Wednesday, July 17, 2024

အကို အနာဂတ် လူလှည့်စား


 

❝ အကို အနာဂတ် လူလှည့်စား ❞

[ ၁ ]

သမဂ္ဂအဆောက်အဦမှ လက်ဖက်ရည်ဆိုင်ထဲသို့ ကျွန်တော် ဝင်ခဲ့သည် ။

ကျွန်တော် မဝင်မီ ဆိုင်အထဲမှ အချို့သော သူတို့သည် ထွက်လာကြ၏ ။ အချို့သော သူတို့သည် လည်း ဆိုင်အထဲသို့ ကျွန်တော့်အရင် ဝင်နှင့်ကြကုန်သည် ။

ကျွန်တော့်ထက် အနည်းငယ်မျှ စော၍ ဝင်နှင့်ကြသူတို့ကို တွေ့ဆုံနိုင်ဦးမည် ဖြစ် သဖြင့် ဝမ်းသာမိ သော်လည်း ကျွန်တော် မဝင်ရောက်မီ ထွက်ခွာနှင့်ကြသူထဲမှ တွေ့ချင်သူ အချို့ကို မတွေ့လိုက်ရသည့် အတွက် ဝမ်းနည်းမိ၏ ။ သို့သော် ဝမ်းသာခြင်း ၊ ဝမ်းနည်းခြင်း ဟူသော လောကဓံလှိုင်းနှင့် ဘဝဆိုသည်မှာ ပိုင်းခြားရကောင်းသည် မဟုတ်သဖြင့် ဖြေပါ သည် ။

မည်သို့ပင်ဖြစ်စေ ၊ ဝင်နှင့်သူတို့ထက် နောက်ကျ၍ လည်းကောင်း ၊ ဝင်အံ့သော သူတို့ထက် စော၍ လည်းကောင်း ကျွန်တော်သည် ဆိုင်ထဲသို့ ဝင်ခဲ့ပြီ ။

အထဲသို့ ကျွန်တော် ရောက်သောအခါ နေရာကောင်း ဟူ၍ အလွတ် မရှိတော့ချေ ။

အများတကာ မနှစ်သက်လှသဖြင့် ခန်းမထောင့်ရှိ စပွဲသည် လွတ်နေ၏ ။ ထိုစပွဲ ကိုပင် ကျွန်တော်သည် အခြားနေရာ မရတော့သည့် အဆုံး၌ ရွေးချယ်လိုက်ရတော့သည် ။

ထိုစပွဲတွင် ကျွန်တော် တယောက်တည်းသာ ရှိ၏ ။ ကျွန်တော်သည် ထိုနေရာမှ ကျွန်တော့်အတွက် ကျွန်တော်နှင့် သင့်လျော်မည့် အာဟာရကို ဖြည့်ရန် ဝင်ခဲ့သည်ပင် မဟုတ် လော ။

မှာသည့် အာဟာရ မရောက်လာမီ အာရုံကို ပြင်၍ ကျွန်တော့် ပတ်ဝန်းကျင်ကို ကျွန်တော့် ထောင့်ကျဉ်းကလေးမှ မျက်ခြည်မပြတ် ကြည့်ရှုအကဲခတ် နေမိပြန်၏ ။

မပြည့်သော နောက်လူတို့ ဝင်လာကြပြန်သည် ။ ပြည့်သော အရင်လူတို့ ထွက်ခွာသွားကြပြန်သည် ။ မပြည့်သော ၊ ဝင်သော ၊ ပြည့်သော ၊ ထွက်သော သူတို့သာလျှင်တည်း ။ တနည်း ဆိုသော် အသစ်အသစ် တို့သည် ဝင်လာကြ၍ ၊ အဟောင်းအဟောင်းတို့သည် ထွက်ခွာကြကုန်၏ ။

အထဲသို့ လူသစ်များ ဝင်နေ၏ ။ အထဲမှ လူဟောင်းများ ထွက်နေ၏ ။ ဝင်နေ၏ ။ ထွက်နေ၏ ။ ထွက်နေ၏ ။ ဝင်နေ၏ ။ မဆုံး ။

ဆိုင်သည် လူတို့ဖြင့် စည်ကားသိုက်မြိုက်၍နေ၏ ။ လူတို့ဖြင့် လှုပ်ရှားပြောင်းလဲ ၍လည်း နေသတည်း ။

ကျွန်တော်နှင့် အရွယ်တူ စပွဲထိုးလူငယ်သည် ကျွန်တော် မှာသည့် အာဟာရကို လာ၍ ချ၏ ။ လက်ဖက်ရည် တခွက် ။

စင်စစ် မိမိနှင့် သင့်လျော်မည့် အစာ ကိုလည်း ရွေးတတ်ရန်လို၏ ။ ထို့ကြောင့် လက်ဖက်ရည် ကိုသာ မှာရသည် ။ အကယ်တန္တု ကျွန်တော်သည် အအေး မှာ၍ သောက်လျှင် ချက်ခြင်း ရင်ကြပ်လာမည် ။ ကော်ဖီမှာ၍ သောက်လျှင် မောလွယ်၍ လာမည်ဖြစ်သည် ။ ထို့ကြောင့် မိမိနှင့် သင့်လျော်မည့်အစာကို မမှာမီ ကြို၍ ရွေးတတ်ရန် အရေးကြီးသည် ဟု ဆိုခဲ့ခြင်းပင် ။

မည်သို့ပင်ဖြစ်စေ ၊ ကျွန်တော်သည် ရောက်လာသော လက်ဖက်ရည်ကို စတင်၍ သောက်နေလေပြီ ။

ဤအခါတွင် ကျွန်တော်သည် လူသစ် ဘဝမှ လျှောကျလေပြီ ။ လူသစ် ဘဝသည် ဝင်သည့်အချိန်မှ အစာရချိန် အထိသာ ဖြစ်တန်ရာ၏ ။ ကျွန်တော်သည် လူဟောင်းဘဝသို့ ကူးပြောင်းခဲ့ရလေပြီ ။ အဘယ်ကြောင့်ဆိုသော် လူဟောင်းဘဝ သည် အစာ ဖြည့်နေချိန်မှ ထွက်သည့် အချိန်အထိ ဖြစ်သောကြောင့်တည်း ။

[ ၂ ]

ထိုအခိုက်တွင် မျက်နှာစာထက် လက်ျာအစွန်ဆုံး အပေါက်ဝမှ မောင်နှင့် မသည် ပြုံးလျက်သား ဝင်လာကြ၏ ။ ( သူတို့ အမည်ကို ကျွန်တော် မသိချေ ။ )

သူတို့ မောင်နှံကို မြင်ရသောအခါ ကျွန်တော်၏ စိတ်ထဲတွင် အလိုအလျောက် ရွှင်လန်းလာမိ၏ ။ သို့သော် သမဂ္ဂရေးရာပြဿနာ တရပ်က ဤရွှင်လန်းခြင်းကို ရုတ်ခြည်းပင် လွှမ်းမိုး လိုက်ဟန်တူ၏ ။ ကျွန်တော်သည် သူတို့ စုံတွဲ၏ခြေလှမ်းကို ဂရုမပြုမိတော့ချေ ။

ကျွန်တော်သည် လက်ဖက်ရည်ကို ဆက်၍ သောက်နေမိသည် ။ လက်ဖက်ရည်ပူမှ ထသည့် အငွေ့တို့သည် သူတို့ကို မမြင်နိုင်လောက်အောင် တံလှပ်ကြာခြည်သဖွယ် ကွယ်၍ ထားလေသတည်း ။

သို့သော် အခြားစပွဲတွင် နေရာမမြင်သဖြင့်လည်းကောင်း ၊ အများတကာ မနှစ်သက် လှသည့် မလင်းသောနေရာကိုမှ ကြိုက်သဖြင့်လည်းကောင်း သူတို့သည် ကျွန်တော် ရှိရာသို့ တဖက်မှ လာရောက်၍ ထိုင်ကြသော အခါ၌ ကျွန်တော် လည်း ဂရုမပြု၍ မရပြီ ။ ဘဝခရီးဝယ် ခရီးသည်ဖော်တစုံနှင့် မျက်နှာချင်း မဆုံလို၍ မဖြစ်ပြီ ။

မ သည် ကျွန်တော့်ကို အားနာသည့်ဟန် ၊ မောင်သည် သူတို့ ဝင်၍ထိုင်သည့်အတွက် ခွင့်ပြုစေလိုသည့် ဟန်ဖြင့် တပြိုင်နက်တည်း ပြုံးပြကြ၏ ။ ဤအခါတွင် သူတို့ မောင်နှံကို ယဉ်ကျေးသိမ်မွေ့သော အလေ့အထ ရှိသူများပါတကားဟူ၍ ကျွန်တော် မှတ်ချက်ချမိသည် ။ ထို့ကြောင့် ကျွန်တော် ကလည်း ခွင့်ပြုသည့် သဘော ကြိုဆိုသော အပြုံးဖြင့် ပြန်လည်တုံ့ပြန် သည် ။

စပွဲထိုးသူသည် သူတို့ မှာအံ့သော အာဟာရစာရင်း ကို နာယူရန် အနားမှရပ်ကာ စောင့်နေချေ၏ ။

“ ကိုကိုကျော် တော့ လက်ဖက်ရည်သောက်မယ် ” ဟု မောင်သည် မ၏ မျက်နှာကို ကြည့်ရင်း ပြော၏ ။ တဆက်တည်းပင် “ မြင့်မြင့် ရော ဘာသောက်မလဲ ” ဟူ၍ အကဲစမ်းသည့် သဘောဖြင့် မေးသည်တွင် “ မြင့်တော့ လက်ဖက်ရည် မကြိုက်ဖူး ၊ ကော်ဖီဘဲ သောက်မယ် ” ဟူ၍ မျက်နှာ ကို ငုံ့ကာ မသည် အမှတ်မဲ့ ဖြေ၏ ။ သို့သော် ရုတ်တရက် ပြန်လည် သတိရဟန်ဖြင့် “ ဒါပေမယ့် ကိုကိုကျော်က လက်ဖက်ရည်သောက်မယ်ဆိုရင် မြင့် အတွက်လဲ လက်ဖက်ရည်ဘဲ မှာပါ ” ဟု ဆက်လေ၏ ။

စပွဲထိုးသူ လူငယ်သည် စိတ်မရှည်သည့် ဟန်ဖြင့် စောင့်လျက်ပင် ။

“ ဒါဖြင့် မြင့်မြင့် ကြိုက်ကြိုက် ၊ မကြိုက်ကြိုက် ကိုကိုကျော် သောက်တာကို လိုက်သောက်မယ်ပေါ့ ၊ ဟုတ်လား ” ဟု မောင်သည် အတည်ပြုရန် မေးပြန်၏ ။ ဤသည်ကို မက ခေါင်းညိတ်၍ ဖြေလေသတတ် ။

ထိုအတည်ပြုချက် ရပြီးသကာလ မောင်သည် စောင့်သူအား “ ကော်ဖီကျကျ နှစ်ခွက် ”  ဟူ၍ မှာလိုက်၏ ။

ကျွန်တော်သည် သူတို့၏ စကားပဒေသာဝယ် မျက်စိလည်၍ နေမိ၏ ။ သို့သော် အတန်ကြာမျှ စဉ်းစားကြည့်မိသည့်အခါ၌ သူတို့၏ “ နှစ်ဖက်လှ ” မေတ္တာပိုးထည် ၏ အတိုင် အဖောက်သဘောကို နားလည်လာ သတည်း ။

[ ၃ ]

သူတို့၏ အကြောင်း တပိုင်းတစကို အသင့်အတင့် ရိပ်မိသဖြင့် ကျွန်တော်သည် လက်ဖက်ရည် မကုန်မီမှာပင် ကိုယ်ချင်းစာနာကာ ဆိုင်ထဲ မှ ထွက်လာခဲ့ပါ၏ ။

ပထမတွင် သမဂ္ဂရေးရာ ပြဿနာများက ကျွန်တော့်အား ခွင့်မပြု၍ ဤချစ်သူ ရေးရာ ကိစ္စဘက်သို့ စိတ်မညွတ်စေနိုင်သော်လည်း အတန်ငယ် ကြာသောအခါ၌ သီရိအဆောင် ၏ရှေ့သို့ ကျွန်တော် ရောက်ရှိ နေသည်ကို အံ့သြစွာ တွေ့ရပေသည် ။

ကျွန်တော်သည် မည်သူတို့ကို အားကျ၍ မည်သူ့ကို တွေ့ရန်လာသည် ဖြစ်မည်နည်း ဟူ၍ပင် ကျွန်တော့် ကိုယ်ကို ကျွန်တော် ပြန်၍ မေးနေမိ၏ ။

စင်စစ်သော် ကျွန်တော်သည် ကျွန်တော့် အသက်မက ကြင်နာမြတ်နိုးသော လွင့် ကို တွေ့ရန် လာခဲ့ခြင်း ဖြစ်သတည်း ။

ကံအားလျော်စွာပင် လွင့်ကို ဆင်ဝင်ခန်း၌ တွေ့ရလေ၏ ။ ကျွန်တော့်ကို မြင်သဖြင့် ကျွန်တော့်ထံသို့ လွင်သည် အကြို လာ၏ ။ လွင်သည် ကျွန်တော်နှင့် လက်တကမ်း သို့ရောက် သည်တွင် ပြုံး၍ နှုတ်ဆက်၏ ။ လွင့် အပြုံးသည် အဆုံးမရှိသော လွင့် အလှထက် လှနေလေ သည် ။

ကလောင်လမ်းကြုံသဖြင့် လွင့်အလှ ကို ကျွန်တော် ဖွဲ့နွဲ့ရဦးမည် ဆိုလျှင် လွင်သည် လှသည်ကို သိမ်မွေ့ခြင်းဖြင့် တန်ဆာဆင်တတ်၏ ။ စကားဝါစာက ကြိုးကြာသံပမာ သာ ယာ၏ ။ ကိုယ်သဏ္ဌာန်က ကျန်းမာဟန်ပြည့်၏ ။ ဆင်ယင်ထုံးဖွဲ့က ရိုး၏ ။ ရတနာတန်ဆာ တို့ကိုလည်း မည်သည့်အခါမျှ မဆင်မြန်း ။ နှုတ်ခမ်းရဲကလေး နဂိုလှကိုလည်း မည်သို့သော အခါမျှ ဆေးမဆိုး ။ စိတ်ပါလှသည့်အခါမှ အလှဆီ သုတ်တတ်၏ ။ သူတကာလို အင်္ကျီ လက်တိုကိုလည်း တရံခါမျှ မဝတ် ။ လက်ရှည်ကို အစကတည်းက ပွပွချုပ်ကာ ဝတ်သည် ။ ပူလှသည့် အခါမှ ကပိုကရိုလိပ်၍ ပင့်တင်ထားတတ်၏ ။ လွင့်ဆံပင်သည် တပတ်လျှိုဆံမြိတ် ချထက် မည်သည့်နေ့ကမျှ ပို၍ပြင်ဆင်ထုံးဖွဲ့ထားသည် မရှိ ။ မျက်နှာပြင်မှာလည်း သနပ် ခါးစိမ်းစိမ်းမှလွဲ၍ မလိမ်း ။ ယိမ်းကိန္နရာ့ အတောင်နှစ်ဖက်နှယ် သွယ်ဘက်သောမျက်ခုံး တို့ကိုလည်း မင်မသား ။ သွယ်သောခါးတွင် အထက်ဆင့်ကိုဖြန့်၍ ဝတ်တတ်သော မန္တလေးမှ မှာသည့် ပြောင်ပိုးထမီ တို့သည်သာလျှင် လွင် ၏ အကြိုက်ဖြစ်သည် ။

သို့စဉ်လျက် မိုက်သော ကျွန်တော့် အတွက်မူ လွင် သည် သူဇာတည်း ။

သူဇာ နှင့်ကျွန်တော် ဆုံမိသောအခါ တနေရာသို့ သွားရန် ကြံစည်ကြသည် ။ ထို့နောက် တခါက လွင် နှင့်ကျွန်တော် နှစ်ယောက်တည်း တိုင်ပင်၍ ၊ ယခုထက်တိုင်လည်း ဤနှစ်ယောက် တည်းသာသိသည့် “ ဣန္ဒြေ ” ဟု အမည်မှည့် ထားသော သီရိအဆောင်မှ ဆင်ဝင်သံမဏိတံခါး ကို နောက်၌ ချန်ထားရစ်ခဲ့ပြီး သကာလ ကျွန်တော်တို့သည် ရည်ရွယ်ရာ နေရာသို့ လျှောက် လာကြသည် ။ လမ်းတလျှောက်တွင် သာသနာသက္ကရာဇ် အနှစ်တသောင်းတိုင် မဟောင်း နွမ်းနိုင်သည့် စကားတို့ကို နှစ်ကိုယ်ကြား ပြောလာကြပြန်သည် ။

ရည်ရွယ်ရာသို့ရောက်သော် လွင်သည် မရန်းတပင် ၏ခြေရင်း မြေမို့မို့ကို ပြကာ ဦးစွာပြေး၍ လျောင်းသည် ။ ကျွန်တော်သည် လွင့် မျက်နှာကို မြကြေးမုံပမာ ကြည့်ကာ ပျော်နေသည် ။

ကံဆုံ၍ လွင် နှင့် ကျွန်တော်သည် ဤနေရာတွင် ကြုံကြရပေပြီ ။ ဪ ... ချမ်းသာ ခြင်းဆိုသည်မှာ ဤအရာလော ။

[ ၄ ]

ယခုသော် ကျွန်တော်သည် တက္ကသိုလ်ကျောင်း ပရဝုဏ်နှင့် မတန် ၊ ရာသက်ပန် အနှင်ထုတ် ခံခဲ့ရပြီမို့ ၊ ပညာစမ်းရေသီတလ ကို အိုးအပြည့်ရနိုင်ခွင့် မရှိတော့သော ဘဝဖြင့် ဖူလုံမှုအမိုး အကာ မရှိသော တပိုင်းတလက်စ ပညာဇရပ်ပျက်၌ မလတ်မလန်း ပိုးကျပန်းပမာ မျက်နှာ မရ ၊ ပန်လိုသူ မဲ့ခဲ့ရချေပြီ ။

ကျွန်တော် မြတ်နိုးကြင်နာ ခဲ့ရသော လွင် သည်လည်း ယခုမှ ကျွန်တော့် အား လှ လှစွာ ရက်စက်လေပြီ ။ ရင့် ရင့်စွာ စိမ်းကားပေပြီ ။ ကျွန်တော်၏ မေတ္တာကို ခေါင်းခါ၍ ကျွန်တော်၏ သစ္စာကို လက်ကာပြီ ။ လွင်သည် ကျွန်တော့်ကို ပယ်ခဲ့ပြီ ။ လွင်သည် ဂုဏ်ရည်တူ အနွယ် သူကြွယ် ပညာတတ်တယောက်နှင့် လက်ဆက်ပေါင်းဖက်ရန် ကိုပင် လက်ခံကြောင်း လမ်းခဲ့ချေပြီ ။

နေ့ရှိသရွေ့ ၊ ညဉ့်ရှိသမျှ ကျွန်တော့်မှာ ပင့်သက်ချည့် ချရပြီ ။ မျက်ရည်ချည့် ကျ ရပြီ ။ ဘဝကိုပင် အသည်းနာရတော့မလိုလို ၊ သံသရာ ကံဟောင်း၏ အကြောင်းဟူ၍ ကံဆိုး ကိုပင် ရိုးမယ်ဖွဲ့ရတော့ မယောင်ယောင် ။ တောင်မကိုင်မိ ၊ မြောက်မကိုင်မိ ၊ မကြံတတ် ၊ မစည်တတ် ၊ မဟန်တတ် ၊ မဆည်တတ် ၊ လူ့ဘဝ ဇာတ်ခုံဝယ် ငို၍မရ ၊ ငို၍မဆုံး ၊ အရှုံးကြီး ရှုံးခဲ့ရချေပြီ ။

စိတ်မှာနွမ်း၍ စမ်းရေပမာ ကျသွယ်သောမျက်ရည်ကိုပင် အဖော်ပြုရ ကောင်းနိုးနိုး ၊ မာန်လုပ်၍ ဟန်ရုပ်နှင့် ခြောက်ပေါက်သံ ပတ်ပျိုးတပုဒ်ပုဒ်ကို သီဆိုနေရ သင့်ဟန်ဟန် ၊ အတန်တွေးမိသည် ။ ဖျော်၍ မပြေ ၊ ဖြေ၍ မပျော် ။ ဪ ... ဆင်းရဲခြင်းသည် ဆိုသည်မှာ ဤအရာလော ။

[ ၅ ]

ကျွန်တော်သည် အာဟာရ မပြည့်မီ သမဂ္ဂ လက်ဖက်ရည်ဆိုင် ထဲမှ ထွက်ခွာလာခဲ့ရ သတည်း ။

⎕ မောင်သာရ

📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၅၆ ခု ၊ သြဂုတ်လ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment