Wednesday, July 3, 2024

နတ်မင်း ရယ်သံ


 

❝ နတ်မင်း ရယ်သံ ❞

တစ်ခါက ရွာ တစ်ရွာ ရဲ့ နံဘေး အနီးအနား တောစပ် မှာ ကြီးမားတဲ့ ညောင်ပင်ကြီး တစ်ပင် ရှိတယ် တဲ့ ။ အဲ့ဒီ ညောင်ပင်ကြီး အောက် မှာ အနှစ်နှစ် အလလ က တည် ထားပုံ ရတဲ့ နတ်ကွန်းကြီး လည်း ရှိတယ် ။ ရွာသူရွာသား တွေ က လည်း အစဉ်အလာ အရ အဲဒီ နတ်ကွန်းကြီး ကို ပူဇော်ပသ ကြပါတယ် ။

ရွာ က တော့ စည်ကားတဲ့ ရွာကြီး ပေါ့ ။ မြို့တွေ နဲ့ ဆက်သွယ်ဖို့ ဖောက်လုပ်လက်စ လမ်း လည်း ရှိတယ် ။ ဒါပေမဲ့ လူ မညီ တော့ လမ်း က မပြီးဘူး ။ အဲဒီ လမ်း ကို လည်း မသုံး ကြဘူး ။ နတ်ကွန်း ရှေ့ က ဖြတ် ပြီး တောလမ်း အတိုင်း ပဲ မြို့တွေ ဆီ ကို သွားကြ လာကြ တယ် ။

တစ်နေ့ မှာ ရွာသားကြီး တစ်ယောက် ဟာ သူ့ သား ကို မြို့ မှာ ကျောင်း ထားဖို့ အတွက် သား လက် ကို ဆွဲ ပြီး တောလမ်း အတိုင်း တက် လာတယ် ။ နတ်ကွန်း ရှေ့ က အဖြတ် မှာ နတ်ကြီး က ထ ရပ်တယ် ။ ဖခင် ဖြစ်တဲ့ ရွာသားကြီး ဟာ အံ့ဩတာ နဲ့ အမျှ ပီတိ လည်း ပွားရတယ် ။

“ ငါ့ သား ဟာ အထွတ်အထိပ် ရောက်မယ့် သား ပဲ ။ နတ်ကြီး က တောင် မတ်တပ် ရပ်ပြီး အရိုအသေ ပေးရတယ် ”

မြို့တော် က ကျောင်း မှာ သား ကို ထားခဲ့ပြီး မျှော်လင့်ချက် တွေ လည်း ကြီးမားခဲ့တယ် ။ အဲဒီလို နဲ့ နှစ်တွေ ကြာ သွားတယ် ။ သား က ရွာ ကို ပြန်လာတဲ့ အခါ မှာ လည်း နတ်ကွန်း ရှေ့ ရောက် ရင် နတ်ကြီး က ထ ရပ် ပေး ဆဲပါပဲ ။

တစ်နေ့ မှာ တော့ မြို့တော် က ရောက် လာတဲ့ ဧည်သည် တွေ ဆီ က နေ သား ဖြစ်သူ ရဲ့ သတင်း ကို ဖခင် ရွာသားကြီး ကြားရပါ တော့တယ် ။

“ ခင်ဗျား ရဲ့ သား က မြို့တော် မှာ နာမည် ကျော် နေပြီ ”

ရွာသားကြီး အရမ်း ဝမ်းသာ သွားတာပေါ့ ။

“ ဟုတ်လား ၊ ဘယ်လို နာမည် ကျော်တာလဲ ”

“ စောရကြီး တစ်ယောက် အဖြစ် နာမည် ကျော် နေလေရဲ့ ”

“ ဘာဗျ ”

“ အဟုတ် ပြောတာ ... အခု ဖမ်းမိ ထား လို့ အကျဉ်းထောင် ထဲ ရောက် နေပြီ ”

ရွာသားကြီး ဟာ ဒေါသူပုန် ထ ပြီး မြို့တော် ကို လိုက် သွားပါတယ် ။ အမှန်ပါပဲ ။ သူ့ သား ဟာ အထင်ကရ သူခိုးကြီး တစ်ယောက် အဖြစ် အကျဉ်းစံ နေရပါပြီ ။ ဝမ်းနည်းပမ်းနည်း နဲ့ ရွာ ပြန် လာတဲ့ ရွာသားကြီး ဟာ နတ်ကွန်း ရှေ့ အရောက် မှာ ပေါက်ကွဲ ပါ တော့တယ် ။

နတ်ကြီး ကို လက်ညှိုး ငေါက်ငေါက် ထိုးပြီး ရန် တွေ့တယ် ။

“ သင် ဟာ လူလိမ် လူညာပဲ ”

နတ်ကြီး က အံ့အားသင့် သွားတယ် ။

“ ကျုပ် က နတ် ပဲ ၊ ဘာကိစ္စ လူလိမ် လူညာ ဖြစ်ရမှာလဲ ”

“ ဒါဖြင့် နတ်လိမ် နတ်ညာ ပဲ ”

“ အလို ဘာဖြစ်လို့ပါလိမ့် ”

“ ကျုပ် သား လာတိုင်း ခင်ဗျား က မတ်တပ် ရပ်ပြီး အရိုအသေ ပေးတယ် ၊ ကျုပ် သား က ပဲ ကြီးမြတ်သူ ဖြစ်လာ တော့ မယောင်ယောင် ၊ အခုတော့ ကျုပ် သား ဟာ သူခိုးကြီး ဖြစ်သွားပြီဗျ ”

နတ်ကြီး က တဟားဟား အော် ရယ်ပါတယ် ။

“ ဘယ့်နှယ့် ခင်ဗျား သား ကို ကျုပ် က အရိုအသေ ထ ပေး ရမှာလဲ ။ ခင်ဗျား သား က သူခိုးဇာတာ ပါလို့ ကျုပ် နတ်ကွန်း က ရှိတာလေးတွေ ကို “ မ ” သွားမှာ စိုးလို့ ထ ထ ရပ် ကြည့် နေရတာ ”

“ ခင်ဗျား အို ... ဘာပဲ ပြောပြောဗျာ ခင်ဗျား ... မကောင်းဘူး ”

အဲဒီ အချိန် မှာ ပဲ ရွာသူကြီး က သူတို့ အနား ကို ရောက် လာတယ် ။

“ ဘာဖြစ်နေကြတာလဲ ”

သူတို့ က အကျိုးအကြောင်း ရှင်းပြတယ် ။ ရွာသူကြီး က သေသေချာချာ နားထောင် ပြီး အတော် ကြာအောင် စဉ်စားတယ် ။ နောက် မှ နတ်ကြီး ကို

“ ဒီလို လုပ်ပါ ၊ နောက် ဆို အသင် နတ်မင်းကြီး က လူဆိုး လို့ တွေ့ ရင် လူဆိုး လို့ အော်ပေးပါ ”

“ အို ... အဲဒီလို တော့ ကျုပ် က သူများ မကောင်း ကြောင်း ကို မပြောချင်ဘူး ၊ ဒီလို လုပ်မယ် ၊ လူဆိုး တွေ့ လို့ ဘာမှ မအော်ဘူး ၊ လူကောင်း တွေ့ ရင် လူကောင်း ပါ လို့ အော်ပေးမယ် ၊ ဟုတ်ပလား ”

“ အင်း .. အဲ .. ဟို .. ကောင်းပြီလေ ”

သူကြီး အိမ် မှာ နောက် တစ်နေ့ အစည်းအဝေး လုပ် တော့ သူကြီး က ရွာသား တွေ ကို အဲဒီ အကြောင်း တစ်ဆင့် ပြန် ရှင်းပြတယ် ၊ ရွာသား တွေ က အင်း မလှုပ် အဲ မလှုပ် ပဲ ။

“ ငါ ပြောတာ ကို ကြားကြလား ”

“ ကြားပါတယ် ”

အစည်းအဝေး ပြီးချိန် မှာ ရွာသားတွေ မျက်နှာ မအီမသာ နဲ့ ပြန် သွားကြတယ် ။

အံ့ဩစရာ ကောင်းတဲ့ အဖြစ်အပျက် ကို နောက် နေ့ တွေ မှာ ကြုံရတော့တာပါပဲ ။ နှစ်ပေါင်း များစွာ ပစ် ထား တဲ့ လမ်းဟောင်းကြီး ကို ပြုပြင်ပြီး ရွာသား တွေ စုပေါင်း ဖောက်လုပ် ကြတယ် ။ တောလမ်း အတိုင်း နတ်ကွန်းကြီး ရှေ့ က ဖြတ် သွားဖို့ အလုပ် ကို ဘယ်သူ မှ မလုပ်ကြ တော့ဘူး ။

မြို့သွား လမ်းကြီး ပြီး သွားတယ် ။ အဲဒီ လမ်းမ အတိုင်းပဲ သွားကြ လာကြတယ် ။ တောလမ်း အတိုင်း တော့ နတ်ကွန်းကြီး ရှေ့ က ဘယ်သူ မှ မဖြတ်ရဲတော့ဘူး ။ နတ် ကြီး က နားလည်ရ ခက်သွားတယ် ။

“ လူကောင်း ကို လူကောင်းပါ လို့ အော် ပေးပါမယ် ဆိုမှ  ဘာကိစ္စ ငါ့ ရှေ့ က မဖြတ်ရဲကြတာလဲ ”

“ ဘာဖြစ်လို့လဲ ”

“ ဘာ့ကြောင့်လဲ ”

နတ်ကြီး စဉ်းစား ပါတယ် ။ နေ့ ရက် အတော်ကြာ ပြီးတော့မှ

“ ဟား ဟား ဟား ဟား ”

နတ်ကြီး ထ ရယ် ပါ တော့တယ် ။ အူလှိုက်သည်းလှိုက် ကို ရယ်ပါတယ် ။

“ ဟား ဟား ဟား ဟား ”

ဘာတွေ ကို သဘော ပေါက် ပြီး နတ်ကြီး ထ ရယ်တာလဲ မသဲကွဲပါဘူး ။ ဒါပေမဲ့ တချို့ လူတွေ ရဲ့ နား ထဲ မှာ တော့ အဲဒီ ‘ နတ်မင်းရယ်သံ ’ ကို ဒီနေ့ ထက် ထိ စွဲ နေတုန်း ပဲလို့ သိရပါတယ် ။

◾တာရာမင်းဝေ

📖 ဘယ်ဘက် လက်ထဲမှာ ဝှက်ထားတဲ့ ပုံပြင်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment