Tuesday, July 23, 2024

ထူးဆန်းသော ညီနောင်သုံးဖော်


 

❝ ထူးဆန်းသော ညီနောင်သုံးဖော် ❞
      ( ကိုလေးနှင်းမြိုင် )

တစ်ရံရောအခါ တောအုပ်ကြီး တစ်ခု အလယ် ၌ အလွန်တရာ မတ်စောက် မြင့်မားလှသော သစ်ပင်ကြီး တစ်ပင် ဝယ် တစ်ခါ မှ မသီးပွင့် စဖူး ထူးထူးခြားခြား ခိုင်ညှာ တစ်ခု ထဲ တွင် ရွှေရောင်အဆင်း ကဲ့သို့သော သစ်သီးကြီး သုံးလုံး သီး လာလေ၏ ။

ဤ တောအုပ် အား စိုးပိုင်သော ရုက္ခစိုးနတ် တစ်ပါး သည် ၎င်း သစ်ပင် မှ လှပဆန်းကြယ် သော သစ်သီးကြီး သုံးလုံး အတွက် အနှောင့်အယှက် ဖျက်ဆီးခြင်း များ မှ ကင်းလွတ်စေရန် တစ်ရံမပြတ် ကြည့်ရှု စောင့်ကြပ် လျက် ရှိရင်း မှ သစ်သီးကြီး သုံးလုံး မှာ တဖြည်းဖြည်း နှင့် အဆ မတန် ကြီးထွား လာ လေတော့သည် ။

တစ်နေ့သော အခါ တွင် ထို ရုက္ခစိုးနတ် သည် နတ်သဘင် တစ်ခု သို့ သွားရောက် နေ သည့် အခိုက် ဝေးလံလှစွာ ဒေသ တည်ရာ မှ ဖြူဆွတ်သော ဧရာမ ငှက်ကြီး တစ်ကောင် သည် တောတောင်များ အား ဖြတ်ကျော် ပျံသန်းလာရာ မှ ဤ တောအုပ် အလယ် မှ သစ်ပင်ကြီး အပေါ်  ရပ်နား မိလေ၏ ။ ထိုသို့ ရပ်နား နေရာ မှ ကြီးထွားဝါဝင်း သော သစ်သီးကြီး သုံးလုံး အား တွေ့မြင် လေ လျှင် လောဘဇော တက်စွာ နှင့် နှစ်ခြိုက် အားရစွာ မြည်ကြွေး လိုက်ပြီး ခိုင်ညှာ အရင်း မှ ဖြုတ်ယူ သုတ်ချီ ၍ ရှေ့ခရီး သို့ ပျံသန်း ထွက်ပြေး လေ၏ ။

သစ်သီးကြီး သုံးလုံး တို့ မှာ လေးလံလှသည် ဖြစ်ရကား သယ်ချီ လာသော ငှက်ကြီး မှာ နှုတ်သီး ညောင်းလာ သဖြင့် မင်း နေပြည်တော်ကြီး တစ်ခု သို့ အရောက် ထိုးစိုက် သက်ဆင်း ပြီး စိမ်းလန်းဝေဆာ သော မင်းဥယျာဉ် တွင် ခေတ္တ ဝင်ရောက် ရပ်နား နေခိုက် မြင်တွေ့ လိုက်ရသော မင်းချင်းများ က ဓား ၊ လှံတံ ၊ လေး ၊ မြား ကိုင်ဆောင်ပြီး တစ်ခဲနက် ညာသံ ပေး၍ ချောက်လှန့် ပစ်ခတ်ကြ လေရာ ကြောက်လန့်တကြား နှင့် အတင်း ပျံတက် ပြေးရ၏ ။ သို့သော် တစ်လုံး သော သစ်သီး မှာ သစ်ကိုင်း တစ်ခု နှင့် ငြိတွယ် ပြုတ်ကြွေ ၍ ကျန်ရစ် လေသည် ။

သို့နှင့် ငှက်ကြီး မှာ မိမိ အား ရန်မူနိုင်မည့် လူသားများ နှင့် ကင်းဝေးရာ အမြင့်ဆုံး မှ လေဟုန် စီးရင်း မြစ်ချောင်း ပင်လယ်ပြင် များ ပေါ် မှ ဖြတ်ကျော် ပျံသန်း လာခဲ့ရလေရ ကား ရှေးရှု ဦးတည် ခဲ့သော ကမ်းခြေ တစ်ခု အား မရောက်ခင် ပင်လယ် တစ်ခု ၏ အလယ်ဗဟို သို့ အရောက် နှုတ်သီး အား ခါယမ်း လှုပ်ချ လိုက် လေရာ တစ်လုံး သော သစ်သီး မှာ ပြုတ်ကြွေ ကျ သွားပြီး ရေပြင် အောက် သို့ စုန်းစုန်းမြုပ် သွားရရှာ လေ၏ ။

ငှက်ကြီး မှာ တစ်လုံးတည်း သာ ကျန် တော့ သော သစ်သီး နှင့် ပင် မိမိ ဝမ်းဗိုက် အား တင်းတိမ်ရောင့်ရဲခြင်း ဖြစ်စေတော့အံ့ ဟု အားစိုက် ခွန်စိုက် ရှေ့ခရီး ဆက်လက် ၍ ပျံသန်းလာ လေရာ များမကြာမီ ပင် တောနက်ကြီး တစ်ခု သို့ ချဉ်းကပ် မိပြီး အခက်အလက် ဝေဖြာသော သစ်ပင်ကြီး တစ်ပင် ၏ ခွဆုံ ပေါ်တွင် နား ချ လိုက်လေတော့သည် ။

ငှက်တို့ စရိုက်ဘာသာ ဖြင့် မိမိ အစာ အား စားသောက်ခါနီး ဆဲဆဲ တောင် ၊ မြောက် ဝဲယာ ကြည့် ပြီး၍ ပင်ပန်းခဲယဉ်းစွာ ချီယူ လာခဲ့ရသော သစ်သီးကြီး အား ခွဆုံ ပေါ် တွင် ချထားရာ မှ အားရပါးရ သုံးဆောင်တော့အံ့ ဟု အလယ် ဗဟို မှနေ၍ နှုတ်သီး ဖြင့် အသာ ပေါက်ခွဲ လိုက်ရာ တွင် ထက်ခြမ်းကွဲ သွားပြီး ထူးဆန်း အံ့ဩဖွယ် ကောင်းလှစွာ လူသားကလေး တစ်ဦး အား တွေ့ရှိ လိုက်ရ လေ၏ ။

ငှက်ကြီး မှာ ပထမ တွင် တုန်လှုပ်ထိတ်လန့် သွားခဲ့ရာ မှ ချစ်ခင်နှစ်သက်ဖွယ် ကောင်း လှပြီး သနားစရာ တဝါးဝါး ငိုကြွေးလျက် ရှိသော မနုဿ လူသားကလေး အပေါ် နူးညံ့ သိမ်မွေ့ သော မေတ္တာစိတ် ဝင်ရောက် လာခဲ့ပြီး ဤ ကလေး အတွက် လုံခြုံမှု ရှိလေအောင် သစ်ကိုင်း သစ်ခက်များ ဖြင့် ဆောက် လုပ်ကာရံ ပေး၍ အစာရေစာများ ရှာဖွေ ကျွေးမွေး ပြုစုလေ၏ ။

ထိုသို့သော အချိန် နှင့် မရှေးမနှောင်း ပင် မင်း နေပြည် ရှိ နန်းဥယျာဉ် ဝယ် ပထမ ပြုတ် ကြွေ ကျန်ရစ်သော သစ်သီး အား လည်း အထူးအဆန်း အနေဖြင့် ဘုရင်ကြီး လက်ဝယ် ဆက်သ ထားကြရာ မှ အတွင်းမှ ငိုသံ ကြား ၍ ဂရုတစိုက် ခွဲ ကြည့်စေရာ လူသားကလေး တစ်ဦး အား တွေ့ရှိရ သဖြင့် ထီးမွေ နန်းမွေ ခံရန် နန်းညွန့်လျာ ကင်းမဲ့ နေသော ဘုရင် နှင့် မိဖုရားကြီး အတွက် ဘုန်းသမ္ဘာ ကြောင့် နတ်များ က မနေနိုင် ဘဲ ပို့လွှတ် ဆက်သ လိုက်သည် ဟု ယူဆပြီး တိုင်းသူ ပြည်သား များ ပါ ဝမ်းမြောက်ဝမ်းသာ မဆုံး ရှိ နေရလေ၏ ။

ပင်လယ်တွင်း သို့ ပြုတ်ကြွေ သက်ဆင်း ကာ စုန်းစုန်းမြုပ် ခဲ့ရသော ဒုတိယ သစ်သီး မှာ  လည်း တန်းခိုး ထွားလှသော ရေနတ်နဂါး တိုင်းပြည် သို့ အထိ ဆိုက်ရောက် သွားခဲ့လေရာ နဂါး လုလင် များ က ဆယ်ယူ ၍ အုပ်စိုးသူ နဂါးဘုရင်ကြီး ထံ ဆက်သ ကြ၏ ။ အချိန်တန် ၍ လူသား ကလေး မွေးဖွား လာ လျှင် ရင်သွေး အမှတ် သဘော ပိုက်ပြီး လိုလေသေး မရှိ အထိန်းတော် များ ဖြင့် မွေးမြူ စောင့်ရှောက် စေလေသည် ။

နှစ်ကာလ အတန် ကြာမြင့်သော် သစ်သီးဝယ် သန္ဓေ တည် ခဲ့ကြရ၍ တစ်ကွဲတပြား တစ်ဌာနစီ ခြားနား ဖွား ခဲ့ရပြီး တစ်ယောက် က နန်းတွင်း ၊ တစ်ယောက် က ရေပင်လယ်အောက် ၊ တစ်ယောက် က တောကြီးမျက်မည်း အရပ် တွင် မွေးဖွား လာခဲ့ ရ၍ အုပ်ထိန်းသူများ ၏ ထိန်းသိမ်း ပြုစုချက် အရ ကြီးပြင်း လာခဲ့လေရာ လူလားမြောက် သော အရွယ် သို့ ပင် အသီးသီး တိုင်ခဲ့ကြ လေ၏ ။

နန်းဆောင်မြင့် ဘုံလယ် တွင် လူလားမြောက် ခဲ့ရသော လုလင် မှာ မိမိ အား ကောက် ယူ မွေး ခဲ့သော ခမည်းတော် ဘုရင်ကြီး နတ်ရွာစံ ကံတော်ကုန် သဖြင့် ထီးမွေနန်းရပ် အား ဆက်ခံ စိုးစံ ခဲ့ရ၏ ။ နတ်နဂါးပြည် မှ လုလင် သည် လည်း မာန်စောင်ကြွားကြွား တန်ခိုးထွား သော နဂါး မင်းသား ဖြစ်လာခဲ့ရပြီး ၊ တောကြီး အလယ် မှ လုလင် မှာ လည်း အားအင် စွမ်းပကား သန်မာထွား ကျိုင်းလှစွာ နှင့် သားရဲတိရစ္ဆာန် တို့ ၏ ဘုရင် တစ်ဆူ ဖြစ်လာ လေသည် ။

တစ်ခုသော မြစ်ကမ်းပါး ရှိတောအုပ်ကြီး ကို အမှီ ပြုကာ ကျောင်းသင်္ခန်း ဆောက်တည် ၍ သူတော်ကောင်း တရားမြတ် ကျင့်သုံး နေ ထိုင်သော ရသေ့ကြီး တစ်ပါး ရှိ၏ ။ တစ်နေ့သော အခါ ဝယ် အထက်မြစ်ညှာ မှ မျော လာသော ရေအိုး တစ်လုံး အား ဆယ်ယူ မိရာ တွင် အဝတ်များ နှင့် ထွေးသိပ် ထားသော ကလေးငယ် တစ်ဦး ကို ပါ တွေ့ရှိရ သဖြင့် ကရုဏာစိတ် မကင်း ဖြစ်ကာ ကယ်တင် ကျွေးမွေး ခဲ့၏ ။ အရွယ် ရောက်လတ် သော် သူ မတူ အောင် ဆင်းရူပကာ သိမ်မွေ့ ချောမော လှသော သတို့သမီးငယ် တစ်ဦး ဖြစ် လာလေ၏ ။

သစ်သီး မှ ဖွားမြောက်ခဲ့၍ ထီးရှင်နန်းရှင် အဖြစ် စိုးပိုင် နေခဲ့ရသော ဘုရင် ဖြစ်သူ သည် တောကစား ထွက်ရာ မှ မျက်စိလည် လမ်းမှား ပြီး ထို ကျောင်းသင်္ခန်း သို့ ရောက်သွား ရာ လှပ တင့်တယ်သော သတို့သမီးငယ် ကို မြင် လျှင် မြင်ချင်း တပ်မက် နှစ်သက်စိတ် ဝင်ခဲ့ပြီး မိဖုရား ခေါင်ကြီး မြှောက် ရန် ဖခင်ရသေ့ကြီး အား ကမ်းလှမ်းမည် ဟူသော အကြံအစည် ဖြင့် တိုင်းပြည် သို့ ပြန်ခဲ့၏ ။ ထိုနည်းတူစွာ ပင် လည်း ရေအောက် တိုင်းပြည် မှ နဂါးမင်းသားကလေး သည် လည်း ကောင်း ၊ သားရဲ တို့ ၏ ဘုရင်တစ်ဆူ ဖြစ်သော တောတွင်း လုလင် သည် လည်းကောင်း ရသေ့ကြီး ၏ ကျောင်းသင်္ခန်း တည်ရာ သို့ တစ်ချိန် စီ အကြောင်းဆိုက် ၍ ရောက် လာကြပြီး အသီးသီး စိတ်ထဲ ဝယ် သတို့သမီးငယ် ၏ ရူပကာ ကို ခုံမင် စွဲလမ်းခြင်း ဖြစ်၍ ကြင်ယာသက်ထား အနေ နှင့် အပြီးအပိုင် သိမ်းယူရေး ဆန္ဒ ကိန်းအောင်း ပြီး နေရင်း သို့ ပြန်ခဲ့ကြ လေသည် ။

သို့နှင့် များမကြာမီသော အချိန်ကာလ တွင် ရသေ့ကြီး ၏ ကျောင်းသင်္ခန်း ၌ တိုင်း ပြည့်ရှင်ဘုရင် ၊ နဂါးမင်းသား ၊ တောတွင်းသား သုံးဦး တို့ တစ်ပြိုင်တည်း လိုလိုပင် မျက်နှာစုံညီ ရောက်ရှိ လာကြပြီး ဖခင် ရသေ့ ထံ တွင် ကိတ္တိမ သတို့သမီးငယ် အား ပန်ကြား တောင်းဆို ကြ လေ၏ ။ ရသေ့ကြီး စိတ်ကူးမိသည် မှာ ထို လုလင် သုံးဖော် ကား နေရာဒေသ အလိုက် အထွဋ်ထိပ် အကြီးအကဲများ သာ ဖြစ်ချေသည် ။ မိမိ ၏ အနေ နှင့် ဤ သူ သာ ဆိုင်စေ ၊ ပိုင်စေ ဟု မဆုံးဖြတ် စကောင်း ။ ကျန် နှစ်ဦး က အမျက် ရှခဲ့သော် မိမိ ၏ အသက်ခန္ဓာ သာ အချည်းနှီး ဆုံးရှုံးရအံ့သည် ဟု ဆင်ခြင်ပြီး “ ကောင်းပြီ လေ ... အမောင်မင်း သုံးဖော် တို့ သင်တို့ တောင်းဆိုချက် ကို လည်း အကျွန်ုပ် မငြင်းပယ် လို ၊ တစ်ဦးတည်း သော သမီးငယ် အတွက် မျှတ ညီတညွတ်ခြင်း ဖြစ်အောင် ဝေခြမ်းပေးနိုင်စွမ်း လည်း မရှိ ။ ထို့ကြောင့် ... သင်တို့ မင်း သုံးဖော် သာ လျှင် တိုင်ပင် ဆွေးနွေးပြီး အဆုံးအဖြတ် ပြုကြပါလေ လော့ ... ”  မယုတ်မလွန် ပြောဆို၍ မျက်နှာ လွှဲခဲ့ လေရာ တွင် လုလင် သုံးဦး မှာ သူ ရသင့် ၊ ငါ ရထိုက် အငြင်းပွား ကြပြီး နောက်ဆုံး၌ အပြိုင်အဆိုင် အနိုင် ရရေး အတွက် စစ် ထိုး ကြမည် ။ အောင်ပန်း ဆွတ်ခူးသူ သည် သတို့သမီးငယ် အား သိမ်းပိုက်စတမ်း ဟု သတ်မှတ် ဆုံးဖြတ် လိုက်ကြလေ၏ ။

နေရာ သတ်မှတ် ၍ တစ်ခု သော တောအုပ် ကို မဏ္ဍိုင် ပြုကာ စစ်ထိုးကြရန် ချိန်းဆို သောအခါ ကာလ သို့ တိုင်လာလေသည် ။ တိုင်းပြည်ရှင် ဘုရင် ဘက် မှ စစ်အောင်လံ တလူလူ ဝင့် ပြီး မြင်းသည်တော် ခြေသည်တော် ဓားလှံလေးမြားကိုင် ရဲမက်ဗိုလ်ပါ အပေါင်း တို့ နှင့် တကွ စစ် တိုက်စည် တိုက်မောင်းများ ရိုက်တီး ပြီး တစ်ခဲနက် ကြွေးကြော် ချီတက် လာလေ၏ ။ နဂါး လုလင်မင်းသား ဘက် မှ လည်း အစွယ် ပြောင်ပြောင် အလျှံ တညီးညီး မီးတဝင်းဝင်း တောက်အံ့ သော မျက်လုံးကြီးများ နှင့် မှုန့်မှုန့်ညက်ညက် ကြေကာ တစ်မုဟုတ်ချင်း ဖွဲပြာ ဖြစ်စေတော့ဘနန်း ရာထောင် မက သော နဂါးစစ်သည် အပေါင်း တို့ နှင့် တကွ ဆိုက်ရောက် လာလေ၏ ။ တောတွင်း လုလင်ဖက် တွင် လည်း ကြောက်မက်ဖွယ် ရိုင်းစိုင်း ကြမ်းတမ်းလှသော ကျားရိုင်း ဆင်ရိုင်း ခြင်္သေ့ စသည့် သားရဲတိရစ္ဆာန် အပေါင်း ကို ဦးစီးလျက် ကြားရ မြင်ရ သူအပေါင်း ထိတ်လန့် တုန်လှုပ်ကာ နားကွဲစေလု မတတ် ဟိန်းသံ ဟောက်သံကြီးများ ပေးစေလျက် စစ်တလင်း တည်ရာ သို့ ရှေးရှု လာ နေလေ၏ ။

မကြာမြင့်မီသော အချိန် အတွင်း တွင် ကြောက်မက်ဖွယ် ပြင်းထန်လှသော သုံးဦး သုံးဖလှယ် အကြိတ်အနယ် အပြိုင်အဆိုင် အနိုင်ကြဲ ကြသည့် စစ်ထိုးပွဲကြီး တစ်ခု ခင်းကျင်း တိုက်ခိုက်ကြ ပေတော့မည် ။ သုံးဖက် စလုံး မှ စစ်သည်ဗိုလ်ပါ အများအပြား သည် လည်း ရာ ထောင် မက သေကျေ ဆုံးရှုံးကာ သွေးချောင်းကြီးများ စီးတော့အံ့ ဆဲဆဲတည်း ။ အုပ်စု လိုက် ညာသံ ပေး၍ စစ်ကြောင်းကြီးများ ချီတက် လာကြရာ တွင် မဏ္ဍိုင် ပြုအံ့သော အလယ် တောအုပ် သို့ ဖိုခနောက်ဆိုင် ပြုရန် တရွေ့ရွေ့ နီးကပ် လာကြတော့သည် ။

သည်သို့သော အခိုက်အတန့် ဝယ် တောအုပ် အလယ် မှ ပြိုးပြိုးပြက်ပြက် ဝင်းလက် သော အလင်းရောင်ကြီး တစ်ခု ပေါ်ထွက် လာပြီး ရုက္ခစိုးနတ် တစ်ပါး ကိုယ်ထင် ပြ လာလေ၏ ။ ပြီးလျှင် ... မင်း လုလင် သုံးဖော် စလုံး ကြားစေသော အသံ ဖြင့် “ အမောင်တို့ ... ရပ်ဆိုင်းကြ လော့ ။ မိန်းမငယ် တစ်ဦး အတွက် သွေးချောင်း စီးပြီး များစွာကုန်သော လူသတ္တဝါ တိရစ္ဆာန် တို့ ၏ အသက်ခန္ဓာများ အား အလဟဿ သေကျေ နစ်မွန်းခြင်း မဖြစ်ကြစေကုန်လင့် ။ သင်တို့ သုံးဖော် ကား ခိုင်ညှာ တစ်ခု ထဲသော သစ်သီး သုံးလုံး မှ သန္ဓေ ပြု လာသည့် ညီနောင် သုံးဦး ဖြစ်ပြီး ကျွန်ုပ် ရုက္ခစိုးနတ် ကိုယ်တိုင် စောင့်ရှောက် လာခဲ့ရသည် ။ ငှက်ကြီး ချီ ယူ သွား၍ သာ တစ်ကွဲ တပြား စီ နေရာဌာန ခြားနား ခဲ့ရ၏ ။

စတင်အံ့ ဆဲဆဲ ရန် စစ်ပွဲကြီး အား ရုပ်သိမ်း ကြပြီး အဆုံးအဖြတ် ပေးသည် ကို နားဆင် ကြပါလော့ ။ ရသေ့ကြီး ၏ သမီးငယ် မှာ အကြီးဆုံး နောင်တော် ဖြစ်သော မင်းဧကရာဇ် နှင့် ပထမဆုံး ကြုံတွေ့ခဲ့ရသူ ဖြစ်ပြီး ညီလတ်စံရာ နဂါးပြည် နှင့် လည်း မသင့်လျော် ၊ ညီထွေးဖြစ်သူ တောကြီးပျော် ဒေသနှင့် လည်း မအပ်စပ် ၊ လူ့ရပ်ဌာနီ မင်းနေပြည် နှင့် သာ လျော်ကန်သင့်မြတ် ပါ သဖြင့် ကျန် ညီငယ် မင်းနှစ်ပါး က စိတ်သဘော ကြည်ဖြူစွာ လျော့ပေါ့ ပေးစေ လိုကြောင်း မေတ္တာရပ်ခံ လိုပါ၏ ... ” ဟု ပြောကြာပြီး ပျောက်ကွယ် သွားလေ၏ ။

ရုက္ခစိုးနတ်မင်း ၏ အကြောင်းရင်း ဇစ်မြစ် ရှင်းလင်း ပြောပြချက် ကို ကြားသိ လိုက်ရ သော ညီနောင် သုံးဖော် မှာ သတိသံဝေဂ ရ၍ အမျက် ပြေကာ ဖက်လှဲတကင်း ချစ်ကြည်စွာ နှင့် ပြောဆို ခွန်းဆက်ပြီး နောင်တော်ကြီး ဖြစ်သော တိုင်းပြည်ရှင် အား ရသေ့ကြီး ၏ သမီးငယ် ကို လက်ဝယ် နှင်းအပ်ကြ ၍ စစ်သည်ဗိုလ်ပါ ရဲမက်အပေါင်း တို့ အား ရုပ်သိမ်း ကာ ခြံရံ လျက် မိမိတို့ စံပျော်ရာ ဌာန ဒေသ တည်ရာ သို့ ပျော်ပျော်ရွှင်ရွှင် ဖြင့် အသီးသီး ပြန်ကြ လေကုန်တော့ သတည်း ။

◾ကိုလေးနှင်းမြိုင်

📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၅၉ ၊ ဇန်နဝါရီ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment