❝ ကျားကုတ်ကျားခဲ တက်လာခဲ့ပြီး ❞
“ ဟာ ဟေ့ ကောင် လုပ်လှချည်လား ”
“ သူဌေး ဖို့ စပယ်ရှယ် ကွာ ၊ မင်း လဲ တစ်ခွက် တစ်ဖလား ”
“ ဟာ ငါ က ထမင်း စားခဲ့ပြီးပြီ ”
“ ဒါဆို အမြည်း ”
“ အေးအေး ”
အပျံစား ခင်ဗျာ ၊ မှန်လုံ အဲကွန်းအခန်း ထဲ က စားပွဲ ပေါ် မှာ ဂျော်နီဝါးကား ရက်ဒ်လေဘယ် ၊ ဆိုဒါရေခဲ ၊ ကြက်ခြောက်ကြော် ၊ ငါးရှဉ့်ချဉ်စပ် ၊ ဆေးဘဲဥသုပ် ၊ အာလူးအကြွပ်ကြော် ၊ မြေပဲဆားလှော် ၊ ကကတစ်ငါးကောင်လုံးကြော် ။
သောက်ဖွယ်စားဖွယ်များ ။
စားပွဲ မှာ ကျွန်တော် မောင်ချမ်းသာ ၊ သူငယ်ချင်း မောင်စိန်သောင်း ၊ သူဌေး ဆိုသူ ခပ်ဖိုင့်ဖိုင့် ဥပဓိရုပ် ကောင်းကောင်း လူခန့်ခန့် တစ်ယောက် ၊ သူ့ ဘေး မှာ လှ ချော တောင့် ဖြောင့် အသား ခပ်ဖြူဖြူ အမျိုးသမီး တစ်ဦး ။
အမှန်အတိုင်း ပြောရလျှင် ကျွန်တော် မောင်ချမ်းသာ နှင့် သည်ဝိုင်း နှင့် မအပ်မစပ် ၊ မတန်မရာ ၊ ထို့ကြောင့် ထမင်း စားပြီးပြီ ဟု ဆိုတာ ကို ကျွန်တော့် သူငယ်ချင်း မောင်စိန်သောင်း က သူ့ ကား နှင့် လွှတ်ခေါ်၍ ကျွန်တော် ပါလာရခြင်း ဖြစ်လေ၏ ။
အချိန်ကာလ ကား ၁၉၈၂ - ၈၃ ခုနှစ် များက ။
“ မင်းတို့ လင်မယား ”
“ ဟုတ်တယ် တို့ နှစ်ယောက် ညားခါစ က အရမ်း ကျပ်တည်းတာ ကွ ၊ ဆေးပေါ့လိပ် အတိုကလေး တစ်ယောက် တစ်လှည့် ဖွာ ၊ ကြံရိုးကလေး တစ်ယောက် တစ်ကိုက် စုပ် ၊ ထမင်းကြမ်းခဲကလေး တစ်ယောက် တစ်ဖဲ့ စီ စား ၊ ဒီလိုကနေ ကုန်းရုန်း တက် ခဲ့ကြရတာပါကွာ ၊
ဒီအဆင့် ရောက် လာအောင် ၊ ကျားကုတ်ကျားခဲ တက် ၊ ဖားစီး ကျားစီး ရှာ ၊ ဒီလိုနဲ့ လူ ဖြစ်ခဲ့ရတာပါကွာ ”
စကား စပ်မိသည့် အခါ ရှေးဟောင်းနှောင်းဖြစ်များပြောမိကြ ။
ထို ဆင်းဆင်းရဲရဲ မောင် စိန်သောင်း ကား ချမ်းချမ်းသာသာ မောင်စိန်သောင်း ဖြစ် နေလေပြီ ၊ ကျွန်တော် နှင့် ပြန်ဆုံမိသည့် အချိန်မှာ ။
၁၉၅ဝ - ၆ဝ ခုနှစ်များ က ဘုန်းကြီးကျောင်းသား ဘဝ ၊ လည်ပင်းဖက် ကြီးခဲ့ကြ ။
ကျွန်တော် က ရန်ကုန် ရောက်သွား ၊ သူ က ရွာ မှာ ကျန်ခဲ့ ။
“ သူငယ်ချင်း ရေ ”
“ အင်း ဆိုပါဦး ”
“ ပထမ ကြံ ကုန် ကူးတာ က စတာ ကွ ၊ ကြံရိုးတွေ သယ် လာပြီးဈေး မှာ ရောင်းတာ ပေါ့ကွာ စုပ်ကြံတွေ ၊ နောက်တော့ လက်လှည့် ကြံရည်ကြိတ်စက်ကလေး ၊ အဲဒီ ကနေ အင်ဂျင် နဲ့ လည် ၊ ကြံရည် က နွေကလေးပဲ ရောင်း ရတာကွ ၊ မိုးတွင်း ဆောင်းတွင်း နားထား ၊ အင်ဂျင်ကလေး အားနေ ၊ ဒါနဲ့ ပြန်စိတ်ဝိုင်းကလေး ထောင် တာကွ "
ပြန်စိတ်ဝိုင်း ဆိုတာက လွှသမား စကားပါ ခင်ဗျာ ၊ သံလင်ပန်း လောက် ရှိတဲ့ လွှဝိုင်းကလေး ဗျာ ၊ သစ်စက်ကြီးတွေ က ကျတဲ့ ပကာသား ( ဘေးသား ) လေးတွေ ကို ပြန်စိတ် ၊ သေတ္တာခွံ ရိုက်ဗျာ ။
“ အဲဒီ ပြန်စိတ်ဝိုင်း ကနေ ”
ဟုတ်ပါဗျာ ပေသုံးရာ ပေနှစ်ရာ ပတ်လည် မြေကွက်ကြီး ထဲမှာ သစ်ခွဲ စက် ရုံ ကြီး ဗျာ ။ ပြန် စိတ်ဝိုင်းကလေး က တစ်စုံ ၊ ဝိုင်းလတ် က တစ်စုံ ၊ သုံးပေဝိုင်းကြီး က တစ်စုံ ။ တပည့်လက်သား စုံလင်စွာ နဲ့ ၊ သစ်လုံးပုံကြီး တွေ နဲ့ ၊ ခွဲပြီးသား သစ်ပုံကြီး တွေ နဲ့ မောင်စိန်သောင်း စက်သူဌေး ဖြစ် နေလေပြီ ။
သူ့ ကြည့် ၊ ကျွန်တော် အားတွေကျ ။
သူဌေး ဆိုသူ က သစ်ကုန်သည် ခင်ဗျာ ။ မောင်စိန်သောင်း ဆီ က သစ်တွေ ကို ကား အစီးလိုက် ရန်ကုန် ပို့ ။ မောင်စိန်သောင်း ကို သစ်ဖိုး ချေ ။
သူဌေး ဆိုတော့ လည်း မောင်စိန်သောင်း က ပြုစု ၊ သူ ဌေး က လည်း တစ်လှည့် တစ်ဖန် ပြုစု ။
သူဌေး နဲ့ ပထမ မြင်မိတဲ့ မိန်းမချောလေး က အသား ဖြူတယ်ဗျာ့ ၊ ဒုတိယ ပါလာသူကလေး ကတော့ အသားဝါချောလေး ဗျာ့ ၊ တတိယ ကတော့ ညိုချောလေး ဗျို့။
သူဌေး က မောင် စိန်သောင်း အပေါ် အတော်ကြီး ပံ့ပိုးတယ်ဗျာ ။ လူ့ဘဝ အရသာ အတတ်မျိုးစုံ လည်း သင်ပေးတယ်ဗျာ ။
သူဌေးမင်း စောင်မမှု ကောင်းသောကြောင့် မောင်စိန်သောင်း လည်း အချောကလေးများ ထည်လဲ တွဲတတ် လာတယ် ခင်ဗျာ ။
သူဌေး က ပထမအခေါက် တွေ မှာ သစ်ဖိုးငွေ အကျေ ချေတယ်ဗျာ ။ နောက် အခေါက် ၊ နောက် အခေါက် တွေ မှာ ကျတော့ အကြွေး တစ်ဝက် လက်ငင်း တစ်ဝက် ဖြစ် လာတယ် ။
နောက် ဆုံး တစ်ခေါက် မှာ လက်ငင်း တစ်စီး နဲ့ အကြွေး က ကား ငါးစီးဖိုး ယူ သွားတယ် ခင်ဗျာ ။
ဒါပေမယ့် မောင်စိန်သောင်း က မျက်နှာ မငြိုငြင်ပါဘူး ။
ဘာကြောင့်လဲ ဆို သူဌေး က ညိုချောလေး ကို မောင်စိန်သောင်း ထံမှာ အပ်ထား ခဲ့တယ် ခင်ဗျာ ။
သူ့ မယား ခဏ ထားခဲ့တယ် ။
သုံးလေးရက် ကြာ ပြန်လာမယ် ပေါ့ ။
သုံးလေးရက် ကြာ ပေါ်မလာ ။ တစ်လ ကြာ ပေါ်မလာ ။ အိမ် ပေါ် မှာ က သူဌေးမယား က သောင်တင် နေလေပြီ ။
ရန်ကုန် လိုက် ရှာပါ၏ ။ သူဌေး ( ငှား နေသော ) တိုက်ခန်း သော့ ခတ်လို့ ထားပါ၏ ။
မောင်စိန်သောင်း မိမိ ကိုယ် ကို အထင် ကြီးခဲ့မိတာတွေ အလကား ဖြစ်သွား ။
သူဌေး ကို ယုံ ကြည် မိခဲ့တာတွေ အလကား ဖြစ်လို့ သွား ။
ကျားကုတ်ကျားခဲ တက် လာပြီးမှ ၊ မထိန်းနိုင် မသိမ်းနိုင် ၊ တလိမ့်ခေါက် ကွေး ကျ ၊ တ လိမ့် ခေါက်ကွေး ကျ ။
◾မောင်ချမ်းသာ
📖 ကုမုဒြာ ဂျာနယ်
၁၈ နိုဝင်ဘာ ၂၀၀၅
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment