Sunday, July 28, 2024

ဓာတ်တိုင် အောက်ဝယ်


 

❝ ဓာတ်တိုင် အောက်ဝယ် ❞

( ၁ )

အမှောင် လွှမ်းမိုးနေပြီ ဖြစ်သော ည ( ၈ ) နာရီသာသာအချိန် ဖြစ်သည် ။

ထိုအခါက ကျွန်တော် သည် “ တိုးတက်ရေး ” သတင်းစာတိုက် တွင် နေ့အယ်ဒီတာ အဖြစ် ဆောင်ရွက် နေစဉ် ဖြစ်၍ ၊ ထိုနေ့ က အလုပ်များ အဆမတန် များပြားလှသည့် အလျောက် ကျွန်တော့် ထံမှ တာဝန်ကို ဆက်ခံ လွှဲယူသည့် ည အယ်ဒီတာ ဦးစံလှ အား ကူညီ လုပ်ကိုင် ပေးရင်း အိမ်ပြန် နောက်ကျခဲ့ခြင်း ဖြစ်၏ ။ ကမာရွတ် သုခလမ်း တွင် ဘတ် ( စ် ) ကားပေါ်မှ ဆင်းခဲ့မိပြီး နောက် မယ်စီကုန်းလမ်း အတိုင်း အိမ်ဆီ သို့ ခြေလှမ်း ခပ်သုတ်သုတ်ဖြင့် လျှောက်လာ မိပါသည် ။

လမ်း တစ်လျှောက် ဓာတ်ကြိုးတန်း ပေါ်၌ အခွင့်မဲ့ ချိတ်ဆွဲ ခိုးထွန်းထား ကြသည့် ဓာတ်မီးလုံးကလေးများ မှ အလင်းရောင်တို့သည် လေအလာ ဓာတ် ကြိုးများ အလှုပ်တွင် လမ်းပေါ်သို့ ကျရောက်နေသော အရိပ်မည်းမည်းတို့ကို ယိမ်းက လှုပ်ရှား သွားစေသည် ။ ကဆုန် ၊ နယုန် မိုးကျပြီးစ အခါသမယ ဖြစ်၍ လည်း မြေကြီးထဲမှ သဘာဝ အလျောက် ပေါက်ဖွား ထွက်ပြူလာကြကုန်သော ပိုးဖလံကောင် တို့မှာ “ ပိုးဖလံမျိုး ၊ မီးကိုတိုး ၊ ကိုယ်ကျိုး နည်းလှပြီ ” ဆိုသည့် အတိုင်းပင် ဓာတ်မီးလုံးကလေးများ တွင် တရုန်းရုန်း တိုးရင်းပင် အတောင် တခြား ၊ ကိုယ်တခြား အိုးစားကွဲကာ လမ်းပေါ် တွင် တဖွေးဖွေး ပြန့်ကျဲလျက် ရှိကြတော့သည် ။

ဤကဲ့သို့ လျှောက်ခဲ့ရင်းပင် ကျွန်တော်တို့ အိမ်နား ဆီသို့ အရောက် တွင် လမ်းနံဘေး ဓာတ်မီးတိုင် တစ်ခု အောက်မှ အဖြစ်အပျက်ကလေး ကြောင့် ကျွန်တော့် မှာ ရှေ့သို့ ဆက် မလျှောက်နိုင်တော့ အောင်ပင် ဖြစ်သွားမိ၏ ။

လေတိုးတိုင်း လှုပ်ယမ်း လျက်ရှိသော ဓာတ်မီးလုံး တစ်ခု၏ ငြိမ်သက် ခြင်း မရှိသည့် အလင်းရောင် အောက် တည့်တည့်တွင် အသက် ( ၁၃ ) နှစ် အရွယ်ခန့် ကလေးငယ် တစ်ယောက် အားရပါးရ တင်ပျဉ်ခွေ ထိုင်ကာ ခေါင်းငုံ့ စာဖတ် နေခြင်းပင် ဖြစ်ပါသည် ။ သူ့ ခေါင်း ပေါ်တွင် ပိုးဖလံကောင် များ အတောင်ချင်း ရိုက်ခတ်သံ ပင် ကြားရလောက်အောင် တရုန်းရုန်းနှင့် မီးလုံးကို ပတ်လည်ဝိုင်း၍ တိုးနေသည်ကို ကလေးငယ် သည် လုံးဝ ဂရုစိုက်မိ ဟန်ပင် မတူ ။ သူ့ လက်ထဲမှ စာအုပ်ကလေး ကိုသာ မျက်နှာ တွင် ကပ်လျက် စိတ်ပါဝင်စားလှစွာ ဖတ်နေရှာသည် ။ တစ်ခါတစ်ခါတွင် ပိုးကောင်တို့မှ ကျွတ်၍ ကျသော အတောင်ကလေးများ သူ့ခေါင်းပေါ်သို့ ကျလာသည်ကို ပုတ်ခါထုတ်ပစ်ရန်ကိုလည်း သူ သတိမရ ။ စာအုပ်တစ်ခုတည်း၌သာ အာရုံ စူးစိုက်နေပုံ ရလေသည် ။

ဤကလေးငယ် မှာ ကျွန်တော်တို့ အိမ်နား တွင် ချောင်းဆိုးသွေးပါ ရောဂါ နှင့် အိပ်ရာထဲ၌ တရှောင်ရှောင် လဲနေသူ ကိုမြိုင် ဆိုသူ၏ သားအလတ် အတူးကလေး ဖြစ်နေသဖြင့် ကျွန်တော့် အဖို့ ပို၍ပင် စိတ်ဝင်စားမိခြင်း ဖြစ်၏ ။ ကိုမြိုင်မှာ ကျွန်တော်တို့ ငယ်ရွယ်စဉ် အင်္ဂလိပ်ခေတ် ကတည်းက အိမ်ဘေးရှိ အင်္ဂလိပ်ကပြားအိမ် တစ်အိမ် တွင် ကားဒရိုင်ဘာ အဖြစ် လုပ်ကိုင် စားသောက်ရင်း ကျွန်တော် တို့နှင့် သိကျွမ်းခဲ့ခြင်း ဖြစ်ပါသည် ။

၎င်းမှာ စိတ်သဘောထား ကောင်းပြီး ရိုးသားဖြောင့်မတ် ၊ အလုပ်အကိုင် ကြိုးစားသူ တစ်ဦးအဖြစ် လူသိများခဲ့လေသည် ။ ထိုစဉ်က သူ နှင့် သူ့ဇနီး မညွန့်တင် တို့တွင် (၆) နှစ်သားအရွယ် သားဦးကလေး သံချောင်းနှင့် ( ၄ ) နှစ်သား ခန့်ရှိ သားအလတ်ကလေး အတူး တို့ ရှိခဲ့ပြီး ၊ ရရှိသော ကားမောင်းခ လစာကြေးငွေ ဖြင့် လုံလုံလောက်လောက် ပျော်ပျော်ရွှင်ရွှင်ပင် နေထိုင် စား သောက်နိုင်ခဲ့ကြပါသည် ။

ကိုမြိုင် မှာ ငါးမျှား ဝါသနာကြီးလှသူ ဖြစ်၍ အင်းလျားကန်ပေါင်ရိုး သို့ ငါးမျှားသွားလေ့ရှိပြီး မကြာခဏ ဆိုသလိုပင် ငါးကြင်းကြီးတွေ ဖမ်းမိ လာတတ်ကာ ၊ သူ့ ဇနီး မညွန့်တင် က ခေါင်းရွက်ဗန်း တစ်ခုဖြင့် တစ်ရွာလုံး လည် ရောင်းလေ့ ရှိသည် ကို မှတ်မိပါသေး၏ ။ ထိုကဲ့သို့ နေ့များ တွင် သူတို့ မိသားစု စားကောင်း သောက်ဖွယ်များ ဝယ်ခြမ်း ချက်ပြုတ်ကြပြီး တပျော် တပါး စားသောက်တတ်ကြသည်ကို လည်းကောင်း ၊ ခရစ်ယာန် ဘာသာဝင် များ ဖြစ်သည့်အလျောက် တနင်္ဂနွေနေ့ အလုပ်အားလပ်ရက်များတွင် သား အမိ သားအဖတစ်တွေ ဝတ်ကောင်းစားလှကလေးများ ဆင်ယင် ဝတ်စားကာ ဘုရားရှိခိုးကျောင်း သွားတက်ကြသည်ကို လည်းကောင်း မြင်ယောင်နေမိပါ သည် ။

ဂျပန်ခေတ် ၌ ကား ကိုမြိုင် မှာ အလုပ်မဲ့ ၊ အကိုင်မဲ့ ဆင်းရဲနွမ်းပါး သွား ရာ က မကြာမီ အတွင်းမှာပင် အရက်သမားကြီး ဖြစ်မှန်းမသိ ဖြစ်သွားကြောင်း ကိုသာ သိလိုက်ရသော်လည်း ကျွန်တော့် မှာ ဗမာ့ကာကွယ်ရေး တပ်မတော် တွင် ဝင်ရောက် အမှုထမ်းရွက် နေရင်း ကမာရွတ် တွင် မရှိတော့သဖြင့် အဖြစ် အပျက် အကြောင်းစုံကိုမူ မသိလိုက်ရဘဲ ရှိခဲ့၏ ။ စစ်ကြီး အပြီး အိမ်သို့ ပြန်ရောက်ခဲ့သော အချိန်တွင်ကား ကိုမြိုင် မှာ အရက်သမားကြီး လုံးဝ ဖြစ်ကာ အလုပ်အကိုင် ဘာတစ်ခုမျှ မလုပ်နိုင်တော့ဘဲ ၊ သူ့မိန်းမ ဟင်းသီးဟင်းရွက်က အစ လျှောက်လည် ရောင်းချ ကျွေးသည်ကို ထိုင်စားနေရသည့် အခြေသို့ ယုံနိုင်စရာ မရှိလောက်အောင် အပြောင်းလဲကြီး ပြောင်းလဲခဲ့သည်ကို တွေ့ ရပါ တော့သည် ။

ထိုအချိန်၌ သူတို့တွင် သားဦး သံချောင်း ၊ သားလတ် အတူးကလေး တို့ အပြင် နောက်ထပ် ကလေး တစ်ယောက်ပင် ထွန်းကားလျက် ရှိလေ ပြီ ။ ထို သားထွေးကလေး ဘိုနီ ထွန်းကားသည့် အချိန် အတွင်းမှာပင် ကိုမြိုင် အရက်သမား ဘဝ ဆိုက်ရောက်ခဲ့ခြင်း ဖြစ်ဟန်တူပါသည် ။ အရက်သမား ဘဝ ၌ သူ့အား အလုပ်အကိုင် ပေးချင်သူ မရှိ ။ ငွေဝင်လမ်း နတ္ထိဖြစ်ကာ အကြီးအကျယ် ဆင်းရဲ နွမ်းပါးခဲ့ရှာသည့် အလျောက် သူတို့ ၏ ကလေး သုံးယောက်တို့ မှာလည်း ကျောင်းမနေနိုင် ၊ စာမသင်နိုင်ကြဘဲ ရွာဦးမှ ရွာဖျားတိုင် ပေါက်လွှတ်ပဲစား ပြေးလွှား ကစားရင်း တစ်နေကုန် လေလွင့် အချိန်ဖြုန်းလေ တော့သည် ။ သူတို့ တစ်တွေမှာ တစ်ဦး ကို တစ်ဦး ဆဲရေးတိုင်းထွာ အော်ကြ ဟစ်ကြ ၊ တစ်ယောက် နှင့် တစ်ယောက် သတ်ကြ ဖြတ်ကြနှင့် အုပ်ထိန်းခြင်း ကင်းမဲ့သည့် လူတေ လူပေလေးများပမာ စည်းမဲ့ကမ်းမဲ့ ဖြစ်နေရှာကြသည် ။ မကြာမကြာ သူတကာ ဝင်းခြံများ အထဲမှ အသီးအနှံများ ကို ရိုက်ပုတ် ခိုးစား တတ်ကြ သဖြင့် ခြံရှင်တို့၏ အငြူအစူ ကြိမ်းမောင်း မာန်မဲခြင်းကို ခံကြရရှာ သည် ။ အထက်တန်းစား လူကုံထံများ ကလည်း ဤ ကလေးတွေ ကို မိမဆုံး မ ၊ ဖမဆုံးမ တေပေလေလွင့်နေကြသည့် အရိုင်းအစိုင်းကလေးများပမာ ရွံရှာ စက်ဆုပ်ကြသည် ။ သူတို့၏ သားသမီးများ ကလည်း ဤ ကလေးတွေ ကို ဘီလူး သဘက်ကလေးများ သဖွယ် အဝေးကြီး က ရှောင်ရှားကြလေသည် ။

ဤကဲ့သို့ လူတကာ အော့နှလုံးနာခြင်း ခံကြရသည့် ညီအစ်ကိုစုထဲ တွင် တစ်ဦးအပါအဝင် ဖြစ်သော ကိုမြိုင်၏ သားအလတ် အတူးတစ်ယောက် ယခုကဲ့သို့ လမ်းနံဘေး ဓာတ်တိုင်အောက်ဝယ် ကြိုးကြိုးစားစား စာဖတ်နေ သည်ကို မြင်လိုက်ရသော ကျွန်တော့်အဖို့ အဘယ်မှာလျှင် မအံ့သြဘဲ ၊ စိတ်မဝင် စားဘဲ နေနိုင်ပါတော့မည်နည်း ။ ဤတစ်သက်တွင် ကျောင်း မှ နေခွင့်ရပါ တော့မလား ဟု စိတ်သံသယဖြစ်စရာ ဘဝမျိုးသို့ ဆိုက်ရောက်နေရှာသော ဤကလေးငယ်သည် သူ့အဖို့ အထူးအဆန်း အံ့ဖွယ်ခမန်း ဖြစ်နေသည့် စာအုပ်ကလေးကို အငမ်းမရ ဖတ်လိုဇောဖြင့် လမ်းဓာတ်မီး၏ အလင်းရောင် မှုန်မွှားမွှားအောက် ပိုးဖလံကောင်တွေ အကြားတွင် ကြိုးစားပမ်းစား ဖတ်ရှု နေရှာတော့သည် ။

ဤအဖြစ်အပျက်ကလေးကိုပင် ကျွန်တော့် မှာ ကြည်နူး ဝမ်းသာ၍ မဆုံးတော့အောင် စိတ်ပါဝင်စားမိခြင်း ဖြစ်ပါသည် ။ စိတ်ထဲ၌လည်း ဤ အတူးကလေးကဲ့သို့ အကြောင်းကြောင်းကြောင့် စာသင်နိုင်ခွင့် မရရှာသူ ကလေးတွေ မြန်မာပြည်၌ မည်ရွေ့မည်မျှ ပေါများလိမ့်မည်ကို တွေးတောမိ ရင်း မချိတင်ကဲ ဖြစ်မိပါသေးသည် ။

“ ဟေ့ ... အတူး ၊ ကြိုးစားလှချည်လားကွ ။ ဘာတွေများ ဖတ်နေတာ တုံး ” ဟု ကျွန်တော်က လှမ်း မေးလိုက်ရာ အတူး မှာ စာအုပ် တွင် စိတ်ဝင်စား နေရာမှ ရုတ်တရက် လန့်သွားဟန် နှင့် မော်ကြည့် လိုက်ပါသည် ။

“ ဟာ ... ကိုကို ကျွန်တော် ကျောင်းစာအုပ် ဖတ်နေတာ ၊ ကိုကို အခု ပြန်လာသလား ” ဟု ကျွန်တော့် အား ဝမ်းသာအားရ ပြန်၍ နှုတ်ဆက်၏ ။

ကျွန်တော့် စိတ်တွင် အတူး၏ အပြောအဆို ၊ အမူအရာများသည်ပင် ယခင်ကနှင့် လုံးဝ မတူ ။ အသွင်အမူ ပြောင်းလဲနေသည်ဟု ထင်လိုက်မိ၏ ။ မျက်စိ ထဲ ၌ကား ယခင်က လမ်းဖြတ် လျှောက်သွားတိုင်း သူတောင်းစားကလေး များ သဖွယ် လူ ကို ပြေးကပ် တွယ်ဖက်လျက် ပိုက်ဆံ တောင်းတတ်သော သူတို့ ညီအစ်ကိုအား မြင်ယောင်လာမိပါသည် ။ မအေ ၊ နှမချင်း မိုးမွှန်အောင် ကလော်တုတ်တတ်သော သူတို့ ညီအစ်ကို ၏ အသံကို ကြားယောင်လာမိပါ သည် ။

ယခု အတူးကလေး ၏ အပြုအမူနှင့် ပြောပုံဆိုပုံတို့မှာ ကား ထိုစဉ်အခါ က မြင်ခဲ့ ကြားခဲ့ဖူးသော ပြုမူပြောဆိုသံ တို့ နှင့် လုံးဝ မတူ ၊ ကွဲပြား ပြောင်းလဲ လျက် ရှိလေပြီ ။

“ ဟေ့ ... မင်း အခု ကျောင်းနေနေပြီလားကွ ” ဟု မေးလိုက်မိပါသည် ။

“ ဟုတ်ကဲ့ ကိုကို ၊ ကျွန်တော် အခု ဆရာမကြီး ဒေါ်သာထက် ကျောင်း မှာ တက်နေတယ် ”

အတူးကလေး ၏ အသံမှာ နားဝင်ပီယံ ရှိလှပါဘိသည် ။ ပညာတည်း ဟူသော လက်နက်၏ တန်ခိုးသတ္တိသည်ကား ထူးဆန်း အံ့ခမန်းဖွယ် ကြီးမား လှဘိသည် ။

“ နေပါဦးကွ ၊ အိမ်ထဲမှာ မီးထွန်းပြီး စာဖတ်လို့ မရဘူးလားကွာ ၊ မင်း ဟာက ဒီမီးရောင်အောက် ကြာကြာ ဖတ်ရင် မျက်စိကန်းမှာ စိုးရပါတယ် ကွာ ။ ကြည့်စမ်းပါဦး ၊ မင်းမို့လို့ ဒီအောက်မှာ ဖတ်လို့ရတယ် ။ ပိုးဖလံကောင် တွေ မကိုက်ဘူးလား ဟင် ”

“ ကိုကို ကလည်း အိမ် ထဲ မှာ မီး ထွန်းရအောင် ထွန်းစရာ မီးခွက်မှ မရှိ ဘဲ ” ဟု အတူးက ဟုတ်မှန်ရာကို ဖွင့်ပြောရှာသည့် အခါတွင်ကား ရင်ထဲ၌ နင့်ခနဲ ဖြစ်သွားမိပါသည် ။

“ ဝပ် ” ( ၅၀ ) အား မီးရောင်များအောက် ဖိတ်ဖိတ်တောက်သော ကျွန်းစားပွဲ ၊ ကု,လားထိုင် တို့ဖြင့် မိဘများ က စာကျက်စေသော်လည်း စားပွဲ ပေါ်မှ စာအုပ် တွင် စိတ်ပါဝင်စားမှု လုံးဝ မရှိဘဲ ရည်းစားစာ တိတ်တိတ်ခိုး ရေးတတ်သည့် ကလေးများ ၊ ကော်မစ်ရုပ်ပြောင်များနှင့် ညစ်ညမ်းသော ဝတ္ထုစာပေများကို စားပွဲ အံဆွဲထဲ ဝှက်၍ ဖတ်တတ်သည့် ကလေးများ ၊ တစ်ပတ်အတွင်း မိမိ ကြည့်ခဲ့ဖူးသည့် ဘိုင်စကုတ်များနှင့် နောက်တစ်ပတ် အတွင်း ကြည့်စရာ ဘိုင်စကုတ်များကို လက်ချိုးရေတွက်နေတတ်သည့် ကလေးများ၏ ဘဝနှင့် နှိုင်းယှဉ် စဉ်းစားကြည့်မိပါသည် ။

အတူးကလေး အဖို့ကား လက်ရှိ အခြေအနေ အရ အမှန်ပင်လျှင် ထွန်းစရာ မီးအိမ် မရှိနိုင်တော့ပြီ ။ ထိုအချိန်၌ သူ့ဖခင် ကိုမြိုင် မှာ အရက်သောက် လွန်း၍ ချောင်းဆိုးသွေးပါရောဂါ စွဲကပ်ခဲ့ရာ က တစ်စတစ်စ ရောဂါ အခြေအနေ ဆိုးဝါးလာပြီး အိပ်ရာထဲ ၌သာ တရှောင်ရှောင် လဲနေတော့ရာ ၊ ဇနီး ဖြစ်သူ မညွန့်တင် ၏ ဈေးရောင်းခကလေး မှ တစ်ပါး အခြားဝင်ငွေ တစ်စုံတစ်ရာ မရှိတော့သည့် အခြေသို့ ဆိုက်ရောက်ကြရရှာလေပြီ ။ ဤကဲ့သို့ အခြေဖြင့် အတူးကလေး ကို မည်ကဲ့သို့ ကျောင်းထားသည်ကိုပင် နားမလည်နိုင်အောင် ဖြစ်သွားမိပါသည် ။

“ နေပါဦး အတူးရ ၊ မင်းကို ဘယ်သူက ကျောင်းထားပေးတာလဲ ”

“ ဆရာမကြီး ဒေါ်သာထက် က ကျွန်တော်တို့ နှစ်ယောက် ကို ပိုက်ဆံ မယူဘဲ သူ့ ကျောင်းမှာ အလကား ထားလို့ နေရတာ ကိုကိုရ ”

“ မင်းတို့ နှစ်ယောက် ဆိုတာ ဘယ်သူလဲ ၊ မင်းနဲ့ သံချောင်းလား ”

“ ဟင့်အင်း ၊ သံချောင်းက ကျောင်းနေဖို့ ဝေးလို့ အိမ်တောင် ပြန်မလာ တော့ဘူး ကိုကို ရ ၊ ဖေဖေ နေမကောင်းတာတောင် လာကြည့်ဖော် မရဘူး ။ အဘွားတို့ အိမ် သွားနေမယ် ဆိုပြီး အဘွား က ပြောတော့လည်း သူ့ ဆီ မနေပါ ဘူးတဲ့ ”

သံချောင်း အကြောင်းကိုတော့ အစ ကတည်းကပင် ကျွန်တော် ကြား သိပြီး ဖြစ်သဖြင့် အထူး မအံ့သြမိတော့ပါ ။ သံချောင်း မှာ အသက် ( ၁၅ ) နှစ် မျှသာ ရှိသေးသော်လည်း ဆေးလိပ်သောက်တတ် ၊ ဖဲရိုက်တတ်နှင့် ကြမ်းပိုး တေလေကလေးပမာ ပျက်စီးခြင်းမလှ ပျက်စီးစပြုနေပြီဟု ကြားသိရဖူးသည် ။

“ ဒါဖြင့် မင်း နဲ့ ဘိုနီ နဲ့ ကျောင်းတက်နေကြတယ်ပေါ့ ”

“ ဟုတ်ကဲ့ ၊ ဆရာမကြီး က ကျွန်တော်နဲ့ ဘိုနီ ကို နေခိုင်းတယ် ၊ စာအုပ် လည်း သူ က နည်းနည်းပါးပါး ဝယ်ပေးတယ် ကိုကို ရ ”

“ အေးအေး ကောင်းတယ် ၊ ကြိုးစား ကြိုးစား ၊ စာကို ကောင်းကောင်း ကြိုးစားရင် မင်း လိုချင်တာတွေ အကုန်လုံး ရနိုင်တယ် ။ မင့်း ကို လူလိမ္မာ ကလေး ၊ လူကောင်းကလေး ဆိုပြီး လူတိုင်းက ဝိုင်းချစ်ကြမယ် ။ ဒါပေမဲ့ မင်း အစ်ကို သံချောင်း လိုတော့ မမိုက်ရဘူးနော် ။ နောက်တစ်ခါ လာရင် မင်း စာဖတ်ဖို့ ဖယောင်းတိုင် ဝယ်လာပေးမယ် ” ဟု ကျွန်တော် က ဆုံးမ ပြောပြရာ၌ အတူးကလေး မှာ အတိုင်းမသိ ဝမ်းမြောက် ကျေနပ်သွားပုံ ရ ပါသည် ။

သူ့ မျက်လုံးများ တွင် မျက်ရည်ကြည်ကလေးများ ပင် လျှမ်းတက်လာ သည် ကို တွေ့ ရ၏ ။

ကျွန်တော့် အဖို့မူ စိတ်ထဲက ကြည်နူးမိသလိုလို ၊ ဝမ်းနည်း ယူကျုံးမရ ဖြစ်မိသယောင်ယောင်နှင့် ခွဲခြား မဖော်ပြတတ်သော ခံစားမှု တစ်ရပ်ဖြင့် ကြုံတွေ့လိုက်ရပါတော့သည် ။

( ၂ )

ယခင် ဓာတ်တိုင် အောက်မှာ ပင် ဖြစ်ပါသည် ။

လျင်မြန် ကုန်ဆုံးလွယ်၍ အပြောင်းအလဲ မြန်လှသော အချိန်ကာလ အတွင်း ကျွန်တော့်မှာလည်း “ တိုးတက်ရေး ” သတင်းစာတိုက် မှ မြန်မာနိုင်ငံ အသံလွှင့်ဌာနသို့ ကူးပြောင်း ရောက်ရှိခဲ့သည့်အတိုင်း ၊ တစ်ညသ၌ ညပိုင်း မြန်မာအစီအစဉ်များတွင် “ အသံထွက် မဂ္ဂဇင်း ” အခန်း ကို ဝင်ရောက် အသံ လွှင့်ပြီးနောက် အိမ်သို့ ပြန်ခဲ့စဉ် ၊ မယ်စီကုန်းလမ်း ကိုမြိုင် ၊ မညွန့်တင် တို့ တဲကလေး နားသို့ အရောက်တွင် စိတ်ဝင်စားဖွယ် ကောင်းသော အဖြစ်တစ်ရပ် နှင့် ထပ်မံ ကြုံတွေ့ ရခြင်းပင် ဖြစ်၏ ။

သည်တစ်ကြိမ် မီးရောင် အောက်တွင် စာထိုင် ဖတ်နေသော အတူး ကို ကား မတွေ့ ရတော့ဘဲ ကိုမြိုင်တို့ တဲကလေး အရှေ့ မိုးကာပတ္တူ နှင့် ကနားဖျင်း ထိုးထားသည့် အောက်၌ လူတစ်စု ဝိုင်းဖွဲ့၍ ထိုင်နေကြသည်ကို မြင်လိုက် ရခြင်း ဖြစ်ပါသည် ။ ကနားဖျင်းခေါင်မိုး ဝါးတန်းတစ်ခုတွင် လေထိုးမီးအိမ် တစ်လုံး ချိတ်ဆွဲထားရာ တဲရှေ့တစ်ဝိုက်မှာ မီးရောင်ဖြင့် ထိန်ထိန်လင်း နေ လေသည် ။

ဤကဲ့သို့ တဲရှေ့ ၌ ကနားဖျင်း ထိုးထားသည်ကို လည်းကောင်း ၊ မီးရောင် အောက်တွင် လူများစု အုံထိုင်နေကြသည်ကို လည်းကောင်း အဝေးမှ လှမ်း မြင်လိုက် ကတည်းကပင် စိတ်ထဲ၌ မသိုးမသန့် သံသယ ဖြစ်သွားမိသည်နှင့် လမ်းအတိုင်း ရှေ့ဆက် မသွားနိုင်တော့ဘဲ ထို လူစု ထဲသို့ ဝင်သွားမိပါသည် ။

ကျွန်တော် ဝင်ခဲ့သည့် အချိန်၌ လူတွေ အားလုံးပင် ခေါင်းများ ငုံ့ ထားကြကာ ခရစ်ယာန် ထုံးစံအရ ရင်ဘတ်နားတွင် လက်ဝါးချင်းယှက် ၊ လက်အုပ်ချီ၍ ဆုတောင်းမေတ္တာ ပို့သလျက် ရှိကြလေသည် ။ သူတို့အားလုံး ထိပ်၌ ခရစ်ယာန် တရားဟောဆရာ က -

“ လောကတွင် သေခြင်း နှင့် ကင်းလွတ်သူ တစ်ယောက်မျှ မရှိ ။ သို့ရာတွင် ကျွန်ုပ်တို့ အယူတွင် သေခြင်းထက် မြင့်မြတ်သော အရာသည် မရှိ ။ အဘယ်ကြောင့်ဆိုသော် သေသည်ရှိသော် ကျွန်ုပ်တို့၏ ဝိညာဉ်သည် အဖဘုရားသခင်ထံသို့ ပြန်သွားသည် ။ ကိုယ်ခန္ဓာမှာ မူကား မြေမှ ဖန်ဆင်းသော အရာ ဖြစ်သောကြောင့် မြေသို့ပင် ပြန်သွားရလိမ့်မည် ” စသည်ဖြင့် တရား ရေအေး တိုက်ကျွေးလျက် ရှိသည်ကို အားလုံးက တိတ်ဆိတ် ငြိမ်သက်စွာ စူးစိုက် နားထောင်လျက် ရှိကြ၏ ။

ထို့နောက် တရားဟော ဆရာ က “ ကဲ ... သေဆုံးသူ ကိုမြိုင် အတွက်နဲ့ ကျန်ရစ်သူတွေအတွက် ဆုတောင်းကြပါစို့ ” ဟု ပြောပြောဆိုဆို ခရစ်ယာန် ကျမ်းစာအုပ် မှ ဓမ္မသီချင်းများကို ဝိုင်း၍ သီဆိုစေပါသည် ။ ကိုမြိုင် ၏ ဇနီး မညွန့်တင် မှာ မျက်ရည်စကလေးများ ပါးပြင်ပေါ်ဝယ် ယိုစီးကျရင်း အများနှင့် အတူ ဓမ္မသီချင်းကို လိုက်ဆိုလျက် ရှိလေ၏ ။ မညွန့်တင် ၏ မျက်နှာတွင် မျှော်လင့်ချက် ကင်းမဲ့သည့် အရိပ်အယောင်ကလေး နွမ်းလျစွာ ယှက်သန်း လျက် ရှိသော်လည်း ၊ တရား နှင့် ဖြေကာ စိတ်ကို တင်းထားရပုံ ရလေသည် ။ သူ့ နံဘေး၌ကား ခင်ပွန်းသည် ကိုမြိုင် ၏ အလောင်းစင် ရှိ၏ ။ အတူးနှင့် ဘိုနီ တို့ မှာလည်း သူတို့ ၏ မိခင် အနီးတွင် မျက်နှာငယ်ကလေးတွေbနှင့် ကျုံ့ကျုံ့ယုံ့ယုံ့ ထိုင်လျက် ရှိကြ၏ ။

ကျွန်တော် ကိုယ်တိုင်မှာလည်း ခရစ်ယာန် ထုံးစံအရ ဆုတောင်းလျက် ရှိကြသော ထိုလူတစ်စု အကြားဝယ် သူတို့နည်းတူ ရော၍ ဆုတောင်းပေးရုံမှ တစ်ပါး အခြား ပြုလုပ်စရာ မတွေးမိသဖြင့် သူတို့ကဲ့သို့ပင် လက်ချင်းယှက် ၊ လက်အုပ်ချီ၍ အားလုံး သီဆိုလျက် ရှိကြသည့် ဓမ္မသီချင်းသံများကို ငြိမ်သက် စွာ နားထောင်နေမိပါသည် ။ ထိုအခိုက် ကိုမြိုင် ၏ အလောင်းစင် ရှေ့နားသို့ တစ်စုံတစ်ယောက် လာရောက် ဝင်ထိုင်လိုက်သည်ကို ရိပ်ခနဲ မြင်ရသဖြင့် မော်ကြည့်လိုက်မိရာ ၊ ကိုမြိုင် ၏ သားအကြီးဆုံး သံချောင်း အား တွေ့ရပါသည် ။

သံချောင်း မှာ အသားအရေ စိုပြည်လန်းဆန်းမှု မရှိ ။ ခန်းခြောက်ပြာမည်း လျက် အစားအသောက် ဝဝလင်လင် မမှီဝဲရသူပမာ အားအင်ချည့်နဲ့သည့် အသွင်ကို ဆောင်နေ၏ ။ ဆံပင်များ မှာလည်း ကုပ်နား အထိ ရှည်လျား ဝဲကျ နေသဖြင့် ရုပ်မဖမ်းမိနိုင်လောက်အောင်ပင် ပြောင်းလဲလျက် ရှိလေသည် ။ သူ့ အသွင်အပြင်မှာ တကယ့် တေလေကြမ်းပိုးရုပ် ပေါက်နေ၏ ။ ဟိုယခင် ခြောက်နှစ်သားအရွယ်က တွေ့ ခဲ့ရဖူးသည့် သံချောင်းကလေးနှင့် ယခု ၁၆ နှစ်သား ခန့် ရှိပြီဖြစ်သော သံချောင်း တို့၏ အသွင်အပြင်မှာ လုံးဝ ဆက်စပ် နိုင်စရာ မရှိတော့ပြီ ။

သံချောင်း လည်း သူတကာနည်းတူ ခေါင်း ငုံ့၍ ဆုတောင်းနေလေ သည် ။ သူ့ ကို ကြည့်ရသည်မှာ သူ့ ကိုယ် သူ စိတ် လုံဟန် မတူ ။ သံချောင်း သည် ဖခင် ဖြစ်သူ မကျန်းမမာ ဖြစ်စဉ်အတွင်း၌ တစ်ခေါက်တလေပင် လာရောက် ကြည့်ရှုခဲ့ဟန် မတူဘဲ သေခါမှပင် ရောက်ရှိလာပုံ ရတော့၏ ။ မညွန့်တင် မှာ ကား သူ့ သား ကို မြင်လိုက်ရသော်လည်း အမူအရာ ထူးခြား ပြောင်းလဲသွားပုံ မပြ ။ သူ့ ဟာ သူ ပင် ခေါင်းကလေး ငုံ့၍ ဓမ္မသီချင်း ကိုသာ သီဆိုလျက် ရှိလေ သည် ။

ထိုနေ့ ညက တွေ့မြင်လိုက်ရသည့် အဖြစ်အပျက်ကလေး ကား ဤရွေ့ ဤမျှသာ ဖြစ်၏ ။ သို့ရာတွင် ဤသာမန် ခရစ်ယာန် မသာကလေး ကိုပင် ကျွန်တော့် စိတ်ထဲမှ ဖျောက်ဖျက် မေ့ပစ်၍ မရနိုင်တော့အောင် စွဲလမ်းနေမိပါ တော့သည် ။

( ၃ )

မှောင်မိုက်သော ညတစ်ည တွင် ရွာ ထဲ ဘက်မှ ညာသံ ပေး၍ အော်ဟစ်လာသော လူသံများကြောင့် အိပ်ရာ မှ ရုတ်တရက် လန့်နိုးပါသည် ။ လူသံများ မှာ ရွာထဲ ဆီမှ တစ်စတစ်စ ကျွန်တော်တို့ အိမ်ရှေ့ဘက် သို့ နီးကပ်လာခြင်း ဖြစ်၏ ။ တဖြည်းဖြည်း နီးသည် ထက် နီးကပ်လာတော့မှ “ သူခိုး ... သူခိုး ၊ လိုက်ဟ လိုက်ဟ ” စသော အသံစူး ၊ အသံနက်ကြီးများ ကို သဲသဲကွဲကွဲ ကြားနိုင် တော့သည် ။

ကျွန်တော် လည်း သူများနည်းတူ သူခိုး ကို ဝိုင်း၍ ဖမ်းရန် တာဝန်ရှိ သည့်အလျောက် နီးရာ တုတ်တစ်ချောင်းကို ဆွဲကိုင်ပြီး အိမ်ရာထဲ မှ ပြေးထွက် မိပါသည် ။ ကျွန်တော် ခြံတံခါးဝနားသို့ ရောက်လုနီး တွင် လမ်းပေါ် မှ မောကြီး ပန်းကြီး ကြောက်အားလန့်အား နှင့် ဖြတ်ပြေး သွားသော သူခိုး အား ရိပ်ခနဲ လှမ်း၍ မြင်လိုက်ရသော်လည်း ၊ ကျွန်တော် မှာ ဘာမျှ မလုပ်လိုက်နိုင်ဘဲ ရှိပါ သည် ။ သူခိုး နှင့် မရှေးမနှောင်းမှာပင် ထက်ကြပ်မကွာ ညာသံပေး၍ ပြေးလိုက် လာကြသော လူအုပ်ကြီး ကို တွေ့ ရသဖြင့် ၊ ကျွန်တော် လည်း ထို လူအုပ်ကြီးနှင့် အတူ ရောနှော၍ သူခိုး ဖမ်းရန် လိုက်ပါ သွားတော့၏ ။

သူခိုး သည် ကျွန်တော် တို့ အိမ် ကို ကျော်၍ သွားသောအချိန်၌ ဣန္ဒြေ မဆောင်နိုင်အောင် အမောဆို့ နေလေပြီ ။ သူ့ တစ်ကိုယ်လုံး ဒယီးဒယိုင် နှင့် သူ့ ကိုယ်သူ ပင် မသယ်နိုင်တော့ပြီ ဖြစ်ကြောင်း တွေ့ ရလေသည် ။ တစ်ခါတစ်ခါ တွင် ရှေ့သို့ ဟပ်ထိုးစိုက်ကျမတတ် ယိုင်လဲသွားပါသည် ။ ထိုအချိန်၌ လေပြင်းကလေး တိုက်နေသဖြင့် လမ်းနံဘေး ဓာတ်ကြိုး ပေါ်မှ ဓာတ်မီးလုံးများမှာ ဟိုယိမ်း သည်ယိမ်း လှုပ်ယမ်း နေတော့ရာ ၊ လမ်းပေါ်မှ အရိပ်မည်းမည်းကြီး တို့မှာလည်း သူခိုး ကဲ့သို့ပင် တယိမ်းယိမ်း တယိုင်ယိုင် လှုပ်ရှားလျက် ရှိတော့ ၏ ။ လမ်းဘေး ဝါးရုံတောကြီးများ ကို လေတိုး သဖြင့် တရှဲရှဲ မြည်သံမှာလည်း သူခိုး ၏ မောပန်း နွမ်းဟိုက်လှစွာ ရှူထုတ်နေသော အသက်ရှူသံကို ဖုံးအုပ် ပစ်လိုက်၏ ။

သူခိုး သည် ကိုမြိုင် ၊ မညွန့်တင်တို့ တဲကလေးနား ရောက်သွားသည်နှင့် တစ်ပြိုင်နက် -

“ အမေရေ အမေ ကယ်ပါဦးဗျ ၊ ကယ်ပါဦး အမေရေ ” ဟု ငယ်သံပါ အောင် အော်ဟစ်လိုက်သောကြောင့် ကျွန်တော့် မှာ ကြက်သီးမွေးညင်း ထအောင် ခေါင်းနားပန်း ကြီးသွားမိတော့သည် ။

မရှေးမနှောင်းမှာပင် ဖြောင်းခနဲ ရိုက်လိုက်သည့် အသံ ကို ကြားလိုက် ရပြီး ၊ သူခိုးလိုက်သူတွေ ထဲမှ တစ်ယောက်သောသူ က သူခိုး အား တအား လွှဲ၍ ရိုက်လိုက်သဖြင့် သူခိုး မှာ ရှေ့သို့ စိုက်လဲကျသွားကြောင်း မြင်လိုက်ရပါသည် ။ သူခိုး မှာ တစ်ချက်မျှပင် မအော်လိုက်နိုင်ဘဲ လမ်းပေါ် တွင် ခွေခွေကလေး ပုံလဲနေသည် ။ သူခိုး လိုက်သူ လူအုပ်ကြီး လည်း ခွေလဲ နေသည့် သူခိုး အား ဒေါသတကြီး ဝိုင်းရိုက်ကြတော့မည် အပြုတွင် -

“ အောင်မယ်လေး မသ,တ်ကြပါနဲ့ရှင် ၊ ကျွန်မ သားလေးပါ ၊ ကျွန်မ သားကလေး သံချောင်း ပါရှင် ၊ မသ,တ်ကြပါနဲ့ ၊ အောင်မယ်လေး ချမ်းသာ ပေးကြပါရှင် ” ဟူသော မညွန့်တင် ၏ အသံ ကို ကြားလိုက်ရသောကြောင့် တုတ် နှင့် လှမ်းရိုက်သူ နှင့် တကွ သူခိုး လိုက်သူ အားလုံးပင် တဲကလေး ဆီမှ အူယားဖားယား ပြေးထွက်လာသည့် မညွန့်တင် ထံသို့ အာရုံ လွှဲပြောင်းသွား ကြတော့၏ ။

မညွန့်တင် မှာ မြေကြီးပေါ်တွင် အသေလို ပုံကျလျက်ရှိသော သူ့ သား သံချောင်း အား ကြက်မကြီး က ကြက်ကလေး ကို တောင်ပံနှင့် အုပ် သကဲ့သို့ သူ့ တစ်ကိုယ်လုံးဖြင့် အုပ်ကာ၍ ထားလိုက်ရှာသည် ။ သူ့ စိတ် ထဲတွင် သူ့ သား မလုံမခြုံ ဖြစ်မှာကိုပင် စိုးရိမ်တကြီး သိမ်းကျုံး၍ ပွေ့ဖက် နေပြန်သည် ။ ပါးစပ် က လည်း ငိုကြီးရှိုက်ကြီး နှင့် တတွတ်တွတ် တောင်းပန် နေရှာ၏ ။

“ ခင်ဗျား သား အိမ် တစ်အိမ် တက် ခိုးမလို့ ၊ ဒီလိုသာ လျှောက် ခိုးနေရင်
ခင်ဗျားသား မကလို့ ဘယ်သူပဲဖြစ်ဖြစ် မိရင်တော့ အသ,တ်ခံရမှာပဲ ။ အခုလည်း နည်းနည်းကလေး အပြေး စောလို့သာ ။ နို့မို့ရင် ရွာထဲမှာတင် ကိစ္စချောတယ် ” ဟု လူတစ်ယောက် က ဒေါကြီးမောကြီးနှင့် အော်ပြောလိုက်ရာ ၊ နောက် တစ်ယောက် ကလည်း -

“ ခင်ဗျားတို့ ကိုယ့် သားသမီး ကို လည်း နိုင်အောင် မထိန်းနိုင် ၊ မဆုံးမနိုင် ပဲ အရေးကြုံတော့မှ စိုးရိမ်လိုက်ရတာ ။ ဒီလို မဖြစ်စေချင်ရင် စောစောက လိမ္မာအောင် ဆုံးမပါတော့လား ” ဟု ကြိမ်းမောင်း နေပြန်သဖြင့် -

“ ဆုံးမပါ့မယ် ကိုထွန်း ရယ် ၊ နောက်ကို ဆုံးမပါ့မယ် ။ ဒီကောင်လေး က အိမ် ကို မကပ်လို့ပါ ။ နောင်ကို ဒီလို မဖြစ်စေရပါဘူး ကိုထွန်း ရယ် ၊ ဒီတစ်ခါ တော့ ကျွန်မသားကလေး ကို ချမ်းသာပေးကြပါနော် ။ ရှိကြီးခိုးပါရဲ့ ၊ ချမ်းသာ ပေးကြပါ ” ဟု ငိုကြီးချက်မ တောင်းပန်နေရှာပြန်တော့သည် ။

သူခိုး လိုက်သူများလည်း အတန်ကြာအောင် တိတ်ဆိတ် သွားကြပြီး မှ တစ်ယောက် တစ်ပေါက် ဝေဖန် ပြောဆိုကြရင်း အခင်းဖြစ်ပွားရာ နေရာ မှ တဖြည်းဖြည်း ထွက်ခွာကြလေသည် ။ အချို့ကမူ -

“ မညွန့်တင် တစ်ယောက် လည်း ဒီကလေးတွေ နဲ့ သနားစရာပါပဲကွာ ၊ ကလေးတွေ လိမ္မာရေးခြား ရှိလာအောင် ကျောင်း ထားဖို့ ဆိုတာကလည်း ဆင်းရဲလို့ မတတ်နိုင် ။ ဒီ ကလေးတွေ အခုလို ပေါက်လွှတ်ပဲစား လွှတ်ထား ပြန်တော့လည်း တေပေလေလွင့်ပြီး သူ့အတွက် တစ်ဒုက္ခပဲ ” ဟူ၍ မညွန့်တင် အား ကရုဏာသက်စွာ ဝေဖန်သွားကြလေသည် ။

မကြာမီပင် လူတွေ အားလုံး ပြန်သွားကြပြီး ထိုနေရာတွင် သံချောင်း တို့ သားအမိ နှင့် ကျွန်တော် သာလျှင် ကျန်ရစ်ပါတော့သည် ။ သံချောင်း ကား သူတို့ အိမ်ရှေ့ လမ်းနံဘေး ဓာတ်တိုင် အောက် ၊ မလင်းတလင်း မီးရောင်အောက် မှာပင် ခေါင်းတွင် နီရဲသော သွေးများ ဖြာစီးလျက် ခွေခွေကလေး လဲ နေခြင်း ဖြစ်၏ ။

ထို ဓာတ်တိုင် အောက် တွင်ပင် သံချောင်း ၏ ညီ အတူးကလေး စာဖတ် နေသည်ကို တွေ့ခဲ့ဖူးသည့် အဖြစ်ကို လည်းကောင်း ၊ ထို ဓာတ်တိုင် အောက် မှာပင် သူ့ ဖခင် အရက်သမားကြီး ၏ ဇာတ်သိမ်းပွဲ ကို မြင်ခဲ့ဖူးသည့် အဖြစ် ကို လည်းကောင်း ပြန်လည် မြင်ယောင် သတိရလာမိသော အခါ၌ ကား ထို မိသားစု တို့၏ တိုက်ဆိုင်တတ်လှသည့် အဖြစ် ကို အံ့သြခြင်းမက အံ့သြမိပါသည် ။

ယခု ဓာတ်တိုင်အောက်မှ သံချောင်း မှာကား ခေါင်းမှ ဒဏ်ရာကြောင့် လူးလွန့်နေရင်း က “ အမေ ... အမေ ကယ်ပါဦး အမေ ရဲ့ ၊ ကျွန်တော် မခိုးပါဘူး ။ ကျွန်တော် ခိုးဖို့ သွားတာ မဟုတ်ပါဘူး ၊ ကျွန်တော့် ရည်းစား အလှ နဲ့ ချိန်း တွေ့ တာပါ ။ ကျွန်တော် မခိုးပါဘူး ။ ကျွန်တော့် ကို ကယ်ပါဦး အမေ ရဲ့ ” ဟု မိခင် ကိုသာ တတွတ်တွတ် တမ်းတနေရှာသည် ။ မိခင် မညွန့်တင် မှာလည်း သားကြီး သြရသ လူပေ လူတေကလေး ၏ နံဘေးတွင် ဒူးထောက်၍ ထိုင်ရင်း ၊ သား ၏ ခေါင်းမှ ဒဏ်ရာ ကို မကြည့်ရဲ ကြည့်ရဲ ငုံ့ကြည့်လိုက်ပြီး နောက် ဝမ်းနည်းပက်လက် ငိုကြွေးရှာတော့သည် ။ ငိုရင်း က သူ့ ခင်ပွန်းသည် ကိုမြိုင် ကိုလည်း အော်ဟစ်၍ တ လိုက်သေး၏ ။

ထိုအချိန်၌ သားအလတ် အတူးကလေး မှာ လည်း အိပ်ရာမှ အိပ်မှုန် စုံမွှား ထ လာရာက အစ်ကိုကြီး သံချောင်း ၏ အဖြစ်ကို မြင်လိုက်ရသောအခါ မိခင် နှင့် အတူ ရောနှော၍ ငိုလေတော့သည် ။ ကျွန်တော့် မှာ သူတို့ မိသားစုအား ဆိတ်ငြိမ်စွာ ငေးစိုက်ကြည့်ရင်းက သူခိုး ဖမ်းရန် လိုက်ခဲ့စဉ်က ကမန်းကတန်း ဆွဲကိုင်လာမိသော တုတ် ကို မြက်တော ထဲသို့ လွှင့်ပစ်လိုက်မိပါတော့သည် ။

တုတ်ကျသွားသံ ကို ကြားလိုက်ရတော့မှပင် မညွန့်တင် လည်း ကျွန်တော့် ဆီသို့ အလန့်တကြား လှည့်ကြည့်လိုက်ရာက ကျွန်တော့် ကို မြင်ခါမှပင် ပို၍ ငိုလေတော့သည် ။ ကျွန်တော့် အဖို့ကား သံချောင်း ၏ ခေါင်းမှ ဒဏ်ရာကို ဆေး ထည့် ပြုစုပေးရုံမှတစ်ပါး အခြား အကူအညီလည်း မပေးနိုင်သည့်အ တိုင်း -

“ ကျွန်တော် အိမ်ပြန်ပြီး ဆေးသွား ယူလိုက်ဦးမယ် ၊ ခင်ဗျား ရေနွေးအိုး သာ တည်ထားနှင့်နော် ” ဟု မှာကြား ကာ တင်ချာ ၊ ပတ်တီး စသည် တို့ ကို ပြန်ယူရန် အိမ်ဆီသို့ ခပ်သုတ်သုတ် လျှောက်ခဲ့မိပါသည် ။ လမ်း တွင် ကျွန်တော် မျက်မြင် ကြုံတွေ့ခဲ့ဖူးသည့် ဤ ဓာတ်တိုင် အောက် မှ အဖြစ်အပျက်ကလေးများ ကို ပြန် တွေးမိရင်းက ထို မိသားစုတို့ ၏ အနာဂတ် ကြမ္မာကံ ကို မစဉ်းစား မဝေဖန်တတ်အောင် ဖြစ်မိတော့သည် ။

မညွန့်တင် နှင့် သူ ၏ ကလေးသုံးယောက် တို့၏ နောင်ရေး ကို လည်း မိမိ ကိုယ်ရေးကိုယ်တာ ကိစ္စ တစ်ခု ပမာ တွေးတော ပူပင်မိပါသည် ။ မညွန့်တင် သည် တေပေလွင့်စ ပြုနေပြီ ဖြစ်သည့် သားကြီး သံချောင်း ကို ပြန်၍ အုပ်ထိန်း နိုင်ပါဦးမည်လား ၊ ပညာရည်ကလေး အနည်းငယ်မျှ သောက်စို့မိရုံနှင့် ပင် သိသိသာသာ အသွင် ပြောင်းခဲ့ကြသော အတူး နှင့် ဘိုနီကလေး တို့အား ယခု သူတို့ ကို အခမဲ့ ပညာသင်ကြားပေး နေသူ ဆရာမကြီး က နောင်တွင်လည်း အရှည်သဖြင့် သည်အတိုင်း ဆက်၍ စေတနာ ထားသွားနိုင်ပါမည်လား ။ ဤ ကလေးတွေကလည်း ပညာ ကို ယခု အတိုင်းပင် ခုံခုံမင်မင် လိုလိုချင်ချင် နှင့် ဆက်လက် ကြိုးစားသွားပါမည်လား စသည်ဖြင့် အကြောင်းကြောင်း တို့ ကို အတောမသတ် စဉ်းစားမိပါတော့သည် ။

သို့ရာတွင် ကျွန်တော့် အနေနှင့် သူတို့ ၏ ဘဝပြဿနာ ကို မဖြေရှင်း တတ်တော့ပြီ ။ တစ်ခုတော့ တတ်နိုင်ပေမည် ။ သူတို့၏ တကယ့် ဖြစ်စဉ်အမှန် ကို ကျွန်တော် ကိုယ်တိုင် မျက်မြင် ကြုံတွေ့ ခဲ့ဖူးသည့်အတိုင်း စာတစ်ပုဒ် ဖွဲ့၍ တစ်နေ့နေ့ တွင် တိုင်းပြည် သို့ တင်ပြမည် ဟူ၍ ကား စိတ်ပိုင်းဖြတ် ထားလိုက် မိပါ၏ ။

ထို စိတ်ပိုင်းဖြတ်ချက် ကို ယခု အကောင်အထည် ဖော်လိုက်ရခြင်း ပင် ဖြစ်ပါသတည်း ။  ။

⎕ ‌မင်းရှင်

📖 ရှုမဝ မဂ္ဂဇင်း
      မတ် ၁၉၅၅

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment