Tuesday, July 16, 2024

ဥမ္မတ္တက ချင်ခြင်း


 

❝ ဥမ္မတ္တက ချင်ခြင်း ❞

( ၁ )

“ တောက် ... ကွာ ”

စက်ဘီး ပေါ် ကဆင်းပြီး ဦးဘမောင် တောက် တစ်ချက် ခတ်တယ် ။ ဘီး ကို ငုံ့ ကြည့်လိုက်တယ် ။ သေချာတယ် “ ဘောင်း ” ဆိုတဲ့ အသံ ကြား ကတည်း က ထင်တော့ ထင်လိုက်ပြီး သား ။ ဘီး က ပေါက်ရုံတင် မကဘူး ။ ကျွတ် ရော ၊ တာယာ ရော ပါ ကွဲပြီလို့  ။ ကွဲ လည်း ကွဲ လောက်ရောပေါ့ ။ အသစ် မလဲနိုင်ဘဲ စီး နေတာ ကြာကြာလှပေါ့ပဲ ။ တာယာ က လည်း ကင်းခြေများ တွေ ကပ် နေသလား အောက်မေ့ ရလောက်အောင် ဖြစ်နေခဲ့တာ လား ။ ရှေ့ ကို မျှော် ကြည့်လိုက်တော့ စက်ဘီးဆိုင် နဲ့ သိပ် မဝေးတော့ဘူး ။ နေ က လည်း ရုံးဆင်းချိန် ကျနေ ဆိုပေမယ့် တပေါင်းနေ ဆိုတော့ အပူ က မသေးဘူး ။ ဦးဘမောင် ဆောင့်ကြီး အောင့်ကြီး စက်ဘီး ကို တွန်း လာခဲ့တယ် ။

“ ဘယ့်နှယ်လဲ ၊ ဘီးပေါက် လာပြန်ပြီလား ”

“ ပေါက်ရုံတင် မကဘူး ဟေ့ ၊ ကွဲ ကို ကွဲ လာတာ ”

“ ခင်ဗျား ဘီး က ဖာ မနေပါနဲ့တော့ ဗျာ ၊ အသစ် လဲ မှ ကို ကောင်းမှာပါ ”

စက်ဘီးပြင်ဆိုင် က ကိုအေး က သူ့ ကို ပြောတော့ ဦးဘမောင် မျက်လုံး ပြူး ကြည့်တယ် ။ ပြောတတ် လိုက်တာ ။ အသစ် လဲ လိုက် တဲ့ ။ ဟင်း ... လဲချင်တာပေါ့ ကွ ၊ သည် သောက်ဘီးစုတ် ကို အသစ် လဲ ချင်ရုံတင် ဘယ်ကမလဲ ။ ဆိုင်ကယ် အသစ် တစ်စီး ကို ဝယ်စီး ပစ်ချင်တော့ လို့ ပြန် ပြော လိုက်ချင်နေတာ ၊ ပါးစပ် ကို ယား နေသော်လည်း ကိုယ် က လူကြီး ပဲလေ ဆိုပြီး ဖူးခနဲ လေပူ တစ်ချက် ကို သာ မှုတ်ထုတ်လိုက်တယ် ။

အင်း သည်နေ့ အဖို့ တော့ “ ဖူး ” ဘယ်နှခါ ၊ “ တောက် ... ကွာ ” ဘယ်နှခါ ရှိပြီမှန်း တောင် မမှတ်မိတော့ ။ မနက် ရုံး ကို ရောက်ပါပြီ ဆို ကတည်းက ဘာ တစ်ခုမှ အဆင် မပြေ ၊ ရုံးအုပ်ကြီး က အော်လား အော် ရဲ့ ၊ အရာရှိ က ငေါက်လား ငေါက် ရဲ့ ။ ကိုယ့် အော က်က စာရေးမ ပေါက်စ တွေ ကလည်း လုပ်လိုက် သမျှ တလွဲ ချည်း ။ တာဝန်ယူ ဖြေရှင်းရတော့ ကိုယ် ။ မြန်မြန် ပင်စင် ယူ ပြီးမှပဲ သည် ဝဋ် က လွတ်မှာပဲလို့ သာ ဖြေတွေး တွေး နေရတယ် ။

“ ကဲ .. မောင်အေး ရေ ၊ အေးအေးဆေးဆေး သာ လုပ် ၊ လုပ် ကြည့်လို့ မရတော့ လည်း အသစ် လဲတာပေါ့ ကွာ ။ ငါ လမ်းလျှောက် ပြီးတော့ပဲ အိမ် ပြန်တော့မယ် ။ တော်သေးတာပေါ့ကွာ ၊ မနက်ဖြန် စနေ ၊ တနင်္ဂနွေ ရုံးပိတ်ရက် မို့ လို့ ”

ကိုအေး က တခြား ဘီး တစ်စီး ကိုင် လက်စ က နေ မော့ ကြည့်ပြီး ခေါင်းညိတ် ပြတယ် ။ ဦးဘမောင် အိမ် ဘက် ဦး လှည့်ခဲ့တယ် ။ အိမ် ရောက် ရင် ရေမိုး ချိုးပြီး လမ်းထိပ် က ဘုရား ဘက် သွားပြီး ဘုရား ဖူး ၊ ပုတီးစိပ် ဦးမှ ပါ လို့ လည်း စဉ်းစားလိုက်တယ် ။

ဦးဘမောင် တို့ က အခု တော့ လင်ကိုယ် မယား ပဲ ကျန် တော့တာပါ ။ သူ က ရုံး တစ်ရုံး မှာ စာရေးကြီး ၊ သူ့ မိန်းမ မခင်မြ က တော့ အိမ် မှာ အိမ်ဆိုင်ကလေး တည်ထားတယ် ။ ဆင်းရဲသား ရပ်ကွက် က ဆိုင် ဆိုတော့ အရင် ဟာ ပေး နောက် ဟာ ယူ နဲ့ ဟိုဟာ နည်းနည်း ၊ သည်ဟာ နည်းနည်း ပစ္စည်း လောက် သာ တင် နိုင်တဲ့ ဆိုင်လေးပါ ။ ဘာပဲ ဖြစ်ဖြစ် ၊ လင်မယား အိုကြီးအိုမ နှစ်ယောက် အတွက် က တော့ အတော်အတန် အသက်ရှူ ချောင် လောက်တဲ့ ဝင်ငွေလေး တော့ ရှိတယ်ပေါ့ လေ ။ အင်း ဒါပေမဲ့ ရပ်ကွက် ထဲ မှာ ပဲ အိမ်ခွဲ နေတဲ့ သား တစ်ယောက် ရှိတယ် ။ သည်ကောင် က လည်း အလုပ်အကိုင် က ကျပန်း ၊ သားသမီး က လည်း များ ဆိုတော့ ဟိုဟာလေး လို ၊ မအေ့ အိမ် ပြေး လာလိုက် ၊ တော်ကြာ ကလေး နေ မကောင်းလို့ ဆို လို့ ဆို ၊ လာလာ နှိပ်စက် တာ တော့ ခံရ တတ်တယ် ။ သည်ကောင် က လည်း ခုထက် ထိ လက်ကြော က မတင်းချင်သေးဘူး ။ “ ဖူး ” အိမ် အဝင် ရောက် မှ ပဲ အတွေး နဲ့ တင် မွန်းကျပ် သလို ဖြစ် လာလို့ လေပူ တစ်ချက် မှုတ် ထုတ် လိုက်တယ် ။

အိမ် အဝင်ဝ မှာ ဈေး ဝယ်မယ့် ကလေးမလေး နှစ်ယောက် နဲ့ ဆုံတယ် ။ ဆိုင် ပေါ် လှမ်း ကြည့် လိုက်တော့ မခင်မြ မရှိဘူး ။ ဘယ်များ သွား နေပါလိမ့် ။ အိမ် ပေါ် မှာ တော့ စကားသံ လိုလို ၊ ငိုသံ လိုလို ဗလုံးဗထွေး ကြား သလိုလို ပဲ ။

“ ဘာ ယူမလဲဟေ့ ”

“ ဟို ... ဦးစာရေးကြီး ... အမေ က လက်ဖက် တစ်ထုပ် ရယ် ၊ ပဲခြမ်းကြော် တစ်ထုပ်ရယ် ပေးလိုက်ပါ တဲ့ ။ ည အဖေ ပြန် လာမှ ပေးမယ် တဲ့ ”

ကလေး တွေ ကို ဦးဘမောင် သိပါတယ် ။ သူတို့ ရပ်ကွက် ထဲ က ဆိုက်ကားသမား လှဝင်း ရဲ့ ကလေး တွေ ပဲ ။ ဆိုင် ပေါ် ချိတ် ထားတဲ့ အတွဲထုပ် တွေ ထဲ က ဆွဲ ဖြုတ် ပေးလိုက်တယ် ။ ဒါပေါ့ “ လင်ပြန်ပေး ”ဆိုတာ ။ ဟုတ်တယ် ။ သူတို့ ရပ်ကွက်ထဲ မှာ လင် အလုပ် က အပြန် ရလာတဲ့ ပိုက်ဆံ နဲ့ မှ ရှင်းတဲ့ “ လင်ပြန်ပေး ” ဆိုတာရှိတယ် ။

အိမ် ပေါ် ကို တစ်ချက် လှမ်း ကြည့်ပြီး အော် လိုက်တယ် ။

“ မခင်မြ ... ဟေ မခင်မြ ဘာလုပ်နေတုံးဟ ”

ပြောပြောဆိုဆို အိမ် ပေါ် တက်လို က်တော့ တွေ့ပါပြီ ဗျား ။ မခင်မြ က စိတ်ရှုပ်လက်ရှုပ် မျက်နှာပေး နဲ့ ဆေးပေါ့လိပ်တိုကြီး ထောင်းလမောင်း ထ အောင် ဖွာလို့ ၊ ဘေးမှာ က ရေနံချောင်း မှာ နေတဲ့ သမီး အကြီးမ နဲ့ ကလေး နှစ်ကောင် ။ သမီးကြီး က လည်း မျက်ရည်စ တွေ နဲ့ ၊ တွတ်ထိုးနေတာ ။ သူ သိလိုက်ပြီ ။ သည် အကြီးမ ၊ ယောက်ျား နဲ့ ရန်ဖြစ်ပြီး အိမ် ပေါ် က ဆင်း လာပြန်ပြီ လို့ ပေါ့ ။ သူ့ မြင်တော့ မခင်မြ က ဆီး ပြီး ပြောတယ် ။

“ ကိုဘမောင် ရေ ... ဟောသည် မှာ တော့် သမီးကြီး လေ ”

ဦးဘမောင် လက် ကာ ပြီး ရေအိုးစင် ရှိရာ ကို သွားပြီး ရေ တစ်ခွက် ခပ် သောက် လိုက်တယ် ။ ရင် တွေ ပူ လာလို့ပါ ။ ပြီးမှ သူ တတ်နိုင်တာ ကို ပဲ လုပ် လိုက်တယ် ။

“ ဖူး .... ဟူး .. ဟူး ”

( ၂ )

ည က ကောင်းကောင်း အိပ် မပျော်လိုက်လို့ လား မသိဘူး ။ မနက် အိပ်ရာ က အထ ခေါင်းတွေ ၊ ဇက်တွေ လေးလေးကြီး ။ ဘယ် ... ခါတိုင်း ဆို အဘိုးကြီး အဘွားကြီး လင်ကိုယ် မယား နှစ်ယောက် တည်း တိတ်ဆိတ်ပြီး ဘာမျှ မကြားရ တဲ့ အိမ် ၊ ခုတော့ ဘယ် ဟုတ်လို့ ။ အကြီးမ နဲ့ ပါလာတဲ့ နို့စို့ကလေး က ဗိုက် နာလို့ ဆိုလား ၊ တော်ကြာ ထ ငို လို့ ငို ၊ မနေသာ တော့ မခင်မြ က အိပ်ရာ ထဲ က ထ သွားလိုက် ၊ ပြန် ဝင်လာမလို့ လုပ်တုန်း အကြီးကောင် က အိပ်ရာ ထဲ သေးပါ ချ လို့ စောင်တွေ ရွဲ ကုန်ပါပြီ ဆိုပြီး ညကြီး အချိန်မတော် သမီး အကြီး က ကျောပြင် ဗြောတင် ပါ လေရော ။ ငိုလိုက်တာ က ကျွက်ကျွက်ဆူ လို့ ။ အောင်မယ်လေး ဟ ၊ ရူး တောင် ရူးချင်တယ် လို့ အောက်မေ့ မိတယ် ။

မခင်မြ က ကိုယ့် ထက် ပို မှာပေါ့ ။ ဒါတောင် မနက် စော ထပြီး ရေနွေး အိုး တည် ၊ ထမင်း ထ ကြော် လုပ် ထား သေးရဲ့ ၊ ဦးဘမောင် မျက်နှာ သစ် ပြီးတော့ အားလုံး အဆင်သင့် ဖြစ်နေပြီ ။ အကြီးမ တို့ သားအမိ တွေ လည်း စားသောက်ပြီး ဟိုဘက် ရပ်ကွက် ထဲ သူ့ မောင် အိမ် ကို ချီတက် သွားကြလေရဲ့ ။ မခင်မြ က ဈေးဆိုင် ခင်းနေတယ် ။ အဲသည် အချိန်မှာ ပဲ အိမ်ရှေ့ က လှ မ်းနှုတ်ဆက် လိုက်တဲ့ အသံ တစ်သံ ကြား လိုက်ရတယ် ။

“ ဒေါ်ကြီးခင်မြ ... ဒေါ်ကြီးခင်မြ ၊ မင်္ဂလာ နံနက်ခင်းပါ ခင်ဗျား ”

“ ဟဲ့ ... ဪ ဘယ်သူလဲ လို့ မောင်စိုး ပါ လား ၊ မင်္ဂလာပါ တော် ၊ မင်္ဂလာပါ ။ မနက် စောစောစီးစီး ဘယ် သွား မလို့တုံး ”

“ သည်နေ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် နဲ့ ဆွေးနွေး ဖို့ ချိန်း ထားတာလေး ရှိလို့ သွား မလို့ပါဗျာ ။ ကိုယ် က နောက်ကျ နေရင် မကောင်းဘူး မို့ လား ၊ ဒါကြောင့် စောစော ထ လာခဲ့တာ ”

ဦးဘမောင် သောက်လက်စ ရေနွေး သီး မလို ဖြစ် သွားပြီး အိမ်ရှေ့ ကို ကဲ ကြည့်လိုက်တယ် ။ ဘယ်သူလဲ လို့ ။ မောင်စိုး ။ အရူးမောင်စိုး ပဲ ။ စတစ်ကော်လာ အဖြူ လက်ရှည် နဲ့ ၊ လက် ထဲ မှာ လည်း အတက်ချီကေ့စ် လို အိတ် အနက် ကို ဆွဲလို့ ။ ဆံပင် က အစ သပ်သပ်ရပ်ရပ် ၊ ကြော့ကြော့မော့မော့ ၊ လှမ်း ကြည့် ပြီး ထမင်းကြော် ကို ပြန် ကိုင်မယ် အလုပ် ။

“ ဦးစာရေးကြီး ကော ၊ အလုပ် အဆင်ပြေရဲ့လား ”

“ အေး .. ပြေပါတယ်ကွယ် ၊ ပြေပါတယ် ”

“ အဆင် မပြေရင်တော့ ကျွန်တော့် ကို ပြောနော် ဒေါ်ကြီးခင်မြ ကုလသမဂ္ဂ သံတမန်ရေးရာ တစ်နေရာ ရ အောင် ကျွန်တော် လုပ်ပေးမယ် ”

ပြောပြောဆိုဆို ပဲ မောင်စိုး က ထွက် သွားပြီ ။

“ မြတ်စွာဘုရား ” လို့ပဲ ဦးဘမောင် ဘုရား တ လိုက်မိတယ် ။

မခင်မြ က လည်း ဆိုင် ရှေ့ က နေ အိမ်ပေါ် တက် လာတယ် ။ ပြောကြ ဆိုကြ တာတွေ ဦးဘမောင် လည်း ကြားမှာပေါ့ ဆိုတဲ့ မျက်နှာပေး နဲ့ ။

“ သည်ကောင် အိမ် ကို ပြန် ရောက်ပြီနဲ့ တူတယ် ”

“ အင်းလေ ခုဟာ က ' တက်သုံးလ ' နေမှာပေါ့ ”

မောင်စိုး ဆိုတာ က ဦးဘမောင် တို့ ရပ်ကွက် ထဲ ကပါ ။ မိဘ မွေးချင်း အသိုင်းအဝိုင်း က ဂုဏ်ဒြပ် ကြီး တဲ့ အသိုင်းအဝိုင်း မျိုးပါ ။ မောင်စိုး ဆယ်တန်း အောင် ပြီးတော့ တက္ကသိုလ် တစ်ခု ကို သွား တက် သေးတယ် ။ အဲသည် မှာ ဘယ်လို ဖြစ်လာတယ် မသိဘူး ။ စိတ်ရောဂါ ရ လာတာပဲ ။ အိမ် ကို ပြန် ခေါ်ထား လိုက်ရတယ် ။

သူ့ စိတ်ရောဂါ က လည်း ခပ်ဆန်းဆန်း ။ ဆေးပညာ အခေါ်အဝေါ် အရတော့ ဘယ်လို ခေါ်မယ်မသိဘူး ။ ဦးဘမောင် တို့ ရပ်ကွက် က တော့ “ တက်သုံးလ ၊ ကျသုံးလ ” လို့ အမည် ပေး ထားလိုက်ကြတယ် ။ “ တက်သုံးလ ” ဆိုတဲ့ ကာလ ရောက်ရင် မောင်စိုး က အိမ် မှာ နေတယ် ။ သူ့ မိဘ အိမ် မှာ ပေါ့ ။ အကောင်းဆုံး ဆိုတဲ့ အဝတ်အစားတွေ ဝတ် ၊ ကြော့ကြော့မော့မော့ သပ်သပ်ရပ်ရပ် နဲ့ ၊ အကြောင်း မသိရင် ရုံး တစ်ရုံး က ဌာနဆိုင်ရာ အရာရှိ လား ၊ ကုမ္ပဏီ တစ်ခု က ဒါရိုက်တာ တစ်ယောက် လား ထင် ရတယ် ။ စကား ရယ် လို့ ပြော လိုက် ရင် လည်း ဟိုး ကောင်းကင် က ကို မဆင်းဘူး ။ တစ်ခါတစ်ခါ ရပ်ကွက်လူကြီး တွေ ဆို အပေါ်စီး က နေပြီး ငေါက် ချင် ငေါက် ပစ် တတ်သေးတာ ။ အဲ “ တက်သုံးလ ” ပြည့် ရင်တော့ “ ကျသုံးလ ” ကာလ ရောက် က ရော ။

ဒီ အချိန် က တစ်မျိုး ၊ အိမ် မှာ လည်း မနေတော့ ဘူး ။ ရပ်ကွက် ထဲ က ဓမ္မာရုံ ဘေး က ညောင်ပင်ကြီး အောက် မှာ ပဲ နေတယ် ။ အိမ် က ဘယ်လို ခေါ်ခေါ် ပြန် မလိုက်ဘူး ။ အဲသည် မှာ အိပ် ၊ အဲသည် မှာ စား ပဲ ။ ထမင်း ဆာ ရင် ဇလုံကြီးကြီး တစ်လုံး ကိုင်ပြီး အိမ်ပေါက်စေ့ ရောက်အောင် ဘုန်းကြီးများ ဆွမ်းခံ ထွက် သလို ထွက်တော့တာပဲ ။ စကား လည်း ဘာ တစ်ခွန်း မှ မပြောတော့ဘူး ။ မေး ရင် လည်း စိတ် အခန့် သင့်ရင် ပြန် ပြောတယ် ။ မသင့်ရင် ပြန်မပြောဘူး ။ စုတ်ပေ့ ပြတ်ပေ့ ဆိုတဲ့ အဝတ်အစား ဝတ် ၊ ရေမိုး လည်း ချိုးချင် မှ ချိုးတာ ။ တော်တော့ တော်တယ် ။ ဘယ်သူ့ မှ တော့ အန္တရာယ် မပေးဘူး ။ သူ့ ဟာ သူ ညောင်ပင် အောက် မှာ အိပ်လိုက် ၊ စားလိုက် ၊ နေလိုက် ။ ဒါပဲ ။ အံမယ် မျက်နှာ ကို ကြည့်လိုက် ၊ အဲသည် အချိန် ဆိုရင် လောကကြီး တစ်ခုလုံး ကျေနပ်နှစ်သိမ့် နေတဲ့ ပုံမျိုး နဲ့ ပြုံး လို့ ဗျာ ။

“ တော့် သမီး အကြောင်း ပြောရဦး မယ် ”

“ ဟင် ... ဘာ ... ဘာပြောတာလဲ ”

ဦးဘမောင် မောင်စိုး အကြောင်း တွေးမိ နေတုန်း မခင်မြ က စကား ဖြတ် ပြောလိုက်တယ် ။

“ အကြီးမ ခင်စန်းဝင်း အကြောင်း ပြောတာ ။ သူ က လည်း မလိမ္မာပါဘူး ။ သူ က ဟိုမှာ နှစ်လုံး ၊ သုံးလုံး တွေ တော်တော် လုပ် သတဲ့ ။ အကြွေး တောင် တော်တော် တင် နေတယ် တဲ့ ။ အဲဒါ ယောက်ျား သိလို့ စကားများ ရန်ဖြစ်ပြီး ဆင်း လာတာ ပြောတာပဲ ။ အ ခုလည်း အငယ်ကောင် ဆီ ငွေလေး ရလို ရငြား သွား ဆွဲမလို့ ပြောတာပဲ ။ ဟို မလည်း ကလေးတွေ တစ်ပြုံတမ နဲ့ ဘာလို့ ရှိလိမ့် မတုန်း ”

“ အင်း ... အချိန်တန် တို့ ဆီ  ကပဲ နေဦးမှာပေါ့ ကွာ ”

သားသမီး နဲ့ မိဘ ဆိုတော့ ဘာပဲ ဖြစ်ဖြစ် မရှိ ၊ ရှိအောင် လုပ်ပေးရဦး မှာ ပဲ ဆိုတာ ဦးဘမောင် တွက်ပြီးသား ပါ ။ အမှန်က တော့ ကိုယ့် မြေးလေး တွေ လာတုန်း ၊ ပိတ်ရက်ကလေး လည်း ကြုံတုန်း ၊ စိတ်အေးလက်အေး နဲ့ ပျော်ပျော်ပါးပါး နေချင် တာပါ ။ ခုတော့ လာ လိုက် ရင် သောကဒုက္ခ အထုပ်အထည် တွေ နဲ့ ချည်း ပဲ ။

“ ဖူး ... ဟူး ... ဟူး ”

လေပူ နဲ့ သက်ပြင်း ဘယ်ဟာ က အရင် ထွက် သွားမှန်း သူ့ ကိုယ် သူ တောင် မသိလိုက်ပါဘူး ။

( ၃ )

မနေ့ က ပဲ အကြီးမ ခင်စန်းဝင်း တို့ သားအမိ တစ်တွေ ပြန် သွားကြတယ် ။ ဘာလိုလို နဲ့ အိမ် မှာ တစ်လ လောက် သောင်တင် သွားခဲ့တာပဲ ။ နောက်တော့ ထုံးစံ အတိုင်း ဦးဘမောင် တို့ ရုံး ငွေစုငွေချေးအသင်း က ငွေ ငါးသောင်း ချေးပြီး လက် ထဲ ထည့် ပေး လိုက်တော့ ၊ ကလေးတွေ က ပဲ အဖေ သတိရ လို့ ငိုငို နေတာ လိုလို ၊ အိ မ်ကို စိတ် မချတာ လိုလို ၊ ယောက်ျား လုပ်တဲ့ ကောင် က ဖုန်း ခဏခဏ ဆက် ခေါ်နေလို့ လိုလို နဲ့ ပြန်သွားတော့တာပါ ။

ဦးဘမောင် မှာ တော့ တာယာကလေး တောင် မလဲနိုင်ဘူး ။ ကျွတ်အသစ် ဝယ်ပြီး တာယာ ကို တော့ ထုံးစံ အတိုင်း ဖာထေး ပြီး ပဲ စီး နေရတယ် ။ သမီးကြီး က ဘာလေး ဆို ကြိုက်တတ် တာ ၊ မြေးအကြီး က ဘာ ၊ မြေးအငယ်လေး က ဘာ ဆိုပြီး ဝယ်ခြမ်း တဲ့ စရိတ်တွေ က လည်း မသေးဘူး ကိုး ။ အင်း ... ပြန်သွားတော့ လည်း အိမ် က ခြောက်ကပ် သွား သလိုလိုပဲ ။ မခင်မြ ဆို တာ တော်တော် နဲ့ မအိပ်ဘူး ။ အိပ်ရာ ထဲ က ဆေးလိပ်လေး ကောက် ကောက် ဖွာပြီး မျက်ရည်လေး စမ်းစမ်း စမ်းစမ်း ဖြစ်နေသေး တာ ။ ဦးဘမော င်က မသိယောင် ဆောင် နေရတယ် ။

မနက်စော ကျတော့လည်း ခါတို င်းဆို ဆူညံပွက် လို့ နေအောင် အော်ဟစ် နေတဲ့ ထမင်းကြမ်းဝိုင်း မှာ လင်မယား နှစ်ယောက် တည်း တိတ် လို့ ။ ရုံး သွားကာ နီး စက်ဘီး ဆွဲရင် ၊ မြေး နှစ်ယောက် နောက် က ပုဆိုး ဆွဲတဲ့ သူ က ဆွဲ ၊ လက် ဆွဲတဲ့ သူ က ဆွဲ ၊ မုန့် ဝယ်ခဲ့ မှာတဲ့ ကောင် က မှာနဲ့ စိတ်ရှုပ် နေရတာ ။ ခုတော့ ရုံး သွားရမှာ တောင် တစ်ခု ခု လို နေသလို ပဲ လို့ ခံစား နေရတယ် ။

စက်ဘီး ဆွဲပြီး အိမ် ရှေ့ ကို ထွက် မလို့ လုပ်နေတုန်း မှာ ပဲ မိန်းကလေး တစ်ယောက် ခပ်သုတ်သုတ် လာ တာ လှမ်း မြင်တယ် ။

ဪ ... ဘယ်သူများ လဲ လို့ ၊ အငယ်ကောင့် မိန်းမ မဝင်း ပဲ ။ ဦးဘမောင် ကို လှမ်းမြင် တော့ လက်ကာ ပြ တာနဲ့ ရပ် စောင့် နေ လိုက်ရတယ် ။ မောကြီးပန်းကြီး နဲ့ အပြေး တစ်ပိုင်း လျှောက် လာတဲ့ မိဝင်း ၊ မျက်နှာ က လည်း မကောင်းဘူး ။ ဦးဘမောင် ရပ် နေတာ မြင်တော့ မခင်မြ ပါ ဆိုင် ပေါ် က ဆင်း လာတယ် ။

“ အဖေ ... လုပ်ပါဦး ... အဖေ ရဲ့ ”

အနား ရောက် လာတာ နဲ့ မိဝင်း က ငိုသံပါကြီး နဲ့ ပြောတယ် ။

“ ဘာတုံး ဟ ၊ ဘာဖြစ်လာပြန်တုံး ၊ နင့် ဟာ က ထိတ်သာ မလန့်သာ အေ ”

မခင်မြ က ထပ် မေးတယ် ။

“ အဖေ့ သား လေ ရဲစခန်း ရောက် နေတယ် ”

“ ဟေ ”

ဦးဘမောင် ပါးစပ် ပြဲ သွားတယ် ။

“ မနေ့ည က ပြန်မလာ ၊ ပြန်မလာ နဲ့ ခု မနက် ကျ မှ ကျွန်မ လည်း သိရတာ ။ မနေ့ ည က မြို့ ထဲ က အရက်ဆိုင် မှာ မူးပြီး ရန်ဖြစ်ကြတာ တဲ့ လေ ၊ အဲဒါ အခု အချုပ် ထဲ မှာ တဲ့ ။ စောစော က ပဲ သူ့ သူငယ်ချင်း တစ်ယောက် လာ ပြောတာ ။ လုပ်ပါဦး အဖေ ရဲ့ ။ ကျွန်မ လည်း ဘယ်မှ သွားတတ် ၊ လာတတ် တာ မဟုတ်ဘူး ဟီး အီး ”

မိဝင်း က ပြောရင်း နဲ့ ငိုချ လိုက်တယ် ။ မခင်မြ က လည်း ရင်ဘတ်လေး လက် နဲ့ ဖိပြီး ဦးဘမောင် မျက်နှာ ကို ကြည့်တယ် ။

“ တောက် ... ကွာ ”

ဦးဘမောင် တောက် ခေါက် လိုက်တယ် ။ မကုန်သေးဘူးလား ဟ ဒုက္ခ တွေ က ၊ ခုပဲ အကြီးမ ပြဿနာ ရှင်း ပြီးတယ် ။ တစ်ရက် တောင် မဆိုင်းဘူး ။ အငယ်ကောင် က လုပ်ချလိုက် ပြန်ပြီ လို့ လည်း တွေး လိုက်တယ် ။

“ ကဲဟာ ငို မနေနဲ့ ၊ ဘယ် ရဲစခန်းမှာ တဲ့ လဲ ။ ဖြစ်ပြီး မှ တော့ ဘာ တတ်နိုင်မှာတဲ့ လဲ ၊ သွားရဦးမှာ ပေါ့ ”

“ အမှတ်တစ် မှာ တဲ့ အဖေ ”

“ အေး ... ငါ ရုံး ကို အရင် ခွင့် သွား တင်လိုက်မယ် ။ ပြီးတာ နဲ့ ရဲစခန်း ကို ရောက်အောင် သွား လိုက်မယ် ကြားလား ”

ပြောပြောဆိုဆို စက်ဘီး ဆွဲ ထွက်တဲ့ ဦးဘမောင် ကို မခင်မြ က တားတယ် ။ ဆိုင် ပေါ် ကသုတ်ကယက် တက်ပြီး သူ့ အိမ်ဆိုင် ပိုက်ဆံ သေတ္တာ ထဲက ရှိသမျှလေး တွေ စု ထပ်ပြီး ဦးဘမောင် အိပ်ကပ် ထဲ လာ ထည့် ပေးတယ် ။

အငယ်ကောင် မြမောင် ရဲစခန်း ရောက်တာ ဒါ ပထမဆုံး မဟုတ်ဘူး ။ ရပ်ကွက်ရုံး ရောက် လိုက် ၊ ရဲစခန်း ရောက် လိုက် ခဏခဏ ပဲ ။ သောက်တတ်စားတတ် က လည်း ရှိ ၊ လက်ကလေး က လည်း ယဉ် ဆိုတော့ ၊ ဒါမျိုး ကြုံ ကြုံနေရတာ ဘာ ဆန်း မှာ လဲ ။ ဘာ ကြာသေးတာ မှတ်လို့ သင်္ကြန်ရက် ထဲ က လည်း ရဲစခန်း မှာ တစ်ည အိပ် လိုက်ရ သေးတယ် ။ မူး ပြီး သူများ မဏ္ဍပ်ကို သွား ဆဲ နေလို့တဲ့ လေ ။ အိုကြီးအိုမ ကျ မှ ဦးဘမောင် မှာ ရုံး ရောက်ရ ၊ ဂတ် ရောက်ရ နဲ့ ။ အင်း ... ကျေးဇူးတွေ ဆပ် နေကြတာ ၊ ကျေးဇူးတွေ ဆပ် နေတာ ။

( ၄ )

ဦးဘမောင် ရဲစခန်း က ပြန် လာတော့ နေ့လယ် တစ်နာရီခွဲ လောက် ရှိပြီ ။ ပူလို က်တဲ့ နေ က လည်း ကျဲကျဲတောက် လို့ ။ မြမောင် တို့ အဖွဲ့ ကို တော့ နောက် ရက် မှ တရားရုံး မှာ ဒဏ်ငွေ ဆောင် ပြီး လွှတ် ပေးမယ် လို့ ပြောတယ် ။ ကိုယ် စားဖို့ ရုံး ကို ယူ လာတဲ့ ထမင်းချိုင့် နဲ့ ဆေးဖိုး ၊ ကွမ်းဖိုး ငွေလေး တွေ ပေးခဲ့ ပြီး ပြန် လာခဲ့တာ ၊ တော်သေးတယ် ။ စခန်းမှူး က ဦးဘမောင် နဲ့ မျက်နှာသိ ဖြစ် နေလို့ ။ မြမောင် ကို ပြန်ကာ နီး ဘာ မှာဦးမလဲ လို့ မေးတော့ ၊ မိဝင်း တို့ ဖို့ ဆန်လေး ၊ ဆီလေး လုပ် ပေးလိုက်ပါဦးတဲ့လေ ။ အဲဒါသာ ကြည့် ။ ကောင်းရော ။

ဗိုက် က ဆာ ၊ နေ က ပူ ဆိုတော့ စက်ဘီး နင်း ရတာ ပိုပြီး မောတယ် ။ အဲသည်လို နင်း လာ ရင်း က နေ ရပ်ကွက် ထိပ် နား မရောက် တရောက် ၊ ဟိုးအရင် လ တုန်း က နေရာ မှာ ပဲ နောက် ဘီး က တာယာ ပွင့် ထွက် သွား ပြန်ရော ။ ဦးဘမောင် စိတ်တိုတို နဲ့ စက်ဘီး ကို ပိတ် ကန် ပစ်လိုက် သေးတယ် ။ နေပူ ထဲ စက်ဘီးပြင်ဆိုင် ဆီ တွန်း လာရင်း မောတာ နဲ့ ဓမ္မာရုံဘေး က ညောင်ပင်ရိပ် မှာ စက်ဘီး ကို ထောက် ပြီး ခဏ အရိပ် ခိုတယ် ။

ချွေးတပြိုက်ပြိုက် ကို ပုဆိုးခါးပုံစ ချွတ် သုတ် နေတဲ့ သူ့ ကို ပြုံးပြုံးကြီး ကြည့် နေတဲ့ သူ က ဘယ်သူ ရှိမလဲ ။ မောင်စိုး ပေါ့ ။ ဟင်းမျိုးစုံ ပါတဲ့ ထမင်းဇလုံ ကို ဇွန်းလေး တစ်ချောင်း တပ်ပြီး ၊ တစ်ဇွန်း စားလိုက် ၊ ဦးဘမောင် ကို ပြုံး ပြီး ကြည့် လိုက် ၊ ရေအိုးစင် က ရေ တစ်ခွက် ခပ် သောက်လိုက် နဲ့ ။ သူ့ ကြည့်ရတာ အေးချမ်း လိုက်တာ ။

နေပူ ထဲ က အရိပ် ထဲ ရောက် လာလို့ အေးသွား တာရော ၊ မောင်စိုး ရဲ့ ကျေနပ်အေးဆေး တဲ့ အမူအရာ ကို မြင်ရတာရော ကြောင့်လား မသိဘူး ။ စောစောက နောက်ကျိ နေတဲ့ စိတ် တွေ ၊ ဒေါထ နေတဲ့ စိတ် တွေ တောင် ဘယ် ရောက် သွားမှန်း မသိတော့ဘူး ။

“ ကျသုံးလ ” ကာလ မို့ စွပ်ကျယ် နွမ်းနွမ်း ၊ ပုဆိုး အပြဲ ၊ ချေးအထပ်ထပ် ကို ဝတ် ထားတဲ့ မောင်စိုး က တော့ သူ့ ကို ခပ်ပြုံးပြုံး နဲ့ ကြည့် နေတာပဲ ။ ဦးဘမောင် လည်း ကျေကျေနပ်နပ် ကြီး ပြန် ပြုံးပြ လိုက်တယ် ။ ပြီးတော့ မောင်စိုး ကို လှမ်းပြော လိုက်တယ် ။

“ မောင်စိုး ရေ ၊ မင်း ကို တောင် ငါ အားကျတယ် ကွာ ၊ ဘာ စိတ်ရှုပ်စရာ မှ မရှိဘူး ။ ဘာ သောက မှ မရှိဘူး ။ ငြိမ်းချမ်း လိုက် ၊ အေးဆေး လိုက် တာ ။ ငါ ကို ရူးချင်လာပြီ မောင်စိုး ရေ ၊ မင့် လို ရူး ကို ရူးချင်တာ ဟ ”

ထမင်း စား နေတဲ့ မောင်စိုး ရဲ့ မျက်နှာ ဟာ ဦးဘမောင် ရဲ့ စကား ကို ကြား လိုက် တော့ ပြုံး နေရာ က တည် သွားတယ် ။ ပြီးတော့ မှ ဦးဘမောင် မျက်နှာ ကို စေ့စေ့ ကြည့် ပြီး ပြန် ပြောတယ် ။

“ ရူးချင် တိုင်း ရူး လို့ ရမလား ဗျ ။ ရူးတယ် ဆိုတာ လွယ်တယ်များ မှတ်လို့ ၊ ဟား ... ဟား .. ဟား ”

ပြောပြီး အကျယ်ကြီး အော်ရယ် ပစ် လိုက် သေးတယ် ။ ဦးဘမောင် လည်း ပါးစပ် အဟောင်းသား နဲ့ ၊ မောင်စိုး ရယ်သံ ကြောင့် ညောင်ပင် ပေါ် က ညောင်ရွက် တွေ တောင် တလှုပ်လှုပ် နဲ့ ၊ ညောင်ရွက် တွေ တောင် လိုက် ပြီး ရယ် လိုက်ကြပုံ ပေါ်တယ် ။ ဦးဘမောင် က တော့ သူ့ ထုံးစံအတိုင်း လေပူသက်ပြင်းလေး တောင် ထုတ်ဖို့ မေ့ နေ လေ ရဲ့ ။

◾ဦးဆွေ ( ဒဿနိက )

📖 ခါကာဘို စုစည်းမှု

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment