Tuesday, July 16, 2024

မိရွှေမှား

❝ မိရွှေမှား ❞


( ၁ )


ရုံးပိတ်ရက် တစ်နေ့ ။


တွေ့နေကျ နေရာလေး တစ်ခု ။


ဗာဒံပင်ရိပ် ရှိ ခုံဝိုင်းလေး တစ်ခု ပေါ် တွင် ဖြစ်သည် ။ 


ခိုင်ဝါ သည် ချစ်သူ အောင်ဇော် ၏ ပခုံးစွန်း ကို သူမ ၏ ဦးခေါင်းလေး ဖြင့် ခိုမှီ ထားရင်း မှ ...


“ ဘယ်လိုလဲ ကိုအောင် ရယ် ၊ ခိုင်ဝါ တို့ လက်ထပ်ကြဖို့ ကို ကိုအောင် ဘယ်လို စဉ်းစားထားလဲ ဟင် ၊ ကိုအောင့် ကို ကြည့်ရတာ အေးတိအေးစက် နဲ့ ခိုင်ဝါ တော့ ကိုအောင့် ကို ဘယ်လိုမှ အားမရဘူး ၊ တကယ်ပဲ ”


“ ဟင်း ”


အောင်ဇော် သည် ရှေ့တည့်တည့် ရှိ အပွင့်မဲ့ စံပယ်ရုံ အုပ်အုပ် ကို စိုက်ကြည့် နေရင်း မှ သက်မကြီး တစ်လုံး ကို လေးလေးပင်ပင် ချ လိုက်သည် ။


“ ကြည့် သူ့ ပြော လိုက်ရင် အဲလိုပဲ ၊ သက်ပြင်း ချရတာနဲ့ ၊ လက်မှိုင် ချရတာနဲ့ ၊ ဘာ တစ်ခု မှ တက်တက်ကြွကြွ မရှိ ဘူး ။ ဒီ ဘဝ တော့ မိခိုင်ဝါ တို့ ယောက်ျား ရဖို့ တယ် မလွယ်ဘူး နဲ့ တူပါတယ်လေ ”


“ ဪ ခိုင်ဝါ ရယ် ၊ ပြောရက်လိုက်တာ ကိုအောင့် မှာ တစ်နေ့ တစ်နေ့ ဒီ ကိစ္စ ပဲ ခေါင်း ထဲ မှာ ထည့်ပြီး စဉ်းစား နေခဲ့တာ ပါ ။ ခက်တာ က ဘာမှ ကြံ လို့ မရဘူး ၊ ကိုအောင် သိပ် စိတ်ညစ်တယ်ကွာ ”


“ ဟွန့် အဲလိုသာ လုပ်နေ ၊ တော်ကြာ ရက်တွေ ကြာ လာ မှ အိမ် က သူတို့ သဘောတူ တဲ့ လူ နဲ့ အတင်း ပေးစား လာ ရင် တော့ ခက်ပေ့ ဖြစ်ကုန်လိမ့်မယ် ၊ အဲဒီတော့ မှ လာပြီး ငို မနေနဲ့ ဒါပဲ ”


ခိုင်ဝါ က မှီ ထားရာ မှ ခွာ ရင်း နှုတ်ခမ်းလေး အစုံ ကို မဲ့ရွဲ့ ကာ ဆိုသည် ။ အောင်ဇော် သည် ခိုင်ဝါ ၏ ပခုံးဝန်းဝန်း ကို သိုင်း ဖက်ရင်း .. 


“ ကိုအောင့် ကို တော့ တစ်ယောက် တည်း ပစ်မထားပါနဲ့ အချစ် ရယ် ၊ ခိုင်ဝါ သာ ကိုအောင့် ကို သစ်စိမ်း ချိုး ချိုးခဲ့ရင် တော့ ကိုအောင် ရင် ကွဲပြီး သေရပါလိမ့်မယ် ကွယ် နော် အချစ် ”


အောင်ဇော် က ချွဲချွဲပျစ်ပျစ်လေး ပြောလိုက်သည် နှင့်


“ သူ ဒါပဲ တတ်တယ် ၊ ချွဲဖို့ နွဲ့ဖို့ ပဲ သူ သိတယ် ၊ ဒီလိုနဲ့ ရက်တွေ ကြာ လာတာ မနည်းတော့ဘူး ။ ဒီက မိန်းကလေး တန် မဲ့ နဲ့ လက်ထပ်ဖို့ ကို ချည်း ပြော နေရတာ သိပ် အောက် တာပဲ ”


“ အချစ် ရယ် ဒါတွေ ကိုအောင် နားလည်ပါတယ်ကွာ ”


“ နားလည်တယ် လည်း ပြောသေး ၊ လက်ထပ်ဖို့ ကို တိုင်ပင် နေခဲ့တာ ခုဆို ဘယ်လောက် ကြာ ပြီလဲ တစ်ဝါ ကျွတ်လိုက် ၊ တစ်နှစ် ကူးလိုက် နဲ့ ဟင်း နော် ဒီ က မိန်းကလေး ဖြစ် နေလို့ ယောက်ျားလေး သာ ဖြစ်ခဲ့ရင်တော့ လား ”


ခိုင်ဝါ က အောင်ဇော့် ကို အားမရနိုင်စွာ ဖြင့် စိတ် ထဲ တွင် မကျေမနပ် ဖြစ်ကာ ရှိသည် ။


“ ခိုင်ဝါ ရယ် ကိုအော င်လည်း ခိုင်ဝါ နဲ့ အတူတူ နေချင်တာပဲ ပေါ့ ။ ဒါပေမဲ့ ကိုအောင့် မှာ က ဘာမှ ရှိသေးတာ မဟုတ် ဘူး ၊ ဒါတွေကို ခိုင်ဝါ လည်း အသိ ၊ ခိုင်ဝါ နဲ့ မြန်မြန် နီးရ ဖို့ ကိုအောင် လည်း ကြိုးစား နေပါတယ်ကွာ ”


အောင်ဇော် က ဖျောင်းဖျောင်းဖျဖျ ရှင်း ပြသည် ။


“ ခုဆို ခိုင်ဝါ နဲ့ ကိုအောင် တို့ လက်ထပ် ပြီးရင် အိမ်ခန်းလေး တစ်ခန်း သပ်သပ် ငှားပြီး နေနိုင်အောင် လို့ ကိုအောင် ငွေတွေ စု ထားပါတယ်ကွာ ၊ ကိုအောင် တို့ ရုံး က ငွေစုငွေချေးသ/မ မှာ ကိုအောင် စု ထားတာ လည်း ခုဆို မနည်းတော့ဘူး ”


“ နောက်ပြီး ညဘက် မှာ သူငယ်ချင်း တစ်ယောက် နဲ့ စပ်တူ စာအုပ် အဟောင်းတွေ ရောင်းတာ လည်း ကိုအောင့် ဝင်ငွေ က မဆိုးပါဘူး ”


“ နောက်ထပ် ခိုင်ဝါ မသိသေးတာတွေ အများကြီး ရှိသေး တယ် ၊ ပြောဖို့ မကောင်းလို့ ကိုအောင် လေ ခိုင်ဝါ နဲ့ မြန်မြန် နီး ရဖို့ ငွေတွေ အများကြီး ရ အောင် စုနေပါတယ် အချစ် ရယ် ၊ အဟင်း ဟင်း ဟင်း ”


အောင်ဇော် က သူ ၏ စွမ်းဆောင်ချက် ကို ချစ်သူ ၏ ရှေ့ တွင် ဂုဏ်ယူ ဝင့်ကြွားစွာ ပြောရင်း လှောင်ရယ်လေး ရယ် လိုက်သည် ။ 


ခိုင်ဝါ သည် အောင်ဇော့် ထံ မှ အားရဖွယ် စကားဆန်းလေး များ အား ကြားလာရ သဖြင့် စိတ်အား တက်ကြွ လာခဲ့သည် ။ ခိုင်ဝါ သည် ချစ်သူအား ပြုံးပြုံးကြီး စိုက်ကြည့် နေမိသည် ။


 •••••   •••••   •••••


ဟုတ်သည် ။ အောင်ဇော် နှင့် ခိုင်ဝါတို့ ချစ်ခဲ့ကြသည် မှာ ကြာခဲ့ပြီ ။ ငါးနှစ် ငါးမိုး ပင် ကြာခဲ့ချေပြီ ။


အောင်ဇော် နှင့် ခိုင်ဝါ တို့ သည် တစ်နှစ် တည်း ဘွဲ့ အတူ ရခဲ့ ကြပြီး တက္ကသိုလ် မှာကတည်း က ချစ်ခဲ့ကြသူများ ဖြစ်သည် ။ 


“ ဘွဲ့ရ ပြီးကြတော့ အောင်ဇော် က ရုံး တစ်ရုံး တွင် တစ်ရာ့ သုံးဆယ်ကျပ် စကေးရသော အောက်တန်းစာရေး အလုပ် ကို ဝင် လုပ်သည် ။ ယခု ထက်ထိ ထို အယ်လ်ဒီ ရာထူး မှ မတက်နိုင်သေး ။ 


ခိုင်ဝါ က တော့ သူမ ဝါသနာ ပါရာ ကျောင်းဆရာမ အလုပ် ကို ဝင် လုပ်သည် ။ ဝင်တုန်းက တော့ မူလတန်းပြ ဆရာမလေး ၊ ယခုတော့ ရာထူး တစ်ဆင့် တိုး ကာ အလယ်တန်းပြ ဆရာမ ပင် ဖြစ်၍ နေ လေပြီ ။


ခိုင်ဝါတို့က ပိုက်ဆံ အသင့်အတင့် ရှိသည် ။ အိုး နှင့် အိမ် နှင့် မိဘများ က လည်း ကုန်သည်များ ဖြစ်သည့် အတွက် တင့်တောင့်တင့်တယ် နေ နိုင်သည် ။


မနေနိုင်သည် က အောင်ဇော် ။ အောင်ဇော် သည် ရန်ကုန်သား မဟုတ် ။ တက္ကသိုလ် တက် ကတည်း က နယ် မှ လာ တက်ကာ ဦးလေး ဖြစ်သူ နှင့် ကပ်ရပ်ပြီး ကျောင်းတက် ခဲ့ရသူ ဖြစ်သည် ။ ဘွဲ့ရ ပြီးတော့ လည်း ဦးလေး အိမ် မှ မခွာနိုင်သေး ။ ဦးလေး အိမ် မှ ပင် အလုပ် သို့ ဝင်ခဲ့ခြင်း ဖြစ်သည် ။ ရ သည့် လစာလေး ကို တော မှ မိခင်အိုကြီး အား တစ်ဝက် ၊ တစ်ဝက် ထောက်ပံ့ နေခဲ့ ရသေးသည် ။


စရိတ် ကြီးသော ရန်ကုန် လို မြို့ကြီး တွင် အောက်တန်း စာရေးလေး အောင်ဇော် ၏ ဘဝ သည် တုတ်တုတ်မျှ မလှုပ်ရဲသော ဘဝ ။ ဦးလေး လို သွေးသားရင်းချာ တစ်ယောက် ရှိ၍ သာ သူ့ မှာ တော် တော့သည် ။


နို့မို့ဖြင့် သူ ၏ ဘဝ သည် မလွယ် ရေး ချ မလွယ် ။


 •••••   •••••   •••••


( ၂ )


ယခု တလော အောင်ဇော် တစ်ယောက် ပျောက်ချက်သား ကောင်း နေခဲ့သည် ။ တစ်ရက် လည်း ပေါ် မလာ ၊ နှစ်ရက် လည်း ပေါ် မလာ ဖြင့် ရှိနေခဲ့သည် ။


တွေ့နေကျ နေရာ သို့ လည်း ရောက် မလာ ။ သူမ စာ သင်ရာ ကျောင်း ဆီ သို့ လည်း ရောက် မလာ နှင့် တစ်ရက် ပြီး တစ်ရက် သာ ဆက် လာခဲ့သည် ။


ခိုင်ဝါ ၏ ရင် သည် တဒိတ်ဒိတ် နှင့် ခုန် လာ ရပါပြီ ။ ချစ်သူ အတွက် စိုးရိမ် သောက ပွားကာ စိတ်မော လာခဲ့ရသည် ။ ခါတိုင်း ဆို နေ့တိုင်း တွေ့ နေကျ ။ တစ်နေ့ လာနိုး ၊ လာနိုး နှင့် ယခု တော့ မူ ဘာလိုလို ဖြင့် ဆယ်ရက် ပင် ရှိသွားခဲ့ပြီ ။


အောင်ဇော် တစ်ယောက် ပျောက်ခြင်း မလှ ပျောက်ဆုံး နေပါလေပြီကော ။ အစောပိုင်း ရက်များ က နေထိုင် မကောင်း၍ များလား ဟု အောက်မေ့ ခဲ့သည် ။ ကြာလာတော့ ခိုင်ဝါ မှာ နေမထိ ၊ ထိုင်မသာ ဖြစ် လာခဲ့တော့သည် ။


ထိုသည် ကြောင့် ကျောင်းပိတ်ရက် တစ်နေ့ တွင် ညီမ ဖြစ်သူ လှိုင်ပြာ ကို အဖော် ခါ်၍ သတင်း မေးရန် အောင်ဇော် ရှိရာ သို့ ဘတ်စ်ကား စီး ပြီး ထွက် လာခဲ့သည် ။


အမှတ်ကိုး ဟီးနိုးဘတ်စ်ကား သည် ပြည်လမ်း တစ်လျှောက် အရှိန်အဟုန် ဖြင့် မြို့တွင်း ဘက် ဆီသို့ မောင်းနှင် လျက် ရှိသည် ။ ကား ပေါ် တွင် ခရီးသည်များ က အပြည့်အသိပ် ကြပ်တောက် လျက် ရှိသည် ။


ခိုင်ဝါ တို့ ညီအစ်မ သည် နေရာ ရ သဖြင့်သာ တော် တော့ သည် ။ သို့မဟုတ် လျှင် ဖြင့် ဤလို ဘတ်စ်ကားမျိုး တွင် နေရာ ရ ဖို့က တယ် မလွယ်ချင် ။


ဘတ်စ်ကား သည် မာလာ မှတ်တိုင် သို့ ထိုးဆိုက် လာခဲ့ သည် ။ မှတ်တိုင် မှ ကား အထွက် တွင် ကား ပေါ် တက်လာခဲ့သူများ အကြား မှ မထင်မှတ်ဘဲ တွေ့ လိုက်ရသူ တစ်ဦး ကြောင့် ခိုင်ဝါ မှာ များစွာ အံ့သြလျက် ဝမ်းသာ ရ မလို ဝမ်းနည်း ရ မလို ဖြစ်သွားခဲ့ သည် ။ တွေ့လိုက်ရသည် က တိုက်ပုံအင်္ကျီ အညိုရောင် နှင့် ကိုအောင်ဇော် ။


“ ကိုအောင် ကိုအောင် ပါ လား ... ကြည့်စမ်း နေနိုင်လိုက်တာ နေကောင်းရဲ့ သား နဲ့ ၊ ငါ့ ဆီ ဘာလို့ မလာရတာလဲ ၊ ခုလဲ ကြည့်စမ်း ၊ ဘယ်က နေ ဘယ်လို လာပြီး ခု ဘယ်ကို သွားဦး မလဲ မသိဘူး ။ သူ နေတာက သာကေတ မှာ ဒီနေရာ မှာ သူ ဘာ လာ လုပ်တာလဲ ”


ခိုင်ဝါ အတွေး ရ ခက် သွားသည် ။ မေးခွန်းပေါင်း မြောက်မြားစွာ သည် သူမ ၏ ဦးခေါင်း ထဲ ၌ ချာချာလည် လျက် ရှိသည် ။ လှမ်း ခေါ်လိုက်မည် ဟု စိတ်ကူး ရသော်လည်း တစ်ယောက် နှင့် တစ်ယောက် အလှမ်း ကွာဝေးသည် က လည်း တစ်ကြောင်း ၊ လူတွေ က လည်း ပြည့်ညပ် နေသည် က တစ်ကြောင်း နှင့် ဆူညံ နေ သော ကားစက်သံ တို့ ကြောင့် ခေါ်ရ ခက် နေသည် ။


ထိုင်ရ ကောင်း နိုးနိုး ၊ သူ့ ထံ ထ သွားရ ကောင်း နိုးနိုး နှင့် ဖင် တကြွကြွ ဖြစ်နေခဲ့သည် ။ ဘေး မှ ညီမ လှိုင်ပြာ မှာ လည်း အိပ် ငိုက် လျက် ရှိနေသည် ။


သို့ရှိစဉ် ..


အမှတ်မထင် မြင် လိုက်ရသော မြင်ကွင်း ကြောင့် ခိုင်ဝါ တစ်ကိုယ်လုံး တောင့်တင်း သွားကာ မျက်လုံး အစုံမှာ ပြူးကျယ် ဝိုင်းစက် ၍ သွားခဲ့သည် ။


တိုက်ပုံအင်္ကျီ ဝတ် ထားသော အောင်ဇော် သည် အနီး ရှိ တစ်ဖက် သို့ လှည့် ရပ် နေသူ အဒေါ်ကြီး တစ်ဦး ၏ လည်ပင်း မှ ရွှေဆွဲကြိုး ကို ဘယ်လို အရာ နှင့် ဖြတ် လိုက်သည် မသိ ။ သူ ၏ လက် ထဲ သို့ လျှောခနဲ့ ပါ သွားသည်ကို ခိုင်ဝါ အတိုင်းသား လှမ်း မြင်လိုက်ရသည် ။


ခိုင်ဝါ ၏ ဦးခေါင်း တစ်ခု လုံး မိုးကြိုး အပစ် ခံလိုက်ရ သလို ရှိသည် ။ အသိ အာရုံ သည် ချာချာလည် သွား ခဲ့သည် ။ 


သွားပြီ ။ သူမ အထင်ကြီး လေးစား ခဲ့ရသော ချစ်သူ သည် တကယ်တမ်း ကျတော့ ဘာမျှ တန်ဖိုး မရှိလေသည့် ခါးပိုက်နှိုက် တစ်ယောက် ဖြစ်နေပါရောလား ။


ဘုရား ... ဘုရား တော်ပါသေးရဲ့ ၊ လက် မထပ် ဖြစ်သေး သည် ကိုပင် ကျေးဇူး တင်ရပေဦးတော့မည် ။ ခိုင်ဝါ ဘုရား တ ခဲ့မိ သည် ။ နား ထဲ တွင်လည်း တစ်ချိန် က အောင်ဇော် ပြောပြခဲ့ဖူး သည့် စကား အချို့ ကို ပြန်လည် ကြားယောင် လာခဲ့သည် ။ 


“ ခိုင်ဝါ မသိသေးတာတွေ အများကြီး ရှိသေးတယ် ပြောဖို့ မကောင်းလို့ ကိုအောင် လေ ခိုင်ဝါ နဲ့ ... မြန်မြန် နီး ရဖို့ ငွေတွေ အများကြီး ရအောင် ... စုနေပါတယ် အချစ် ရယ် တဲ့ ” ... ။


“ ဟင်း ဟင်း ရယ်စရာပင် ကောင်းသေးတော့ ။ လက်ထပ် ဖို့ ငွေ ကို ဒီလို နည်းနဲ့ များ ရှာရသတဲ့လား ကိုအောင် ရယ် ” 


ဟူ၍ မြည်ကြွေး တမ်းတ မိသည် ။


ခိုင်ဝါ သည် ကျလာတော့အံ့ ဆဲဆဲ မျက်ရည်ဥများ အား မျက်တောင်ကော့များ ဖြင့် ပုတ်ခတ် ထိန်းသိမ်း ရင်း ဖြူဖွေးသော အပေါ် သွားတန်းလေး ဖြင့် အောက်နှုတ်ခမ်း ကို ဖိကိုက် လိုက် မိ သည် ။


မကြာမီ မှာ ပင် ဘတ်စ်ကား ထဲ ရုတ်ရုတ်သဲသဲ ဖြစ် ကုန် သည် ။ ဆွဲကြိုး အဖြတ် ခံရသော အဒေါ်ကြီး သည် နောက် မှ သူမ ဆွဲကြိုး အဖြတ် ခံရကြောင်း သိ သွားကာ အော်ကြီးဟစ်ကျယ် ဖြင့် ငိုယို လျက် တစ်ကား လုံး ကြား အောင် အော်ဟစ် ကာ အကူအညီ တောင်း တော့သည် ။


ကား သည် အရှိန် နှင့် ပြေးလွှား နေဆဲ ။ ထိုသည့် နောက် ကား လက်မှတ်ရောင်း ၏ 


“ ရဲစခန်း မြန်မြန် မောင်း ဆရာ ရေ့ ” 


ဟူသော အသံနှင့် မရှေးမနှောင်း မှာ ပင် ဘတ်စ်ကားကြီး သည် ကမာရွတ် ရဲစခန်း ထဲ သို့ မောင်းဝင် သွားတော့သည် ။ စခန်း ထဲ အရောက် ၌ တစ်ဦးချင်း ရှာဖွေ ရာ မှ အဖြတ် ခံ ရသော ဆွဲကြိုး ကို ခါးပိုက်နှိုက် ထံ မှ ပြန်လည် တွေ့ရှိ သွားကြ သည် ။ ခိုင်ဝါ အကြည့် အားလုံး ကို မျက်နှာ လွှဲ ထားခဲ့သည် ။ 


ခိုင်ဝါ ၏ မြင်ကွင်းများ ဝေဝါး ၍ သွားခဲ့သည် ။ အံ ကို လည်း တင်းတင်း ကြိတ် မိလေ၏ ။ ဆုံးဖြတ်ချက် တစ်ခု သည် သူမ ၏ ရင် ၌ အခိုင်အမာ ဆုံးဖြတ် ပြီး ဖြစ်သည် ။


 •••••   •••••   •••••


( ၃ )


အောင်ဇော် သည် ဟင်းဘက်အိတ် ကို ဘေး တွင် ချ ၍ ပြန်လည် ကျန်း မာလာပြီ ဖြစ်သော မိခင်အိုကြီး အား ဦး သုံးကြိမ် ချ ကာ ကန်တော့ သည် ။


“ အေးကွယ် သာဓု သာဓု သာဓု ငါ့ သားကြီး ဘုန်းကြီးပါစေ ၊ သက်ရှည်ပါစေ ၊ သွားလေရာ လာလေရာ ဘေးမသီ ရန်မခ ဘဲ လိုရာ ဆု နဲ့ ပြည့်စုံပါစေကွယ် ”


“ ပေးတဲ့ ဆု နဲ့ ပြည့်ပါစေ မေမေ ”


“ ကဲ အမေ့ သားလေး ပြန်ပေဦးတော့ ကွယ် ၊ ငါ့ သားလေး လည်း အမေ့ ဆီ လာပြီး ပြုစု နေရတာ ဘာလိုလို နဲ့ ဆယ်ရက် တောင် ကျော် သွားပြီ ၊ အလုပ် ကို ကြိုးစား နော် သား ” 


မိခင်အို က မှာသည် ။ အောင်ဇော် သည် ခေါင်းညိတ် ၍ ကတိ ပေးသည် ။


အောင်ဇော် သည် လွန်ခဲ့သော ဆယ်ရက် ကျော် က ရွာ မှ ရောက်ရှိ လာခဲ့သည့် “ အမေ အသည်းအသန် ” ဟူသော သံကြိုးစာ ကြောင့် ငယ်ထိပ် မြွေပေါက် ကာ ထိတ်ထိတ်ပျာပျာ ဖြင့် ရွာ သို့ အားချင်း ပြန် ခဲ့ရသည် ။


ရုံး သို့ ပင် လူကြုံ ဖြင့် ခွင့်စာ တင် ခဲ့ရသည် ။ ခိုင်ဝါ ကို ပင် အသိ မပေးနိုင်ခဲ့ ။


ယခုအခါ မိခင်ကြီး ပြန်လည် နေကောင်း ပြီ မို့ အောင်ဇော် တစ်ယောက် အားရရွှင်လန်းစွာ ဖြင့် ချစ်သူ ရှိရာ မဟာရန်ကုန် မြေ သို့ ပြန်လည် ထွက်ခွာ လာခဲ့ချေပြီ ။


သို့ပါသော် လည်း ...


သူ ရွာ မှ ထွက် လာသော နေ့တွင် ကား ...


ရန်ကုန်မြို့ ၏ အလှကျက်သရေ ဆောင် ကရဝိက်ဟိုတယ် တွင် သင်္ဘောသား တစ်ဦးနှင့် ခိုင်ဝါ တို့ ၏ မင်္ဂလာဧည့်ခံပွဲ သည် စည်ကား သိုက်မြိုက် လျက် ရှိနေခဲ့သည် ။


တစ်နေ့ က ဘတ်စ်ကား ပေါ်တွင် ခိုင်ဝါ ကြုံ လိုက်ရသော ခါးပိုက်နှိုက် သည် အောင်ဇော် နှင့် ချွတ်စွပ် တူ လွန်းသူ တစ်ယောက် အဖြစ် လူ မှားခဲ့ခြင်း ဖြစ်သည် ကို သာ ခိုင်ဝါ တစ်ယောက် သိခဲ့ပါ မူ ...


◾ တက္ကသိုလ်စိုးနောင်


📖 ပြစ်မှု မဂ္ဂဇင်း 

     အမှတ်စဉ် ( ၆၀ ) 

     ၁၉၈၇ ခုနှစ် ၊ ဖေဖော်ဝါရီလ 


#ကိုအောင်နိုင်ဦး


.

 

No comments:

Post a Comment