Monday, July 1, 2024

ရှိုက်သံမဲ့


 

❝ ရှိုက်သံမဲ့ ❞ 

အခန်း ၊ ၁ ၊

ဘယ်နှယ်ဗျာ ၊ အခုမှ လူ့ လောက ထဲ ရောက်တာ ခုနစ်နှစ်ကျော် ရှစ်နှစ် ထဲ မယ် ။ ဖုန်း တစ်လုံးကို လည်လည်ပတ်ပတ် ၊ ကျွမ်းကျွမ်းကျင်းကျင် ကိုင် တတ် နေပြီ ။ ကျုပ် က လည်း အဲဒါကို မကြိုက်လှ ။ ကြည့်ဦးလေဗျာ ၊ သူ့ ကြည့် လိုက် ကျောင်း က အပြန် ချောင် တစ်ချောင် မှာ ငြိမ်လို့ ကုတ်လို့ ။ ဖုန်း တစ်လုံး နဲ့ ဆော့ကစား နေတာ ။

လူ ပုံစံ က လည်း ဗိုက်ပူ နံကား ၊ ဝါးခြမ်းပြား ထောင် ထား သလို ၊ အသားရေ က ပိုးဟက်ဖြူ လို ဖြူဖပ်ဖြူရော် ၊ ဆံပင် ပုံစံ က သူ့ အမေ ညှပ်ပေး ထားတာတဲ့ ဗျာ ။ ဘာတဲ့ ကိုရီးယား မင်းသား လီယောင်ဂျေး ကေ တဲ့ ၊ မျက်ခုံးမွေး ပေါ် မှာ အညီအညာ  ချထားတဲ့ ဆံပင်စ တွေ က သေချာ ကြည့်ရင် အုန်းမှုတ်ခွက် ခေါင်း ပေါ် မှောက် ထားတဲ့ အတိုင်းပဲ ။

ကျုပ် ငယ်ငယ် က များ ဆို သူ့ အရွယ် အထိ အဖေ က ဦးစွန်းဖုတ် ကေ နဲ့ ပဲ ထားခဲ့တော့ နေခဲ့ရတာ ၊ ဘာလို ပုံစံမျိုးလဲ ဆိုတော့ ဗျာ ၊ နောက်စေ့ အပြောင် ၊ ဘေးပတ်ပတ်လည် အကုန် အပြောင် ၊ ငယ်ထိပ်ကလေး ပေါ်  မှာ ပဲ ဆံပင် က အဖုတ်လိုက်ကလေး ။ ကျုပ်တို့ တော့ မရှက်ပေါင် ဗျာ ။ ဟို လူ့ ကြည့် လည်း ခေါင်း ပေါ် ဆံပင်အဖုတ်လေး နဲ့ ၊ ဒီ လူ့ ကြည့် လည်း ငယ်ထိပ် ပေါ် ဆံပင်အုံလေး နဲ့ ။

အခု ကျုပ် သား ပုံစံ က ပျော့တိပျော့ဖတ် နဲ့ ။ အား ကို မရဘူး ဒါတောင် သူ့ အမေ က ကိုယ်ဝန်စ လွယ် ကတည်း က အားဆေး အမျိုးမျိုး သောက် ထားခဲ့တာ ။ မွေး လာမယ့် ကလေး သန်မာကျန်းမာ အောင် လို့ ဂရုစိုက် လိုက်ရတာ တစ်အိမ်လုံး လိုလိုပါပဲ ။ မွေး လာ ပြန်တော့ လည်း ဉာဏ် ကောင်း အောင် ၊ အရပ် ရှည်အောင် ဆေး အမျိုးမျိုး ကျွေး နေတော့တာ ။ ကျုပ် သား က တော့ အိမ်မြှောင် ပေါင် လောက် က ကို မတက်ဘူး ။

လူကောင် က သေး တော့ ကေဂျီတန်း တက် ဖို့ ကျောင်း သွား အပ်တော့ ဆရာမ က လက်မခံ ချင်ဘူး ၊ မွေးစာရင်း က လည်း ငါးနှစ် ပြည့်ဖို့ တစ်လ လို တော့ ပို ဆိုးတာပေါ့ ။ ကျုပ်တို့ တုန်း က လက် တစ်ဘက် ခေါင်းကျော် နားရွက် ကိုင်ရ ကကြီး ၊ ခကွေး တန်း တက် ရပြီ ။ ဘာ အရပ်ရှည်ဆေး မှ မလိုပေါင် ဗျာ ။ ဘယ် လိုမလဲ နေထွက် က နေဝင် အိမ် ကပ်တယ် လို့ မှ မရှိတာ ။ ရွာရိုး ကိုးပေါက် လျှောက် သွား နေတာရယ် ။ အခု လို တပေါင်း ၊ တန်ခူး ဆို လေရူး နဲ့ အတူ မြူး တော့ တာ ... ။

အခန်း ၊ ၂ ၊

အင်္ဂလိပ်လ နဲ့ ဆို ဖေဖော်ဝါရီလ ခေါ် တာပေါ့ ။ အတန်းတင် စာမေးပွဲကြီး ဖြေဆို နေတဲ့ အချိန် ။ ကျုပ်တို့ တက်ရတဲ့ ကျောင်း က နေ ထွက်ရာ အရပ် မှာ ရှိ တဲ့ ရွာကြီး တစ်ရွာ မှာ ပေါ့  ၊ တစ်နေ့ တစ်နေ့ ကျောင်း ရောက် ဖို့ နံနက်ခင်း အရှိန်အဟုန် နဲ့ ထွက် လာတဲ့ နေကို မျက်နှာ မူပြီး သွား ကြရတယ် ။ သွား ရတော့ လူကြီး စီး တဲ့ မောင်ဗမာစက်ဘီး ဘားတန်းကြီး နဲ့ ။ လေ ထန် တဲ့ နေ့ ဆိုရင် နင်းပေဦး တော့ပဲ ။ ကလေး အရွယ် က လူကြီးစီး စက်ဘီးကြီး အတင်း နင်း နေရတော့ ဖားလေးများ ရေကူး နေ သလား အောက်မေ့ ရတယ် ။ ကျုပ်တို့ ယောက်ျား တွေ က ပုဆိုး စလွယ် သိုင်းပြီး       ကုန်း နင်းတာပဲ ။ မိန်းကလေး တွေ က တော့ ဘောင်းဘီတို နဲ့ ပေါ့ ။ ဒီလိုနဲ့ နှစ်မိုင် လောက် ရှိတဲ့ ကျောင်း ကို နေ့စဉ် မညည်းမညူ တက်ကြတယ် ။

ကျောင်း တက် ရာ လမ်း တစ်လျှောက် မြောင်းဘောင် ဘေး မှာ သရက်ပင် ၊ ညောင်ပင် တွေ က တန်းစီ လို့ ။ အင်္ဂလိပ် တွေ စိုက်ခဲ့တာ လို့ လူကြီး တွေ ပြောသံ ကြားဖူးခဲ့တယ် ။ နှစ်ပရိစ္ဆေဒ ကြာ နေပြီ ဖြစ်တဲ့ အပင်ကြီး တွေ ဖြစ်တော့ ပင်စည်လုံးပတ် က တစ်ဖက် နဲ့ တစ်ဖက် မမြင်ရ ။ တချို့ ညောင်ပင်ကြီး တွေ ဆို ကျုပ် တို့ ရဲ့ ခိုအောင်းရာ ဂွဆုံကြီး တွေ နဲ့ ။

ကျုပ်တို့ ဒေသ က ဆည်ရေသောက် စပါး စိုက်ကြရတာ ဆိုတော့ မြောင်း ထဲ ရေ က ပြတ်တယ် မရှိ ။ ပြတ် လည်း ခဏ ပဲ ။ မိုးစပါးရိတ်ချိန် လောက် ပဲ မြောင်း ထဲ ရေ မရှိတာ ။ ကျန်တဲ့ အချိန် ဆိုရင်တော့ ကျုပ်တို့ သူငယ်ချင်း တစ်တွေ ရေ ဆင်း ကူး နေကြ ။ ရေပြတ် တဲ့ ဖေဖော်ဝါရီလ ဆို ကျုပ်တို့ အကြိုက် ပဲ ။ ရေ လက်ကျန် မြောင်းဘောင် ဘေး က အပေါက် ထဲ လက် နှိုက် လို့ ငါး ရှာ ၊ ဖား ရှာ တော့ တာရယ် ။

စာမေးပွဲ ဖြေ ပြန် လာရင် လည်း လွယ်အိတ် ထဲ က လေးဂွ နဲ့ လောက်စာလုံး ထုတ် သရက်ပင် ပေါ် က သရက်သီးကင်းလေး တွေ ကို တဖုန်းဖုန်း နဲ့ ထု ကြတာ ။ သရက်ဖူးလေး တွေ က မြေ ပေါ် မှာ ပြန့် ကျဲလို့ ။

နွေဦးပေါက်ချိန် ဆိုတော့ လက်ပံ က လည်း ပွင့် နေပြီ ။ ဆက်ရက် က လည်း ဆူလို့ ညံလို့ ။ ကျုပ်တို့ လက် က လည်း လေးဂွ ကိုင် လေ ပေါ် မြှောက် ပြီး အား နဲ့ မာန် နဲ့ ပစ်ကြ ။ ပစ်တုန်း ခဏ ပဲ ဆက်ရက်သံ တိတ်သွား တယ် ။ ခဏကြာ လက်ပံပင် ဆက်ရက် ပြန် ကျတာပါပဲ ။

ပြီးတော့ ရှိသေးတယ် ။ တစ်ချို့ လယ်သမားတွေ က ရေ မလာ ခင် ကုလားပဲ စိုက်ကြသေးတယ် ။ ကု,လားပဲခင်းလေး က စိမ်းတချို့ ဝါတချို့ နဲ့ မနုမရင့် အချိန် ဖြစ်နေပြီ ။ ကျုပ်တို့ သူငယ်ချင်း တစ် စု က အကြံ နဲ့ အိမ် က မီးခြစ် ထည့် လာကြတာ ။ ကျောင်း က အပြန် ကု,လားပဲ မီးဖုတ် စားချင်လို့ ။ တွေ့ တဲ့ အမှိုက် ဆွဲယူ မီးမွှေး ကု,လားပဲပင် တွေ တင်ကြ ၊ မီး တစ်မြိုက် ဆို ကျက် တော့ တဖုတ်ဖုတ် နဲ့ ထု ရိုက်ကြ ။ မီး‌ေ သ တော့ မည်း နေတဲ့ ကု,လားပဲစေ့လေး တွေ ကို လု ကောက် စားကြနဲ့  ။

ကျုပ်တို့ ရယ် လိုက်ရင် မည်းတူး နေတဲ့ ပါးစပ်တွေ နဲ့ ပေါ့ဗျာ ။ ကု,လားပဲ ဖုတ် စား ပြီး မျက်လုံး က အဘွားစော ဆီးပင် ဆီ ရောက် သွား ကြပြန်တယ် ။ ဆီးသီး တွေ က လည်း မှည့်ချိန် ဆိုတော့ တွေ့တဲ့ ကျောက်ခဲ ၊ မြေလုံးခဲ နဲ့ ကောက်ထု ကြတာ ။ အသီးစိမ်း တွေ အကျ များရင် အပင် ပေါ် တက် လှုပ် ကြ သေးတာ ။ အဲ့ဒီ အခါ အပင်ရှင် အဘွားစော က တဲ ထဲ က နေ ကုန်း အော် ပါလေရော ။ ဘာတဲ့ အဘွားစော အော် တဲ့ အသံ ။ ဪ ... မှတ်မိပြီ ။ “  ဟဲ့ မျောက် နဲ့ ရှဉ့် စပ် ကျလာတဲ့ မျောက် ဟိုဒင်း သမန်း လေးတွေ ” တဲ့ ။ အခု ကလေး တွေ တော့ အဲဒီလိုမျိုး မရှိကြ တော့ပါဘူး ။ တက် လိုက် ရတဲ့ ကျူရှင် ၊ သွား လိုက်ရတဲ့ ကျောင်း ၊ နေထွက် နေဝင် အားရ ၊ နားရ တယ် မရှိပါဘူး ။ ဒီ ကြား ထဲ ဂိုက် ဆိုတဲ့ ဆရာမ ကို အိမ် ခေါ် ကြီးကြပ် ခိုင်းသေးတာ ။ ဘယ်မလဲ သူတို့ မှာ “ ညအခါ လသာသာ ၊ ကစားမလား စားမလား ” ဆိုတဲ့ ကဗျာလေး ထဲ က လသာသာ ကစား ရတဲ့ အရသာ ။ ကျုပ်တို့ များ လပြည့်ဝန်းကြီး ထိန်ထိန် သာ ရင် ပြေးဟယ် ၊ လွှားဟယ် နဲ့ မမောနိုင် အောင်ပါပဲ ။ ထုပ်စီးတိုး ကြတော့ မိန်းကလေး ယောကျာ်း လေး ခွဲ မနေပေါင် ။ တစ်ယောက် နဲ့ တစ်ယောက် တွဲကြ ၊ ရုန်းကြ ၊ ဖက်ကြ ၊ ပွေ့ကြ နဲ့ ပျော်စရာ သိပ်ကောင်း ၊ ပျော်စရာ ကောင်းဆို မောင်ရင်း နှမ များ လို အောက်မေ့ကြတာ ကိုး ။

ကျုပ် သားလေး မှာ တော့ အဖော် ဆိုတာ ဖုန်း မှန်ပြင် ထဲ က ကာတွန်းရုပ် တွေ ပဲ ဖြစ် နေတာ ။ လူသားချင်း နွေးထွေး တဲ့ မေတ္တာ ဆိုတာ ဘယ်လိုဟာ မျိုး လဲ မေးရ မလို ဖြစ် နေ လေတော့ အထီးကျန် ဆန် လူသား တစ်ယောက် အဖြစ် တဖြည်းဖြည်း နဲ့ ရောက်မှန်း မသိ ရောက် လာတယ် ။

ဟိုနေ့ က ကျောင်း အပြန် သူ့ အမေ နဲ့ စကား ပြောသံ ကြား ခဲ့ရတော့ ကျုပ် ဖြင့် ထိတ်လန့် မိတယ် ။ သူတို့ သူငယ်ချင်း ကောင်လေး က တခြား ကလေး တစ်ယောက် ကို ခဲတံချွန်ဓား နဲ့ ထိုးသတဲ့ ။ ဘုရား ဘုရား ။ ကလေး တွေ ရဲ့ စိတ် က ခက်ထန်ကြမ်းတမ်း နေပါ့ပဲလား ။ လုပ်ရဲ ကိုင်ရဲ ၊ ဖြတ်ရဲ တဲ့ စိတ် သူတို့လေး တွေ မှာ ကိန်အောင်းနေပေါ့ ။

ဒါကလည်း သူ တို့ ကျင်လည် နေရတဲ့ ပတ်ဝန်းကျင် ကြောင့် လို့ ကျုပ် တော့ တွေးမိသား ။ မိဘ တွေ က ဘယ် မှ မထွက် ပြီး ရော မျက်စိ အောက် ရှိ ပြီးရော ၊ ကလေး ကို ဖုန်း ပေး ကိုင် လိုက် ကြတယ် ။ ကလေး တွေ ရဲ့ အဖော် ဖြစ်တဲ့ ဖုန်း ထဲ က ဇာတ်ကောင်တွေ ရဲ့ ပြိုင်ဆိုင်ပြီး အနိုင် လို စိတ် တွေ က သူတို့ အပေါ် ကြီးစိုး လာတယ်ပေါ့ ။ အတ္တ ကြီးမား လာ တော့ အရာရာ အနိုင် ယူချင်စိတ် တွေ နဲ့ တစ်ဦး ပေါ် တစ်ဦး ကြင်နာ သနားစိတ် မရှိတော့ဘူး ။ ရှေ့ရေး တွေးလို့ ရင်မော မိတာ အမှန် ။

ဒါတွေကို ကျုပ် က သိ နေလို့ ကျုပ် သား ကို ဖုန်း မပေး ဆော့ ခိုင်းဘူး ။ ကျုပ် ရှိတဲ့ အချိန် ဆို သား က လည်း ဖုန်း မကိုင်ဘူး ။ သူ့ အမေ က သာ သူ့ သား ပြော ရင် ပျော့ပြီး ဖုန်း ပေး ကိုင်တာ ။ ဒါတွေကို သိ လို့ ကျုပ် မရှိ လည်း ဖုန်း မကိုင် ရ အောင်ဖုန်း ထဲ က ဂိမ်း တွေ အကုန် ဖျက် ပစ် လိုက်တာ ပေါ့ ။ သူ့ အသား ကို လည်း ခပ်ဆတ်ဆတ်လေး ရိုက် ပေး ထားတယ် ။

မဖျက် လို့ ၊ မရိုက် လို့ က မရတော့ ဘူးလေ ။ သား ရဲ့ မျက်လုံးလေး တွေ က ပေကလပ် ပေကလပ် နဲ့ တစ်မိနစ် ကို အကြိမ်ပေါင်း မြောက်များစွာ ခတ် နေတော့တာ ။ လူ တစ်ယောက် ပုံမှန် ဆို တစ်မိနစ် ၁၅ - ၂၀ ကြိမ် ပဲ ခတ် ရမှာလေ ။ မျက်ကြည်နုနုလေး ပျက်စီး မှာ စိုးရတယ် ။

ကျုပ် က သာ စိုးရိမ် နေတာရယ် ။ သားလေး က တော့ ၊ သူ့ အဘ ဖုန်း ယူ သုံး နေတယ် ကြားတယ် ။ ကျုပ် အဖေ က လည်း ဗျာ ။ လူကြီး ဖြစ်ပြီး နား မလည်ဘူး ။ ကျုပ် အဖေ က သီးသန့် အိမ်ခွဲ နေ ချင်တယ် ပြော လို့ ခွဲ နေ တယ် ။ ကျုပ် တို့ နေ တဲ့အိမ် နဲ့ သိပ်တော့ မဝေးဘူးပေါ့ ။ လေဖြတ် ထားလို့ ခြေ တစ်ဖက် မသန်ချင်ဘူး ၊ ကျုပ် က လည်း အလုပ် များ တော့ သိပ် မရောက် ဖြစ်ပါဘူး ။

အခုတလော ကျုပ် သား က ကျောင်းပိတ်ရက် သူ့ အဘ အိမ် သွား နေတယ် ပြောတယ် ။ သူ သွားချင်လို့ သွားတာ မဟုတ်ဘူး ဆိုတာ ကျုပ် သိတယ် ။ သူ့ အဘ ဖုန်း ကိုင် ဆော့ချင်လို့ ။ နေနှင့်ဦး ၊ ဒီ တစ်ပတ် ကျုပ် လိုက် ချောင်းပြီး အဖေ ကို ပြော ပစ်ဦးမယ် ။ တကယ်ဆို လူကြီး ဖြစ်တဲ့ အဖေ က ကလေး ကို အလို မလိုက်ရဘူးလေ ။ အခုတော့ ...

အခန်း  ၊ ၃ ၊

ဒီနေ့ စနေနေ့ ကျုပ် အလုပ် အားတယ် ။ ကျုပ် အိပ်ရာ နိုးတော့ သားတော်မောင် က သူ့ အဘ အိမ် သွားပြီ တဲ့ ။ ဒီနေ့ ကျူရှင် မရှိဘူးလား မေး တော့ ကျုပ် မိန်းမ က ကျူရှင်ဆရာမ ခရီး သွားလို့ တဲ့  ။ ဒါဆို ကျုပ် သား သူ့ အဘ ဖုန်း ဆော့ နေ လောက်ပြီ ။ “ တွေ့ကြသေး တာပေါ့ကွာ ” လို့ ကျုပ် ကြိမ်းဝါးပြီး အိမ် က ထွက် လာခဲ့တယ် ။

ကျုပ် အဖေ အိမ်ဝ ရောက် တော့ ပက်လက်ကု,လားထိုင် ပေါ် မှာ အဘ ရင်ခွင် ထဲ ထိုင် ပြီး ဖုန်း နှိပ်နေတဲ့ သား ကို တွေ့ လိုက်ရတယ် ။ ကျုပ် လေ ဒေါသ က ငယ်ထိပ်တက် လာပေါ့  ။ အမယ် ၊ သူတို့ မြေးအဘိုး က ရယ်လို့ မောလို့ ။ ကျုပ် သူတို့ ရှေ့ လွှားခနဲ ရောက် သွားတော့ ကျုပ် သား က ကျုပ် ကို ပါးစပ် အဟောင်းသား နဲ့ ငေးကြည့် နေတယ် ။ ကျုပ် အဖေ က ကျုပ် ကို မော့ ကြည့်ပြီး ပြုံး ပြတယ် ။

ပြီးတော့ .. ဝမ်းသာအားရတဲ့ အသံ နဲ့ “ သား ၊ အဖေ့ အိမ် အလည် လာတာလား ” တဲ့ ။ ကျုပ် ခေါင်း မညိတ်မိဘူး ။ အဖေ့ ဆီ အလည် လာတာ မှ မဟုတ်တာ ၊ ကျုပ် သား ကို ဖုန်းပေး ကိုင် ခိုင်းတဲ့ အဖေ ကို မှတ်သား လောက် အောင် ပြော ဖို့ နဲ့ ကျုပ် သား ကို လာ ခေါ်တာ ။

“ ထိုင်လေကွာ ” ဆိုတဲ့ အဖေ့ စကား ကို မကြားချင် ယောင် ဆောင်ပြီး “ ဟိတ်ကောင် ၊ လာ သွားမယ် ၊ ဖုန်း မကိုင်ရဘူး ပြောထားတာ မမှတ်မိဘူးလား ၊ ထပ် ရိုက်ခံချင်လို့ လားဟင် ”

ကျပ် သား လက် ကို အတင်း ဆွဲ ခေါ်လိုက်တယ် ။ ကျုပ် ကို ကြောက် နေတဲ့ ကျုပ် သား မျက်နှာ က ငိုမဲ့မဲ့လေး ဖြစ် လာပြီး မျက်ရည်တွေ စီးကျ လာတယ် ။

“ ငါ့ မြေးလေး စိတ်ချမ်းသာ သလို နေပါစေကွာ ”

ကျုပ် သား ခန္ဓာကိုယ်လေး ကို အတင်း ဖက် ထားတဲ့ ကျုပ် အဖေ ကို ကျုပ် အော်ပြော လိုက်တယ် ။

“ အဖေ ကြောင့် ၊ အဖေ့ မြေး ပျက်စီး နေတာ ၊ အဖေ က လည်း လူကြီး ဖြစ်ပြီး နားမလည်ဘူး ၊ စိတ်ဓာတ် ၊ အကျင့် ၊ မျက်လုံး တစ်ခု မှ ကောင်းကျိုး မပေးတဲ့ ဒီ ဖုန်း ၊ ဘာ ကောင်းကျိုး ပေးလို့ ပေး ကိုင်တာတုန်း ဗျ ”

ကျုပ် စကားလုံးတွေ က ကျုပ် အဖေ ကို စိတ် မကောင်း ဖြစ်သွားပုံ ရတယ် ။ မျက်လုံးအိမ် က အရ ည်ဝိုင်းလာပြီး သူ့ မြေး ကိုယ်လေး ကို ဖြည်းဖြည်းချင်း လွှတ်လို့ ...

တုန်ရီ နေတဲ့ အသံ နဲ့ ...

“ တစ်ပတ် တစ်ခါ တောင် မလာတဲ့ ငါ့ သား ကို မျှော် နေရင်း က မြေးလေး ရောက် လာတော့ ဝမ်းသာ နေတာ ၊ မြေးလေး ငါ့ အိမ် မှာ ပျော်နေ အောင် ငါ ထား တာပါကွာ ၊ ဒါမှ  မင်း ကို လွမ်း နေတဲ့ အလွမ်း တွေ ပြေ မှာ မို့ လား ၊ မင်း သား မင်း ပြန်ခေါ်သွားပါတော့ ”

လို့ ပြောပြီး အိမ် ထဲ ဝင် သွား တဲ့ ကျောပြင် က ကျုပ် ကို နုံးချိ စေတယ် ။ သား လက် ကို ဆွဲ လို့ ကျုပ် ရဲ့ အိမ်ပြန် ခရီးက လေးလံ နှေးကွေး နေတယ် ။ တရှုံ့ရှုံ့ နဲ့ ငို လိုက်လာတဲ့ ကျုပ် သား နဲ့ အပြိုင် ကျုပ် ပါးပြင် ပေါ် မှာ မျက်ရည်စီးကြောင်း တစ်ခု ဖြတ် ပြေး သွားတယ် ။ ရှိုက်သံ မထွက်တဲ့ ငိုခြင်းမျိုး နဲ့ ကျုပ် ငို နေ ပါပေါ့လား ... ။

◾နဒီသင်း ၊ ကုန်းဇောင်း ၊

📖 တစ်ယောက် တစ်ဘဝ ( ၃ )

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment