Monday, July 1, 2024

စိန်ပဒေသာ


 

❝ စိန်ပဒေသာ ❞

ဦးကြည်မောင် ( ယခု အသက် ၈၂ နှစ် ) ကို တွေ့ ဖို့ မုံရွာမြို့ က သူ့ အိမ် မှာ ကျွန်တော် ရောက် နေတာ အချိန် နည်းနည်း ကြာပြီ ။

သူ့ ကို တွေ့ဖို့ ကျွန်တော် ကြိုတင် ချိန်းဆို ထားပြီး သား ပါ ။ ဦးကြည်မောင် က ပရဟိတ အလုပ် တွေ လုပ်လက်စ မပြတ်သေး လို့ နောက်ကျ နေတာပါ ။

သူ့ အိမ်ရှေ့ခန်း မှာ ကျွန်တော် ထိုင် စောင့် နေတယ် ။ ညနေခင်း ကျနေ က တံခါးမကြီး နဲ့ ပြတင်းပေါက် တွေ က တစ်ဆင့် အိမ် ထဲ ကို ထိုးဝင် လာတယ် ။ အိမ်ရှေ့ခန်း အခင်းအကျင်း က အဝတ်အထည် ဆိုင်ခန်း တစ်ခု နဲ့ တူတယ် ။ ခြောက်လက်မ လောက် ဒု ရှိ တဲ့ သစ်သားကွပ်ပျစ် တစ်ခု ခင်း ထားတယ် ။ ကွပ်ပျစ် ကြမ်းပြင် က ပြောင်ချော နေတယ် ။ နှစ်ပေါင်း များစွာ လူ တွေ ထိုင်ခဲ့ ပုံ ရတယ် ။

နေရောင်ခြည် က ကွပ်ပျစ် ကြမ်းခင်း ပေါ် ကျပြီး နောက် က သစ်သားဗီရို တွေ ကို အလင်း ပြန် တာ ဆလိုက်မီး ထိုးထား သလိုပါပဲ ။ သစ်သားဗီရို တွေ က ပိတ် ထားပြီး မှန်ချပ် ပေါ် မှာ ဗုဒ္ဓဂယာ ရောင်စုံ စက္ကူ ရုပ်ပုံကားချပ် တွေ အပြည့် ကပ် ထား လို့ ဗီရို ထဲ မှာ ဘာတွေ ရှိမှန်း မသိပါ ။

ဦးကြည်မောင် ကို စောင့် ရင်း အိမ်ရှေ့ခန်း မှာ ချိတ်ဆွဲ ထား တဲ့ ဓာတ်ပုံ တွေ ကို ကျွန်တော် လျှောက် ကြည့်တယ် ။ ဘွဲ့ဝတ်စုံ နဲ့ ရိုက် ထားတဲ့ ပုံ တွေ ၊ မိသားစု ဓာတ်ပုံ တွေ ထဲ မှာ ထူးထူးခြားခြား ပုံ တစ်ပုံ သတိ ထား မိတယ် ။ ပုံ က အဖြူအမည်း နုနယ်ပျိုမျစ် လှပတဲ့ အမျိုးသမီး တစ်ယောက် ရဲ့ ပုံ ပါ ။

ဦးကြည်မောင် က ဆိုက်ကား တစ်စီး ကို စီး ပြီး ရောက် လာတယ် ။ တိုက်ပုံအင်္ကျီ အောက် မှာ သိုးမွေးဆွယ်တာ အနွေးထည် ကို ဝတ် ထားတယ် ။ မနက် စောစော ကတည်း က တစ်ဆက် တည်း အလုပ် တွေ များ နေခဲ့တဲ့ ပုံပါပဲ ။

အဆင်သင့် ရှိတဲ့ ပက်လက်ကု,လား ထိုင် မှာ ဦးကြည်မောင် ဝင် ထိုင်တယ် ။ သူ ထိုင် နေကျ ဖြစ်ပုံ ရတယ် ။ နောက်မှီ မှာ ခေါင်းအုံးငယ် တစ်ခု ရှိတယ် ။

ကျွန်တော့် ကို “ စောင့် ရတာ ကြာပြီလား ” ဆိုတဲ့ အားနာ စကား ဆိုတယ် ။

ဦးကြည်မောင် က မုံရွာ စောင်စက်ရုံများပိုင်ရှင် အသင်း မှာ ဥက္ကဋ္ဌ အဖြစ် ၂၆ နှစ် ဆောင်ရွက်ခဲ့ သူ ဖြစ်တယ် ။ ကျွန်တော် က သူ့ ဘဝ ဖြတ်သန်း ခဲ့ရပုံ တွေ သိချင်တယ် ။ သူ့ ဘဝ ဖြတ်သန်းရာ မှာ ဘာ ကို အဓိက ကိုင်စွဲ ခဲ့သလဲ ဆိုတာ မေးပါတယ် ။

“ အလုပ် များများ လုပ်မယ် ။ ချွေချွေတာတာ နေမယ် ။ ငွေ စုမယ် ။ အများအကျိုး ဆောင်ရွက်မယ် ။ ဒါ အဓိက ပဲ ”

သူ့ အနေအထိုင် ၊ သူ့ အိမ် အခင်းအကျင်း ကို ကြည့်မြင် ရုံ နဲ့ ဦးကြည်မောင် ရဲ့ စိတ်နေစိတ်ထား ကို အကဲဖြတ် နိုင်တယ် ။ အနေ ရိုးတယ် ။ ဒါပေမဲ့ ပြည့်စုံကြွယ်ဝ ပုံ ပေါ်တယ် ။

ဦးကြည်မောင် က မုံရွာမြို့ နဲ့ ကိုးမိုင် လောက် ဝေးတဲ့ မန်ကျည်းကုန်းရွာ မှာ မွေးဖွားခဲ့ ပုံ ၊ မိဘ တွေ က ရက်ကန်းလုပ်ငန်း လုပ်ကိုင် ပြီး ရက်ကန်းစင် ၉၇ စင် ရှိပုံ တွေ ကို ပြော ပြပါတယ် ။ ပြီးတော့ သူတို့ မိသားစု မုံရွာမြို့ ပေါ် ပြောင်း လာခဲ့ကြပုံ လည်း ဆက် ပြောတယ် ။

“ ကျွန်တော် ငယ်ငယ် က ရွာ ကို ဓားပြ လာ တိုက်တာ က မနက် ၅းဝဝ နာရီ ။ မိဘ တွေ က မန္တလေး မှာ ၊ အိမ် မှာ ကျွန်တော် ရယ် ၊ ကျွန်တော့် အစ်မ ရယ် ၊ တူမလေး ရယ် ပဲ ကျန်ရစ်တာ ။ မိဘ တွေ က ဂျပန် အပြေး မှာ လက် ထဲ ပိုက်မိ နေတဲ့ ဂျပန်ငွေ စက္ကူ တွေ သွား သုံးတာ ”

“ သုံးလို့ ရခဲ့လား ”

ဦးကြည်မောင် က ရယ်မောပြီး ဘယ် ရမှာလဲ လို့ ပြောပါတယ် ။ ကျွန်တော့် အတွေး ထဲ မှာ ၁၉၈၇ ခု ငွေစက္ကူ တွေ တရားမဝင် ကြေညာ တုန်း က ကျွန်တော် တို့ လင်မယား လက် ထဲ က အစိတ်တန် ငွေ တွေ နဲ့ ကြက်သား ဝယ် စား ခဲ့ကြတာ ကို ပြန် သတိ ရသွားတယ် ။ ကြက်သားသည် ကလည်း ညနေစောင်း အထိ မရောင်းရ တဲ့ ကြက် တွေ ကို အစွံ ထုတ် ချင် ၊ ကျွန်တော် တို့ က လည်း လက် ထဲ က ချွေးနှဲစာလေး တွေ နှမြော ။

“ ဓားပြ တွေ က မနက် ၇းဝဝ နာရီ လောက် မှ ရွာ က ပြန် ထွက်သွားတာ ။ ကိုယ် က ၁၄ နှစ် ၊ ၁၅ နှစ် ကောင်းကောင်း သိတာပေါ့ ။ သိပ် မလုံခြုံ တော့ ကျွန်တော် တို့ က တခြား အိမ် မှာ သွား အိပ် နေတာ ။ ဓားပြ တွေ လာ တော့ ထွက်ပြေး ရတာ ။ အဖေ နဲ့ အမေ မန္တလေး က ပြန် လာ ပြီး မကြာဘူး ၊ မုံရွာမြို့ ပေါ် ပြောင်း လာ ခဲ့ကြတယ် ”

“ မုံရွာ ရောက် တော့ ဘာ လုပ်ငန်း လုပ်သလဲ ”

“ အဖေ က ဆန်စက် တည်တယ် ။ မန်နေဂျာ ငှားပြီး ဆန်စက်လုပ်ငန်း လုပ်တာပေါ့ ”

“ ဦးလေး ဦးကြည်မောင် ရဲ့ ပညာရေး က ကော ”

“ ကျွန်တော့် ကို မန္တလေး ပို့ ပြီး ကျောင်း ထားတယ် ။ ဘုရားကြီး နား က မဟာ နန္ဒိသေနရာမတိုက် ဘုန်းကြီးကျောင်း မှာ နေ ပြီး တိုင်းချစ်ကျောင်း မှာ ကျောင်း တက် တယ် ။ ၁၉၄၇ ခုနှစ် မှာ ဆယ်တန်း ဖြေတယ် ။ အင်္ဂလိပ်စာ ၊ သင်္ချာ အောင် ပြီး ပထဝီ နဲ့ သမိုင်း မအောင်ဘူး ။ သူတို့ က အင်္ဂလိပ် လို သင်တာ ။ ကိုယ် က တောသား ၊ ဘယ် လိုက် နိုင်လိမ့်မလဲ ။ ဗမာ လို သင် ရင် တော့ အောင် မှာ ပေါ့ ”

“ ဆယ်တန်း ဆက် ဖြေ သလား ”

“ မဖြေဘူး ။ အဲဒီက ထွက် ပြီး အလုပ် လုပ်တော့မယ် ဆိုပြီး စာရင်းကိုင်ကျောင်း တက်တယ် ။ မန္တလေး မှာ ပဲ ဦးဘကိုး ရဲ့ ကော်မာရှယ်ကောလိပ် မှာ ။ ပြီးတော့ အဖေ့ ဆန်စက် မှာ မန်နေဂျာ တွေ နဲ့ တွဲပြီး အလုပ် ပြန် လုပ်တယ် ။ နောက်တော့ ဆယ်တန်း ဖြေချင် စိတ် ဖြစ်လာတယ် ။ မှတ်မိသေးတယ် ။ သြဂုတ်လ မှာ ဆယ်တန်း ဖြေချင် စိတ် ဖြစ် လာတော့ စာ ကျက်ပြီး ဖြေ တာ ၁၉၅၂ ခုနှစ် မှာ ဆယ်တန်း အောင်တယ် ”

“ တက္ကသိုလ် ဆက် တက် တော့ကော ”

“ ရန်ကုန်တက္ကသိုလ် တက် တာ ၊ ပင်းယဆောင် မှာ နေတယ် ။ ဘာသာတွဲ က တော့ ဟို ဟာ ယူလိုက် ၊ ဒီ ဟာ ယူလိုက် ခဏခဏ ပြောင်း နေတာ ။ ကျွန်တော် တို့ခေတ် က တက္ကသိုလ် မှာ ကိုယ် ယူ ချင်တဲ့ ဘာသာတွဲ ယူ နိုင်တယ် ။ ပြောင်း နိုင်တယ် ။ မုံရွာသား တွေ Geology ( ဘူမိဗေဒ ) ယူတယ် ဆို လို့ လိုက် ယူတယ် ။ ပြီးတော့ ဆရာဝန် လုပ် ရရင် ကောင်းမှာလား ဆိုပြီး ဘိုင်အို ( Biology ဇီဝဗေဒ ) ယူ လိုက် သေးတယ် ။ နောက်ဆုံးကျ Economic ( စီးပွားရေး ) က ကောင်းပါတယ် ဆိုပြီး ဘီကွမ်း ( B.Com ) ယူတယ် ”

ဦးကြည်မောင် ရဲ့တူမ ဒေါ်မြင့်မြင့် က ဧည့်ခံ တဲ့ လက်ဖက်ရည် နဲ့ မုန့် တွေ လာ ချတယ် ။

“ ကျွန်တော် က ရန်ကုန် နဲ့ မုံရွာ ကုန် ကူးတယ် ။ ရန်ကုန် က ချည်ထုပ် တွေ ၊ ငါးပိငါးခြောက် တွေ မုံရွာ ကို သယ် ပြီး ရောင်း တာ ။ အဲဒီ ခေတ် က လမ်းပန်း ဆက်သွယ်ရေး က လည်း ခက်တယ် ။ မုံရွာ က နေ မြင်းမူ ၊ မြင်းမူ မှာ ည အိပ် ရတယ် ။ နောက် မနက် ကျ လှေ နဲ့ မန္တလေး သွား ရတယ် ။ လေ ရ ရင် ရွက်တိုက် ၊ လေ မရ ရင် လူ နဲ့ဆွဲ ဆန် ရတာ ။ မန္တလေး က နေ မေမြို့ ( ပြင်ဦးလွင် ) ကို မီးရထား စီး ရတယ် ။ ဓားပြ တိုက် မှာ စိုး လို့ ။ မေမြို့ကျ ဗလီ ပေါ် မှာ တည်းတယ် ။ မန္တလေး က ဟာရှင် ၊ ကာဆင်တိုက် က လက်မှတ် ယူ သွားရင် တည်း လို့ ရတယ် ၊ မေမြို့ မှာ လေယာဉ်ပျံ လက်မှတ် ဝယ်ပြီး အနီးစခန်း လေဆိပ် က နေ ရန်ကုန် သွားတယ် ။ လေယာဉ်ပျံ က လည်း ဒါကိုတာကြီး တွေ ။ အလျားလိုက် တန်းစီ ပြီး လေထီး ခုန် ချမယ့် သူ တွေ လို ထိုင် စီး ရတာ ။ ရန်ကုန် မှာ ကုန် ဝယ် ပြီး မုံရွာ ပြန် တာ ”

“ ပြန်တော့ လည်း အဆင့်ဆင့် ပဲလား ”

“ အဆင့်ဆင့် ပဲ ။ ရန်ကုန် က မြောင်းတကာ ကို ကား နဲ့ ၊ မြောင်းတကာ က လက်ပံတန်း ကို မော်တော် တို့ ၊ လှေ တို့ နဲ့ ။ လက်ပံတန်း က ပြည် ကို ကား နဲ့ ။ ပြည် က မုံရွာ ကို လှေ နဲ့ ။ ကုန် ကို အဆင့်ဆင့် သယ် ရတာ ။ တစ်ခါက တော့ ကျွန်တော့် ပစ္စည်း တွေ တင် လာတဲ့ ကား ကို ရဲဘော်ဖြူ က ချော ဆွဲတယ် ။ ကိုယ် က ကား ပေါ် က ချည်ထုပ် တွေ ကို ဇရပ် ပေါ် ချ နေပြီ ။ အဲဒါ ချ မထားရ ကောင်းလား ဆိုပြီး ‌ေ သနတ် နဲ့ ထုတ် ချိန် တာ ခံရဖူးတယ် ”

“ လုပ်ရ ကိုင်ရ တာ အန္တရာယ် တော့ အများသားပဲ နော် ”

“ တစ်ခါက တော့ ဖျား လို့ ပြည် မှာ ဆေးရုံ တက် ရတယ် ။ မုံရွာ ကို ကြေးနန်း ရိုက် လိုက်တယ် ။ အဖေ အမေ လိုက်ခဲ့ပါ ၊ မလိုက်ခဲ့ပါနဲ့ ၊ နေကောင်း သွားပြီ ။ နှစ်စောင် တစ်ပြိုင် တည်း ရိုက်တာ ”

“ ဘာကြောင့် နှစ်စောင် ရိုက်တာလဲ ”

“ စိတ်ပူ နေမှာ စိုးလို့ ။ အဖေ အမေ က လည်း ပါး လိုက်တာ ။ ပြည်ပွဲရုံ ကို လှမ်း ဆက်သွယ်တယ် ။ ကြည်မောင် ဆေးရုံ တက် နေတယ် သွား လိုက်ပါ ။ လာ ကြည့် တယ် ။ အဖေ အမေ က လည်း ဘယ် နေမှာလဲ လိုက် လာကြတယ် ။ နေကောင်းပြီ ဆို တော့ မိန်းမ ယူတော့ လို့ တိုက်တွန်းတယ် ။ ရေ ချိုးချင် တဲ့ လူ ရေကန် ထဲ တွန်းချ ခံရ သလိုပဲ ။ ၁၉၅၇ ခု မှာ အိမ်ထောင် ကျ သွားရော ။ အမျိုးသမီး က မန္တလေးသူ ပြောပါ တော့ ။ ဒေါ်သန်းသန်း ၊ ဟို ဓာတ်ပုံ လေ အချော ပဲ အချော ”

နံရံ မှာ ချိတ် ထားတဲ့ အဖြူအမည်း ဓာတ်ပုံ ကို ညွှန်ပြတယ် ။ ပြီးတော့ ဦးကြည်မောင် ထိုင် နေရာ က ထ ပြီး အိမ် နောက်ပိုင်း ထမင်းစားခန်း ဆီ ကျွန်တော့် ကို ခေါ် သွားတယ် ။ ထမင်းစားခန်း နံရံ မှာ လည်း ကွယ်လွန် သွားပြီ ဖြစ်တဲ့ ဇနီးသည် ရဲ့ ဓာတ်ပုံ တွေ အများကြီး ကပ် ထားတာ မြင်ရတယ် ။ ဦးကြည်မောင် က သူ့ ဇနီး ကို သံယောဇဉ် ကြီးပုံ ရတယ် ။

ကျွန်တော် တို့ နှစ်ယောက် အိမ်ရှေ့ခန်း ကို ပြန် လာ ထိုင် ကြပြီး စကား ဆက် ပြောပါတယ် ။

“ ဇနီး က လည်း တော်တယ် ။ အဖေ့ တိုက် မှာ ကျွန်တော် တို့ ဆိုင် ဖွင့်ပြီး သရဖူ ဘီစကွတ် ၊ ပဒေသာ ဘီစကွတ် ၊ ချိုချဉ် ၊ ဆပ်ပြာ ရောင်းတယ် ။ ရောင်းရတာ ပုံးလိုက် ကို ဆင့် နေတာပဲ ။ ကျွန်တော် က မုန့်ဆိုင် နဲ့ တော့ စီးပွား ဖြစ် မှာ မဟုတ်ဘူး ဆိုပြီး အခြား ဟာ လုပ်ဖို့ စဉ်းစားတယ် ။ စဉ်းစား တော့ ၊ ဇောတိက ဦးဘထူး က ချည်စက် တွေ စ လုပ် တာ တွေ့တယ် ”

“ ဂျပန် ကို သွားပြီး ရက်ကန်းပညာ လေ့လာရင်း ဂျပန် အမျိုးသမီး နဲ့ အိမ်ထောင် ကျ ပြီး ခေါ် လာတဲ့ ပုဂ္ဂိုလ် ထင်တယ် ”

“ ဟုတ်တယ် ၊ ကျွန်တော် ချည်စက် လုပ်တယ် ။ အဲဒီ အချိန် က ချည်စက် လုပ် တာ ခြောက်ဦး ပဲ ရှိတယ် ။ ဇောတိက ဦးဘထူး ၊ ငွေခရု ဦးမင်းဒင် ၊ ရွှေအုန်းသီး ဦးအုန်းဆင့် ၊ ဆွေဗမာ ဦးမြမောင် ၊ ရွှေကျား ဦးလှစိန် နဲ့ ကျွန်တော့် ရဲ့ စိန်ပဒေသာ ”

“ ဘာ ခတ်သလဲ ”

“ စောင် ခတ်တယ် ၊ ကျွန်တော် က စောင်စက်အသင်း ဥက္ကဋ္ဌ ၊ တော်လှန်ရေး ကောင်စီ တက် လာ တော့ အလုပ်သမားရုံး တို့ ၊ လူမှုဖူလုံရေး တို့ လည်း ရှိ ၊ labour officer ( အလုပ်သမား အရာရှိ ) ၊ labour inspector ( အလုပ်ရုံ စစ်ဆေးရေး အရာရှိ ) တို့ က သိပ် ဖိတာ ။ အစည်းအဝေး ခဏခဏ တက် ရတယ် ။ စီမံကိန်း တွေ ၊ ကုန်ကြမ်း ပေး ကုန်ချောယူ တွေ ဖြစ် လာတယ် ။ ဒါပေမဲ့ ဖြစ်အောင် လုပ်ပြီး ရပ်တည် နိုင်ခဲ့ကြ တယ် ”

“ မုံရွာစောင် တွေ တစ်ခေတ် ဖြစ်ခဲ့ကြတယ် ။ နောက်ပိုင်း မှာ ဘယ်လို ဖြစ်သွားတာလဲ ”

“ မုံရွာစောင် ကျရတာ က ဝယ် တဲ့ လူ က ပေးတဲ့ ဈေး နဲ့ ကိုက် အောင် အရည်အသွေး လျှော့ ပြီး ထုတ်လုပ် ရာ က စောင် လုပ်ငန်းကြီး တစ်ခု လုံး ကျ သွားတော့တာပဲ ”

ဦးကြည်မောင် က စောင်စက်ဥက္ကဋ္ဌ တာဝန် က အနား ယူ လိုက်ပြီး နောက် ဘိုးဘွားရိပ်သာ ၊ ပရဟိတကျောင်း တွေ မှာ တာဝန်ယူ လုပ်ခဲ့ပုံ တွေ ဆက် ပြောတယ် ။

ကျွန်တော် တို့ စကားဝိုင်း လက်စသ,တ် တော့ အပြင် မှာ မှောင်စပျိုး နေပါပြီ ။

◾ကျော်ရင်မြင့်

📖 ဘဝကြေးမုံ အဖြစ်စုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment