Saturday, July 6, 2024

ရွှေမိုးငွေမိုး ရွာပါစေ


 

❝ ရွှေမိုးငွေမိုး ရွာပါစေ ❞

ရွှေမိုးရွာစေ xxxxx ငွေမိုးရွာစေ xxxxx
အောင်ကြောင်းဖြာဝေ xxxxx
ကောင်းကြီးသြဘာသံ ကြွေးမလေ xxxxx
များဝေနေ xxxxx
သောတဆင်သူတွေ xxxxx
ကိုယ်စိတ်ရွှင်လန်း ချမ်းမြေ့စေ
မေတ္တာရေကြည် ဖျန်းပါတယ်လေ xxxxx

မနက် စောစော မှာ ရေဒီယို က လာ တဲ့ သီချင်းသံ ကို ကြားရ တော့ မင်္ဂလာ ရှိ လိုက်တာ လို့ တွေးမိတယ် ။ ဒါ အဆိုတော် ရီရီခင် ရဲ့ ရွှေမိုးငွေမိုး သီချင်း ။

အဆိုတော် ရီရီခင် နဲ့ တွေ့ဆုံပြီး သူ ဖြတ်သန်းခဲ့တဲ့ ဘဝ လမ်းကြောင်း ကို မှတ်တမ်းတင် ဖို့ စီစဉ် နေခဲ့တာ ကြာပြီ ။ ဒေါ်ရီရီခင် က သူ တည်ထောင် ထားတဲ့ ရီရီခင် ခေတ်ပေါ်တေးဂီတ အဖွဲ့ က လည်း မအားမလပ် တာ များတယ် ။ သူ ကိုယ်တိုင် မှာ သီချင်း အသံ သွင်း တာ တွေ ၊ တီဗွီ ရိုက် တာ တွေ နဲ့ အလုပ် များ နေလို့ အချင်းချင်း ဆုံတွေ့ ဖို့ အဆင် မပြေသေးဘူး ။

ရွှေမိုးငွေမိုး သီချင်းသံ ကို ကြားရတော့ သူ နဲ့ ဆုံတွေ့ ဖို့ မဖြစ်မနေ စီစဉ်ရဦး မယ် လို့ ဆုံးဖြတ် လိုက်တယ် ။ ဒေါ်ရီရီခင် ကို ဖုန်း ဆက် တော့ အဲဒီ နေ့ ညနေပိုင်း မှာ အင်းဝ ကို ရီရီခင် ခေတ်ပေါ်တေးဂီတ အဖွဲ့ က ဧည့်ခံ သွား ဖို့ ရှိနေတယ် ။ မနက်ခင်း ပိုင်း မှာ မဖြစ်မနေ ဆုံကြရအောင် လို့ စီစဉ် လိုက်ပါတယ် ။

ဒေါ်ရီရီခင် ရဲ့နေအိမ် က မန္တလေးမြို့ အနောက်ပြင် ပိုက်ကျုံးရပ် မှာ ရှိပါတယ် ။ သူ့ အိမ် ဧည့်ခန်းမှာ သီချင်းတိပ်ခွေ စီးရီးကြော်ငြာ တွေ ကို မှန်ဘောင် သွင်း ချိတ်ဆွဲ ထားတယ် ။ သူ့ ငယ်ဘဝ က အလှ မှတ်တမ်းဓာတ်ပုံ တွေ လည်း ရှိတယ် ။ ဧည့်ခန်း ထဲ မှာ သိမြင်သာတာ က ဖလက်တီဗွီကြီး တစ်ခု ။ ကက်ဆက် တစ်လုံး လည်း ရှိတယ် ။

ဒေါ်ရီရီခင် က အင်္ကျီ အနက်ရောင် ဝတ်ပြီး ပန်းနုရောင်ပဝါ ကို ခြုံ ထားတယ် ။

အင်္ကျီ နဲ့ ဝမ်းဆက် ဖြစ်မယ့် ထဘီအနက် ကို ဝတ်ဆင် ထားတယ် ။

သူ့ အိမ်ဧည့်ခန်း မှာ တိုရှီဘာ ရေခဲသေတ္တာ တစ်လုံး ရှိပါတယ် ။ ရေခဲသေတ္တာ တံခါး မှာ ဇော်ဝင်းထွဋ် ရဲ့ ပုံ ပိုစတာကြီး ကပ် ထားတယ် ။ ကျွန်တော် က “ တူမ တွေ က ဇော်ဝင်းထွဋ် ကို ကြိုက်လို့ ကပ် ထားတာလား ” လို့ မေး လိုက်တော့ ဒေါ်ရီရီခင် က ပြုံးတယ် ။

“ ကျွန်မ ကပ် ထားတာ ။ မင်းကွန်း မှာ သူ နဲ့ ဆုံတုန်း က ပေးလို့ ။ မမထား ( အဆိုတော် ထား ) သား ဆိုတဲ့ အစွဲ နဲ့ ကပ်ထားတာ ။ နောက်ပြီးတော့ ရေခဲသေတ္တာ ကလည်း ဟောင်း နေလို့ ”

ဒေါ်ရီရီခင် က ပြောပြီး တဟားဟား ရယ်မောတယ် ။ သူ့ ရေခဲသေတ္တာ က တကယ် လည်း ဟောင်းနွမ်း လို့ ဆေးတချို့ ကွာ နေပြီ ။

“ ကျွန်မ တို့ က တောသူကြီး တွေ ဆိုတော့ ရိုးရိုးပဲ ” လို့ ပြောပြီး တဟားဟား ရယ် ပြန်ပါတယ် ။

ဒေါ်ရီရီခင် က ရိုးရိုးသားသား ၊ ပွင့်ပွင့်လင်းလင်း မို့ စကား ပြော ရတာ ကောင်းတယ် ။

“ ဇာတိ က ဘယ်ကလဲ ”

“ ဇာတိ က မန္တလေး ပါ ပဲ ။ မိဘ က ထင်း အရောင်းအဝယ် လုပ်တယ် ။ ထင်းဝင်း မှာ ပဲ နေ ၊ ထင်းဝင်း မှာ ပဲ ကြီးတယ် ။ ကျောင်း နေတော့ အိုးဘိုကျောင်း ၊ မနက်ပိုင်း ဘုန်းကြီးကျောင်း ၊ နေ့ခင်း တန်းကျောင်း ပေါ့ ”

“ ဘယ်နှတန်း အထိ နေခဲ့သလဲ ”

“ ခုနစ်တန်း အထိ ကျောင်း နေတယ် ”

“ သီချင်း ဆိုတာ နဲ့ ဘယ်အချိန် မှာ စ ပတ်သက်သလဲ ပြောပါဦး ”

“ ကျွန်မ က အိမ် မှာ နေရင်း သီချင်း ဆို ဆိုနေတာ ကြား တော့ အစ်မ တစ်ယောက် ရဲ့ မင်္ဂလာဆောင် မှာ ဆိုစမ်းပါဦး ဟဲ့ တွန်းတွန်းထိုးထိုး ပြောတာ နဲ့ ထ ဆို လိုက်တာ ။ အဲဒီ ခေတ် က တီးဝိုင်း တွေ ဘာတွေ နဲ့ မဟုတ်ဘူး ။ ဟွန်းကြီး နဲ့ ။ ဆရာဦးဘိုခင် ရေး တဲ့ ဘယ်မှာလဲ ချစ်သူရယ် သီချင်း ကို စည်းဝါး မပါဘဲ အလွတ် ဆို လိုက်တာ ”

“ တီးဝိုင်း မပါဘူးလား ”

“ မပါဘူး ။ အလွတ် ဆို လိုက်တာပေါ့ ။ ဆို လိုက်တဲ့ အချိန် မှာ ဆရာကြီး ဦးဘိုခင် က လက်ရွေးဘက် က သူ့ တပည့် တစ်ယောက် အိမ် ကို အလည် လာ ရင်း ကျွန်မ ဆိုတာ ကြား သွားတယ် ။ ဟွန်းကြီး က အဲဒီ ဘက် ကို လှည့် ထားပုံ ရပါတယ် ။ ဆရာကြီး က ဒီ အသံရှင် ကောင်းတယ် ။ သူ ဘယ်မှာ နေလဲ လေ့လာပါ ။ သူ ဝါသနာ ပါ ရင် ၊ သူ့ မိဘ တွေ က လည်း ကျေနပ်တယ် ဆိုရင် သူ့ ကို ခေါ်ချင်တယ် ။ စုံစမ်းကြ လို့  သူ့ တပည့် တွေ လွှတ် လိုက်တယ် ”

“ အသက် ဘယ် အရွယ် လောက်လဲ ”

“ ကျွန်မ အသက် ၁၃ နှစ် ကျော်ကျော် ၊ ၁၄ နှစ် လောက်ပေါ့ ။ ဆရာ့ တပည့် တွေ ကျွန်မ တို့ အိမ် လိုက် လာတယ် ။ ဧည့်သည် တွေ လာတယ် ဆိုတော့ ကျွန်မ တို့ လည်း လက်ဖက်ရည် တွေ ၊ ဘာ တွေ တိုက်ပေါ့ ။ ကျွန်တော် တို့ က တီးဝိုင်း က ပါ တဲ့ ။ ဟိုနေ့ က သီချင်း ဆိုတဲ့ ကလေးမလေး ဟာ ဘယ်သူလဲ တဲ့ ။ ကျွန်မ ကို မြင် လိုက် တော့ အံ့သြ သွားတယ် တဲ့ ။ လူ က ငယ်ငယ်လေး ၊ ပိန်ပိန်လေး ဆိုတော့ ဟုတ်မှ ဟုတ်ရဲ့လား ပေါ့ ”

“ မိဘ တွေ သဘောထား က ကော ”

“ အဖေ နဲ့ အမေ က သူ့ နောက် က အဖော် လည်း မလိုက်နိုင်ဘူး တဲ့ ။ အဲဒီ ခေတ် က ရိုးကြ အေးကြတယ်လေ ။ သူ က ဝါသနာ ပါတယ် ။ ဖြစ်မယ် ဆိုရင် ဖြစ်ဖြစ် မြောက်မြောက် ၊ ထွန်းထွန်းပေါက်ပေါက် ဖြစ်အောင် ဆောင်ရွက် ပေးကြပါ လို့ အပ်တယ် ။ ဒါနဲ့ ဆရာဦးဘိုခင် ထူထောင်ထားတဲ့ သိင်္ဂီတေးဂီတ အဖွဲ့ ထဲ ပါ သွားတယ် ”

“ ဒေါ်ရီရီခင် ကို မိုးကေသီတေးဂီတ မှာ ကျွန်တော် ပိုပြီး သတိထား မိတယ် ။ သိင်္ဂီ က ဘယ်လောက် ကြာလဲ ”

“ ၁၉၆၄ ခုမှာ သိင်္ဂီ စ ထောင်တာ ၊ နှစ်နှစ် ပဲ ကြာတယ် ။ ၁၉၆၆ ခု ကျတော့ မိုးကေသီ စ ထောင်တယ် ”

“ စင်ပေါ် တက် တော့ အဆင် ပြေရဲ့လား ”

“ စ ဆိုရတာ က မန္တလေးမြောက်ပြင် မှာ သွား ဆိုတာ ။ စ လိုက်တဲ့နေ့ ချက်ချင်း အောင်မြင်တာ ပါပဲ ။ ဆုတွေ ဘာတွေ ချက်ချင်း ရတာပဲ ”

“ ဘာ သီချင်း စ ဆိုတာလဲ ”

“ ဘယ်မှာလဲ ချစ်သူရယ် သီချင်း က ဆိုနေကျ မို့ အဲဒီ သီချင်း ကို စ ဆိုတာ ။ ကိုယ် က ပျော် နေတာ ၊ ဆိုချင် နေတာ ဆို လိုက် ရတော့  ပျော် နေတာပေါ့ ။ ကလေး လည်း ကလေး ကိုး ။ ကျွန်မ ဘေးနား မှာ အဆိုတော်ကြီး ဦးဖူးအံ့ ရှိတယ် ။ သူ က ဘာမှ မကြောက်နဲ့ တဲ့ ။ ပရိသတ် ကို ကြောက် ရင် ခပ်ဝေးဝေး ပဲ လှမ်းကြည့် နေတဲ့ ။ လူ တွေ မကြည့် ရဲရင် မကြည့် နဲ့ ။ ရှေ့ က သစ်ပင်ကြီး ပဲ ကြည့် ပြီး ဆို လို့ အားပေးတယ် ”

“ အိုးနင်းခွက်နင်း မဖြစ်ဘူးလား ”

“ မဖြစ်ပါဘူး ။ ကိုယ် က ဝါသနာ ပါတာကိုး ။ ငယ်ငယ် ကတည်း က သီချင်း က ဆို နေတာ ။ ကျွန်မ တို့ ခြံကြီး က ပေ ၁၂ဝ ရှိတယ် ။ ကျွန်မ မှာ မွေးချင်းခြောက်ယောက် ရှိတာ ။ ကျွန်မ က အကြီးဆုံး ၊ မောင် ညီမ တွေ ကို ချီပြီး သီချင်းဆို ချော့သိပ် ခဲ့တာ ။ ဘယ်မှာလဲ ချစ်သူရယ် သီချင်း ဆိုနေကျ ။ အလွတ် ရ နေတာ ။ ကလေး တွေ တစ်ယောက် ပြီး တစ်ယောက် ထိန်း ရင်း အော် ဆို တာလေ ”

ဒေါ်ရီရီခင် က ပြောပြရင်း ရယ်မောပါတယ် ။

“ ဓာတ်ပြား တွေ သွင်းတဲ့ အကြောင်း လည်း ပြောပါဦး ”

“ မြန်မာ့အသံ က အဘဦးသန်းမြင့် တို့ ရောက် လာပြီး မန္တလေး မှာ ရှိတဲ့ တီးဝိုင်း တွေ ကို အသံ လာ သွင်းတယ် ၊ ရွှေမန်းရုပ်ရှင်ခြံ မှာ သွင်းတာ ။ အသံ သွင်းမယ် ဆို တော့ အဆိုတော် အမည် ရွေး ရတယ် ”

“ နာမည်ရင်း က ”

“ ကျွန်မ နာမည် က ရီရီ ပါ ။ အဲဒီ ခေတ် က အဆိုတော် နာမည် တွေ က နာမည် သုံးလုံး ။ တင်တင်မြ ၊ မာမာအေး ၊ နာမည် ရွေး ဖို့ ဆရာ နဲ့ တိုင်ပင်ကြတယ် ။ ကျွန်မ အဖေ က ဦးထွန်းအောင် ၊ အဖေ့ နာမည် ပါ အောင် ရီရီအောင် လို့ ပေးမလား ။ အောင် ဆိုတာ မိန်းကလေး နာမည် အနေ နဲ့ မာတယ် ၊ အမေ က ဒေါ်ငွေစိန် ဆိုတော့ စိန် လို့ ထည့်မလား ။ ဒါလည်း မာတာပဲ တဲ့ ။ ဆရာဦးဘိုခင် အမည် ပါ အောင် ရီရီခင် ဆိုရင် မိန်းကလေး ဆန်တယ် တဲ့ ။ အဲဒါ အဆိုတော် သန်းသန်းရှိန် ပေးသွားတဲ့ နာမည် ”

“ အဲဒီ နှစ် က ဘယ် သီချင်း သွင်းတာလဲ ”

“ ဆရာဦးဘိုခင် ရေး တဲ့ ဘဝလက္ခဏာ ဆိုတဲ့ ကိုယ်ပိုင် သီချင်း ။ အဲဒါ ဓာတ်ပြား ရ သွားတယ် ။ အောင်မြင် သွားတယ်ပေါ့ ။ နောက် နှစ် ကျ တော့ လာကြပြန်တယ် ။ မန္တလေးရုပ်ရှင်ခြံ ထဲ မှာ အသံ သွင်းတာ ။ ဒုတိယနှစ် မှာ မလေးလက်ခတ်သံ နဲ့ ပြောလိုက်ပါ စန္ဒာ ။ နောက် နှစ်စဉ် နှစ်စဉ် တစ်နှစ် ကို နှစ်ပုဒ် နှစ်ပုဒ် ရတယ် ။ အသိအလိမ္မာ ၊ ရွှေမိုးငွေမိုး ၊ အိပ်မက်လှလှ မက်ပါစေ ။ ရွှေညာမြေ တို့ ၊ ဘာ တို့ အများကြီး ပါ ပဲ ”

“ ပြောလိုက်ပါ စန္ဒာ သီချင်း ကို နားထောင် မိပြီး ရုပ်ရှင်မင်းသား ကိုဝင်းဦး က ဆက်သွယ်တယ် လို့ ကြားဖူးထားတယ် ”

“ ကိုဝင်းဦး က လည်း စန္ဒာမဂ္ဂဇင်း ထုတ်တယ် ။ ရန်ကုန် လာ ရင် အသံသွင်း ပေး ချင်တယ် တဲ့ ။ ဒါနဲ့ ဆရာ နဲ့ ရန်ကုန် သွား ကြတယ် ။ ကိုဝင်းဦး ခရီး ထွက် သွားလို့ တေ့ လွဲ လွဲသွားတယ် ။ ဒါပေမဲ့ ကျွန်မ ကံ ကောင်းတယ် ။ တောင်မြို့သားကြီး ဦးမောင်ကို နဲ့ ဒေါ်ရီရီ တို့ က အောင်ကျက်သရေ ဓာတ်ပြားတိုက်  ထောင် ထားတယ် ။ မလေးလက်ခတ်သံ ၊ ကောက်စိုက်မ နဲ့ ကိုလူပျို ဆိုတဲ့ သီချင်း တွေ သွင်းယူ ထားလိုက်တယ် ”

“ အနုပညာကြေး ခံစားခွင့် ဘယ်လို ရှိသလဲ ”

“ ကျွန်မ အဲဒါတွေ မသိဘူး ။ အဲဒီ ခေတ် က ပိုက်ဆံ ကို စိတ် မဝင်စားဘူး ။ ပညာ ပဲ ။ ဆရာကြီးရဲ့ မိုးကေသီ မှာ ဆို နေကြတော့ တစ်နေ့ မှာ ဆရာ က ကျွန်မ တို့ ကို ပိုက်ဆံ ပေးတယ် ။ ပိုက်ဆံ ပေး တော့ ကျွန်မ နဲ့ ကြည်ကြည်စန်း တို့ ငို ပြန် သွားတယ် ။ ပိုက်ဆံ ပေး လို့ ငိုတာ ၊ ပညာ မရ မှာ စိုးလို့ပါ ။ အဲဒီ ခေတ် က ပိုက်ဆံ ပေး တာ ကျွန်မ တို့ က စိတ်ဆိုး တယ် ။ ခုခေတ် က တော့ ပိုက်ဆံ မပေးရင် စိတ်ဆိုးတယ် ။ အဲဒီလို ဒုက္ခ တွေ ခံ ခဲ့လို့ ၊ ကိုယ် က အလုပ် ပေါ် လေးစားခဲ့လို့ အခု ချိန် အထိ ရပ်တည် နေနိုင်တာ ”

ယခု လို ပြော နေချိန် မှာ ဖုန်း လာတယ် ။ ရီရီခင် ခေတ်ပေါ်တေးဂီတ အဖွဲ့ လုပ်ငန်း ကိစ္စ စုံစမ်း မေးမြန်း ပါတယ် ။ ဘေး က နားထောင်သူ အနေ နဲ့ သူ ပြောပုံ ဆိုပုံ က ငွေကြေးလောဘ မပါတာ သတိထား မိတယ် ။

“ ရီရီခင် ခေတ်ပေါ်တေးဂီတ ဘယ်လို ဖြစ်လာတာလဲ ”

“ ၉၁ ခု မှာ ၊ ကျွန်မ က ကော်ဖီ ကြိုက်တယ် ။ ရှဲလ် မှာ ကော်ဖီ သောက် နေတုန်း ကိုတောက် က ပွဲ တစ်ခု စီစဉ်ပေးပါ တဲ့ ။ ဆရာ နဲ့ တိုင်ပင်ပြီး လူ စုတယ် ။ ရီရီခင် နဲ့ အဖွဲ့ ဆိုပြီး ၉၁ ခု မှာ စ လုပ်လိုက်တာ ။ ခုတော့ ရီရီခင် ခေတ်ပေါ်တေးဂီတ အဖွဲ့ ဖြစ် လာတယ် ။ အဲဒီ ကတည်း က ယခု အချိန် အထိ နှစ် ၂ဝ ကျော် ပြီ ။ အလှူပွဲ ရှိရှိ ၊ မင်္ဂလာပွဲ ရှိရှိ ၊ ဘုရားထီးတင်ပွဲ ရှိရှိ ဆောင်ရွက် ပေး နေတယ် ။ သန့်သန့်ရှင်းရှင်း ၊ မွန်မွန် မြတ်မြတ် နဲ့ လုပ်ခဲ့လို့ ယခု အထိ တည်တံ့ နေတာပါ ”

“ ဂီတမျိုးရိုး ရှိသလား ”

“ ဂီတမျိုးရိုး မရှိဘူး ။ ကျွန်မ တစ်ယောက် တည်း ပဲ ။ ယခု တော့ ကျွန်မ တူမလေး ပုံပုံ ခေါ် စန္ဒီချစ်စု ကို လက်ဆင့်ကမ်း အမွေ ပေး နေပါတယ် ”

“ ဘဝ မှာ အခက်အခဲ တွေ နဲ့ ရင်ဆိုင် ရတာမျိုး ကော ရှိခဲ့သလား ”

“ ၁၉၉၄ ခုနှစ် မှာ ဆရာကြီးဦးဘိုခင် မဆုံးခင် အချိန် က တော်တော် အခက်အခဲ ဖြစ်ခဲ့ပါတယ် ။ ဆရာ က ဆီးကျိတ် စ ဖြစ်လို့ ရန်ကုန် သွား ကု ရတယ် ။ လက် ထဲ မှာ ပိုက်ဆံ က မရှိဘူး ။ ဆရာ က ငမွဲ ၊ ဒေါ်ရီရီခင်ကြီး က သူဌေး လား ဆိုတော့ လည်း မဟုတ်ဘူး ။ သီချင်းကလေး ဆိုပြီး ပိုက်ဆံလေး သုံးထောင် ရ သုံးထောင် စု ၊ နားကပ်လေး ဝယ် ၊ ဆွဲသီးလေး ဝယ် ။ ဆရာ က စက်ဘီး နဲ့ လျှောက် သွားတာ ။ ဦးဘိုခင်ကြီး က ဘိုင်စကယ်လေး နဲ့ ဘိုင်စကယ်လေး နဲ့ လို့ ပြောကြတာ နဲ့ ကိုယ့် ဆရာ ၊ ကိုယ့် ကျေးဇူးရှင် ပဲ ဆိုပြီး ကျွန်မ မှာ ရှိတဲ့ လက်ဝတ်လက်စားလေး တွေ ရောင်း ပြီး ကား တစ်စီး ဝယ်တယ် ၊ ရန်ကုန် သွား ဆေး ကုရမယ် ဆိုတော့ ဝယ် ထားတဲ့ ကားလေး ရောင်းပြီး ဆေးကု ပေးတယ် ”

လူချင်း တွေ့ခါစ က တဟားဟား နဲ့ သောသောရွှင်ရွှင် ရယ်မော နေခဲ့တဲ့ ဒေါ်ရီရီခင် ရဲ့ မျက်နှာ ပေါ် မှာ အဆွေးရိပ် သန်း ပြီး မျက်ဝန်း တစ်ဝိုက် မှာ မျက်ရည် စို့ လာတယ် ။

“ တစ်လ နှစ်လ လောက် ကြာ တော့ ဆရာ သက်သာ သွားတယ် ။ ဆရာကြီး က စီးကရက် သောက် တော့ အဆုတ် က အပေါက် ဖြစ်နေပြီ တဲ့ ။ ဆရာဝန် တွေ က ဆေးလိပ် မသောက်နဲ့ ဆိုလို့ နှစ်လ ပဲ ပြတ်တယ် ။ ဆေးလိပ် ပြန် သောက် တော့ အခြေအနေ က ဆိုး လာတယ် ။ ကျွန်မ မှာ စက်ဘီး ရောင်း ၊ ကက်ဆက်လေး ရောင်း ရောင်းပြီး ကောင်းတယ် ဆိုတဲ့ နေရာ တွေ လိုက် ပို့ပြီး ကု ပေးတယ် ”

ဒေါ်ရီရီခင်က ပြောလက်စ စကား ကို ရပ်ပြီး ခဏ တွေ နေတယ် ။ ကျွန်တော် က လည်း စကား တစ်ခွန်း မျှ ဝင် မပြောဘဲ အသံ တိတ် နေတယ် ။

“ ကမ္မ က ပွဲ လာ ငှားတယ် ။ ရီရီခင် အဖွဲ့ ကို ငှားတာ ။ စရန်ငွေကျပ် ၅ဝဝဝဝ ပေး သွားတယ် ။ အဲဒီ ငွေ နဲ့ ဆရာ့ ကို ကုတာ ။ ဒါပေမဲ့ ဆရာကြီး အခြေအနေ က ဆိုး လာတယ် ၊ ပွဲရက် ရောက် တော့ ပွဲငှား တွေ က လာ ကြိုတယ် ။ ဆရာကြီး အခြေအနေ ကို မြင် သွားတော့ မလိုက်ပါနဲ့ နေခဲ့ပါတဲ့ ။ ကျွန်မ မှာ စရန် ပြန် ပေးဖို့ ပိုက်ဆံ လည်း မရှိတော့ဘူး ။ ဆေး ကု လို့ ကုန်ပြီ ။ ပြန်တော့ ဆပ်ပါ့မယ် လို့ ။ နှစ်ရက် နေတော့ ဆရာကြီး ဆုံး သွားတယ် ။ နောက်ထပ် တစ်လ နှစ်လ လောက် နေတော့ ကမ္မ မှာ အလှူ ရှိ တာ သွား ဆိုပေးလိုက်တယ် ”

“ အနုပညာသည် ရဲ့ ဘဝပေါ့ နော် ”

“ တစ်ခါ က လည်း ဆရာတော်ကြီး တွေ ကြွ လာလို့ လေဆိပ် ကို သွား ကြို ပြီး ဆို ရမှာ ။ အဲဒီ အချိန် မှာ အမေ ဆုံး လို့ သက်ပျောက်ဆွမ်း ကပ် နေတာ ။ မျက်နှာ ကို သနပ်ခါး လိမ်း ထားပြီး ဟို က လာ ခေါ်တာ စောင့် နေတယ် ။ မောင်ညီမလေး တွေ ကို တော့ အစ်မ ကို နားလည်မှု ပေးကြပါ ပြောပြီး သွား ဆိုပေးတယ် ။ သီချင်း ဆို ပေးပြီး ပြန် ရောက် မှ အမေ့ ကို သင်္ဂြိုဟ် ပေးရတာ ”

သူ့ စိတ် ကို လန်းဆန်း လာ အောင် ကျွန်တော် မေးခွန်း ပြောင်း လိုက်တယ် ။

“ အိမ်ထောင်ရေး အကြောင်း လည်း ပြောပါဦး ”

ဒီ မေးခွန်း ကို ကြားတော့ သူ က ရယ်ပါတယ် ။

“ တချို့က ကျွန်မ ကို အပျိုကြီး လို့ ထင် နေတာ ။ တစ်နေ့ က ပွဲ တစ်ခု မှာ ကလေး ဘယ်နှယောက် လဲ တဲ့ ။ ကျွန်မ က ပြန်တွက် ပြီး သုံးယောက် ၊ သုံးယောက် လို့ ။ တူ ၊ တူမ တွေ ကို ကိုယ့် ကလေး အမှတ် နဲ့ ပြောရတာ လေ ”

ဒေါ်ရီရီခင် က ပြော ရင်း ရယ်ပါတယ် ။

“ ယခု အသက် ကော ဘယ်နှနှစ်လဲ ”

“ ကျွန်မ အသက်လား ၊ ၁၆ နှစ် တစ်ရက် လျော့ ။ အသက် ကို ၂ဝ ၊ ၂ဝ နှစ်ခါ ကျော် ဒီဘက် မမှတ်တော့ဘူး ”

သူ က ရွှင်ရွှင်ပျပျ ပြန် ဖြစ် လာတယ် ။

“ ကျွန်မ က ကော်ဖီ ကြိုက်တယ် ။ ကော်ဖီ သောက်ကြမယ် ” လို့ ပြောပြီး ကော်ဖီ ထ ဖျော် တိုက်တယ် ။

“ သင်္ကြန် မှာ ဘာလုပ်မလဲ ”

“ သင်္ကြန် မှာ မြို့မ နဲ့ လိုက် ခဲ့တာ သုံးနှစ် ရှိပြီ ။ ဒီနှစ် လည်း လိုက်မယ် ။ မိုးကေသီ နဲ့ လည်း လည် ဖူးတယ် ။ ရီရီခင်တေးဂီတ အဖွဲ့ က ရုံးကြီးမဏ္ဍပ် ၊ တိုင်းသမမဏ္ဍပ် တွေ မှာ ထိုင်တီး လုပ်တာ ခုနစ်နှစ် ၊ ခုနစ်နှစ် စီ ”

ဒေါ်ရီရီခင် ဖျော် တိုက် တဲ့ ကော်ဖီက တော်တော် ကောင်းတယ် ။ ကော်ဖီ သောက် ရင်း သူ့ ဓာတ်ပုံအယ်လ်ဘမ် တွေ ကို ကျွန်တော် ထိုင် ကြည့် နေမိတယ် ။

◾ကျော်ရင်မြင့်

📖 ဘဝကြေးမုံ အဖြစ်စုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment