောက် နေရင် သက်ဆိုး ရှည် မှာ မဟုတ်ဘူး ” လို့ ။
ဒါပေမဲ့ သူတို့ ကတော့ မကြောက်ပါဘူး ။
“ ရတယ် ဆရာ ။ သေချင် သေပေစေ ။ ကျွန်တော် က တော့ သောက်မှာ ပဲ ”
သူတို့ အမေကြီး က ခြိမ်းခြောက်တာ ကို သိလို့ လား မသိဘူး ။ အရွဲ့ တိုက် ပြီး အရက် မူးမူး နဲ့ ခပ်ရိုင်းရိုင်း ပဲ အဲဒီလို ပြန် ပြောတတ်ကြတယ် ။
မကြာပါဘူး ။ ငယ်ငယ်ရွယ်ရွယ် နဲ့ တစ်ယောက်ပြီး တစ်ယောက် “ ရှော ” ကုန် ကြတာပဲ ။ အလတ်လူ က အရင်ဆုံး သေတယ် ။ ထမင်း မစား ဟင်း မစား ဘဲ အရက် သောက် တာဆိုတော့ အာဟာရ ပြတ်ပြီး ဗုန်းဗုန်းလဲ ရာ ကနေ ပြန်ပြီး နာလန် မထူတော့တာ ပဲ ဆိုပါတော့ ။ ထမင်းဟင်း သာ မစား တယ် ။ အရက် က တော့ သေမယ့်နေ့ အထိ သောက်တုန်းပဲ ။
ဒါသာ ဖြစ်တယ် ။ အရက် ကြောင့် တစ်ယောက် သေ လို့ ကျန်တဲ့ နှစ်ယော က်က အရက် ကို ကြောက် ပြီး ဖြတ်ဖို့ ဆိုတာ ဝေးလို့ လျှော့ သောက်မယ် ဆိုတဲ့ စိတ် မျိုး တောင် ဘယ်သူမှ မမွေးကြပါဘူး ။ ကြွက်တွင်း ကို ရေ လောင်း သလို သောက်မြဲ သောက်ဆဲ ပဲ ။
ဒုတိယ သေတာ က အငယ်ဆုံး လူ ပေါ့ ။ ဆောင်းတွင်းကြီး မှာ သူ က အရက်သောက် ထားတဲ့ လူဆို တော့ အရက် အရှိန် ကြောင့် ချမ်းလို့ ချမ်းမှန်း မသိဘဲ အနွေးထည် မဝတ်ရာ က အဆုတ် အအေး မိ ပြီး နမိုးနီးယား နဲ့ ကြွ သွားတာ ။
အကြီးဆုံး လူ က လည်း နမိုးနီးယား နဲ့ ပဲ သေ တာပဲ ။ သူ က တော့ မန္တလေး မှာ သေတာ မဟုတ်ဘူး ။ သူများ တွေ က ဝင်ငွေ ကောင်းတယ် ဆိုပြီး အပြော ကောင်း လို့ ရေနံမှော် တစ်ခု မှာ အလုပ် သွား လုပ်ရာက အရက် သောက်ရင်း အဲဒီမှာပဲ သေသွားတာ ။ ရေနံမှော် ဆိုတော့ အဆက်အသွယ် က လည်း မကောင်း လို့ သေ ပြီး တစ်လ လောက် နေ မှ အိမ် က သိရတယ် ။ အဲဒီ ကျ မှ ပဲ သူ့ အတွက် သပိတ်သွတ် ရတယ် ဆိုပါတော့ ။
ကျွန်တော် လည်း အိပ် မပျော်တာ နဲ့ အရက် သောက် တတ်တဲ့ ကျွန်တော့် လူနာတွေ အကြောင်း စဉ်းစား နေ လိုက်တာ ဘယ်လောက် ကြာ သွားတယ် မသိဘူး ။ တော်တော်လေး ကြာ မှ အိပ်ပျော် သွားတယ် ။ ဒါပေမဲ့ ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် သွားတာ မှ ဘာမှ မကြာလိုက်ဘူး ။ အပြင် က ကျွန်တော့် ကို အော် ပြီး နှိုး နေတဲ့ အသံကြောင့် လန့် နိုး လာ ပြန်တယ် ။
“ ဆရာ ... ဆရာ ကျွန်တော် ညီညီ ပါ ”
“ ကျွန်တော် ဗိုက် နာလို့ပါ ဆရာ ”
“ ဆရာ ... ကျွန်တော် ညီညီ ပါ ။ ဆေး ထိုးချင်လို့ပါ ”
ဒီ တစ်ခါ လည်း ကျွန်တော် မထချင် ထချင် နဲ့ လူးလဲ ထ လိုက်ရပြန်တယ် ။ မထချင် လို့ လည်း မရဘူးလေ ။ အပြင်က အော် ခေါ်နေတဲ့ အသံ က ကျွန်တော် မထ မချင်း ရပ်မယ့်ပုံ မှ မရှိဘဲကိုး ။ ဒီတော့လည်း ကျွန်တော် ထ ရတော့တာပေါ့ ။
အောက်ထပ် ကို ဆင်း ပြီး ဆေးခန်း ထဲ ကို ကျွန်တော် ဝင် လာခဲ့တယ် ။ ဆေးခန်း ထဲ က မီးတွေ ကို လိုက် ဖွင့်ပြီး အိပ်ချင်မူးတူး နဲ့ ဆေးခန်း ထဲ က တိုင်ကပ် နာရီ ကို ကြည့် လိုက်တော့ မနက် အစောကြီး ၃ နာရီ ထိုးပြီးခါစ ပဲ ရှိသေးတယ် ။
ဆေးခန်း တံခါး ကို ကျွန်တော် ဖွင့်ပေး လိုက် တော့ ‘ ညီညီ ’ ဆိုတဲ့ လူ ဝင် လာတယ် ။
“ ဗိုက် အရမ်း နာလို့ တစ်ညလုံး မအိပ်ရဘူး ဆရာ ။ ဆရာ့ ကို တော့ နှိုးရတာ အားနာပါတယ် ။ မနက် လင်းတဲ့ အထိ မနေနိုင်တော့လို့ ”
ဒီ ကိုညီညီ က ကျွန်တော့် ဆေးခန်း ကို လာနေ ကျ လူနာ ပါ ။ သူ လာပြီ ဆိုရ င်လည်း တခြား ရောဂါ နဲ့ လာရတယ် မရှိဘူး ။ ဗိုက် နာ လို့ လာရတာ ချည်း ပဲ ။ သူ့ မှာ အစာအိမ် ရောဂါ ရှိတာ ကိုး ။
သူ့ ကို ခုတင် ပေါ် မှာ အိပ်ခိုင်း လိုက်ပြီး ဗိုက် နာ တဲ့ နေရာ ကို ကျွန်တော် စမ်းသပ် ကြည့်လိုက်တော့ သူ နာတဲ့ နေရာ က ရင်ခေါင်းဝ အောက်က အစာအိမ် တည့်တည့် နေရာ က နာ နေတာ ကို တွေ့ လိုက်ရတယ် ။
“ ခင်ဗျား ည က အရက် သောက်လိုက်သေးလား ”
ကိုညီညီ က အရက် သောက်တတ်တဲ့ လူ မို့ ကျွန်တော် မေး ကြည့်လိုက်တော့ ‘ သောက်လိုက်မိတယ် ဆရာ ။ ကျွန်တော် လည်း ဗိုက် မနာတာ ကြာပြီ ဆိုတော့ အစာအိမ်ရောဂါ ပျောက်လောက်ပြီ ထင်ပြီး သောက် လိုက်မိတာ ’ လို့ ပြန် ဖြေတယ် ။
ကျွန်တော် စိတ်ပျက် လက်ပျက် နဲ့ ပြုံးလိုက် မိတယ် ။ ဒီ ည ကျွန်တော် မအိပ်ရအောင် အရက်သမား တွေ က ချည်း နှိပ်စက်နေပါလား လို့ တွေးလိုက်မိတော့ နည်းနည်း တောင် ဒေါသ ထွက် သလို ဖြစ်မိသေး ရဲ့ ။ ဒါပေမဲ့ ထွက်ချင် နေတဲ့ ဒေါသ ကို ဆရာဝန် တစ်ယောက် အနေ နဲ့ ပြန် မျိုသိပ်ပြီး သူ့ ကို ကျွန်တော် ဗိုက်နာပျောက်ဆေး တွေ ထိုး ပေး လိုက်ပါတယ် ။ အစာ အိမ်ရောဂါ သက်သာမယ့် သောက်ဆေးတွေ လည်း ပေး လိုက်တယ် ။
“ ခင်ဗျား ဆန်ပြုတ် တို့ ၊ နွားနို့ တို့ ၊ ပေါင်မုန့် တို့ ၊ ကိတ်မုန့် တို့ နဲ့ ပဲ တည့်တယ် ။ မာတဲ့ အစားအစာ တွေ မစား နဲ့ ။ ချဉ်တာ ၊ စပ်တာ ၊ ပူတာ တွေ မစား နဲ့ ။ လက်ဖက်ရည် ၊ ကော်ဖီ မသောက် နဲ့ ။ အထူးသဖြင့် အရက် မသောက်နဲ့ ဗျာ ”
ကျွန်တော် လည်း သူ ဗိုက် နာ လို့ ဆေးခန်း လာ ပြတိုင်း ပြောနေကျ ဖြစ်တဲ့ ဓာတ်ပြားဟောင်းကြီး ကို ပဲ စိတ်ပျက်လက်ပျက် နဲ့ ပြန် ဖွင့်ပြ နေရတယ် ။ သူ က လည်း ထုံးစံ အတိုင်း “ ဟုတ်ကဲ့ပါဆရာ ” လို့ ပြောလေရဲ့ ။
ကိုညီညီ ပြန် သွားလို့ ဆေးခန်းတံခါး ကို ပိတ် လိုက်ပြီး နာရီ ကို ကြည့် လိုက်တော့ မနက် ၃ နာရီခွဲ ပြီ ။
ကျွန်တော် လည်း အိမ် ပေါ် တက် လာပြီး အိပ်ခန်း ထဲ က ခုတင် ပေါ် မှာ လှဲ လိုက်တယ် ။ ဒါပေမဲ့ ကျွန်တော် မျက်စိ ကြောင်ပြီး ရုတ်တရက် အိပ် မပျော် ပြန်ဘူး ။ ဒီတော့ လည်း ကိုညီညီ အကြောင်း ကို ကျွန်တော် တွေး နေ မိပြန်ရော ။
ကိုညီညီ က အသက် ၃၀ လောက် ပဲ ရှိသေးတဲ့ လူပျိုလူလွတ် ပါ ။ အရပ် က မဆိုစလောက် ပု ပေမယ့် ပိန်ပိန်ပါးပါး အသားလတ်လတ် နဲ့ လူ က ကြည့်လို့ ကောင်း ပါတယ် ။ လူပျိုကြီး ဖြစ် နေတာ ကတော့ မိန်းမ ထက် အရက် ကိုပို ကြိုက်လို့ မိန်းမ မယူတာလား ဆိုတာ ကျွန်တော် လည်း မပြောတတ်ဘူး ။
ဒီ ကိုညီညီ ကို အစာအိမ်ရောဂါ ရှိလို့ အရက် မသောက်ပါနဲ့ လို့ ကျွန်တော် ပြောတာ အကြိမ်ပေါင်း မနည်းတော့ပါဘူး ။ သူ က လည်း “ ဟုတ်ကဲ့ ၊ မသောက် တော့ပါဘူး ဆရာ ” လို့ ကတိ ပေးတာ များပါပြီ ။ ဒါပေမဲ့ ဗိုက် နာတုန်း ခဏပဲ အရက် ကို ရှောင်ပြီး ဗိုက်နာ ပျောက်တာ နဲ့ အရက် ကို ပြန် သောက်တာချည်းပဲ ။ အဲဒီ တော့ ဗိုက် ပြန် နာ ပြန်ရောပေါ့ ။ ဗိုက်ပြန် နာတော့ ဆေးခန်း လာ ပြပြီး ဆေးထိုး ၊ ဗိုက်နာ ပြန် သက်သာ ၊ အရက် ပြန် သောက် ၊ ဗိုက် ပြန်နာ နဲ့ သူ့ အစာအိမ်ရောဂါ က လုံးလည်လိုက် နေတာပါ ။
ကိုညီညီ အကြောင်း ကို တွေး မိတော့ ကိုညီညီ လို ပဲ အရက် နဲ့ မတည့်တာ ကို အရက် မဖြတ် နိုင်ဘဲ ဆက် သောက် နေလို့ ရောဂါ ဆိုးသည် ထက် ပို ဆိုးလာ တဲ့ လူနာ တစ်ယောက် ကို သတိရ မိတယ် ။ သူ့ နာမည် က ဦးလှဆောင် တဲ့ ။ ဦးလှဆောင် က ကျွန်တော့် ဆေး ခန်း ကို ရေဖျဉ်းစွဲ လို့ လာ ကုရတဲ့ လူနာ ပါ ။ သူ့ ကို ကျွန်တော် စမ်းသပ် စစ်ဆေးကြည့်ပြီး ဝမ်းဗိုက် ကို အာထရာဆောင်း ရိုက်ခိုင်း ကြည့် လိုက်တော့ သူ့ မှာ ‘ အသည်းခြောက် ရောဂါ ’ ရှိနေတာ ကို သိလိုက်ရတယ် ။
“ ဦးလှဆောင် က အရက် သောက်တတ်သလား ”
“ ဟုတ်ကဲ့ ၊ တစ်ခါတလေ အပေါင်းအသင်း နဲ့ ကြုံ ရင်တော့ သောက်တတ် ပါတယ် ဆရာ ”
ကျွန်တော် သူ့ စကား ကို နားထောင် နေတုန်း မှာ ပဲ သူ့ ပါးစပ် က အရက်နံ့ ရ နေတယ် ။
“ ဦးလှဆောင် မှာ အသည်းခြောက် ရောဂါ ဖြစ်နေပြီ ။ ဒီ ရောဂါ က အရက် သောက်တဲ့ သူတွေ မှာ အဖြစ် များ တဲ့ ရောဂါပဲ ။ ရေဖျဉ်းစွဲလာ တာ က လည်း ဒီ ရောဂါ ကြောင့် ရေဖျဉ်းစွဲ လာ တာ ။ ဒီတော့ ဦးလှဆောင် အရက် ဖြတ် မှ ဖြစ်မယ် ”
“ ဟာ ဖြတ်ရမှာပေါ့ ဆရာ ။ မတည့်ရင် ကျွန်တော် မသောက်တော့ပါဘူး ”
ဒါပေမဲ့ ဦးလှဆောင် ကျွန်တော့် ဆေးခန်း ကို လာတိုင်း သူ့ ပါးစပ် က အရက်နံ့ ရ နေတာချည်း ပဲ ။
“ ဦးလှဆောင် အရက် သောက် နေတုန်းပဲနဲ့ တူတယ် ”
“ မသောက်တော့ပါဘူး ဆရာ ။ ဒီနေ့ က အပေါင်းအသင်း နဲ့ ကြုံလို့ နည်းနည်းပါးပါး သောက်မိတာပါ ”
ဦးလှဆောင် ကြည့်ရတာ နေ့တိုင်း အပေါင်းအသင်း နဲ့ ကြုံ နေပုံ ရတယ် ။ ကျွန်တော့် ဆေးခန်း ကို လာတိုင်း သူ့ ပါးစပ် က နေ့တိုင်း အရက် နံ့ ရနေ စမြဲပဲ ။
ဒီတော့ လည်း သူ့ ရောဂါ မသက်သာတာ ဘာ ဆန်းတော့ မှာ လဲ ။ ကျွန်တော် လည်း ပြောရတာ အာပေါက် လာတော့ မပြောချင်တော့ဘူး ။ သူ့ ထိုက် နဲ့ သူ့ ကံ ရှိစေတော့ လို့ ပဲ သဘောထား လိုက်ရတယ် လေ ။
ဦးလှဆောင် လို ပဲ အရက် ကြိုက်တဲ့ လူအချို့ ဟာ အရက် ကို အကြောင်းပြချက် အမျိုးမျိုး နဲ့ သောက် တတ်ကြတာ ကို ကျွန်တော် သတိထား မိတယ် ။ အပေါင်းအသင်း နဲ့ ကြုံ လို့ ၊ စိတ် ညစ်လို့ ၊ ပျော် လို့ စသည် ဖြင့် ပေါ့ ။
လွန်ခဲ့တဲ့ ၁ဝ ရက် လောက် က ကျွန်တော့် ဆေးခန်း ကို လူနာ တစ်ယောက် ရောက် လာတယ် ။ သူ က ဆိုင်ကယ် လဲ ပြီး ဒဏ်ရာ ရ လို့ ဆေးခန်း ကို လာ ပြတာပါ ။ ပွန်းတဲ့ ပဲ့တဲ့ ဒဏ်ရာတွေ က မျက်နှာ မှာ ရော ၊ ခြေထောက် တွေ လက် တွေ မှာ ရော တော်တော် များတယ် ။
ဒါကြောင့်လည်း သူ့ ဒဏ်ရာတွေ ပျောက် အောင် တစ်ပတ် လောက် အထိ ကျွန်တော့် ဆေးခန်း မှာ နေ့တိုင်း ဆေး ထိုးရတယ် ဆိုပါတော့ ။
သုံးရက် လောက် အထိ ဆေးထိုး ပြီး တာတောင် သူ့ ဒဏ်ရာတွေ က သိပ် မသက်သာသေးတာနဲ့ သူ့ ကို ကျွန်တော် မေး လိုက်မိတယ် ။
“ ခင်ဗျား ဒဏ်ရာတွေ က များလှချည်လား ။ ဆိုင်ကယ် လဲ တာ အရှိန် ပြင်းလို့လား ”
“ ဆရာ ရေ ၊ အလုပ်အကိုင် မကောင်း လို့ စိတ် ညစ်တာ နဲ့ အဲဒီ နေ့ က အရက် သောက်ပြီး ဆိုင်ကယ် စီး မိတာ ။ မူး နေတာ ဆိုတော့ ကိုယ့် ကိုယ် ကိုယ် အရှိန် ပြင်း သလား ၊ အရှိန် မပြင်းဘူးလား ဆိုတာ ကို မသိတော့ ဘူး ။ လဲပြီ ဆိုတော့မှပဲ သိတော့တာပဲ ”
အဲဒါသာ ကြည့်တော့ပေါ့ဗျာ ။ အလုပ်အကိုင် မကောင်း လို့ စိတ် ညစ်ပြီး အရက် သောက်တော့ ကော သူ့ အလုပ်အကိုင် က ကောင်းလာမှာ တဲ့ လား ။ ကောင်း မလာရုံ မက ဆိုင်ကယ် မှောက်ပြီး ဒဏ်ရာ ရလို့ အလုပ် အကိုင် ပျက်တော့ ဝင်ငွေ ထိခိုက် တဲ့ အပြင် ဆေး ကုရ တော့ ဆေးဖိုးဝါးခ ပါ ထပ် ကုန်တော့တာပေါ့ ။
အဲဒီလို “ အပေါင်းအသင်း နဲ့ ကြုံလို့ ” တို့ ၊ “ စိတ် ညစ်လို့ ” တို့ ဆိုတဲ့ အကြောင်းပြချက် တွေ နဲ့ သောက် တတ်တဲ့ လူတွေ အပြင် ဘာ အကြောင်းပြချက် မှ မရှိဘဲ ကြိုက်လို့ ကို သောက်တဲ့ လူတွေ လည်း ရှိ သေးတယ် ။
ခုတော့ ဆုံး သွားပါပြီ ။ မဆုံးခင် က ကျွန်တော့် ဆေးခန်း ကို မကြာခဏ လာ ပြရတဲ့ ကိုစိုးမောင် ဆို ရင် အဲဒီလို အရက် ကို ကြိုက်လို့ ကို သောက်တဲ့ လူစားမျိုး ပဲ ဆိုပါတော့ ။ သူ က အရက် ကို ကြိုက်လို့ သောက်တဲ့ လူ ဆိုတော့ နေ့တိုင်း မနက် မိုးလင်း က မိုးချုပ် တစ်နေ ကုန် သောက် တာပဲ ။ ဘာ အလုပ် မှ လည်း မလုပ်ဘူး ။ ဒါသာ ဖြစ်တယ် ။ မိန်းမ ကျ တော့ နှစ်ယောက် ။ မယားကြီး က မုန့်ဟင်းခါး ရောင်းပြီး ရှာ ကျွေးတယ် ။ မယားငယ် က တော့ ဘာ အလုပ် လုပ်သလဲ ကျွန်တော် မသိဘူး ။
အဲဒီ ကိုစိုးမောင် က အရက် ကို တစ်နေကုန် တစ်နေခန်း ၁၅ ရက် လောက် သောက် ပြီးပြီ ဆိုရင် အရက်နာ ကျပြီး မသောက်နိုင် တော့ ဘူး ။ အဲဒီလို အခါမျိုး ဆိုရင် တော့ အရက် မှ မဟုတ်ဘူး ။ ဘာ စားစား ဘာ သောက်သောက် အန်တော့တာ ပဲ ။
အဲဒီလို အခြေအနေ မျိုး ဆိုရင် ကျွန်တော့် ဆေးခ န်းကို ဆေးလာ ကု ရပြီ ။ သူ့ ကို အအန်ပျောက် တဲ့ ဆေးတွေ ထိုး ၊ အားဆေးပုလင်းကြီး တွေ ချိတ် ၊ လုပ်ရတယ် ။ ည ကို မအိပ်နိုင်ဘူး ဆိုရင် အိပ် ပျော် အောင် အိပ်ဆေးတွေ ထည့် ပေးရတယ် ။ အဲဒီလို ၃ ရက် လောက် ကု လိုက်မှ သူ သက်သာ သွားတယ် ဆိုပါတော့ ။
သက်သာ တော့ ဘာ လုပ်တယ် ထင်သလဲ ။ အရက် ပြန် သောက်တာပါပဲ ။ အဲဒီလို ၁၅ ရက် လောက် တစ်နေကုန် တစ်နေခန်း အရက် သောက်ပြီး ပြီ ဆိုရင် တစ်ခါ အရက်နာ ကျပြီး ဆေး ကုရ ပြန်ရော ။ ဆေး ကု လို့ ပျောက်ပြီ ဆိုရင် အရက် ပြန် သောက်ပြန် ရော ။ သူ့ အဖြစ် က ဂျာအေး သူ့ အမေ ရိုက်ပြီး ဒီ အရက် ဝဲဂယက် ထဲ က မထွက်နိုင်တော့ဘူး ။ ကိုစိုးမောင် လို လူမျိုး က လူ့ ဘဝ ကို အရက် သောက် ဖို့ ရောက် လာတဲ့ လူမျိုး လို့ တောင် ပြောရင် ရတယ် ။ သူ့ ကို ဆေးကု ပေးရတာ ဟာ လည်း အရက် ပြန် သောက် နိုင်အောင် ကုပေး ရ သလို ဖြစ် နေတယ် ။ အလုပ် က လည်း ဘာ အလုပ် မှ မလုပ်ဘူး ဆိုတော့ မိသားစု အတွက် တကယ့် ကို “ ဆန်ကုန် မြေလေး ” ဆိုတဲ့ လူစားမျိုး ပဲ ။ ဒီ ကြား ထဲ က သူ့ ကို ဆေးကု ပေးရတာ တို့ ၊ ပြုစုစောင့်ရှောက် ရ တာ တို့က မိသားစု အတွက် ဝန်ထုပ်ဝန်ပိုး တစ်ခုပေါ့ ။
အဲဒီ ကိုစိုးမောင် လို အရက် ကို ကြိုက် လို့ ကို သောက်တဲ့ လူစားမျိုး က မရှားဘူး ။ ကျွန်တော့် ဆေးခန်း ကို လာ ပြတဲ့ လူနာတွေ ထဲ မှာ ကို လေးငါးယောက် မ က ရှိတယ် ။
ကိုကျော်မျိုးထွန်း ဆိုတဲ့ လူနာ တစ်ယောက် ဆို ရင် အသက် ၃ဝ တောင် မပြည့်လောက်သေးဘူး ။ လူ က ဖြူဖြူစင်စင် နဲ့ ရုပ်ရည် က လည်း တော်တော် သန့် တယ် ။ ရ ထားတဲ့ မိန်းမ ဆိုရင်လည်း တကယ့် ကို ချောချောလှလှကလေး ။ သူ နဲ့ ဆိုရင် လိုက်ဖက် တာ မှ နေ နဲ့ လ ၊ ရွှေ နဲ့ မြ ဆို သလိုပေါ့ ။ ဒါပေမဲ့ နှမြောစရာ ကောင်းတာ က ကိုကျော်မျိုးထွန်း က ဘာ အလုပ်အကိုင် မှ မလုပ်တဲ့ အပြင် အချိန်ပြည့် အရက် သောက် နေ တဲ့ အရက်သမား လုံးလုံး ဖြစ်နေတာပဲ ။ မိန်းမ က လည်း အလုပ်အကိုင် မရှိဘူး ။ အမေအိုကြီး နဲ့ နေကြတယ် ။ ဘယ် က ရတဲ့ ဝင်ငွေ နဲ့ စားသောက် နေကြသလဲ မပြောတတ်ဘူး ။ ဒီ အထဲ က သူ အရက်နာ ကျ ပြီ ဆိုရင် ဆေး ကုရ လို့ ကုန်တဲ့ ငွေ က ရှိသေးတယ် ။ အောင်အောင် ဆို တဲ့ လူနာ ကျ တော့ အရက်နာ ကျရုံတင် မဟုတ်ဘဲ “ အရက်ကြောင် ” ကြောင် တာ ဆို တော့ ပို ဆိုးတာပေါ့ ။ နေ့ လည်း မအိပ် ၊ ည လည်း မအိပ် နဲ့ ကယောင်ချောက်ချား တွေ ပြော ၊ သိစိတ် မရှိဘဲ အရူး တစ်ယောက် လို ဟို ထွက် သွားလိုက် ၊ ဒီ ထွက် သွားလိုက် ၊ ဟို လူ ကို ရန်မူ လိုက် ၊ ဒီ လူ ကို ရန် မူ လိုက် နဲ့ ထိန်းရ သိမ်းရ တာ သိပ် ဒုက္ခ ရောက်တယ် ။ နေ့ ရော ည ရော သူ မအိပ်တော့ သူ့ ကို ပြုစုစောင့်ရှောက် ရ တဲ့ လူတွေ လည်း မအိပ်ရဘူးပေါ့ ။ တစ်ည က တော့ ညကြီးမင်းကြီး နာရီပြန် ၂ ချက် လောက် သူ့ နောက် က ရန်မူမယ့် လူတွေ လိုက်တယ် ထင် လို့ ထွက် ပြေးပြီး တွေ့ ရာ အိမ်ဝင်း တစ်ဝင်း ထဲ ဝင် ပုန်းရာ က အိမ်ရှင် က သူခိုး ကပ်တယ် ဆိုပြီး ရဲ တိုင်လို့ အချုပ် ခံရ မလို ဖြစ် သေးတယ် ။ သူ့ ကို လည်း သူ့ မိသားစု က ကျွန်တော့် ဆေးခန်း ကို ခေါ် လာလို့ သက်သာအောင် လေးငါး ရက် လောက် ဆေးကု ပေးလိုက်ရတယ် ။
တကယ်တော့ အရက် သောက်တယ် ဆိုတာ လူမှုရေး ရှုထောင့် က ကြည့် ရင် လည်း ဂုဏ်သိက္ခာ မရှိ ဘူး ။ ကျန်းမာရေး ရှုထောင့် က ကြည့် ရင်လည်း ဆေးလိပ် လိုပဲ ကျန်းမာရေး ကို ဆိုးဆိုးဝါးဝါး ထိခိုက် စေတယ် ။ စီးပွားရေး ရှုထောင့် က ကြည့် ရင် လည်း အရက်ဖိုး ရော ၊ ကျန်းမာရေး မကောင်း လို့ ဆေး ကုရတာ ရော ၊ အလုပ်အကိုင် ပျက်တာ ရော နဲ့ တွက် လိုက်မယ် ဆိုရင် စီးပွားရေး လည်း ထိခိုက် စေတာ အမှန်ပဲ ။
ဒါကြောင့်လည်း လူတွေ ဟာ ဘာကြောင့် ဘဝ ပျက် ခံပြီး အရက် သောက် နေကြသလဲ ဆိုတာ ကျွန်တော် စဉ်းစား လို့ မရဘူး ။
တကယ်တော့ “ အရက် ” ဆိုတာ ရှိလို့ အရက် သောက်တဲ့ လူ ဆိုတာ ရှိလာတာပဲ ။ အရက် ဆိုတာ သာ မရှိ ရင် အရက် သောက်တဲ့ လူ ဆိုတာ လည်း မရှိနိုင်တော့ ဘူးပေါ့ ။ ကျွန်တော် သာ လုပ်ပိုင်ခွင့် ရှိတဲ့ လူ ဖြစ်ရင် ကမ္ဘာ ပေါ် က အရက်ချက် စက်ရုံ အားလုံး ကို ပိတ်ပင် တားမြစ် လိုက် ချင်တယ် ။
ကျွန်တော် လည်း အိပ် မပျော်တာ နဲ့ အရက် ရဲ့ အပြစ် တွေ ရော ၊ အရက် သောက် တဲ့ ကျွန်တော့် လူနာ တွေ အကြောင်း ပါ ဟိုရောက် ဒီရောက် စဉ်းစား နေမိတယ် ။
မနက် လည်း လင်းခါ နီးပြီ မို့ အိပ်မပျော် နိုင်တဲ့ အဆုံး အိပ်ရာ ထဲ က ကျွန်တော် လူးလဲ ထလိုက်ပြီး မျက်နှာ သစ် ၊ ကိုယ်လက် သန့်စင် လိုက်တယ် ။ ပြီးတော့ ည က ကောင်းကောင်းအိပ် မပျော်ခဲ့ရ လို့ နောက်ကျိ ထိုင်းမှိုင်း နေတဲ့ ကျွန်တော့် ဦးနှောက် ကို နည်းနည်းပါးပါး ဖြစ်ဖြစ် ကြည်လင် လန်းဆန်း သွားအောင် လက်ဖက်ရည် တစ်ခွက် လောက် တော့ သောက်လိုက်ဦးမယ် လို့ စိတ်ကူး ပြီး လမ်းထိပ် က လက်ဖက်ရည်ဆိုင် ကို ကျွန်တော် ထွက် လာခဲ့တယ် ဆိုပါတော့ ။
လက်ဖက်ရည် ဆိုင် ရောက် တော့ မနက် ၆ နာရီ ထိုးပြီ ။
“ ဟေ့ကောင် ... ကျော်စွာ ” လို့ လှမ်း ခေါ်လိုက် သံ ကြားလို့ ကျွန်တော် ကြည့် လိုက်တော့ ဘီယာဆိုင် လုပ်ငန်း နဲ့ အောင်မြင် နေတဲ့ ကျွန်တော့် ငယ်သူငယ်ချင်း ဝင်းမြင့် ကို လက်ဖက်ရည်ဆိုင် က စားပွဲ တစ်လုံး မှာ ထိုင် နေတာ ကို တွေ့လိုက် ရတယ် ။ ဒါနဲ့ ကျွန်တော် လည်း သူ့ ဆီ လျှောက် သွားပြီး သူ့ စားပွဲ မှာ ဝင် ထိုင် လိုက်တယ် ဆိုပါတော့ ။
“ မင်း ကြည့်ရတာ မျက်နှာတွေ ချောင်ပြီး ရွှင်ရွှင် လန်းလန်း လည်း မရှိဘူး ။ ဘာဖြစ်တာလဲ ။ နေ မကောင်းဘူးလား ။ ဆရာဝန် ဖြစ်ပြီး သူများ ကျန်းမာရေး ချည်း ဂရုစိုက် မနေနဲ့ ။ ကိုယ့် ကျန်းမာရေး ကိုယ် လည်း ဂရုစိုက်ဦးလေ ”
ကျွန်တော့် ကို တွေ့တွေ့ချင်း ဝင်းမြင့် က ပြော လိုက်တာပါ ။ ဒါနဲ့ ကျွန်တော် လည်း ည ကလူနာ နှစ်ယောက် လာ နှိုးတာ နဲ့ တစ်ည လုံး ကောင်းကောင်း မအိပ်ရ လို့ မျက်နှာ ချောင် သွားတာ ကို သူ့ ကို ရှင်းပြ ရင်း ကျွန်တော့် ကို ဒုက္ခ ပေးခဲ့တဲ့ အရက်သမား လူနာတွေ အကြောင်း သူ့ ကို ညည်းပြ မိတယ် ။
“ ဘာလဲ ။ မင်း က အဲဒီ အတွက် စိတ်ညစ် နေ တာလား ။ အဲဒီ အရက် သောက်တဲ့ လူနာတွေ ရှိလို့ မင်း လည်း ဆေး ကု ရပြီး ပိုက်ဆံ ရတာပေါ့ ။ သူတို့ သာ အရက် မသောက် လို့ ကျန်းမာရေး ကောင်း နေရင် ၊ နောက်ပြီး သူတို့ တစ်တွေ အရက် မမူး လို့ လင်မယား ရန် မဖြစ်ကြဘူး ဆိုရင် ဘာပဲ ပြောပြော မင်း ဆေးခန်း မှာ လူနာ နည်းတန် သလောက် နည်း သွားမှာ တော့ အမှန် ပဲ မဟုတ်လား ။ စိတ် မညစ်ပါ နဲ့ သူငယ်ချင်း ရာ ။ သူတို့ က အရက် သောက် လိုက် ၊ မင်း ဆီ ကို ဆေး လာ ကု လိုက် ၊ တော်ကြာ အရက် ပြန် သောက်လိုက် ၊ မင်း ဆီ ကို ဆေး လာ ကုလိုက် နဲ့ အဲဒီ အရက်သမား လူနာ တွေ ဟာ မင်း ကို လုပ်ကျွေး နေတဲ့ လူတွေပါ ။ အဲဒီ လူနာ တွေ ကို မင်း အနေနဲ့ ကြိုဆို တောင် ကြိုဆိုရ ဦး မှာ ။ ငါ ပြောတာ ဟုတ်တယ် မဟုတ်လား ။ ဟား ... ဟား ... ဟား ... ဟား ”
ဝင်းမြင့် က သူ့ စကား သူ သဘောကျ ပြီး တဟားဟား ရယ် နေတယ် ။
ကျွန်တော် တစ်ခါ မှ မတွေးဖူး တဲ့ ရှုထောင့် က တွေးပြီး ပြော လိုက်တဲ့ သူ့ စကား ကြောင့် ရုတ်တရက် ကျွန်တော် အံ့အားသင့် ပြီး ဘာ ပြန် ပြောရမှန်း မသိဘူး ဖြစ် သွားတယ် ။
ဒါပေမဲ့ စိတ် ထဲ က တော့ ဖြည်းဖြည်းချင်း ကျွန်တော် ပြန် ပြောလိုက်ပါတယ် ။
“ အဲဒီ အရက်သမား လူနာတွေ ဆီ က ရတဲ့ ငွေ နဲ့ ငါ စိတ် မချမ်းမသာ ထမင်း မစားချင်ပါဘူး သူငယ်ချင်း ရယ် ။ အရက် မသောက်တဲ့ လူနာတွေ ဆီ က ရတဲ့ ဝင်ငွေ နဲ့ ပဲ ငါ စိတ် ချမ်းချမ်းသာသာ ထမင်း စားချင်ပါ တယ် ”
◾ကျော်စွာထက်
📖 ကလျာ မဂ္ဂဇင်း
၂၀၁၁ ၊ ဖေဖော်ဝါရီလ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment