❝ အလံဖြူ ❞
တက္ကစီကား က ကျယ်ဝန်း သော်လည်း ဗြုတ်ထ ကြမ်းထော် နေသည့် လမ်းမကြီး ပေါ် မှ ဘယ်ဘက် သို့ ချိုးကွေ့ လိုက်သည် နှင့် ချောမွတ်ညီညာသော လမ်းမ ပေါ် ဆီ မှ အထိအတွေ့ ၊ ရုတ်ခြည်း ပြောင်းလဲ သွားသော ပိုမို အေးမြ လန်းဆန်းသည့် လေထု တို့ ကြောင့် ကိုအေးသောင် ၏ အာရုံတွေ နိုးကြား ကြည်လင် လာကြသည် ။ လမ်းဘေး မြင်ကွင်း က လည်း သစ်လွင် ပြောင်းလဲ သွား၏ ။ ခေတ်မီ တောက်ပသည့် လုံးချင်းတိုက်တာ အိမ်ရာများ ဖွံ့ဖြိုး ဝေဆာစ သစ်ပင်ပန်းမန်များ ဖြင့် နေခြည် ထဲ မှာ ဝင်းပ နေကြသည့် သပ်ရပ် လှပသော ခြံဝင်းများ ၊ လမ်းငယ် ပေါ် မှ တိတ်ဆိတ်စွာ ဖြတ်သန်း ရွေ့လျား လာကြသည့် လက်လက်တောက် ကားငယ်များ ။ ကိုအေးသောင်အဖို့ ကမ္ဘာသစ် တစ်ခု ထဲ တိုးဝင် လိုက်ရ သလိုမျိုး ရင် တလှိုက်လှိုက် ဖို သွားသည် ။ အို ... ရန်ကုန် ဟာ အတော်ကြီး ပြောင်းလဲ သွားပါကလား ။ ဟိုတုန်း က ရန်ကုန် နဲ့ တခြားစီ ပါလား ။ အိုး .. တိုက်အိမ်လှလှကလေး ၊ ဝင်းခြံလှလှကလေး တွေနဲ့ နေရာမျိုး ကိုင်း ငါ့ တစ်သက် မှာ တစ်ခါ မျှ မရောက်ဖူးခဲ့ပါ ကလား ။ ဪ ဗီဒီယို ထဲ မှာ တော့ ကြည့်ဖူးပါရဲ့ ။ ဒါပေမဲ့ အခုလို မြင်ရ တွေ့ရ တာနဲ့ ဗီဒီယို ထဲ က နဲ့ တခြားစီ ။
“ ဘကြီး ... ဟောဒါ ကျွန်တော် နေတဲ့ သီးသန့် မြို့သစ် ပဲ ။ မြို့ တည်လို့ ပြီး သွားတာ သုံးနှစ် ပဲရှိသေးတယ် ”
သူ့ ကား မှာ ထိုင် နေသော ကျော်သန်းဝင်း ( ငယ်မည် ငတွတ် ) က ပြောလိုက်စဉ် ကို အေးသောင် စိတ် လှုပ်ရှားမှု ကြောင့် ငေးကြောင်ကြောင် ။
စက္ကန့် အနည်းငယ် ကြာ မှ ကိုအေးသောင် အားယူ ပြီး ..
“ ဆေးရောင် မတူပေမယ့် ပုံစံတူ တိုက်တွေ ဆိုတော့ ကြည့်ရတာ အဆန်းသားကွ ။ ကစားစရာ အရုပ်အိမ်ကလေး တွေ နဲ့ တောင် တူနေသေး ။ တန်ဖိုး က လည်း နည်းမှာမဟုတ် ဘူး ” ဟု လေးလေးပင်ပင် ပြောသည် ။ သူ့ စိတ် ထင် တိုက် တစ်လုံး ၏ တန်ဖိုး မှာ ကုဋေ ချီ ၍ တန် ပေလိမ့်မည် ။ ရွာ မှာ ဆောက်တဲ့ နှစ်ထပ်တိုက်တွေတောင် ငွေသိန်း ရာချီ ပြီး ကုန် သမှုတ်လား ။
“ သူ့ ဈေး နဲ့ သူ တန်ရာတန်ကြေး ပေါ့ ဘကြီး ရာ ”
တန်ဖိုးဈေးနှုန်း ကို မေးမည် ကြံပြီး ခါ မှ သိရတော့ ကော ဘာ အကျိုး ရှိမှာလဲ ဟု တွေး ကာ ကိုအေးသောင် နှုတ်ခမ်း စေ့ ထားလိုက်၏ ။ ကျော်သန်းဝင်း က လည်း စကား မဆက်တော့ဘဲ “ ဘင်ဆန် နဲ့ဟက် ” စီးကရက် ကို သာ ရှိုက်ဖွာ နေသည် ။
တက္ကစီကား ခရီးသည်တင် ခန်း ထဲ မှာ ယှဉ်တွဲ၍ ထိုင် နေကြသော ကိုအေးသောင် ၏ ကြမ်းတမ်းညိုမွဲသော ရုပ်ရည်သွင်ပြင် နှင့် ကျော်သန်းဝင်း ၏ သန့်ပြန့် စိုပြည်သော ရုပ်သွင် တို့ မှာ အကွာကြီး ကွာ လျက် ရှိသည် ။ စင်စစ် သူတို့ သွေးသား တော်စပ်ခြင်းမရှိ ။ ဆွေမျိုး တမျှ ရင်းနှီးသော ရွာ့ဆွေရွာ့မျိုး သာ ဖြစ်သည် ။ ကိုအေးသောင် က အသက် ၆၀ နီးပါး အရွယ် ညိုတိုတို ၊ ပိန်ကိုင်းကိုင်း ။ ကျော်သန်းဝင်း က အသက် ၃ဝ တစ်ဝိုက် ဖြူဖြူတောင့်တောင့် ၊ ကိုအေးသောင် က ဘဝပျက် တောသူဌေး ကို ၊ ကျော်သန်းဝင်း က ရန်ကုန် ရေပေါ်ဆီ လူ့အလွှာ က စီးပွားရေး အောင်မြင်နေ သူ လူရည်လည်ပုံစံ ၊ လူရည်သန့် ဒီဇိုင်း ..။
“ ဘကြီး ရေ .. ရောက်ပြီ ။ ဒါ ... ကျွန်တော့် တိုက်ပဲ ”
သူ့ ပေါင် တစ်ဖက် ကို ကျော်သန်းဝင်း က အသာ ပုတ် လိုက်မှ သူ့ ကိုယ် သူ အခြားတစ်ပါး သော ဘုံဌာန တစ်ခု သို့ ရောက်နေ သယောင်ယောင် ခံစား ဝေဝါး နေခဲ့သည့် ကိုအေးသောင် “ အန် ” ဟု မြည်တမ်းရင်း လက်တွေ့ အဖြစ်အနေ အထဲ သို့ ပြန်ရောက်လာ၏ ။ ဪ ... ငတွတ် တို့ တိုက် က လည်း လမ်း မှာ တွေ့ ခဲ့တဲ့ နှစ်ထပ်တိုက်မျိုး ပါလား ။
ပေါ်တီကို အောက် မှ ဝင်းလက်သော သံဘာဂျာတံခါး ပွင့် လာပြီး ၁၄ ၊ ၁၅ နှစ် အရွယ် ဆံတို နှင့် ကောင်မကလေး တစ်ယောက် ထွက်လာသည် ။ ကောင်မကလေး က ပစ္စည်းပစ္စယ တွေ သယ် ပေးဖို့ မျက်လုံးပြူးပြူး တွေ နှင့် စူးစမ်းသည် ။ တောဧည့်သည်ကြီး ကိုအေးသောင် မှာ မည်သည့် ဝန်စည်စလယ် မျှ မပါ ။ အပို ဝတ်စုံ ( ၂ ) စုံ ထည့်လာသော အပေါစား ပလတ်စတစ် ဘေးလွယ်အိတ် အဟောင်း တစ်လုံး သာ ပါရှိသည် ။ ကောင်မကလေး က ကိုအေးသောင် ကို အကဲခတ်ပြီး အံ့ဩမှု နှင့် အလိုမကျခြင်း တို့ ရောယှက် နေသော မျက်နှာ ကို လွှဲ လိုက်သည် ။
“ ဘာမှ သယ်စရာ မလိုပါဘူး မိခိုင် ။ ကော်ဖီ နှစ်ခွက် သာ အမြန် ဖျော်လာ ။ နင့် မမ
ဖုန်းဆက်သေးလား ”
တက္ကစီဒရိုင်ဘာ ကို ပိုက်ဆံ ရှင်းရင်း ကျော်သန်းဝင်း က ကောင်မကလေး ကို တရစပ် စကား လှမ်း ပြောသည် ။ ကိုအေးသောင် မှာ ကား ပေါ် မှ ဆင်းခဲ့ ပြီး နောက် တောင်ကြည့် မြောက်ကြည့် နှင့် ကျီးကန်းတောင်းမှောက် ဖြစ်နေသည် ။ သိန်း ထောင်ချီ ပြီး တန်တယ် ဆိုတာ ငတွတ် တို့ တိုက်မျိုး ဖြစ်မှာပဲ ။ အင်း .. ကံတရား ကံတရား ။
ကျော်သန်းဝင်း က “ နင့် မမ ” ဟု သုံးနှုန်းရည်ညွှန်း လိုက်သူ မှာ ကျော်သန်းဝင်းကြီး နှင့် အိမ်ထောင် ကျပြီး နောက် ကျော်သန်းဝင်း က ရွာ သို့ တစ်နှစ် တစ်ခါ ဆွေပြမျိုးပြ လာ တတ် သဖြင့် ထို မိန်းမကြီး ကို တွေ့ဖူးသည် ။ တွေ့ဖူးမြင်ဖူးရုံ ပါပဲ ။ အကျည်းတန် လိုက်တဲ့ ရုပ် ။ မြန်မာလူမျိုး စစ်စစ် လည်း မဟုတ် ။ သားကြီး သမီးကြီး တွေ တစ်ပြုံတစ်မကြီး ရှိတဲ့ မုဆိုးမ ။ ဒါပေမဲ့ ကျောက်မျက် အရောင်းအဝယ် ၊ ကား အရောင်းအဝယ် မှာ တော့ ဘုရင်မ တဲ့ ။ သူ က ကျော်သန်းဝင်း လို လူပျိုနုထွတ်ထွတ် ကို ငွေ နဲ့ ပေါက်ပြီး ယူနိုင် သလို ကျော်သန်းဝင်း က လည်း ကိုယ့် အမေ အရွယ် လောက် ကို ခေါင်း ခေါက်ပြီး ရွေးယူ သလို ယူပြီး မယား မှတ်မှတ် ၊ သား မှတ်မှတ် ပေါင်းလို့ ။
အဝေးပြေး ကားဂိတ် မှာ ကျော်သန်းဝင်း က သူ့ ကို လာ ကြိုတော့ ကျော်သန်းဝင်း တို့ ၏ သိန်း ထောင်ကျော်တန် ကားကြီး စီးရမည် ဟု ကိုအေးသောင် မျှော်လင့်ထားခဲ့သည် ။ မျှော်လင့်ချက် မပြည့် ။ အိမ် က ကားကြီး ကို “ ရီရီ ” ( နာမည်ရင်း ဒေါ်ရီရီမြင့် ) ကိုယ်တိုင် မောင်း၍ အသုံးပြု နေကြောင်း ကျော်သန်းဝင်း က ပြောပြခဲ့သည် ။
ဧည့်ခန်း မှာ ထိုင်မိသည် နှင့် မိနစ် အနည်းငယ် အတွင်း ကိုအေးသောင် ရှေ့ သို့ ကော်ဖီ ရနံ့သင်းသင်း နှင့် မြင်ရုံ နှင့် သွားရည်ကျ စရာ မုန့်မျိုးစုံ လင်ပန်းကြီး ရောက်လာသည် ။
“ ဘကြီး အဆာပြေ စားထားပါ ။ နောက် ( ၁ ) နာရီ လောက် နေမှ ထမင်း စားကြတာပေါ့ ။ ခုမှ မနက် ၁၀ နာရီ ပဲ ရှိပါသေးတယ် ”
“ အေး ... အေး ” ဟု ဆိုရင်း ကိုအေးသောင် ယောင်မှားပြီး အသက်ရှူ အောင့်ထားလိုက် မိ၏ ။ မွှေးသင်းလှသော ပြည်ပသွင်းကုန် ကော်ဖီစစ်စစ် ရနံ့ မှာ ကိုအေးသောင် ၏ ဂန္ဓာရုံ မှာ အထာ မကျ ၊ နွားတင်းကုပ် ထဲ အဝင် ရှူ လိုက်ရသော လတ်လတ်ဆတ်ဆတ် နချီး ( နွားချေး ) နံ့ လို မွှန်ရှရှ ညီဟောက်ဟောက် ဖြစ်နေ၏ ။ လင်ပန်း ထဲ ရှိ ကိတ်ခြောက် တွေ ၊ ဒိုးနပ် တွေ ၊ အီကလဲ တွေ ၊ ပေါင်မုန့်ကြက်ဥကြော် တွေ ဆီ မှ သွားရည် ယိုစရာ ရနံ့ထူး မှာလည်း ကိုအေးသောင် ၏ နှာဝ အတွင်း မမြင်ရသော ဆူးငယ်ကလေး တွေ တိုးဝှေ့ ထိပါး နေကြသည့်နှယ် ယားကျိကျိ နှင့် မွန်းလှောင်နေသည် ။ အင်း .. ငတွတ် သောက်တဲ့ စီးကရက် အနံ့ က တော့ အမွှေးသား ။ ပြီးမှ တစ်လိပ် လောက် တောင်း သောက် ကြည့်ဦးမှ ။
“ ကဲ ... ကျွန်တော် ရေသွား ချိုး လိုက်ဦးမယ် ဘကြီး ကော်ဖီ သောက် ၊ မုန့်စား ၊ ဘာမှ အားမနာ နဲ့ ကိုယ့်တူ ကိုယ့်သား အိမ် လို သာ သဘော ထားပါ ။ လွတ်လွတ်လပ်လပ်နေ ရတယ် ”
ကျော်သန်းဝင်း က ရင် ထဲ အသည်း ထဲ မှ ထိုးထွက် လာသော ပျူငှာယဉ်ကျေးသည့်အသံ ၊ အမူအရာ တို့ ဖြင့် ပြောပြီး နေရာ မှ ထ သွားသည် ။ ကိုအေးသောင်း က ကျော်သန်းဝင်း ၏ ကျောပြင် ကို လှမ်း ငေးသည် ။ အင်း ... ကြည့်ကြစမ်းပါဦး ။ ငယ်ငယ်တုန်း က ဆစ်ပင်ချောင်းရွာ မှ ကျွဲကျောင်း ၊ နွားကျောင်း ဘဝ နဲ့ နေခဲ့ရတဲ့ ငတွတ် ဆိုတာ ယုံနိုင်ကြ မတဲ့လား ။ ကိုအေးသောင် က လွန်ခဲ့သော အနှစ် ၂၀ ခန့် က ငတွတ် ခေါ် ကျော်သန်းဝင်း ၏ ရုပ်ရည် ကို လက်ရှိ ရုပ်သွင် နှင့် ပင်ပန်းခက်ခဲစွာ ကြိုးပမ်း ဆက်စပ်ရင်း မူးဝေ လာ သလိုလို ခံစားရသည် ။
ကိုအေးသောင် သည် အငွေ့ သေစ ကော်ဖီ တစ်ငုံ သောက်မျို ကြည့်၏ ။ ဘာ အရသာ မျှ မရှိ ။ အဆာပြေ ပြီး စားကောင်းမည် ဟု ထင်မှတ်သော မုန့် တချို့ကို တို့ကနန်း ၊ ဆိတ်ကနန်း ဖဲ့ စားကြည့် ပြန်သည် ။ လေ ကို ဝါးစားသည့် နည်းတူ ဟာတိ ဟာတာ အာ မထိ လျှာ မထိ ။ သူ့ တစ်သက် မှာ တစ်ကြိမ် မျှ မစားဖူးသော မုန့်တွေ ကို စားခွင့် ကြုံသော်ငြား ရသာရုံ ဖောက်ပြန် နေသဖြင့် ကိုအေးသောင် သူ့ ကိုယ် သူ နားမလည် နိုင် တော့ဘဲ ယောင်ချာချာ နှင့် နေမထိ ထိုင်မသာ ဖြစ်လာသည် ။ ကျော်သန်းဝင်း ခေါ်ရာ လိုက်လာ မိတာ မှားပြီလား မသိ ။ ရွာ မှာ အေးအေးဆေးဆေး နေပြီး လက်ဖက်ရည်ကြမ်းကလေး ထိုင် သောက် နေတာ က မှ အသက် ရှူ ဝ ဦးမည် ။ ယခုတော့ ခမ်းနားထည်ဝါသည့် တိုက်အိမ်ကြီး ထဲ မှာ အသက်ရှူ ကျပ် သလို လို ခံစား နေရသည် ။
ကိုအေးသောင် ထိုင်ရာ မှ ထလိုက်ပြီး ဧည့်ခန်းဆောင် ထဲ မှာ ဟိုငေး သည်မော လျှောက် ကြည့်သည် ။ ခေါင်းရင်းဘက် အခြမ်းသို့ ရောက် သွားသည် ။ ဖိတ်ဖိတ်လက် ပရိဘောဂ တွေ ၊ ပြိုးပြက်ပြက်ပြက္ခဒိန် တွေ ၊ ဝင်းဝင်းတောက် မှန်ပေါင်သွင်း ခေတ်ပေါ် ပန်းချီကား တွေ ကို ကြည့်ရင်း ကိုအေးသောင် တရိပ်ရိပ် မူးဝေ လာ၏ ။ ဒင်း ( သင်း ) တို့ ဟာ က အိမ် ကို အိမ် နဲ့ တူအောင် မှ မထားကြဘဲကိုး ၊ ဗြုတ်စဗျင်းတောင်းတွေ နဲ့ မျက်စိ ထဲ ကို ရှုပ် နေတော့တာပဲ ။
တစ်နေရာ အရောက် မှာ တော့ ကိုအေးသောင် မှာ ရုတ်ခြည်း အပြုစား ခံလိုက်ရ သလို မလှုပ်မယှက် မတ်မတ်ကြီး ရပ်မိလျက်သား ဖြစ်သွား၏ ။ မျက်လုံးပြူးကြီး တွေ က နံရံ ကို မော့ ကြည့်လျက် ....
နံရံ အမြင့် ၁၀ ပေ ခန့် မှာ သုံးပုံ ၊ လေးပေ ခန့် အရွယ် ။ ရွှေရောင်ဘောင် ( ပေါင် ) ကျပ် ၊ မှန်အကြည် ကပ် တသီးတသန့် ပြောင်လက် သန့်ရှင်းသော အနေအထား ဖြင့် ချိတ်ဆွဲ ထား ၏ ။ ပုံတူရှင်များ ကား အသက် ၅၀ ကျော် တစ်ဝိုက် အရွယ် ယောက်ျားကြီး တစ်ဦး နှင့် သူ နှင့် ရွယ်တူ မိန်းမကြီး တစ်ဦး တို့၏ ကိုယ်တစ်ပိုင်း ပုံများ ဖြစ်ကြသည် ။ ပုံတူပန်းချီဆရာ ၏ ခဲရေးပညာစွမ်း က ပေါ်လွင် ထင်ရှားပါသည် ။ ရုတ်တရက် ကြည့်လျှင် ဓာတ်ပုံ ရိုက်ထား သလား ဟု ထင်မှတ်စရာ ဖြစ်သည် ။
ပုံတူရှင် တွေ ကို မော့ ကြည့်ရင်း ကိုအေးသောင် ပါးစပ် အဟောင်းသား မျက်လုံး အပြူးသား နှင့် ရင် တဒိတ်ဒိတ် ခုန်ရာက ခြေဖျားလက်ဖျားတွေ ရုတ်ခြည်း အေးစက် လာကြသည် ။ သူ့ ကိုယ် သူ အသက်ရှူ နေသလား ၊ အသက်ရှူ အောင့်ထားမိသလား လည်း မခွဲခြား နိုင်တော့ ။
ကိုဉာဏ်ရှိန် နဲ့ မကျင်မှီ တို့ ပုံကြီးတွေ ပါလား ၊ ကျော်သန်းဝင်း ရဲ့ မိဘ တွေ ၊ တစ်ခါမှ ဝတ်ကောင်းစားလှ နဲ့ တောက်တောက်ပပ မမြင်ခဲ့ရ ဖူးတဲ့ လင်မယား က ဒီ ပုံတွေ ထဲ မှာ သားသားနားနား ဖြစ်လို့ပါ ကလား ၊ ကိုဉာဏ်ရှိန် က လည်း တိုက်ပုံ အင်္ကျီ နဲ့ ဘာ နဲ့ ။ မကျင်မှီ က လည်း နားကပ်တွေ ခြုံပဝါတွေ နဲ့ ကြည့်စမ်း ။ ကိုအေးသောင် က ပုံတူ ပန်းချီကားကြီး နှစ်ချပ် ကို ငေးမော ကြည့်ရင်း ပုံတူရှင် တွေ နှင့် အကြည့်ချင်း ဆုံ ကာ ရှက် သလိုလို ၊ ကြောက် သလိုလို ဖြစ် လာပြီး မျက်လွှာ ချ လိုက်မိ၏ ။ ဘာပြုလို့ ဒင်း ( သင်း ) တို့ ကို ကြောက်ရမှာလဲ ။
“ ဘကြီး ကျွန်တော့် မိဘတွေ ကို တော့ မှတ်မိမှာပေါ့ နော် ”
ရုတ်တရက် သူ့ နောက်ကျောဘက် က နေ ကျော်သန်းဝင်း ၏ အေးစက်စက် အသံ ပေါ် ထွက် လာသဖြင့် ကိုအေးသောင် မှာ နဂို က မှ ထိတ်လန့်ချောက်ချား နေရသည့် အထဲ တစ္ဆေ အခြောက် ခံရသည့် နှယ် ထ ခုန်မိ မတတ် တုန်ယင် သွားသည် ။ သို့သော် လူကြီး ပီပီ ဣန္ဒြေ တော့ ဆည် ထားရ၏ ။
“ ဘာ ဘာလို့ မမှတ်မိရမှာလဲ မောင်ငတွတ် ရာ ။ ဆွေလို မျိုးလို နေလာခဲ့ကြတဲ့ တစ်ရွာ တည်းသား ၊ တစ်မြေတည်း နေ ၊ တစ်ရေတည်း သောက် တွေပဲ ။ ဓာတ်ပုံကြီး တွေ တွေ့ တာနဲ့ ဉာဏ်ရှိန် နဲ့ ကျင်မှီ မှန်း တန်း သိတာပေါ့ကွာ ။ သူတို့ ကို ဘယ် မေ့နိုင်ပါ့မလဲ ”
ကိုအေးသောင် က ကြိုးစားပမ်းစား မာယာသာထေယျ စကား တွေ ပြော နေစဉ် ကျော် သန်းဝင်း က ယဲ့ယဲ့ ပြုံး နေ၏ ။
“ သူတို့ ရှေ့ဆင့် နောက်ဆင့် ဆုံး ကြတော့ ကျွန်တော် နိုင်ငံခြား မှာ ပဲ ရှိသေးတယ် ။ ကျွန်တော် နိုင်ငံခြား ရောက်ပြီး ၂ နှစ် အကြာ မှာ အဖေ ဆုံးတယ် ။ နောက်နှစ် ကျတော့ အမေ ဆုံးတာပဲ ။ ဘာပဲ ဖြစ်ဖြစ် ကျွန်တော် နိုင်ငံခြား ကို ထွက် နိုင်အောင် စီစဉ်ပေးခဲ့တဲ့ ဘကြီးအေးသောင် ရဲ့ ကျေးဇူး ကို လည်း ကျွန်တော် က ဘယ် မေ့နိုင်ပါ့မလဲဗျာ ”
“ အဲ ... အဲဒီ ကိစ္စ ထား ထားလိုက်စမ်းပါကွာ ” ဟု အသံအစ်အစ် ဖြင့် ပြောရင်း ကိုအေးသောင် က နောက်သို့ ပြန် လှည့်လာသည် ။ ရေမိုးချိုး အဝတ် လဲပြီး ရေမွှေး တွေ ၊ ချွေးနံ့ ပျောက်ဆေး တွေ ၊ ခေါင်းလိမ်းဆီမွှေး တွေ ဆွတ်ဖျန်း ထားသည့် ကျော်သန်းဝင်း ၏ ကိုယ် နံ့ မှာ ကိုအေးသောင် ၏ နှာဝ ၌ လူသေကောင် အပုပ်ရည် နံ့ ပမာ အော်ဂလီ ဆန်စရာ ဖြစ်နေ၏ ။
“ တစ်လုတ် စားဖူး သူ့ ကျေးဇူး တဲ့ ။ ရှေးလူကြီး စကား အထင်အရှား ရှိတာပဲ ဘကြီး ရာ ။ ဘကြီး ရဲ့ ကျေးဇူးတရား ကို ဘယ် မေ့လို့ ရပါ့မလဲ ။ ကျွန်တော်တို့ လယ် ၆ ဧက ကို ဘယ်သူ မှ အပေါင် မခံချင်တဲ့ အချိန် မှာ ဘကြီး က အပေါင် ခံခဲ့တယ် ။ အဲဒီ ငွေ နဲ့ ကျွန်တော် နိုင်ငံခြား ထွက် ရတာ ။ တစ်ခုတော့ ရှိတာပေါ့ ။ ကျွန်တော့် အဖေ နဲ့ ကျွန်တော့် ညီလေး တို့ ကတော့ သူများ ဆီ မှာ သီးစား ၊ စာရင်းငှား ဝင် လုပ်ကြရတယ် ” ဟု ကျော်သန်းဝင်း က ပြော နေစဉ် ကိုအေးသောင် မှာ သိစိတ် အထားအသို ကမောက်ကမ ဖြစ်ကာ “ ကံတရား ... ကံတရား ” ဟု ရေရွတ် ညည်းတွား မိလျက်သား ဖြစ်သွား၏ ။
“ ကိုယ်ပိုင် လယ် မှာ လုပ်ရတာ နဲ့ သူများ အခိုင်းခံ ၊ သူတစ်ပါး လယ် မှာ လယ်ကူလီ လုပ်ရတာ မတူနိုင်ဘူး ဆိုတာ ဘကြီး သိပါတယ် ။ နိုင်ငံခြား မှာ ၂ နှစ် ကြာတဲ့ အထိ ကျွန်တော့် အလုပ် က အဆင် မပြေတော့ ဘကြီး လက် ထဲ က လယ် ကို မရွေးနိုင်ရုံမကဘူး ။ အတိုး တောင် မှန်မှန် မသတ်နိုင်ခဲ့ဘူးလေ ။ ဒီလိုနဲ့ ကျွန်တော် တို့လ ယ်ကလေး ကို ဘကြီး အပိုင် ရသွားခဲ့ တာပဲ မဟုတ်လား ။ တရား မျှတပါတယ် ။ အဖေ တို့ မှာ အကြွေး ကို အဲသလို လယ် ထိုးဆပ်ရုံ က လွဲလို့ တခြား နည်း မှ မရှိကြတော့တာ ။ ဘကြီး ပြောသလို ကံတရား ... ကံတရား ဟား ဟား ဟား ”
ကျော်သန်းဝင်း က ကောက်ကာ ငင်ကာ ထ ရယ် လိုက် သဖြင့် ကိုအေးသောင် လန့်ဖျပ် တုန်လှုပ် သွားပြန်သည် ။
“ ဒါတွေ ပြော မနေပါတော့နဲ့ကွာ ”
“ အဲသလို နဲ့ ပဲ အဖေ အလုပ် ဒဏ်တွေ ပိ ၊ အာဟာရ ချို့တဲ့ ၊ စိတ် ဆင်းရဲ ကိုယ် ဆင်းရဲ နဲ့ အဆုတ် အအေးပတ် ပြီး သေခဲ့ရတာပဲ ဘကြီး ။ ဒါတွေ ဘကြီး အသိပါ ။ ကျွန်တော် တို့ တစ်ဆွေလုံး တစ်မျိုးလုံး လည်း သိကြပါတယ် ။ အဖေ့ ကို သ,တ်လိုက်တဲ့ လက်သည် တရားခံ အစစ် ဟာ ... ”
ကျော်သန်းဝင်း က စကား ပြော ‘ တန့် ’ ထား လိုက်စဉ် ကိုအေးသောင် မှာ ခြေတွေ မခိုင် တော့ သလို ဒယိမ်းဒယိုင် ဖြစ်လာသောကြောင့် နီးရာ ဆိုဖာ ပေါ် ခြေပစ်လက်ပစ် ထိုင် ချ လိုက်ရသည် ။ သူ အသက် ရှူ မဝတော့ချေ ။ ဒီ ကောင် ဒီ အကြောင်းတွေ ဘာလို့ ပြော နေရ ပါလိမ့် ၊ ငါ့ မျက်လုံး က ရေတိမ်ရောဂါ ကို ကုပေးမယ်လို့ ပြောပြီး ငါ့ ကို ရန်ကုန် က သူ့ အိမ် ခေါ် လာပြီးမှ ချေး ( ကြေး ) ခြောက် ရေနှူး နေတာ ဘာသဘောလဲ ။ တော်တော် ခက်တဲ့ ငတွတ် ပါ လား ။
ကျော်သန်းဝင်း က ကိုအေးသောင် နှင့် မျက်နှာချင်းဆိုင် ဆိုဖာ မှာ ဝင် ထိုင်ပြီး ကိုအေး
သောင် ကို တည့်တည့်စူးစူး ကြည့်သည် ။ ကျော်သန်းဝင်း ပြုံး နေပုံ က အသည်းယားစရာ ကောင်း၏ ။ ဓားထက်ထက် ကိုင်စွဲ ထားသော သားသတ်သမား ၏ အပြုံး ။
“ အဖေ့ ကို သ,တ်လိုက်တဲ့ လက်သည် တရားခံ အစစ် ဟာ နမိုးနီးယား အဆုတ်အအေးပတ် ရောဂါ မဟုတ်ဘူး ဘကြီး ရဲ့ သိလား ။ ဆင်းရဲမွဲတေခြင်း ဆိုတဲ့ ကမ္ဘာနာကြီး ပဲ ဟဲ ဟဲ ဟဲ ”
ကျော်သန်းဝင်း က ခြောက်ကပ်ကပ် ရယ်လေ ကိုအေးသောင် နေမထိ ထိုင်မသာ နှင့် မျက်နှာ မထားတတ် ဖြစ်လေ ။
“ အဖေ သေပြီး နောက် တစ်နှစ် မှာ အမေ သေရပြန်တာပဲ ”
ကိုအေးသောင် မှာ ကျော်သန်းဝင်း ကို မျက်နှာချင်း မဆိုင်ဝံ့တော့ သလို မျက်နှာ ကို
ရင်ဘတ် နှင့် ထိမတတ် ငုံ့ ချ လိုက်၏ ။ ကျော်သန်းဝင်း က ထိုင်လျက် စကား ပြောရခြင်း ကို အားမရ သကဲ့သို့ ထိုင်ရာ မှ ထကာ ကိုအေးသောင် အနီးမှာ လက် ပိုက် ၍ လာ ရပ်သည် ။
“ အမေ့ ကို သ,တ်တဲ့ တရားခံ က လည်း အဖေ့ ကို သ,တ်တဲ့ လူသတ်ကောင်ကြီးပဲ ဘကြီး ရဲ့ ။ ဧရာမ လူသ,တ်ကောင်ကြီး ပေါ့ ။ အမေ က ပန်းနာရင်ကျပ်ရောဂါသည် ဆိုတာ ဘကြီး အသိ ပဲ ၊ ဒီ ရောဂါ က ဆေးဝါး မှန်မှန် မှီဝဲ နေမယ် ဆိုရင် မပျောက်ကင်း တောင် မှ နေသာ ထိုင်သာ ရှိ တယ်လေ ။ အချိန် မတန်ဘဲ မသေနိုင်ဘူး ။ ခုတော့ အမေ့ မှာ လိုအပ်တဲ့ ဆေး ကုသမှု မခံယူနိုင်ခဲ့တာ နဲ့ ပဲ ရေတိမ် နစ်ရရှာတယ် ။ လယ်မဲ့ ယာမဲ့ ခိုးကိုးရာမဲ့ မုဆိုးမကြီး ဘဝ နဲ့ ပါဗျာ ။ ရင်နာ စရာပဲနော် ဘကြီး ”
“ ကံ .. ကံ ကံတရားပေါ့ မောင် မောင် ငတွတ် ရာ ”
“ အဖေ တို့ လယ်မဲ့ ယာမဲ့ ဘဝ မရောက် ခဲ့ရင် အသက် မတိုခဲ့နိုင်ဘူး လို့ ကျွန်တော် ထင်တယ် ဘကြီး ။ သူတို့ အသက် တိုကြရတာ ဟာ လယ်မဲ့ယာမဲ့ ဘဝ မှာ ကိုယ်ရော စိတ်ပါ ဒုက္ခ ဒဏ် ပိပြီး ( သေရင် လည်း သေတော့ကွာ ) လို့ စိတ်လျှော့ လိုက်ကြလို့ သေသွားကြတာ ”
“ ကံ .. ကံ ” ဟု ကိုအေးသောင် က ပါးစပ် ဟ လိုက်စဉ် ကျော်သန်းဝင်း က ကိုအေးသောင် ၏ ပါးစပ် ကို ပြေး ပိတ်တော့ မလို လက်ဟန် ဖြင့် ကမန်းကတန်း တားသည် ။
“ ဟို ဟို ဟိုးထား ။ ဘကြီး ရဲ့ ကံ ကို ခဏ အနား ပေး လိုက်ပါဦးဗျာ ။ ကျွန်တော့် မိန်းမ ပြန် လာပြီ တံခါး သွား ဖွင့်ပေးလိုက်ဦးမယ် ”
ကျော်သန်းဝင်း ကပျာကသီ လှမ်း သွား ရာသို့ ကိုအေးသောင် လည်တိုင်ကြီး ကွေးလိမ် ပြီး စောင်း ကြည့်သည် ။ တိုက် အပြ င်မှာ ကားတစ်စီး ရပ်ထားကာ ကားပေါ် မှ အမျိုးသမီး တစ်ယောက် ဆင်း လာနေသည် ။ ကျော်သန်းဝင်း ဖွင့် ပေးသော သံဘာဂျာတံခါး မှ ဝင် လာ သော အခါ ရွာ ကို လာစဉ်က တွေ့ ခဲ့ဖူးသော အသားဝါဝါ ၊ ပိန်ကပ်ကပ် နှင့် မိန်းမကြီး မှန်း ကိုအေးသောင် မှတ်မိ လိုက်၏ ။ ဪ .. စီးပွားရေး ဘုရင်မကြီး သားအရွယ် ကို လင် အရာ ထားပြီး ပေါင်း နိုင်တဲ့ သူကြွယ်မကြီး ။
“ ဖုန်း ထဲ မှာ ကျော်ကျော် ပြောတဲ့ ဆင်ပင်ချောင်းရွာ က အထူး ဧည့်သည်တော်ကြီးဆိုတာ သူ ပေါ့ မမရီ ရဲ့ ။ ဘကြီးအေးသောင် လေ တစ်ချိန်တုန်း က ရွာ မှာ နေ တစ်ဆူ ၊ လ တစ်စင်း လို ထင်ရှားခဲ့တဲ့ ပုဂ္ဂိုလ်ကြီး ပေါ့ ။ အခုလည်း ဖယောင်းတိုင်မီး လောက်တော့ လင်းပါသေးရဲ့ ဟီး ... ဟီး ”
ကျော်သန်းဝင်း က မြူးထူး ပေါ့ပါးစွာ ဟစ်အော် ကြော်ငြာ လိုက်စဉ် အသက် ၄ဝ ခန့် ဟု ထင် ရအောင် ပြင်ဆင် ထားသည့် အသက် ၆ဝ ရွယ် မိန်းမကြီး က ကိုအေးသောင် ကို ကြည့်သည် ။ တိရစ္ဆာန်ရုံ လှောင်အိမ် ထဲ ရှိ မျောက်ဝံ တစ်ကောင် ကို ကြောက်တတ်သော ကလေး တစ်ယောက် က မဝံ့မရဲ ကြည့် သလိုမျိုး ပင် ဖြစ်သည် ။
“ အလုပ် ကိစ္စ အရေးကြီး နေတယ် ကျော်ကျော် ။ ရီရီ ထမင်း စားပြီး ပြန် သွားရမှာ ” ဟု လေသံ သွက်သွက် ဖြင့် ပြောရင်း ဒေါ်ရီရီမြင့် သည် တင်ပါးတု ကို လှုပ်ယမ်းကာ အတွင်း ဘက် သို့ လှမ်း သွားသည် ။ ရေပေါ် ဆီ ထိတ်ထိတ်ကြဲ သူဌေးမကြီး ၏ မျက်လုံး ကို သတိ ထား လိုက်မိ ကတည်းက ကိုအေးသောင် မှာ အဖျား ဝင်ချင် သလိုလို ချမ်းစိမ့်စိမ့် ဖြစ် လာ တော့၏ ။
ကိုအေးသောင် အမူအရာ ပျက်နေသည် ကို ကျော်သန်းဝင်း က မသိဟန် ပြုပြီး ကိုအေးသောင် ရှေ့ မှာ ပြုံးစပ်စပ် နှင့် လာ ရပ်သည် ။ ကိုအေးသောင်က ကျော်သန်းဝင်း ကို မကြည့်ရဲ သလို ခေါင်း ငုံ့ ထား၏ ။
“ ကျွန်တော် က ကံ ဆိုးပါတယ် ဘကြီး ရာ ။ အဖ ရော အမေ ရော ဆုံး ကြတော့ ကျွန်တော် မြန်မာပြည် မှာ မရှိဘူး ။ သတင်း ရပေမယ့် ပြန် မလာနိုင်ခဲ့ဘူး ။ မြင်းမိုရ်တောင်ဦး မကကြူး အောင် ကျေးဇူးကြီးမားလှတဲ့ မိဘများ ရဲ့ အလောင်း တွေ ကို တောင် ကန်တော့ခွင့် မရ ခဲ့တာ ကံ ဆိုး လို့ပေါ့နော် ။ ဘကြီး ဟုတ်ပါတယ် နော် ”
ကိုအေးသောင် က ကျော်သန်းဝင်း ကို ပြူးပြူးကြီး တစ်ချက် မော့ ကြည့်ကာ မျက်လွှာ ပြန် ချသည် ။ ပြောစရာ ရှား လို့ကွာ ။ ဒီ အကြောင်းတွေ ဘာကြောင့် ပြော နေရတာလဲ .. ဟု တော့ ကိုအေးသောင် ရင် ထဲ ကနေ ကျိတ်၍ ဟိန်းဟောက် မိ၏ ။ တစ်ချိန်တည်း ၌ သူ့ အတွေး ကို ကျော်သန်းဝင်း သိ သွားမှာ ကြံဖန် ၍ စိုးရိမ် ထိတ်လန့် မိပြန်သည် ။
“ ကျွန်တော် နိုင်ငံခြား မှာ ၅ နှစ် ကြာခဲ့တယ် ။ ကံကြမ္မာများ ဘယ်လောက်များ ပဉ္စလက် ဆန် လိုက်ပါလိမ့်ဗျာ ။ အဖေ တို့ အမေ တို့ သေပြီး ခါ မှ ကျွန်တော့် အလုပ် က မတရား ကောင်း လာတယ် ။ လစာ တွေ အရမ်း တိုးလာတယ် ။ ငွေတွေ သိန်းပေါင်းများစွာ စု မိလာတယ် ။ ဒါပေမဲ့ ကျွန်တော် မိဘ မဲ့ ဖြစ်သွားပြီ ။ ရွာ မှာ လည်း ကျွန်တော် တို့ ပိုင်ခဲ့တဲ့ လယ်မြေကလေး မရှိရှာ တော့ဘူး ”
ကျော်သန်းဝင်း က ကြေကွဲဆို့နင့် ဟန် ပြော နေ သော်လည်း သူ့ မျက်နှာထား က ပြောင် ချော်ချော် ဝင်းလဲ့ နေသည် ။
“ ဒီ .. ဒီလိုပါပဲ ကွာ ငါ လည်း ရှိတုန်း က ရှိပြီး သား နဲ့ သမက် ဖြုန်းတီး လို့ အခုတော့ ခရုဆံကျွတ် ဖြစ်နေပါပြီ ” ဟူသော အသံ က ကိုအေးသောင် ၏ ခြောက်သွေ့ သော လည် ချောင်း ထဲ မှ ရုန်းကန် တိုးထွက် လာ၏ ။ သူ့ မျက်နှာကြီး က တော့ ငုံလျက်သား ။
“ ဘကြီး ရဲ့ သား နဲ့ သမီး က ဘကြီး မုဆိုးဖို ဘဝ ရောက် သွားတဲ့ အခါမှာ ဥပေက္ခာရှု ပြီး ရွာ က ထွက် သွားကြတယ် ဆိုတာ ကျွန်တော် ကြားပြီးသားပါ ။ ဪ .. ကျွန်တော် တစ်ခု ပြောရဦးမယ် ” ဟု ဆိုကာ ကျော်သန်းဝင်း က ကိုအေးသောင် ဘေး မှ ကပ်လျက် ဆိုဖာ မှာ ဝင် ထိုင်သည် ။ ကိုအေးသောင် ၏ ညာ လက်ကောက်ဝတ် ကို ဆတ်ခနဲ ဆုပ်ကိုင် လိုက်သော အခါ ကိုအေးသောင် မှာ ရေနွေးပူ အလောင် ခံရသည့်နှယ် အလန့် တကြား ရုန်းဖယ် မိ မတတ် လှုပ်လှုပ်ခါခါ ဖြစ်သွားသည် ။ ကျော်သန်းဝင်း က ရိုးရိုး မကိုင်ဘဲ ကိုအေးသောင် လှုပ် မရ အောင် ဆုပ်ညှစ် ထားလိုက်၏ ။
“ ဘကြီး ရဲ့ ခြံ နဲ့ အိမ် ကို ဦးဝင်းထိန် တို့ ဆီ မှာ ပေါင် ထားရတယ် မဟုတ်လား ဟင် ”
ကိုအေးသောင် နှုတ် မှ မဖြေနိုင် ။ ခေါင်း သာ ညိတ် ပြသည် ။
“ အတိုး တွေ တက် ပြီး ခြံ နဲ့ အိမ် ဆုံးတော့မယ် ဆို ”
“ အေး ... ဆုံး ဆုံးဖို့ များနေပါပြီကွာ ”
“ ဆုံး သွားရင် ဘကြီး ဘယ်မှာ သွား နေမလဲ ”
“ မ မပြောတတ်သေးပါဘူးကွာ ။ ကံ .. ကံတရားပေါ့ ”
“ ဟာ ... ဟာ ကံတရား ၊ ဟား .. ဟား ကံတရား ”
ကျော်သန်းဝင်း က ကိုအေးသောင် ၏ လက် ကို လွှတ်ကာ အော် ရယ်နေသည် ။
နှစ်မိနစ်ခန့် ကြာ မှ အရယ် ရပ် ၊ လက် ကို လွှတ် ပြီး ကျော်သန်းဝင်း က သူ့ မျက်နှာ ကို ကတုန်က ရီဖြစ်၍ ဇောချွေး ပျံ နေသော ကိုအေးသောင် ၏ အဆီပြောင် မျက်နှာ ဆီ ကို တိုးကပ် လိုက် ရာ ခေါင်းလိမ်းဆီ နံ့ ၊ ပေါင်ဒါ နံ့ ၊ ရေမွှေး နံ့ တွေ ကြောင့် ကိုအေးသောင် မွန်းကျပ် သွား သည် ။
“ မပူ နဲ့ ဘကြီး မပူနဲ့ ၊ နိုးဝရီ no worry နိုးဝရီ no worry .. ဘကြီး နေစရာ မရှိမှာ မပူနဲ့ ... ”
ကျော်သန်းဝင်း ညှပ် ပြောသော အင်္ဂလိပ်ဘန်းစကား ကို နားမလည် သည့် ပြင် ထိုစကားလုံး က သူ့ ကို သွယ်ဝိုက် ၍ ဆဲရေး ပြောင်လှောင်သည် ဟု ပင် ကိုအေးသောင် ကယောင်ကယင် အထင် ရောက် မိ၏ ။
“ ဒီမယ် ဘကြီး ဘကြီး ရဲ့ ခြံ နဲ့ အိမ် ကို ဦးဝင်းထိန် က နာမည် ခံပြီး အပေါင်ခံ ထားတာ ၊ တကယ်တမ်း ငွေ စိုက်ပြီး အပေါင်ခံ ထားတာက ကျွန်တော် ။ ဒီ ကိစ္စ ဦးဝင်းထိန် နဲ့ ကျွန်တော် ပဲ သိတာ ။ ဒီတော့ ဘာပဲ ဖြစ်ဖြစ် ဘကြီး အခု နေတဲ့ အိမ် ဟာ ကျွန်တော့် အိမ် ပဲ ။ ဘကြီး အခြေအနေ အရ ရွေးနိုင်ဖို့ လမ်း လည်း မရှိဘူး ၊ ဒီတော့ ဘကြီး က ကျွန်တော့် အိမ် ပေါ် မှာ နေရုံပဲ ရှိတော့တယ် မဟုတ်ဘူးလား ”
“ အင်း .. ဒါပေါ့ကွာ ၊ ငါ့ မှာ ပြေးစရာ လည်း မြေ မရှိ ၊ ပေးစရာ လည်း ငွေ မရှိ ဖြစ်နေပါပြီ မောင်ငတွတ် ရာ ” ဟူသော ကိုအေးသောင် ၏ ဆို့နင့်နင့် အသံကြီး မှာ ငိုသံသဲ့သဲ့ စွက် လာခဲ့ ၏ ။ မျက်လုံး တွေ က လည်း အရည်လဲ့ စိုပြောင် လာခဲ့ကြပြီ ။
ကျော်သန်းဝင်း က ကိုအေးသောင် ၏ လက် ကို ပုတ်ခါ ချ သလို ခပ်ကြမ်းကြမ်း လွှတ်ပစ် လိုက်ပြီး ဆတ်ခနဲ ထ ရပ်သည် ။
“ ဘကြီး ကြားဖူးမှာပေါ့လေ ။ လောကကြီး မှာ ဗုံလုံ တစ်လှည့် ငါးပျံ တစ်လှည့် ပါပဲ ။ ရေစီး တစ်ခါ ရေသာ တစ်လှည့် ပါပဲ ။ ဘာမှ မဆန်းပါဘူး ။ ဪ .. တစ်ခုတော့ ဘကြီး ကို ပြောထားရဦးမယ် ။ အဲဒီ အိမ် နဲ့ ခြံ နဲ့ က ကျွန်တော် တစ်သက်လုံး ဝယ် ထားမှာ မဟုတ်ဘူး ။ ဈေးကောင်း ရ ရင် ပြန် ရောင်းမှာပဲ ။ အဲဒီတော့ ဘကြီး က အဲဒီ အိမ် မရောင်းရသေး သရွေ့ တော့ ကြိုက် သလောက် နေ ။ ဝယ်သူ လာပြီး ဈေးတည့် သွားပြီ ဆိုရင်တော့ ဘကြီး နေရာ ရှာ ရလိမ့် မယ် ဟုတ်ပြီနော် ”
မိမိ ကိုယ်တိုင် ဝယ်ယူ တည်ဆောက် ခဲ့သည့် ခြံ နှင့် အိမ် ၊ နှစ်ကာလ များစွာ တောသူဌေး ပုံစံ အပြည့် ဖြင့် မိမိ ကြည်နူး ကျေနပ်စွာ နေထိုင် ခဲ့ရသော ခြံ နှင့် အိမ် ။ ဒီ ခြံ နှင့် အိမ် ကို ယခု မိမိ ပိုင်ဆိုင်ခြင်း အလျဉ်း မရှိတော့ဘဲ အချိန်မရွေး အိမ် ပေါ် က ခေါင်း နှင့် ဆင်းကာ လေးဖက် ထောက် ၍ ခြံပြင် ထွက်ရတော့မည့် အခြေအနေ ပါကလား ။ အို ... ကံတရား .. ကံတရား ။
“ ကံ သာ အမိ ကံ သာ အဖလို့ ဘုရားဟော ရှိတယ်နော် ဘကြီး ။ ဟီး ဟီး ကံတရား ပေါ့ ဗျာ ။ ကံတရား ပေါ့ ဟီး ဟီး ”
မိမိ ၏ စိတ်အတွေး ကို သိနေ သကဲ့သို့ ကျော်သန်းဝင်း က သရော်သံ ဖြင့် ပြောလိုက်ပြန် စဉ် ကိုအေးသောင် ရင် ထဲ မှာ ပူဆို့ လောင်မြိုက် လာသည် ။ မျက်လုံးတွေ ပူသည်ထက် ပူ လာကြသည် ။ ကျော်သန်းဝင်း ထွက် သွားသည် ကိုပင် သတိ မထားမိ ။
“ ငါ့ မျက်လုံး က ရေတိမ် ကို ခွဲ ပေးမယ် ။ ကုပေးမယ် ဆိုပြီး ရန်ကုန် ခေါ်လာတဲ့ ကောင် ။ အခု မျက်စိ ကိစ္စ ဘာ တစ်ခု မှ မပြောပါလား ။ ဘုရား ... ဘုရား ဒီကောင် နဲ့ လိုက်ခဲ့မိတာ ငါမှားပြီ ”
ကိုအေးသောင် ဂနာမငြိမ် နှင့် ဟိုကြည့် သည်ကြည့် ယောင်ကန်းကန်း ဖြစ်နေသည် ။
မျက်ရည်များ ကြောင့် အမြင်အာရုံ က လည်း မှုန်ဝါးဝါး ၊ ကျော်သန်းဝင်း ၏ အရိပ်အရောင် ကို မျှ မတွေ့ ရတော့ ။ တစ်ချက် တစ်ချက် မတော့ အတွင်းခန်း ဘက် ဆီမှ ကပြားမကြီး ၏ အသံ ဝဲဝဲ ကို ကြားရ၏ ။ ဘယ်သူ နှင့် ဘာပြော နေမှန်းတော့ မသိ ။
ဟင်း ... အေးသောင် တဲ့ ကွ ။ မွဲ ပေမယ့် ဒူးမထောက် လက်မမြှောက်ဘူး ။ အလံဖြူ
မတင်ဘူး ။
ရှုပ်ထွေးဝေဝါး အသိ ဖြင့် မိမိ ၏ လှုပ်ရှားမှုတွေ ကို ပြန်လည် သတိ မရသေးမီ ကိုအေး သောင် က ကျော်သန်းဝင်း တို့ တိုက်ရှေ့ မှ အင်္ဂတေခင်း လမ်း ပေါ် သို့ ရောက် နေသည် ။ မွန်းလွဲ နေခြည် က သူ ၏ ဦးခေါင်း ကို မညှာမတာ လောင်မြိုက်လျက် ရှိ၏ ။ အပူ ကို သူ သတိ မမူမိ ။ အတွင်းပူ က နေဆယ်စင်း ထက် ပို သယောင်ယောင် ပင် ။
“ ဘကြီး ... ဘကြီး ”
တောက်လက်သော အပြာနုရောင် ကားကြီး က စက်သံ မကြားရစေဘဲ ကိုအေးသောင် ဘေး မှ ဖြည်းဖြည်းရွေ့ရွေ့ လိမ့် လာသည် ။ ကားပြတင်း က နေ ကိုအေးသောင် ၏ ဟောင်းမြင်းမွဲခြောက် သည့် ခရီးဆောင် အိတ်ကလေး ပေါ်ထွက် လာ ရာ က လမ်းပေါ်သို့ ‘ ဘုတ် ’ ခနဲ ကျသည် ။
“ ဘကြီး ရဲ့ အကောင်းစား အိတ်ကြီး မေ့ကျန်ခဲ့တယ် ဟီး ဟီး ”
ကျော်သန်းဝင်း ၏ နားကလော စရာ အသံစူးစူး ပေါ် လာ ရာ မှ ကားကြီး သည် ငြိမ့်ခနဲ လျှောထွက် သွားသည် ။ ကိုအေးသောင် သည် ပျစ်ပျစ်နှစ်နှစ်ကြီး ဆဲရေး ရင်း သူ ၏ အိတ် ကို ကန်ထုတ်မိ လျက် သား ဖြစ်သွားလေသည် ။
◾ကြူးနှစ်
📖 ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း
အောက်တိုဘာ ၊ ၂ဝ၁၁
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment