❝ သည်လိုပဲ အမြဲ ရနေဦးမလား ❞
“ လေးလေးရယ် ခုမှတော့ လွန်ခဲ့ပါပြီ ။ ပြန်မလာတော့ပါဘူး ”
ကား ဒရိုင်ဘာ ကိုသိန်းမောင်ကြီး က ဆွေးဆွေးမြည့်မြည့် ပြောလေ၏ ။
“ ကဲ မှာ ဂျမ်းလား ၊ စာနီလား ၊ ဘီယာလား ”
“ ဖြတ်လိုက်ပြီ ၊ အမြည်းပဲ စားတော့မယ် ၊ နာတယ် လေးလေး ”
“ နောက်ကျ သွားပါပြီ ”
“ ကျွန်တော်တို့ ”
မှန်ပါသည် ။ ကျွန်တော်တို့ ဆိုရာ ၌ ကိုသိန်းမောင်ကြီး နှင့် ပုလင်းတူ ဘူးဆို့များ ထဲ၌ ကျွန်တော် မောင်ချမ်းသာ လည်း အပါအဝင် ဖြစ်လေသည် ။
ကိုသိန်းမောင်ကြီး မိုး ကောင်းခဲ့သော ကာလများ ။ ၁၉၇၇ - ၁၉၈၇ - ၁၉၉၅ ကာလများ ။
ထိုစဉ်က ကျွန်တော် မောင်ချမ်းသာ က တောမြေပဲ ကုန်သည် ။ ကိုသိန်းမောင် က ကားစပယ်ယာ ၊ ထို့နောက် ဒရိုင်ဘာ ၊ ထို့နောက် အုံနာ ။
တွဲမိခဲ့ကြသည် ။ သူ့ ဘက် က ကုန် ရရေး အတွက် ၊ ကျွန်တော်တို့ ဘက် က ကုန်များ အချိန်မီ မြို့သို့ ရောက်ရေး အတွက် ။
သောက်ဟယ် ၊ စားဟယ် ၊ ပျော်သမှ အရမ်း ကို ပျော်ခဲ့ကြ ။ ငွေထုပ်ကလေး က အိတ် ထဲ အမြဲ ရှိနေ သကိုး ။
ကိုသိန်းမောင်ကြီး သည် စပယ်ယာ ၊ ဒရိုင်ဘာ ၊ အုံနာ ရာထူး အဆင့်ဆင့် တက်ပြီး နောက် ရာထူး အကြီးအကျယ် လျော့ကျ ကာ တောရွာ မှာ ယာ လုပ်သည့် အဆင့် သို့ ရောက်သွား လေတော့၏ ။
ယခုအခါ မှာ တော့ ဒုတိယ ရာထူး ဖြစ်သော ဒရိုင်ဘာ အဖြစ် အဝေးပြေး ဆယ်ဘီးကားကြီးများ ပေါ် ရောက် နေလေပြီ ။
“ မစုဘူး ၊ မစုခဲ့မိဘူး ၊ စုရကောင်းမှန်း ကို မသိခဲ့တာ ”
“ အမှန်အတိုင်း ပြောရရင် ဒီလိုပဲ အမြဲ ရနေလိမ့်မယ် လို့ ထင်ခဲ့မိတာ ”
“ မင်းချည်း မှ မဟုတ်ပါဘူးကွာ ၊ ငါ လဲ ဒီလိုပါပဲ ”
၁၉၇၄ - ၁၉၈ဝ ရန်ကုန် ကြည့်မြင်တိုင် ညဈေးတန်း မှာ မောင်ချမ်းသာ က မှောင်ခို အထည်သည်ကလေး ပါ ခင်ဗျာ ။
ရောင်း ကောင်းတဲ့ နေ့များ ဆို
“ လာကြဟေ့ ကျွဲခေါင်း ပေါက်စီ ”
ညဈေး သိမ်းပြီ ဆို အပေါင်းအဖော်များ နှင့် လက်ဖက်ရည်ဆိုင် သွား ။
“ ကဲ ချလကွာ ကျွဲခေါင်း ပေါက်စီ ”
အဲသည်တုန်းက ကြည့်မြင်တိုင် က လက်ဖက်ရည်ဆိုင် ( နာမည်မေ့ ) မှာ ကျွဲခေါင်းပေါက်စီ က နာမည်ကြီး ဗျာ ။ အလုံးထွားထွား ၊ အသားများများ ၊ ရှည်ချွန်းချွန်း ၊ တကယ့် ကျွဲခေါင်းကြီး လိုပါပဲ ။
တစ်ခါတလေ ကျတော့ ကြည့်မြင်တိုင် ဘူတာ နား က ဆိတ်သားခပတ်ဆိုင် ။
“ လုပ်ဟေ့ စပါယ်ရှယ် ”
အပေါင်းအသင်းများ နှင့် ပါပဲ ။ တစ်လ တစ်လ ထောင့်လေးငါးရာ နှစ်ထောင် ရပါ၏ ။ မိသားစု ငါးယောက် ရရစားစား ဝါးဝါးမျိုမျို ။
မစုမိပါ ၊ ဘာမျှ မစုခဲ့မိပါ ။ ရန်ကုန် မှ အောင်လံ သို့ ပြန် ပြောင်းသော အခါ အိမ် ရောင်း လို့ ရသော ပိုက်ဆံကလေး သာ လက် ထဲ ပါခဲ့ပါ၏ ။
ထို အကြောင်း ကို ကပ္ပိယ ဦးစံမြင့် သို့ ပြောမိသော အခါ ။
“ ဟာ ဆရာ က ဘာ ဟုတ်သေးလဲဗျာ ”
“ ကျွန်တော့် အဖြစ် က မှ ”
အောင်လံ က နေ မန္တလေး တစ်ခေါက် ဆို အမြတ် ငါးထောင် ရတယ် ဆရာ ။ အဲဒီတုန်း က ငါးထောင် ဆိုတာ ”
“ သိတယ် သိတယ် ၊ ကြက်သား တစ်ပိဿာ မှ တစ်ဆယ် ၊ ဆယ့်နှစ်ကျပ် ပေးရတဲ့ ခေတ်မို့လား ”
“ မှန်တာပေါ့ ဆရာ ၊ ရွှေ တစ်ကျပ်သား ကျပ် ၁၅၀ဝ ၊ ကျပ် ၁၆၀ဝ ခေတ် ပါ ဆရာ ။ ရွှေ သုံးကျပ်သားဖိုး လောက် ကိုယ်တွက် ကျန်တာ ဆရာ ရေ့ ”
“ အဲဒါ သုံးဟယ် စားဟယ် ဟိုတယ်တက်ဟယ် နဲ့ ဘာမှ ကောင်းကောင်း မစုမိဘူး ဆရာ ”
“ ဒီလိုပဲ အမြဲ ရ နေလိမ့်မယ် လို့ မှတ်တာကိုး ”
“ ဖြစ်ချင်တော့ ”
“ အင်း ပြောပါဦး ”
“ ဖြစ်ချင်တော့ ကျွန်တော်တို့ လိုင်း ပျောက်သွားတယ် ဆရာ ၊ ခေတ် ကုန်သွားတယ် ”
“ ဘာလိုင်းလဲ ဗျာ့ ”
“ ဘိလပ်မြေလိုင်း လေ ၊ ၁၉၉ဝ ခုနှစ် နောက်ပိုင်း ဘိလပ်မြေ စက်ရုံတွေ အလျှိုအလျှို ၊ ဘိလပ်မြေ တွေ တံဆိပ်မျိုးစုံ နဲ့ ထွက် လာတော့ ”
“ အင်း ဟုတ်ပြီ ဟုတ်ပြီ ”
“ လိုင်းပျောက် ခေတ်ပျောက် သွားတော့ ”
“ ဆရာ ရယ် လိုင်းပျောက် ခေတ်ပျောက် သွားတော့ အခု ကျွန်တော် ဘုန်းကြီးကျောင်း မှာ ထင်း ပေါက်ရတဲ့ ဘဝ ရောက် သွားတော့တာပေါ့ ဆရာရယ် ”
မှန်ပါပေသည် ။ မှန်ပါပေသည် ။ မိုး သည် အမြဲ မကောင်းတတ်ပါ ။ လေ သည် လည်း အမြဲ သဘောကောင်း မနေတတ်ပါ ။ ထို့အတူ စီးပွါးရေး ဆိုတာ ကလည်း ဆိုတာ က လည်း .... ။
သည်လို ပဲ အမြဲ ရနေဦးမလားလို့ ။
သည်လို လည်း အမြဲ ရမနေတတ်ပါ ။
သည်လို လည်း အမြဲ ရချင် မှ ရမယ် ဆိုရင်တော့ ။
ရတုန်း စုမိလိုက်တဲ့ လူ က ကျော်တက် သွား ၊ ကျော်တက် သွားပါ၏ ။
⎕ မောင်ချမ်းသာ
📖 ကုမုဒြာ ဂျာနယ်
၉ စက်တင်ဘာလ ၂၀၀၅
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment