❝ မွှေး ❞
[ မန္တလေးမြို့က အချက်အချာကျသည့် နေရာတစ်ခု ဖြစ်သော ၃၂ လမ်း ( လမ်း ၈၀ - ၈၁လမ်းကြား ) မှာ ထမင်းဆိုင်အသစ် တစ်ဆိုင် ဖွင့်လာသည် ။ လမ်းပေါ်မှ ဖြတ်သွားဖြတ်လာအကဲခတ်ကြည့်ရာ သပ်ရပ်သန့်ရှင်းပုံ ရသည် ။
မွှေးထမင်းဆိုင်ကို ဦးစီးဖွင့်လှစ်သူ မကြူကြူမွှေး ( ၂၉ ) နှစ်က ဘီအေ ဘွဲ့ ရပြီးပြီ ။ အမ်အေ တက်ဖို့ စာရင်းသွင်းပြီးပြီ ။ သူ့ ရည်ရွယ်ချက်က တက္ကသိုလ် မှာ ဆရာမလုပ်ဖို့ ၊ သမိုင်းပညာရှင် တစ်ယောက်ဖြစ်ဖို့ ။
သို့သော် မိသားစုတာဝန်ကို သူယူချင်သည် ။ မိဘထံမှ လက်ဖြန့်ခံ ပြီး တက္ကသိုလ် ဆရာမကြီး လုပ်ဖို့ သူ့ လိပ်ပြာက ခွင့်မပြု ။ ရည်မှန်းချက်တွေ ကို ခေတ္တဘေးဖယ်ချပြီး မန္တလေးမြို့မှာ ထမင်းဆိုင် ထ ဖွင့်သည် ။
သူ့မှာ ထမင်းဆိုင်အတွေ့ အကြုံ ကိုးနှစ်လောက် ရှိပြီးသားဖြစ်သည် ဖားကန့်-ဆိုင်းတောင်မှာ မွှေးထမင်းဆိုင် ကို မသိသူ မရှိ ။ မန္တလေးမှာ မွှေးထမင်း ဆိုင်သစ်ကို မကြူကြူမွေး က ယုံကြည်ချက် အပြည့် အဝဖြင့် လာဖွင့်ခြင်းဖြစ်သည် ။ မွှေးထမင်းဆိုင်ထဲမှာ ထိုင်ရင်း သူ့ ဘဝဇာတ်ကြောင်း ကို ပြောပြသည် ။ ]
••••• ••••• •••••
သမီးက ကချင်ပြည်နယ် ဟိုပင်ဇာတိပေါ့ ။ အဖေက ဖားကန့် ၊ ဆိုင်းတောင် ကို စီးပွားရေးသွားလုပ်တယ် ။
၁၉၉၆ ခု ၊ သမီး ဆယ်တန်းဖြေပြီးတော့ အဖေ ရှိတဲ့ဆိုင်းတောင်ကို လိုက်သွားတယ် ။ အဖေစားဖို့ ထမင်းဟင်း ဖွယ်ဖွယ်ရာရာချက်ကျွေးတာကို အဖေ့ မိတ်ဆွေတွေ ကလည်း စားချင်တယ်ဆိုလို့ အမေက ချက်ကျွေးတာ ။ သမီးက အကြီးဆုံးသမီး ၊ သမီးအောက်ကအငယ် ချောစုမာကလည်း မိန်းကလေး ။ သမီး တို့ကလည်း အမေ ချက်တာပြုတ်တာကို ကူလုပ်တယ် ။ အဖေ့ မိတ်ဆွေတွေက ထမင်းဆိုင်ဖွင့်ပါလားလို့ အကြံပေးကြတယ် ။ ကလေးတွေလည်း အားနေတယ် ။ မိန်းကလေးတွေ ဆိုတော့ အိုးမကွာ အိမ်မကွာလည်းလုပ်လို့ရတယ်ဆိုပြီး ဖားကန့် - ဆိုင်းတောင်မှာ ထမင်း ရောင်းဖြစ်သွားတာ ။
အဲဒီတုန်းက ထမင်းတစ်ပွဲ ၁၃၅ ကျပ် ။ ဆိုင်မှာ ဆိုင်းဘုတ်တွေဘာ တွေလည်းမရှိပါဘူး ။ အားပေးသူတွေ ဝယ်စားချင်သူတွေများလာတာနဲ့ မွှေး ထမင်းဆိုင်ဆိုပြီး ဆိုင်းဘုတ်တင်တယ် ။ အမေရယ် အဒေါ်ရယ် ကျွန်မရယ် သုံးယောက် ၊ ကိုယ်တိုင်ချက်ကြတာ ။ ချက်ရပြုတ်ရတာ တကယ်ပင်ပမ်းတယ် ။ လူတွေ လည်း မည်းသည်းလို့ပေါ့ ။
ထမင်းဆိုင်ဆိုပြီး ဖွင့်မယ့်သာ ဖွင့်ရတယ် ။ နေရတာက အိမ်ငှား ၊ အိမ်ခန်းက ကျဉ်းကျဉ်းလေး ။ ကျဉ်းတဲ့ဟာကို သပ်သပ်ရပ်ရပ် ဖြစ်အောင် အခန်းချဲ့ လိုက်ရတော့ မိသားစုတစ်စုလုံး အခန်းကျဉ်းကျဉ်းလေး မှာပဲ စုပြုံအိပ်ကြရတာ ပေါ့ ။ ဒါပေမယ့် ပျော်ပါတယ် ။
ဖားကန့် - ဆိုင်းတောင် လိုနေရာမျိုးမှာ ထမင်းဆိုင် ဖွင့်ရောင်းတာဆို ပေမယ့် ကျွန်မတို့ဆိုင်မှာ အရက်မူးပြီး ရမ်းကားတာ ၊ ရန်ဖြစ်တာမရှိဘူး ။ ဆိုင်မှာ အရက်လုံးဝမရောင်းလို့ ဆိုင်မှာ လုံးဝအရက်မရောင်းဘူးလို့ စာကပ်ထားတော့ အခြားက သောက်ပြီး မူးလာရင်တောင် ဆိုင်မှာတော့ မရမ်းရဲဘူး ။ ဖားကန့်နယ် ဆိုတာ ဘယ်လိုလဲဆိုတာ ဦးလေး သိပါတယ်နော် ။
ထမင်းဆိုင် အလုပ်က ပင်ပန်းသလား မမေးနဲ့ အိမ်မှာ လူအယောက် ၂ဝ ရှိရင် ၂ဝ လုံးပင်ပမ်းတာ ။ မနက်ဆိုရင် ၅ နာရီ ၅နာရီခွဲ ထရတယ် ။ ညဘက် ကျတော့ ၉ နာရီခွဲ ၁ဝ နာရီမှ ဆိုင်သိမ်းရတာ ။ ပင်ပမ်းပေမယ့် ဒီအလုပ်က ကုသိုလ်လည်းရ ဝမ်းလည်းဝတယ် ။ လူတန်းစေ့ ဝတ်ရစားရတယ်ပေါ့ ။
စေတနာ ပါရင် ဘယ်အလုပ်မဆို ကုသိုလ် ရတာပါပဲလေ ။ ဆိုင်း တောင်မှာ ထမင်းဆိုင် ဖွင့်တော့ စားရိတ်ပြတ်ပြီ ၊ ပိုက်ဆံမရှိတော့ဘူးပြောတာ ကို သနားလို့ ကျွေးလိုက်ရတာတွေလည်းရှိတယ် ။ အချို့ကလည်း စားပြီးလို့ ပိုက်ဆံ တောင်းတော့မှ ရုံးတိုင်တိုင် ရဲတိုင်တိုင်လို့ ပြောတာလည်းရှိရဲ့ ။ ကိုယ်က လည်း စီးပွားရေး လုပ်တာကိုး ။ လူတိုင်းတော့ မကျွေးနိုင်ဘူး ။ စော်ကားရင်တော့ ငုံ့မခံဘူး ။
ဖားကန့်မှာ ဆိုင်ဖွင့်တာ ကိုးနှစ်ကျော် ကြာပြီဆိုတော့ မသိတဲ့သူမရှိ တော့ဘူး ။ အောင်မြင်ပါတယ် ။ ညီမလေး လည်း ဥပဒေဘွဲ့ရသွားပြီ ။ မောင်လေး တစ်ယောက်ပဲ တက္ကသိုလ် တက်နေတုန်း ။
ကျောင်းနေတုန်းကတော့ မိဘဆီက လက်ဖြန့် တောင်းပြီးသုံးခဲ့တာပဲ ။ အခု ကျွန်မ လည်းဘွဲ့ရပြီ ညီမလေး လည်း ကျောင်းပြီးပြီ ဆိုတော့ ကျွန်မတို့ စီး ပွားရှာမယ် ၊ အဖေတို့အမေတို့ကို တစ်ပြန်တစ်လှည့်တာဝန်ယူကြမယ်ပေါ့ ။ တ ဖြည်းဖြည်းနဲ့ အဖေ နဲ့ အမေအသက်တွေ ကြီးလာကြပြီ ။ သူတို့ ကျန်းမာရေး အတွက် ဆိုင်းတောင် မှာ မနေစေဘဲ မန္တလေးမှာ နေစေချင်တယ် ။ တစ်ခုခု ဖြစ်ခဲ့ရင် ဟိုမှာက မန္တလေးလို ဆေးခန်းတွေ ဆရာဝန်တွေမပြည့်စုံသေးဘူး ။ ပြီးတော့ ကျွန်မတို့ ကျောင်းပြီးပြီဆိုပေမယ့် တူတွေ တူမတွေ ပညာ ဆက်လက်သင်ဖို့လည်း လိုသေးတာကိုး ။ ဒါကြောင့် မန္တလေးမှာ အလုပ် လာချဲ့တာပါ ။
ထမင်းဆိုင် ဖွင့်ဖို့အတွက် မန္တလေး မှာနေရာ လိုက်ရှာကြတာ မန္တလေး တက္ကသိုလ် ( ပင်မ ) နားလည်းကြည့်တယ် ။ ယခု ဖွင့်တဲ့ ၃၂ လမ်း က လမ်းကျယ် တော့ လာစားတဲ့သူတွေ ကား ထိုးရတာလည်း အဆင်ပြေတယ် ။ မူဆယ် ၊ လားရှိုး ၊ သီပေါ ၊ ကျောက်မဲ ၊ ဖားကန့်ကားဂိတ်တွေနဲ့ လည်း နီးတယ် ။ ကျောင်းနဲ့ လည်း နီးတယ် ။ နေရာ ရှာတွေ့တော့ အဖေ့ကို လှမ်းခေါ်တယ် ။ အဖေက အတွေ့ အကြုံရှိတယ် ။ ကျွန်မတို့က အဖေ့ လောက် ဦးနှောက် မသွားဘူးလေ ။
အဖေက ဆိုင်ခင်းကျင်း ပြင်ဆင်ပုံတွေ ပြပေးတယ် ။ ဆိုင်ဖွင့်တော့ အဖေက ဆိုင်းတောင် ပြန်သွားတယ် ။ မန္တလေးကဆိုင်မှာ ကျွန်မ ဦးစီးမယ် ၊ ဆိုင်းတောင် ကဆိုင်ကိုတော့ ညီမလေး သွားဦးစီးမယ် ။ အခု ဆိုင်ဖွင့်စရုန်းကန် ရတဲ့ အချိန်မှာ အဖေအမေကို ဦးနှောက် မခြောက်စေချင်လို့ မခေါ်သေးဘူး ။ အောင်မြင်ပြီ ဆိုရင် ခေါ်ထားမှာ ။
ဆိုင်စဖွင့်ခါစက လူမှ လာပါ့မလားလို့ စိတ်ပူ ရတယ် ။ ညအိပ်ချိန် ရောက်မှပဲ ခေါင်းအေး တော့တယ် ။ ဖွင့်ခါစ လေးငါးခြောက်လ တော့ အိပ်ထဲက စိုက် ဖွင့်ရမှာပဲလို့ ထင်တားတာ ။ စရောင်းတဲ့နေ့က ဈေးဝယ် ဖို့စထည့်ပေလိုက်တဲ့ ငွေက ညနေကျ ရောင်းကြေး ပြန်ရပြီး ဒီနေ့အထိ လုံးဝမစိုက်ရဘူး ။ ဒီငွေနဲ့နောက် မနက်ကျ ဈေးသွားတာပဲ ။
ကျွန်မဒီမှာ ထမင်းဆိုင် ဖွင့်တာ အစိမ်းသက်သက်ပဲ ။ ကျွန်မသူငယ် ချင်း ၊ ညီမလေးရဲ့သူငယ်ချင်းတွေက ကူညီကြတယ် ။ ဆိုင်ကို လူတွေသိအောင် ပန်းဖလက်ကလေးတွေ ရိုက်ပြီး လမ်းဆုံမီးပွိုင့်တွေ ၊ ကားဂိတ်တွေ ၊ ကျောင်းနား က လက်ဖက်ရည်ဆိုင် တွေမှာ လိုက် ဝေကြတယ် ။ ဒီလို ဝေရတာ သူတို့ ရှက်နေမှာလား ကျွန်မ အကဲခ တ်ကြည့်တော့ တစ်ယောက်မှ ရှက်သလိုလို ရွံ့သလိုလို မဖြစ်ကြဘူး ။ သူများ ပစ္စည်းခိုးတာ မဟုတ်မမှန်တာလုပ်တာမှမဟုတ်ဘဲ ဘာရှက် စရာ လိုသလဲတဲ့ ။ ကျွန်မကတော့ အောင်မြင်ချင်တဲ့စိတ် တစ်ခုပဲရှိတာမို့ ရှက် စိတ်ကြောက်စိတ်မရှိပါဘူး ။
ဖားကန့် မှာ မွှေးထမင်းဆိုင် က လူသိများတော့ မန္တလေးမှာ ဖွင့်တဲ့ ဆိုင်ကိုလည်း လာ စားကြတယ် ။ စားနေကျ လူတွေက ကချင်ဟင်းမေးတယ် ။ ဒါကြောင့် မြန်မာထမင်းဟင်းအမျိုးစုံအပြင် ကချင်ဟင်း လည်း နေ့စဉ်ချက်တယ် ။ ကြက်သားကချင်ချက် ၊ ငါးကချင်ချက်ရတယ် ။ တောအုန်း ၊ ကြိမ်ဖူးနဲ့ ဆန်လှော် ဟင်းချက်တယ် ။ မျှစ်သို့ခြောက် အချဉ်ဟင်း ချက်တယ် ။
ကျွန်မတို့ဆိုင်မှာ သန့်ရှင်းလတ်ဆတ်မှုကို ဦးစားပေးတယ် ။ ဖားကန့် ကဆိုင်မှာလည်း ဒီလိုပဲ ။ စားတဲ့လူက ညစ်ပတ်တာ တွေ့ သွားရင် တစ်ခါတည်း မှတ်သွားမှာပေါ့ ။ ဟင်းပန်းကန် ထမင်းပန်းကန်ကို ကွဲတာအက်တာရှိရင် ဆက် မသုံးဘူး ။ ဟင်းကို အမြဲတမ်း နွေးနေအောင် ဟင်းအိုးကို ရေနွေးပူပူနဲ့ စိမ်ထား တယ် ။ ချိုင့်ဆွဲ စားတဲ့သူတွေ ဆိုင်စော် မနံအောင် အိမ်ဟင်း ချက်သလိုပဲ ဟင်းကို ချက်တယ် ။
ကိုယ်က စေတနာအပြည့်နဲ့ သပ်သပ်ရပ်ရပ်သန့်သန်ရှင်းရှင်းလုပ်တာ ၊ ကြိုးကြိုးစားစားလုပ်တာမို့ အောင်ကိုအောင်မြင်မှာပဲလို့ ကျွန်မ ယုံကြည်တယ် ။ အောင်မြင်ပြီ ဆိုရင်တော့ မိဘတွေ ကို မန္တလေးမှာ ခေါ်ထားမယ် ။ အလုပ် တစ်ဘက်နဲ့ တက်ဖို့ အခွင့်အရေးရမယ် ဆိုရင် မာစတာ ( မဟာဝိဇ္ဇာဘွဲ့ ) ဆက်တက် မယ် ။
ကျွန်မ အလုပ်ကို ကျွန်မ ယုံကြည်တယ် ။ အောင်ကိုအောင်မြင်မယ်လို့ ယုံကြည်တယ် ။ အောင်မြင်တဲ့ အထိ ဇွဲရှိရှိ လုပ်သွားမယ် ။
⎕ ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment