Thursday, July 4, 2024

နာရီဟန်ချက် ဥပဒေသ


 ❝ နာရီဟန်ချက် ဥပဒေသ ❞


“ ဒေါက် ဒေါက် ”


တံခါး ခေါက်သံ ထွက်ပေါ် လာ၏ ။ ဂမ္မာ က တံခါး ဖွင့် ပေး လိုက်သည် ။ လူ တစ်ယောက် ပျာယီးပျာယာ ဝင် လာ၏ ။ သူ့ ကို မျက်လုံး ဖြင့် ကြည့် ကာ ...


“ ဒေါက်တာ ဂမ္မာ ပါ လား ခင်ဗျား ”


“ ဟုတ်ပါတယ် ”


“ အို … တွေ့ ချင်လွန်း လို့ ဝင်လာ နှုတ်ဆက်တာ ပါ ။ ဒေါက်တာ လို လူမျိုး ရှိ တာ လူသား အားလုံး အတွက် ကျေးဇူး ကြီးလှပါတယ် ”


သူ့ ကို အထပ်ထပ် လက်ဆွဲ နှုတ်ဆက် ကာ ထို ပုဂ္ဂိုလ် ပြန် ထွက် သွား၏ ။ ဂမ္မာ က တံခါး ပြန် ပိတ်ကာ အခန်း ထဲ သို့ ပြန်လှည့် ဝင်ခဲ့သည် ။


ထိုစဉ် အချိန်မှာ ပဲ ...


“ ဒေါက် ဒေါက် ”


နောက် တစ်ယောက် တံခါး လာ ခေါက် ပြန်သည် ။ ဖွင့် ပေး လိုက်တော့ စီးပွားရေးသမား ပုံစံ ရှိသော လူ တစ်ယောက် ဝင် လာသည် ။


“ ဒီ ဆုတံဆိပ် ကို လက်ခံပါ ခင်ဗျာ ”


“ အို … နေပါဦး ၊ ဒီမှာ အရမ်း များနေပြီ ”


“ မငြင်းပါနဲ့ ဒေါက်တာ ရယ် ၊ ကျွန်တော် တို့ အဖွဲ့အစည်း ကို ဂုဏ်ပြုသော အားဖြင့် ဒီ ဆုတံဆိပ် ကို လက်ခံ ပါ ”


ဂမ္မာ က အားနာ တတ်သည် ။ ငြင်းရ ခက်လာ သဖြင့်


“ အင်း … ဒါဖြင့် လည်း ထားခဲ့လေ ” 


“ ကျေးဇူးပါပဲ ဒေါက်တာ ၊ ကျေးဇူးပါပဲ ”


ဆုတံဆိပ် ကို ထားခဲ့ ကာ ထို လူ ပျော်ရွှင်စွာ ပြန် ထွက် သွား၏ ။ တံခါး ပြန် မပိတ်ရ သေး ခင် မှာ ပညာရှင် ပုံ ပေါက် သော ဆံပင်ဖြူဖြူ ၊ အဘိုးအို တစ်ယောက် ရောက် လာ ပြန်သည် ။


“ ဂမ္မာ ဆိုတာ မင်း လား ”


အဘိုးအို က လေသံမာမာ ဖြင့် မေး၏ ။


“ ဟုတ် ... ဟုတ်ပါတယ် ”


အဘိုးအို က အခန်း ထဲ မှ ဆုတံဆိပ် များ ၊ ဂုဏ်ပြု လက်မှတ် များ ကို တပြန့်တကျဲ လိုက်ကြည့်၏ ။ ပြီး ဂမ္မာ့ မျက်လုံး ထဲကို စိုက် ကြည့်ကာ ..


“ ဒီနေ့ မနက် က ပဲ တက္ကသိုလ် တော်တော်များများ က ဒေါက်တာဘွဲ့  ဝိုင်း ပေး ခံရတဲ့ ဂမ္မာ ဆိုတာ မင်း နော် ၊ သေချာတယ်နော် ”


“ ဟုတ်ကဲ့ပါ ခင်ဗျာ ၊ သေချာပါတယ် ။ ကျွန်တော် ပါ ပဲ ။ ဆရာကြီး ထိုင်ပါဦးလား ”


အဘိုးအို က မထိုင်ချေ ။ သူ ပြောချင်သော စကား များ ကို သာ ဆက် ပြော၏ ။


“ မင်း က ဒီ ဒေါက်တာဘွဲ့ ကို သင်္ချာဥပဒေသ တစ်ခု ထုတ်ပြန် ပြီး ရတာ ဆို ”


“ ဟုတ်ပါတယ် ”


“ တက္ကသိုလ် တွေ က တင် မကဘူး ၊ ကြား ရတဲ့ လူတိုင်း က မင်း ရဲ့ ဥပဒေသ ကို အရမ်း သဘောကျ ကြတယ် ဆို ”


“ ဟုတ်ကဲ့ ၊ အဲဒီ အတိုင်း ဖြစ်နေကြတာပါပဲ ”


အဘိုးအို ၏ မျက်နှာထား က တင်းမာ သွားသည် ။ အထက် စီး လေသံ နှင့် ဆက် မေး၏ ။


“ ဆိုစမ်းပါဦး ၊ မင်း ရဲ့ သင်္ချာဥပဒေသ က ဘာ နာမည်တုံး ။ ဘယ်လို ခေါ်သလဲ ”


“ နာရီဟန်ချက် ဥပဒေသ လို့ ခေါ်ပါတယ် ”


အဘိုးအို က မျက်မှောင် ကြုတ်သွား၏ ။


“ နာရီဟန်ချက် ဥပဒေသ ဟုတ်လား ”


“ အချိန် နဲ့ ပတ်သက်သော သင်္ချာသဘောတရား များ ဆိုတဲ့ ကျမ်းတွေ ကို ငါ အတွဲ လိုက် ရေးထုတ်ခဲ့တာ ကွ ။ မင်း ကို တစ်ခါမှ မကြားဖူးပါဘူး ။ ဆိုစမ်းပါဦး ၊ မင်း ရဲ့ ဥပဒေသ က ဘာကို ဖွင့်ဆိုတာလဲ ”


ထို အချိန် မှာ ပဲ သတင်းထောက် များ ရောက်လာသည် ။ ဘာ စကား မှ မပြောခင် ဂမ္မာ့ ကို ဓာတ်ပုံ တဖျတ် ဖျတ် ဝိုင်း ရိုက်ကြ၏ ။ ပြီးမှ သတင်းထောက် တစ်ယောက် က ...


“ ဒေါက်တာ ရဲ့ ဥပဒေသ ကို ရှင်းပြပါဦး ခင်ဗျာ ” 


ဂမ္မာ က အဘိုးအို ကို မျက်လုံးတစ်ချက် ဝင့် ကြည့် ကာ သတင်းထောက် များ ဆီ ဦးတည် ရှင်းပြ လိုက်၏ ။


တိုင်ကပ်နာရီကြီး တစ်လုံး ကို လက်ညှိုး ညွှန် ကာ ရှင်းပြခြင်း ဖြစ်၏ ။


“ ဒီလိုလေ နာရီ ဆိုတာ အင်မတန် တိကျတဲ့ အရာ ပဲ ။ လောကကြီး ဟာ သူ့ ရင်ဘတ် မှာ နာရီ ကို ကပ်ပြီး လည်ပတ် နေရတာ ။ နာရီ ရဲ့ တိကျမှု ကို မှီခိုပြီး လူတွေ ဟာ အလုပ် လုပ် နေကြတယ် မဟုတ်လား ”


“ ဟုတ်ပါတယ် ဒေါက်တာ ”


“ အဲဒီလို တိကျလှတဲ့ နာရီ မှာ တောင် လွဲချော်မှု ရှိ တယ် ။ တိကျသော လွဲချော်မှု ဖြစ်တယ် ”


“ ဟုတ်ကဲ့ ရှင်းပါဦး ဒေါက်တာ ”


“ မိနစ်တံ နဲ့ နာရီတံ ဟာ တစ်နာရီ မှာ တစ်ကြိမ် ထပ်လျက် ကျတယ် ။ ၂၄ နာရီ မှာ ၂၄ ကြိမ် ထပ်လျက် ကျမယ် ။ အဲလို ယူဆစရာ ရှိတယ် မဟုတ်လား ” 


“ ဟုတ်ပါတယ် ဒေါက်တာ ”


“ ဒါပေမဲ့ လက်တွေ့ မှာ အဲဒီလို မဟုတ်ဘူး ။ နာရီ လက်တံ က လည်း ၁၂ နာရီ မှာ တစ်ပတ် ပတ်ပြီးသား ဖြစ်နေတယ် ။ မိနစ်တံ ၁၂ ပတ် ပတ် တဲ့ အချိန် မှာ နာရီ လက်တံ က လည်း တစ်ပတ် ပတ် ပစ်လိုက် တဲ့ အတွက် ကြောင့် မိနစ်တံ နဲ့ နာရီတံ ဟာ ၁၂ နာရီ မှာ ၁၁ ကြိမ် ပဲ ထပ်တယ် ။ တစ်ရက် ဖြစ်တဲ့ ၂၄ နာရီ မှာ သူတို့ ဟာ ၂၂ ကြိမ် ပဲ ထပ်တယ် ။ နှစ်ချက် လျော့တယ် ”


“ ဪ …. ဟုတ်သားပဲ ၊ ဆက်ပါဦး ဒေါက်တာ ” 


“ အင်မတန် တိကျပါတယ် ဆိုတဲ့ နာရီ မှာ တောင် မိနစ်တံ နဲ့ နာရီလက်တံ ဟာ တစ်ရက် ကို နှစ်ကြိမ် စီ လွဲချော် နေကြတယ် ”


“ ဟုတ်ကဲ့ ”


“ အဲဒါကြောင့် လူသား ဖြစ်တဲ့ ကျွန်တော် တို့ က လည်း တစ်ရက် မှာ နှစ်ကြိမ် လွဲချော် ခွင့် ရှိတယ် ။ အဲဒါ ကို ကျွန်တော် က နာရီ ဟန်ချက် ဥပဒေသ လို့ သတ်မှတ် တယ် ”


“ ဟာ … ပြောင်မြောက် ပါပေတယ် ဆရာ ရယ် ၊ တကယ် အဖိုးတန် တဲ့ သဘောတရား ပါပဲ ”


သတင်းထောက် များ ပြန် ထွက် သွားချိန် တွင် သင်္ချာပညာရှင် အဘိုးအို က ဂမ္မာ့ ကို လက်ဆွဲ နှုတ်ဆက် ၏ ။ သက်ပြင်း တစ်ချက် ချပြီး ပြော၏ ။


“ ဒေါက်တာ့ လို ပညာရှင် ကို မလေးမစား လုပ်မိတာ ခွင့်လွှတ်ပါဗျာ ။ ကျွန်တော် မှား သွားတယ် ။ ဒါ ဒီနေ့ အဖို့ ရာ ကျွန်တော့် ရဲ့ ပထမ အကြိမ် လွဲချော်မှု လို့ သဘော ထား ပေးပါ ”


အဘိုးအို လည်း ပြန် သွား၏ ။ အခန်း ထဲ မှာ ဂမ္မာ တစ်ယောက် တည်း ကျန်ရစ်ခဲ့သည် ။ ခေါက်တုံ့ခေါက် ပြန် လမ်း လျှောက် ရင်း … ဂမ္မာ့ မျက်နှာ က ပြုံးစိစိ ဖြစ် နေလေသည် ။ 


◾တာရာမင်းဝေ


📖 နှစ် ၁၀၀ ပြည့်အကြို 

မှတ်မှတ်ရရ မြန်မာဝတ္ထုတိုများ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment