❝ သူဌေးကြီး ဖြစ်ချင်တယ်လား ❞
“ ဟုတ် ဖြစ်တယ် ၊ ရတယ် တစ်စီး စာ ၊ ဟုတ်ပြီ ၊ သုံးရက် အတွင်း ကောင်းပါတယ် ”
“ ဒီလိုလုပ်လေ ကျွန်တော် ပြောမယ် ၊ အခု တစ်ခေါက် တစ်စီး အစမ်း ပို့လိုက်မယ် ၊ မယူဘူး ၊ ဘာ တစ်ပြား မှ မယူဘူး ၊ အလုပ်သမားခ ၊ ကားခ တော့ အဲဒီက ပေးပေါ့ ဟုတ်ပြီလား ”
“ အခု ပို့လိုက်တဲ့ ပစ္စည်း ကို မကြိုက်ဘူး ဆို ကား ပေါ် က မချနဲ့ဦး ၊ ချက်ချင်း ပြန် ပို့ ၊ အပြန် ကားခ ကျွန်တော် ချေမယ် ၊ ဟုတ်ပြီလား ”
“ ဟာ ပွဲစား သဘော ကောင်းလှချည်လား ”
တစ်ဖက် က တယ်လီဖုန်း ချ သွားသော အခါ ပွဲစား က ရေနွေးကြမ်း ငှဲ့ ၊ ကျွန်တော် က လက်ဖက်သုတ်ပန်းကန် ထဲ မှ ပုဇွန်ခြောက် ကို ကောက်ယူ ။
“ ဆက်ကြည့်မယ်လေ ဦးလေးချမ်း ၊ ကျွန်တော် က မျက်စိ နဲ့ ပါးစပ် ပဲ စိုက် ရတာ ၊ အကြောင်းအပေါင်း သင့် ၊ အစပ်အဟပ် တည့် သွားရင်လဲ ရေရှည်မှာ ... ”
“ ကရင် ကရင် အရင်ရင် ”
တယ်လီဖုန်း ဝင်လာ ၊ ပွဲစား က ကောက်ကိုင် ။
“ အင်း ဟုတ်ကဲ့ ပြော ကိုဌေး ၊ ပဲဆန် ၊ ဟိုတစ်ပတ် က ပို့လိုက်တဲ့ အရည်အသွေး မျိုး ၊ ရမယ်လေ ၊ မခဲယဉ်းပါဘူး ၊ အောက်တန်း ( အထွက်နှုန်း ) ကိုက်တယ် မဟုတ်လား ၊ ခဲ သဲ အပုတ် အစုပ် မပါ ၊ စိတ်ချ ၊ ကျွန်တော် က အသန့်လိုင်း လေ ၊ ကိုဌေး လဲ သိသားနဲ့ ၊ ဟုတ်ကဲ့ လောလောဆယ် ကြိတ်ဖို့ ရှိသေးတယ် မဟုတ်လား ၊ ကောင်းပြီ ရှိတယ် ၊ ဦးလေးချမ်း တောင် အနား မှာ ရောက်နေတယ် ၊ သူ နဲ့ ပြောဦးမလား ၊ အင်း အင်း ”
ပထမဖုန်း မှာ မန္တလေး နှင့် ဆက် နေခြင်းဖြစ်ပါ၏ ။
ယခု ဒုတိယ ဝင် လာသော ဖုန်း မှာ မကွေးမြို့ အမေထွား ဆီစက် မှ အမေထွား သား ကိုဌေးအောင် ထံ မှ ဖြစ်ပါ၏ ။
ကိုဌေးအောင် နှင့် ပွဲစား တို့ ကား တစ်ဦး နှင့် တစ်ဦး ခံတွင်း တွေ့သူများ ဖြစ်ကြ၏ ။
ကိုဌေးအောင် က အမေထွား ပဲဆီသန့် စပါယ်ရှယ် ကို ထုတ်လုပ်ပြီး ရန်ကုန် မှာ ဖြန့်နေသူ ။
ကျွန်တော့် ပွဲစား ကား မြေပဲဆန် သန့်သန့် ကို ရအောင် ရှာပြီး မကွေး အမေထွား ဆီစက် သို့ ပို့ပေး နေရသူ ။
မန္တလေးဖုန်း က မိတ်ဆွေ လက်သစ် ၊ အခုမှ အစမ်း ပို့ရမှာ ၊ တစ်ယောက် စိတ် ကို တစ်ယောက် က စမ်း ရဦးမှာ ၊ မန္တလေး က ပစ္စည်း ကို စမ်း သုံးကြည့်မယ် ၊ အောင်လံ က စိတ် ကို စမ်း သုံးကြည့်မယ် ။ ငွေရေးကြေးရေး ကို စမ်း ကြည့်မယ် ။
စမ်း ကြရာ က တစ်ယောက် နဲ့ တစ်ယောက် ၊ တစ်ယောက် ကို တစ်ယောက် ( အလုပ် သဘော အရ ) သဘောကျ သွားရင် အရှည် မှာ မိတ် ဖြစ်သွားမယ် ။ အရှည် မှာ အလုပ် ဖြစ် သွားမယ် ။ နှစ်ဦး နှစ်ဖက် အကျိုး ရှိ သွားမယ့် သဘော ။
ဒါကြောင့် ပွဲစား က “ အရှည် ” လို့ ပြောတာ ။
မကွေး နဲ့ ဆက်စဉ် က လည်း သည်လိုပဲ ၊ တစ်ယောက် နဲ့ တစ်ယောက် စမ်း ကြည့်ရာ က ဓာတ်ကျ ပြီး အလုပ် ဖြစ်သွားကြတာ ခင်ဗျာ့ ။
“ ကျွန်တော် သူ့ ကို လုပ်ပိုင်ခွင့် အပြည့် ပေးထားတယ် ဘဘ ”
၂၀၀၅ ခုနှစ် ၊ ဖေဖော်ဝါရီလ ၅ ရက် နေ့ ကျွန်တော် မကွေးမြို့ ရောက်စဉ် က အမေထွား ဆီစက် မှာ ကျွန်တော် နဲ့ ကိုဌေးအောင် ပြောဖြစ်ကြ တဲ့ စကား ။
ဟို တစ်ဖက် က လုပ်ပိုင်ခွင့် အပြည့် ပေးတယ် ။ သည် တစ်ဖက် က ပစ္စည်းကောင်း ကို မရ ရအောင် ရှာ ပေးတယ် ။ ဤသို့ဖြင့် အလုပ် ဖြစ်ကြ ။
ယခု ပြောပုံ အရ ဆိုလျှင် မန္တလေး နှင့် လည်း ဆက်လက် အလုပ် ဖြစ် ပေလိမ့်ဦးမည် ။
ကျွန်တော် တို့ အလုပ် တွေ က အပြော နည်းနည်း အလုပ် များများ ဗျာ့ ၊ အပြော ထက် အလုပ် ကို ဦးစား ပေး ကြရတာဗျာ့ ။
အခု ကြည့် သည် က အစမ်း ပို့ပေးမယ် ။
ပစ္စည်း စိတ်တိုင်းကျ စေရမယ် ။ ကော်မရှင် တစ်ပြား မှ မယူသေးဘူး ။ ဒုတိယ တစ်စီး လည်း ဖရီး ။ တတိယ တစ်စီး လည်း ဖရီးပဲ ။
နောက်ကျ မှ အရှည် ဆက်ဆံ မိပြီ ဆိုမှ တစ်ဦး သဘော တစ်ဦး သိပြီ ဆိုမှ ကော်မရှင် အတွက် စဉ်းစားကြ မှာ ။
ကျွန်တော် ဉာဏ် မီ သလောက် စဉ်းစား ကြည့် ရတာ က တော့ အရှည် အတွက် ရည်မှန်းချက် ထားပြီး ထိုး ကျွေး တဲ့ သဘောပဲ ဗျာ့ ။
အဲသလို နည်း နဲ့ မိတ်ဖွဲ့ကြ ၊ မိတ်ရှာကြ ၊ မိတ်မြဲကြရတာ ဗျာ့ ။
သာသည် နာသည် ခေါင်း ထဲ သိပ် ထည့်ကြပုံ မပေါ်ဘူးဗျာ့ ။
ကျွန်တော် တို့ အရောင်းအဝယ် လောက ၊ ကျွန်တော် တို့ စီးပွါးရေး လောက မှာ ဆယ်ပြား ငါးပြား သိပ်ပြီး ကပ်ခွါ လွန်း ရင် အလုပ် မဖြစ်ဖူးဗျာ့ ။
မျက်စိ က ငွေ ကို ပဲ မြင် နေမယ် ။ အခြား ဘာမှ သိပ် မမြင်ဘူး ဆိုရင် အလုပ် မဖြစ်နိုင်ဘူး ခင်ဗျာ့ ။
ကျွန်တော် တွေ့တွေ့ နေ ရတာ က တော့ ရ ဖို့ချည်း ခေါင်း ထဲ ထည့် နေမိ သူတွေ ဟာ မရတဲ့ အပြင် တဖြည်းဖြည်း လုံးပါး ပါး သွားကြတာချည်းပဲ ဗျာ့ ။
ငွေ အတွက် ရှာတာ ။
မှန်ပါတယ်ဗျာ ၊ ငွေ အတွက် ရှာတာပါပဲ ။ ဒါပေမယ့် သည် ငွေ ရဖို့ အတွက် ပထမ အရင်း ခံ က ငွေ နဲ့ မျှောရတာပါပဲ ။
အရ ကို ချည်း ခေါင်း ထဲ ထည့် မထား ဘဲ လုပ်တဲ့ သူတွေ ဟာ အခွင့်အရေး တွေ အများကြီး ရ ရ သွားတယ် ဆိုတာ ကို ကျွန်တော် နေရာတိုင်း မှာ တွေ့နေရတယ်ဗျာ ။
“ ဦးလေးချမ်း ကျွန်တော် သိ သလောက် ဒီ လူ က သတ္တိ ပြောင်တယ် ဗျာ ။ ပစ္စည်း မရခင် ကတည်း က ငွေ ကို ကြို ချ ပေးတာ ၊ အဲဒါကြောင့် သူ က အပေါင်းအသင်း လဲ ဆံ့တယ် ၊ ပစ္စည်း လဲ ဈေးချို ချို နဲ့ ရတယ် ”
အိမ်ဆောက်ပစ္စည်း ရောင်း တဲ့ လူ တစ်ယောက် နဲ့ ပတ်သက်ပြီး ကားဆရာ ကိုဇော်လွင် က ဇွန်လ ၂၃ ရက် နေ့ က ရန်ကုန် က အောင်လံ အပြန် မှာ ကျွန်တော့် ကို ပြောတဲ့ စကား ပါ ခင်ဗျာ ။
ကျွန်တော် မောင်ချမ်းသာ ဆိုသူ ကား ကြီးပွါး သူဌေး ဖြစ် လာသူများ အကြောင်း ကို အမြဲ နားစွင့် နေရတာဗျာ့ ။
ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် က ချမ်းသာ ပြီး သူဌေးကြီး ဖြစ်ချင်တာကိုး ဗျာ့ ။
⎕ မောင်ချမ်းသာ
📖 ကုမုဒြာ ဂျာနယ်
၁၆ စက်တင်ဘာ ၂၀၀၅
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment