Tuesday, July 23, 2024

လူကောင်း ကို လူတိုင်း ချစ်ကြသည်


 

❝ လူကောင်း ကို လူတိုင်း ချစ်ကြသည် ❞

ကျွန်တော် တို့ မောင်နှမ သည် အသက် မိနစ် ပိုင်း သာ ကွာခြားသည် ။ ကျွန်တော့် ကို နန္ဒာ ဟု အမည် ပေး၍ ညီမလေး ကို သဒ္ဓါ ဟု အမည် ပေးသည် ။ အမြွှာမောင် နှမ ဖြစ် သဖြင့် ကျွန်တော် တို့ စကား ပြော လျှင် “ နင် ၊ ငါ ”   တွေ နှင့် နှုတ်ကျိုး နေသည် ။

ကျွန်တော် က အိမ်ထောင် ကျ ၍ သား တစ်ယောက် နှင့် သမီး တစ်ယောက် ရနေပြီဖြစ်သော် လည်း သဒ္ဓါ က အိမ်ထောင် မကျသေးပေ ။ ကျောင်းဆရာမ ပီပီ တပည့်များ နှင့် သာ ပျော်နေသူ ၊ စာသင် သော အလုပ် ကို သာ စိတ်ဝင်စားသူ ဖြစ်သည် ။ ဖေဖေ ဆုံးပါးပြီ ဖြစ်သဖြင့် ကျွန်တော် အိမ်ထောင် ကျ သော်လည်း အိမ်ခွဲ မနေဘဲ မိဘများ အိမ် မှာ ပင် ဆက်လက် နေထိုင်ခဲ့သည် ။ ထို့ကြောင့် အိမ် မှာ မေမေ ၊ သဒ္ဓါ နှင့် ကျွန်တော် တို့ ဇနီးမောင်နှံ အပါအဝင် မိသားစု လေးယောက် နေထိုင်ကြသည် ။
ကျောင်း မှ ပြန် လာသော သဒ္ဓါ သည် “ ဦးထွန်းမြတ် ဆုံးပြီ ” ဟု ပြောလိုက်စဉ် ကသဒ္ဓါ နှင့် ကျွန်တော် တို့ မျက်နှာ မကောင်း ဖြစ်သွားကြသည် ကို ကျွန်တော့် ဇနီး အေမီ က ငေးကြည့် နေသည် ။

မြို့ပြအင်ဂျင်နီယာ တစ်ယောက် အနေဖြင့် လက်ခံ ထားသည့် ဆောက်လုပ်ရေး လုပ်ငန်းများ ဖြင့် နေ့စဉ် အလုပ် များ နေသော ကျွန်တော် ၊ ကျောင်းသား တွေ စာမေးပွဲနီး သဖြင့် အချိန်ပို သင်ကြားခြင်း များ ဖြင့် မအားလပ်သော သဒ္ဓါ နှင့် ညာဘက် ပေါင်ကျိုး ပြီးနောက် စတီးချောင်း ထည့် ထားရ သဖြင့် အပြင်ထွက် သွားသွားလာလာ မလုပ်သော မေမေ တို့ သည် “ ဦးထွန်းမြတ် အသုဘ ကို လိုက် ပို့ မှ ဖြစ်မယ် ” ဟု
တညီတညွတ် တည်း ပြောလိုက်သော အခါ အေမီ သည် နား မလည်နိုင် အောင် ဖြစ်နေ ရှာ သည် ။

ဦးထွန်းမြတ် ကို မသိသော အေမီ သည် ဦးထွန်းမြတ် ဆိုသည် မှာ ဧရာမ ပုဂ္ဂိုလ်ကြီး ဟု ထင်ကောင်း ထင် လိမ့်မည် ။

•••••   •••••   •••••

ဦးထွန်းမြတ် ဆိုသည် မှာ ကျွန်တော် တို့ ငယ်ငယ် က ကျောင်းပို့ ကျောင်းကြို လုပ်ပေးသော ဆိုက်ကားဆရာကြီး ဖြစ်သည် ။

ငယ်စဉ် က တော့ ဦးထွန်းမြတ် တို့ ဘယ်မှာ နေသည် ကို မသိပေ ။ ဦးထွန်းမြတ် ၏ မိန်းမ ဒေါ်မြစိန် က ကျွန်တော် တို့ လမ်းထိပ် တွင် ကွမ်းယာ ဆိုင် ဖွင့်သည် ။ မိုး လင်း သည် နှင့် ဦးထွန်းမြတ် တို့ မိသားစု သည် ဆိုက်ကား ပေါ် တွင် ကွမ်းယာပစ္စည်းများ နှင့် ရောက် လာသည် ။ လမ်းထိပ် က ထနောင်းပင် အောက် တွင် ဒေါ်မြစိန် ၏ ကွမ်းယာဆိုင် ရှိသည် ။

ဦးထွန်းမြတ် သည် ဆိုက်ကား ပေါ် က တောင်းများ ၊ ခွက်များ ၊ ပလုံးများ ကို ချသည် ။ ကွမ်းယာဆိုင် တွင် ခေါက် ထားသော တံခါးရွက်များ ကို ဖွင့်သည် ။ တိုးလို့ တွဲလောင်း မုန့်ထုပ်များ ချိတ်ဆွဲခြင်း ၊ ကွမ်းသီးစိတ်ခြင်း ၊ ထုံးဖျော်ခြင်း ၊ ကွမ်းရွက်ညှပ်ခြင်း တို့ ကို ဒေါ်မြစိန် လုပ်သည် ။

ဆိုင် တံခါး ဖွင့် ပြီးသည် နှင့် ဦးထွန်းမြတ် က ဆိုက်ကား ကို ဖုန် သုတ်သည် ။ ဘီးတွေ ကို လက် နှင့် ဖိ ကြည့်ပြီး လေ နည်းလျှင် လေ ထိုးသည် ။ ခွေးသွားစိတ် နှင့် ချိန်းကြိုး ကြား ထဲ ချောဆီ ထည့် သည် ။ လက်ကိုင် နှင့် စက်များ ချောင် ၊ မချောင် ကို လှုပ်ကြည့်သည် ။ ခြေနင်း တွေ ထဲ အမဲဆီ ထည့် သည် ။ စပုတ်တိုင် တွေ နဲ့ ၊ မနဲ့ ကို တစ်ချောင်းချင်း နဲ့ ကြည့်သည် ။ ဘဲလ် မြည် မမြည် ၊ ဘရိတ် မိ မမိ ၊ နောက်ကြည့်မှန် တည့် မတည့် က အစ အားလုံး စစ်ဆေးသည် ။

ဦးထွန်းမြတ် သည် ဆိုက်ကား ကို တော်တော် ဂရုစိုက်သည် ။ အလုပ် ကို လည်း လေးစားတန်ဖိုး ထား သည် ။ ကျွန်တော် တို့ မောင်နှမ သည် ပထမတန်း ၊ ဒုတိယတန်း ၊ တတိယတန်း ၊ စတုတ္ထတန်း အထိ ဦးထွန်းမြတ် ဆိုက်ကား ဖြင့် ကျောင်း တက် ခဲ့သည် ။ ထို ကာလ အတော အတွင်း ပျက်ကွက်ရက် မရှိ နောက်ကျသည့် ရက် မရှိပေ။ နံနက် ၈ နာရီခွဲ သည် နှင့် အိမ် ရှေ့သို့ ဦးထွန်းမြတ် ဆိုက်ကား ရောက်လာ သည် ။ ဘဲလ် တီးပြီး ဆိုက်ကား ပေါ် ထိုင်စောင့် မနေ ၊ ကျွန်တော်တို့ အိမ်ပေါ် တက် လာ ပြီး ကျွန် တော် တို့ လွယ်အိတ် နှင့် ထမင်းဘူး ၊ ရေဘူးများ ကို လာ ယူသည် ။ ကျောင်း ရောက်တော့ လည်း ကျောင်း ပေါက်ဝ မှာ ဆိုက်ကား ကို ရပ် ၊ သော့ ခတ် ၊ ကျွန်တော် တို့ ကျောင်းလွယ်အိတ် များ လွယ် ၊ ကျွန်တော် တို့ မောင် နှမ လက် ကို ဆွဲ ပြီး စာသင်ခန်း ထဲ အရောက် ပို့သည် ။ ကျောင်း ကြို တော့ လည်း ထိုနည်း အတိုင်း ပင် ။ ကျောင်း မဆင်းခင် ကတည်း က စာသင်ခန်း ရှေ့ တွင် ဦးထွန်းမြတ် က ရပ် စောင့် နေသည် ။

ဦးထွန်းမြတ် ၏ စောင့်ရှောက်တတ်မှု ကြောင့် မိဘများ သည် ဦးထွန်းမြတ် ဆိုက်ကား ကို သာ လပေး ငှား ချင်ကြသည် ။ သို့သော် ဦးထွန်းမြတ် သည် လူကြိုက်များ တိုင်း လာ ခေါ် သမျှကို လက် မခံ ပေ။ ကျောင်းပို့ ကျောင်းကြို အချိန် မတူ မှ သာ လက်ခံသည် ။ နံနက် ၇နာရီခွဲ တွင် တစ်ကြိမ် ၊ ၈ နာရီ တွင် တစ်ကြိမ် နှင့် ၈ နာရီခွဲ တွင် တစ်ကြိမ် ဟူ၍ အဖွဲ့ သုံးဖွဲ့ သာ လက်ခံသည် ။ ကျောင်းချိန် လွန် သော် ၉ နာရီဝန်းကျင် တွ င် ဈေးပို့ ဈေးကြို နှင့် ၁၀ နာရီ ဝန်းကျင် တွင် ရုံးပို့ ရုံးကြို ပြုလုပ်သည် ။
၁၁ နာရီ လောက် တွင် နံနက်စာ စား ပြီး မှ ဆိုက်ကား ကို ဂိတ် ထိုးသည် ။ ညနေ ဆိုလျှင် ၃ နာရီ မှ စ၍ ကျောင်း ကြိုခြင်း ၊ ရုံး ကြိုခြင်းများ ဖြင့် ၅ နာရီ အထိ မအားတော့ပေ ။ ညနေ ၆နာရီ ဆို လျှင် ကွမ်းယာဆိုင် ပိတ်ပြီး အိမ် ပြန်ကြသည် ။

ဦးထွန်းမြတ် ဆိုက်ကား ကို နှစ်ပေါင်း များစွာ စီးခဲ့ရခြင်း ကြောင့် ဦးထွန်းမြတ် ၏ အလုပ် ဇယား ကို အလွတ်ရ နေပါပြီ ။

ရိုးသားသော ၊ အချိန်မှန်သော ၊ စောင့်ရှောက်တတ်သော ကြောင့် ကျွန်တော် တို့ တစ်အိမ်သား လုံး သာ မက တစ်ရပ်ကွက် လုံး က ဦးထွန်းမြတ် ဆိုက်ကား ကို ပထမဦးစားပေး ငှားကြသည် ။ ဂိတ် တွင် ဦးထွန်းမြတ် ဆိုက်ကား မရှိ မှ သာ အခြား ဆိုက်ကား ကို ငှားသည် ။

•••••   •••••   •••••

တစ်နေ့ တွင် မနက် စောစောစီးစီး ဒေါ်မြစိန် ရောက်လာသည် ။ အိမ် ပေါ် တက် လာ ပြီး ကျွန်တော့် ဖေဖေ ကို -

“ ဆရာ ရယ် ၊ ည က လေ ကိုထွန်းမြတ် တစ်ယောက် အပြင်းဖျား လို့ ဆေးခန်း သွားရတယ်။ သူ က ဖျားခဲ နာခဲ ပါတယ် ဆရာ ရယ် ၊ မနေ့ က တော့ ဘယ်လို ဖြစ်တယ် မသိပါဘူး။ ညစာ စားပြီး တာ နဲ့ ချမ်းတယ် ချမ်းတယ် ဆိုပြီး အိပ်ရာ ထဲ လဲ သွားတာ ။ ဖြစ်စတော့ ကွမ်းရွက်ပြုတ်ရည် လေး ဘာ လေး တိုက် ပေမယ့် မသက်သာ လို့ ညသန်းခေါင် ထ ပြီး ဆေးခန်း ကို သွားရတယ် ။ ဒီ မနက် လည်း မသက်သာပါဘူး ဆရာ ရယ် ။ နေ မကောင်း တဲ့ ကြား က ကလေး တွေ ကျောင်း ပို့ရမယ် ဆိုပြီး ကုန်းရုန်း ထ နေ လို့ တား ထားရတယ်။ အဲဒါ ဆရာ ရယ် ...”

ဒေါ်မြစိန် သည် စကား ကို ဆုံးအောင် မပြောနိုင်ရှာ ။ အားနာသော မျက်နှာ နှင့် ကြည့် နေ သဖြင့် ကျွန်တော့် ဖေဖေ က -

“ အေး ၊ အေး ရပါတယ် ။ ကလေးတွေ ကို ဆရာ တို့ လိုက် ပို့ လိုက်မယ် ။ ဪ .... ရော့ရော့ မမြစိန် ၊ ကိုထွန်းမြတ် ဆေးဖိုး ယူသွားဦး ”

ဖေဖေ ပေးသော ပိုက်ဆံ ကို မယူဘဲ ဒေါ်မြစိန် က ခေါင်း ရမ်းသည် ။

“ ယူပါ ၊ အား ရှိတာလေး တွေ လည်း ဝယ် ကျွေးနော် ၊ နေကောင်း မှ ပဲ ဆိုက်ကား ပြန်နင်းပါ ”

ဖေဖေ က ဇွတ် ပေး မှ ယူ ပြီး ပြန် သွားသည် ။

ဦးထွန်းမြတ် သည် အိပ်ရာ ထဲ တွင် တစ်ပတ် ခန့် လဲသည် ။ ဦးထွန်းမြတ် မလာနိုင်သော တစ်ပတ် တာ ကာလ အတွင်း ကျောင်း သို့ အခြား ဆိုက်ကားဆရာများ နှင့် သွားခဲ့ ရသည် ။ သူတို့ က လာ ခေါ် သည် ၊ ပြန် ပို့ သည် ၊ သည် မျှသာ ။ ဦးထွန်းမြတ် လောက် စေတနာ မပါကြပေ ။

ဦးထွန်းမြတ် သည် ဆိုက်ကားစီး ခရီးသည် များ အပေါ် တွင် သာ ကောင်းသည် မဟုတ် ။ သူတို့ ဆိုင် ဖွင့်သော လမ်း နှင့် ရပ်ကွက် အကျိုးအတွက် လည်း လုပ်ဆောင်သည် ။ ဆိုက်ကား မထွက် သည့် အချိန် တွင် လမ်းထိပ် မှာ တံမြက်စည်း လှဲသည် ။ ဖုန် မထ အောင် ရေ ဖျန်းသည် ။ ရေမြောင်းများ ကို ရေစီး ရေလာ ကောင်းအောင် နုန်းဆယ်သည် ၊ ရေမြောင်း ထဲ က အမှိုက်များ ကို ဖယ်သည် ။ ရပ်ကွက် ထဲ တွင် နာရေး ရှိရှိ သာရေး ရှိရှိ ဦးထွန်းမြတ် ဦးဆောင်၍ ဆိုက်ကားဆရာများ က ဝိုင်းဝန်း ကူညီ လုပ်ကိုင် ပေးသည် ။

ဦးထွန်းမြတ် ၏ မျက်နှာ တွင် သိသာ ထင်ရှားသော အချက် မှာ ရိုးသားခြင်း နှင့် စိတ်ကောင်း ရှိ ခြင်း ဖြစ်သည် ။ ကျောက်ပန်းတောင်း ဘက် က လာသော အညာသား ဟု ဖေဖေ တို့ ပြောဖူးသည် ။ နယ် တွင် နေစဉ် က ထန်းတက် ၊ ထန်းလျက် ချက် ခဲ့ကြောင်း ၊ အိမ်ထောင် ကျ ပြီး နောက် စီးပွားရေး အဆင် မပြေ သဖြင့် မွေးရပ်မြေ ကို စွန့်ခွာ၍ မန္တလေးမြို့ သို့ ပြောင်း ရွှေ့ လာကြောင်း ပြောပြသည် ။ ထန်းပင် တွေ ပေါ် တက်လိုက် ဆင်းလိုက် လုပ်ခဲ့သော ဦးထွန်းမြတ် အဖို့ ဆိုက်ကား နင်းရသည် မှာ အလွန် သက်သာ သော အလုပ် ဖြစ်ဟန် တူသည် ။ ပေါ့ပေါ့ပါးပါး ရှိသည် ။ ခေါင်း ၊ ခါး ၊ ခြေ ၊ လက် အချိုးညီ လှုပ်ရှားမှု က လှပသည် ။ အသားညိုညို ၊ ထောင်ထောင်မောင်းမောင်း ဦးထွန်းမြတ် သည် လူချောလူလှ မဟုတ် ပါ ။ ဆင်းရဲပင်ပန်းမှု ဒဏ် ကြောင့် အသက်အရွယ် ထက် ပင် မျက်နှာ ရင့်ရော်သည် ။ သို့သော် စိတ် ရှင်းသူ မို့ မျက်နှာ က ရှင်း နေသည် ။ စိတ်ကောင်း ရှိသူ မို့ မျက်နှာ က ကြည်လင်သည် ။ မျက်နှာ မြင် ချစ်ခင်ပါစေ ဟူသော ဆုတောင်း ပြည့်သူ ဖြစ်၏ ။

•••••   •••••   •••••

တစ်နေ့ တွင် မျက်စိမျက်နှာ မကောင်းသော ဦးထွန်းမြတ် ကို ဖေဖေ က “ နေမကောင်းဘူးလား ကိုထွန်းမြတ် ” ဟု မေးသော အခါ ဦးထွန်းမြတ် က -

“ ကောင်းပါတယ် ဆရာကြီး ၊ ဒါပေမဲ့ အခက်အခဲ တစ်ခု ပေါ်လာလို့ စိတ်မကောင်းဖြစ်နေတာပါ ”

“ ဘယ်လို အခက်အခဲ လဲ ”

“ ဒီလ ကုန် ရင် ကလေး တွေ ကို ကျောင်းပို့ ကျောင်းကြို လုပ် ပေးဖို့ အခက်အ ခဲရှိနိုင်ပါတယ် ဆရာကြီး ။ လ ကုန်ရင် ကျွန်တော့် ဆိုက်ကား ပိုင်ရှင် က ဆိုက်ကား တွေအားလုံး ရောင်းတော့ မှာ ပါ ။ ဒါကြောင့် နောက်ထပ် ဆိုက်ကား တစ်စီး ရှာရဦးမယ် ။ အခု ထိ တော့ သူ့ ဆိုက်ကား နဲ့ သူ လူ အပြည့် ဖြစ်နေတယ် ။ လ မကုန်ခင် ဆိုက်ကား တစ်စီး ရရင် ပုံမှန် အတိုင်း ပို့ပေး နိုင်မှာ ပါ ” 

ဦးထွန်းမြတ် ပြန် သွားသော အခါ ဖေဖေ နှင့် မေမေ တို့ တိုင်ပင်ကြသည် ။

“ ကိုထွန်းမြတ် က လူကောင်း ကွ ။ လောက မှာ လူတော် တွေ လို သလို လူကောင်း တွေ လည်း လို တယ် ။ လူတော် ဖြစ်ပြီး လူကောင်း မဟုတ်ရင် အလွန် အန္တရာယ် ကြီးတယ် ။ လူကောင်း ကို လူတော် ဖြစ် အောင် ပံ့ပိုးပေး လို့ ရတယ် ။ ပျိုးထောင်လေ့ကျင့် ပေးလို့ ရတယ် ။ ငါ တော့ ကိုထွန်းမြတ် ကို နည်းနည်း ပါးပါး ထောက်ပံ့ ပေးချင်တယ် ။ တို့ က လည်း လခစား အစိုးရ ဝန်ထမ်း ဆိုတော့ သူ့ ကို ဆိုက်ကား တစ်စီး ဝယ် မပေးနိုင်ဘူး ”

“ ဒီလို လုပ်ရင် ရပါတယ် ။ ကျွန်မ တို့ နိုင်သလောက် ငွေကြေး နဲ့ မတည်မယ် ။ ကျွန်မ လည်း လမ်း ထဲ က နှစ်ယောက် သုံးယောက် လောက် ကို ပြော ကြည့် ဦးမယ် ။ သူတို့ ဝိုင်းဝန်း ထောက်ပံ့ ကြ ရင် အဆင် ပြေနိုင်ပါတယ် ”

ဖေဖေ နှင့် မေမေ တို့ ၏ အကြံဉာဏ် ၊ ကြိုးပမ်းမှု ဖြင့် လမ်း ထဲ မှ သုံး လေးအိမ် က လည်း ငွေ ကြေး ထည့်ဝင်ကြသော အခါ ဆိုက်ကား တစ်စီး ရ ရှိ လာသည် ။ ယခင် ပိုင်ရှင် ထံ မှ ဆိုက်ကား ကို ဝယ်ယူ ၍ ဦးထွန်းမြတ် အား ပေး လိုက်သည် ။ ဦးထွန်းမြတ် သည် ဝမ်းသာ လွန်း၍ မျက်ရည် တွေ လည် နေသည် ။

ဖေဖေ က “ ခင်ဗျား နိုင် သလောက် ငွေကြေး နဲ့ ဖြည်းဖြည်းချင်း ဆပ် လို့ ရပါတယ် ” ဟု မှာကြား လိုက်သည် ။ ဦးထွန်းမြတ် သည် ထို ဆိုက်ကား တန်ဖိုး ကို တစ်လ တစ်ကြိမ် မှန်မှန် ဖြင့် နှစ်နှစ် ခန့် ကြာ အောင် ပေးဆပ် ခဲ့သည် ။

ဦးထွန်းမြတ် တို့ လင်မယား သည် စိတ်ကောင်း စေတနာ ရှိကြ သဖြင့် ဆင်းရဲ သော်လည်း မလွဲ ပေ ။ သူတို့ မိသားစု သည် စိုစိုပြည်ပြည် ပျော်ပျော် ရွှင်ရွှင် နေထိုင် နိုင်ကြသည် ။

သူတို့ မိသားစု အကြောင်း ကို ပြောဖို့ ကျန် နေပါသည် ။ ဦးထွန်းမြတ် တို့ မှာ သားသမီး ခြောက်ယောက် ရှိသည် ။ ယခု ခေတ် အခြေအနေ နှင့် ဆိုလျှင် သားသမီး များ သည် ဟု ပြော နိုင်သည် ။ သားသမီး များခြင်း ကြောင့် သူတို့ လူလား မမြောက်မီ က ဦးထွန်းမြတ် တို့ လင်မယား ပင်ပန်းကြ သော်လည်း ကလေးများ အရွယ် ရောက်သည့် အခါ မိဘ ကို ကူညီ ထောက်ပံ့မှု များစွာ ပြု ပေးကြသည် ။ အကြီးဆုံး သမီး မြတင့် နှင့် မြဆင့် ကို ကျောက်ပန်းတောင်း အနီး က တောရွာလေး တစ်ရွာ မှာ မွေး သည် ။ ငယ်စဉ် က ပညာ ကောင်းစွာ မသင်ရဘဲ အရွယ် ရောက် သော် တရုတ်တန်းဈေး တွင် ဈေးရောင်း ကြသည် ။ တတိယ သား ကိုမြစိန် သည် အရွယ် ရောက်သည် နှင့် စစ် ထဲဝင် သွားရာ ယခု အခါ တပ်ကြပ်ကြီး ဖြစ် နေပြီ ဟု သိရသည် ။ စတုတ္ထ သား မြတ်လင်းအောင် သည် ကျွန်တော် နှင့် သက်တူရွယ်တူ ဖြစ်သည် ။ ဘွဲ့ ရပြီး ကုန်သွယ်ရေး တွင် အရာရှိ ဖြစ် နေပြီ ။ ပဉ္စမ သား မြတ်ထိန်ဝင်း သည် တက္ကသိုလ် တွင် ဆရာ တစ်ဦး ဖြစ်ပြီး ပါရဂူဘွဲ့ အတွက် စာတန်း ပြုစု နေသည် ။ မကြာမီ ဒေါက်တာဘွဲ့ ရတော့မည် ။ အငယ်ဆုံး သမီး မြတ်ထွေးသန္တာတင့် က ဆေးတက္ကသိုလ် ကျောင်း သူကြီး ဖြစ် နေပြီ ။ သူ လည်း မကြာမီ ဆရာဝန် ဖြစ်တော့မည် ။

မိဘ က စိတ်ကောင်း စေတနာ ရှိခြင်း ၊ ရိုးသားခြင်း ၊ ကြိုးစားခြင်း ကြောင့် သားသမီးများ ကောင်းစား ကြသည် ။ ကိုယ့် အရည်အချင်း နှင့် ကိုယ် ရပ်တည် နေထိုင်နိုင်ကြသည် ကို တွေ့ရသည် ။

လူတိုင်း တွင် ကိုယ့် ကိုယ် ကိုယ် ပြဋ္ဌာန်း ဖို့ ရာ မှာ စိတ်ကောင်း ရှိဖို့ လို သည် ။ “ ခိုင်း မှ လုပ် ၊ ပြော မှ သိ ၊ ထိ မှ နာ ” ဆိုသည် မှာ ကိုယ်ကျိုးရှာ သမားများ ၏ ဆောင်ပုဒ် ဖြစ်သည် ။

•••••   •••••   •••••

ဦးထွန်းမြတ် နှင့် ဒေါ်မြစိန် တို့ အသက်အရွယ် ကြီးရင့်သော အခါ ဦးထွန်းမြတ် သည် ဆိုက်ကား မနင်းတော့ ပေ ။ ဒေါ်မြစိန် ၏ ကွမ်းယာဆိုင် ကို လည်း စည်ပင်သာယာ က လမ်းဘေး တွင် ဈေးဆိုင် ဆောက်ခွင့် မပေး သဖြင့် ပိတ် လိုက်ရသည် ။ ဦးထွန်းမြတ် နှင့် ဒေါ်မြစိန် တို့ သည် လောကီ အလုပ် ကို မလုပ်ရသော အခါ လောကုတ္တရာ အလုပ် ကို လုပ်ကြသည် ။ စားဝတ်နေရေး အတွက် သမီးကြီး မမြတင့် နှင့် မမြဆင့် တို့ က ဈေးရောင်း ကျွေးသည် ။ ဦးထွန်းမြတ် တို့ ဇနီးမောင်နှံ သည် ရိပ်သာ ဝင်၍ ရိပ်သာ စားဖိုဆောင် တွင် ရဟန်းသံဃာ နှင့် တရားစခန်း ဝင် သော ယောဂီများ အတွက် ဆွမ်းဟင်းများ ချက်ပြုတ် ရင်း ကုသိုလ် ယူခဲ့ကြသည် ။

စိတ်ကောင်း ရှိသူ တစ်ဦး သည် ဘဝ တစ်ပါး သို့ ကူးပြောင်း သွားပြီ ။ သူ့ ကို ဂုဏ်ပြုသော အား ဖြင့် ကျွန်တော်တို့ မိသားစု သာ မက ဦးထွန်းမြတ် နှင့် သိကျွမ်းဖူးသူများ အားလုံး လိုက် ပို့ကြသည် ။

သာမန် လူဆင်းရဲ တစ်ဦး ၏ အသုဘ အခမ်းအနား ဖြစ်သော်လည်း စည်ကား လှသည် ။ ။

◾ ကိုရိုးကွန့်

📖 ကိုယ့်ကိုယ်ကိုယ် ပြဋ္ဌာန်းပါ စာစု
      ၂၀၁၃ ခု ဇူလိုင်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment