Wednesday, July 3, 2024

ကြွေရုံသာမက မွှေလို့ ပင် သွားပါလေရဲ့


 

❝ ကြွေရုံသာမက မွှေလို့ ပင် သွားပါလေရဲ့ ❞

ခုတလော  ရွာ မှာ လူ နှစ်ယောက် စကားလက်ဆုံ ကျ နေရင် ဘာ စကား တွေ ပြော နေကြတာလဲ လို့ သွား မေး ကြည့် မနေလေနဲ့ ။ ဦးသုမန ရဲ့ ဘုန်းကြီးပျံပွဲ အကြောင်း ပဲ ဖြစ်တော့မှာ ပေါ့ ။ ကျုပ်တို့ ရွာ က တော့ ဦးပဉ္ဇင်းဘိုကြီး လို့ ခေါ်နေကြတဲ့ ဦးသုမန က နှယ်နှယ်ရရ ပုဂ္ဂိုလ် မှ မဟုတ်တာ ။ တိုင်းကျော် ပြည်ကျော် ထိတော့ လည်း မဟုတ်ဘူး ပ ။ ဒါပေမဲ့ မူး အရှေ့ဘက်ကမ်း ရွှေဘိုနယ် ၊ ဆိပ်ခွန်ရွာ တို့ ထိ ၊ ချင်းတွင်း အနောက်ဘက်ကမ်း ဆားလင်းကြီးနယ် ကံကုန်းရွာ တို့ ထိ ၊ ဧရာဝတီ တောင်ဘက်ကမ်း ငါးဇွန်နယ် လင်္ကာဒီပ တို့ ထိ ထင်ရှား လူသိ များ တဲ့ ပုဂ္ဂိုလ် ။ နည်း တဲ့ ဂေါစဂါမ် အကျယ်လား ။ တရားဟော ၊ တရားပြ ကောင်းလွန်း လို့ လား မထင်လိုက်နဲ့ ဦး ။ နွားဆေး ကု ကောင်းလွန်းလို့  ။ ရောဂါဘယ်လောက် ကျွမ်းကျွမ်း သူ ကြွလာတဲ့ အချိန် မှာ နွား သာ အသက် နဲ့ ခန္ဓာ ရှိ နေပစေ ။ ကျန်းမာရှင်သန် လာစေရမယ် စိတ်သာချ ။ တချို့ က ဦးသုမန ကို သိကြားဆေးဆရာ လို့ တောင် ယုံမှတ်ထားကြ သေးတယ် ။ တောင်သူ လယ်သမား ဆိုတာ နွား နဲ့ ကင်းကွာ လို့ ရတဲ့ အမျိုး မှတ်လို့  ။ ဒီလိုပဲ နွား ဆိုရင် လည်း ဦးသုမန နဲ့ ကင်းကွာ လို့ ကို မဖြစ်ဘူးရယ် ။ ဒီတော့ ဦးသုမန နဲ့ တောင်သူလယ်သမား တွေ ၊ တောင်သူလယ်သမား တွေ နဲ့ ဦးသုမန တို့ ဟာ ကင်းကွာ လို့ ကို မဖြစ်ကြပြန်တော့ဘူး ။ ကျွန်း ကိုင်း မှီ ၊ ကိုင်း ကျွန်း မှီ နေတဲ့ သဘော ။

ပြီးတော့ လူ လောက လူ တွေ အတွင်း မှာ လူမှုရေး ကောင်းကြတဲ့ သူ တွေ ရှိကြသလို ဦးသုမန က လည်း ဘုန်းကြီး လောက ဘုန်းကြီးတွေ အတွင်း ဘုန်းကြီး ရေး အင်မတန် ကောင်းတဲ့ ပုဂ္ဂိုလ် ။ ရွာ ဘုရားပွဲ ၊ အလှူအတန်း တွေ မှာ ဆွမ်းလောင်း ကြွ လို့ ရှိရင် ဦးသုမန က ပဲ ဝါစဉ်ပြီး စီတန်း ပေး ရတယ် မဟုတ်လား ။ ဒီ နယ် တစ်လွှား ကျောင်းထိုင် ဘုန်းကြီး တွေ ၊ အခန်း နေ ဦးပဉ္စင်း တွေ နာမကျန်း ဖြစ်ရင် ဦးသုမန က အားပေး ကူညီဖို့ အရောက် ကြွ လာတတ် စမြဲ ။ သီတင်းကျွတ် ရင် သူ့ ထက် ဝါ ကြီးတဲ့ ဘုန်းကြီး တွေ ကို နှစ်စဉ် ကန်တော့တတ် စမြဲ ။ ဘုန်းတော်ကြီး တစ်ပါး ပါး ပျံလွန်တော် မူ ရင် လည်း ပြာသာဒ် လား ၊ ဝတ္ထု ( ငွေ ) လား တစ်ခု ခု တော့ ထည့်ဝင် ကူညီ တတ်စမြဲ ။

အခု အဲဒီ ဦးသုမန ကိုယ်တိုင် ပျံလွန်တော် မူ သွားရှာပါပြီ ။ ဝါဆို ဦး တုန်း ကပေါ့ ။ နိဗ္ဗာန်ကျောင်းချပွဲ က တော့ ဗလာဇာတ်လေး တစ်ဇာတ် နဲ့ သိုက်သိုက်မြိုက်မြိုက် ကျင်းပ လို့ ပြီးစီး သွားပါပြီ ။ နိဗ္ဗာန်ကျောင်း ချတယ် ဆိုတာ ရုပ်ကလာပ်တော် ကို ကျောင်းကြီး ပေါ် ကနေ ကျောင်းဝင်း တစ် နေရာ မှာ ယာယီ ဆောက်လုပ် ထားတဲ့ ကျောင်း ဆောင် ထဲ ရွှေ့ပြောင်း တာ ကို ခေါ်တာ ။ လုပ်ငန်းသိမ်းချိန် တပို့တွဲ ၊ တပေါင်းလတွေ ကျ မှ ကြီးကြီးကျယ်ကျယ် ဘုန်းကြီးပျံပွဲတော် ကျင်းပကြမယ့် သဘော ။

ဦးသုမန က နယ်ကျော် ၊ ရပ်ကျော် ပုဂ္ဂိုလ် ဆိုတော့ ဘုန်းကြီးပျံပွဲတော် ကို လည်း နယ် ချီပြီး ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ကျင်းပကြ မှာ ။ ဈာပန ကျင်းပရေး ကော်မတီ ကို လည်း ဘုန်းကြီး သာဝက ၊ လူ သာဝက ၊ ရပ်မိရပ်ဖ တွေ စုံစုံလင်လင် နဲ့ ဖွဲ့စည်း ထားပြီး ပါပြီ ။ တာဝန် တွေ လည်း အသေးစိတ် ခွဲဝေ ပေး ထားလိုက်ပြီ ။

ကရဝိက် ထည့်ဝင်ကြတဲ့ ရွာ ၊ ဇာတ်အဖွဲ့ ၊ အငြိမ့်အဖွဲ့ ထည့်ဝင်ကြ တဲ့ ရွာ ၊ ပြာသာဒ် ၊ လောင်တိုက် ၊ တဲကျောင်း ထည့်ဝင်ကြ တဲ့ ရွာ စသည် ဖြင့် မှတ်တမ်း တင် လိုက်တော့ အောက်ပါ အတိုင်း ရ ရှိတယ် ။

၁ ။ ၁၅ ခန်း ပတ်လည် ( ပေ ၁၂ဝ  စံကျောင်းကြီး - ဦးသုမနရဲ့ ဆွေမျိုး သား ချင်းများ ။
၂ ။ ကရဝိက်ဖောင်တော် - ရွာသစ်ရွာ ။
၃ ။ ဟင်္သာဖောင်တော် - ရှစ်ဆယ်ရွာ ။
၄ ။ ဘုရားတင်ပြာသာဒ် တစ်ဆောင် - ဦးဝိသုတ ၊ မင်းကျောင်းဆရာတော် ။
၅ ။ လောင်တိုက် - ညောင်ဖြူပင်ရွာ ။
၆ ။ အလောင်းတင်ပြာသာဒ် နဲ့ တဲကျောင်း - တောပုရွာ ။
၇ ။ အလောင်းတင်ပြာသာဒ် နဲ့ တဲကျောင်း - ကြာပိုင်ရွာ ။
၈ ။ အလောင်းတင်ပြာသာဒ် နဲ့ တဲကျောင်း - သစ်ဆိမ့်ရွာ ။
၉ ။ အလောင်းတင်ပြာသာဒ် နဲ့ တဲကျောင်း - သစ်ညိုပင်ရွာ ။
၁ဝ ။ အလောင်းတင်ပြာသာဒ် နဲ့ တဲကျောင်း - ခတက္ကန်ရွာ ။
၁၁ ။ အလောင်းတင်ပြာသာဒ် နဲ့ တဲကျောင်း - ပရစံကုန်းရွာ ။
၁၂ ။ အလောင်းတင်ပြာသာဒ် နဲ့ တဲကျောင်း - ခင်မွန်ရွာ ။
၁၃ ။ စိန်သောင်းဇာတ်အဖွဲ့ ၂ ည - ကြည်ကုန်းရွာ ။
၁၄ ။ ရန်ကုန် ဇော်ဝင်း ဇာတ်အဖွဲ့ ၂ ည - ကြီးအုပ်ရွာ ။
၁၅ ။ လမင်းတစ်ရာ မန္တလေးအငြိမ့် ၂ ည - တောင်မာတောရွာ ။
၁၆ ။ သစ်လွင် မန္တလေးအငြိမ့် ၂ ည - မုံရွေးရွာ ။
၁၇ ။ ဧယင်ကျူး မင်းသမီး ၄ လက် - ကြေးမုံရွာ ။
၁၈ ။ ဦးဣန္ဒ နဲ့ ဆိပ်ခွန်ရွာ ဒါယကာ ဒါယိကာမများ - ၁ဝဝဝဝဝ ကျပ်
၁၉ ။ ဦးအာသဖ နဲ့ ကံကုန်းရွာ- ၁ဝဝဝဝဝ ကျပ် ။
၂၀ ။ ဦးပညာသာမိ နဲ့ လင်္ကာဒီပရွာ- ၁ဝဝဝဝဝ ကျပ် ။
၂၁ ။ ဦးကေလာသ နဲ့ ရွေးရင်း မလဲသာရွာ- ၁ဝဝဝဝဝ ကျပ် ။
၂၂ ။ ဦးပညိန္ဒ မန္တလေးမြို့- ၅ဝဝဝဝ ကျပ် ။
၂၃ ။ ဦးဝါသဝ မုံရွာမြို့- ၃ဝဝဝဝ ကျပ် ။
၂၄ ။ နွားလှည်းပြိုင်ပွဲ ကုန်ကျငွေ အစုစု - အမြင့်ရွာ
၂၅ ။ တပို့တွဲလပြည့် ၊ လပြည့်ကျော် ၁ ရက် ကျွေးမွေးစရိတ် - ဂွေးပင်တောရွာ
၂၆ ။ လပြည့်ကျော် ၂ ရက် နဲ့ ၃ ရက် ကျွေးမွေးစရိတ် - ဆည်ကြီးတော
၂၇ ။ လပြည့်ကျော် ၄ ရက် နဲ့ ၅ ရက် ကျွေးမွေးစရိတ် - နဂါးတွင်းရွာ
၂၈ ။ လပြည့်ကျော် ၆ နဲ့ ၇ ရက် ကျွေးမွေးစရိတ် - သုဘရွာ ။
၂၉ ။ လပြည့်ကျော် ၈ နဲ့ ၉ ရက် ကျွေးမွေးစရိတ် - မြေနဲရွာ ။
၃၀ ။ ဒါယကာ ဒါယိကာမများ ထည့်ဝင်လှူဒါန်းငွေ - ၂၅၃၇၇၅ ကျပ်

ဘုန်းကြီးပျံကွင်း ကို ရွာ အနောက်ဘက် က ဧက ၂ဝ လောက် ကျယ်ဝန်း တဲ့ ယာကွင်းကြီး ထဲ ကျင်းပမယ် ။ ယာ ကန်သင်းရိုး တွေ ညှိကြ ။ မိုးနံချုံ ၊ နဘူးချုံ တွေ ကို ခုတ်ထွင် ရှင်းလင်းကြ ။ စံကျောင်းတဲကျောင်း ၊ လောင်တိုက် ၊ ဇာတ်အဖွဲ့ ၊ အငြိမ့်စင် ဆောက်မယ့် နေရာတွေ ကို လျာထားကြ ။ နွားလှည်းပြိုင်ပွဲ အတွက် လှည်းလမ်းကြောင်း ကို ကြောင်း ထားကြ ။

ကျောင်း ထဲ မှာ လည်း ကရဝိက်ဖောင် ပြုလုပ် ကြတဲ့ စံကျောင်း ၊ လောင်တိုက် ဆောက်လုပ် ကြမယ့် စပ်ပန်းချီဆရာ တွေ လည်း ရောက် နေကြပြီ  ။ ထမင်းအုပ် ၊ ရေနွေး အလှည့်ကျ ပို့ နေကြပြီ ။ ရွာ မှာ လည်း နေ့ခင်း မှာ ဘုန်းကြီးပျံပွဲ အတွင်း ကျွေးမွေး ဧည့်ခံဖို့ ၊ ဝတ်ကြစားကြ ဖို့ အလုပ် ထွက် လုပ်နေကြရတာ တိတ် လို့ ၊ ဆိတ် လို့ ။ ဟော .. ညခင်း ကျတော့ ကရဝိက်ဖောင် လှော်တက် တိုက်ကြတာ မြိုင်လို့ ၊ ဆိုင်လို့ ။ အိပ်ရေး ပျက်ကြရမှန်း မသိ ။ ပင်ပန်းကြရမှန်း မသိ ။ ပျော်လို့ ရွှင်လို့ တက်ကြွလို့ ။

ကရဝိက် ၊ ဟင်္သာ နဲ့ အလောင်းတင် ပြာသာဒ် တွေ ကို သက်ဆိုင်ရာ ရွာ တွေ က သူတို့ အစီအစဉ် နဲ့ သူတို့ လှည့်လည် ပြီး ဆွဲယူ လာကြမယ် ။ ပြီးတော့ သက်ဆိုင်ရာ တဲကျောင်း ရှေ့ မှာ ရပ် ထားကြမယ် ။ အလောင်းတော် ကို တော့ ကရဝိက်ဖောင်တော် နဲ့ ကျောင်း က နေ ကွင်း ထဲ ပင့်ဆောင်မယ် ။ ပြီး စံကျောင်း ထဲ က ဧပုခက် ပေါ် တင် ထား လိုက်မယ် ။ တစ်ခါ အလောင်းတင် ပြာသာဒ် တွေ နဲ့ အလောင်းတော် ကို တင်ပြီး စံကျောင်း ကို သုံးပတ် ပတ် လှည့်လည် ပူဇော်ကြမယ် ။ ဘယ် ရွာ ပြာသာဒ် က ဘယ်နေ့ ဘယ်အချိန် မှာ လှည့် လည်ရမယ် ဆိုတာ အချိန်ဇယား ညှိနှိုင်း ဆွဲပေး ထားကြပြီးသား ။

စံကျောင်း ထဲ မှာ မနက်ပိုင်း ၊ ညနေပိုင်း နှစ်ပိုင်း ခွဲပြီး မင်းသမီး နှစ်လက် က ဧယင်ကျူးမယ် ။ မင်းသမီး ၄ လက် ဆိုတော့ ဧယင်ကျူး က နှစ်ရက် ကျင်းပမယ် ။ ဇာတ်အဖွဲ့တွေ က - တစ်ဇာတ် ပြီး တစ်ဇာတ် တက် ။ တစ်ငြိမ့် ဆင်း တစ်ငြိမ့် တက် ပေါ့ ။ ယှဉ်ပြိုင် က ရင် ပရိသတ် ကို ထိန်းသိမ်းအုပ်ချုပ် ရ တာ ခဲယဉ်းတယ် ။ ရက်ရှည် ကျင်းပမယ့် ပွဲတော်ကြီး ဖြစ်လို့ ပွဲကွင်း အုပ်ချုပ်ရေး ကို ရဟန်းပျို တွေ နဲ့ ကျုပ် တို့ ရွာ သစ်ရွာ က လူငယ် တွေ ပူးတွဲ ပြီး ကိုယ့် အချိန် နဲ့ ကိုယ် တာဝန်ယူ ထားကြပြီးသား ။

ကျုပ်တို့ ရွာသစ်ရွာ က ဒီနယ် တစ်ဝိုက် မှာ ကျီးကန်းမျိုး တွေ လို့ နာမည်ကြီး တဲ့ ရွာ ပါ ။ ရွာသား တစ်ယောက် အထိ ခံ ရရင် တစ်ရွာလုံး ယောက်ျားသား တွေ မ က မိန်းမသား တွေ ပါ ဝိုင်းပြီး အုံ လာ တတ်ကြတယ် ။ ရွာသစ်ရွာ က ပွဲလမ်းသဘင် တွေ ဆိုရင် ပွဲဝင်း ဆူဝံ့ရဲ တဲ့ သူ မရှိ သလောက်ကို ရှားပါတယ် ။ ခေါင်းမာတယ် လို့ ထင် ရင် ဆူရဲ ရင် ဆူ ကြည့် လိုက်လေ ။ ပွဲဝင်း ထဲ မှာ တော့ ရုတ်ရုတ်ရက်ရက် အထိတ်တလန့် ဖြစ် မှာ စိုးလို့ ဘာမှ လုပ်မှာ မဟုတ်ဘူး ။ ပွဲဝင်း အပြင် ကို အလိမ္မာ နဲ့ ခေါ်ထုတ် လာ ပြီး အာလူး ထွက် ရုံ ၊ ပေါက်ပြဲ ရုံ လောက် မှတ်မှတ်ရရ ဖြစ်အောင် တီး လွှတ် လိုက် တတ်ကြတယ် ။

ဦးသုမန ရဲ့ ဘုန်းကြီးပျံ က တော့ ဒီ နယ် တစ်လွှား မှာ မကြုံစဖူး အောင် ကို စည်ကားပါပေတယ် လို့ ပြောကြတယ် ။ ကျုပ် တို့ တစ်သက် မပြော နဲ့ အဖေ တို့ ၊ အမေ တို့ တစ်သက် တောင် မကြုံဖူးဘူး လို့ ဆိုကြတယ်လေ ။ မူး တဲ့ သူတွေ တော့ ရှိကြတာပေါ့ ။ ဒါပေမဲ့ ရမ်းကြတဲ့ သူ ၊ ဆူကြတဲ့ သူ တွေတော့ မရှိပါဘူး ။ ကာလသားခေါင်း ဝင်းမောင် က ဇာဝီတုတ်လေး တကိုင်ကိုင် နဲ့ မာန် ဝင့် လို့ ။

ဒါပေမဲ့ ဆင်ကောင်ကြီး အမြီး ကျ မှ တစ် ဆိုတာ လို ပွဲသိမ်းခါ နီး လှည်းပြိုင်ပွဲ မှာ ပြဿနာ တက် သွားတယ် ။ ပြဿနာ မှ ဓားထိုးမှု ဖြစ် တဲ့ အ ထိ ကြီးကြီးကျယ်ကျယ် ဖြစ် သွားတာ ။

လှည်းပြိုင်ပွဲ မှာ လူတွေ က လည်း စည်သလား မပြောနဲ့ ။ ဘောလုံး ကွင်း သုံးပြန် လောက် ထိ ရှည်လျား တဲ့ လှည်း ပြေးလမ်း တစ်လျှောက် မှ လူတွေ နေရာ လပ် မရှိ ။ နှစ်ထပ် ၊ သုံးထပ် ။ ပြိုင်ပွဲဝင် ကြတဲ့ နွားရှဉ်း တွေ လည်း များ လှတယ် ။ များ တာ လည်း မပြောနဲ့ ။ ဆုကြေးငွေ က မက်မက်စက်စက် ရှိတယ် ။ ပထမဆု ငွေသား တစ်သိန်း နဲ့ ဖလား တစ်လုံး ၊ ဒုတိယဆု ငွေသား ခုနစ်သောင်း နဲ့ ဖလား တစ်လုံး ၊ တတိယဆု က ငွေသား ငါးသောင်း နဲ့ ဖလား တစ်လုံး ။ ဝင်ကြေး မရှိ ။ ပြိုင် ချင်တဲ့ သူ ပြိုင် ။ စာရင်း ပေးသွင်းရုံ ။ စာရင်း ပေးသွင်းပြီး မပျက်ကွက် ဖို့ က တော့ သက်ဆိုင်ရာ ရွာလူကြီး က အာမခံ ထောက်ခံချက် ပေး ။

သတ်မှတ် ထားတဲ့ စည်း အတွင်း လူတွေ ဝင် မနေဖို့ လိုအပ်တယ် ။ အားပေးတာ လိုလို နဲ့  ခေါင်းပေါင်း တဘက် ချွတ် ပြီး ဝှေ့ရမ်း လိုက် လို့ နွား လန့် သွားရင် မခက်လား ။ ခက်တာ က နောက် နွား ကို လှန့်ပါတယ် ဆိုပြီး ရိုက်ကြ ၊ နှက်ကြ ဖြစ်ကုန် ကြမှာ ။ အဲဒီ လူ မဝင်ရ စည်း တားတာ မှာ ပြဿနာက စ ဖြစ်တာ ။ စည်း က တူးရွင်း နဲ့ ရှေ့ က လူ တစ်ယောက် က ထိုး သွား ။ နောက်က လူ က ထုံးပိုး နဲ့ ထိုး သွားတဲ့ လမ်းကြောင်း အတိုင်း ထုံးဖြူး ပေးတာပါ ။

တူးရွင်း နဲ့ ရှေ့ က ထိုး သွားတဲ့ သူ က ကိုချစ်တီး ရယ် လေ ။ ဒီ လူ က အရပ်သာ ရှည်တယ် ။ စိတ် က ဆတ်ပါဘိသနဲ့ ။ စကားပြော နည်း သလောက် လက် က အင်မတန် သွက်တဲ့ သူ ။ ဘန်စီရွာသား ငမိုး က မူးကြောင်မူးကြောင် နဲ့ ဖယ် မပေးဘဲ ပေကတ်ကတ် လုပ် နေတယ် ။ ဘန်စီရွာသား ဆိုတာ လည်း နောက်ပိုင်း မှ သိကြရတာပါ ။ ပွဲတော် ဆိုတော့ တစ်ရာသား တွေ ။ ပုံမကျ ပန်းမကျ ဘောင်းဘီရှည် တကားကား နဲ့ ဆို တော့ ကိုချစ်တီး အနေနဲ့ မြင်ပြင်း လည်း ကပ် နေဟန် တူပါရဲ့ ။

တူးရွင်း ကို ပြောင်းပြန် ကိုင်ပြီး တူးရွင်းရိုး နဲ့ ဘာမပြော ညာမပြော ငမိုး ရဲ့ ခေါင်း ရိုက်ခွဲ ပစ် လိုက်တယ် ။ သွေးတွေ ရဲခနဲ ဖြာဆင်း သွားတာပေါ့ ။ ငမိုး က လည်း သတ္တိကောင်း ၊ ခပ်ပေပေ ထင်ပါရဲ့ ။ အင်္ကျီ အောက် ထိုး လာတဲ့ ဓားမြှောင် ကို ထုတ်ပြီး ကိုချစ်တီး ရဲ့ ဝမ်းဗိုက် ကို ထိုးစိုက် လိုက် တယ် ။ ရွာ က သီးနှံပွဲစား ကိုတင်ရှိန် က ငမိုး ကို နောက် က နေ သိုင်းဖက် လိုက်တယ် ။ စိတ် ဆောင် လို့ သာ ကိုး ။ သူ က ခြောက်ဆယ် နီးပါး ၊ ငမိုး က သုံးဆယ် ကျော် ။ သန်တုန်း မြန်တုန်း ။ ခါ ချ လိုက်တော့ ကိုတင်ရှိန် လေးဖက် ထောက်ပြီး ကျ သွားရော ။ ငမိုး က ဓားမြှောင် ကို နုတ်ပြီး ကိုတင်ရှိန် ရဲ့ ကျောကုန်း ကို ထိုး စိုက်ဖို့ ဟန် ပြင်တယ် ။

ကိုခင်သက် က ငမိုး ကို နောက် က နေ ဖက် လိုက်ပြန် ရော ။ ငမိုး က နောက် ပြန်ပြီး ဓား နဲ့ တွက် လိုက်ဟန် တူပါရဲ့ ။ ဓားဦးချွန် နဲ့ နဖူး ထိခိုက် သွား ပုံရတယ် ။ ကိုခင်သက် ရဲ့ မျက်နှာ မှာ သွေးတွေ ရဲခနဲ ။ လူ တွေ ဝိုင်း အုံ လာပြီး နွားရိုက်ကြိမ် တွေ မြှောက် မြှောက် လာတာ ကို တွေ့မြင် နေရ တယ် ။ ငမိုး လည်း အခြေအနေ မဟန်မှန်း သိဟန် တူပါတယ် ။ ထွက်ပြေး သွားရော ။

သူ က ရှေ့ က ပြေး ၊ လူအုပ်ကြီး က နောက် က လိုက် ။ မိများ မိလို့ လား ။ အရိုးတောင် ရှာ လို့ ရမယ့်ကိန်း မပေါ်ဘူး ။ တချို့လည်း ထယ်ရေး မြေစိုင် ခဲတွေ နဲ့ လှမ်းထု ။ ထိ တာ က ထိ ၊ ချော် တာ က ချော် ။ ဘယ်မှာ ဝေးဝေးကြီး တော့ ပြေးနိုင်မှာ လဲ ။ ခေါင်း မှာ လည်း ဒဏ်ရာ နဲ့ ။ လူ က လည်း မူး နေတာ ။ ယာခင်း လေးငါးကွက် ကျော် ရောက် တော့ ဟပ်ထိုး လဲကျ သွားရော ။

ငမိုး က လူပါး ပဲ ။ ငုတ်တုတ် ထ ထိုင်ပြီး ဓားမြှောင် ကို လူတွေ ပြေး လိုက်လာတဲ့ ဘက် ပစ် ပေး လိုက်တယ် ။ ပြီးတော့ လက်အုပ်လေး ချီ ထားလို့ ။ သနားစရာ တောင် ကောင်းပါသေး ရဲ့ ။ ခဲ တစ်လုံး က ဘယ်သူ က ထုလိုက်သလဲ မသိဘူး ။ ခေါင်း တည့်တည့် မှန်ပြီး လဲသွားရှာ ရော ။ ' သ,တ်ကွာ ' ဆိုတဲ့ အသံ နဲ့ အတူ လူအုပ်ကြီး က ရှေ့တိုး လာတယ် ။

တော်ပါသေးရဲ့ ။ ဦးပဉ္စင်း ဦးတိက္ခ တို့ ရဟန်းပျို တွေ ရောက်လာကြ လို့ ။ နို့မဟုတ်ရင် ငမိုး တစ်ယောက် အသက် ဘယ် က ထွက်လို့ ထွက်ရမှန်း မသိအောင် ဖြစ်ပြီး ကပျာကယာ ‌ေ သရှာ မှာ ။ ခုတော့ လူနာ တွေ ကို မြို့ဆေးရုံ ပို့ ဖို့ စီစဉ်ရတယ် ။ ကိုချစ်တီး ရဲ့ ဒဏ်ရာ က လည်း မ‌ေ သ ကောင်း မပျောက်ကောင်း ‌ေ သလောက်တဲ့ ဒဏ်ရာ မဟုတ်လို့ တော်ပါ သေးရဲ့ ။ ငမိုး က အရက် က လည်း သောက်ထား ၊ နေက လည်း ပူ ဆိုတော့ သွေးဆူ နေလို့ သာ သွေးချင်းချင်း နီရဲ နေတာ ဒဏ်ရာ က မပြင်းထန်လှဘူး ။

ဘုန်းကြီးပျံ က တော့ နောက်ထပ် ပြဿနာ တစ်စုံတစ်ရာ မရှိဘဲ အ ဆင် ပြေစွာ ပြီးစီး လို့ သွားပါပြီ ။

ကျုပ် တို့ ရွာ က လူ တွေ တော့ ဘုန်းကြီးပျံ အကြောင်း စမြုံ့မခတ် နိုင်ကြ သေးဘူး ။ ဘုန်းကြီးပျံ လာကြတဲ့ သူတွေ ကို ကျွေးမွေးကြရ ၊ ပါလာတဲ့ နွားတွေ ကို လည်း ကျွေးကြရ ဆိုတော့ လူစာ ရော ၊ နွားစာ ရော ခန်းခြောက် ကုန်ကြပြီလေ ။ တချို့လည်း ငစိန် သွားပြီး ရွှေကျင် ဖို့ ပြင်ဆင်ကြ ။ တချို့ လည်း စပါးတော သွားပြီး ပဲငါးပိ ရောင်းချ ဖို့ ခတ်ကွင်း ပြင်ကြ ။ တချို့လည်း အခု လုပ် အခု ငွေ ပေါ်တဲ့ မြေကျင်း တူး လိုက်ကြမလို့ တဲ့ ။ အဖေ တို့  ၊ အမေ တို့ က ဘုန်းကြီးပျံ ပြီးရင် ဖြစ်လေ့ ဖြ စ်ထ ရှိတဲ့ သဘော တွေ ဆိုပြီး လူငယ် တွေ ကို အားပေးစကား ပြောနေကြ လေရဲ့ ။ လူငယ်တွေ က လည်း အေးအေးဆေးဆေး ပါပဲ ။

မအေးဆေး နိုင်တာ လည်း ရှိနေသေးတယ် ။ ငမိုး ပေါ့ ။ အာဂ ကောင် ။ သူ့ ကို တော့ ကိုချစ်တီး ကို ဓား နဲ့ ထိုးမှု နဲ့ ချုပ်ထား လိုက်ပြီ ။ ဒါပေမဲ့ သူ့ ကို ဝိုင်းရိုက်မှု နဲ့ ကာလသားခေါင်း ဝင်းမောင် နာမည် တပ်ပြီး အပေါင်းပါများ ကို အမှုဖွင့် တိုင်ကြား ထားသတဲ့ လေ ။ တရားရုံး ကို သွားပြီး အမှု ရင်ဆိုင်ကြရဦးမယ် ။ ဒဏ်ငွေ နဲ့ တင် ပြီးကြမယ်လား ။ ဒါမှ မဟုတ် ထောင်ဒဏ် အပြစ် ပေး ခံနေရဦးမှာ လား ။ ဒါမှ မဟုတ် ကင်းလွတ်ခွင့် ရကြလေမလား ။

ရွာဦး ဘုန်းကြီး ဦးအာသဖ နဲ့ ကျောင်းဆရာ ဦးသောင်းထွန်း တို့ က တော့ ကိစ္စ မရှိပါဘူး လို့ ပြော နေကြတာပဲ ။ ဒါပေမဲ့ ဆုံးဖြတ်မယ့် တရားသူကြီး က လွဲပြီး ဘယ်သူမှ ကံသေကံမ ပြောနိုင်တာ မှတ်လို့ ။

◾ကိုလေးမြတ်

📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
      အမှတ် ၁၉၉
     ဇွန်လ ၊ ၂ဝဝ၆ ခုနှစ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment