Wednesday, July 10, 2024

တော ထဲ က ပန်း

❝ တော ထဲ က ပန်း ❞


[ ဘုန်းကြီးကျောင်း နောက်ဖေးက သနပ်ခါးတောထဲမှာ ဘုန်းကြီး တူမ မာမာထွေး ( ၂၃ နှစ် ) နဲ့ ကျွန်တော် ဆုံတွေ့ ခဲ့ရတာပါ ။ 


မကွေးတိုင်း ပေါက်မြို့ နယ် ပျဉ်းချောင်းရွာ မှာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း( ဘကကျောင်း ) ရှိတယ် ။ ဆရာတော် ဦးသုမင်္ဂလာ စတင်တည် ထောင်ခဲ့တဲ့ ကျောင်းပါ ။ ပျဉ်းချောင်းရွာ ဆိုတာ ပခုက္ကူမြို့ နဲ့ မိုင် ၃ဝ ကျော်ဝေး တယ် ။ ပုံတောင်ပုံညာ ကို သွားတဲ့လမ်းပေါ်မှာ ရှိတယ် ။ ပခုက္ကူ က ထွက်ခဲ့ပြီး ကမ္မ ကိုလွန် ၊ တောင်တက် တောင်ဆင်းအချို့ကို ဖြတ်ကျော်ပြီးမှ ရောက်နိုင်တဲ့ နေရာပါ ။


ရွာအဝင်မှာ မင်္ဂလာရာမဘုန်းကြီးကျောင်း ရှိတယ် ။ ကားလမ်းနံဘေး က အလေ့ကျ ပေါက်နေတဲ့ သနပ်ခါးတောလေးနဲ့ စေတီငယ် သုံးဆူ ကို ဖြတ်ကျော် ပြီး အတွင်းဘက် အနည်းငယ် ဝင်မိရင် ကလေးသူငယ်တွေရဲ့ စာအံသံကို ကြား နိုင်တယ် ။ စာသင်ကျောင်း က မြေအနိမ့်ပိုင်းမှာပါ ။ 


ဆရာတော် ဦးသုမင်္ဂလ က ပရဟိတလုပ်ငန်းလုပ်ဖို့ ထက်သန်တယ် ။ ၁၉၆၄ ခုနှစ် ကတည်းက ပေါက်မြို့နယ် ရဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ကျောင်းသူကျောင်းသာ ၁၇၀ ခန့် နဲ့ ကျောင်းဖွင့်ခဲ့တယ် ။ ဘက ကျောင်းတွေပိတ်ခဲ့ပြီး ပြန်ဖွင့်ခွင့်ရတဲ့အခါ ၁၉၉၃ ခုနှစ်မှာ တစ်ခါပြန်တယ် ။ ယခုအခါ ကျောင်းသား ၂၅ဝ ခန့် ရှိပါတယ် ။ သည်အထဲမှာ မိဘမဲ့ ၊ ချို့တဲ့ကျောင်းသားက ၇ဝ ပါတယ် ။


မိဘမဲ့ ၊ ချို့တဲ့ ကျောင်းသားတွေကိုဆရာတော်ကပဲ ကျွေးမွေးပြီး ကျောင်းစရိတ်ထောက်တယ် ။ ဘက ကျောင်းမှာ စေတနာ့ဝန်ထမ်း ဆရာမ ခုနစ် ယောက်ရှိတယ် ။ သူတို့အတွက် ထောက်ပံ့ကြေး ကိုလည်း ဆရာတော်က ချီးမြှင့် ပေးတယ် ။


ပေါက်မြို့နယ်မှာ ဆရာတော် ဦးသုမင်္ဂလက ထေရ်ကြီးဝါကြီး ဆရာ တော်ကြီးပါ ။ ကြည်ညိုလေးစားသူများတယ် ။ ဆရာတော် က ရသမျှ နဝကမ္မ အလှူငွေအားလုံးကို ဘကကျောင်းအတွက်ပဲ သုံးတယ် ။ ကျောင်းဝင်းထဲမှာ အလေ့ကျ ပေါက်တဲ့ သနပ်ခါးပင်တွေရှိသလို စနစ်တကျစိုက်ပျိုးထားတဲ့ သနပ်ခါးပင်တွေ လည်းရှိတယ် ။ ကျောင်းသား ၂၅ဝ နဲ့ ဆရာမခုနှစ်ယောက်ရဲ့ ဝန်ကို ဆရာတော်ရတဲ့ နဝကမ္မငွေနဲ့ မလုံလောက်ဘူး ။ ရင့်မာတဲ့ သနပ်ခါးပင်တွေကို ခုတ်ရောင်းပြီး ကျောင်းစရိတ် လုပ်ရတယ် ။ သနပ်ခါးပင် ဆိုတာကလည်း ခုစိုက် ခုပေါက် ၊ ခုတ်ရောင်းလို့ ရတာမဟုတ်ဘဲ နှစ်ကာလ ကြာရှည်စောင့်ရတယ် ။


ဆရာတော်ရဲ့ကျောင်းကို ကျွန်တော် ရောက်ခဲ့တယ် ။ စရိတ် လိုရင် ခုတ်ရောင်း ခဲ့တော့ သနပ်ခါးပင်ရင့်ရင့်က နည်းလာပြီ ။ ဆရာမ ကျုံ့ရရင် ကောင်း မလား ၊ စဉ်းစားနေတယ်လို့ ဆရာတော် ကပြောတယ် ။ သည်နယ်သည်မြေမှာ ဘကကျောင်း က လိုအပ်ချက် ဖြစ်နေတော့ ကျောင်းသား အရေအတွက်ကို လျှော့ ချလို့ မဖြစ်နိုင်ဘူး ။ ထောက်ပံ့ကြေး မတတ်နိုင်တော့ ဆရာမ လျှော့ဖို့ စဉ်းစားပုံ ရတယ် ။


ဆရာတော်ရဲ့ တူမဖြစ်တဲ့ မမာမာထွေးက ဘကကျောင်းရဲ့ ဆရာမ ကြီးတာဝန်ကို ယူနေရတယ် ။ သူတို့ကျောင်းက ပိုင်တဲ့သနပ်ခါးပင်တွေကို ဆရာမတွေဖြစ်တဲ့ မမာမာထွေးထွေး နဲ့ မသီတာမြင့် တို့ က ကျွန်တော့် ကိုလိုက်ပြတယ် ။ မမာမာထွေး ရဲ့ ဘဝအတွေ့ အကြုံတွေ သိခွင့်ရခဲ့တယ် ။ ]


••••• ••••• •••••


ကျွန်မက ဘုန်းဘုန်းတူမ ။ ဘုန်းဘုန်းက အဖေ့ညီ အရင်း ။ ဆယ်တန်း စာမေးပွဲဖြေပြီးကတည်းက ဒီကျောင်းမှာ ဝင်လုပ်တယ် ။ ဆယ်တန်းအောင်တော့ အဝေးသင်နဲ့ပဲ တက္ကသိုလ် ဆက်တက်တယ် ။ ပထဝီအဓိက နဲ့ ဘွဲ့ရတယ် ။ 


ဆယ်တန်းဖြေပြီး ကတည်းက ဝင်လုပ်တာဆိုတော့ ၁၂ နှစ်ကျော်ပြီ ။ ကလေးတွေ ကို သံယောဇဉ် ဖြစ်နေတယ် ။ ဘုန်းဘုန်းက နင် အစိုးရဝန်ထမ်း ဝင်လုပ်ချင်သလား ။ နင့် ဆန္ဒပြောလို့ မေးတယ် ။ သူငယ်ချင်းတွေလည်း ဝင်လုပ် နေကြတယ် ။ ဒါပေမယ့် ကလေးတွေ နဲ့ကိုယ်က ပျော်နေတယ် ။ ဘုန်းဘုန်းအ တွက် အားကိုအားထားလည်းဖြစ်အောင်ဆိုပြီး ပရဟိတ ပဲလုပ်နေတော့မယ်လို့ ကျွန်မ နေလိုက်တာ ။


၁၉၉၄ ခုနှစ်က ကျွန်မ သည်ကျောင်းမှာ စာစသင်ပေးပြီး တစ်နှစ်ကုန် တော့ လုပ်အားခအဖြစ် ဘုန်းဘုန်းက ၂၅၀ တန်စောင်တဘက်ကလေး တစ်ထည်ပေးတယ် ။ ဆယ်နှစ်ကျော် ကြာပြီ ခုထိ ရှိပါသေးတယ် ။ 


ကျွန်မမိဘတွေက တောင်သူ ၊ ကုလားပဲတို့ဆေးတို့ ကြက်သွန်တို့ စိုက်တယ် ။ ကျွန်မတို့မှာ မွေးချင်း ရှစ်ယောက်ရှိတယ် ။ ကျွန်မအထက်မှာ အစ်မ တွေ ၊ သူတို့က အိမ်အလုပ်ကို ကူလုပ် ပေးကြတယ် ။


ကျွန်မတို့ကျောင်းမှာ ကျောင်းသားမိဘတွေ က ချို့တဲ့ကြတယ် ။ အချို့ ကလေးတွေမှာ ကျောင်ဝတ်စုံဖိုး ၊ စာအုပ်ဖိုးမရှိဘူး ။ တစ်ခါတလေ ကျွန်မစိတ် ညစ်တယ် ။ စီးပွားရေး ချို့တဲ့တဲ့ ကလေးတွေကို အဝတ်လိုရင်အဝတ် ၊ စာရေးကိရိ ယာလိုရင် စာရေးကိရိယာပေးရတယ် ။ မိဘမဲ့ပရိဟိတကျောင်းသားတွေကိုတော့ ကျောင်းမှာပဲ ကိုရင် ဝတ်ပေးထားတယ် ။ ကိုရင် ဝတ်ပေးထားတော့ လောကီစာ အပြင် လောကုတ္တရာစာလည်း သင်ရတာပေါ့ ။ ပြီးတော့ညနေစာ တစ်နပ်လည်း ခိုနိုင်တာပေါ့ ။


သည်ကျောင်းကို ပျဉ်းချောင်းထန်းတောကုန်း ၊ အမို့လေး ၊ ဆည်ဝ အောက်ကျင်း ၊ လှည်းဝိုင်း ၊ ရွာခြောက်ရွာက လာ တက်ကြတယ် ။ ဝေးတဲ့ ရွာကလာ တဲ့ ကလေးတွေက ထမင်းထုပ်လာတယ် ။ ထမင်းချိုင့် ပါမလာတဲ့ ကလေးတွေ့ ရင် ဒေါ်သီတာမြင့် နဲ့ ကျွန်မ ကို လာပြောလှည့်ပါလို့ ဆရာမတွေ ကိုမှာထားတယ် ။ နေ့လယ်စာ ပါမလာတဲ့ ကလေးတွေကို ကိုရင်တွေ ဆွမ်းစားပြီးတဲ့အခါ ကျွေး တယ် ။ တစ်ပန်းကန် ကျွေးသာရင် ကျွေးတယ် ။ မကျွေးသာရင်တော့ လင်ပန်း ထဲပုံကျွေးတာပေါ့ ။


ကျွန်မက သူငယ်တန်းကို အဓိကတာဝန်ယူပြီး သင်တယ် ။ သူငယ် တန်းသင်ရတာ ပင်ပန်းတယ် ။ ကလေးတွေကို အခြေခံကောင်းအောင်လို့ ကိုယ် တိုင်အပင်ပန်းခံတာပါ ။ ကျောင်းခန်း ကျဉ်းကျဉ်းမှာ လေးတန်းအထိ အတန်း ပေါင်းစုံ ပြွတ်သိပ် ထည့်ထားပြီး သင်ရတယ် ။ စာသင်ခန်းအခန်းခြားထားတာမရှိ တော့ စာအော်ပြီး ဆိုသံတွေ တအားဆူတယ် ။ ကျွန်မတောင် နားတွေ အူကုန် တယ် ။


ကျောင်းမှာ ရန်ပုံငွေက မတောင့်တင်းဘူး ။ ဘုန်းဘုန်းက အဆင်မ ပြေတဲ့အခါ သနပ်ခါးပင် ခုတ်ခုတ်ရောင်းတာပဲ ။ ကျောင်းလှူထားတဲ့ နဝကမ္မ ငွေကိုလည်း သုံး ၊ သနပ်ခါးပင်တစ်ပင် ၊ နှစ်ပင်ခုတ်ရောင်းနဲ့ အသက် ဆက်ရတာပေါ့ ။ ဘုန်းဘုန်းက ကျောင်းအတွက် ငွေလိုပြီ ဆိုတဲ့အခါ ကျွန်မအိမ်က ပြန်ယူပေးတယ် ။ အစ်မတွေ က ကျွန်မကို အိမ်အလုပ် မခိုင်းရဘူး ။ ညည်းလစာ လည်း အိမ်က မစားရဘူး ။ ညည်းကိုတော့ ဘေးမဲ့ ပေးပါတယ်တဲ့ ။ မိသားစုက ကျွန်မအပေါ် သိပ်ကောင်းပါတယ် ။


ကျွန်မတို့ကျောင်းမှာ လုပ်နေတဲ့ ဆရာမတွေဟာ လခသိပ်ရကြတာ မဟုတ်ဘူး ။ စေတနာ့ဝန်ထမ်းပါ ။ ဘုန်းဘုန်းက ငွေကြေး အဆင်မပြေလို့ ဆရာ မလျှော့ချင်တယ်ပြောတယ် ။ ဆရာမ လျော့သွားရင် ကျန်တဲ့ သူတွေ တာဝန်ပိုပြီး ပင်ပန်းမှာပေါ့ ။


( စာရေးသူ က သည် အလုပ်ဟာ ဘဝအတွက် အာမခံချက်ရှိရဲ့လားလို့ မေးတော့ မမာမာထွေးက တွေးတွေးဆဆနဲ့ ပြုံးနေပြီးမ )  တစ်နေ့နေ့ တစ်ချိန်ချိန် မှာ ကျွန်မတို့ ဘုန်းကြီးသင်ပညာရေးကျောင်းက ဆရာ ၊ ဆရာမတွေကို နိုင်ငံ တော်အစိုးရက အသိအမှတ်ပြုပြီး တိုးချဲ့ ခန့်အပ်မယ်ဆိုရင်တော့ မျှော်လင့် ချက်ရှိတာပေါ့ ။ ကျွန်မကတော့ တစ်သက်လုံး ဘုန်းဘုန်းကျောင်းထဲမှာပဲ နေသွား တော့မှာ ။ ဘဝ အာမခံချက် တော့ မရှိဘူးပေါ့ ။ ကျွန်မဘဝကို သည်ထဲမှာပဲ ပေး ဆပ်မယ့်သဘော ။ လောကီငွေကြေးနဲ့ တိုင်းတာရင်တော့ မတန်ဘူးပေါ့ ။ ရာထူး ဂုဏ်သိန်တွေဟာ မမြဲပါဘူးဆိုပြီး ဘဝကို သည်ထဲမှာပဲ နှစ်ထားလိုက်တော့ တယ် ။


ကျွန်မတို့ ကလေးတွ စာမေးပွဲ ဖြေတဲ့အခါ ထူးထူးချွန်ချွန်အောင်တာ ရှိတယ် ။ ဒါမှ တို့ ဘကကျောင်းကွ လို့ ပျော်ရတယ် ။


အခုတော့ ကျွန်မတို့ ဘကကျောင်းလေး ဆယ်နှစ် ကျော်ပြီ ။ ကျွန်မတို့ တပည့်လေးတွေ ဆယ်တန်း အောင်ပြီး တက္ကသိုလ်တွေ တက်နေရတာရှိနေပြီ ။ ကျွန်မဘဝ ကို သည်ထဲမှာ ပေးဆပ်တာ တန်ပါတယ် ။


⎕ ကျော်ရင်မြင့်


📖 ဘဝဇာတ်ခုံ


#ကိုအောင်နိုင်ဦး


.

 

No comments:

Post a Comment