Monday, July 1, 2024

ဒူး နေရာ ဒူး တော် နေရာ တော်

❝ ဒူး နေရာ ဒူး တော် နေရာ တော် ❞

           ( ညိုမေ )

           

ရှေးရှေးတုန်း က တောစပ် နား မှာ ရှိတဲ့ သစ်ငုတ်တိုကြီး တစ်ခု ပေါ် မှာ အိမ်ကလေး ဆောက် ပြီး ဖားကလေး ရယ် ၊ ဖြူကလေးရယ် ၊ ယင်ကောင်ကလေး ရယ် ၊ ကြက်ဖကြီး ရယ် အတူတူ နေကြတယ် ။


တစ်နေ့ ကျ တော့ သူတို့ အားလုံး တော ထဲ ကို လမ်းလျှောက် ထွက် ကြတယ် ။ ယင်ကောင်ကလေး က တော့ သူ့ မှာ အတောင် ရှိတော့ အပေါ် က ပျံ ရင်း နဲ့ လိုက်တယ် ။ သွားရင်း သွားရင်း နဲ့ သစ်ပင် မရှိတဲ့ ကွက်လပ် တစ်ခု ကို ရောက် လာ ကြတော့ အင်မတန် ထူးဆန်းတဲ့ လှည်းကလေး တစ်ခု ကို တွေ့ ကြတယ် ။ ဒီ လှည်းကလေး မှာ ရှိတဲ့ ဘီးတွေ ဟာ တစ်ခု နဲ့ တစ်ခု အရွယ်အစားချင်း မတူကြဘူး ။ ဘီး တစ်ခု က ကြီးကြီး ၊ နောက် တစ်ခု က ငယ်ငယ် ၊ နောက်ထပ် တစ်ခု က ဒီထက် ငယ်ငယ် ၊ ပြီးတော့ နောက်ဆုံး တစ်ခု က တော့ ပိစိကွေးကလေး တဲ့ ။


လှည်း အောက် မှာ လည်း မှိုပွင့်တွေ ပွင့် နေတာ တွေ့ ရတယ် ။ ဧကန္တ တော့ ဒီ လှည်းကလေး ဒီ မှာ ရောက် နေတာ ကြာလှပြီ လို့ ဆိုပြီး ဖားကလေး ရယ် ၊ ဖြူကလေး ရယ် ၊ ယင်ကောင် ကလေး ရယ် ၊ ကြက်ဖကြီး ရယ် က ဟိုကိုင် ဒီကိုင် နဲ့ ကြည့် နေ ကြတုန်း ယုန်ကလေး တစ်ကောင် ဟာ သူတို့ အနား ရောက် လာတာ နဲ့


ကြက်ဖကြီး က “ ဒီမှာ မိတ်ဆွေ ဒီ လှည်းကလေး ဟာ ခင်ဗျား ရဲ့ လှည်းကလေး လား ” လို့ မေး လိုက်တယ် ။


ယုန်ကလေး က လည်း “ မဟုတ်ပါဘူးဗျာ ... မနှစ် နွေတုန်း ကတည်း က ဝက်ဝံကြီး ထင်း သယ်ဖို့ လုပ်တာ တွန်း မရလို့ ပစ်ထားခဲ့တာ ကြာပြီကော ” လို့ ပြန် ဖြေတယ် ။


“ ဒါဖြင့် ... ပိုင်ရှင် မရှိ ရင် ဒို့ အိမ် ကို ယူ သွားရအောင် ”  လို့ ဖြူကလေး က ပြောတယ် ။ အားလုံး က လည်း “ ကောင်းတယ် ဟေ့ ... ယူသွားကြရအောင် ” ဆိုပြီး လှည်း ကို တွန်း ကြတယ် ။ ဘယ်လောက်ပဲ တွန်း ပေမယ့် လှည်း က တော့ နေရာ က တစ်ရွေးသား မှ မရွေ့ဘူး ။ ဒါပေမယ့် သူတို့ ဟာ အား မလျှော့ဘဲ တစ်ခါ ထပ်ပြီး တွန်း ကြပြန်တယ် ။ ဒီ တစ်ခါတော့ လှည်း ကလေး ဟာ တစ်ဖက် ကို စောင်းသွား ပြီး လှည်းလမ်းကြား ထဲ ကို ကျ သွားတယ် ။ ဒါကို ကြည့် ပြီး ယုန်ကလေး က သဘော ကျ ပြီး “ ဟား ... ဟား .. ဟား ... ” လို့ ရယ် သတဲ့ ။


ဖားလေး ရယ် ၊ ဖြူလေး ရယ် ၊ ယင်ကောင်ကလေး ရယ် ၊ ကြက်ဖကြီး ရယ် က မောလွန်း လို့ ... ဟောဟဲ ... ဟောဟဲ နဲ့ နေပေမဲ့ ဒီ အတိုင်း လှည်းကလေး ကို မထားခဲ့ရက်ကြဘူး ။ လှည်း ကလေး မရ ပေမယ့် ဘီးကလေး တွေ တော့ တစ်နည်းနည်း နဲ့ အသုံးချဦး မှ ပဲ ဆိုပြီး ... ဘီးကလေး တွေ ကို ချွတ် ယူကြတယ် ။


ကြက်ဖကြီး က အကြီးဆုံး ကို ယူတယ် ။ ဖားကလေး က ငယ်ငယ်ကလေး ကို ယူတယ် ။ ဖြူကလေး က ဒီထက် ငယ်ငယ်သေးသေးကလေး ကို ယူပြီး ယင်ကောင်ကလေး က ပိစိကွေး ကလေး ကို ယူပြီး လှိမ့် သွားကြတယ် ။ ဘေး က ကြည့် နေတဲ့ ယုန်ကလေး က “ တယ် မိုက်တဲ့ အကောင် တွေ ပဲ ။ အသုံး မကျတဲ့ ဘီးတွေ ကို အပင်ပန်း ခံပြီး ယူနေကြတယ် ” လို့ ဆိုပြီး ရယ် ကျန်ရစ် ခဲ့တယ် ။


သစ်ငုတ်တိုကြီး ပေါ် က အိမ် ကို ပြန် ရောက်တော့ ဖားကလေး ရယ် ၊ ဖြူကလေး ရယ် ၊ ယင်ကောင်ကလေး ရယ် ၊ ကြက်ဖကြီး ရယ် ဟာ သူတို့ ယူ လာ ခဲ့တဲ့ ဘီးတွေ ကို ဘယ်လို အသုံးချ ရပါ့မလဲ လို့ ထိုင် ပြီး စဉ်းစား ကြတယ် ။


“ ငါ တော့ အကြံ ရပြီဟေ့ ” ဆိုပြီး ယင်ကောင်ကလေး ဟာ သူ့ ရဲ့ပိစိကွေး ဘီးကလေး ကို ဗိုင်းငင့် ဖို့ ချားကလေး တစ်ခု လုပ်တယ် ။


ဖြူကလေး က တော့ တုတ်ချောင်း နှစ်ချောင်း ကို ရှာပြီး ဘီးငယ်ငယ်ကလေး နဲ့ လက်တွန်းလှည်း လုပ်တယ် တဲ့ ။


ဖားကလေး က လည်း “ ငါ လည်း အကြံ ရပြီလို့ ဆိုပြီး သူ့ ဘီး ကို ရေတွင်း မှာ တပ်ပြီး ရေ တင် သတဲ့ ။


ကြက်ဖကြီး က တော့ အကြီးဆုံး ဘီး ကို အိမ်ဘေး က စမ်းချောင်းကလေး နား ယူ သွား ပြီး တော့ ရေမောင်း တစ်ခု လုပ် လိုက်တယ်တဲ့ ။


ပြီးတော့ ယင်ကောင်ကလေး က ချည် ငင်တယ် ။ ဖားကလေး က ရေ ခပ်ပြီး ခြံစိုက် တယ် ။ ဖြူကလေး က တော့ သူ့ လက်တွန်းလှည်းကလေး နဲ့ တော ထဲ က သစ်သီး တွေ ၊ မှို တွေ ၊ ထင်း တွေ ရှာ ပြီး တင် လာတယ် ။ ကြက်ဖကြီး က တော့ သူ့ ရေမောင်း မှာ ဂျုံ ကြိတ်တယ် ။


တစ်နေ့ တော့ ယုန်ကလေး ဟာ သူတို့ အိမ် ကို အလည် လာတယ် ။ သူတို့ က ဝမ်းသာ အားရ နဲ့ ဆီးကြို ပြီး ယင်ကောင်ကလေး က ယုန်ကလေး ဖို့ လက်အိတ်ကလေး ထိုး ပေးတယ် ။ ဖားကလေး က သူ့ ခြံ ထဲ က မုန်လာဥ တစ်ဥ တူးပြီး ကျွေးတယ် ။ ဖြူကလေး က တော ထဲ က မှို ရယ် ၊ သစ်သီး ရယ် ယူ လာ ပေးတယ် ။ ကြက်ဖကြီး က တော့ ပေါင်မုန့် ရယ် ၊ ကိတ်မုန့် ရယ် ကျွေးတယ် ။ ယုန်ကလေး က ဒီလို ပြုစုကြတာ ကို အင်မတန် ကျေးဇူး တင် တဲ့ အပြင် တစ်ခါတုန်း က သူ က ပြက်ရယ် ပြုခဲ့မိတာ ကို နောင်တ ရ လာတယ် ။ ဒါနဲ့ သူ က ယင်ကောင်ကလေး ရယ် ၊ ဖား ကလေး ရယ် ၊ ဖြူကလေး ရယ် .. ၊ ကြက်ဖကြီး ရယ် ကို ...


“ ကျွန်တော် ခင်ဗျားတို့ ကို ပြက်ရယ် ပြုမိတာ ကို ခွင့်လွှတ်ပါဗျာ ။ အရွယ် မညီ တဲ့ ဘီးတွေ ပေမယ့် သူ့ နေရာ နဲ့ သူ အသုံးဝင်တယ် ဆိုတာ နားလည်ပါပြီ ” လို့ တောင်းပန်တယ် တဲ့ ။ ယင်ကောင်ကလေး ရယ် ၊ ဖားကလေး ရယ် ၊ ဖြူကလေး ရယ် ၊ ကြက်ဖကြီး ရယ် က “ ကိစ္စ မရှိပါဘူး ။ ခုလို သိတတ် လာတာ ကို ပဲ ဝမ်းသာပါတယ် ။ ဘယ် ပစ္စည်း မဆို သူ့ နေရာ သူ အသုံး ဝင်တာချည်းပဲ ။ ဒါကြောင့် ဘယ်တော့မှ အလဟဿ မဖြစ်စေရဘူး ” လို့ ပြောကြတယ် ။ ယုန်ကလေး ကို လည်း သူတို့ နဲ့ အပိုင် နေပါတော့ လို့ ခေါ်ပြီး သစ်ငုတ်တိုကြီး ပေါ် က  အိမ်ကလေး မှာ ပျော်ပျော်ကြီး နေကြရောတဲ့


◾ညိုမေ 


📖 ရှုမဝ မဂ္ဂဇင်း

      ၁၉၅၈ ၊ ဇူလိုင်


#ကိုအောင်နိုင်ဦး


.

 

No comments:

Post a Comment