Wednesday, July 10, 2024

ဘယ်တော့မှ မအိပ်တဲ့ ရပ်ကွက်


 

❝ ဘယ်တော့မှ မအိပ်တဲ့ ရပ်ကွက် ❞

ပူလွန်းလို့ ဝရန်တာ မှာ ပက်လက်ကုလားထိုင် တစ်လုံး နဲ့ ကျွန်တော် ထွက် ထိုင်နေရတယ် ။ လက် ထဲ မှာ ယပ်တောင် တစ်ချောင်း နဲ့ အနား မှာ ရေသန့်တစ်ဘူး ချ လို့ ။ “ အားပါးပါး ” ပူလိုက်တာ မပြောပါနဲ့တော့ လား ။ စွပ်ကျယ်လက်ပြတ် နဲ့ ချည်သားဘောင်းဘီတို နဲ့ ဝတ်ထားပေမဲ့ အပူဒဏ် က သိသိသာသာ လျော့ပါး မသွားဘူး ။ ကျွန်တော် ရှိတဲ့ ဒီနေရာ မှာ လေ တွေ က တစ်စက် မှ လာပြီး တိုက်ခတ်ဖော် မရကြဘူး ။ လေတွေက ဘယ် အရပ်ဆီ မှာများ ပျော်ပါး တိုးဝှေ့ နေကြပါလိမ့် ။ ကျွန်တော် ပူလောင်နေမှန်း သိလျက်သား နဲ့ ကျွန်တော့် အနား အလိုက် တသိ ရောက် မလာတဲ့ လေတွေ ။ အဲသည် လေတွေ ကို ကျွန်တော် မုန်းတယ် ။ ဒါတင် မကသေးဘူး လေများများ နဲ့ မိန်းမတွေ ကို ကျွန်တော် မုန်းတယ် ။ လေများများ နဲ့ မိန်းမတွေ ကလည်း ကျွန်တော့် ကို မုန်း ကြဦးမှာ အသေအချာ ။ ဘာလို့လဲ ... ။ သူတို့ ပြောတဲ့ စကားလုံးတိုင်း ကို ဘယ်တော့မှ ဆုံးအောင် နားထောင် မပေးလို့ ။ ဒီတော့လည်း ခုချိန်ထိ ကျွန်တော် က တစ်ကိုယ်ရေ တစ်ယောက်တည်း ပေါ့ ။

မိန်းမ တွေ ဟာ ဘာမှ ခြေခြေမြစ်မြစ် မရှိလှတဲ့ သူတို့ နှုတ် က ထွက်သမျှ တောင်စဉ် ရေမရ စကားလုံးတွေ ကို ပြုံးပြုံးကြီး လိုက် နားထောင် ၊ ပြီးရင် ပြုံးပြုံးကြီး နဲ့ ခေါင်းညိတ် လိုက် ၊ ပြီးရင် ပြုံးပြုံးကြီး အကြံဉာဏ်တွေ လျှောက် ပေး ။ ဒါဆိုရင် တဟီးဟီး နဲ့ သဘောတွေ အကျကြီး ကျ တတ်ကြတဲ့ အမျိုး မဟုတ်လား ။ ကျွန်တော် က ဒီလို မိန်းမတွေ ပြော သမျှ ပြုံးပြုံးကြီး လိုက် လုပ်မနေတတ်တာ အမှန်ပဲ ။ တကယ်ဆို မိန်းမ တွေ မသိလို့ပါ ။ ယောက်ျားတွေ ဟာ မရခင် မှာသာ မိန်းမ ပြောသမျှ တပြုံးပြုံး လိုက် လုပ်တတ်တာ ၊ ရ လည်း ရ ရော သူတို့ ပိုင်နက် ထဲ လည်း ရောက်ရော မိန်းမ ဖြစ်သူ ကို တဗျင်းဗျင်းနဲ့ နားပန် ကျင်းတော့တာပဲ ။ ဒီလို နားပန်ကျင်းသံတွေ အခု ကျွန်တော် နေတဲ့ ဒီ ရပ်ကွက် ထဲ မှာ ပဲ ပြည့်လို့ ။ ည ည ဆို ဒီလို ဗျင်းသံတွေ က ဟိုအခန်း က ထွက်လာ ၊ ဒီအခန်း က ထွက်လာ နဲ့ တစ်ရပ်ကွက်လုံး ကို ဆူညံပွက် နေတော့တာ ။ ဘာအသံ မှ မပေါ် မထွက်ဘဲ တကယ့် ကို ဆိတ်ငြိမ် နေတဲ့ အခန်း ဆို လို့ ကျွန်တော့် အခန်း တစ်ခန်း ပဲ ရှိတယ် ။ ကျွန်တော့် အခန်း ထဲ မှာ ကျွန်တော် က လွဲလို့ တခြား ဘယ်သူမှ မရှိဘူး ။ ဒီလိုပဲ တစ်ယောက် တည်း နေ လာခဲ့တာ ကြာခဲ့ပြီ ၊ ဒါလောက် အနေကြာ ခဲ့တာတောင် မှ ဒီ ရပ်ကွက် ဟာ ကျွန်တော် နဲ့ တစ်ညတလေကလေး မှ သဟဇာတ မဖြစ်ခဲ့ဖူးသေးဘူး ။ တစ်ရပ်ကွက်လုံး ဆူညံသံတွေ ထွက်ပေါ်လာ လေလေ ကျွန်တော့် မှာ တိတ်တိတ်ကလေး ငြိမ်ကုပ် နေ မိရ လေလေ ။ တကယ်ပဲ ဒီနေ့အထိ ကျွန်တော် ဘာ ဆူညံသံမျိုး မှ မလုပ်ခဲ့ဖူးဘူး ။

ပူ လွန်းလို့ ယပ်တောင် ခတ်မိတာလေးတော့ ရှိတာပေါ့ ။ နှီးယပ်တောင် က တော်တော် ဟောင်း နေလေတော့ လက်ကိုင် အနှောင့် ဆီ က ထိန်းချည်ထားတဲ့ ကြိုး က ပြေလျော့ နေပြီး ခတ် လိုက်တိုင်း “ ကျရစ်ကျရစ် ” “ ကျရစ်ကျရစ် ” နဲ့ ခပ်တိုးတိုးကလေး မြည် နေ သံတော့ ရှိတာပေါ့ ။ ဒါက သိပ် အသံ မထွက်ပါဘူး ။ ထွက်တယ် ဆိုဦးတော့ ကျွန်တော့် တစ်ကိုယ်စာ ကြား ရုံကလေးပါပဲ ။ ဘယ်သူ့ ကို မှ အနှောင့်အယှက် မဖြစ်စေပါဘူး ။

ဒီ ရပ်ကွက် ထဲ က လူတွေ ကတော့ ဒီ ရပ်ကွက် ထဲ က လူတွေ အားလုံး ကြား အောင်ပဲ ဆူညံသံတွေ ညစဉ် ညတိုင်း ပြုလေ့ ရှိတယ် ။

ပူ လွန်းလို့ ယပ်တောင်ကို တဖျပ်ဖျပ် ခတ်ရလေလေ လှုပ်ရှားမှု များပြီး ချွေးတွေ ထွက် လာ လေလေ နဲ့ ။ ယပ်တောင် ကို အိမ် အတွင်းခန်း ထဲ အရှိန် နဲ့ ပစ် သွင်းလိုက်ပြီး ကျွန်တော် ငြိမ်ငြိမ်လေး ဆက် ထိုင် နေလိုက်တော့မှပဲ နည်းနည်း နေသာ ထိုင်သာ လေး ရှိ သွားတော့တယ် ။ ယပ်တောင် “ တဖျပ်ဖျပ် ” ခတ်နေ တာ က လူကို ပိုပြီး ပူလောင်စေတယ် ဆိုတာ ကို ကျွန်တော် သိ လိုက်ရတယ် ။ ဘာမှ မလှုပ်ရှားဘဲ ခုလို ငြိမ် ထိုင် နေတာ က မှ အပူ သက်သာ စေလေရဲ့ ။ အပေါ်ဆုံးထပ် အဋ္ဌမမြောက် အလွှာ ဆိုရင်တော့ အခု ကျွန်တော် နေတဲ့ တတိယထပ် နဲ့ စာရင် ပိုပြီး လေဝင်လေထွက် ကောင်းမှာ ပဲ လို့ တွေး မိပြီး အပေါ်ဆုံးထပ် ကို ပြောင်း နေချင်တဲ့ စိတ်တွေ “ တဖွားဖွား ” ဝင် ဝင် လာတတ်သေးတယ် ။

ကျွန်တော် ထိုင် နေတဲ့ တတိယမြောက် အလွှာ ဝရန်တာ ကနေ အောက် ကို ငုံ့ ကြည့်လိုက်ရင် လမ်းမ ဟာ အလှမ်း မဝေးလှတဲ့ အတွက် အသံဗလံ တွေ က ကျွန်တော့် နားစည် ကို လာ လာ ရိုက်တော့တာပေါ့ ။ ဒါဟာ မြေညီထပ် မှာ နေတဲ့ လူတွေ နဲ့ ထူးမခြားနား ပဲ လို့ ကျွန်တော် တော့ ထင် မိတာပဲ ။ ကားသံ ၊ လူသံတွေ အပါအဝင် လမ်းမပေါ် က အသံဗလံတွေ ကို “ ပွက်ညံပွက်ညံ ” နဲ့ အတိုင်းသား အပြိုင်းသား ကြား ကြား နေရတတ်တယ် ။

ပူ တာ လည်း မပြောနဲ့ ။ ပူ မှာပေါ့ ။ ကျွန်တော် နေတဲ့ ရပ်ကွက် က ဆူညံ နေတာကိုး ။ လူတွေ က ဆူညံတော့ ပူသင့်တာ ထက် ပိုပြီး ပူတယ် ။ တကယ်တော့ ခုလို ပူပူလောင်လောင် ဖြစ်နေတာ တစ်ရပ်ကွက်လုံး ဆူညံ နေကြလို့ပါ ။ တကယ်တော့ တစ်ရပ်ကွက်လုံး ခုလို ဆူညံဆူညံ ဖြစ်နေတာ ပူလောင် လွန်းလို့ပါ ။ ပူတော့ ပြတင်းပေါက် မှန်တွေ ကို တစ်ချပ် မကျန် အကုန် လိုက် ဖွင့်ထားမိရော ။ ဒီတော့ ပိတ်ထားလို့ မရတဲ့ ပြတင်းပေါက် တွေ ကနေ တစ်ဆင့် ရှိရှိသမျှ အသံတွေ အားလုံး အားလုံးက လူးလှိမ့်ပြီး ဒလဟောကြီး ဝင် လာပါလေရော ။ ဒီတော့ ကျွန်တော့် အခန်း ထဲ မှာ ဆိုရင်လည်း ရှောင်လွှဲ မရတဲ့ ဆူညံသံတွေ နဲ့ ပြည့်နှက် နေတော့တာပေါ့ ။ ဆူတာ နဲ့ ပူတာ ဟာ တက်လိုက် ကျလိုက် နဲ့ ချားရဟတ် တစ်စင်းလို ကျွန်တော့် အခန်း ထဲ ပတ်လည် မွှေ့ယမ်း နေလေရဲ့ ။ အဲဒါ ကျွန်တော် အခု နေထိုင်တဲ့ ကျွန်တော် တို့ ရပ်ကွက်ပဲ ။

တတိယလွှာ ချင်း အတူတူ ဘေး က တိုက်ခန်း ရဲ့ တတိယမြောက် အလွှာ က ကျွန်တော် နေတဲ့ အခန်း ထက် ပို နိမ့် သယောင် ရှိတယ် ။ ဟိုဘက် တိုက်ခန်း ဝရန်တာ မှာ ကျွန်တော့် လို ထွက် ထိုင်နေတဲ့ လူ တစ်ယောက် ကို ခပ်နိမ့်နိမ့် အနေအထား မှာ ကျွန်တော် လှမ်း မြင်နေရတယ် ။ ဒီ လူ က ကျွန်တော့် လို တော့ ငြိမ်ငြိမ်ဆိတ်ဆိတ် ထိုင် နေတာမျိုး မဟုတ်ဘူး ။ လက် ထဲ မှာ ဆူဆူညံညံ ဖွင့် ထားတဲ့ ရေဒီယို တစ်လုံး နဲ့ ။ အဲဒီ ရေဒီယို သံ ကို ကျွန်တော့် နား ထဲ မှာ အကျယ်ကြီး ပဲ ကြား နေရပေမဲ့ သူ ကတော့ အသေအချာ ကြားဟန် မတူဘူး ။ ပက်လက်ကု,လားထိုင် မှာ ထိုင်နေလျက် က ရေဒီယို ကို သူ့ နားရွက် နား အတင်း ဖိကပ် ထားပြီး အားယူ နားစွင့် ထောင် နေရဟန် ကျွန်တော် မြင် နေရတယ် ။ လောလောဆယ် ကျွန်တော့် ကို အနီးကပ်ဆုံး အနှောင့်အယှက် ပြုနေတဲ့ ဆူညံသံ က အဲဒီ ရေဒီယိုသံ ပဲ ။ နားစိုက် ထောင်စရာ ဘာ သတင်း အထူးအဆန်းများ ရှိ နေလို့လဲ ။ အဲသည် လူ ရဲ့ တစ်ကိုယ်လုံး ကို လှုပ်ခါပြီး မေးခွန်းတွေ ထုတ်ပစ် လိုက်ချင်တယ် ။ တကယ်ဆို ဒီလို ညတွေ ဟာ ဘာမှ မလုပ်ဘဲ အေးအေးလူလူလေး သက်သောင့်သက်သာလေး ထိုင် နေဖို့ ကောင်းတဲ့ ညလေးတွေ မဟုတ်လား ။ ကျွန်တော် တော့ အဲဒီ လူ ကို နား မလည် နိုင်တော့ဘူး ။ သူ က လည်း ကျွန်တော့် ကို နားလည်မယ် မထင်ဘူး ။ ဘာ ဆူညံသံ မှ မပြုဘဲ သက်သောင့်သက်သာကြီး အလဟဿ ထိုင် အချိန် ဖြုန်း နေတဲ့ လူ တစ်ယောက် လို့ မြင်မှာပဲ ။ သေချာတယ် ။ သူ့ အမြင် မှာ ကျွန်တော် ဟာ ဘာမှ မလုပ် ဘာ လှုပ်ရှားမှု မှ မရှိ ၊ ဘာ အသံ တစ်ခုမှ မထွက်တဲ့ လူပျင်း တစ်ယောက် ပေါ့ ။ ကိစ္စမရှိဘူး ။ လူပျင်းတွေ လည်း အောင်မြင်နိုင်တယ် ဆိုတဲ့ စာအုပ် တစ်အုပ် ကို မနေ့တစ်နေ့ ကပဲ ကျွန်တော် ဖတ်ခဲ့ ပြီးပြီ ။

ရေသန့်ဘူး ထဲ က ရေ ကို အေးတယ် လို့ မထင်တော့ တဲ့ အချိန်မှာ ရေအိုးစင် ရှိရာ သွားပြီး ရေ တစ်ခွက် သောက် လိုက်ရတယ် ။ ကမ္ဘာကြီး တစ်ခုလုံး အရင့် အရင် အချိန်ကာလတွေ ထက် ပိုပြီး ပူနွေး လာ တာ ၊ ရေခဲမြစ်တွေ အရည်ပျော် ကျ လာတာ အထွေအထူး ကျွန်တော် စာ မဖွဲ့အားဘူး ။ လောလောဆယ် ကျွန်တော့် မီးဖိုခန်း ထဲ က ရေခဲသေတ္တာအို ကနေ ရေတွေ တစိမ့်စိမ့် ပျော်ကျပြီး သမံတလင်း တစ်ခုလုံး ရွှဲရွှဲစို နေတာ ထိုင် သုတ်ရဖို့ ရှိ သေးတယ် ။ တစ်ရက် ကို တစ်ကြိမ်တော့ ဒီလို သုတ်သုတ် ပေး နေရတယ် ။

ဟေ့ လူ ... ဟိုဘက် အိမ် က လူ ... ခင်ဗျား သိသလား ၊ ခင်ဗျား အခု နေတဲ့ တိုက်ခန်းနံရံတွေ ဒု အထူ ဘယ်လောက် ရှိသလဲ ။ ကျွန်တော် တော့ မသိဘူး ။ ကျွန်တော် ဟာ ဒီ တိုက်တာ ကို ဆောက်လုပ်ရာမှာ ပါဝင်ခဲ့တဲ့ ပန်းရန်သမား တစ်ယောက် မဟုတ်သလို ၊ ဗိသုကာ တစ်ယောက်လည်း မဟုတ်ခဲ့လေတော့ ဒီ ကိစ္စ ကို မပြောတတ်ဘူး ။ ကျွန်တော့် နားတွေ ပါး လာ တာပဲလား ။ နံရံ ထဲ မှာ ဆင့်ကဲစီရီ လဲလျောင်းနေတဲ့ အုတ်နီချပ်တွေ ပါး လာ လို့ပဲလား ။ ဘေးခန်း က လူတွေ ဆီ က စကား ပြောသံ ၊ ချောင်း ဟန့်သံ ၊ တံတွေး ထွေးချသံ ၊ နှာ ချေသံ ၊ ရေ သွန်သံ ၊ အိုးခွက်ပန်းကန် ပြုတ် ကျသံ ၊ ဇွန်းခက်ရင်းချင်း ထိခတ်သံတွေ ကို အတိုင်းသား ကြီး ကြား ကြား နေရလွန်းလို့ ဖွင့် ထားတဲ့ ပြတင်းပေါက်တွေ ဆီ ကနေ “ ဝေါခနဲ ” “ ရှော ” ခနဲ ဝင် ဝင် လာတဲ့ အသံတွေရယ် ၊ ပါးလျတဲ့ နံရံတွေဆီ ကနေ တွန်းတိုက်ကျပ်ခဲ ဖြတ်ရွေ့ ထွက်ပေါ်လာတဲ့ အသံတွေရယ် နဲ့ ကျွန်တော့် အခန်းက ညစဉ် ဆူတယ် ။ တကယ်ဆို ကျွန်တော် အသံ တစ်စက် မှ မထွက်ဘဲ ငြိမ် နေတာ ကြာ လှပြီ ။ ဒါလည်း ကျွန်တော့် အခန်း က ဆူ နေတုန်းပဲ ။ အဲဒီအချိန်မှာ ဝီစီ မှုတ်သံလား ၊ လေ ချွန်သံ လို့ ပြောမလား ခပ်စူးစူး မြည်သံ တစ်ခု ရှည်လျားစွာ ထွက်ပေါ် လာတယ် ။

“ ဟေ့ လူတွေ ရေနွေးကရား က ငယ်သံ ပါအောင် အော် နေပြီ ၊ ဘယ်သူမှ မကြား ကြဘူးလား ”

ကျွန်တော် အော် ပြောလိုက်ချင်တယ် ။ ခက်တာပဲ ။ အသံ က နား ထဲ စူးစူးရှရှ နဲ့ ရှည်လျား ဆွဲဆန့် အော်မြည် နေတုန်းပဲ ။ ဘယ်အခန်း က များ ရေနွေးကျိုအိုး တည် ထားပါလိမ့် ။ ခင်ဗျားတို့ အိမ်မှာ အဲသလို ဝီစီသံ နဲ့ “ စူးစူးစီစီ ” အော်မြည် အသံပြုနိုင်စွမ်း ရှိတဲ့ စတီးလ်ရေနွေးကရားတွေ အသုံးပြုကြောင်း တစ်ရပ်ကွက်လုံး သိကြားစေချင် လို့ပဲလား ။ ရိုးရိုးရေနွေးအိုး နဲ့ တည်လို့ မရဘူးလား ။ ည ကို မဆူ ဆူအောင် အသံ အမျိုးမျိုး ပြုပဲ ပြုနိုင်လွန်း တဲ့ လူဆိုးဆူဆူတွေ ။

ညက စောစော က ထက် နည်းနည်း နက် သွားခဲ့ပေမဲ့ ဆူညံသံတွေ က စောစော က ထက် ပါးလျ မသွားဘူး ။ ပိုပို တိုး လို့တောင် ပေါ်ထွက် လာ နေသလိုပဲ ။ အဲသည်မှာ “ ဝါး .... ဝါး ” ဆိုတဲ့ အသံလား ၊ “ ဝေါင်း ... ဝေါင်း ” ဆိုတဲ့ အသံလား ခွဲခြား မပြောတတ်တဲ့ ခပ်ဆွဲဆွဲ အော်သံ တစ်ခု ထွက်ပေါ် လာပြန်တယ် ။ ညကြီးမင်းကြီး ကလေးငိုသံ ထင်ရဲ့ ။ ဟင့်အင်း သေချာ နားထောင် ကြည့်တော့ ကလေးငိုသံ မဟုတ်ဘူး ။ ကြောင် အော်သံ ၊ ဟင့်အင်း သေချာနားထောင် ကြည့်တော့ ကလေး ငိုသံ ။ ဒါနဲ့ပဲ ကျွန်တော် ဦးနှောက် စား သွားတယ် ။ ဘယ်လိုပဲ နားထောင် စေဦးတော့ ကျွန်တော် မခွဲခြား နိုင်ခဲ့ဘူး ။ ကောင်းပြီ ။ ကျွန်တော် မှတ်ချက် ချလိုက်မယ် ။ ကြောင်တစ်ကောင် ရဲ့ အော်သံ ဒါမှမဟုတ် ကလေးတစ်ယောက် ရဲ့ ငိုသံ ။

တံခါးချပ် တွေ ရဲ့ နောက်ကွယ် မှာ အောင်မြင်မှုတွေ ရှိ နေသတဲ့ ။ “ လူပျင်းတွေ လည်း အောင်မြင်တယ် ” ဆိုတဲ့ စာအုပ် ထဲ မှာ ဆိုထားတယ် ။ သီအိုရီ တစ်ခု လား ။ အဲသည် စာအုပ် ကို ရေးတဲ့ စာရေးဆရာ ရဲ့ အယူအဆ ပဲ လား ၊ ကျွန်တော် မသိဘူး ။ တံခါး ကို မဖြစ်မနေ ခေါက်ဖို့ သူတို့ တစ်တွေ ပြောတော့ ပြော ကြတာပဲ ။ တကယ်ဆို သူတို့ တစ်တွေ ထက် အပုံ တစ်သောင်း မက စောတဲ့ ကမ္ဘာ ရဲ့ အဦးအစ အချိန်ကာလ ကတည်း က ထာဝရဘုရားသခင် က လည်း ပြောထားသားပဲ ။ ခေါက်ကြလော့ ခေါက်လျှင် ဖွင့်မည် ။ တောင်းကြလော့ တောင်းလျှင် ပေးမည်တဲ့ ။ လောလောဆယ် ကျွန်တော် တော့ ပျင်းလွန်းလို့ ဘယ် တံခါး မှ ထ မခေါက်ဖြစ်ဘူး ။ ဒီတော့လည်း ဘာမှ မရတာ မဆန်းပေဘူးပေါ့ ။ တကယ်ဆိုတော့ ကျွန်တော် ကိုယ်တိုင် ကလည်း ကျွန်တော် က လွဲပြီး တခြား ဘာမှ မရချင်တဲ့ လူ မဟုတ်ပါဘူး ။

“ ဒေါက် ... ဒေါက် ... ဒေါက် .. ဒေါက် ”

တံခါးခေါက်သံ အကြောင်း စဉ်းစား နေတုန်း ကြား လိုက်ရတဲ့ တံခါး ခေါက်သံ ကြောင့် ကျွန်တော့် ခါးရိုး ဆတ်ခနဲ ကော့လန် သွားတယ် ။ ယောင်မှား ထ တည့်ပြီး တံခါး ကို ဆွဲဖွင့် ပေးမိတော့မလို့ ။ ဘေးအခန်း က တံခါးခေါက်သံ ။ လာ ပြန်ပြီ ။ တံခါးခေါက်သူ ကပဲ လက်သံ ပြင်းနေတာလား ၊ တံခါးရွက် က ပဲ ပါး နေပြန်တာလား ၊ ကျွန်တော့် နားရွက် ကပဲ ပါး နေပြန်တာလား ။ အခုပဲ ကျွန်တော့် အခန်း တံခါး ကို လာ ခေါက်လိုက် သလို စိတ် ထဲ ထင်ယောင်ထင်မှား ဖြစ် သွားတဲ့ အသံ ။ နီးနီးကပ်ကပ် ကြား လိုက်ရတဲ့ တံခါး ခေါက်သံ ။ ကျွန်တော် က ဘယ်တံခါး မှ မခေါက်ဖြစ်သလို ကျွန်တော့် တံခါး ကို လည်း ဘယ်သူမှ လာ မခေါက်စေချင်ဘူး ။ လာ ခေါက်ရလောက် အောင်လည်း ကျွန်တော့် မှာ မိတ်ဆွေ မရှိနိုင်ပါဘူး ။ မရှိ ချင်ပါဘူး ။ ကျွန်တော် က တစ်ဦးတည်း တိတ်ဆိတ် နေချင်တဲ့လူ ။

“ ဗတ်ဗတ်ရှပ်ရှပ် ”

“ ဗတ်ဗတ်ရှပ်ရှပ် ”

လူ ခြေသံတွေ ၊ အနည်းဆုံး ခြေထောက် ရှစ်ချောင်း ( လူ လေးယောက် ) လောက် ဆီ က ပေါ်ထွက်လာတဲ့ အသံ တွေ ။ သူတို့ ခြေသံ တွေ နားထောင်မိရုံ နဲ့ ဒီ လူတွေ ဘယ်လောက် ရေးကြီးသုတ်ပျာ နိုင်နေကြတယ် ဆိုတာ သိသာ လှတယ် ။ ဒီ လူ တွေ အောက်ထပ် ကို ဆင်း သွားကြတာလား ၊ အပေါ်ထပ် ကို ဆက် တက် သွားကြတာလား ။ ကျွန်တော့် နား က ပါးပေမဲ့ ဒါကို ကျတော့ မသဲကွဲ ပြန်ဘူး ။ သေချာတာက ခြေသံတွေ ဟာ အက်ခိုး သံ လို ပဲ့တင်ထပ် နေရာက တဖြည်းဖြည်း တိုးဝင် သွားတယ် ။ ဟင့်အင်း သေချာ နားထောင် ကြည့်တော့ ဒီလို မဟုတ်ပြန်ဘူး ။ ကျွန်တော့် အခန်း ထဲ ဝင်များ ဝင်လာ ကြလေသလားပဲ ။ အဲဒီ ခြေသံတွေ က ကျွန်တော့် အခန်း ထဲ မှာ “  ဗတ်ဗတ်ရှပ်ရှပ် ” နဲ့ ။ ဆူဆူညံညံ ။ သိပ်တော့ မကြာလှဘူး ။ ခဏလေးပဲ ။ ခဏလေးပဲ ။ ပြီးတော့လည်း ငြိမ်ကုပ် ထိုင်နေတဲ့ ကျွန်တော့် ကို စိတ်ပျက်တယ် နဲ့ တူပါရဲ့ ၊ “ ဗတ်ဗတ်ရှပ်ရှပ် ” နဲ့ သုတ်သုတ်ပျာပျာ ကြီး ပြန် ထွက်သွားကြတယ် ။

“ မီးလာပြီဟေ့ ”

တစ်နေရာရာ ကျွန်တော့် အထင် မျက်နှာချင်းဆိုင် တိုက်ခန်း ဆီ က ထွက်ပေါ်လာတဲ့ အသံ ။ ဟင့်အင်း မဟုတ်ပြန်ဘူး ။ ကျွန်တော့် အခန်း ထဲ က အသံ လိုလို ကျွန်တော် ကြား မိတယ် ။ “ ဟေ့ .. ” အသံ ဆုံး သွားတာနဲ့ အဲသည် နောက်ကနေ ကပ်ပြီး အပြေး လိုက် ဝင်လာတာ က ရေမော်တာစက် ဖွင့်သံ ၊ တစ်ခန်း မက ၊ နှစ်ခန်း မက ၊ သုံးခန်း မက အခန်းတိုင်း ၊ အခန်းတိုင်း တစ်ရပ်ကွက် လုံး ... ပြိုင်တူ “ ဝီ ” ခနဲ ပြိုင်တူ လည်ပတ်နေကြတဲ့ စက်သံ ။ စုစုရုန်းရုန်း အုံးအုံးညံညံ ။

“ ပလုံပလုတ် ”

“ ပလုံပလုတ် ”

နံရံ မှာ မြှုပ်ထားတဲ့ ရေစီးပိုက်တွေ ထဲ ကနေ တွန့်ဆုတ်တွန့်ဆုတ် နဲ့ အားယူ ထွက်ပေါ်လာ တဲ့ ရေသံ ။ လေ အနည်းအကျဉ်း ရောပါ ခိုဝင်နေတဲ့ ရေသံ ။

“ ဖျောင်း ဖျောင်း ”

“ ဖျောင်း ဖျောင်း ”

သွပ် နဲ့ လုပ်တဲ့ ရေစည်ကန် အောက်ခြေ ကို အရှိန် နဲ့ အဟုန် နဲ့ ထိရိုက် သွန်ဆင်း ပြုတ်ကျ လာတဲ့ ရေသံ ။ တော်တော် ဆူညံ လှပြီး တော်တော့် ကို နား ထဲ အဝင် ဆိုး လှတဲ့ အသံ ပဲ လို့ ကျွန်တော် ကောက်ချက် ချ လိုက်မိတယ် ။

“ ဗျန်းဗျန်းဗျန်းဗျန်း ”

တစ်နေရာ က ရေကျသံ မဆုံးသေး ခင် အခြား တစ်နေရာ က နေ ရေလျှံသံ က ပေါ်ထွက်လာပြန်တယ် ။ ဘယ် တိုက် က ပါလိမ့် ။ ကျွန်တော် မခန့်မှန်းနိုင်ဘူး ။ ရေတွေ ဒီလောက် ဆူညံ လျှံကျ နေတာ ဘာကြောင့်များ ဂရု မပြုကြတာပါလိမ့် ။ ရေမော်တာ ခလုတ်ကလေး ထ , မပိတ်နိုင် လောက်အောင် အိမ် ထဲ မှာ ဘာတွေများ အလုပ်ရှုပ် နေကြပါလိမ့် ။ ကျွန်တော် စိတ်မရှည်တော့ဘဲ ကျိန်ဆဲ ပစ်လိုက်တယ် ။ ရေရွတ်သံ တိုးတိုးကျစ်ကျစ်လေး တစ်ခု ကျွန်တော့် သွားကြား ထဲ ကနေ လှစ်ခနဲ ရုန်းကန် ထွက်သွား လို့ သာ ကျွန်တော် ကျိန်ဆဲ ပစ်လိုက်တယ် လို့ ကျွန်တော့် ဘာသာ သိ လိုက်ရတာပါ ။ တကယ် ဆိုတော့ ကျွန်တော့် အသံ ကို ကျွန်တော့် နား က တောင်မှ ကြား ကို မကြား လိုက်မိဘူး ။ ကျွန်တော် က အဲသည်လောက် ထိ တစ်ယောက်တည်း ငြိမ်ငြိမ်ကုပ်ကုပ် တိတ်တိတ်ဆိတ်ဆိတ် နေတဲ့ လူ ။

“ ဝေါ့ ... ” 

“ ဝေါ့ ... ”

ည ကျ မှ ထိုးထိုး အန်တတ်တဲ့ နာမကျန်း ဖြစ်နေ သူ တစ်ယောက် ဒီ ရပ်ကွက် မှာ ရှိ နေတယ်လို့ ကျွန်တော် လက်ခံ ထားရတယ် ။ သူ့ အသံ က ပုံမှန်နှုန်း မဟုတ်ပေမဲ့ အချိန် ကတော့ ပုံမှန်ပဲ ဆယ်နာရီ  ဝန်းကျင် လောက် ဆို ကြား နေရတတ်တယ် ။ ဖြစ်နိုင်တာ က သူ့ ဝမ်းဗိုက် ထဲ က ကလီစာတွေ ကို သူ့ဘာသာ ဓာတ်မတည့် ဖြစ်ပြီး ရွံရွံရှာရှာ စိတ် နဲ့ တမင်သက်သက် ညှစ်ထုတ် အော့အန် နေရတဲ့ အသံမျိုး ။ တစ်ချိန်တည်း လိုလို မျက်နှာချင်းဆိုင် တိုက်ခန်း ရဲ့ ပဉ္စမမြောက် အလွှာ ဝရန်တာ ထက် ဆီ က မိန်းမကြီး ရဲ့ အော်အော်ဟစ်ဟစ် ဖုန်း ပြော ဆိုသံ ။

“ ကြားလား ၊ ကြားလား ၊ ဟယ်လို မကြားဘူးလား ၊ ဒါ့ထက် နေရာ ရွေ့ရရင် လည်း ဝရန်တာ က ပြုတ် ကျတော့မယ် ဟဲ့ ”

ဘုရားသခင် ... ဝရန်တာ ဘောင် ရဲ့ အပြင်ဘက် ကို ကိုယ် တစ်ပိုင်း ကိုင်း ထွက် နေတဲ့ မိန်းမကြီး ကို ကြည့်ပြီး ကျွန်တော် ဘုရား တ မိ နေတုန်းမှာပဲ အသံ တစ်ခု က နားထဲ ပြေး ဝင်လာတယ် ။

“ ရှီးရှီးရှဲရှဲ ဂျစ်ဂျစ်ဂျစ်ဂျစ် ”

“ ဂျစ်ဂျစ်ဂျစ်ဂျစ် ရှီးရှီးရှဲရှဲ ”

ဘေး တိုက်ခန်းဝရန်တာ က ရေဒီယိုသံ ဟာ လေလှိုင်းသံ အဖြစ် ရုတ်တရက်ကြီး ပြောင်းလဲ သွားတယ် ။ အဲ သည် လူ နားထောင် နေတဲ့ အစီအစဉ် က ခုည အဖို့ ပြီးဆုံးနေပြီ ဖြစ်ပေမဲ့ သူ့ရေဒီယို ကို သူ က ပိတ် မပစ်သေးဘူး ။ ပိတ် ပစ်လိုက်ဖို့ သူ သတိ မရတာပဲလား ။ ကျွန်တော် စိတ် တိုချင်လာတယ် ။ မတ်တပ် ထ ရပ်လိုက်ရင်း အဲဒီ လူ ရှိရာဆီ ကုန်း ကြည့်လိုက်တယ် ။ “ ရှီးရှီးရှဲရှဲ ” လေလှိုင်းသံ ဆူဆူညံညံ ကြားကနေ ပေါ်ထွက် လာတဲ့ အသံ တစ်ခုကို သူ့ ဆီ က ကျွန်တော် ကြား လိုက်ရတယ် ။

“ ခူး ... ခေါ ” 

“  ခူး ... ခေါ ”

တိုချင် လာ တဲ့ ကျွန်တော့် စိတ်တွေ က ချက်ချင်း ဆိုသလိုပဲ ရယ်ချင် လာတဲ့ ဘက်ကို ပြောင်း သွားတယ် ။ ဒါပေမဲ့ ကျွန်တော် ရယ် မပစ်ရက်ခဲ့ဘူး ။ ပခုံးတွေ ကို အသာ တွန့်ပြီး နှုတ်ခမ်းထောင့်စွန်း ကွေးညွတ် သွားရုံ တစ်ယောက် တည်း ပြုံး လိုက်မိတယ် ။ ပြီးတော့ သူ့ ကို သဘောကျ သွားတယ် ။ ကိုယ် နားထောင် နေတဲ့ ရေဒီယို အစီအစဉ် ပြီးလို့ ပြီးမှန်း တောင် မသိတဲ့ အထိ ဟောက်သံပေး အိပ်မောကျ နေပြီဖြစ်တဲ့ အဲဒီ လူ ရဲ့ ပုံစံ ကို စေ့စေ့စပ်စပ် ငေး ကြည့်ရင်း ကျွန်တော် အားကျ နေမိတယ် ။ ဒီလောက် ဆူညံ နေတဲ့ ရပ်ကွက် ထဲ မှာ ရေဒီယို ဆူညံသံ တစ်ခု ထပ် ထုတ်ရင်း ဒီ ကြားထဲ ကနေ မက်မက်စက်စက် အိပ်ပျော် နေ တဲ့ သူ့ ဘဝ က တကယ်ပဲ အားကျ စရာ ။ ကျွန်တော် နဲ့ များတော့ တခြားစီ ပါပဲလား ။ “ ရှီးရှီးရှဲရှဲ ” လေလှိုင်းသံ မြည်နေဆဲ ရေဒီယို ကို ဗိုက်ပေါ် မှာ တင်ပြီး လက်တစ်ဖက် ( ညာဘက် ) နဲ့ ဖိ ထားလိုက်သေးတယ် ။ ဘယ်ဘက် လက် က ပက်လက်ကုလားထိုင် ဘေးဘက် ကနေ တွဲလောင်းကြီး လျှော ကျလို့ ။

“ ဟေ့လူ ခင်ဗျား ရေဒီယို ကို မပိတ်သေးဘူးလား ”

သူ ကြားနိုင်ရုံ အသံ ကို အနည်းငယ် သာ မြှင့်ပြီး ကျွန်တော် ပြော လိုက်တယ် ။ “ ခူးခူးခေါခေါ ” ဟောက်သံ က ပို တောင်မှ အရှိန် မြင့်တက် လာ သေးတယ် ။ သေချာတယ် ။ ကျွန်တော့် အသံ ကို သူ မကြားဘူး ။ ဒါ့ထက်လည်း ကျွန်တော် အော် မပြောချင်ဘူး ။ ကျွန်တော့် အော်သံ ကြောင့် ဒီ ရပ်ကွက် ထဲ ဆူညံသံ နောက်တစ်ခု ထပ် တိုးလာမှာ မလိုလားဘူး ။

“ ဒီမှာဗျ .. ဒီမှာ ဒီမှာ ခင်ဗျား ရေဒီယို ကို ပါဝါ ပိတ် ပစ်ဖို့ ကောင်းပြီ ”

စောစောက အသံနှုန်း လောက် နဲ့ ပဲ သူ ကြားနိုင်ရုံ ကျွန်တော် ထပ် ပြောလိုက်တယ် ။ သူ တစ်ချက် လူးလွန့် လိုက်တော့ လက် နဲ့ ဖိထားတဲ့ ရေဒီယိုက ရှောခနဲ ပြုတ်ကျ မလို ဖြစ် သွားတယ် ။ ဒါပေမဲ့ ကျွန်တော် မျှော်လင့်သလို သူ နိုး မလာခဲ့ဘူး ။

“  ကောင်းကွာ သိပ် ဇိမ်ကျ နေတယ်ပေါ့ ဟုတ်စ ” လို့ စိတ် ထဲ က ပြောရင်း ခေါင်းခါ သက်ပြင်း ချမိတယ် ။ ခုလိုပဲ သူ့ ကို ရပ် ကြည့်နေရင်း ကနေ အဲဒီ ရေဒီယို ကို ပိတ်သွားအောင် ဘယ်လို လုပ်ရပါ့လို့ စဉ်းစား နေမိတယ် ။ “  သောက်ကျိုးနည်း စိတ်ပျက်ဖို့ ကောင်းတဲ့လူ ”  လို့ ကျွန်တော် ထူထူပျစ်ပျစ် ကျိန်ဆဲ မိ လိုက်ပြန်တယ် ။ ခက်တယ် ။ ဒီလူ ကျွန်တော့် စိတ် ကို အရိုင်း ဆန်အောင် ဆွ နေတော့တာပဲ ။ မြင်ပြင်းကပ်ကပ် နဲ့ သူ့ တစ်ကိုယ်လုံး ကို သိမ်းကျုံးပြီး စိုက် ကြည့် ပစ်လိုက်တယ် ။ ကြည့် နေရင်း ကြည့်နေရင်း ကနေ တွဲလောင်း ကျ နေတဲ့ သူ့ လက်တစ်ဖက် က ကျွန်တော့် အာရုံ ကို ကသိကအောက် ဖြစ်အောင် ပြုစားနေတယ် လို့ ထင်မြင် လာတယ် ။ စိတ် ထဲ က တစ်မျိုးကြီး ဖြစ်လာတယ် ။ သည် ကြား ထဲ “ ခူးခူးခေါခေါ ” ဟောက်သံ က ရုတ်တရက်ကြီး တိတ် သွားခဲ့တယ် ။

ဒီ လူ အိပ်ပျော် နေတာမှ ဟုတ်ရဲ့လား ဆိုတဲ့ သံသယ ဆူး တစ်ချောင်းက ကျွန်တော့် ရင်ဝ ကို “ ဇွပ် ” ခနဲ လာ စိုက်တယ် ။ ရင်ဘတ်ထဲ စူးစူးကျင်ကျင် နဲ့ ပူ လာတယ် ။ စောစောက သူ့ ကို အားကျနေမိတဲ့ စိတ်တွေ ဘယ်ဆီ ရောက်သွားပါလိမ့် ။ သနား သလိုလို ၊ ကြောက် သလိုလို ခံစားချက်က ပြည့်လျှံ လာတယ် ။ အိပ်ပျော် နေတာ သာ မဟုတ်ဘူး ဆိုရင် ကျွန်တော် ဘာ လုပ်သင့်သလဲ ။ အိမ်နီးချင်းကောင်း ပီသချင်တဲ့ စိတ်ကလေး က နံနက်ခင်း ငါးနာရီ နဲ့ မိနစ်သုံးဆယ် လောက် မှာ အရှေ့အရပ် က ပေါ်ထွက်စ ပြုလာတဲ့ နေမင်း လို တစ်စွန်းတစ်စ ပြူထွက် လာတယ် ။ နေမင်း က ဆက်လက်ပြီး ပေါ်ထွက်လာမှာ ဖြစ်ပေမဲ့ ကျွန်တော့် ရဲ့ အိမ်နီးချင်းကောင်း ပီသချင်တဲ့ စိတ်ကလေး က မထင်မှတ် ဘဲ ငုပ်လျှိုး ပျောက်ကွယ်သွားတယ် ။ သူ့ အတွက် တစ်ခုခု အကူအညီ ပေးဖို့ ဆိုရင် ကျွန်တော့် အသံ ဒါမှမဟုတ် လှုပ်ရှားမှု တစ်ခု မဖြစ်မနေ ပြု ရတော့မယ် ။

အော်သံ ဒါမှမဟုတ် တံခါး ခေါက်သံ ။ ပြဿနာ က ကျွန်တော် ဟာ တံခါး ခေါက် ဖို့ ပျင်းတဲ့ လူ ဖြစ် နေတာ ။ နောက်ဆုံးတော့ ဝရန်တာ ကို ကျွန်တော် ကျောခိုင်း လိုက်ရတယ် ။ ဒီတော့မှပဲ အဲဒီ လူ အိပ်ပျော် နေတာလား ။ အိပ်ပျော် နေတာ မဟုတ်ဘူးလား ဆိုတဲ့ ဒွိဟ စိတ် ကနေ ကျွန်တော် လွတ်မြောက် သွားတော့တယ် ။

အိပ်ခန်း ထဲ က ခုတင် ပေါ် လဲလျောင်း နေခိုက်မှာ နားထဲ ဝင် လာတဲ့ အသံ တစ်သံ ။

“ ဂျောက်ဂျောက် ဂျောက်ဂျောက် ”

“ ဂျောက်ဂျောက် ဂျောက်ဂျောက် ”

စည်းချက်မှန်မှန် ပေါ်ထွက် နေတဲ့ကြားက တစ်ခါ တစ်ခါ “ ဂျစ် ...” ဆိုတဲ့ သံရှည် တစ်ခု ဝင် လာသေးတယ် ။ ခုတင်ခေါင်းရင်း ပြတင်း မှာ သွား ရပ်ပြီး ဟိုဟိုသည်သည် ခေါင်းငဲ့ ကြည့်မိတော့ မျက်စောင်းထိုး တိုက်ခန်း ရဲ့ ပြတင်းပေါက် နား မှာ လူတစ်ယောက် ခေါင်း တငုံ့ငုံ့ နဲ့ ။ သူ့ ခေါင်း က ဘယ် က နေ ညာ ဘက် ကို ၊ ညာ က နေ ဘယ်ဘက် ကို ပုံမှန် စောင်းစောင်း သွားတယ် ။ ထိန် နေတဲ့ အခန်းမီးရောင် အောက် က ပွယောင်းယောင်း ထိုးထိုးထောင်ထောင်နဲ့ သူ့ ဆံပင်တွေ က မြင် ရတာ စိတ်ရှုပ် စရာ ။ အဲသည် ဆံပင်တွေ ကို ပွသထက် ပွ အောင် လက် နဲ့ ထိုးထိုးပြီး ဆွလိုက် ဖွလိုက် လုပ် နေသေးတယ် ။ ပြီးတော့ ခါး ကို နောက်ပြန် ဆန့် လှန်ပြီး “ ဝှား ” “ ဝှား ” နဲ့ အော်အော် ပြီး သမ်း လိုက်သေးတယ် ။ အိပ်ချင် ရင်လည်း တိတ်တိတ်ဆိတ်ဆိတ် သွား အိပ်လိုက်ပါတော့လား ။ ခုတော့ မဟုတ်ဘူး ။ ခေါင်းမော့ ပြီး ဝှါး ခနဲ အော် သမ်းလိုက် ၊ ခေါင်းငုံ့ပြီး လုပ်လက်စ ကို ဆက် လုပ်လိုက်နဲ့ ။

“ ဟေ့ စာရေးဆရာ ခင်ဗျား ရဲ့ လက်နှိပ်စက်အိုကြီး ကို လွှင့်ပစ် လိုက်ပြီး မနက်ဖြန် မှာ ကွန်ပျူတာ တစ်လုံး ပြေးဝယ်လိုက်ပါတော့လား ”

အဲသလို ပြော လိုက်ချင်တယ် ။ ခက်တာက လမ်းကျဉ်း တစ်လမ်း စာ ခြားနေတဲ့ သူ့ နေရာ ဆီ ရောက်ဖို့ ကျွန်တော် တော်တော်ကြီး ကို အော်ဟစ် ပြောမှဖြစ်မှာ ။ ဒါဆိုရင် ည ဟာ ပို ဆူတော့မှာပဲ ။ ကျွန်တော် လက်လျှော့ လိုက်တယ် ။ အဲဒီ စာရေးဆရာ ကို ကျော ခိုင်းလိုက်တယ် ။

အဲဒီမှာပဲ ကွန်ပျူတာ ဝင်းဒိုး တက် သံ ခပ်ကျယ်ကျယ် ကို ကြား ရတယ် ။ ပြီးတော့ ဂိမ်းတစ်ခု ဆော့နေသံ ။ သေနတ်ပစ်သံ ။ အော်သံ ၊ စကားပြောသံ တွေ ရဲ့ နောက်ကွယ်မှာ ဘေ့ဂစ်တာသံထူထူ နဲ့အတူ ပေါ်ထွက် လာ တဲ့ မက်တယ်လ်သီချင်းသံ ။ စောစောက စာရေးဆရာ ကို ကွန်ပျူတာ ဝယ်ဖို့ မပြောလိုက်မိတာ ကျွန်တော် မှန် သွားတယ် ။ လက်နှိပ်က်သံ တဂျောက်ဂျောက် ထက် ကွန်ပျူတာဂိမ်းဘက်ဂရောင်း မြူးဇစ်သံ တွေ က ပိုပြီး ချောက်ချားစရာ ကောင်း လှတယ် ။

မြန်မာဗီဒီယိုဇာတ်ကား တစ်ကား ကို ( တစ်ဖက်တိုက်ခန်း ရဲ့ အပေါ် ထပ် က ထင် ရဲ့ ) ကျယ်ကျယ်လောင်လောင်ကြီး ဖွင့်ကြည့် နေကြတယ် ။ ဇာတ်ကား ထဲ က သရုပ်ဆောင်တွေ ရဲ့ စကားဝိုင်းဖွဲ့ ပြောဆို ရယ်မောသံတွေ ၊ ပြီးတော့ “ ဝုန်းဝုန်း ဒိုင်းဒိုင်း ” ဝုန်းဒိုင်းကြဲ ရန်ဖြစ်သံတွေ ။ ခုခေတ် သရုပ်ဆောင်တွေများ အော်သံဟစ်သံ ရန်ဖြစ်တဲ့ လေသံတွေ က ဟုတ်လှချည့် လို့ တွေး နေခိုက်မှာပဲ ကျွန်တော် ရပ်နေတဲ့ ပြတင်းပေါက် သံဆန်ခါ ပေါ် “ ချွမ်း ” ခနဲ မြည်အောင် ထိမှန်လွင့်စင် ပြုတ်ကျ လာတဲ့ ဖန်ခွက် တစ်လုံး ကွဲ ထွက်သံ ။

အသံသေး အသံကြောင် နဲ့ ကီးယိုင် ဘားကျိုး ကာရာအိုကေ သီဆိုသံ တစ်ခု က ကျွန်တော့် အခန်းထဲ တဝဲလည်လည် ရောက် လာပြန်တယ် ။ ဘယ် အခန်း က ရယ်လို့ ကျွန်တော် မမှန်းတတ်ဘူး ။

ကား တစ်စီး ထိုးရပ်သံ ကြားရတယ် ။ ကာရာအိုအေ သီချင်း သာ နှစ်ပုဒ် ဆုံးသွားတယ် ။ ကား က ပြန် မထွက်နိုင်သေးဘဲ နှိုး ထားတုန်း ။ နားထဲမှာ “ ဝူ ” ဆိုတဲ့ အသံက ထူထူအူအူကြီး ပေါ်ထွက် နေတယ် ။ ဝရန်တာ က ထွက် ၊ လမ်း ပေါ် ငုံ့ ကြည့်လိုက်တော့ မှန်တွေ အလုံ ပိတ်ထားတဲ့ ကားအနက် တစီး စက် နှိုးရင်း ရပ် ထားတာ မြင်တယ် ။ ကားဘော်ဒီ က လှုပ်လှုပ်ခါခါ ဖြစ် နေလေရဲ့ ။ ဟုတ်မှာပါ ဟုတ်မှာပါ ။ အင်ဂျင် နှိုးထားပေတာ ကိုး လို့ တွေးပြီး ခေါင်း တညိတ်ညိတ် လုပ် နေမိတယ် ။ လမ်းအချိုး အကွေ့ က နေ အရှိန်ပြင်းပြင်း နဲ့ ဒိုင်နာကား တစ်စီး ထိုးဝင် လာတယ် ။ စောစောက ကားအနက် နဲ့ မျက်နှာချင်းဆိုင် မှာ တုံ့ခနဲ ရပ်တယ် ။ အဲသည် ကားပေါ် က မိန်းကလေး တစ်စု ရဲ့ အသံတွေ ။ လက်ပံပင် ပေါ် က ဆက်ရက်တွေ လို စွာစွာကျယ်ကျယ် အော်မြည် နေကြတယ် ။ “  ကားထဲမှာ နိုက်ဆင်းန် ရိုက်နေတယ် ” ဆိုလား အသံ တစ်သံ ထွက်ပေါ်လာပြီး “ တဟားဟား ” ပြိုင်တူ အော်ဟစ် ရယ်မော လိုက်ကြတယ် ။ ကား နောက်ခန်း ထဲ က နေ ဘောင်းဘီဝတ် မိန်းကလေး တစ်ယောက် ခုန်ဆင်း လိုက်တယ် ။ “ ဂွပ် ” ။ ဒေါက်ဖိနပ် သံ ။

“ ဝူး ... ” 

“ ဂွတ်နိုက် ” 

“ ဆီးယူ ”

“ ဂွတ်နိုက် ”  

“ ဂလင် ဂလောင် ” 

“ ချလွင် ချလောင် ”

စားသောက်ဆိုင် တစ်ဆိုင် ဆိုင် ၊ နိုက်ကလပ် တစ် ခုခု က ဖယ်ရီကား ဖြစ်ပုံ ရတဲ့ ဒိုင်နာကား မောင်းထွက်သံ ။ နှုတ်ဆက်သံ ။ ကားပေါ် က ဆင်းကျန်ခဲ့တဲ့ မိန်းကလေး က ကျွန်တော့် တိုက်ခန်း နဲ့ တစ်တိုက် ကျော် က တွဲလောင်း ကျ နေတဲ့ ခေါင်းလောင်းကြိုး တစ်ကြိုး ကို မူးမူးထွေထွေ ဆွဲ လှုပ်သံ ။ ခေါင်း မော့ ကြည့်ပြီး မိန်းကလေး က အော် ပြောတယ် ။ ညနက် ထဲ မှာ သူ့ အော်သံ က လေးလေးကန်ကန် ပေါ်ထွက် လာတယ် ။

“ ပစ်ချလိုက် ”   

“ ပစ်ချလိုက် ”

“ ဘတ် ”

သော့ မြေကြီးပေါ် ပြုတ်ကျသံ ။

“ ဒေါင်ဒေါင် ”  

“ ဒေါင်ဒေါင် ”   

“ ဒေါင်ဒေါင် ”   

“ ဒေါင်ဒေါင် ”   

“ ဒေါင်ဒေါင် ”   

“ ဒေါင်ဒေါင် ” 

ဆယ့်နှစ်ချက် တိတိ ထိုးမြည် လာတဲ့ သံချောင်းခေါက်သံ အဆုံး မှာ ပေါ်ထွက် လာတာက “ အူ ... ” “ ဝုဝူး .. ” ။ ခွေး အူသံ တွေ နဲ့ ဆူညံပွက်လောရိုက် နေတဲ့ ဟာ သွေးပျက် ထိတ်လန့်စရာ ကောင်းလှတယ် ။ ညနက်နက် ထဲ မှာ တိုက်ခေါင်မိုး တွေ က လည်း မည်းမည်းသည်းသည်း နဲ့ ။ တချို့အခန်းတွေ မီးမှိတ် ကုန်ပေမဲ့ အသံတွေ က တစ်စထက်တစ်စ ပိုပြီး ကျယ်လောင် လာ နေသည် ။ တိုက်ခန်းပြတင်းပေါက် အများစု ကတော့ မီးရောင်တွေ ထိန်တောက် နေကြတုန်းပဲ ။ ကျွန်တော့် အခန်း ရော ပေါ့ ။ တိုက်ခန်းရှည် မြင့်မြင့်တွေ က မီးခြစ်ဆံပုံးတွေ ဟိုတစ်လုံး သည်တစ်လုံး ဒေါင်လိုက် ကပ်လျက် ထောင်စိုက် ထားသလို ။

လူ တချို့ က ည သန်းခေါင် နက်နက် ကျ မှ အိပ်ရာ ဝင်ပြီး လူတချို့ က အစောဆုံး နိုးထ ကြတော့ ည က ဘယ်တော့မှ လူခြေ မတိတ်ရှာတော့ဘူး ။ ဒီကြား ထဲ စောစော အိပ်ပြီး သန်းခေါင်သန်းလွဲ ကျမှ ခပ်ကြောင်ကြောင် မျက်လုံးတွေ နဲ့ တစ်ရေး နိုး ထလာ ၊ မအိပ်သေးတဲ့ လူတွေ နဲ့ ပူးပေါင်းပါဝင် စီးမျောဆူညံ ။ တစ်ကိုယ်ရေ တိတ်တဆိတ် လူသား ဆိုလို့ ကျွန်တော် တစ်ယောက် တည်း ။

ကျွန်တော့် အသက် ခုမှ လေးဆယ် ပြည့် တာ ကို အားမလို အားမရ နဲ့ ဖြစ် နေမိတယ် ။ မနက်ဖြန် သန်ဘက်ခါလောက် ကျွန်တော် အသက် ရှစ်ဆယ်ကျော် အဘိုးကြီး ဖြစ် ချင်လှပြီ ။ အဘိုးကြီး ဖြစ်ရင် ဆံပင်တွေ အရင် ဖြူ မှာ လား ၊ သွား တွေ အရင် ကျိုးမှာ လား ၊ ပါးရေတွေ အရင် တွန့် မှာ လား ၊ ခါး တွေ အရင် ကိုင်း မှာ လား ။ ဖြစ်နိုင်ရင် ကျွန်တော် တော့ နား တွေ အရင်ဆုံး လေး သွားဖို့ကို ပိုပြီး မျှော်လင့် ထားတယ် ။ ဘယ်တော့မှ မအိပ်တဲ့ ကျွန်တော် တို့ ရပ်ကွက်ကို ကန့်လန့်ကာ ချပြီး မေ့လျော့ ထားချင်လို့ ။

တွေး  ကြည့်ရင် တကယ်တော့ ဝမ်းနည်းစရာ လည်း အကောင်းသား ။ အဲသည် လူတွေ နဲ့ အပြိုင် ဆူညံသံ ပြုစရာ ကျွန်တော့် မှာ ဘာမှ မရှိဘူး ။ ရယ်မော စရာ အပေါင်းအသင်း မရှိဘူး ။ အော်ဟစ် ငေါက်ငမ်းစရာ ကလေး မရှိဘူး ။ အကျယ်ကြီး ဖွင့် ကြည့်စရာ တီဗီ မရှိဘူး ။ သံသေးသံကြောင် ဟစ်ဆိုစရာ ကာရာအိုကေ ဆို ဝေလာဝေး ။ ဝရန်တာ ထွက်ပြီး ဟန်ကျပန်ကျ အော် ပြောစရာ လက်ကိုင်ဖုန်း မရှိဘူး ။

ဒီ ရပ်ကွက် က တော့ ကျွန်တော့် ဆီ က အသံ တစ်စုံတစ်ရာ မပါဘဲ နဲ့ လည်း ညစဉ်ညတိုင်း ဆူညံ နေလေ ရဲ့ ။ ကျွန်တော် က တော့ နား တွေ လေး သွား မဲ့ အသက် အရွယ် ကို ပဲ ဒီအတိုင်း ထိုင် စောင့် ရုံပဲ ရှိတော့တယ် လို့ စိတ်ပျက်လက်ပျက် တွေး မိတယ် ။

ပြီးတော့ လည်း ဖြစ်နိုင် မဖြစ်နိုင် မပြောတတ်ဘူး ။ ဒီ ဝရန်တာ ထက် မှာ ထွက်ထွက် ထိုင် ရင်း ညစဉ် ညတိုင်း ထွက်ပေါ်နေကျ ဒီ အသံတွေ ကို ဘယ်လို နည်းလမ်း နဲ့ လျှော့ချ နိုင်မလဲလို့ ကျွန်တော် အမြဲ စဉ်းစား နေမိသေးတယ် ။ စဉ်းစားရင်း စဉ်းစားရင်း နဲ့ ပဲ ကျွန်တော့် အသက် ရှူသံ က တစ်နေ့ ထက် တစ်နေ့ ပိုပို ကျယ်လာခဲ့ပြီ ။ နောက်ဆုံး တော့ လည်း ကျွန်တော့် ရပ်ကွက် နဲ့ ကျွန်တော် ပလဲနံပ သင့်လို့ ။ ဘယ်တော့ မှ မအိပ် တဲ့ ဒီ ရပ်ကွက် ထဲ အသက်ရှူသံ အပြင်းဆုံး နဲ့ အကျယ်လောင်ဆုံး လူသား အဖြစ် ကျွန်တော် အလိုက်သင့် ပါဝင် ကခုန် နိုင်ခဲ့ပြီ ။ ကျွန်တော် ဟာ ဒီ ရပ်ကွက် ထဲ က လူတွေ နဲ့ တစ်သားတည်း ဖြစ် သွားခဲ့ပြီ ။ ဘယ့်နှယ်လဲ ။ အဆင်ပြေတယ် မဟုတ်လား ။

⎕ စုမီအောင်

📖 နွယ်နီ မဂ္ဂဇင်း
      ၂၀၀၉ ၊ မေ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment