❝ တောင်ပီစူးငှက် နှင့် ဠင်းတ ❞
ရှေးရှေးတုန်း က ပါလက်စတိုင်း ဆိုတဲ့ တိုင်းပြည် မှာ စူလေမန် ဆိုတဲ့ ဘုရင်ကြီး တစ်ပါး ရှိ သတဲ့ ။ ဒီ ဘုရင်ကြီး ဟာ သိပ်ပြီး ပညာ ရှိတယ် ။ ငှက်တိရစ္ဆာန် တွေ ရဲ့စကား ၊ သားရဲတိရစ္ဆာန် တွေ ရဲ့ စကား ကို သူ ပြောနေကျ လူ့ စကား အတိုင်း ရေရေလည်လည် ပိုင်ပိုင်နိုင်နိုင်ကြီး ပြောနိုင် သတဲ့ ။
တစ်နေ့ တော့ ဒီ ဘုရင်ကြီး ဟာ တိုင်းခန်း လှည့်လည် ထွက်တော် မူတယ် ။ အဲဒီလို တိုင်းခန်း လှည့်လည် ထွက်တော်မူ တော့ သဲကန္တာရကြီး တစ်ခု ကို ရောက်ရော ။ သဲကန္တာရ ဆိုတာ အရိပ်အာဝါသ ကင်း တဲ့ နေရာ ဆိုတော့ ပူပြင်းတာပေါ့ ။
စူလေမန် ဘုရင်ကြီး ဟာ လူ လေးယောက် ထမ်း ရတဲ့ ဝေါယာဉ်ကြီး ပေါ် မှာ ထိုင် နေရ ပေမယ့် ပူပြင်းတဲ့ နေဒဏ် က တော့ ခံရတာပေါ့ ။ နေ မြင့် လေ အပူ ရင့် လေ ဖြစ်လာတော့ ဘုရင်ကြီး ဟာ ခရီး ဆက် မထွက် ချင် လောက် အောင် ဖြစ် သတဲ့ ။ သူ့ ရဲ့ ကျေးကျွန် တွေ က လည်း ရေကြည်တော် ဆက်ကြ ၊ ယပ်တော်များ ခတ်ကြ ပေါ့ကွယ် ။
အဲဒီလို နေတုန်း ဘုရင်ကြီး ဟာ ဝေါယာဉ် ပေါ် က ကောင်းကင် ကို မော့ ကြည့်တဲ့ အခါ ဠင်းတ တစ်အုပ် ဟာ ပျံသန်း နေတာ ကို တွေ့မြင် တော့ ၊ သူ ဟာ သူ့ လူတွေ ကို “ ရပ်ကြစမ်းဟေ့ ” လို့ အမိန့်ပေးပြီး “ ဟေ့ ... ဠင်းတငှက် တွေ ငါ့ နား ကို လာစမ်းကြ ဟေ့ ။ ငါ့ ရဲ့ဝေါယာဉ် ပေါ် က နေပြီး ပူလောင် တဲ့ နေရောင် ကို ကာကွယ် ပေးကြစမ်းကွယ် ” လို့ အော် ပြော သတဲ့ ။
ဠင်းတ တွေ ဟာ ဘုရင်ကြီး ပြောတဲ့ စကား ကို နားလည် ပေမယ့် အလှမ်း မကွာ လှတဲ့ နေရာ မှာ ရှိတဲ့ ကုလားအုပ် တစ်ကောင် ကို မြင်တာ နဲ့ နား မထောင် ဘဲ ဆက်ပြီး ပျံသန်း သွားကြတယ် ။
ဒီတော့ ဘုရင်ကြီး ဟာ စိတ် ဆိုး ပြီး “ ဒီလို လောဘကြီး ပြီး သနားကြင်နာမှု ကင်းမဲ့တဲ့ အကောင် တွေ ငါ့ အား ခဏတာမျှ အကူအညီ မပေးလိုတဲ့ အကောင် တွေ ဒီနေ့ က စပြီး မင်းတို့ ရဲ့ လည်ပင်း က အမွေး တွေ ဟာ နေလောင် ပြီး ပြောင်ပါစေ ။ ရှက်စဖွယ် လည်း ဖြစ်ပါစေ ” လို့ ကျိန်ဆဲ လိုက် သတဲ့ ။
အဲဒီလို ဘုရင်ကြီး ကျိန်ဆဲ လည်း ပြီးရော ဠင်းတ တွေ ရဲ့ လည်ပင်း က အမွေး တွေ ဟာ ပြုတ်ကျကုန် ရော ၊ ယနေ့ ငါတို့ မြင်ရတဲ့ အတိုင်း ပေါ့ကွယ် ။
••••• ••••• •••••
စူလေမန် ဘုရင်ကြီး ဟာ ဠင်းတ တွေ ကျိန်ဆဲ ပြီး ခရီး ဆက် ထွက် လာခဲ့ သတဲ့ ။ နေရောင် ဟာ လည်း ပို မြင့် လာ လေ အပူရှိန် ဟာ လည်း ပို ရင့် လာလေ ပေါ့ ကွယ် ။
ဘုရင်ကြီး ဟာ ကောင်းကင် မော့ ကြည့် ပြန်တော့ တောင်ပီစူး ငှက်ကလေး တစ်အုပ် ပျံလာ တာ ကို မြင်ပြန် သတဲ့ ။ ဒီတော့ “ ဟေ့ ... တောင်ပီစူး ငှက်အလှကလေး တွေ ရေ ... ငါ့ ကို ပူလောင် တဲ့ နေရောင် ကို ကာကွယ် ပေးကြစမ်း ကွယ် ” လို့ အော် ပြောတော့ တောင်ပီစူး ငှက်ကလေး တွေ ဟာ ဘုရင်ကြီး နား လာပြီး “ အို ... ဘုရင်မင်းမြတ် ကျွန်ုပ်တို့ ကိုယ်ခန္ဓာ ဟာ သေးငယ်လှပါတယ် ။ ဒါပေမယ့် အစွမ်းကုန် အတတ်နိုင်ဆုံး ကာကွယ် ပေးပါ့မယ် ” ပြောပြီး ဘုရင်ကြီး ပေါ် က မိုးပြီး လိုက်ကြ သတဲ့ ။
ညနေ နေကလေး စောင်း အပူရှိန် လည်း လျော့ လာတော့ မှ တောင်ပီစူးငှက်ကလေး တွေ ဟာ ဘုရင်ကြီး ထံ ပြန်ခွင့် တောင်းကြ သတဲ့ ။
ဒီတော့ ဘုရင်ကြီး က ဒီလို သူ့ကို ကူညီ တဲ့ အတွက် ကျေးဇူး တင်လွန်း လို့ “ ကဲ ... မပြန် ခင် မင်းတို့ ဟာ ငါ့ ကို ကြင်နာစွာ နေရောင် မှ ကာကွယ် ပေးတဲ့ အတွက် ဘာ ဆုများ အလို ရှိသလဲ လို့ မေးမြန်းတော့ ... ။
တောင်ပီစူးငှက် တွေ ထဲ က ငှက်ဘုရင်ကလေး က “ ကျွန်တော်မျိုး ဘာ ဆုမျှ အလို မရှိပါ ။ ဒီလို ဘုရင်မင်းမြတ် အမှုတော် ထမ်းရတာ ဟာ ပဲ ဆုတော်လာဘ်တော်ကြီး တစ်ခု ပါ ပဲ ” လို့ ပြန် လျှောက်ထား သတဲ့ ။
ဒါပေမယ့် ဘုရင်ကြီး ဟာ အလိုရှိ တဲ့ ဆု ကို တောင်းဖို့ ဇွတ် တိုက်တွန်း နေ ပြန် တော့ ငှက်ဘုရင်ကလေး က ပထမ ပြန်ပြီး သူတို့ ၏ ဇနီးသည်များ နှင့် တိုင်ပင်ပါရစေဦး လို့ လျှောက် ထား ပြန်တော့ “ အေး ... ကောင်းပြီ ပြန်ကြပေတော့ ” လို့ ပြောပြီး လွှတ်လိုက် သတဲ့ ။
တောင်ပီစူး ငှက်ဘုရင်ကလေး ဟာ သူ့ နေရာ ပြန်ပြီး ဖြစ်သမျှ အလုံးစုံ ကို သူ ၏ ဇနီးသည် ကို ပြန် ပြောတော့ သူ ၏ ဇနီးသည် က အတော်အတန်ကြာ စဉ်းစားပြီး မှ “ ရွှေသရဖူ ကလေး ကျွန်ုပ်တို့ ဆင်မြန်း ပေးရန် တောင်းရအောင် ။ တောင်းလို့ ရ ရင်ဖြင့် ငှက်တကာ ထဲ မှာ အလှဆုံး ငှက် ဖြစ်မှာပဲ ” လို့ပြော သတဲ့ ။
ငှက်ဘုရင်ကလေး က လည်း သည် အကြံ ကို သိပ် သဘော မကျဘူး ။ ဒါပေမယ့် ပြောပါများ မယားစကားပါ ဆိုတာ လို သဘော တူ ပြီး စူလေမန် ဘုရင်ကြီး ၏ နန်းတော် ရှိရာ ဆီ ပျံသန်း သွားတယ် ။
နန်းတော် ထဲ ရောက် လို့ ဘုရင်ကြီး ဟာ ငှက်ငယ် ကို မြင် လျှင် မြင်ခြင်း “ ငါ့ ရဲ့ အင်မတန် လှပတဲ့ ငှက်ငယ် ။ ဘာ ဆုများ မင်း သဘောကျ သလဲဟေ့ ” လို့ မေးတော့ ငှက်ငယ် ဟာ ပထမ သူ့ ဇနီးသည် လိုလားတဲ့ ဆု ကို လျှောက်ထားဖို့ ရာ ကြောက် နေ သတဲ့ ။ ဒါပေမယ့် ဘုရင်ကြီး ပြုံးရွှင်တဲ့ မျက်နှာထား သာယာချိုအေးစွာ မေးတဲ့ အတွက် သူ့ ဇနီးသည် လိုလားတဲ့ ဆု ကို လျှောက်ထား သတဲ့ ။
ဒီတော့ စူလေမန် ဘုရင်ကြီး ဟာ “ ဒါ ဟာ မင်း အလိုလားဆုံး ဆုလား ကွယ် ” လို့ မေး တော့ ငှက်ငယ် က လည်း သူ့ ဇနီးသည် အလိုလားဆုံး ဆု ကို သူ တောင်းခံရပါတယ် လို့ လျှောက်ထားတော့ ဘုရင်ကြီး က ကောင်းပြီ ။ ဒီ ဆု ကို ငါပေးမယ် ။ အကယ်၍ မင်း ဒီဆု ကို မလိုချင် တော့ပါဘူး ဆိုတဲ့ အခါ လည်း လာပေါ့ကွယ် ” လို့ ပြောပြီး ဆု ကို ပြည့်စေလို့ ပေးလိုက် သတဲ့ ။
တောင်ပီစူးငှက်ကလေး ဟာ သူ့ နေရာ ဌာန ကို လည်း ပြန် ရောက်ရော ၊ ရွှေသရဖူ ဆောင်း ထားတဲ့ သူ့ ဇနီးသည် ကို ကြည့်ပြီး သဘောကျ နေ သတဲ့ ။ နောက် သူ့ မှာ လည်း ရွှေသရဖူကလေး နဲ့ ဖြစ် နေကြောင်း သိရတယ် ။ အခြား သူ နဲ့ အမျိုးတူ ငှက်တွေ မှာ လည်း ရွှေသရဖူကလေး တွေ နဲ့ ဆိုတာ ကို သိရတော့ “ ဒို့ ဟာ အလှဆုံး ငှက်ကလေး တွေ ဖြစ်နေပြီ ” လို့ တောင် ပြောလိုက် သေး သတဲ့ ။
အဲဒီလို ဝမ်းသာကြတာ ဟာ တစ်ခဏ ပါပဲ ။တစ်နေ့ တော့ ငှက်ဖမ်းသမား တစ်ယောက် ဟာ တောင်ပီစူး ငှက်ငယ် တစ်ကောင် ကို မိ လို့ မြို့ တက် ရောင်းတဲ့ အခါ ရွှေသရဖူ ကြောင့် ငွေ များစွာ ရ သတဲ့ ... ။ ဒီ သတင်း ကို လူတွေ ဟာ ကြား တော့ တောင်ပီစူးငှက်ကလေး တွေ ကို တော တွေ တောင် တွေ ချုံပုတ် တွေ မကျန် လိုက်လံ ရှာဖွေပြီး ဖမ်းယူ သ,တ်ဖြတ်ကြ သတဲ့ ။
တောင်ပီစူး ငှက်ကလေး တွေ ဟာ လည်း ရွှေသရဖူ ကြောင့် များစွာပဲ သေဆုံး ကြရတယ် ။
နောက်ဆုံး တော့ တောင်ပီစူးငှက် ဘုရင်ကလေး ဟာ သူ တောင်းတဲ့ ဆု ကြောင့် သူတို့ အမျိုးသား ဒုက္ခ ဖြစ်နေပြီ ။ ဘုရင့် ထံ ပြန် သံတော်ဦး တင် မှ ပဲ ဆိုပြီး နေ့ အခါ လွတ်ရာ ချုံပုတ် တွေ ထဲ ဝင်ပုန်း ။ ည အခါ ပျံသန်းပြီး ခဲယဉ်းစွာ စူလေမန် ဘုရင်ကြီး ရဲ့ နန်းတော် ကို ရောက် သတဲ့ ။
စူလေမန် ဘုရင်ကြီး ဟာ လည်း အံ့အားသင့်စွာ နှင့် ပဲ “ ဘယ့်နှယ် ... ငါ့ ရဲ့ အင်မတန် လှပတဲ့ ငှက်ငယ် ဘာကိစ္စ နဲ့ လာပြန်သလဲ ကွယ် ” လို့ မေးတော့ ...
“ မှန်လှပါ အရှင်မင်းမြတ် ။ အရှင်မင်းမြတ် ထံ တောင်းယူ တဲ့ ဆုကြောင့် အားလုံး ဒုက္ခ ရောက် ကုန်ရပါပြီ ။ ဒါကြောင့် ဘုရင်မင်းမြတ် ရဲ့ ဆု ကို ပြန် ယူတော်မူပါဦး ” လို့ လျှောက်တော့ စူလေမန် ဘုရင်ကြီး က “ ဒါဟာ မင်း တောင်းတဲ့ ဆု ထဲ မှာ ပါတဲ့ သရဖူ ကြောင့် မဟုတ်ပါဘူး ။ ရွှေ ကြောင့် ပါ ။ သရဖူ ကို တော့ မင်း တို့ ကို ကျေးဇူး တင်တဲ့ အနေနှင့် ချီးမြှင့် ပါရစေ ယူပါ ။ ဒါပေမယ့် ရွှေ တော့ ယနေ့ က စ မပါဘဲ လှပတဲ့ အမွေးသရဖူ ဖြစ်စေ ” လို့ မိန့်တော် မူလိုက်တယ် ”
ငှက်ဖမ်းသမား တွေ လည်း တောင်ပီစူး အမောက် မှာ ရွှေ မပါကြောင်း သိတော့ မှ မဖမ်းကြဘူးကွယ် ။ ဒီတော့ မှ တောင်ပီစူးငှက်ကလေး တွေ လည်း အေးချမ်းစွာ နေရ သတဲ့ ။
◾မင်းတဲတင်မောင်
📖 ရှုမဝ မဂ္ဂဇင်း
၁၉၅၉ ၊ ဖေဖော်ဝါရီ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment