Friday, July 5, 2024

အပေါင်ဆိုင်


 

❝ အပေါင်ဆိုင် ❞

သက်တမ်း အရ သူ သိမီ သလောက် ဆိုရင် အိမ်ရှေ့ က ခြံဝင်းကြီး ထဲ မှာ အိမ်ထောင်စု သုံးလေးစု လောက် ပြောင်း သွားတာ တွေ့မြင်ဖူး နေပြီ ။ ပထမဆုံး အိမ်ပိုင်ရှင် ရောင်း သွား တဲ့ ပျဉ်ထောင်အိမ်ကြီး ကို နောက် တစ်ဆက် က ဝယ် ။ အဲဒီ လက် ထဲ က မှ တစ်ခါ ရွှေတော က ပွ လာတဲ့ လူ တစ်ယောက် က ပြန် ဝယ်ပြီး နံကပ်တိုက် ဆောက် ။ အဲဒီ လူ ရဲ့ မိသားစု လိုက် ပြောင်းရွှေ့ နေထိုင်မှု က နေ တိုက်နံရံ မှာ သုတ် ထားတဲ့ ဆေး တွေ မခြောက် ခင် ကိုပဲ  စီးပွားရေး ကျ လို့ ဆိုပြီး ပြန် ရောင်း ရာ က အခု ပြောင်း လာကြမယ့် လူတွေ လက် ထဲ ရောက် ရော ဆိုပါစို့ ။

အခု လူ တွေ က မိသားစုဝင် သိပ် မများဘူး ။ အသက် သုံးဆယ် ကျော် လူရွယ် တစ်ယောက် နဲ့ သုံး လေးနှစ် သား အရွယ် ကလေး တစ်ယောက် အပါအဝင် မိန်းမသား တွေ ချည့် ပဲ လေးယောက် ။ အသက် ခုနစ်ဆယ် ကျော် အရွယ် အဘွားကြီး တစ်ယောက် က တော့ သွားလာ လှုပ်ရှားမှု နဲ့ စကားပြောဟန် တွေ သွက်လက် တုန်း မို့ တစ်အိမ်လုံး ကို ဦးစီးဦးဆောင် ပြု နေသူ မှန်း သိသာ လွန်း ပါတယ် ။

အဲဒီ အိမ်ထောင်စု ပြောင်းရွှေ့ လာပြီး ငါးရက် ကြာ တော့ သံဃာတော်များ ကို ပင့်ဖိတ်ပြီး အန္တရာယ် ကင်း ဆွမ်း ကပ်တယ် ။ သူတို့ နဲ့ အိမ်ချင်း က ရှေ့ နောက် ကပ်လျက် ဆိုတော့ ဆွမ်းကျွေး ကို လာဖို့ အဘွားကြီး ကိုယ်တိုင် အိမ်တိုင် ရာရောက် ဖိတ်ကြားတာ ။ သူ့ အနေ နဲ့  တစ်နေကုန် အားလပ် ပေမယ့် ရပ်ကွက် ထဲ က ဆွမ်းကျွေးကွမ်းကျွေး မှန်သမျှ သွားလေ့ သွားထ မရှိ တော့ ညီမကြီး ကို ပဲ လွှတ် လိုက်ရတယ် ။ အိမ်ချင်း ကပ် လျက် မှာ အုတ်တံတိုင်း ပဲ ခြား တာ ဆိုတော့ အဲဒီ ဘက် ဘုန်းကြီး ပရိတ်ရွတ်သံ တွေ ၊ လူသံသူသံ နဲ့ အိုးခွက် ပန်းကန်သံ တွေ က ဒီဘက် ခြံဝင်း ထဲ အထိ တိုးလျှို ပေါက် ဝင်ရောက် လာတယ် ။

အိမ်ရှေ့ ဧည့်ခန်း မှာ ထိုင် ပြီး စာ ရေး ဖို့ တွေး ကြည့် နေပေမယ့် လွင့်ပျံလာ တဲ့ အသံဗလံ တွေ ကြောင့် သူ့ လက် က ဘောလ်ပင် ဆီ မရောက်နိုင် ဘဲ ဖြစ်နေ တယ် ။ အိမ်အဝင် လမ်းကြားလေး ဘက် ကို ငေးကြည့် မိတော့ လည်း ရပ်ကွက် ထဲ ဝင် တဲ့ အရှေ့အနောက် လမ်း ပေါ် မှာ ဖြတ်သွား ဖြတ်လာ လုပ်နေကြတဲ့ ကား ၊ ဆိုင်ကယ် တွေ ။ ဝတ်ကောင်းစားလှ ဝတ်ဆင် ပြီး ဖြတ်သန်း သွားလာ နေကြတဲ့ ရပ်ကွက် ထဲ က အရွယ်စုံ လူတွေ ကို ပဲ တွေ့မြင် နေ ရတယ် ။ သူတို့ အိမ် အဝင် လမ်းကြား အုတ်တံတိုင်း တစ်ဖက် က လူသစ် တွေ ရဲ့ အိမ် ခြံဝင်း နယ်နိမိတ်အလျား ဆိုတော့ တစ်ချက် တစ်ချက် တိုက် အပေါ်ထပ် က ပစ် လိုက်တဲ့ ကြွပ်ကြွပ်အိတ် အခွံ တွေ နဲ့ တစ်ရှူးစက္ကူ အစအန တွေ က လမ်းကြားလေး ထဲ ကျ လာ နေတာ ကို ပါ တွေ့ မြင် နေရတယ် ။

သူ့ အမြင် ရပ်ဝန်း ထဲ ဝင်ရောက် လာတဲ့ ညီမကြီး က လမ်းကြား ထဲ က အမှိုက် တွေ ကို စု ကောက် ပြီး အိမ် ထောင့် အမှိုက်ပုံး ထဲ သွား ထည့် နေတယ် ။ ရေတိုင်ကီ မှာ လက်ဆေး ပြီးတာ နဲ့ အိမ် ထဲ ခြေလှမ်း စ ဝင်ဝင်ချင်း ညီမကြီး က ထုံးစံအတိုင်း အတွေ့အကြုံ သစ် ကို စကားလုံး ပေါက်ပေါက် ဖောက် ကာ ရှင်းပြ နေတယ် ။ ဧည့်ခန်း ထဲ က နှစ်ယောက်အိပ် ကွပ်ပျစ် လေး ပေါ် မှာ ထိုင်ပြီး ယပ်တောင် ကို တွင်တွင် ခတ် နေ တဲ့ အမေ နဲ့ သူ က နားထောင် သူ ပေါ့ ။

“ နောက် ပြောင်း လာတဲ့ လူတွေ က သဘော ကောင်း ကြပါတယ် ။ ရပ်ကွက် ထဲ က လူ တွေ ဆိုရင် သူတို့ အပြင် က ဧည့်သည် တွေ လိုပဲ လိုလေသေး မရှိ အောင် ထမင်းဟင်း ထည့်ပေးတယ် ။ ဟင်းပွဲ ဆို ရင် လည်း ကြက်သား ၊ ဆိတ်သား ပန်းကန် ထဲ မှာ ဟင်းတုံး အလျော့ မခံဘူး ။ တစ်ခါတည်း လိုက် ဖြည့်ပေးတာ ” 

“ ဘယ် က ပြောင်း လာကြတာတုံး အေ ” 

“ မြောက်ပြင်ဘက် က တဲ့ အမေ ရေ ။ အဲဒီမှာ အိမ် ကို လာ ဖိတ်တဲ့ အသက် အကြီးဆုံး အဘွားကြီး က စီမံကွပ်ကဲရေးမှူး ပဲ ။ ကျန်တာ က တူမ လင်မယား နဲ့ မြေးကလေး တစ်ယောက် ။ ပြီးတော့ လက်တိုလက် တောင်း ခိုင်းတဲ့ ဆွေနီးမျိုးစပ် ကောင်မလေး နှစ်ယောက် ရယ် ပဲ ”

“ သူတို့ စီးပွားရေး က ဘာ လုပ်ငန်းလဲ ။ ပွဲစားကုန်သည် တွေ လား ”

“ မဟုတ်ဘူး အမေ ... အပေါင်ဆိုင် ဖွင့် မှာ တဲ့ ” 

“ အပေါင်ဆိုင် ”

“ ဟုတ်တယ် ။ ဟိုတုန်း ကတည်း က ငွေတိုး ပေး အပေါင်ခံ စားကြတာ တဲ့ ။ ဒီဘက်ပိုင်း မှာ တော့ အမိန့်ရ အပေါင်ဆိုင် ဆိုပြီး တရားဝင် ဖွင့်တာ ။ မြောက်ပြင် ဘက် မှာ လည်း အဆင် ပြေတယ်တဲ့ ။ ဒါပေမဲ့ အဲဒီ က လုပ်ငန်းကို အဘွားကြီး က သားအရင်း မိသားစု ခွဲပေး ခဲ့ပြီး ဒီ ရပ်ကွက် ထဲ ကို ပြောင်း လာခဲ့တာ ။ ဒီမှာ နောက်ထပ် တစ်ဆိုင် ဖွင့် တဲ့ သဘောပေါ့ ”

“ ဒီ နေရာ အပေါင်ဆိုင် လာ ဖွင့်လို့ အလုပ် ဖြစ် ပါ့မလား ။ တို့ ရပ်ကွက် က လူတွေ က လက်လုပ်လက်စား တွေ ဆိုတော့ ရွှေ ဝယ်ဝတ်နို င်ဖို့ မပြောနဲ့ ။ တစ်နေ့ စာ တစ်နေ့ ဝမ်းရေး အတွက် အလျဉ်မီ အောင် ရုန်းကန် နေ ကြရတာ ။ ပေါင်နှံစရာ အဖိုးတန်ပစ္စည်း ဘယ်မှာ ရှိမှာလဲ ။ အပြင် က လာမယ့် လူတွေ ကျတော့ လည်း ဒီ ရပ်ကွက် အတွင်းပိုင်း ထဲ မှာ အပေါင်ဆိုင် ရှိမှန်း ဘယ်လို လုပ် သိမှာလဲ ”

“ ညီမ လည်း အဲဒါပဲ စဉ်းစား နေတာ ။ ဒါမှ မဟုတ် သူတို့ မှာ ဖောက်သည် ကောင်း တွေ ရှိလို့လား မှ မသိတာ ”

ညီမကြီး က ပြောပြောဆိုဆို အဝတ်အစား လဲ ဖို့ အခန်း ထဲ ဝင် သွားတယ် ။ အမေ က တော့ ယပ်တောင် တဖျပ်ဖျပ် ခတ်ရင်း အိမ်ပေါက်ဝ ဆီ ငေး နေတာ သူ မြင် နေ ရတယ် ။ အမေ ဘာတွေ တွေး နေတာလဲ ။ လွန်ခဲ့ သော အနှစ် သုံးဆယ် ကျော် အချိန် ကို ပြန် တွေးကြည့် နေတာများ လား ။ အဲဒီ သက္ကရာဇ် တွေ တုန်း က အိမ် စီးပွားရေး အဆင်မပြေ ဖြစ်ခဲ့တာတွေ ကို များ အမေ က မမေ့မလျော့ ပြန် ပြီး သတိရ နေတာလား ။

အမေ့ ကို ကြည့်ရင်း တစ်ဆက်တည်း ကွယ်လွန် သွားရှာပြီ ဖြစ်တဲ့ အဖေ့ ရုပ်လွှာ ကို ပါ သူ မြင်ယောင် မိတယ် ။ ပြီးတော့ အဖေ နဲ့ အတူ သူ မကြာခဏ လိုက် သွား ဖူးတဲ့ သူတို့ ရပ်ကွက် မြောက်ဘက် နား အတော် အတန် ဝေး တဲ့ မင်းသားစု ရပ်ကွက် ထဲ က အပေါင်ဆိုင်လေး ကို ရေးရေးရိပ်ရိပ် မှတ်မိ လာတယ် ။

အဖေ အလုပ် လုပ် တဲ့ ကုန်ရုံဘူတာ မှာ က ဝါတွင်း အချိန် ဆို ရင် အလုပ် ပါး တတ်တာ မို့ အလုပ်အကိုင် ကောင်းတဲ့ လတွေ က ဝယ် ယူစု ဆောင်းထားတာလေး တွေ ကို အိမ် ဈေးဖိုး နဲ့ ကျောင်းစရိတ် အတွက် အပေါင်ဆိုင် ပို့ ရတာ သူ မှတ်မိ နေပါတယ် ။ တစ်ခါ တစ်ရံ မှာ အဖေ့ လက်စွပ် ။ တချို့နေ့ တွေ မှာ တော့ အမေ့ နားကပ် အထိ ပေါင်နှံပြီး စားသောက်ခဲ့ ရတယ် ။ အလုပ်အကိုင် အဆင် ပြေချိန် မှာ ပြန် ရွေးပေါ့ ။

သူ နဲ့ အဖေ မီးလုံးတစ်လုံး တည်း သာ ထွန်း ထား တဲ့ မလင်းမကျင်း တိုက်ခန်းလေး ထဲ ဝင် လိုက်ပြီ ဆိုတာ နဲ့ အနံ့အသက် တစ်ခု က ဆီး ကြိုတယ် ။ ဘာ အနံ့ ရယ် လို့ အတိအကျ ခွဲခြား မပြောနိုင် ပေမယ့် အပေါင် ပစ္စည်း တွေ အားလုံး ပေါင်းစု ထားတဲ့ အနံ့ ဆိုတာ သူ သိနေတယ် ။ ဒါဆိုရင် ရွှေ နဲ့ ငွေနံ့ တွေ ပါ ပါ မှာပေါ့ ။ ကလေး ပီပီ စဉ်းစား ဆင်ခြင်မှု မဲ့စွာ နဲ့ အဲဒီ အောက်သိုးသိုး အနံ့ ကို သူ တစ်ဝကြီး ရှူလိုက်မိ ချိန်မှာ အခန်း ဖွဲ့ထား တဲ့ ကောင်တာ နောက် က နေ စာရေးကြီး က သူတို့ သား အဖ ကို အပြုံး နဲ့ ဆီးကြိုတယ် ။ အဖေ က ကောင်တာ ရှေ့ ရပ်ပြီး ပေါင်မယ့် ပစ္စည်း ကို အပေါက်ကလေး ထဲ ထိုးသွင်း ပြ လိုက်တော့ လာနေကျ ပစ္စည်း မို့ လက်စွပ် ကို မှတ်ကျောက်တိုက် ကြည့် မနေတော့ ဘဲ တစ်ခါတည်း ငွေထုတ် ပေးပြီး အပေါင် လက်မှတ် ပါ ဖြတ် ပေးလိုက် တာတွေ အထိ သူ ပြန်လည် မြင်ယောင် နေ မိတယ် ။

ဒီ ရပ်ကွက် ထဲ လာ ဖွင့်တဲ့ အပေါင်ဆိုင် က လည်း သူ ငယ်စဉ် က ရင်းနှီးဆက်ဆံခဲ့ ဖူးတဲ့ အပေါင်ဆိုင် လို မျိုးလား ။ အေးလေ ... ရပ်ကွက် တွင်း ပိုင်း ထဲ မှာ လာ ဖွင့်တဲ့ အပေါင်ဆိုင် တစ်ဆိုင် ရဲ့ အလုပ် ဖြစ်ခြင်း မဖြစ်ခြင်း က တော့ ပိုင်ရှင် တွေ ရဲ့ ကံကြမ္မာ နဲ့ ပဲ သက်ဆိုင် မှာ ပါ ။ အိမ် စီးပွားရေး အတွက် မောင်နှမ တစ်တွေ တက်ညီလက်ညီ လုပ်ကိုင် နေကြတဲ့ သူတို့ မိသားစု အဖို့ က တော့ အိမ် နား လာ ဖွင့် တဲ့ အပေါင်ဆိုင် နဲ့ ပတ်သက် ဆက်နွှယ်မှု လုံးဝ ရှိမှာ မဟုတ်ဘူး လို့ တွေးရင်း ပြုံး မိသေးတယ် ။

  •••••   •••••   •••••

အဲဒီ အပေါင်ဆိုင် ဖွင့် လို့ လပိုင်း တောင် ကြာ လိုက်မယ် မထင်ဘူး ။

အပေါင်ဆိုင် နဲ့ ပတ်သက်ပြီး သူတို့ မောင်နှမ ရဲ့ ကနဦး တွေးထင်ချက် တွေ တက်တက်စင် အောင် လွဲချော် သွားမှန်း သိ လိုက်ရပါတယ် ။

မနက် မိုး လင်းတာ နဲ့ အပေါင်ဆိုင် ရဲ့ ခြံဝင်း တံခါးဝ မှာ ရပ်စောင့် နေကြတဲ့ လူတွေ ။ ကလေး လူကြီး က စ လို့ မိန်းမရွယ် အပျိုဖြန်းကလေး တွေ အထိ ပါ တယ် ။ လက် ထဲ မှာ လည်း တချို့က အဝတ်အထည် အမျိုးမျိုး ၊ တစ်ခါတစ်ရံ မှာ ကြွေရည်သုတ် လင်ပန်း ၊ ဇလုံနဲ့ ဓာတ်ဘူး တွေ ၊ အိုးခွက်ပန်းကန်မျိုးစုံ နဲ့ စတီး ချိုင့် အရွယ်စုံ တွေ ကိုင် ထား ကြရင်း ခြံဝင်းတံခါး ဖွင့် မယ့် အချိန် ကို ကြွက်ချောင်း ချောင်း နေကြတာ ။ ခုနစ် နာရီခွဲ လို့ အထဲ က လူ တစ်ယောက် က သံတံခါးမကြီး ကို ဂျိုင်းခနဲ မြည်အောင် ဆွဲ ဖွင့်ချိန် မှာ ကောင်တာ အဖြစ် အသုံးပြု ထားတဲ့ ပြတင်းတံခါး ပေါက် တစ်ခု ဆီ ကို အလုအယက် ပြေး ကြရတာ ။

အဲဒီ ပြတင်းတံခါး ဖွင့် လိုက်ပြီ ဆိုမှ တစ်ပေ ပတ်လည်စာ အပေါက်ကလေး ဖောက် ထားတဲ့ သံဆန်ခါ တစ်ထပ် ကာရံ ထားတာ ကို တွေ့မြင် ရတယ် ။ အဲဒီ သံဆန်ခါ အကွက်ကျဲ က နေ လှမ်း ကြည့်ရင် အထဲ က လူ နဲ့ ဗီရိုတွေ ထဲ မှာ သူ့ အကန့် နဲ့ သူ အမျိုး တူရာ စု ထားတဲ့ အပေါင်ပစ္စည်း မျိုးစုံ ကို ထင်ထင်ရှားရှား တွေ့မြင် ရတယ် ။ လုံချည်အင်္ကျီ နဲ့ စတီးချိုင့် ၊ ကြွေ ပန်းကန်မျိုးစုံ ကို ဒီ အပေါက်ကလေး က နေ ထိုးသွင်း ပေး နိုင်ပေမယ့် ဒယ်အိုး လို ဒန်အိုး လို ဝန်ကျယ်ပစ္စည်း မျိုး ကိုတော့ တိုက်သံဘာဂျာ တံခါးမကြီး ဖွင့်ပြီး ကောင်မလေး တစ်ယောက် က အတွင်း ထဲ က နေ လှမ်း ယူပါ တယ် ။ ပြီးရင် အဲဒီ တစ်ပေပေါက် က ပဲ ပြန် စောင့်ပေါ့ ။

အတန်အသင့် အရွယ်အစား ကြီးတဲ့ ဒန်အိုး တစ်လုံး ကို ပစ္စည်းရှင် က ငါးထောင်ကျပ် လောက် ရချင်ပေမယ့် အပေါင်ဆိုင် က တန်ဖိုး သင့်ပြီး သုံးထောင် နဲ့ ဖြတ် ပေး ရင် ပေး ၊ ဒါမှမဟုတ် တစ်ခါတစ်ရံ မျက်စိ လျှမ်း ပြီး လေးထောင်ကျပ် ဖြစ် ရင် ဖြစ်ပေါ့ ။ ပစ္စည်းရှင် က လည်း ငွေ လို နေတော့ ဖြတ်ဈေး အပေါ် ထပ် တွန့် တက် မနေတော့ဘဲ အပေါင်ဆိုင် က ထုတ် ပေးတဲ့ ငွေ နဲ့ ပြေစာ စာရွက်ကလေး ကို ယူပြီး ပြန်ခဲ့ရတာပဲ ပေါ့ ။

အတိုးနှုန်း ထား က ငွေ တစ်ရာ နှစ်ဆယ်ကျပ် ။ သုံးလ ကျော် လျှင် အပေါင်ဆုံးမည် တဲ့ ။ သုံးလပြည့် လို့ မှ ပြန် မရွေးနိုင် ရင် တော့ ကိုယ့် ပစ္စည်း အပေါ် မျှော် လင့်ချက် ထား မနေနဲ့ တော့ပေါ့ ။ ဒီတော့ အရွယ်သင့် ဒန်အိုး တစ်လုံး က အပေါင်ဆိုင်ဈေးအရ တွက် ကြည့် ရင် လေးထောင် နဲ့ အတိုး သုံးလစာ နှစ်ထောင့်လေးရာ ပေါင်းတော့ ခြောက်ထောင့်လေးရာ ကျပ် ဖြစ်သွား ရော ။ မူလ ဝယ်ရင်းဈေး က ကိုးထောင်ကျပ် မို့ ခြေချော် လက်ချော် ပြန် မရွေးနိုင် ခဲ့ရင် တောင် သိပ် မရှုံးဘူး ဆို ပြီး ဖြေသာနိုင် သေးတာပေါ့ ။ ဒါက ပစ္စည်း အပေါ်  ကြည့် ကာ ဈေးဖြတ် ပေးပြီး အပေါင်ခံ တဲ့ နည်းစနစ် တစ်မျိုး ။

အဝတ်အထည် ဆို ရင် လည်း ပစ္စည်း ရဲ့ အခြေအနေ ကို ကြည့်ပြီး လက်ခံ သလို တချို့ အထည် တွေ ဆို ရင် ပုံသေနှုန်း ထား သတ်မှတ် ပြီး ငွေထုတ် ပေးတာမျိုး လည်း ရှိတယ် ။ အမျိုးသမီး ဝတ် ထဘီ နဲ့ အမျိုးသား ဝတ် ပုဆိုး ဆိုရင် ဘယ်လို တံဆိပ်မျိုး ပဲ လာလာ ၊ ပက်ကင် မခွာသေး ရင် တစ်ကွင်း ကို တစ်ထောင့်ငါးရာကျပ် ပေးတယ် ။

စပို့ရှပ်အင်္ကျီ နဲ့ ဂျင်းဘောင်းဘီ တွေ အပြင် မိန်းမဝတ် အင်္ကျီ အမျိုးမျိုး ၊ ခြင်ထောင် ၊ စောင် က အစ ပစ္စည်း အပေါ် မှာ ကြည့်ပြီး ဈေးနှုန်း သတ်မှတ် ကာ လက်ခံ ပါတယ် ။ အဲဒီ ပစ္စည်းပေး ငွေယူ အထုတ် အသွင်း လုပ် တဲ့ ကောင်တာ ရဲ့ အပေါ် တည့်တည့် မှာ အများ မြင်သာအောင် အရွယ်တော် ဝှိုက်ဘုတ် တစ်ချပ် ကို လည်း ချိတ် ထားတယ် ။ အဲဒီ သတိပေး ကြော်ငြာ အဖြစ် အသုံးပြု တဲ့ ဝှိုက်ဘုတ် ပေါ် မှာ “ ဝါခေါင်လ ပစ္စည်းများ မရွေး လျှင် တန်ဆောင်မုန်းလ ကုန် ထုတ်မည် ” ဆိုတဲ့ စာတန်း ကို ဆော့ပင် နဲ့ မလှမပ ရေးထားတာ တွေ့ ရတယ် ။ သုံးလ ပြည့်လို့ မှ လာ မရွေး ရင် ပစ္စည်း ဆုံးမယ့် အကြောင်း ကို ကာယကံရှင် တွေ မသိလိုက် မရှိရ အောင် နှိုးဆော် ထားတာပါ ။ အဲဒီ အောက်နား မှာ တော့ ‘ စာရွက် ပျောက်လျှင် တာဝန် မယူ ’ တဲ့ ။ ကြော်ငြာဘုတ် ပေါ်မှာရှိတဲ့ စာသားတွေ က တစ်လ ပြည့်တာ နဲ့ ရှေ့ တစ်လ တိုးပြီး လအမည် ပြောင်း တပ် ရေး လိုက်ရုံပါပဲ ။

တချို့ ရက် တွေ မှာ ညကြီး မိုးချုပ် သူ့ အိမ်ရှေ့ လမ်းကြားကလေး ထဲ အထိ ဝင် လာပြီး ‘ ပစ္စည်း ပေါင် ချင်လို့ ဗျို့ ’ ဆိုတဲ့ ကလေးသံမျိုး ကို တောင် ကြားရ တတ်တယ် ။ အဲလို မရပ်မနား အော်ဟစ် နေသံ တွေ ကြောင့် သူ လည်း မနေသာတော့ ဘဲ အိမ်ဝင်းတံခါး ဖွင့် ပြီး “ ဒီ အိမ် မဟုတ်ဘူး ကွ ၊ ဟိုဘက် တိုက် လို့ ညွှန် ပြ လိုက်တော့ အဲဒီ ကလေး က သူ့ ကို မခိုးမခန့်ပုံစံ နဲ့ ကြည့် ရင်း သိပါတယ်ဗျ ။ ရှေ့ တံခါး ပိတ်သွား လို့ ဒီ ကြား က လာ အော် နေတာ ” ဆိုပြီး ပြန် လှည့် ထွက်သွား တယ် ။ ဒီ ကလေး လက် ထဲ မှာ တော့ ပလပ်စတစ် ပက်ကင် ပိတ် ထားတဲ့ အသင့် ချုပ်ပြီး လုံချည်အသစ်ကလေး နှစ်ထည် ကို ကိုင် လို့ ။

အဲလိုမျိုး လုံချည်အင်္ကျီ က စ လို့ ဒန်အိုး ၊ ဒန်ခွက် နဲ့ စောင် ၊ ခြင်ထောင် အပါအဝင် အပေါင်ဆုံး ပစ္စည်း တွေ ဘယ်ရောက် သွားသလဲ ။ အဲဒီ ပစ္စည်း တွေ ကို တန်ရာတန်ကြေး နဲ့ မြို့ပေါ် မှာ တွင် လွယ်လင့် တကူ ပြန် ရောင်းလို့ ရနိုင်ပါ့ မလား ။ ညောင်ပင်လေး ဈေး လို မျိုး အဟောင်းဆိုင် တွေ နဲ့ ဆက်သွယ်ပြီး ဖောက်သည် လုပ် ထားရမယ့် သဘော ရှိတယ် ။ အိမ်ရှေ့ က အပေါင်ဆိုင် နဲ့ ပတ်သက် လို့ စောင်းပါးရိပ်ခြည် ဝင် ရောက် လာတဲ့ သူ့ အတွေးစဉ် ကို အမေ့ ဆီ နေ့လယ် နေ့ခင်း အလည် လာ တတ် တဲ့ ဒေါ်ထွေးခင် ရဲ့ စကားလုံး တွေ က လှည်းကျင်း ခါထုတ် ပစ် လိုက်တယ် ။

ဒေါ်ထွေးခင် တို့ နဲ့ အပေါင်ဆိုင် က အိမ်ချင်း မျက်နှာချင်းဆိုင် ဆို တော့ တစ်ဖက် အိမ် ရဲ့ လှုပ်ရှားမှု တွေ ကို မြင်နေ ၊ ကြားနေ ၊ သိနေ ရတာတွေ အမေ့ ကို လာပြီး ဒေါ်ထွေးခင် က ဖောက်သည် ချ ပြနေတာ ကို သူ ထိုင်နေရာ က နေ အတိုင်းသား  ကြား နေရပြန်တယ် ။

“ မမရင် ရယ် .. ၊ တစ်လ တစ်လ အဝတ်အစား နဲ့ ဒန်အိုးဒန်ခွက် တွေ ဆိုတာ ဒတ်ဆန်းကား တစ်စီး စာ ပြည့်လုခမန်း ထုတ်ရတာ ။ လ ကုန်ပြီး နှစ် ရက် လောက် နေရင် အဲဒီ ဒတ်ဆန်းကားလေး အပေါင်ဆိုင် ရှေ့ ထိုး ရပ် တာ မမရင် တို့ လည်း မြင် မှာပေါ့ ”

“ ဟဲ့ .. တို့ က အိမ် အပြင် မှ မထွက်တာ ။ နောက်ကျောဘက် က ဘယ်လိုလုပ် မြင်ရမှာလဲ ။ နေစမ်းပါဦး ... အဲဒီ ပစ္စည်း တွေ က ဘယ်ဆီ သွား သွင်း တာလဲ ။ မြို့ ပေါ် တွင်ပဲလား ”

“ မဟုတ်ဘူး မမရင် ရေ ... ၊ ရွှေဘို တစ်လှည့် မုံရွာ တစ်လှည့် တဲ့ ။ မြင်းခြံ ဘက် က အမြဲတမ်း မှာ သူ ရှိ တာ တောင် လေးငါးလ ခြား မှ တစ် ခါလောက် ပဲ ပေးနိုင်တာ တဲ့ ”

“ တို့ ရပ်ကွက် ထဲ က လူတွေ က လည်း မရှိဘူး မရှိဘူး နဲ့ ပေါင်စရာ နှံစရာ ကျတော့ လည်း ထွက် လာ သားပါလား အေ့ ”

“ ထွက်မှာပေါ့ တော် .. ပုဆိုး တို့ ထဘီ တို့ ဆိုရင် အိမ်ပေါက်စေ့ လိုက်ပြီး အကြွေး ပေးတဲ့ လူ တွေ ရှိ နေ တာပဲ ။ ပုဆိုး တစ်ကွင်း ဆိုရင် သုံးထောင် ၊ တစ်နေ့ တစ်ရာ ချင်း ပဲ ပေးရတာ ။ ပုံမှန် သွင်း လို့ တစ်လ ဆိုရင် ပုဆိုး တစ်ကွင်း ဖိုး ကျေပြီ ။ ဒီနေ့ မသွင်းနိုင် သေးဘူး ဆိုရင် လည်း ပစ္စည်း ပေး ထားတဲ့ လူ က လှည့် ပြန် ရုံပေါ့ ။ တစ်အိမ် ကို လေးငါးခြောက်ကွင်း ယူတဲ့ လူ တွေ တောင် ရှိသေးတယ် ”

“ သဘောပေါက်ပြီ အေ ... မရှိ ဝမ်းစာ ... ရှိ တန်ဆာ ဆိုတဲ့ စကား ကို တို့ ရပ်ကွက် က လူတွေ လက်တွေ့ ကျင့်သုံး ကြတာကိုး ။ ပုဆိုး တစ်ကွင်း ကို အပေါင်ဆိုင် မှာ သွား ထားရင် လုံးခနဲ ခဲခနဲ တစ်ထောင့်ငါးရာ ရတာ မဟုတ်လား ။ ကိုယ် က ပြန် သွင်းရတော့ ပုဆိုး တစ်ကွင်းကောင်း ကို တစ်နေ့ မှ တစ်ရာ ရယ် ။ အရေး ကြုံ ရင် ငွေ ပေါ်တဲ့ နည်း တစ်နည်းပေါ့လေ ” 

“ အရေး က လည်း နေ့တိုင်း ကြုံနိုင်ရန် ကော တော် ” 

သူ့ နား ထဲ ကို တည့်တည့်မတ်မတ် ဝင် ရောက် လာတဲ့ အမေ နဲ့ ဒေါ်ထွေးခင် ရဲ့ စကားပြောသံ တွေ ကြောင့် စာ ရေးဖို့ စဉ်းစားခန်း ဝင်နေတဲ့ သူ လည်း တစ်စုံတစ်ခု ကို ဖျတ်ခနဲ သတိရ လိုက်မိတယ် ။ သူ နေ့တိုင်း ဝတ် နေတဲ့ ပုဆိုးလေးတွေ က ဟောင်း နေပြီလေ ။ ပုဆိုး လေးငါးထည် ကို တစ်ထည် ချင်း ရက်ခြား ဆို သလို လျှော်ဖွပ် နေတော့ ပုဆိုးသား က မစုတ်မပြဲ ပေမယ့် ဆေးသား တွေ လွင့်ပြယ် ပြီး အရောင်အဆင်း က မွဲတဲတဲ ဖုန်စုတ်စုတ် ဖြစ် နေပြီ ။

ပုဆိုး တွေ တင် ရောင်းတဲ့ စတိုးဆိုင်ကြီး တွေ ဆီ သွား မဝယ်နိုင်သေးခင် ရပ်ကွက် ထဲ လပေး နဲ့ ရောင်း တဲ့ အထည်သည် တွေ ဆီ က ငွေလက်ငင်းပေး ဝယ် ရရင် ကောင်းမလား ။ ငွေ လက်ငင်း ချေ ဝယ်တဲ့ အတွက် လဆိုင်းသမား တွေ ထက် စာရင် နည်းနည်း ပါးပါး တော့ ဈေး လျှော့နိုင် ကောင်းတယ် ။ လဆိုင်း ရောင်း တဲ့ နေရာ မှာ ဈေးမြောက် နေတာက ပုဆိုး တစ်ကွင်း ရဲ့ တန်ရာတန်ကြေး အပေါ်မှာ ငွေ တစ်ရာ လျှင် ဘယ်ရွေ့ဘယ်မျှ ဆိုပြီး အတိုးနှုန်း ထား ပါ ထပ် တင် ထား လို့ မဟုတ်လား ။ အဲလို စိတ်ကူး ရ မိပြီး ဒေါ်ထွေးခင် ကို စပ်စု ကြည့်တော့ ..

“ မောင်စိုး ရယ် .... မင်းတို့ မှာ လည်း အိမ်ဝိုင်း ချင်း ကပ် လျက် နေပြီးတော့ ဒါလောက်လေး မှ သတင်း မရဘူးလား ။ ပုဆိုး လိုချင် ရင် အဲဒီ အပေါင်ဆိုင် ကို သွား ဝယ်လိုက် ။ တံဆိပ် တောင် မခွာရသေး တဲ့ အပေါင်ဆုံး ပုဆိုးအသစ် တွေ ငါးထောင်ဖိုး သုံးကွင်း ရယ် ”

“ ဗျာ ”

သူ အံ့သြတကြီး ဖြစ် သွားပြီး ဒေါ်ထွေးခင် နဲ့ အမေ့ ကို တစ်လှည့်စီ လှမ်း ကြည့်မိတယ် ။ ဒေါ်ထွေးခင် စကား ကြားလိုက်ရတဲ့ အမေ လည်း သူ နဲ့ စိတ်ချင်း တစ်သားတည်း ဖြစ် နေမှာပါပဲ ။ စတိုးဆိုင် တွေ မှာ သွား ဝယ် ရင် အတန်အသင့်ချည်သား ကောင်းမွန်တဲ့ ပုဆိုး တစ်ထည် ကို လေးငါးထောင် လောက် ပေး နေရချိန် မှာ အပေါင်ဆုံး က ဒါလောက် တောင် ဈေး ချိုရသလား ဆိုပြီး အထူးအဆန်း ဖြစ် နေမှာပါ ။ ဒေါ်ထွေးခင် က တော့ စားပွဲ ပေါ် တင် ထား တဲ့ လက်ဖက်အုပ် ထဲ က တစ်ဇွန်း ခပ် ပြီး မြုံ့ ရင်း သူ နဲ့ အမေ့ ကို ပြုံးထေ့ထေ့ မျက်နှာ ပေး နဲ့ ကြည့် နေပြန်တယ် ။

  •••••   •••••   •••••

ကွပ်ပျစ် ပေါ် ကို ဘုတ်ခနဲ ကျ လာတဲ့ ပုဆိုး တွေ ဆီ သူ လက်လှမ်း မိတယ် ။ အဲဒီ ပုဆိုး ထည့် ထားတဲ့ ပလတ်စတစ်အိတ် ကို ကောက် ကိုင် လိုက် ၊ အဆင် ရွေး သလို မျက်စိ နား ရှေ့တိုး နောက်ဆုတ် လုပ် ကြည့်လိုက် ၊ ခန္ဓာကိုယ် မှာ ကပ် ကြည့်လိုက် နဲ့ တစ်ကွင်း ကြည့် အားရ ရင် ချ ထားပြီး နောက်ထပ် တစ်ကွင်း ကောက် ကိုင် လိုက် ။ သူ တစ်ယောက် တည်း ပြိုင်ဘက် မရှိ အလုပ် ရှုပ် နေမိတယ် ။

အပေါင်ဆိုင် မှာ ကတည်း က သူ့ ညီ မက အဆင် မထပ် အောင် ရွေးခဲ့တာ ဆိုတော့ ယူ လာတဲ့ လုံချည် ဆယ်ထည် ထဲ က လိုချင် သလောက် ထပ် ရွေး လိုက်ရုံ ပဲ ။ အရောင် မတူ အကွပ်စိပ် သုံးထည် နဲ့ ဒေါင်လိုက်စင်း တစ်ထည် ။ ပြီးတော့ ကချင်ဆင် နှစ်ထည် ရွေး လိုက် တယ် ။ သူ ရွေး ပြီး သမျှ ကြည့် လိုက်တော့ တံဆိပ်မျိုးစုံ တွေ့ ရတယ် ။ ပုဆိုးကွင်း တွေ ရဲ့ တံဆိပ် အောက် နား ဝန်းကျင် တစ်ဝိုက် မှာ “ အသင့် ချုပ်ပြီး ” ဆိုတဲ့ စာတန်း “ အနံလွန် ကွင်းကျယ် ” ဆိုတာ ပါ ပါသေးတယ် ။ စတိုး ဆိုင် မှာ ပဲ သွား ဝယ်ဝယ် လပေး နဲ့ ပဲ ယူ ဝတ်ဝတ် အပေါင် ဆုံး ဆိုရင် လည်း ထုံးစံအ ရ တံဆိပ်တွေ က တော့ မပါ မရှိ ကပ် ထားမှာပါပဲ ။ ပုဆိုးတွေ ရဲ့ အရည်အသွေး သာ ကွာချင် ကွာမယ် ။ အာမခံချက် ပေးတာ က တော့ ထူးမခြားနား ပဲ လို့ တွေး ရင်း ရွေးချယ် ထားတဲ့ ပုဆိုး ခြောက်ကွင်း ကို စုထ ပ်ရာ က နေ တစ်ဆက် တည်း ညီမ ကြီး ကို အပြစ်တင်သံ နှော မိတယ် ။

“ ညည်း က လဲ အေ .... အိမ်ရှေ့ မှာ ပုဆိုး သွား ယူတာ ၊ ဈေးချို သွား ဝယ်သလောက် အချိန် ကြာရသလား ... ဟိုမှာ လုံချည် အဆင် ရွေး ရင်း လေကန် နေတာ မဟုတ်လား ”

“ မဟုတ်ဘူး အစ်ကို ရေ ... ။ လေကန် ဖို့ နေနေ သာသာ သူတို့ မှာ ယား လို့ တောင် မကုတ်အားဘူး ။ လာ ပေါင် တဲ့ လူတွေ က မပြတ် တော့ အထည် ကြည့် ရ ၊ ပစ္စည်း ကြည့် ဈေးဖြတ် ရ ၊ ဘောက်ချာ ဖွင့်ရ နဲ့ သူ့ လူ နဲ့ သူ လုပ်ငန်း လည်ပတ် နိုင်ရုံပဲ ရှိတာ ။ အဲဒါ လူ မစဲမချင်း ထိုင် စောင့် နေရတာပဲ ။ အစ်ကို က ဘယ်နှကွင်း ယူ မှာ မှန်း မသိလို့ ရွေးရအောင် လိုရမည်ရ ဆယ်ကွင်း ယူ လာခဲ့တာ ”

“ တစ်သောင်းဖိုး ၊ ခြောက်ကွင်း ယူ မှာ ။ နည်းနည်းပါးပါး လျှော့ဦး လို့ ပြောခဲ့ ။ ပါးစပ် စိုက် ရတာ ပဲဟာ ။ မလျှော့နိုင်ဘူး ဆိုမှ ငွေ တစ်သောင်း အပြည့် ပေး လိုက်ပေါ့ ”

“ အမယ်လေး အစ်ကို ရယ် ၊ ဒါတောင် ကံကောင်း လို့ ရတာ ။ ဟို ... လကုန် ရက် ကား နဲ့ ထုတ်တဲ့ အထဲ မထည့် ဘဲ ရပ်ကွက် ထဲ က ဝယ်နေကျ လူတွေ အတွက် ချန် ထားလို့ ကျန်တဲ့ ဟာ တဲ့ ”

“ အေး ... ဘယ် ဆိုးလို့လဲ ။ ရပ်ကွက် ထဲ မှာ လည်း တို့ လို ပဲ ချိုချိုချောင်ချောင် ရှာပြီး အပေါင်ဆိုင် က ပစ္စည်း ကို ဝယ်သုံးတဲ့ လူ တွေ ရှိသေးသားပဲ ။ ငါ က ဒီ ရပ်ကွက် ထဲ က လူ တွေ အပေါင်ဆိုင် ဆိုရင် ပစ္စည်း ပေါင် ဖို့ပဲ ဆက်ဆံ နေတာ လို့ တွက်ထားတာ ”

“ အစ်ကို့ လို တကယ် သုံးမယ့် လူ တွေ လာ ဝယ် တာ မဟုတ်ဘူး ။ ရပ်ကွက် ထဲ ကို လပေး နဲ့ ပြန် ရောင်း တဲ့ လူတွေ က ဝယ် ကြတာ ။ သူတို့ က ငါးထောင်ဖိုး သုံးကွင်း နဲ့ ဝယ်ပြီး ရပ်ကွက် ထဲ ကို ပြန် ဖြန့်တာ ။ ကဲ .. ရှင်းပြီလား ”

“ ဟင် ”

စောစော က အဆင် မကြိုက် လို့ သူ ပယ်ထား တဲ့ ပုဆိုးလေးကွင်း ကို ကွပ်ပျစ် ပေါ်က နေ ကောက် ယူ ပြီး စီ ထပ်ကာ ပလတ်စတစ်ကြိုး နဲ့ ပြန် စည်း နေတဲ့ ညီမ ဖြစ်သူ ထံ က နေ သူ့ မျက်လုံး တွေ ကို ခွာ လိုက် တယ် ။ အိမ် အဝင် လမ်းကြားလေး ထဲ မထင်မှတ် ဘဲ ရောက်ရှိ သွား တဲ့ သူ့ အကြည့် ကို ရပ်ကွက် ဝင်ပေါက် လမ်းမ ဘက်ဆီ အထိ ပို့လွှတ် မိ တော့ .. ။ သေချာပါတယ် ။ ကောင်လေး တစ်ယောက် ၊ ချိုင်းကြား မှာ တစ်စုံတစ်ခု ကို ညှပ် လို့ ။ သူ့ မြင်ကွင်း ထဲ က နေ ကသုတ်ကရက် ထွက်ခွာ သွားတာ ဝေဝေဝါးဝါး မြင် လိုက် ရတယ် ။

◾စိုးအောင် ( မန္တလေး )

📖 ကလျာ မဂ္ဂဇင်း
     ၂၀၁၁ ၊ မတ်လ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment